ဟယ်ဖုန်း၏ ပြောင်းလဲမှု
Vol. 18 Ch. 250
“ငါတို့ရှေ့ကို ဆရာခရမ်းရောင်ဝတ်ရုံနဲ့ ပေါ်လာတဲ့ အချိန်တိုင်း သွေးထွက်သံယိုမှုတွေ အများကြီး ဖြစ်လိမ့်မယ်... အဲဒါက ငါမေ့ပစ်ဖို့ ခက်ခဲတဲ့ အရာတစ်ခုပဲ...”
အစ်ကိုနှစ်သည် သက်ပြင်းရှည်ကြီးတစ်ခုကိုချကာ ထရပ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းခန့် ခပ်ဖွဖွ လှမ်းလိုက်သည်။ သူသည် လက်များကို နောက်ပစ်ကာ လွမ်းဆွတ်သော အမူအရာဖြင့် ကောင်းကင်သို့ မော့ကြည့်နေပြီး သူ့မျက်နှာဘေးဘက်ခြမ်းအပေါ်သို့ နေရောင် ဖြာကျစေလိုက်သည်။
ဟူကျီသည် သူ့အစ်ကိုနှစ်ကို ဆွံ့အစွာ မော့ကြည့်လိုက်မိပြီး ဗလုံးဗထွး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ နေရောင်ခြည် အောက်တွင်ရပ်ကာ အခြားသူများအား သူ့မျက်နှာ ဘေးတိုက် အနေအထားကို မြင်စေသော ဤကဲ့သို့ ထူးဆန်းသည့် အပြုအမူကို အစ်ကိုနှစ် ဘယ်အချိန်က ကြိုက်နှစ်သက်သွားမှန်း သူမသိချေ။
သိပ်မဝေးသောနေရာတွင် ထိုင်နေသော ကျီချဲသည်လည်း သူ့ဆရာဦးလေးဟွားသည် ဤကဲ့သို့ မျက်နှာအမူအရာမျိုး လုပ်သည်ကိုမြင်ရခဲသဖြင့် သူ စိတ်လှုပ်ရှားလာမိချေသည်။
စုမင်သည် အစ်ကိုနှစ်ကို တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး ခေါင်းပြန်ငုံ့ကာ စစ်မာရှင်း၏ ဓားချက်ကိုပဲ ဆက်ပြီး ပုံတူကူးနေလိုက်သည်။
“အဲဒါက ငါ ဘယ်တော့မှ မေ့ပစ်လို့မရမယ့် အမှတ်တရတစ်ခုပဲ။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်တုန်းက၊ လေတွေထန်နေပြီး လရောင်က မသာတဲ့ ညတစ်ညမှာ...”
အစ်ကိုနှစ်သည် ခေါင်းမော့ ထားရင်းမှပင် သူ့မျက်နှာထက်၌ ရှုပ်ထွေးသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“အဲအချိန်တုန်းက၊ အစ်ကိုကြီးကလည်း သီးခြား တံခါးပိတ်နေတုန်းပဲ။ ငါကလည်း ငါ့လိုဏ်ဂူထဲမှာ တရားထိုင်နေတာပေါ့။ အဲအချိန်မှာပဲ ရုတ်တရက်ဆိုသလို...”
