အခန်း (၆၅၁-၆၅၂)
Vol. 49 Ch. 651-652
အခန်း ၆၅၁ - လင်းရှား၏အကူအညီ၊ ဟော်ကျူးကိုဖမ်းဆီးရန် ဓားစာခံလုပ်ခြင်း
ရှောင်းယီသည် သူ၏မျက်လုံးထဲရှိ အဆုံးမရှိသော စိတ်ပျက်အားငယ်မှုများကို ကြည့်ပြီး ခေါင်းအနည်းငယ်ယမ်းကာ သူ့ကို သတိလစ်အောင် လုပ်လိုက်သည်။
“ငါ ဒီနေရာကို ရှောင်ပိုင်ကို စောင့်ကြည့်ခိုင်းထားလိုက်မယ်။ မင်းတို့က အဲ့ဒီနေရာကို အမြောက်တွေနဲ့ ချိန်ထားလိုက်။ တစ်ယောက်ယောက် တည်နေရာကူးပြောင်းလာရင် ဘယ်သူလဲဆိုတာ မေးစရာမလိုဘူး။ တစ်ခါတည်းပစ်သတ်လိုက်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ထို့နောက် ရှောင်းယီသည် မှော်ဆရာကို ခေါ်ဆောင်ပြီး ရှုံးတိရှိရာသို့ တိုက်ရိုက်တည်နေရာကူးပြောင်းသွားလိုက်သည်။
“ရှီခုန်း ကျုပ်ကို ရေသူမမျိုးနွယ်ဆီ ခေါ်သွားပေးပါဦး။”
ရှောင်းယီက ရှီခုန်းကို သွားတွေ့ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ တပိုင်တို့လည်း အဲ့ဒီကို လိုက်ပါလိမ့်မယ်။”
ရှီခုန်းက ပြန်ဖြေပြီး ရှောင်းယီနှင့် တပိုင်ကို ရေထဲသို့ခေါ်ဆောင်သွားခဲ့သည်။
တည်နေရာကူးပြောင်းအစီအရင်တည်ရှိရာနေရာသို့ ရောက်ရှိလာပြီးနောက် ရှီခုန်းက တည်နေရာကူးပြောင်းခြင်းအစီအရင်ကို အသက်သွင်းလိုက်ပြီးနောက် ချက်ချင်း ချိတ်ဆက်သွားခဲ့သည်။ ရှောင်းယီသည် သတိလစ်နေသော မှော်ဆရာကို ဆွဲကိုင်ပြီး တိုက်ရိုက် ရေကူးကာ ဝင်ရောက်သွားခဲ့သည်။
သူတို့ ရေသူမျိုးနွယ်၏ တည်နေရာကူးပြောင်းခြင်းအစီအရင်ပေါ်တွင် ပေါ်လာသောအခါ ရေသူအစောင့်တပ်သားတစ်စုက ချက်ချင်းပင် ရေကူး၍ ထွက်ပေါ်လာခဲ့သည်။
“ကျွန်းပိုင်ရှင်ရှောင်း ဘာလို့ ခင်ဗျားကိုယ်တိုင် ရောက်လာရတာလဲ။”
ရေသူမအစောင့်တပ်သားတစ်ယောက်သည် ရှောင်းယီအား ယခင်က တွေ့ဖူးကြောင်း ထင်ရှားနေလေသည်။
ရှောင်းယီက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
“ကျုပ် ဒီတစ်ခါလာတာက လင်းရှားကို အကူအညီတောင်းစရာရှိလို့ပါ။”
“လင်းရှားကို လာရှာတာလား။ ကျေးဇူးပြုပြီး ကျွန်မနောက်လိုက်ခဲ့ပါ။”
ထိုအစောင့်က ပြောလိုက်သည်။
ရှောင်းယီသည် တပိုင်နှင့် အခြားသူများကို ကြည့်လိုက်ပြီး ညွှန်ကြားလိုက်သည်။
“အရင်လိုပဲ အသစ်ပေါ်လာတဲ့ ပုဇွန်စစ်သည်တွေ၊ ကဏန်းဗိုလ်ချုပ်တွေကို ဆက်ပြီးရှင်းလင်းကြရမယ်။ ဒါပေမယ့် ရေနက်ပိုင်းထဲအထိ မသွားနဲ့။”
တပိုင်နှင့် အခြားသူများသည် တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ပြလိုက်ကြပြီး အဝေးသို့ ရေကူးသွားကြတော့သည်။
ရှောင်းယီသည် အစောင့်နောက်သို့လိုက်သွားပြီး အနီးအနားရှိ သန္တာကျောက်များဖြင့် ယာယီတည်ဆောက်ထားသော ရိုးရှင်းသည့်အိမ်တစ်လုံးဆီသို့ ရောက်ရှိသွားခဲ့သည်။
ထိုနေရာ၌ လင်းရှားလည်း အမှန်တကယ် ရှိနေခဲ့သည်။
လင်းရှား၏ တိုက်ခိုက်မှုစွမ်းအားက သန်မာခြင်းမရှိချေ။ ယုတ္တိတန်စွာဆိုရလျှင် သူမသည် အမွေအနှစ်နယ်မြေတွင် နေထိုင်ခြင်းက ပိုကောင်းမည်ဖြစ်သော်လည်း မမျှော်လင့်ဘဲ သူမသည် ရှေ့တန်းတွင် ရှိနေခဲ့သည်။
