← Chapters

ခရမ်းရောင် ဝတ်ရုံလား...

Vol. 18 Ch. 249

ခရမ်းရောင် ဝတ်ရုံလား...

Vol. 18 Ch. 249

“ငါက မင်းထက် အသက်သိပ်မကြီးသေးပါဘူး မိန်းကလေး ကျီယန်။ ရွယ်တူလိုပဲ ပြောပါ။ ငါ့ကို စီနီယာအစ်ကို ဟွားလို့ ခေါ်လို့ရပါတယ်”

ကျီယန် ခဏတာအံ့အားသင့် မှင်တက် သွားသော်လည်း စကားပြန်ပြောရန် သူမပါးစပ်ကို ဟလိုက်မိသည်။

“မိန်းကလေး ကျီယန်” စုမင်အစ်ကိုနှစ်၏ မျက်နှာက ပိုမိုလေးနက်သွားသည်။ “သူ့အမှားတွေအတွက် ငါတာဝန်ယူပေးပါ့မယ်။ ဒီလိုဆိုရင်ရော၊ ငါ မင်းနဲ့ သတ္တမတောင်ထွတ်ကို လိုက်လာပြီး မင်းကို သုံးနှစ်ကာကွယ်ဖို့ ငါ့ကိုယ်ငါ အပြစ်ပေးလိုက်မယ်လေ။ ဒီသုံးနှစ်ကို ဟူကျီရဲ့ အမှားအတွက် လျော်ကြေးအဖြစ် သုံးတာပေါ့”

အစ်ကိုနှစ်သည် စကားပြောပြီးသည်နှင့် သက်ပြင်း ချလိုက်သည်။ အကယ်၍ ဟူကျီသာ ဘေးတွင်ရှိနေပြီး၊ သူ့စကားလုံးများနှင့် သူ့မျက်နှာပေါ်ရှိ နူးညံ့ ကြင်နာမှုကိုသာ တွဲမြင်လိုက်မည် ဆိုလျှင်၊ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ... သူအရမ်းကို ရင်ထဲထိသွားလိမ့်မည်လား...

“စီနီယာအစ်ကို ဟွား... အဲလို... လုပ်စရာမလိုပါဘူး”

ကျီယန်သည် ဤကိစ္စကို သူမမဖြေရှင်းနိုင်ဟု ခံစားလိုက်မိပြီး နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်မိသည်။

“သုံးနှစ်က မလုံလောက်ဘူးလား။ ဒါဆို ကောင်းပြီလေ၊  ဆယ်နှစ်ပေါ့။  သတ္တမ တောင်ထွတ်ကို လိုက်ပြီး မင်းကို ဆယ်နှစ် ကာကွယ်ပေးဖို့ ငါ့ကိုယ်ငါ အပြစ်ပေးပါ့မယ်”

အစ်ကိုနှစ်သည် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်မိသော်လည်း ခဏတာ တုံ့ဆိုင်းသွားပြီး ဆက်မရွေ့လျားတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူယခုရပ်လိုက်သောနေရာမှ နေရောင်သည် သူရပ်နေခဲ့သော နေရာလောက် မတောက်ပမလင်းထိန်သောကြောင့် ဖြစ်သည်။

“အာ... ရှင်တစ်ကယ် အဲလိုလုပ်စရာမလိုပါဘူး” ကျီယန် စိတ်လှုပ်ရှားစွာပြောမိသည်။ စုမင်အစ်ကိုနှစ်၏ စိတ်အားထက်သန်မှုက သူမကိုထိတ်လန့်သွားစေခဲ့ခြင်း ဖြစ်သည်။

“မိန်းကလေး ကျီယန်၊ အမှန်တော့...” အစ်ကိုနှစ်သည် လေးနက်သော မျက်နှာ အမူအရာဖြင့် ကျီယန်ကို ကြည့်လိုက်သည်။ “အမှန်တော့၊ မင်းကို ကြည့်မိခဲ့တဲ့ လူတွေထဲမှာ ငါလည်းပါပါတယ်။ အဲဒါကြောင့် မင်းကငါ့တောင်းပန်မှုကို လက်ခံသင့်ပါတယ်”