အစ်ကိုနှစ်၏ စကားလုံးများသည် တစ်ဝက်တစ်ပျက် ရပ်တန့်သွားပြီး ဟူကျီနှင့် ကျီချဲတို့ကို ဝေ့ဝဲကြည့်လိုက်ပြီးမှ နောက်ဆုံးတွင် သူ့အကြည့်သည် စုမင်ထံသို့ ကျရောက်သွားသည်။
စုမင်လည်း သူ့ကိုမော့ကြည့်နေသည်ကို မြင်ရသောအခါမှ အစ်ကိုနှစ်၏ အသံက လေထဲသို့ နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့သည်။
“ဆရာက ငါ့လိုဏ်ဂူထဲကို ရုတ်တရက်ဝင်လာတဲ့ အချိန်တုန်းက သူခရမ်းရောင် ဝတ်ထားတာ... အဲအချိန်မှာ သူငါ့ကိုမေးခဲ့တဲ့ ပထမဆုံးမေးခွန်းကို ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး”
“အတိုက်အခိုက် ပညာရပ်တွေကို ဘယ်လိုသုံးရမလဲဆိုတာ ငါသိလားလို့... သူ မေးခဲ့တယ်... အဲအချိန်တုန်းက ငါ ဟုတ်ကဲ့လို့ ဖြေခဲ့မိတဲ့အတွက် အဆုံးမှာတော့... ဒါကိုပဲ မှတ်ထားပါ။ မင်းတို့ထဲက ဘယ်သူမဆို ခရမ်းရောင်ဝတ်ရုံ ဝတ်ထားတဲ့ဆရာက မင်းတို့လိုဏ်ဂူထဲ ဝင်လာပြီး အဲလို မေးခွန်းမျိုးမေးခဲ့ရင်၊ မသိပါဘူးဆိုပြီး ပြန်ဖြေဖို့ပဲ သတိရပါ”
အစ်ကိုနှစ်သည် စုမင်နှင့် ဟူကျီကို လေးနက်တည်ကြည်စွာ တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ ခေါင်းခါယမ်း လိုက်ပြီး အဝေးသို့ လျှောက်သွားချေသည်။ သူသည် အဝေးသို့ လျှောက်သွားနေဆဲ ဖြစ်သော်ငြား သူ့မျက်နှာ ဘေးဘက်အခြမ်းပေါ်သို့ နေရောင်ကျလာစေရန် ပြုလုပ်နေဆဲ ဖြစ်သဖြင့် အစ်ကိုနှစ်၏ ခြေလှမ်းများက အလွန်ထူးဆန်း နေခဲ့သည်။
ဟူကျီ မျက်တောင်ခပ်လိုက်မိသည်။ သူသည် သူ့ကိုယ်သူ အလွန်အမင်း ဉာဏ်ကောင်းသည်ဟု အမြဲတမ်းလိုလို တွေးနေခဲ့သဖြင့် အစ်ကိုနှစ်၏ စကားများကို ကြားလိုက် ရသောအခါ ယုံကြည်ခြင်းမရှိပဲ အစ်ကိုနှစ်သည် သူတို့အား လှည့်စား သွားသည်ဟုပင် တွေးလိုက်မိချေသည်။ အကယ်၍ ဆရာသာ အမှန်တစ်ကယ် ခရမ်းရောင်ဝတ်ပြီး သူ့ထံသို့လာခဲ့လျှင်၊
သေချာပေါက်ပင် အစ်ကိုနှစ်၏ စကားများကို သူနားထောင်လိမ့်မည် မဟုတ်ပဲ ‘သူသိပါသည်’ဟုပဲ ပြန်ဖြေလိူက်မှာဖြစ်သည်။
“ငါသာ သိပါတယ်လို့ ဖြေလိုက်ရင် နောက်ထပ် ဘာဆက်ဖြစ်မလဲဆိုတာ ငါသိချင်လိုက်တာ”
ဟူကျီသည် စိတ်ကျေနပ်အားရသော အမူအရာဖြင့် ခေါင်းမော့ကာ စုမင်ကို စကားအနည်းငယ် ပြောလိုက်ပြီးမှ ဝိုင်အိုးကို ကောက်ကိုင်၍ နေရာမှထွက်ခွာသွားလေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် သူတို့သုံးဦးသည် ပုံမှန်ပင် အတူတကွ စုဝေးခဲ့ကြသည်။ တစ်ယောက်သည် အရက်သောက်ကာ အခြားတစ်ယောက်ကမူ စိမ်းစိုနေပြီ ဖြစ်သော မြေပြင်တွင် နောက်ထပ်ပန်းများ ထပ်စိုက်ရင်းဖြင့် သူ့မျက်နှာ ဘေးဘက်ခြမ်းပေါ်သို့ နေရောင် ဖြာကျစေရန် ပြုလုပ်နေပေလိမ့်မည်။