“ဒီမှာ အန္တရာယ်များလွန်းတယ်မဟုတ်ဘူးလား။”
ရှောင်းယီက လင်းရှားကို ကြည့်ကာ မေးလိုက်သည်။
လင်းရှားက အနည်းငယ်ပြုံးလိုက်ပြီး ပြန်ဖြေလာခဲ့သည်။
“ဒီနေရာက တည်နေရာကူးပြောင်းခြင်းအစီအရင်နဲ့ အနီးဆုံးပဲလေ။ မမျှော်လင့်ထားတဲ့အရာ တစ်ခုခုဖြစ်လာရင် ကျွန်မ တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီ အမြန်ဆုံးရောက်အောင်သွားနိုင်တယ်။ အမွေအနှစ်နယ်မြေက ဒီကနေ အတော်လေးဝေးတယ်။ ကျွန်မ အမြဲတမ်း မှန်လုံအိမ်ထဲက ပန်းပွင့်လေးတစ်ပွင့်လို မဖြစ်ချင်ဘူး။”
ရှောင်းယီက သူမကို လက်မထောင်ပြပြီး ပြောလိုက်သည်။
“ငါ ဒီတစ်ခါလာရတာက လူတစ်ယောက်ရဲ့ မှတ်ဉာဏ်ကို ဖတ်ဖို့ မင်းရဲ့အကူအညီလိုလို့ပါ။”
“ကောင်းပါပြီ။”
လင်းရှားက ရှောင်းယီသယ်လာသော မှော်ဆရာကို ကြည့်ပြီး မေးလိုက်သည်။
“ဒီလူလား”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
လင်းရှားသည် ရှေ့သို့ရေကူးလာပြီး သူမ၏ အထူးစွမ်းရည်ကို အသုံးပြုရန် ပြင်ဆင်လိုက်သော်လည်း ချက်ချင်းပင် မျက်မှောင်ကျုံ့သွားခဲ့သည်။
“လုပ်လို့မရဘူး ကျွန်မရဲ့ စိတ်စွမ်းအားက တားဆီးခံနေရတယ်။”
လင်းရှားက တုန့်ပြန်လိုက်သည်။
ရှောင်းယီ အနည်းငယ်ကြောင်အသွားပြီး ကိုယ့်ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။
“ငါဒါကို မေ့သွားတယ်။ ဒီဝတ်စုံက စိတ်ဝိဉာည်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိတယ်။ မင်း ငါနဲ့အတူ အပြင်ထွက်ဖို့လိုမယ်ထင်တယ်။”
“ပြဿနာမရှိပါဘူး။ အခုပဲ သွားကြရအောင်။”
လင်းရှားက ပြောလိုက်သည်။
ရှောင်းယီ သူမကို ဤကဲ့သို့အရေးတကြီးရှာနေသည်မှာ ဤပုဂ္ဂိုလ်၏မှတ်ဉာဏ်များသည် သူ့အတွက် အလွန်အရေးကြီးကြောင်း ဆိုလိုနေခြင်းဖြစ်သည်။
“ကောင်းပြီ။”
ရှောင်းယီသည် လင်းရှားကို တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် ရှီခုန်းရှိရာသို့ ပြန်လည်ခေါ်ဆောင်သွားကာ လှေပေါ်တက်လိုက်ပြီးနောက် ရှောင်းယီသည် မှော်ဆရာထံမှ ဝတ်စုံကို ချွတ်ယူလိုက်သည်။
လင်းရှားသည်လည်း သူမ၏မှတ်ဉာဏ်ဖတ်ခြင်းကို စတင်လိုက်လေသည်။ ခဏအကြာတွင် သူမက ပြောလာခဲ့သည်။
“ဒီလူက မီးတိမ်တိုက်မြို့က မှော်ဆရာပဲ။ သူ့ရဲ့မှတ်ဉာဏ်အရ မီးတိမ်တိမ်မြို့က ရှင်တို့ကို သူတို့ရဲ့ တိုက်ကြီးထဲ ဝင်မရအောင် တပ်သား ၃၀၀၀၀ စေလွှတ်ထားတယ်။ သူတို့မြို့မှာ မှော်ဆရာတစ်ယောက်ပဲရှိတယ်။ တခြားမှော်ဆရာမရှိဘူး။”
“ဒီကောင်က တကယ်ကို ဖျင်ခေါင်းကျယ်နေတာပဲ။ သူတို့ရရှိခဲ့တဲ့ ကျန်တဲ့မြို့ပြန်ကျောက်နှစ်ခုကရော ဘယ်မှာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“တိုက်ကြီးရဲ့ကမ်းခြေမှာရှိတဲ့ သူတို့စစ်စခန်းမှာပါ။ အဲ့ဒီမှာ A အဆင့်ဗိုလ်ချုပ်တစ်ယောက်က စောင့်ရှောက်နေတယ်။ အဲဒီဗိုလ်ချုပ်ကို ဟော်ကျူးလို့ခေါ်ပါတယ်။”