ကျီယန်သည် ထိုစကားများကို ကြားလိုက်သောအခါ အံ့အားသင့်မှင်သက်သွားရပြီး သူမ မျက်နှာထက်၌ ခါးသက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“စီနီယာ အစ်ကိုဟွား၊ ကျေးဇူးပြုပြီး ဟာသတွေ လုပ်မနေပါနဲ့တော့။ ရှင် အဲဒီနေရာမှာ ရှိမနေခဲ့မှန်း ကျွန်မသိပါတယ်။ အာ... အဲဒါကို ထားလိုက်ပါတော့၊ ကျွန်မလည်း အခု ပြန်လိုက်တော့မယ်”

စကားပြောနေရင်းမှပင် ကျီယန်သည် လှေကားထစ်များ ဆီသို့ အလျင်အမြန် နောက်ပြန်ဆုတ် လိုက်ပြီး ဤနေရာမှ မြန်နိုင်သမျှ မြန်မြန်ထွက်သွားရန် ပြင်လိုက်ချေသည်။

ဤနေရာသည် သူမအား အလွန်စိတ်မသက်မသာ ဖြစ်နေစေသည်။

“မိန်းကလေး ကျီယန်၊ ငါ တစ်ကယ် အဲမှာရှိနေခဲ့တာ”

ကျီယန် ထွက်သွားတော့မည်ကို မြင်လိုက်သောအခါ အစ်ကိုနှစ်သည် အရှေ့သို့ ခြေလှမ်း အနည်းငယ်ခန့် အလျင်အမြန်လှမ်းလိုက်သည်။

“အဲအကြောင်းကို ထားလိုက်ပါတော့။ ကျွန်မအခု သွားလိုက်ပါဦးမယ်...”

ကျီယန်သည် နောက်ကိုပင် လှည့်မကြည့်ပဲ မယုံနိုင်လောက်အောင်ပင် ပြာယာခတ်နေပြီး လှေကားထစ်များ အတိုင်း အလျင်အမြန် ပြေးဆင်းသွားခဲ့သည်။ ကြည့်ရသည်မှာ အကယ်၍ အစ်ကိုနှစ်သာ နောက်မှ လိုက်လာမည်ဆိုလျှင် သူမက ချက်ချင်းပင် လေထဲသို့ ခုန်တက်ပြီး အဝေးကို ပျံပြေးသွားမည့် ပုံစံမျိုးဖြစ်သည်။

“မဟုတ်ဘူး” အစ်ကိုနှစ်သည် အပေါ်မှခုန်ချလိုက်ပြီး ထွက်ပြေးနေသော ကျီယန်ရှေ့တွင် ပိတ်ရပ်လိုက်သည်။ “မိန်းကလေးကျီယန်၊ မင်းက ကြင်နာတတ်တဲ့ နှလုံးသားမျိုးရှိတဲ့သူပါ။ ဒါပေမဲ့ ငါကလည်း ငါ့လုပ်ရပ်တွေ အတွက် နောင်တရနေမိတဲ့ လူတစ်ယောက်ပါပဲ။ ငါ့တောင်းပန်မှုကို လက်မခံနိုင်ဘူးဆိုရင်၊ မင်း ငါ့ကို တောင်းဆိုမှုသုံးခု လုပ်လို့ရပါတယ်။ ငါ့ဆီကို အချိန်မရွေးလာပြီး မင်းဖြစ်စေချင်တဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်း ပေးခိုင်းလို့ရပါတယ်” အစ်ကိုနှစ်သည် လေးလေးနက်နက် ရှင်းပြပြောဆိုလိုက်သည်။

“ကောင်းပြီ။ ကောင်းပြီ။ ကျွန်မမှတ်ထားလိုက်ပါပြီ။ ကျွန်မအရင်သွားနှင့်ပါတော့မယ် စီနီယာအစ်ကို ဟွား။ ကျွန်မကို လိုက်ပို့ရာမလိုပါဘူး။ တစ်ကယ်တော့ ကျေးဇူးပြုပြီး လိုက်မပို့ပါနဲ့တော့...”

