အခန်း (၆၈၅-၆၈၇)
Vol. 46 Ch. 685-687
အခန်း (၆၈၅) မိစ္ဆာနတ်ဘုရား၏ မိစ္ဆာပုံရိပ်။ မိစ္ဆာသိုင်းက သိုင်းပညာကို အနိုင်ယူခြင်း။ (၁)
ဖန်ရှန့်ဝူသည် နှစ်ပေါင်းတစ်ရာပြည့်တိုင်း 'ဝင်စားခြင်း' ပညာရပ်ကို အသုံးပြုလေ့ရှိသည်။ သူသည် ခန္ဓာကိုယ်အသစ်တစ်ခုကို ရွေးချယ်ကာ သူ၏ ဝိညာဉ်ကို ထိုခန္ဓာကိုယ်ထဲသို့ ပြောင်းရွှေ့ထည့်သွင်းသည်။ ထိုခန္ဓာကိုယ်သစ်မှာ အထွတ်အထိပ်သို့ ရောက်ရှိပြီး ရှေ့ဆက်တိုးရန် လမ်းမရှိတော့သည့်အခါတွင် သူသည် နောက်ထပ်တစ်ကြိမ် 'ဝင်စားခြင်း' ကို ပြုလုပ်ပြန်သည်။ ဤသို့ဖြင့် သံသရာလည်နေခြင်း ဖြစ်သည်။
သို့သော် 'ဝင်စားခြင်း' ပညာရပ်တွင်လည်း အကန့်အသတ်များ ရှိသည်။ တစ်ကြိမ်စီ တိုင်းတွင် ဝိညာဉ်ကို ထိခိုက်စေသဖြင့် ပြန်လည်နာလန်ထူရန် အချိန်အတော်ကြာ လိုအပ်သည်။ ထို့ကြောင့် သူသည် နှစ်တစ်ရာမှ တစ်ကြိမ်သာ ပြုလုပ်နိုင်ခြင်း ဖြစ်ပြီး ဝိညာဉ်၏ သက်တမ်းမှာလည်း တဖြည်းဖြည်း ကုန်ဆုံးနေသဖြင့် ဤနည်းဖြင့် ထာဝရအသက်ရှင်ရန်မှာ မဖြစ်နိုင်ပေ။
ထို့အပြင် အကြိမ်ကြိမ် ဝင်စားနေခြင်းကြောင့် သူ၏ ဝိညာဉ်မှာ ပျက်စီးယိုယွင်းမှုများ ရှိလာပြီး ဝိညာဉ်နယ်ပယ်သို့ တက်လှမ်းရန်မှာ အလွန်တရာ ခက်ခဲသွားစေသည်။
နတ်ဆိုးအမြုတေများကို သန့်စင်ပြီး မိစ္ဆာစွမ်းအားများကို ရယူထားသဖြင့် သူ၏ ကိုယ်ပိုင်အင်အားမှာ မစင်ကြယ်တော့ပေ။ ထို့ကြောင့် သိုင်းပညာလောကတွင် သူသည် အနှိုင်းမဲ့ပညာရပ်များ သို့မဟုတ် တစ်ပိုင်းတစ်စ အထွတ်အထိပ်ကျွမ်းကျင်မှုများကို ပြီးပြည့်စုံသည့်အဆင့်အထိ ရောက်အောင် ကျင့်ကြံရန် ခက်ခဲသွားပြီး နတ်ဘုရားအဆင့် အရည်အချင်းကို ရရှိရန်မှာ ဆိုဖွယ်ရာ မရှိတော့ပေ။
ဤသည်မှာ ရယူမှုနှင့် ဆုံးရှုံးမှုတို့ ဒွန်တွဲနေခြင်း ဖြစ်သည်။ နတ်ဆိုးအမြုတေများကို ပေါင်းစပ်ခြင်းဖြင့် ခန္ဓာကိုယ်ကို အသွင်ပြောင်းကာ အင်အားကို အဆမတန် တိုးမြှင့်နိုင်သော်လည်း ၎င်းမှာ မိမိ၏ သိုင်းပညာလမ်းကြောင်းကို မိမိကိုယ်တိုင် ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်သည်။
