အခန်း (၆၅၃-၆၅၄)
Vol. 49 Ch. 653-654
အခန်း ၆၅၃ - ချင်းလုံနှင့်အတူ တည်နေရာကူးပြောင်းခြင်း၊ တံခါးဝကို ကာကွယ်သည့်သားရဲ
တိုက်ကြီးပေါ်က ဒေသခံများတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိပါက သင်္ဘောများတည်ဆောက်ရန် အချိန်ယူရမည်မှာ သေချာပေသည်။ သင်္ဘောအများကြီး ရုတ်တရက်ပေါ်လာခြင်းမှာ ဖြစ်နိုင်ခြေအရ နောက်ကွယ်ရှိလက်မဲကြီးများသည် နောက်တံခါးကိုဖွင့်ပြီး သင်္ဘောများအား တိုက်ရိုက်ပို့ပေးလိုက်ခြင်းပင်ဖြစ်သည်။
အကယ်၍ သူတို့တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များ ရှိသည်ဆိုလျှင် ထိုသင်္ဘောများအား ထုတ်လုပ်ရန် ယခုအချိန်အထိ စောင့်နေစရာမလိုအပ်ပေ။
သို့သော်လည်း ကံကောင်းသည်မှာ ရေပြင်ဧရိယာကြောင့် အထက်လူများက သင်္ဘောကြီးများအား တိုက်ရိုက်မပို့ပေးခဲ့ခြင်းပင်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် အမှန်တကယ် တိုက်ခိုက်ရခက်ခဲလိမ့်မည်ဖြစ်သည်။
ရှောင်းယီတွင် ခေတ်မီသံချပ်ကာစစ်သင်္ဘောများရှိသော်လည်း ၃ စင်းသာ ရှိခြင်းဖြစ်ပြီး အရေအတွက်ကန့်သတ်ချက်ရှိသောကြောင့် ကျန်သည့်လူများကို ဂရုစိုက်နိုင်မည်မဟုတ်ချေ။
စစ်ပွဲစတင်ပါက အသက်ရှင်ကျန်ရစ်သူများသည် သေကျေပျက်စီးမှုများအား အကြီးအကျယ် ခံစားရမည်မှာ သေချာပေသည်။
ရှောင်းယီသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ပင်လယ်ကမ်းခြေသို့သွားကာ အော်ခေါ်လိုက်သည်။
“ချင်းလုံ”
ဗွမ်းခနဲမြည်သံနှင့်အတူ ဧရာမနဂါးခေါင်းကြီးတစ်ခု ရေထဲမှ ထွက်ပေါ်လာပြီး ရှောင်းယီအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်လေသည်။
“ငါတို့ ရေသူမျိုးနွယ်ဆီမှာ နဂါးနန်းတော်တစ်ခု တွေ့ခဲ့တယ်။ အဲ့ဒါကြောင့် ငါ မင်းကို အဲ့ဒီကို ခေါ်သွားချင်တယ်။ ဒါပေမယ့် မင်းရဲ့စွမ်းအားက SSS အဆင့် မရောက်မချင်း စိတ်လိုက်မာန်ပါမလှုပ်ရှားနဲ့။”
ရှောင်းယီက ပြောလိုက်သည်။
ချင်းလုံက သူ၏နဂါးခေါင်းကို အနည်းငယ်ညိတ်ပြလိုက်သည်။ ရှောင်းယီ မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“မင်းက အရမ်းကြီးလွန်းတယ်။ နည်းနည်းလောက်သေးလိုက်လို့မရဘူးလား။ ဒါဆို မင်းကို ခေါ်သွားရတာ ပိုပြီးအဆင်ပြေလိမ့်မယ်။”
“အခုတော့ မရသေးဘူး။”
ချင်းလုံ၏တုံ့ပြန်မှုက ရှောင်းယီကို အနည်းငယ် အကူအညီမဲ့သွားစေခဲ့သည်။
သူသည် ရွေးချယ်စရာမရှိတော့ဘဲ သင်္ဘောကြီးတစ်စီးရှာကာ အပေါ်က အရာအားလုံးကို ဖြုတ်ချပြီး ချင်းလုံအား ထိုသင်္ဘောပေါ်တွင် ဖျစ်ညှစ်ပြီးလိုက်ခိုင်းလိုက်သည်။
ထို့နောက် သူသည် ဦးတည်ချက်ကျောက်ကို အသုံးပြုကာ လေမျိုးနွယ်စုအနီးသို့ ချင်းလုံအား ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာသည် ချူဖုန်းမြို့နှင့် အလွန်နီးကပ်ပေသည်။
လေမျိုးနွယ်စုအနီးတွင် ထွက်ပေါ်လာသောအခါ ရှောင်းယီသည် ဂျေဘီတို့အဖွဲ့အား ကမ်းခြေရှိ ဒေသခံများနှင့် တိုက်ခိုက်နေသည်ကို အမှန်တကယ် တွေ့ရှိလိုက်ရလေသည်။