နောက်ဆုံးတစ်ဦးသည်တော့ ပုံဆွဲကားချပ်တစ်ခုဖြင့် ဘေး၌ ပုံထိုင်ဆွဲ နေပေလိမ့်မည်။
သူ စုတ်ချက်မည်မျှ ဆွဲသားခဲ့ပြီးမှန်း စုမင်မသိတော့ပေ။
သူ့ပုံဆွဲကားချပ်သည် ဗလာဖြစ်နေပုံ ပေါ်သော်လည်း အမှန်တကယ်တော့ တစ်စုံတစ်ယောက်သာ ဂရုတစိုက် အာရုံခံကြည့်မည်ဆိုလျှင် ထိုပုံဆွဲကားချပ်အတွင်းတွင် တဖြည်းဖြည်း သန်မာလာနေသည့် ဖိနှိပ်နိုင်သော အရှိန်အဝါ တစ်ခုရှိကြောင်း သူတို့ ပြောလာ နိုင်ပေလိမ့်မည်။
ကောင်းကင်မြူခိုး လူရိုင်းအမဲလိုက်ပွဲနေ့က နီးကပ်လာခဲ့ချေပြီ။ ဤအတောအတွင်းတွင် အေးခဲ ကောင်းကင်ကလန်မှ တပည့်များသည် အသေးစိတ် ပြင်ဆင်မှုများ စတင် ပြုလုပ်နေကြသည်။ ၎င်းတို့အကြားတွင် များစွာသော ပုဂ္ဂလိက အရောင်းအဝယ်များလည်း ဖြစ်ပွား နေကြသည်။
အဝေးသို့ နှစ်ပေါင်းများစွာ ကြာအောင် ရောက်ရှိနေခဲ့သော တပည့်အချို့သည်လည်း ဤတစ်ကြိမ် ကောင်းကင်မြူခိုး လူရိုင်းအမဲလိုက်ပွဲတွင် ပါဝင်ဆင်နွှဲရန် အတွက် ပြန်ရောက် လာကြသည်။ ဤတိုက်ပွဲသည် ရာစုနှစ်တစ်စုလျှင် တစ်ခါဖြစ်ပွားသော တိုက်ပွဲအကြီးစားဖြစ်သဖြင့် တပည့်များ၏ အာရုံကို အလွန်ဆွဲဆောင်နေခဲ့သည်။
လူရိုင်းများသည် မာန်စွမ်းအားရှင်များနှင့် တူညီဟန် ပေါ်သော်လည်း လုံးဝ ကွဲပြားခြားနားသော လျှို့ဝှက် ဆန်းကြယ်သည့် လူအုပ်စု တစ်မျိုးပင် ဖြစ်သည်။ သူတို့သည် ကောင်းကင် မြူခိုးအတားအဆီး အပြင်ဘက် ဧရိယာတွင် နေထိုင်ပြီး တောင်ပိုင်းအရုဏ်ဦး ကုန်းမြေအတွင်းမှ မာန်စွမ်းအားရှင်များအနေဖြင့် တောင်ပိုင်း အရုဏ်ဦး ကုန်းမြေကို လုံးဝ အပြည့်အစုံ ထိန်းချုပ်နိုင်သွားနိုင်မည်အား တားဆီးနေကြသည်။ သူတို့သည် အတားအဆီးအပြင် ထွက်လာသည့် တောင်ပိုင်း အရုဏ်ဦးကုန်းမြေမှ မာန်စွမ်းအားရှင်များကို ဤကမ္ဘာအတွင်းရှိ အခြားကုန်းမြေ တိုက်ကြီးများမှ မာန်စွမ်းအားရှင်များနှင့် မတွေ့နိုင်စေရန်လည်း တားဆီးထားခြင်း ဖြစ်သည်။
အေးခဲ ကောင်းကင်ကလန်၏ တပည့်များအတွက် လူရိုင်းများနှင့် တိုက်ခိုက်ရသော တိုက်ပွဲတွင် မာန်ပညာရပ်များနှင့် လုံးဝကွဲပြားခြားနားသော လူရိုင်းမျိုးနွယ်စုဆိုင်ရာ အစီအရင်များကို တွေ့မြင်ခွင့် ရနိုင်ပေသည်။ သူတို့ ထိုးထွင်း သိမြင်မှုအချို့ ရရှိတာမျိုးပင် ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထို့အပြင် လူရိုင်းမျိုးနွယ်စုအတွင်းရှိ သားရဲများ အားလုံးတွင် သားရိုင်း အမြုတေရှိပြီး ထိုအရာလေးသည် မာန်စွမ်းအားရှင်များ အတွက် အလွန်အမင်း ခွန်အား ဖြစ်စေနိုင်ပေသည်။