ထို့ကြောင့် အသက်ခြွေအဖွဲ့အစည်းမှ အကြီးအကဲများမှာ အားလုံးနီးပါး မူလနယ်ပယ်ရှိသော မိစ္ဆာစသိုင်းပညာရှင်များ ဖြစ်ကြပြီး ကျင့်ကြံရန် အချိန်များစွာ ရှိသော်လည်း မည်သူမျှ နတ်ဘုရားစွမ်းရည် တစ်ပိုင်းကို မရရှိနိုင်ကြခြင်း ဖြစ်သည်။ သူတို့၏ ပါရမီက ညံ့ဖျင်း၍ မဟုတ်ဘဲ နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ပြီးနောက် သိုင်းပညာလမ်းကြောင်းတွင် ရှေ့ဆက်ရန် အဟန့်အတား ဖြစ်သွားသောကြောင့် ဖြစ်သည်။
ရွှမ်းမင်အရှင်ကဲ့သို့သော ပါရမီထူးချွန်သူများမှာမူ မိမိဘာသာ ကျင့်ကြံခြင်းကိုသာ ရွေးချယ်ကြပြီး နတ်ဆိုးအမြုတေကို အားကိုး၍ အင်အားတိုးရန် မလုပ်ဆောင်ကြပေ။ အကြောင်းမှာ တစ်ခုကို ရလျှင် တစ်ခုကို ဆုံးရှုံးရမည်ဖြစ်သောကြောင့် ဖြစ်သည်။
ယခု ဖန်ရှန့်ဝူမှာ ၈ ကြိမ်မြောက် ဝင်စားခြင်း ဖြစ်ပြီး ယခုအချိန်မှာ ဒီရေလှိုင်းကြီး ရောက်ရှိလာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ အဖွဲ့ခေါင်းဆောင်၏ လမ်းညွှန်မှုဖြင့် သူသည် ဆင်ဝပ်တောင်တန်းရှိ မြေကြောများထဲမှ မိစ္ဆာစစ်၏ သွေးများကို အမြောက်အမြား ထုတ်ယူကာ သူ၏ လက်ရှိခန္ဓာကိုယ်ကို သန့်စင်ထားသည်။
သူ၏ လက်ရှိခန္ဓာကိုယ် အင်အားဖြင့်ဆိုလျှင် ယခင်ကထက် ပိုမိုပြင်းထန်သော ‘မိစ္ဆာစွမ်းအား’ များကို ခံနိုင်ရည်ရှိသည်။ ယခင်က ဝင်စားခဲ့သော ခန္ဓာကိုယ် ၇ ခုစလုံးမှာလည်း ထူးချွန်သော သူများဖြစ်ကြပြီး အသီးသီး အထွတ်အထိပ်သို့ ရောက်ခဲ့ကြသည်။ သူတို့မှာ အခြားသော အကြီးအကဲများထက် သာလွန်သည့် ထိပ်တန်းမိစ္ဆာသိုင်းပညာရှင်များ ဖြစ်ကြသည်။
ယခု မိစ္ဆာဘုရင်၏ သွေးများဖြင့် သန့်စင်ထားသော ဤခန္ဓာကိုယ်သည် ယခင်ခန္ဓာကိုယ် ၇ ခု၏ မိစ္ဆာစွမ်းအားများကို စုပ်ယူနေခြင်း ဖြစ်သည်။ အကယ်၍ အားလုံး စုပ်ယူပြီးသွားပါက သူ၏ အင်အားမှာ သိုင်းဝိဇ္ဇာသူတော်စင် အဆင့်အောက်တွင် ပြိုင်ဘက်ကင်း ဖြစ်သွားပေလိမ့်မည်။