“ဒီဂျေဘီက တိုက်ရိုက်ဖြတ်ကျော်ချင်လောက်အောင် ယုံကြည်ချက်တွေရှိနေတာလား။”
ရှောင်းယီက တွေးမိလိုက်ပြီး သူ၏တယ်လီစကုပ်ကို ထုတ်ယူကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။
ချင်းလုံသည်မူ ရေထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့ပြီးဖြစ်သည်။
စည်းကမ်းရှိပြီး ကောင်းကောင်းအမိန့်နာခံမှုရှိတယ်။
အချိန်ခဏကြာအောင် ကြည့်ရှုပြီးနောက် ရှောင်းယီသည် ဂျေဘီက အမှန်တကယ် ပါရမီရှင်တစ်ဦးဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သူသည် ယခင်ကမ္ဘာတုန်းက ဂိမ်းဂိုဏ်းပေါင်းစုံစစ်ပွဲများစွာကို ကွပ်ကဲခဲ့ဟန်ရှိသည်။
ဂျေဘီသည်လည်း သင်္ဘောကြီးတစ်စင်း ရုတ်တရက်ထွက်ပေါ်လာခြင်းကို သတိပြုမိသွားဟန်ရှိသည်။ သင်္ဘောကြီးများစွာသည် ဦးလှည့်ပြီး သူတို့၏လက်နက်များကို ရှောင်းယီဘက်သို့ ချိန်ရွယ်လိုက်ကြသည်။
ရှောင်းယီက လက်ဟန်ပြကာ သူ၏သင်္ဘောကို ရှုံးတိဆီသို့ သင်္ဘောမောင်းခိုင်းလိုက်သည်။
“ဂိုဏ်းချုပ် သူတို့ထွက်သွားပါပြီ။ သင်္ဘောပေါ်က အလံအရ ယီရန်ပင်းမဟာမိတ်အဖွဲ့ပဲဖြစ်ရမယ်။”
ဂျေဘီက ခေါင်းညိတ်ပြလိုက်သည်။
“သတိထားကြ။”
“ဟုတ်ကဲ့”
“သူတို့က ငါတို့ကို စုံစမ်းဖို့ ရည်ရွယ်ချက်ရှိရှိလာခဲ့တာလား။ ဒါမှမဟုတ် ဒီတိုင်း ဖြတ်သွားရုံပဲလား။”
ဂျေဘီသည် ထွက်ခွာသွားသော သင်္ဘောကြီးကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်မိသည်။
ရှောင်းယီသည် ချင်းလုံအား တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ရှိရာနေရာဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ နာရီဝက်အကြာတွင် ရှောင်းယီနှင့် ချင်းလုံသည် ရှုံးတိရှိရာနေရာသို့ ရောက်ရှိလာခဲ့ပြီး စစ်ဆင်ရေးသုံးလှေငယ်များစွာ ကမ်းခြေဆီသို့ ဦးတည်ကာ အရှိန်အဟုန်ဖြင့် မောင်းနှင်သွားသည်အား မြင်လိုက်ရလေသည်။
“စစ်ဆင်ရေးသုံးလှေငယ် (A အဆင့်) - စစ်ဆင်ရေးအတွက် အလွန်သင့်တော်သော လှေငယ်တစ်စင်းဖြစ်သည်။ ရေတိုအကွာအဝေးအတွင်း အမြန်နှုန်းသည် အသုံးပြုသူ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေနှင့် စွမ်းအားပေါ်တွင်မူတည်ပြီး သင်္ဘောကြီး၏အမြန်နှုန်းအထိ ရောက်ရှိနိုင်သည်။”
“ကောင်းကင်ဘုံက ဒေသခံတွေအပေါ်ကို တကယ်ကောင်းတာပဲ။”
ရှောင်းယီက သူ၏စိတ်ထဲတွင် တွေးလိုက်မိသည်။
“ကျွန်းပိုင်ရှင် ကျေးဇူးပြုပြီး နောက်ဆုတ်ပေးပါ။ ကျုပ်တို့ အမြောက်ပစ်ဖို့ ပြင်ဆင်နေပါပြီ။”
ရှုံးတိသည် ရှောင်းယီ၏သင်္ဘောကြီး ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသောအခါ သတိပေးလိုက်သည်။
“အခု အဲ့ဒီကို အမြောက်ပစ်စရာမလိုဘူး။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့”
ရှုံးတိက တုံ့ပြန်လိုက်ပြီး အမြောက်ပစ်ရန်ပြင်ဆင်နေသည့် လှုပ်ရှားမှုများကို ပယ်ဖျက်လိုက်သည်။
ထိုစစ်ဆင်ရေးလှေငယ်များသည် ရှောင်းယီ၏ သင်္ဘောကြီးဆီသို့ အလျင်အမြန် ချဉ်းကပ်လာခဲ့သည်။
“လေးသမားတွေ အသင့်ပြင်...”