လူတစ်ဦးသည် သူသတ်နိုင်ခဲ့သော လူရိုင်း အရေအတွက်ပေါ် မူတည်၍ ဆုရရှိလိမ့်မည် ဆိုသော ကောင်းကင်မြူခိုး အတားအဆီးကို စောင့်ကြပ်နေသူများ ချမှတ်ထားသည့် အခြားစည်းကမ်း တစ်ခုလည်း ရှိနေသေး၏။ သူ သို့မဟုတ် သူမသည် လူရိုင်းများကို ပိုများများ သတ်နိုင်လေလေ၊ ရရှိမည့်ဆုလာဘ်က ကြီးမားလေလေပင် ဖြစ်သည်။ ကောင်းကင်မြူခိုး လူရိုင်းအမဲလိုက်ပွဲ ကျင်းပသည့် အကြိမ်တိုင်းတွင် အေးခဲကောင်းကင်နှင့် အနောက်ပိုင်းပင်လယ် မျိုးနွယ်စုကြီးနှစ်စုနှင့် ကျောင်းတော်များသည် ရန်သူများအား သတ်နိုင်မည့် တပည့်များအတွက် ခမ်းနား ကြီးကျယ်သော ဆုလာဘ်များကို ထုတ်လာလေ့ရှိသည်။
ဤတိုက်ပွဲသည် နှစ်၁၀၀လျှင် တစ်ကြိမ်ကျင်းပသော အကြီးစားတိုက်ပွဲကြီး ဖြစ်၍ ဤတစ်ကြိမ်တိုက်ပွဲတွင် ချီးမြှင့်မည့် ဆုလာဘ်များသည်လည်း လွန်ခဲ့သော နှစ်၁၀၀အတွင်း ဆုလာဘ်များထက် ထူးကဲသာလွန် နေပေလိမ့်မည်။
ဆုလာဘ်များသည် လူများကို တိုက်ပွဲအတွင်း ပါဝင်ဆင်နွှဲရန် ဆွဲဆောင်နေသော အကြောင်းအရင်း များထဲမှ တစ်ခုဖြစ်သည်။ ဤတိုက်ပွဲမှ ရရှိလာမည့် အောင်မြင်ကျော်ကြားမှု အတွက် တိုက်ပွဲကို ပါဝင် ဆင်နွှဲသူများလည်း ရှိချေသည်။ ကောင်းကင်မြူခိုး မြို့တော်အတွင်းတွင် ဧရာမ ကျောက်တုံးကြီး တစ်ခုရှိသည်။ ၎င်းကျောက်တုံးကြီးသည် အလွန်မြင့်မားပြီး မျှော်စင်ကြီး သဖွယ် မိုးထိုးနေသည်။ တိုက်ပွဲတွင် ပါဝင်ဆင်နွှဲမည့်လူများသည် ကောင်းကင် မြူခိုးမြို့တော်သို့ ရောက်လာသည်နှင့် ထိုကျောက်တုံးကြီးပေါ်တွင် လက်ဗွေရာ တစ်ခုကို ချန်ထားရပေမည်။ သို့မှသာ ၎င်းတို့၏ တည်ရှိမှုများ ကျန်ရစ်ခဲ့ပေလိမ့်မည်။
ထို့အပြင် လူရိုင်းမည်မျှ သတ်နိုင်မည်နည်း ဆိုသည့် အပေါ်ကို အခြေခံထားသော အတော်အတန် အသေးစိတ်ကျသည့် အဆင့်ဇယား တစ်ခုသည်လည်း ထိုကျောက်တုံးကြီးပေါ်တွင် ပေါ်လာမည် ဖြစ်သည်။ အမဲလိုက်ပွဲ ပြီးဆုံးသွားသည်နှင့် အဆင့်ဇယားသည် တောင်ပိုင်း အရုဏ်ဦး ကုန်းမြေအတွင်းရှိ မာန်စွမ်းအားရှင် မျိုးနွယ်စုများအားလုံးဆီ ပျံ့နှံ့သွားမည် ဖြစ်၍ ထိုအကြောင်းကို လူတိုင်း သိသွားကြပေလိမ့်မည်။
အမဲလိုက်ပွဲ အတောအတွင်း၌ မြို့တော်သို့ ရောက်လာကြမည့် အစွမ်းထက် မာန်စွမ်းအားရှင်များ အားလုံးက အဆင့်ဇယားကို စောင့်ကြည့်ကြပေမည်။ ဇယားထက်တွင် အဆင့်မြင့်မြင့် ချိတ်သူများသည် ပိုမိုအာရုံစိုက်ခံရမည် ဖြစ်ပြီး၊ ထိပ်ဆုံး၁၀၀အတွင်း ဝင်သူများ သည်တော့ ထျန်းလန်ဟူသော အမည်ကို ယာယီ ပေးအပ် ခံရပေလိမ့်မည်။