ကျီယန်သည် အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်း ပျံသန်း ထွက်ပြေးလိုက်သည်။ သူမသည် စုမင်၏အစ်ကိုနှစ်ကို ရှောင်ကာ အဝေးသို့ဦးတည်လိုက်လေသည်။ ထို့နောက် မျက်စိတစ်မှိတ် အတွင်းမှာပင် သူမသည် အရိပ်အယောင်ပင်မကျန် ပျောက်ကွယ်သွားတော့သည်။

ကျီယန်သည် အစ်ကိုနှစ်၏ စိတ်အားထက်သန်မှုကြောင့် အလွန်အမင်း ကြောက်လန့် သွားသဖြင့် ဖန်းချန်းလန်အကြောင်းနှင့် စိတ်အနှောင့်အယှက် အဖြစ်ခံမနေပဲ အလျင်အမြန် ထွက်ပြေးသွားခဲ့သလို၊ စုမင်၏ ညာလက်ကလည်း ပုံဆွဲကားချပ်ပေါ်တွင် နောက်ဆုံးစုတ်ချက်ကို ရေးဆွဲပြီးသွားခဲ့သည်။

သူသည် ဆွဲပြီးသည်နှင့် ပုံဆွဲကားချပ်ကို ဖန်းချန်းလန်ဆီသို့ လှမ်းပေးလိုက်သည်။ ဖန်းချန်းလန်သည် ကားချပ်ကို ကြည့်လိုက်မိချိန်တွင် သူမမျက်နှာထက်၌ ခဏတာခန့် စိတ်ရှုပ်ထွေးသော အမူအရာမျိုး ဖြစ်ပေါ်လာခဲ့သည်။ အချိန်အတော် ကြာပြီးနောက်တွင် သူမသည် ပုံဆွဲကားချပ်ကို ပြန်ချလိုက်ပြီး စုမင်ထံ တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက်တွင် တည်ငြိမ်အေးဆေးသော အမူအရာဖြင့်ပင် လှည့်ထွက်သွားပြီး အလင်းတန်းရှည် တစ်ခုအသွင် ပြောင်းလျက် ထွက်ခွာသွားခဲ့သည်။

ပုံဆွဲကားချပ်၌ ဘာမှရှိမနေခဲ့ပေ။

မြင်နိုင်သူများသည် သေချာပေါက် မြင်ရလိမ့်မည် ဖြစ်သော်လည်း မမြင်နိုင် သူများသည်တော့ သူတို့ကိုယ် သူတို့ ဘယ်လောက်ပင် ဖိအားပေးကာ ကြိုးစားပါစေ၊ မည်သည့် အရာကိုမှ မြင်ရလိမ့်မည်မဟုတ်ပေ။

ပန်းချီပုံကို ဖန်းချန်းလန် မြင်သွားလားဆိုတာ စုမင်မသိပေ။ သူမ၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေမိပြီး အချိန်အတော်ကြာပြီးနောက်တွင် သူ့မျက်လုံးများကို မှိတ်ချလိုက်သည်။ သူ့မျက်လုံးများ တစ်ဖန် ပြန်ဖွင့်လာချိန်တွင် ၎င်းတို့သည်ရေကဲ့သို့ တည်ငြိမ်နေခဲ့ချေပြီ။

သူသည် ပုံဆွဲကားချပ်ကို တိတ်ဆိတ်စွာ ကောက်ယူလိုက်ပြီး စစ်မာရှင်း၏ဓားချက်ကို ပုံတူ ပွားခြင်းထဲသို့ နောက်တစ်ကြိမ် နစ်မြောသွားပြန်သည်။ ပုံတူတစ်ခုစီတိုင်းတွင် သူထိုအရာကို အနည်းငယ်စီ ပိုမိုနားလည် သဘောပေါက်လာခဲ့သည်။