ရှုံးတိက အမိန့်ပေးလိုက်သည်။
သင်္ဘောကြီးပေါ်တွင် လေးသမားနှစ်တန်း ချက်ချင်းထွက်ပေါ်လာပြီး လေးကြိုးများကို ဆွဲတင်လိုက်ကြသော်လည်း မပစ်လွှတ်ကြသေးပေ။
ရှောင်းယီသည် ထိုတိုက်ခိုက်ရေးလှေငယ်များကို ကြည့်ရှုပြီး ပြောလိုက်သည်။
“ချင်းလုံ ငါတို့မသွားခင် မင်းရဲ့နဂါးဘုန်းတန်ခိုးကို နောက်တစ်ခေါက်လိုက် ပြလိုက်စမ်းပါဦး။”
ချင်းလုံသည် ရေထဲမှ ညင်သာစွာ ဟိန်းဟောက်လိုက်၏။ ထိုအသံသည် အဝေးသို့ ပျံ့နှံ့သွားခဲ့ပြီး အနီးအနားရှိ ရေနေသတ္တဝါများသည် ချက်ချင်းပင် ပိုမိုနက်ရှိုင်းသော ရေပြင်ထံသို့ ထွက်ပြေးသွားကြတော့လေသည်။
တိုက်ခိုက်နေကြသော အသက်ရှင်ကျန်ရစ်သူများနှင့် ဒေသခံအားလုံးသည်လည်း ထိုနဂါးဟိန်းသံကို ကြားလိုက်ကြရသည်။
တိုက်ပွဲတစ်ခုလုံး တဒင်္ဂရပ်တန့်သွားခဲ့သည်။
“အဲ့ဒါက ဘာသံလဲ။ ငါ နည်းနည်းစိတ်မသက်မသာဖြစ်သွားသလို ခံစားလိုက်ရတယ်။”
“ဟုတ်တယ် ရေအောက်ထဲက လာသလိုပဲ။ နောက်ထပ် ရှေးဦးသတ္တဝါကြီးတစ်ကောင် ထပ်ပေါ်လာတာလား။”
“မဖြစ်နိုင်လောက်ပါဘူး။ ဒီနေရာမှာ လက်ရှိယဉ်ကျေးမှုအဆင့်ထက် ကျော်လွန်နေတဲ့ သင်္ဘောတွေမရှိသလို သူဌေးကလည်း သူရဲ့အပျော်စီးရွက်သင်္ဘောကို မယူလာဘူးလေ။ ဆိုတော့ ရှေးဦးသတ္တဝါကြီးတွေကို ဆွဲဆောင်မိမှာမဟုတ်ဘူး။”
“ဒါဆို ဒါကဘာလဲ။”
“ကြည့်စမ်း ယီရန်ပင်းမဟာမိတ်အဖွဲ့က အမြောက်မပစ်တော့ဘူး။ သူတို့ဆီကို အရှိန်အဟုန်နဲ့ဦးတည်သွားတဲ့ တိုက်ခိုက်ရေးလှေငယ်တွေ ဘာဖြစ်သွားတာလဲ။”
အသက်ရှင်ကျန်ရစ်သူများသာမက တိုက်ခိုက်နေသည့် ဒေသခံများပင် ရှောင်းယီဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ရေထဲတွင် ရှည်လျားသော စိမ်းပြာရောင်အမြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မိုးကြိုးပစ်လိုက်သည့်အလား တိုက်ခိုက်ရေးလှေငယ်တစ်စင်းကို ရိုက်နှက်ပစ်လိုက်သည်။
တိုက်ခိုက်ရေးလှေငယ်သည် တိုက်ရိုက် နှစ်ပိုင်းကွဲထွက်သွားပြီး လှေအပေါ်ရှိလူများသည် ချက်ချင်းပင် ရေထဲသို့ ပြုတ်ကျသွားကြတော့သည်။
လူတိုင်း အံ့အားမသင့်နိုင်မီ နောက်ထပ် တိုက်ခိုက်ရေးလှေငယ်တစ်စင်းသည်လည်း တူညီသောအရာနှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရပြန်သည်။
၁၀ စက္ကန့်ကျော်အတွင်းမှာပင် ရှုံးတိကာကွယ်ထားသော ပင်လယ်ပြင်ဘက်သို့ ပြေးဝင်သွားသော တိုက်ခိုက်ရေးလှေ ၁၂ စင်းလုံးသည် အမည်မသိသတ္တဝါ၏အမြီးဖြင့် ဖျက်ဆီးခံလိုက်ရလေသည်။
အခြားတစ်ဖက်ရှိ ဒေသခံများသည် ချက်ချင်းပင် ၎င်းတို့၏ တိုက်ခိုက်ရေးလှေငယ်များကို နောက်ပြန်လှည့်ပြီး ကမ်းခြေဆီသို့ လှော်ခတ်ကြတော့သည်။
တစ်စက္ကန့်ထက် နည်းသောအချိန်အတွင်း တိုက်ခိုက်ရေးလှေငယ်တစ်စင်း ဖျက်ဆီးခံလိုက်ရပြီး လှေပေါ်ရှိ စစ်သားများမှာ ခုခံနိုင်စွမ်းပင်မရှိခဲ့ချေ။
ရေအောက်က သတ္တဝါက ဘယ်လောက်တောင် အင်အားကြီးမားနေတာလဲ။
အဝေးရှိကမ်းခြေမှ ရပ်ကြည့်နေသော မှော်ဆရာပင် နှလုံးခုန်မြန်သွားခဲ့သည်။
ပါးစပ်အဟောင်းသားဖြင့် ကြောင်ရပ်နေကြသော အသက်ရှင်ကျန်ရစ်သူများကိုမူ ပြောစရာပင်မလိုတော့ချေ။
“ခုနကဟာက ဘာကြီးလဲ။”