အကယ်၍ သူတို့သည် ထိပ်ဆုံး ၁၀ယောက်အတွင်း ဝင်နိုင်လျှင်တော့ ကောင်းကင် မြူခိုး အစောင့်အရှောက် ဟူသော ဘွဲ့အမည် ပေးအပ် ချီးမြှင့်ခံရပေလိမ့်မည်။ အကယ်၍ သူတို့သည် ထိပ်ဆုံးသုံးယောက်အတွင်းဝင်ပြီး အဆင့်နေရာကို ထိန်းသိမ်းထားနိုင်ခဲ့လျှင်တော့ ကောင်းကင် မြူခိုးမြို့တော်အတွင်း အမြဲတမ်းနေထိုင်ခွင့်ကို ရရှိမှာဖြစ်သည်။ ပထမနေရာကို ထိန်းသိမ်း ထားနိုင်သူသည် ကောင်းကင်မြူခိုး၏ မြင့်မြတ်သော ရတနာကို ရရှိပေမည်။ သို့သော် ဤရတနာသည် ပထမနေရာမှ လူကိုလည်း ယာယီသာပေးအပ်ထားခြင်း ဖြစ်သည်။ သူ သို့မဟုတ် သူမသည် ပထမနေရာတွင် မရှိတော့သည်နှင့်
ရတနာသည် အလိုလို ပျောက်ကွယ်သွားမှာ ဖြစ်ပြီး ပထမနေရာ ရောက်သွားသော လူအသစ်၏ လက်ထဲတွင် ပြန်ပေါ် လာပေလိမ့်မည်။
တိုက်ပွဲပြီးဆုံး သွားလျှင်တော့ ရတနာသည် ပြန်လည် ပျောက်ကွယ်သွားပြီး နောက်တစ်ကြိမ် ပြန်လည်ကိုးကွယ်ခံရန် ကောင်းကင်မြူခိုးမြို့အတွင်း ပြန်ပေါ်လာလိမ့်မည် ဖြစ်သည်။
သို့သော် ကောင်းကင်မြူခိုး၏ မြင့်မြတ်သောရတနာနှင့် ပတ်သက်၍ ကောလာဟလ များစွာရှိပြီး ကောလာဟလများထဲရှိ တစ်ခုကမူ မှန်ကန်ကြောင်း သက်သေပြနေခဲ့သည်။ ရာစုနှစ် တစ်စုလျှင် ဖြစ်ပွားသော တိုက်ပွဲတွင် ပထမနေရာရသူကို တိုက်ပွဲအတွင်း ယာယီပေးအပ်ခံရမည့် မြင့်မြတ်သောရတနာသည် ၎င်းအား ကိုင်ဆောင်နိုင်သူ၏ ခွန်အားကို နှစ်နှစ်အတွင်း ဆက်တိုက် တိုးတက်လာစေမှာ ဖြစ်သည်။
နာမည်ဂုဏ်သိက္ခာ၊ အောင်မြင်ကျော်ကြားမှု၊ ဆုလာဘ်များ၊ ဤအရာများကြောင့် ယခုတစ်ကြိမ် အမဲလိုက်ပွဲကို ပါဝင်ဆင်နွှဲလိုသူများသည် မယုံနိုင်လောက်အောင်ပင် များပြားစွာ ရောက်ရှိလာခဲ့ကြသည်။
တိုက်ပွဲမစတင်ခင် ဆယ်လခန့်ပင် မလိုတော့ပေ။
အေးခဲကောင်းကင်ကလန်၏ တောင်ထွတ်ကိုးခုထဲတွင် နဝမတောင်ထွတ်မှ လွဲ၍ အခြားတောင်ထွတ် ရှစ်ခုလုံးသည် တိုက်ပွဲအတွက် ပြင်ဆင်နေကြသည်။ နဝမတောင်ထွတ်မှ လူများသာလျှင် သူတို့ကိုယ်ပိုင် ဖန်တီးမှုပညာရပ်များအား သဘောပေါက် နားလည်အောင် ပြုလုပ်ရင်းဖြင့် သူတို့၏ အေးချမ်းသောဘဝများအတိုင်း ဆက်နေထိုင်နေကြခြင်း ဖြစ်သည်။
စုမင်၏ ဘဝသည် အလွန်ငြိမ်းချမ်းနေသောကြောင့် သူ၏ယခုလက်ရှိ နေထိုင်မှုဘဝပုံစံကို သူတန်ဖိုးထားပေသည်။ သူ တောင်ပိုင်းအရုဏ်ဦး ကုန်းမြေသို့ ရောက်လာခဲ့ချိန်မှစ၍ ယခုလို အခိုက်အတန့်မျိုးကို ရရှိရန်ခဲယဉ်းခဲ့သည်။ အထူးသဖြင့်
ဤတောင်ကို သူ့အိမ်အဖြစ် ခံစားရသော ခံစားချက်မျိုးပင် ဖြစ်သည်။ သူ့ဆရာတူ အစ်ကိုများက သူ့ကိုကြင်ကြင်နာနာဆက်ဆံကြပြီး ယခုလို နွေးထွေးမှုများကို သူဤနေရာတွင်သာ ခံစားနိုင်လေသည်။
စုမင်သည် ကောင်းကင်မြူခိုး လူရိုင်းအမဲလိုက်ပွဲကို ပါဝင်မည့် မည်သို့သော သဘောထားမျိုးမှ မဖော်ပြသော်လည်း တိုက်ပွဲနှင့် ပတ်သက်၍ သူ့နှလုံးသားထဲ၌ ဆုံးဖြတ်ချက် ချထားပြီး ဖြစ်သည်။
သူ သွားချင်သည်...