“အဲဒါတွေကို ပြန်ရဖို့ အခွင့်အရေးရှာရဦးမယ်ထင်တယ်။”
ရှောင်းယီက တွေးမိသွားပြီး မီးတိမ်တိုက်မြို့၏ အခြေခံအချက်အလက်အချို့ကို မေးမြန်းပြီးနောက် လင်းရှားကို ပြန်ခွင့်ပေးလိုက်သည်။
ထိုသတင်းအချက်အလက်များကို ရရှိပြီးနောက် ရှောင်းယီသည် ဤမီးတိမ်တိုက်မြို့၏ဖွံ့ဖြိုးတိုးတက်မှုသည် သိပ်ကောင်းဟန်မရှိပေ။ ချူဖုန်းမြို့လောက်ပင် ကောင်းဟန်မရချေ။
အနည်းငယ်စဉ်းစားပြီးနောက် ရှောင်းယီသည် မှော်ဆရာကို မသတ်သေးဘဲ သူ့ကို မီးတိမ်တိုက်မြို့က ကာကွယ်စောင့်ရှောက်ထားသော ကမ်းရိုးတန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
မီးတိမ်တိုက်မြို့မှ စောင့်ရှောက်ထားသော ကမ်းရိုးတန်းသို့ ရောက်ရှိလာသောအခါ ရှောင်းယီသည် ဘာမှ မဖုံးကွယ်ဘဲ တိုက်ရိုက်ပင် မှော်ဆရာကို ကောက်ယူကာ ကမ်းခြေရှိလူများထံသို့ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။
“မင်းတို့ရဲ့ မှော်ဆရာက ငါ့လက်ထဲရောက်နေပြီ။ သူ့ကိုအသက်ရှင်စေချင်တယ်ဆိုရင် ဟော်ကျူးကို မြို့ပြန်ကျောက်နဲ့ လာလဲခိုင်းလိုက်။ ငါ ၃ မိနစ်ပဲ အချိန်ပေးမယ်။ မဟုတ်ရင် သူ့ကို ချက်ချင်းသတ်ပစ်မယ်။”
ကမ်းခြေရှိ ကာကွယ်ရေးစစ်သားများသည် ထိုသတင်းကို ကြားလိုက်ရသည်နှင့် တပြိုင်နက် စိတ်ရှုပ်ထွေးသွားကြသည်။ သူတို့သည် မှော်ဆရာအား အမြဲတမ်း နတ်ဘုရားတစ်ပါးအဖြစ် မှတ်ယူထားခဲ့ကြခြင်းဖြစ်သည်။
သူ့ကို အပြင်လူတစ်ဦးက ဘယ်လို ဖမ်းမိနိုင်မှာလဲ။
“မြန်မြန် ဒီကိစ္စကို ဗိုလ်ချုပ်ဆီ အမြန်သတင်းသွားပို့ကြ။”
တပ်ခွဲမှူးတစ်ဦးက အော်ဟစ်လိုက်သည်။
စစ်သားတစ်ဦးသည် ချက်ချင်း အနောက်ဘက်က ရွက်ထည်တဲကြီးဆီသို့ ပြေးသွားခဲ့လေသည်။ ပြီးနောက် တပ်ခွဲမှူးက ရှောင်းယီအား ပြန်ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကျုပ်တို့ မှော်ဆရာကို ထိခိုက်အောင်မလုပ်ပါနဲ့။ ကျုပ်တို့ ဗိုလ်ချုပ်ဟော်ကျူးကို သွားခေါ်နေပါပြီ။”
“အချိန်က ကန့်သတ်ချက်ရှိတယ်။ မင်းတို့ဘာသာ စဉ်းစားကြ။”
ရှောင်းယီက ထိုသို့ပြန်ပြောပြီး စောင့်ဆိုင်းနေလိုက်သည်။
မကြာမီ ဟော်ကျူးရောက်ရှိလာပြီး ရှောင်းယီသည် အမှန်တကယ် သူတို့မီးတိမ်တိုက်မြို့၏ မှော်ဆရာအား ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသောအခါ သူ၏မျက်လုံးထဲ၌ သံသယများ ဖြစ်ပေါ်လာခဲ့သည်။
တကယ်တမ်းတွင် မှော်ဆရာ ဖမ်းဆီးခံရခြင်း သို့မဟုတ် အသတ်ခံရခြင်းသည် သူတို့မြို့အတွက် မကောင်းသည့်အရာတော့ မဟုတ်ချေ။ မှော်ဆရာနှင့်ဆိုလျှင် ကျန်သည့်လူအားလုံးက လက်အောက်ငယ်သားများသာ ဖြစ်သည်။
စစ်တပ်သုံးခု၏ကွန်မန်ဒါတစ်ယောက်အဖြစ် ဟော်ကျူးသည် သူများထက် နိမ့်ကျရသည်ကို ဘဝင်မကျလှပေ။ သို့သော် မှော်ဆရာမရှိလျှင် နတ်ဘုရားများနှင့် ဆက်သွယ်ရန် လမ်းကြောင်းမရှိတော့ချေ။ သူတို့မြို့၏ဖွံ့ဖြိုးတိုးတက်မှုသည်လည်း အလွန်နှေးကွေးသွားပေလိမ့်မည်။