ဤအတွေ့အကြုံများသည် တစ်ဖြည်းဖြည်း ခိုင်မာစွာဖြစ်တည်လာပြီး သူယခင်က ပြုလုပ်ခဲ့ဖူးသော ထိုစုတ်ချက်တစ်ချက်၏ ခွန်အားကို ဖြည်းဖြည်းချင်း ခံစားလာမိစေသည်။

သုံးရက်ကြာပြီးနောက်တွင် ဟူကျီသည် သူပုန်းနေသောနေရာမှ တိတ်တိတ်ဆိတ်ဆိတ် ပြန်ထွက်လာခဲ့သည်။ ကျီယန်သည် သူ့အား နောက်ထပ် စိတ်အနှောင့်အယှက် ပေးတော့မည့်ပုံ မမြင်တော့သောအခါ၊ စိတ်ကျေနပ်သွားပြီး လိုဏ်ဂူထဲတွင် အရက်သောက်ခြင်း၊ ရေခဲအပိုင်းအစ အချို့အား စုစည်းကာ ဟိုဒီလျှောက်လုပ်ခြင်းများနှင့် သူ့နေရက်များကို ကုန်ဆုံး နေတော့သည်။ တစ်ခါတစ်ရံတွင် ထူးဆန်းသော တဟီဟီရယ်သံများပင် ထွက်ပေါ်လာတတ်သေးသည်။

အစ်ကိုနှစ်သည် ပုံမှန်အတိုင်းပင် သူ့အပင်များကို ဆက်လက် ဂရုစိုက်နေသော်ငြား သူသည် ဝါသနာ အသစ်တစ်ခုပါ ထပ်ရလာခဲ့သည်။ သူ့မျက်နှာပေါ်သို့ နေရောင် ကျရောက်စေရန် နေရောင် အတောက်ပ၊ အထွန်းလင်းဆုံး နေရာများသို့ သွားတတ်ခြင်း ဖြစ်သည်။ သူသည် ဤလုပ်ရပ်ကို အလွန်အမင်း သဘောကျနှစ်သက်နေသကဲ့သို့ပင်...

နဝမတောင်ထွတ်သို့ ကျီယန်ထပ်မလာတော့ချိန်တွင် သူတို့ဆရာ ထျန်းရှဲ့ကျီသည်လည်း တံခါးပိတ်နေရာမှ ပြန်ထွက်လာခဲ့သည်။ မနက်တိုင်းတွင် နဝမတောင်ထွတ်မှ လူများသည် တောင်ထိပ်ဆီမှ ရှည်ကြာသော အော်ဟစ်ဆူညံများကို ကြားကြရသည်။

ထိုအသံများသည် မိုးခြိမ်းသံများနှင့် ဆင်တူပြီး လေထဲ၌ မြည်ဟည်း နေတတ်သည်။ ထျန်းရှဲ့ကျီသည် အော်ဟစ် ဆူညံပြီးသည်နှင့် တစ်စုံတစ်ရာကိုပြုလုပ်ရန် ဦးတည်ရာအမျိုးမျိုးသို့ ပျံသန်း သွားပေလိမ့်မည်။ သူဘာလုပ်ချင်နေသည်ကို မည်သူမျှမသိသော်လည်း သူသည် များသောအားဖြင့် မွန်းတည့်ချိန်မှသာ ပြန်လာတတ်၏။

အချိန်ကြာလာသည်နှင့်အမျှ ထိုအရာမှာ သူ့ဆရာ၏ ဝါသနာ ဖြစ်ကြောင်း စုမင် သိလာခဲ့ရသည်။

တစ်ချိန်တည်းမှာပင် နောက်ထပ် လတစ်လ ထပ်မံကုန်ဆုံး သွားသလို သူ့ဆရာထျန်းရှဲ့ကျီထံတွင် အခြားထူးခြားသော အလေ့အကျင့် တစ်ခုရှိသေးကြောင်း စုမင် သတိပြုမိ လာရသည်။

သူသည် ထိုအရာကို အစ်ကိုနှစ်၏ စကားများနှင့် သူကိုယ်တိုင် လေ့လာမှုများထံမှ သိလာရခြင်း ဖြစ်သည်။