“မသိဘူးလေ။ ဒါပေမယ့် ရန်သူတော့ မဟုတ်လောက်ဘူး။ ဒီလိုမှမဟုတ်ရင် သူက ဒေသခံတွေကိုပဲ တိုက်ခိုက်ပြီး ငါတို့ကို လျစ်လျူရှုထားမှာမဟုတ်ဘူး။”
“အမှန်ပဲ။ ဒီလိုမျိုး ပြင်းထန်တဲ့တိုက်ခိုက်မှုမျိုးနဲ့ဆိုရင် ငါတို့သင်္ဘောကြီးတွေတောင် အဲဒီလို ရိုက်နှက်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်လောက်ဘူး။”
“ယုံကြည်မှုရှိစမ်းပါ။ ဖြစ်လောက်မယ်ဆိုတာမျိုး မဟုတ်ဘူးဟ။ သေချာပေါက်ခံကို နိုင်ရည်မရှိဘူး။”
“ကျုပ်နဲ့ ပိုနီးလို့ အနီးကပ်ကြည့်လိုက်သေးတယ်။ ရေထဲမှာ အရမ်းရှည်တဲ့ အမှောင်ထုတစ်ခုကို မြင်လိုက်ရသလိုပဲ။ ဧရာမပင်လယ်မြွေကြီးလားမသိဘူး။”
“ဖြစ်နိုင်တယ်။ အဲ့ဒီဧရာမမြွေကြီးက ယီရန်ပင်းရဲ့ သိမ်းပိုက်တာကို ခံထားရတာဖြစ်မယ်။ ဒီလိုမှမဟုတ်ရင် ဘာလို့ ငါတို့ကို ကူညီပြီး ဒေသခံတွေကို တိုက်ခိုက်နေရမှာလဲ။”
“အေး မင်းပြောတာ အရမ်းဖြစ်နိုင်တယ်။ ယီရန်ပင်းသူဌေးရဲ့ အိမ်မွေးသားရဲတစ်ကောင် ရှေ့မှာပိတ်ဆို့လိုက်တာနဲ့ ဒေသခံတွေအကုန်လုံး တစ်ခါတည်းထိတ်လန့်သွားကြတာပဲ။”
“အိမ်မွေးသားရဲတစ်ကောင် လမ်းကျဉ်းကို စောင့်ကြပ်နေရင် ရန်သူတစ်သောင်းတောင် မဖွင့်နိုင်ဘူးဆိုတာ ဒါလား။”
“နည်းနည်းထူးဆန်းပေမယ့် ဒီစကားက တစ်လုံးမှမမှားဘူး။”
ဒေသခံအားလုံး ကမ်းခြေသို့ ဆုတ်ခွာသွားကြသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီသည် ချက်ချင်းပင် လှေငယ်တစ်စင်းကို ယူဆောင်ကာ ချူဖုန်းမြို့၏ တည်နေရာကူးပြောင်းခြင်းအစီအရင်ရှိရာနေရာဆီသို့ ထွက်ခွာသွားခဲ့သည်။
ချင်းလုံသည်လည်း သဘာဝအတိုင်း လှေငယ်အောက်မှ လိုက်သွားခဲ့လေသည်။
“ကြည့်စမ်း အဲဒါ ယီရန်ပင်းသူဌေးကြီးပဲ။”
လူတစ်ယောက်သည် လှေငယ်ပေါ်တွင် ရပ်နေသည့် ရှောင်းယီအား လက်ညှိုးထိုးကာ အော်ဟစ်လိုက်လေသည်။
ရှောင်းယီ လူထုထဲ ပိုပိုပြီး ပေါ်လာသည်နှင့်အမျှ လူတိုင်းသည် ဤချောမောခန့်ညားသောလူငယ်သည် ဒဏ္ဍာရီလာ ယီရန်ပင်းသူဌေးကြီးဖြစ်ကြောင်း အခြေခံအားဖြင့် သိရှိလာခဲ့ကြသည်။
“သူ့လှေငယ်အောက်မှာ ဧရာမအမှောင်ထုကြီး တစ်ခုလိုက်နေတယ်။ အဲ့ဒါက သစ်သားလှငယ်ထက် အများကြီးပိုကြီးတယ်။”
“ငါ့မျက်လုံးတွေ အမြင်မှားနေပြီတယ်ထင်တယ်။ ရေထဲမှာ ရေညှိတွေရှိနေတယ်ဟ။”
“တကယ်ကို ဧရာမမြွေကြီးပဲ။ အရမ်းကြီးပြီး အရမ်းရှည်လွန်းတယ်။”
ရှောင်းယီသည် လှေဦးပိုင်းတွင် ရပ်နေပြီး ပြုံးကာ ပြောလိုက်သည်။
“ချင်းလုံ သူတို့အားလုံးက မင်းကို မြွေကြီးလို့ ပြောနေကြတယ်။”
“ကိုယ်ထင် ပြလို့ရလား။”
ချင်းလုံက တိုးတိုးလေး ညည်းညူလိုက်သည်။
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြုံးပြလိုက်သည်။
“ဒါပေါ့...။”
ရှောင်းယီ စကားဆုံးသည်နှင့် ချင်းလုံသည် လှေငယ်၏ ညာဘက်ခြမ်းမှ သူ၏နဂါးဦးခေါင်းကို မြှောက်ပြပြီး သင်္ဘောကြီးပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများကို လည်ပြန်စိုက်ကြည့်ကာ ရေထဲသို့ ပြန်လည်ငုံ့လျှိုးသွားခဲ့သည်။
ချင်းလုံ၏လှုပ်ရှားမှုကြောင့် လှိုင်းထသွားသော ရေလှိုင်းများသည် လှေငယ်အား ဘယ်ဘက်ခြမ်းသို့ အတော်အတန် တွန်းပို့လိုက်သည်။