အနည်းငယ်စဉ်းစားပြီးနောက် ဟော်ကျူးက ပြောလိုက်သည်။
“အပြင်လူ မှော်ဆရာကို အမြန်လွှတ်ပေးဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် ငါတို့ မင်းနဲ့ သေတဲ့အထိတိုက်မယ်။”
“သူ့ကို လွှတ်ပေးတာဖြစ်ဖြစ် မလွှတ်ပေးတာဖြစ်ဖြစ် ငါတို့ဆက်ဆံရေး ဒီလောက်ကောင်းတာမဟုတ်ဘူး။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“အပိုတွေပြောမနေနဲ့ မင်းတို့ဆီက မြို့ပြန်ကျောက်ကို ငါတို့ကို ပြန်ပေး။ ငါက မှော်ဆရာကို မင်းတို့ကို ပြန်ပေးလိုက်မယ်။ တခြားဆွေးနွေးစရာ အခြေအနေမရှိဘူး။”
“ဟမ့် ငါတို့ မီးတိမ်တိုက်မြို့ရဲ့ တပ်ဖွဲ့က ဘယ်တော့မှ အပြင်လူတွေရဲ့ ခြိမ်းခြောက်မှုကို ခံမှာမဟုတ်ဘူး။ မင်း မှော်ဆရာကို သတ်ရဲရင် ငါတို့ သူ့အတွက် လက်စားချေမယ်။”
ဟော်ကျူးက အတိအလင်းကြေညာလိုက်သည်။
‘သူက ဒီမှော်ဆရာကို အသက်ဆက်မရှင်စေချင်တဲ့ပုံပဲ။’
ရှောင်းယီက သူ၏နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကို တွန်းကွေးပြီး တွေးလိုက်သည်။
ထို့နောက် သူသည် သစ်သားပြားအချို့ကို ပင်လယ်ပြင်ပေါ်သို့ တိုက်ရိုက်ပစ်ချလိုက်သည်။ ထို့နောက် ရှောင်းယီသည် မှော်ဆရာကို ဆုပ်ကိုင်ပြီး ကမ်းခြေပေါ်သို့ဦးတည်ကာ လွှားခနဲ ခုန်ကျော်လိုက်ပြီး ရေအလယ်တွင် မျောနေသော သစ်သားပြားများပေါ်သို့ အကြိမ်ပေါင်းမြောက်မြားစွာ လျှောက်နင်းသွားခဲ့သည်။
ကမ်းခြေရှိ အစောင့်တပ်သားများသည် ရှောင်းယီက မှော်ဆရာအား သူရှေ့တွင် ကာထားသည်ကို မြင်နေရပြီး မြားများပစ်လွှတ်ရန် လုံးဝမဝံ့ရဲကြချေ။
ဘာပဲဖြစ်ဖြစ် မှော်ဆရာ၏ဘုန်းတန်ခိုးသည် လူတို့၏စိတ်ထဲတွင် အမြစ်တွယ်နေဆဲပင်။
ထိုစဉ် ဟော်ကျူးက ချက်ချင်းအော်ဟစ်လိုက်သည်။
“မြားတွေပစ်...။ သူသာ ကမ်းပေါ်ရောက်လာရင် ငါတို့အားလုံး သေကြရလိမ့်မယ်။”
ထိုအော်ဟစ်သံနှင့်အတူ လူတိုင်းသည် ချက်ချင်းတုံ့ပြန်လိုက်ကြပြီး သူတို့လက်ထဲရှိ လေးနှင့်မြားများကို တစ်ကြိမ်ပြီးတစ်ကြိမ် ပစ်လွှတ်လိုက်ကြတော့လေသည်။
ရှောင်းယီသည် မှော်ဆရာကို သူ၏ရှေ့တွင် ဒိုင်းတစ်ခုကဲ့သို့ ကာထားပြီး ထိုလေးမြားများ၏ တိုက်ခိုက်မှုကို ခုခံကာ ဟော်ကျူးဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားခဲ့သည်။
ဟော်ကျူးသည် ရှောင်းယီ၏ ရည်ရွယ်ချက်ကို သိလိုက်ပြီး ချက်ချင်းပင် နောက်ဆုတ်လိုက်သည်။
သို့သော် A အဆင့်ရုပ်ခန္ဓာအဆင့်သာရှိသော ဗိုလ်ချုပ်တစ်ဦးသည် ရှောင်းယီ၏ လိုက်လံဖမ်းဆီးမှုမှ မည်သို့လွတ်မြောက်နိုင်မည်နည်း။
မကြာမီ ရှောင်းယီသည် ဟော်ကျူး၏ဘေးသို့ ရောက်ရှိလာပြီး ဖြူကောင်ဖြစ်သွားသော မှော်ဆရာအား လွှင့်ပစ်လိုက်ကာ သူ၏လက်ဖြင့် ဟော်ကျူး၏လည်ပင်းကို ဆုပ်ကိုင်ပြီး သစ်ပင်ကြီးတစ်ပင်နှင့်ဖိကပ်ကာ အော်ပြောလိုက်သည်။
“ရပ်လိုက် မဟုတ်ရင် သူ့လည်ပင်းကို ချိုးပစ်လိုက်မယ်။”
“ရပ်လိုက်စမ်း...”