“ကြည့်လိုက်၊ ခုနေ့ ဆရာ နောက်တစ်ကြိမ် အဖြူရောင် ဝတ်ထားပြန်ပြီ။ သူ မြောက်ဘက်ကို ပျံသန်းသွားလိမ့်မယ်”

အစ်ကိုနှစ်သည် စုမင်၏လိုဏ်ဂူ အပြင်ဘက်မှ စင်မြင့်ပေါ်တွင်

စုမင်ဘေး၌ ထိုင်နေခဲ့သည်။ ထိုအခိုက်အတန့်မှာပင်၊ အစ်ကိုနှစ်သည် တောင်ထိပ်ဆီသို့ မော့ကြည့်လိုက်ပြီး သူသည် ဆရာ၏ အပြုအမူများနှင့် အလွန်တရာ အကျွမ်းတဝင် ဖြစ်နေဟန်ဖြင့် ပြောဆိုလိုက်သည်။

ဆူညံစွာအော်ဟစ် ဟိန်းဟောက်သံသည် တောင်ထိပ်ဆီမှ ပျံ့လွင့်လာပြီး အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ထျန်းရှဲ့ကျီသည် မြောက်ဘက်သို့ ပျံသန်းသွားခဲ့သည်။

“ဆရာက မနက်ပိုင်းမှာ စိတ်အခြေအနေ ကောင်းနေရင်၊ သူအဲလိုလုပ်လိမ့်မယ်။ အဲဒါကို မင်းသိထားရမယ် ညီငယ်လေး”

“ဆရာ ဒီနေ့အနီရောင်ဝတ်တယ်။ အနောက်ဘက်ကို ပျံသန်းသွားလိမ့်မယ်”

ဤတစ်ကြိမ်တွင်မူ ဟူကျီသည်လည်း အစ်ကိုနှစ်ဘေးတွင် လဲလျောင်းနေခဲ့ပြီး သူ့လက်ထဲ၌ ဝိုင်တစ်အိုးရှိနေသည်။ သူက “ဆရာ ဒီနေ့ အနက်ရောင်ဝတ်ထားတယ်။ ဒီတော့ သူသေချာပေါက် တောင်ဘက်ကို သွားမှာပဲ...” ခပ်တိုးတိုးရေရွတ်လိုက်ပြီး ကောင်းကင်ကို ကြည့်ခြင်းဖြင့် စိတ်အနှောင့်အယှက်ပင် အဖြစ်ခံမနေပေ။

ထို့နောက် သူပြောသလို အနက်ရောင် ဝတ်ဆင်ထားသော ထျန်းရှဲ့ကျီသည် တောင်အရပ်သို့ ပျံသန်း ထွက်ခွာသွားခဲ့သည်။

“ဆရာက ဒီနေ့ အစိမ်းရောင်ဝတ်ပြီး အစိမ်းရောင်ဦးထုပ်လည်း ဆောင်းထားတယ်။ မင်း စောင့်ကြည့်နေ၊ ဒီနေ့ သူ့စိတ်အခြေအနေ ဆိုးနေတယ်။ သူ အရှေ့ဘက်ကို သွားလိမ့်မယ်...” အစ်ကိုနှစ်သည် လက်ထဲတွင် အစိမ်းရောင် အပင်များကို ကိုင်ထားရင်းမှ ခေါင်းပင် မော့မကြည့်ပဲ ညင်ညင်သာသာ ပြောဆိုလိုက်သည်။

စုမင်သည် စစ်မာရှင်း၏ ဓားချက်ကို ဆွဲသားနေရင်းမှ ထိုစကားကို ကြားလိုက်သောအခါ အလိုလို ခေါင်းမော့ကြည့် လိုက်မိပြီး မျက်နှာထက်တွင် အံ့အားသင့်သွားသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