သူ တိုက်ပွဲတွင် ပါဝင်ဆင်နွှဲလိုသည်။ စုမင်၏ တစ်ခုတည်းသော ဆန္ဒသည် သူ့ကိုယ်ပိုင် စွမ်းအား တိုးတက်စေလိုခြင်း ဖြစ်၍ ဤတိုက်ပွဲမျိုးသည်သာ သူ့ကို အလျင်အမြန် တိုးတက်အောင် ပြုလုပ်ပေးနိုင်ပေလိမ့်မည်။
သူ သန်မာ လာစေရမည်။
‘တောင်ပိုင်းအရုဏ်ဦး ကုန်းမြေကနေ လထွက်ခွာပြီး အနောက်ဘက် မဟာမိတ်နယ်မြေဆီ ပြန်နိုင်ဖို့အတွက် ငါက လုံလောက်အောင် အစွမ်းမထက်သေးဘူး’
စုမင်ညာလက်သည် သူ့ရှေ့ရှိ ပုံဆွဲကားချပ်ပေါ်တွင် ဆွဲသားနေရာမှ ရပ်တန့်လိုက်ပြီး ကောင်းကင်ရှိ ရာသီဥတုကို မော့ကြည့်လိုက်သည်။ ကောင်းကင်သည် မှောင်မည်းနေပြီ ဖြစ်ကာ အဝေးတွင် မှိန်ဖျော့နေပြီဖြစ်သော နေရောင်ခြည်ဖျော့ဖျော့ကိုသာ မြင်တွေ့နိုင်တော့သည်။
စုမင် ထရပ်ကာ လိုဏ်ဂူဆီသို့လျှောက်သွားလိုက်သည်။ လွန်ခဲ့ရက်များတွင် စစ်မာရှင်း၏ ဓားချက်ကို ပုံတူကူးခြင်းအပြင် အခြားအရာတစ်ခုကိုလည်း သူလုပ်နေခဲ့သည်။ ထိုအရာသည် ဤတစ်ကြိမ် အမဲလိုက်ပွဲအတွက် သူပြင်ဆင်နေသော အရာများထဲမှ တစ်ခုဖြစ်သည်။
သူ့လိုဏ်ဂူသည် လွန်ခဲ့သော လအနည်းငယ်ကထက် ပိုမိုကြီးမားနေချေသည်။ ရေခဲအခန်း သုံးခုသည် ပွင့်ဟနေပြီး စုမင်မှလွဲ၍ မည်သူမှမကြားနိုင်သော ဟိန်းဟောက်သံများသည် အခန်းတစ်ခုဆီမှ ထွက်ပေါ်လာလျက် ရှိသည်။
စုမင်သည် ထိုအခန်းဆီသို့ တည်ငြိမ်စွာလျှောက်သွားပြီး ဝင်သွားလိုက်သည်။
ထိုသို့လုပ်လိုက်သည်နှင့် သူ့မျက်နှာအား လေအေးများ ဖြတ်သန်း တိုက်ခတ်သွားပြီး လူတစ်ဦး၏ ဝိုးတဝါးပုံရိပ်သည် သူ့အရှေ့၌ ချက်ချင်းပေါ်လာခဲ့သည်။ ထိုလူပုံရိပ်သည် စုမင်အနီးသို့ နီးကပ်လာသည်နှင့် စူးရှစွာ အော်ဟစ်လိုက်ပြီး နောက်သို့ ပေဒါဇင်အနည်းငယ်ခန့် လွင့်ထွက်သွားကာ ထိုလူ့မျက်နှာက ထွက်ပေါ်လာခဲ့သည်။
ထိုအရာသည် လ၏အတောင်ပံများမှ အတောင်ပံမျိုး ပိုင်ဆိုင်ထားသော လူတစ်ဦး၏ ခန္ဓာကိုယ်ပင် ဖြစ်သည်။ သူ့မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်မှုကြောင့် သွေးနီရောင်ရဲနေပြီး နောက်သို့ ပြန်လည်ဆုတ်ခွာနေရင်းမှပင် စုမင်ကို သေချာအာရုံစူးစိုက်ပြီးကြည့်နေခဲ့သည်။