လှေငယ်အားလှော်ခတ်ရန် တာဝန်ရှိသော စစ်သားများသည် လမ်းကြောင်းကို အလျင်အမြင် ပြန်လည်ချိန်ညှိပြီး တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ ဆက်လက်လှော်ခတ်သွားခဲ့ကြသည်။
သင်္ဘောကြီးပေါ်တွင် ရပ်နေသော အသက်ရှင်ကျန်ရစ်သူအားလုံးသည် တုန်လှုပ်သွားခဲ့ကြပြီး ၎င်းတို့၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ချင်းလုံ၏ မြင့်မြတ်ပြီး ကြီးစိုးခြယ်လှယ်လိုသော မျက်လုံးများသည် သူတို့၏စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့လေသည်။
အခန်း ၆၅၄ - တည်နေရာကူးပြောင်းပေးဖို့ အရမ်းကြီးလွန်းတယ်၊ ဆက်လက်၍စူးစမ်းရှာဖွေခြင်း
ရှောင်းယီသည် ချင်းလုံအား လှေငယ်ဖြင့် တည်နေရာကူးပြောင်းခြင်းအစီအရင်တည်ရှိရာနေရာကို ခေါ်ဆောင်သွားပြီးနောက် ကိုယ်ကျပ်ဝတ်စုံကိုဝတ်ဆင်ပြီး ရေထဲသို့ ခုန်ချလိုက်သည်။
“ဗွမ်း”
ရှောင်းယီ ရေထဲသို့ ခုန်ချလိုက်သောအသံသည် နောက်ဆုံးတွင် ကြက်သေသေနေသော လူအုပ်ကြီးကို နိုးထသွားစေခဲ့သည်။
“ဘာ..ဘာ..ခုနက ငါဘာတွေ့လိုက်တာလဲ။ မင်းမြင်လိုက်လား။”
“ငါမြင်တယ်။ အဲ့ဒါက နဂါးနဲ့တူတယ်လို့ ငါထင်တယ်။”
“တူတာမဟုတ်ဘူး။ အဲ့ဒါက နဂါးပဲ။ ငါတို့ရှားနိုင်ငံရဲ့တိုတမ်ပဲ။”
“ဆိုလိုတာက ယီရန်ပင်းသူဌေးကြီးမှာ စာချုပ်ဆိုထားတဲ့ နဂါးတစ်ကောင် ရှိနေတာလား။”
“သေစမ်း သူက တကယ်ကို ပြိုင်ဘက်ကင်းပဲ။”
နဂါးများ၏စွမ်းအားသည် လူသားများ၏စိတ်ထဲတွင် အမြစ်တွယ်နေခဲ့ပြီးဖြစ်သည်။ သူတို့၏အမြင်တွင် နဂါးများသည် သေချာပေါက် အစာကွင်းဆက်၏ထိပ်ဆုံးတွင် တည်ရှိနေကြခြင်းပင်။
ရှောင်းယီနှင့် ချင်းလုံတို့ ရေအောက်ရှိ တည်နေရာကူးပြောင်းခြင်းအစီအရင်သို့ ရောက်ရှိလာသောအခါ ရှီခုန်းသည် အမှန်တကယ် တည်နေရာကူးပြောင်းခြင်းအစီအရင်အနီးတွင် ထိုင်နေခဲ့သည်။ ခုနက သူ့ကို သင်္ဘောကြီးပေါ်တွင် မတွေ့ခဲ့ရခြင်း အကြောင်းရင်းမှာ ထို့ကြောင့်ပင်ဖြစ်သည်။
“ဒီမှာ ဘာလို့စောင့်နေတာလဲ။ သင်္ဘောပေါ်သွားပြီး ကိုယ်လက်လှုပ်ရှားလို့ရပါတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“စစ်ပွဲကြီးစတင်ပြီးရင် ဘယ်အချိန်မှာပြီးဆုံးမယ်ဆိုတာ ဘယ်သူမှမပြောနိုင်ဘူး။ ကျုပ်သင်္ဘောပေါ်ပြန်သွားခဲ့ရင် ဘယ်အချိန်မှာ ဒီကိုပြန်လာနိုင်မယ်ဆိုတာ မသိတော့ဘူး။ ဒီမှာပဲ စောင့်နေတာ ပိုကောင်းပါတယ်။”
ရှီခုန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။ ရှောင်းယီက ပြုံးလိုက်၏။
“ယာယီအပစ်အခတ်ရပ်စဲထားတယ်။”
“အပစ်အခတ်ရပ်စဲထားတယ်လား။ အရမ်း မြန်လွန်းမနေဘူးလား။”
ရှီခုန်းက အံ့အားသင့်စွာ ပြောလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ပြလိုက်ပြီး သူ့ဘေးက ချင်းလုံကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“သူ့ကို တည်နေရာကူးပြောင်းပေးနိုင်မလား။”
ရေအောက်ရှိအလင်းရောင်မှာ အနည်းငယ်မှောင်မိုက်နေခဲ့သည်။ ဤအချိန်အထိ ရှီခုန်းသည် ရှောင်းယီနောက်ရှိ ချင်းလုံအား သတိမပြုမိခဲ့ချေ။ သူသည် ဤကဲ့သို့သော သတ္တဝါမျိုးကို မမြင်ဖူးသော်လည်း ချင်းလုံထံမှ ထွက်ပေါ်နေသော ဖိအားသည် သူ့အား များစွာဖိနှိပ်ခြယ်လှယ်ထားသည်ကို ခံစားလိုက်ရသည်။
ချင်းလုံ၏ ဧရာမကိုယ်ထည်ကြီးကို ကြည့်ပြီး ရှီခုန်းက ခေါင်းခါလိုက်သည်။