တောင်ထိပ်ဆီမှ မြည်ဟည်းသံများ ထွက်ပေါ်လာပြီး လေထဲတွင် အစိမ်းရောင်ဝတ်ရုံနှင့် အစိမ်းရောင်ဦးထုပ် ဝတ်ဆင်ထားသော ထျန်ရှဲ့ကျီသည် ထွက်ပေါ်လာကာ... မြောက်ဘက်သို့ ပျံသန်းသွားသည်။

ဤမြင်ကွင်းကြောင့် ဝိုင်သောက်နေသော ဟူကျီသည်လည်း အံ့အားသင့်မှင်တက်သွားပြီး မျက်လုံးများကို ပွတ်သပ်လိုက်မိသည်။

“အဲဒါ မမှန်ဘူးလေ။ ဘာလို့ဆရာက မြောက်ဘက်ကို ပျံသွားရတာလဲ...”

အစ်ကိုနှစ်သည်လည်း ခေါင်းမော့ကြည့်လိုက်ပြီး သူ့အမူအရာက ရုတ်ခြည်းဆိုသလို လေးနက် သွားသည်။

“ဆရာ တစ်ခုခုဖြစ်နေတယ်”

သိပ်မဝေးသောနေရာတွင် တရားထိုင်နေသော ကျီချဲသည် ဤစကားများကို ကြားလိုက်ရပြီး အစ်ကိုနှစ်နှင့် အစ်ကိုသုံးတို့၏ ပြောင်းလဲသွားသောအမူအရာများကို မြင်လိုက်ရချိန်တွင် လွန်ခဲ့သော ရက်အနည်းငယ်က သူသိရှိခဲ့ရသော နဝမတောင်ထွတ်၏ ထူးဆန်းမှုများ အကြောင်း နားလည် သဘောပေါက် ထားမှုများကြောင့် သူ့နှလူံးသားသည် ရင်ဘတ်မှ ပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ် သွားရသည်။ သူ လျှို့ဝှက်ချက်အချို့ကို ရှာဖွေတွေ့ရှိတော့မည်ဟုပင် ခံစားလိုက်ရချေသည်။

ထိုအခိုက်အတန့်မှာပင် ကောင်းကင်မှ အစိမ်းရောင်ဝတ်ရုံနှင့် ထျန်းရှဲ့ကျီသည် မြောက်ဘက်သို့ ပျံသန်းနေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် တစ်စုံတစ်ရာကို တီးတိုး ရေရွတ်နေဟန်ဖြင့် လေထဲ၌ ခဏတာ ရပ်တန့်နေပြီး ပြန်လှည့်ကာ အရှေ့အရပ်သို့ ပျံသန်း သွားခဲ့သည်...

ဟူကျီသည် ထျန်းရှဲ့ကျီ၏ လုပ်ရပ်များကို သဘောမကျဟန်ဖြင့် မျက်လုံးများကို လှန်လိုက်ပြီး ဝိုင်အိုးကို ကောက်ကိုင်ကာ ဆက်သောက် နေလိုက်သည်။

စုမင် မျက်မှောင်ကြုတ်လျက် အစ်ကိုနှစ်ကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။ အစ်ကိုနှစ်၏ မျက်လုံးများထဲတွင် တွေ့မြင်ရခဲသော လေးနက်မှု အရိပ်အယောင် တစ်ခုကို သူတွေ့လိုက်ရသည်။

“လွန်ခဲ့တဲ့ နှစ်ငါးဆယ်တုန်းက ဆရာဒီလိုအမှားမျိုး လုပ်ခဲ့ဖူးတာကို ငါမှတ်မိတယ်... ဖြစ်နိုင်တာက... သူ ခရမ်းရောင်ဝတ်ရုံနဲ့ နောက်တစ်ကြိမ် ပြန်ပေါ်လာတော့မှာများလား...”

အစ်ကိုနှစ်သည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး စုမင်နှင့် ဟူကျီကို လှည့်ကြည့် လာခဲ့သည်။

“ခရမ်းရောင် ဝတ်ရုံလား” စုမင်သည်လည်း သူ့အစ်ကိုနှစ်ကို ပြန်ကြည့် လိုက်မိသည်။

***

All Chapters