သူ့ခန္ဓာကိုယ်သည် ရုပ်ပိုင်းဆိုင်ရာဖြစ်တည်မှုနှင့် ပုံရိပ်ယောင်အကြား အခြေအနေတွင် တည်ရှိနေပြီး အချိန်မရွေး လွင့်ပါး ပျောက်ကွယ်သွားတော့မည့်ပုံစံမျိုး ဖြစ်ပေါ်နေခဲ့သည်။ သူ့ခန္ဓာကိုယ်သည် နီရဲနေပြီး သူ့ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် တွန့်လိမ်ပုံပျက်နေသဖြင့် ထိုသူ၏ ပုံစံသည် မမြင်နိုင်သော မီးတောက်များဖြင့် ဖုံးအုပ်ခံထားရပြီး လောင်ကျွမ်းနေသကဲ့သို့ပင်။
ထိုသူသည် ကိုယ်လုံးတီးဖြစ်နေပြီး သူ့အရေပြားသည် တစ်ခုအပေါ် တစ်ခုထပ်နေသည့် အကြေးခွံများ ဖြစ်သည်။
သူ့လက်များသည် လက်သည်း ရှည်ကြီးအဖြစ် ပြောင်းလဲနေပြီး ထိုသူသည် စုမင်ကို ဟိန်းဟောက်လျက် ရှိသည်။
“ဟယ်ဖုန်း၊ ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ လရဲ့အတောင်ပံများနဲ့ ပေါင်းစပ်လို့ ရမလားဆိုပြီး မေးခဲ့တဲ့သူက မင်းပဲ။ လုပ်ငန်းစဉ်က အခုထိ မပြီးဆုံးသေးဘူး။ မင်းက ဆက်မတောင့်ခံ နိုင်တော့ဘူးလို့ ပြောနေတာလား” စုမင် အေးစက်စွာ မေးလိုက်သည်။
သူ့အသံသည် ရေခဲအခန်းထဲတွင် ပဲ့တင်ထပ်သွားပြီး လူထူးဆန်း၏ နားများထဲသို့ ရောက်ရှိ သွားသည်။ သူ့စကားလုံးများက ထိုလူကိုတုန်ရီသွားစေပြီး ၎င်း၏ ရက်စက်ကြမ်းကြုတ်သော သွေးနီရောင် မျက်လုံးများထဲတွင် ဝေခွဲမရဟန်များ ပေါ်လာခဲ့သည်။
ထိုလူသည် အမှန်တစ်ကယ်တော့... ဟယ်ဖုန်းပင် ဖြစ်သည်။
စုမင်သည် စစ်မာရှင်းနှင့် တိုက်ခိုက်ပြီး သူ့လိုဏ်ဂူကိုရှင်းလင်းရေးလုပ်ပြီးချိန်တွင် စုမင်ခန္ဓာကိုယ် အတွင်းရှိသော အမည်မသိသည့် သက်ရှိဝိညာဉ်များနှင့် သူပေါင်းစပ်ချင်ကြောင်း ဟယ်ဖုန်းက သူ့ကိုပြောလာခဲ့သည်။
ဟယ်ဖုန်းသည် သတိရှိသော လူမျိုးဖြစ်သည်။ သူ မာန်အကြောမျှင်၏ ဝိညာဉ် ဖြစ်မသွားချင်ပေ။ သို့သော် အကယ်၍ သူ ထိုသို့မဖြစ်ချင်လျှင် သူသည် ဂန်ထုပ်ဝန်ပိုး တစ်ခုမဟုတ်ကြောင်း သက်သေ ပြရပေလိမ့်မည်။ စစ်မာရှင်း၏ ရေခဲဝံပုလွေ ဝိညာဉ်နှင့် တိုက်ခိုက်စဉ်က သူအပြင်းအထန်ရုန်းကန်ခဲ့ရသည်။ ထို့ကြောင့် သူ့ခွန်အားသည် မလုံလောက်သဖြင့် သူဤဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်သည်။
စုမင်သည် ဟယ်ဖုန်း၏ တောင်းဆိုချက်ကို လက်ခံရန် ရက်ပေါင်းများစွာ ငြိမ်သက်နေပြီးမှ လ၏အတောင်ပံများ၏ ဝိညာဉ်များနှင့် ဟယ်ဖုန်းပေါင်းစပ်နိုင်ရန် ရေခဲအခန်းကို ဖွင့်ပေးခဲ့သည်။