ဟော်ကျူးက ချက်ချင်းအော်ဟစ်လိုက်သည်။
စစ်သားများသည် ချက်ချင်းပင် သူတို့လက်ထဲရှိ လေးနှင့်မြားများကို ချလိုက်ပြီး နောက်ဘာလုပ်ရမှန်း မသိကြတော့ပေ။
အခန်း ၆၅၂ - ဟော်ကျူးနှင့်စာချုပ်ချုပ်ခြင်း၊ သံနက်မြို့မှ သတင်း
“ငါတို့ ကောင်းကောင်းစကားပြောလို့ရပါတယ်။”
ဟော်ကျူးက ပြောလိုက်သည်။ သူ၏အသံအနေအထားသည် ယခင်ကကဲ့သို့ တင်းမာခြင်းမရှိတော့ချေ။
သူ မသေချင်သေးပေ။ အဆုံးတွင် သူသည် ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး သူ့ရှေ့တွင် ကောင်းသောနေ့ရက်များစွာ ကျန်ရှိနေသေးသည်။ သူသည် သည်အတိုင်း သေလိုက်၍မဖြစ်ချေ။
“အမှန်ပဲ။ ငါလည်း ကောင်းကောင်းစကားပြောလို့ရပြီလို့ ထင်တယ်။ အခု မင်းတို့မှာ မှော်ဆရာမရှိတော့ဘူး။ မင်းတို့မြို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုက သေချာပေါက် ကန့်သတ်ချက်ရှိသွားလိမ့်မယ်။ ဒါပေမယ့် ငါတို့ ပူးပေါင်းဆောင်ရွက်လို့ရပါတယ်။ တကယ်တော့ ငါတို့အပြင်လူတွေက မင်းတို့မှော်ဆရာတွေ ပြောသလောက် ရက်စက်ယုတ်မာနေတာမျိုးမဟုတ်ပါဘူး။”
ရှောင်းယီက ပြန်ပြောင်းပြုံးပြကာ ပြောလိုက်သည်။
“ဒါဆို တစ်ခြားနည်းနဲ့ စကားပြောလို့ရမလား။”
ဟော်ကျူးက မရဲတရဲဖြင့် မေးလိုက်သည်။
“ရတယ်။ ဒါပေမယ့် စကားစမြည်ပြောဆိုခြင်းရဲ့ ရှေ့ပြေးအနေနဲ့ မင်းက မြို့ပြန်ကျောက်ကို လက်လွှဲပေးရမယ်။ ပြီးရင် ငါတို့ ကောင်းကောင်းစကားပြောလို့ရပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“သခင်ကြီး ကျုပ်တို့ မပေးချင်လို့မဟုတ်ပါဘူး။ မှော်ဆရာက အဲ့ဒါကို ရပြီးတာနဲ့ ချက်ချင်းပဲ ကျုပ်တို့ရဲ့ ကုန်သွယ်ရေးမြို့ဖြစ်တဲ့ သံနက်မြို့ကို လူလွှတ်လိုက်လို့ပါ။”
ဟော်ကျူးက ပြန်ဖြေလိုက်သည်။
“ခင်ဗျား မယုံရင် စစ်ချင်သလောက်စစ်လို့ရပါတယ်။”
“ဟမ့် မင်းက ငါ့ကို ကလေးလို့ထင်နေတာလား။”
ရှောင်းယီက အေးစက်စွာပြောလိုက်ပြီး ဖမ်းဆုပ်ထားသည့်လက်ကို ဖြည်းဖြည်းချင်း တင်းကျပ်လိုက်လေသည်။ ဟော်ကျူးသည် ချက်ချင်းပင် အသက်ရှူမဝဖြစ်လာသည်ကို ခံစားလိုက်ရသည်။
“မှော်ဆရာရဲ့ မှတ်ဉာဏ်ကို ငါတို့ဖတ်ပြီးသွားပြီ။ သူက မြို့ပြန်ကျောက်ကိုရပြီးတော့ တစ်ခြားလူတွေဆီကို ဘယ်သူ့ကိုမှ မစေလွှတ်ခဲ့ဘူး။”
ဟော်ကျူးသည် ရှောင်းယီအား ကြောက်လန့်တကြားဖြင့် ကြည့်လိုက်မိလေသည်။ အပြင်လူများသည် လူများ၏မှတ်ဉာဏ်ကို တကယ်ပင် ဖတ်နိုင်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ တစ်ချိန်တည်းမှာပင် သူသည် ပြင်းထန်လှသည့် အသက်ရှူကျပ်ခြင်းကို ခံစားလိုက်ရပြီး အားတင်းကာ ပြောလိုက်သည်။
“ကျုပ်မသတ်ပါနဲ့ ကျုပ် အရာအားလုံး ပြောပြပါ့မယ်။”
“ဒါ နောက်ဆုံးအခွင့်အရေးပဲ။”
ရှောင်းယီက ထပ်မံဖြေလျှော့ပေးလိုက်သည်။
ဟော်ကျူးသည် လေကို အသည်းအသန် ရှူရှိုက်လိုက်ရ၏။ စောစောက သူအမှန်တကယ်သေဆုံးတော့မည်ဟု တကယ်ပင် ခံစားလိုက်ရခြင်းဖြစ်သည်။
“မြန်မြန်ပြော...။”
ရှောင်းယီ၏ မနှစ်မြို့သည့်အသံကို ကြားလိုက်ရသောအခါ ဟော်ကျူးက သူ၏လေသံကိုနှိမ့်ချကာ ပြောလိုက်သည်။