“မဖြစ်နိုင်ဘူးထင်တယ်။ တည်နေပြောင်းနေစဉ်မှာ တည်နေရာကူးပြောင်းခြင်းအစီအရင်အပြင်ဘက်မှာ အစိတ်အပိုင်းတွေ ရှိနေရင် အဲဒီပစ်မှတ်ကို တည်နေရာကူးပြောင်းပေးလို့ မရနိုင်ဘူး။”
ရှောင်းယီ မျက်မှောင်ကျုံ့လိုက်သည်။
“ဒီလောက်ကြီးတဲ့သားရဲကို တည်နေရာကူးပြောင်းဖို့ နည်းလမ်းရှိလား။”
“ကျွန်းပိုင်ရှင်အနေနဲ့ တည်နေရာကူးပြောင်းခြင်းအစီအရင်ကို သုံးမယ်ဆိုရင် အလတ်စား ဒါမှမဟုတ် အကြီးစား တည်နေရာကူးပြောင်းခြင်းအစီအရင်ကို သူ့အရွယ်အစားနဲ့ ကိုက်ညီအောင် ရှာမှရမယ်။ တခြားနည်းလမ်းကောင်းတွေမရှိဘူး။”
ရှီခုန်းက အကူအညီမဲ့စွာ ပြန်ဖြေလိုက်သည်။
ချင်းလုံ အရင်းအမြစ်ပင်လယ်သို့ သွားနိုင်ရန် နည်းနည်းထပ်စောင့်ရဦးမည့်ပုံပင်။
“ချင်းလုံ မင်း ဒီမှာ ခဏလောက်နေပြီိး ဒေသခံတွေရဲ့တိုက်ခိုက်မှုကို ကာကွယ်တဲ့နေရာမှာ ကူညီပေးလိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
“တခြားနည်းလမ်းတွေကို ငါစဉ်းစားကြည့်ဦးမယ်။”
ချင်းလုံက အနည်းငယ်ခေါင်းညိတ်ပြပြီး ရေကူးကာ ထွက်ခွာသွားခဲ့သည်။
“ရှီခုန်း ဒီနားတစ်ဝိုက်မှာ အလတ်စား ဒါမှမဟုတ် ပိုကြီးတဲ့ တည်နေရာကူးပြောင်းခြင်းအစီအရင်တွေ ဘယ်မှာရှိလဲဆိုတာ ခင်ဗျားသိလား။”
ရှောင်းယီက မေးလိုက်သည်။
“အခြေခံအားဖြင့်တော့ အလတ်စားနဲ့ အကြီးစားမြို့ကြီးတွေမှာ အဲ့လိုမျိုးအဆင့်မြင့်တည်နေရာကူးပြောင်းခြင်းအစီအရင်တွေရှိတယ်။”
ရှီခုန်းက ပြန်ဖြေလိုက်သည်။
“ဥပမာ ဆီးနှင်းသစ်ရွက်မြို့နဲ့ လူပုပြည်ထောင်လိုပေါ့။ သူတို့နှစ်မြို့လုံးမှာ အဲ့လိုအစီအရင်တွေရှိတယ်။ လူပုပြည်ထောင်မှာဆိုရင် အကြီးစားတည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုရှိတယ်။”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှီခုန်းက ဆက်ပြောလိုက်သည်။
“ဒါပေမယ့် သူတို့ရဲ့တည်နေရာကူးပြောင်းခြင်းအစီအရင်တွေကို အပြင်လူတွေကို သေချာပေါက် သုံးခွင့်ပေးမှာမဟုတ်ဘူး။”
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ အနည်းငယ်စဉ်းစားကြည့်လိုက်ပြီးနောက် သူနားလည်သွားခဲ့သည်။ အကြီးစားတည်နေရာကူးပြောင်းခြင်းအစီအရင်များသည် အဖွဲ့များစွာကို တည်နေရာကူးပြောင်းပေးနိုင်သည်။ အကယ်၍ ၎င်းတို့ကို အပြင်လူများအား ငှားရမ်းလိုက်လျှင် ရန်သူများစွာ တည်နေရာကူးပြောင်းလာပါက ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်ပေသည်။
“ကောင်းပြီ ဒီကိစ္စက ရေရှည်စဉ်းစားမှရမယ်ထင်ရတယ်။”
ရှောင်းယီသည် ထိုသို့ပြောလိုက်ပြီးနောက် ရေအောက်ကြမ်းပြင်မှ အပေါ်သို့ ရေကူးကာ တက်လာခဲ့သည်။
လှေပေါ်သို့ ပြန်ရောက်သောအခါ ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ယီထျန်းဂရုကို တစ်ချက်ကြည့်လိုက်သည်။
“ယီရန်ပင်းသူဌေးကြီးမှာ နဂါးရှိတယ်ဟ။ ဟားဟား ငါတို့ ယီရန်ပင်းသူဌေးကြီးဘက်မှာနေဖို့ ရွေးချယ်ခဲ့တာ ပညာရှိတဲ့ဆုံးဖြတ်ချက်ပဲ။”
“အခု နတ်နဂါးပေါ်လာပြီဆိုတော့ သူက ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းပဲ။”