အစပိုင်းတွင် ပေါင်းစပ်မှုသည် အောင်မြင်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် ကြိုမမြင်နိုင်သော တစ်စုံတစ်ရာက ဖြစ်ပျက်လာခဲ့သည်။ ဟယ်ဖုန်းသည် လ၏အတောင်ပံများနှင့် ပေါင်းစည်းရင်းဖြင့် သူ့ဆင်ခြင်တုံတရား အားလုံး ဆုံးရှုံးပြီး ယခုလိုပုံစံမျိုးဖြစ်လာခဲ့သည်။
ဟယ်ဖုန်း၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော အကြည့်ပေါ်လာသည်နှင့် စုမင်သည် ရှေ့သို့ ခြေတစ်လှမ်း အလျင်အမြန် လှမ်းလိုက်ပြီး ညာလက်ကို မြှောက်ကာ ဟယ်ဖုန်း၏ မျက်ခုံးများအလယ်တွင် စက်ဝိုင်းတစ်ခုကို ညာလက်ညှိုးဖြင့် အလျင်အမြန် ရေးဆွဲလိုက်သည်။
စက်ဝိုင်းသည် ပုံပေါ်လာသည်နှင့် ၎င်းအတွင်းမှ သွေးနီရောင် အလင်းတို့ တောက်ပလာခဲ့သည်။ ဟယ်ဖုန်း၏ မျက်ခုံးများအလယ်၌ ဖြစ်ပေါ်လာသော ထိုစက်ဝိုင်းသည် သွေးလွှမ်းလနှင့် တူညီနေချေသည်။
သွေးလွှမ်းလပေါ်လာချိန်တွင် ဟယ်ဖုန်းသည် မျက်လုံးများကို မှိတ်ကာ ထိုင်ချလိုက်ပြီး သူ့တည်ငြိမ်မှုကို ပြန်ရလာခဲ့သည်။
ရက်အနည်းကြာတိုင်းတွင် ဟယ်ဖုန်းတစ်ယောက် လ၏ အတောက်ပံများနှင့် ပေါင်းစည်းရာမှ ဖြစ်ပေါ်လာသော အပြောင်းအလဲအား စုမင်သည် ဤနည်းလမ်းကို သုံး၍ ဖိနှိပ်ပေးရသည်။ ဤဖြစ်ရပ်သည် ဟယ်ဖုန်း အမှန်တကယ် သန်မာသွားမှသာ အဆုံးသတ် ပေလိမ့်မည်။
ဤဖြစ်စဉ်သည် လပေါင်းများစွာ သို့မဟုတ် ထို့ထက်ပိုကြာမည်ဟု စုမင်ခန့်မှန်းထားခဲ့သည်။
သူဟယ်ဖုန်းကို အချိန်အတော်ကြာ စောင့်ကြည့်နေပြီးမှ နောက်သို့ လှည့်ထွက်ကာ ရေခဲအခန်းထဲမှ ထွက်သွားလိုက်သည်။ ထို့နောက် အပြင်ဘက်တွင် ထိုင်ချလိုက်ပြီး ပုံဆွဲကားချပ်ကို ကိုင်ကာ မျက်လုံးများကို မှိတ်ထားရင်းဖြင့် ဓားချက်အား ပုံတူကူးခြင်းထဲသို့ နောက်တစ်ကြိမ် နစ်မြုပ် သွားပြန်သည်။
မည်သည့် ကြားဖြတ်နှောင့်ယှက်မှုမှ မရှိလျှင် သူ ဟယ်ဖုန်းကို နောက်တစ်ကြိမ် သွားမတွေ့ရခင် အချိန်အထိ ဓားချက်အား ပုံတူကူးခြင်းကို ဆက်လုပ်နိုင်ပေလိမ့်မည်။
သို့သော် နံနက်ခင်းသို့ရောက်လာချိန်တွင် နဝမတောင်ထွတ်သို့ ဧည့်သည်တစ်ဦး ရောက်လာခဲ့ချေသည်။ ထိုဧည့်သည်သည်... စုမင်ထံသို့လာခြင်း ဖြစ်သည်။
စာစဉ်(၁၈) ပြီး၏။
***