“ကျုပ် စေလွှတ်လိုက်တာပါ။ ကျုပ်က မီးတိမ်တိုက်မြို့ရဲ့ ဗိုလ်ချုပ်တစ်ယောက်ဆိုပေမယ့် သံနက်မြို့ကလူပဲ။ မီးတိမ်တိုက်မြို့မှာ နှစ် ၃၀ ကြာအောင် ပုန်းအောင်းနေခဲ့တာ။”
“မင်း အသက်ရှင်ချင်လား။”
ရှောင်းယီက ရုတ်တရက်မေးလိုက်သည်။
“ရှင်ချင်ပါတယ်။”
ဟော်ကျူးက အနည်းငယ်မျှ မတွန့်ဆုတ်ဘဲ ပြန်ဖြေလိုက်သည်။
“ဒါဆို သူတို့အားလုံးကို လက်နက်ချခိုင်းလိုက်။ ပြီးရင် မင်း ငါနဲ့အတူ လှေပေါ်ကို လိုက်ခဲ့။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပါပြီ။”
ထို့နောက် ဟော်ကျူးက ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
“မင်းတို့အားလုံး လက်နက်ချပြီး နောက်ဆုတ်ကြ။ ငါမှာ ဒီအပြင်လူနဲ့ ဆွေးနွေးစရာရှိတယ်။”
ထိုစစ်သားများသည် မှော်ဆရာသေဆုံးသွားသဖြင့် ကိုယ်ပိုင်အတွေးအမြင်များ မရှိကြတော့ပေ။ ယခု ဗိုလ်ချုပ်က ပြောလိုက်ပြီဆိုမှတော့ သဘာဝအတိုင်း နာခံလိုက်ကြသည်။
စစ်သားများသည် သူတို့၏လက်နက်များကို ချလိုက်ပြီး နောက်ဆုတ်သွားကြသည်။ ရှောင်းယီက ဟော်ကျူးကို ကောက်ယူကာ သစ်သားပြားများပေါ်သို့ ထပ်မံတက်နင်းပြီး လှေပေါ်သို့ ပြန်သွားခဲ့သည်။
“မှော်ဆရာက ငါတို့အပြင်လူတွေကို ဘယ်လို ကြေညာထားတယ်ဆိုတာ ငါမသိဘူး။ သိချင်လည်း မသိချင်ဘူး။ အခု ငါပြောချင်တာက ငါတို့က မင်းတို့နဲ့ ရန်သူမဖြစ်ချင်ဘူးဆိုတာပဲ။ ငါတို့က အသက်ရှင်ချင်ရုံပဲ။ ဒါပေမယ့် မင်းတို့ခေါ်နေတဲ့ နတ်ဘုရားတွေက ငါတို့ကြားမှာ အငြင်းပွားမှုတွေ ဖြစ်အောင် လုပ်နေတယ်။ ဆိုတော့ ငါတို့မှာလည်း ရွေးချယ်စရာမရှိဘူး။”
ရှောင်းယီက ပြောလိုက်သည်။
“အခု၊ မင်းမှာ အခွင့်အရေးတစ်ခုပဲရှိတယ်။ ငါနဲ့ သဘောတူညီချက်စာချုပ်ချုပ်ရမယ်။ ပြီးရင် အသက်ရှင်နိုင်ပြီး ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်လိမ့်မယ်။ နောက်ပိုင်းမှာ ဒီတိုက်ကြီး ရေလွှမ်းသွားရင်တောင် ဆက်ပြီးအသက်ရှင်နိုင်လိမ့်မယ်။”
“ဘာ ဒီတိုက်ကြီးက နောက်ဆုံးမှာ ရေလွှမ်းမိုးသွားဦးမယ်လို့ ဆိုလိုတာလား။”
ဟော်ကျူးက ရှောင်းယီအား ထိတ်လန့်တကြားဖြင့် ကြည့်လိုက်သည်။
“သေချာတာပေါ့။ အခု စာချုပ်စချုပ်မယ်။ မင်းမှာ အခွင့်အရေးတစ်ကြိမ်ပဲရှိတယ်။”
ရှောင်းယီက ထိုသို့ပြောလိုက်ပြီး သူ့အပေါ်သို့ စာချုပ်ကတ်တစ်ခုကို အသုံးပြုလိုက်သည်။
ဟော်ကျူးသည် အများကြီးစဉ်းစားမနေဘဲ သဘောတူလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သဘောမတူခြင်းသည် သေခြင်းတရားကို ဆိုလိုနေသောကြောင့်ပင်။
စာချုပ်ချုပ်ဆိုခြင်းသည် အလွန်ချောမွေ့စွာ ပြီးဆုံးသွားခဲ့ပြီး ဟော်ကျူးသည်လည်း ရှောင်းယီ၏ စာချုပ်ချုပ်ဆိုသူတစ်ယောက် ဖြစ်လာခဲ့သည်။
ဤအကြိမ်တွင် ရှောင်းယီသည် တိုက်ကြီး၏ရေလွှမ်းမိုးမှုအခြေအနေများကို သူ့အား ဂရုတစိုက်ရှင်းပြလိုက်သည်။
“ဒီတော့ အရှင်တို့ ဒီတိုက်ကြီးကို ကျူးကျော်ဝင်ရောက်တာမျိုးမဟုတ်ရင်တောင် ဒီတိုက်ကြီးက နောက်ဆုံးမှာ ရေလွှမ်းမိုးသွားဦးမယ်လို့ ဆိုလိုတာလား။”