“အခု ချူဖုန်းမြို့က ရေလွှမ်းနေပြီး ဒေသခံတပ်တွေကလည်း ကျုပ်တို့ကို တိုက်ခိုက်နေတယ်။ ကျုပ် ဒီအခြေစိုက်စခန်းကို မကာကွယ်နိုင်မှာကို စိုးရိမ်နေခဲ့တာ။ ခုနကလေးတင် ကျုပ်ဝယ်ထားတဲ့ တည်နေရာကူးပြောင်းခွင့်တွေ အလဟဿဖြစ်သွားတော့မယ်လို့ ပြောခဲ့သေးတယ်။ သူဌေးကြီးက ဒီလိုအံ့အားသင့်စရာမျိုး ပေးလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။”
“ဟုတ်တယ်။ ဒီလိုမျိုးစွမ်းအားကြီးတဲ့ သားရဲက ငါတို့ကို စောင့်ရှောက်ပေးနေမှတော့ ဘာကိုကြောက်နေရမှာလဲ။ အုတ်မြစ်ကျောက်တွေက အရင်ကတည်းက တန်ဖိုးရှိတယ်။”
လူတိုင်း၏ ဆွေးနွေးမှုကို ကြည့်ရှုပြီးနောက် ရှောင်းယီ မနေနိုင်ဘဲ ဝင်ပြောလိုက်မိသည်။
“ချင်းလုံရဲ့အဆင့်က အရမ်းမမြင့်ဘူး၊ S အဆင့်ပဲရှိသေးတယ်။ သူက ပြိုင်ဘက်ကင်းနေတာမျိုးမဟုတ်ဘူး။ နဂါးတစ်ကောင်ရဲ့ သဘာဝဖိအားကသာ တစ်ခုတည်းသော အားသာချက်ပဲ။ ဒေသခံတွေထဲက SS အဆင့် ဒါမှမဟုတ် SSS အဆင့်ရန်သူတွေ ထွက်လာရင် ချင်းလုံလည်း ကိုင်တွယ်ရခက်ခဲလိမ့်မယ်။”
ရှောင်းယီသည် ချင်းလုံအား စနစ်မှဆုချီးမြှင့်ထားသော SSS အဆင့်စာချုပ်ကတ်ဖြင့် စာချုပ်ချုပ်ဆိုထားခဲ့ခြင်းဖြစ်သည်။ သစ္စာဖောက်မည်ကို စိုးရိမ်စရာမလိုပေ။ ထို့ကြောင့် ရှောင်းယီသည် သူ့ကို SS အဆင့်အစားအစာနှင့် ရေများစွာကို နေ့စဉ်ကျွေးမွေးပြီး သူ အမြန်ဆုံးအဆင့်တက်နိုင်မည်ဟု မျှော်လင့်ထားခဲ့သည်။
သို့သော် ရှောင်းယီအား အံ့အားသင့်စေသည်မှာ အခြားစာချုပ်ချုပ်ဆိုထားသော သားရဲများသည် အဆင့်ချိုးဖျက်မည့်လက္ခဏာများ ပြသထားပြီးဖြစ်သော်လည်း ချင်းလုံတွင်မူ တုံ့ပြန်မှုမရှိဘဲ S အဆင့်တွင်သာ ရှိနေဆဲဖြစ်သည်။
ချင်းလုံ၏ပါရမီက ကောင်းလွန်းသောကြောင့် ဖြစ်နိုင်သည်။ အလားတူအဆင့်သို့ ထိုးဖောက်ရန် စွမ်းအင်ပိုမိုလိုအပ်သည်။ မှန်ပေသည်။ ဤအားသာချက်၏ အကျိုးကျေးဇူးမှာ အဆင့်တက်ပြီးနောက် တူညီသောအဆင့်တွင် တစ်ခါတည်းပြိုင်ဘက်ကင်းဖြစ်လာမည်ဖြစ်သည်။
“သိပ်ပြီးအဆင့်မမြင့်ဘူးလား။ S အဆင့်ပဲရှိတာလား။ အဲ့စကားကို နားထောင်ကြည့်စမ်းပါ။ ဒါက လူသားဘာသာစကားလား။”
“တောက် ငါ့မှာတော့ B အဆင့်ဝံပုလွေရိုင်းတစ်ကောင်ကို ကံကောင်းလို့ စာချုပ်ချုပ်နိုင်ခဲ့တာ။ မင်းမှာတော့ S အဆင့်အဇူရာနဂါးရှိတယ်လေ။ ဒါကိုတောင် မကျေနပ်သေးဘူးလား။”
“ယီရန်ပင်းသူဌေးကြီးကတော့ နှိမ့်ချပြီးကြွားလုံးထုတ်တဲ့နေရာမှာ ချန်ပီယံပဲ။”
“သူဌေးကြီးက သူရင်ဆိုင်နေရတဲ့ ရန်သူတွေနဲ့ နှိုင်းယှဉ်နေတာဖြစ်နိုင်တယ်။ စဉ်းစားကြည့်ပါဦး။ ချူဖုန်းမြို့က မြို့ငယ်လေးတစ်မြို့ပဲ။ ဒါပေမယ့် SS အဆင့်မှော်ဆရာ နှစ်ယောက်တောင်ရှိတယ်။ ကုန်းတွင်းပိုင်းက ပိုကြီးတဲ့မြို့တွေဆိုရင်ကော။ အဲ့ဒါကြောင့် S အဆင့်က နည်းနည်းနိမ့်တယ်လို့ သူဌေးကြီးပြောတာက မမှားပါဘူး။”
“ဒီလိုပြောတော့လည်း အဓိပ္ပာယ်ရှိသားပဲ။ ဒါပေမယ့် သူဌေးကြီးက ငါတို့ကို လက်ညှိုးထိုးပြီး ပြောနေတယ်လို့ အမြဲခံစားရတယ်။ မင်းတို့က အရမ်းညံ့တာပဲဆိုပြီး။”
“သူဌေးကြီးရဲ့မျက်လုံးထဲမှာ မင်းက ညံ့နေတာပဲမဟုတ်ဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် ငါလည်းအရမ်းညံ့တယ်ဆိုတာ ငါသိတယ်။”
“ဆက်မပြောကြပါနဲ့တော့။ ကျုပ်ညံ့တယ်ဆိုတာ ဝန်ခံပါတယ်။”
ရှောင်းယီသည် ထိုနေရာမှ ထရပ်လိုက်ပြီး သေချာစွာစောင့်ကြပ်နေသော ကမ်းရိုးတန်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် အနည်းငယ်တွေးတောလိုက်ပြီးနောက် အသစ်သိမ်းပိုက်ထားသော ကျွန်းပေါ်တွင် ကျန်ရှိနေသေးသည့် ကျန်းယွင်ထျန်းထံသို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် စာပို့လိုက်သည်။
“အားလုံး A အဆင့်တွေချည်းပါတဲ့ အဖွဲ့နှစ်ဖွဲ့ကို စီစဉ်ပြီး တိုက်ကြီးကို ဆက်ပြီးစူးစမ်းရှာဖွေဖို့ ပြင်ဆင်လိုက်ပါ။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်ပြီး ရှောင်းယီအား မေးခွန်းထုတ်လိုက်မိသည်။
“အခု တိုက်ကြီးကို သေချာစောင့်ကြပ်နေကြာတာ ထိုးဖောက်ဝင်ရောက်ဖို့ မလွယ်ကူလောက်ဘူးမလား။”
“ငါ မီးတိမ်တိုက်မြို့ရဲ့တပ်ဖွဲ့ကို ဘက်ပြောင်းထားတယ်။ အဲဒီကနေ ဝင်လို့ရတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါပေမယ့် ငါတို့ လူတွေစေလွှတ်တာနဲ့ တခြားအဖွဲ့တွေလည်း မြင်သွားနိုင်တယ်မဟုတ်ဘူးလား။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“သူတို့အဖွဲ့တွေကြားက အကွာအဝေးက အတော်လေးဝေးတယ်။ လှေငယ်တွေ ကမ်းပေါ်တက်ဖို့ ကြိုးစားနေတာကို မရပ်တန့်ထားနိုင်ဘူး။ သေးငယ်တဲ့ပဋိပက္ခတွေလည်း ဆက်တိုက်ဖြစ်နေတယ်။ အဲ့ဒါကြောင့် ဘယ်သူမှ မီးတိမ်တိုက်မြို့ကို အမြဲစောင့်ကြည့်နေမှာ မဟုတ်ဘူး။ ဒါတင်မကသေးဘူး ငါတို့က ရေအောက်ကနေ သွားကြမှာ။ ဆိုတော့ သူတို့ လုံးဝမမြင်နိုင်ဘူး။”
ရှောင်းယီက ရှင်းပြလိုက်သည်။
မဟာမိတ်အဖွဲ့အချို့ ဖျက်ဆီးခံလိုက်ရသော်လည်း အသက်ရှင်ကျန်ရစ်သူအချို့သည် စွန့်စားကာ ကမ်းပေါ်တက်ပြီး ရတနာသေတ္တာအချို့ကို ဖွင့်နိုင်ရန် ကြိုးစားနေကြဆဲပင်။
အသက်ရှင်ကျန်ရစ်သူအချို့သည် တိုက်ကြီးပတ်ပတ်လည်ကို စတင်စူးစမ်းရှာဖွေနေပြီး ဒေသခံများ ကာကွယ်ရန် မလွယ်ကူသော နေရာတစ်ခုကို ရှာဖွေကာ ထိုးစစ်ဆင်ရန် ကြိုးစားနေကြသည်။
သူတို့ ထိုးဖောက်ဝင်ရောက်နိုင်ရုံနှင့် တိုက်ကြီးအနှံ့ရှိ ရတနာသေတ္တာများသည် သူတို့အား ချမ်းသာကြွယ်ဝလာစေလိမ့်မည်။
“ရေအောက်ကသွားရမှာလား။”
ကျန်းယွင်ထျန်း ကြောင်အသွားသည်။
လုပ်စရာတွေ အများကြီးရှိနေသောကြောင့် ရှောင်းယီလက်ထဲရှိ ရေကာကွယ်ပုလဲအကြောင်း လူတိုင်းကို ပြောပြရန် အချိန်မရသေးချေ။ ဤအခွင့်အရေးကို အသုံးချပြီး ရှောင်းယီသည် ရေကာကွယ်ပုလဲအကြောင်းကို ယီရန်ပင်းမဟာမိတ်အဖွဲ့၏ဂရုထဲသို့ တိုက်ရိုက်ပေးပို့လိုက်သည်။
ဤပုလဲ၏ ဂုဏ်သတ္တိများကို မြင်လိုက်ရသောအခါ လူတိုင်း အော်ဟစ်မိလိုက်ကြလေသည်။
“ဒီလိုပစ္စည်းမျိုးလည်း ရှိသေးတာပဲလား။ ဒါနဲ့ဆိုရင် ရေထဲမှာ နေလို့ရပြီပေါ့။”
ဒူခန်းက မေးလိုက်သည်။
“သဘောတရားအရဆိုရင်တော့ ရနိုင်တယ်။ ဒါပေမယ့် ကုန်းပေါ်မှာ နေထိုင်ရတာကို အကျင့်ပါနေတော့ ရေထဲမှာနေရာတာက နည်းနည်းစိတ်ညစ်စရာကောင်းတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
ကျန်းယွင်ထျန်းတွင်လည်း မေးစရာမေးခွန်းမရှိတော့ချေ။ ယခု ရေကာကွယ်ပုလဲ ရှိနေပြီဖြစ်သောကြောင့် ဟော်ကျုး၏တုံ့ပြန်မှုကို ရရှိသည်နှင့် ကမ်းပေါ်တက်ပြီး ရတနာသေတ္တာရှာရန်မှာ ပြဿနာမရှိတော့ချေ။