ဟော်ကျူးက ထိတ်လန့်စွာ မေးလိုက်သည်။
“ဒါကို လုပ်ရတဲ့အကြောင်းရင်းက ကျုပ်တို့နဲ့ အရှင်တို့ အပြင်လူတွေကြားမှာ စစ်ပွဲဖြစ်အောင်လုပ်ဖို့ပဲလား။”
“ဟုတ်တယ်။”
ရှောင်းယီက ပြောလိုက်သည်။
“အခု သံနက်မြို့ရဲ့ သတင်းအချက်အလက်တွေကို ငါ့ကို ပြော...။”
“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ ကျုပ် သံနက်မြို့ကို ပြန်မရောက်တာ နှစ် ၃၀ ကြာပါပြီ။ သတင်းအချက်အလက်အချို့အပေါ် အခြေခံပြီးတော့ပဲ ခန့်မှန်းနိုင်ပါတယ်။ ပထမဦးဆုံး သူတို့ရဲ့ အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားက SS အဆင့်မှော်ဆရာဖြစ်သင့်တယ်။ တပ်မတော်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကတော့ မီးတိမ်တိုက်မြို့နဲ့ တူညီသင့်တယ်။ သံနက်မြို့မှာ သတ္တုတွင်းတွေ အများကြီးရှိတယ်။ ဒါကလည်း သူတို့မြို့နာမည်ရဲ့ အရင်းအမြစ်ပဲ။”
ဟော်ကျူးက မိတ်ဆက်ပေးလိုက်သည်။
အချက်အလက်အချို့ကို ပြောပြပြီးနောက် ရှောင်းယီသည် သံနက်မြို့ကို အခြေခံအားဖြင့် နားလည်သွားသော်လည်း ဟော်ကျူးသည် နောက်ဆုံးတွင် ဤသို့ထပ်မံပြောကြားခဲ့သည်။
“ဒါတွေအားလုံးက သတင်းအချက်အလက်အပေါ် အခြေခံထားတဲ့ ခန့်မှန်းချက်တွေပါပဲ။ တကယ့်အခြေအနေကတော့ ကွဲလွဲကောင်း ကွဲလွဲနေနိုင်ပါတယ်။”
ရှောင်းယီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“အင်း ငါနားလည်ပြီ။ မီးတိမ်တိုက်မြို့ရဲ့ မြို့တော်ဝန်ဘက်ကို မင်းကိုင်တွယ်နိုင်လား။”
“ကျုပ်လုပ်နိုင်မယ်လို့ ထင်ပါတယ်။ မြို့တော်ဝန်က ကျုပ်နဲ့အဆင့်တူတူပဲ။ ဒါပေမယ့် ကျုပ်က သူ့ကို အနိုင်ယူနိုင်မယ်လို့ထင်တယ်။”
ဟော်ကျူးက ပြန်ဖြေလိုက်သည်။
“ငါတို့ သတိလျှော့လို့မရသေးဘူး။ မင်းအခု ဒီမှာပဲ တပ်စွဲထားလိုက်။ မြို့ကိုပြန်တဲ့အချိန်ကျ မတော်တဆတစ်ခုခု ဖြစ်လာမှာကို ကြိုတင်ကာကွယ်ဖို့အတွက် မင်းနဲ့အတူ သားရဲတစ်ကောင် ထည့်ပေးလိုက်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ပြန်ရမယ့်အချိန်အတွက်ကိုတော့ ငါ့ဆီကသတင်းကို စောင့်နေ။”
“ဟုတ်ကဲ့။”
ဟော်ကျူးက ပြန်ဖြေလိုက်သည်။
စကားပြောပြီးနောက် ဟော်ကျူးနှင့် ရှောင်းယီသည် လှေကုန်းပတ်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ဟော်ကျူးက ရှောင်းယီနှင့် လက်ဝါချင်း လှည့်ရိုက်လိုက်လေသည်။
ထို့နောက် ဟော်ကျူးသည် ထိုအရှိန်ကို အခွင့်ကောင်းယူကာ ပျံထွက်သွားပြီး သစ်သားပြားများပေါ်သို့ ဖြည်းဖြည်းချင်းနင်းတက်ကာ ကမ်းခြေသို့ ပြန်သွားခဲ့သည်။
“ဗိုလ်ချုပ် အခြေအနေဘယ်လိုရှိလဲ။”
အနီးအနားက တပ်ခွဲမှူးတစ်ဦးက ချက်ချင်းရှေ့တိုးလာခဲ့သည်။
“အဲ့ဒီအပြင်လူက အရမ်းအားကောင်းတယ်။ ကံကောင်းတာက သူက မြို့ပြန်ကျောက်ကို အရေးတကြီးရှာနေလို့ပဲ။ မဟုတ်ရင် ငါတို့ ချေမှုန်းခံလိုက်ရလိမ့်မယ်။”
ဟော်ကျူးက လေးနက်နေသောမျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
ပတ်ဝန်းကျင်ရှိ စစ်သားများသည်လည်း ခေါင်းညိတ်လိုက်ကြသည်။
“ကောင်းပြီ။ လူတိုင်းပဲ သတိထားပြီးနေကြ။ အဲ့ဒီအပြင်လူတွေ ဒီကနေ ကမ်းပေါ်မတက်လာအောင် ကာကွယ်ရမယ်။”
ဟော်ကျူးက အော်ဟစ်လိုက်သည်။
“ဟုတ်ကဲ့”
ဤသည်မှာ ရှောင်းယီနှင့် ဟော်ကျူးဆွေးနွေးပြီးနောက် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဟော်ကျူးခေါ်ဆောင်လာသော လူပေါင်း ၃၀၀၀၀ ကျော်အနက် အခြားမြို့များမှ သူလျှိုများ ရှိ၊မရှိ အသေအချာ မပြောနိုင်သောကြောင့်ဖြစ်သည်။ ဤသရုပ်ဆောင်မှုသည် အနည်းငယ်အကြမ်းထည်ဖြစ်သော်လည်း ထိုလူများ ကြည့်ရှုရန်အတွက်သာဖြစ်သည်။ ယုံကြည်မှုရှိ၊မရှိကား ၎င်းတို့၏ဆန္ဒပေါ်တွင် မူတည်ပေသည်။
လှေငယ်ကို အလျင်အမြန်လှော်ခတ်သွားပြီးနောက် ရှောင်းယီ အနည်းငယ်မျက်မှောင်ကြုံ့လိုက်မိသည်။ ယခု သူ၏ အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားများသည် လုံလောက်မှုမရှိတော့ချေ။
ရေသူမျိုးနွယ်တွင် တစ်ယောက်၊ ယခင်ချူဖုန်းမြို့ရှိ တည်နေရာကူးပြောင်းခြင်းအစီအရင်တွင် တစ်ယောက် လိုအပ်သည်။
အသစ်သိမ်းပိုက်ထားသော မဟာမိတ်အဖွဲ့ကျွန်းပေါ်ရှိ မြို့ပြန်ကျောက်အမှတ်တွင်လည်း တစ်ယောက် လိုအပ်သည်။ သံနက်မြို့၏မှော်ဆရာသည် ထိုနေရာသို့ တိုက်ရိုက်တည်နေရာကူးပြောင်းလာမလားဆိုသည်ကို မည်သူမှမသိနိုင်ချေ။
ဟော်ကျုးပြန်သွားသောအခါ လူတစ်ယောက်စီစဉ်ပေးလိုက်သည်က အကောင်းဆုံးဖြစ်သည်။
အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအား လိုအပ်သောနေရာများအားလုံးသည် SS အဆင့်ဖြစ်လျှင် အကောင်းဆုံးပင်။ မဟုတ်ပါက ထိုနေရာများတွင် မည်သို့သော အဆင့်မြင့်ပြိုင်ဘက်များနှင့် ရင်ဆိုင်ရမည်ကို မည်သူမျှမသိနိုင်ချေ။
“ဝမ်ချိုင်နဲ့ တခြားသူတွေ အမြန်ဆုံးအဆင့်တက်နိုင်မယ်လို့ မျှော်လင့်မိတယ်။”
ရှောင်းယီက သက်ပြင်းချကာ ရှုံးတိရှိရာသို့ အမြန်ပြန်သွားပြီး လှေငယ်ကို သူ့ထံပေးအပ်ကာ မြို့ပြန်ကျောက်ကို အသုံးပြု၍ သူ၏ဗီလာသို့ ပြန်လာခဲ့လိုက်သည်။
ထို့နောက် သူဆုလာဘ်အနေဖြင့် ရရှိထားသော အထူးဉာဏ်ရည်မြင့်ဓာတ်ခွဲခန်းကို ကြည့်လိုက်သည်။ ဧရိယာသည် အလွန်ကျယ်ဝန်းပြီး စတုရန်းမီတာ ၁၀၀၀၀၀ အပြည့်ပင်။ သူ၏ကျွန်းကို ကြီးကြီးမားမားချိန်ညှိရန် နှစ်ဆအခြေအနေကို စောင့်ရဦးမည်ပုံပင်။
“ကျွန်းပိုင်ရှင် တိုက်ကြီးဘက်က အင်အားစုတွေဆီက လှေငယ်တွေအများကြီး ရုတ်တရက်ပေါ်လာပါတယ်။”
ရှုံးတိက စာပို့လာခဲ့သည်။
“ကမ္ဘာ့စည်းမျဉ်းတွေက သူတို့အတွက် အနောက်တံခါးဖွင့်ပေးလိုက်ပြန်ပြီပဲ။”
ရှောင်းယီသည် အခြေအနေကို ချက်ချင်းပင် ခန့်မှန်းမိသွားပြီး ပြောလိုက်သည်။
“သူတို့အားလုံးက ရေတိမ်ပိုင်းမှာပဲ။ ဆိုတော့ သင်္ဘောကြီးတွေ မရှိဘူး။ ဒါပေမယ့် သူတို့ရဲ့လှေငယ်တွေကို ငါတို့ရဲ့ သင်္ဘောကြီးတွေအနီးကို ရောက်မလာနိုင်အောင် တားဆီးထားရမယ်။”
“ဟုတ်ကဲ့။”
“ဒါ့အပြင် ရှီခုန်းနဲ့ တခြားသူတွေကို အရင်ဆုံး နောက်ဆုတ်ခိုင်းထားလိုက်။ တည်နေရာကူးပြောင်းခြင်းအစီအရင်ကို စောင့်ကြည့်ဖို့မလိုတော့ဘူး။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”