“ငါက တခြားခန္ဓာကိုယ် ၇ ခုဆီက မိစ္ဆာစွမ်းအား ၃၀ ရာခိုင်နှုန်းကို သန့်စင်ပြီးပြီ။ အခု ငါ့အင်အားနဲ့ဆိုရင် ဟို နတ်ဘုရားစွမ်းရည် တစ်ပိုင်းဆိုတဲ့ သိုင်းပညာရှင်တွေကို အလွယ်လေး ချေမှုန်းပစ်လို့ ရပြီ။”
ဖန်ရှန့်ဝူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။ သူသည် အလွန်ထူးခြားသော အားသာချက်ရှိသည့် မိစ္ဆာစစ်သည် တစ်ဦးဖြစ်သည်။ သူသည် နတ်ဘုရားတု ကျွမ်းကျင်မှုကို မရရှိနိုင်သော်လည်း သိုင်းပညာ၏ အသိအမြင် နယ်ပယ်တွင် ရှေ့မတိုးနိုင်သော်လည်း မိစ္ဆာဆင်ခန္ဓာကိုယ်အဖြစ် အကြိမ်ကြိမ် သန့်စင်ထားသော ဤခန္ဓာကိုယ်နှင့် ယခင် ထိပ်တန်းမိစ္ဆာစစ်သည် ၇ ဦး၏ စွမ်းအား ၃၀ ရာခိုင်နှုန်းကို အသုံးချကာ သိုင်းပညာရှင်များကို အင်အားသုံး၍ သတ်ဖြတ်နိုင်စွမ်း ရှိသည်။
အကယ်၍ သူသည် ကျန်ရှိသော စွမ်းအားများကိုသာ အပြည့်အဝ သန့်စင်နိုင်ပါက သိုင်းဝိဇ္ဇာသူတော်စင် အောက်တွင် သူသည် အမှန်တကယ်ပင် အနှိုင်းမဲ့ ဖြစ်သွားလိမ့်မည်။ သူ၏ ၉ ကြိမ်မြောက် ဝင်စားခြင်းကိုသာ စောစောစီးစီး အောင်မြင်စွာ လုပ်ဆောင်နိုင်ပါက သူသည် မိစ္ဆာသိုင်းပညာရှင်များအကြား ဘုရင် ဖြစ်လာပေလိမ့်မည်။
“ဟို စူးထိုက်လိုင်... သူ့ကို အသက်ရှင်ခွင့်ပေးထားတာက အန္တရာယ်များတယ်။ ငါ ကျင့်ကြံတာ ပြီးတာနဲ့ သူ့ကို နည်းမျိုးစုံသုံးပြီး ဆွဲထုတ်ရမယ်။ ငါ့ရဲ့ ၉ ကြိမ်မြောက် ဝင်စားဖို့အတွက် သူ့ခန္ဓာကိုယ်ကို အသုံးချရမယ်။ ကောင်းကင်နတ်ဆိုးဂိုဏ်းက အဲဒီ အလောင်းအိုကြီးက လူရှာတဲ့နေရာမှာ တော်တယ်လို့ ငါမှတ်မိတယ်...”
ဖန်ရှန့်ဝူက စိတ်ထဲတွင် တွေးတောနေမိသည်။ ဖန်ရှန့်ဝူသည် ဟုန်ကျန်းရှန့်ကို ဝင်စားရန် ကြိုးပမ်းစဉ်က ဟုန်ကျန့်ရှန်း၏ မှတ်ဉာဏ်များကို မြင်တွေ့ခဲ့ဖူးသည်။ ဤတာ့ဝူဖုန်းမှာ မူလက စူးထိုက်လိုင် ဖြစ်ပြီး အချိန်တိုအတွင်း သူ၏ တိုးတက်မှုမှာ အံ့အားသင့်စရာ ကောင်းလှကြောင်း သူ သိထားသည်။ ဖန်ရှန့်ဝူသည်လည်း သူ့ကို သတ်ဖြတ်ရန် ပြင်းထန်သော ဆန္ဒ ရှိနေသည်။ သူ၏ ၉ ကြိမ်မြောက် ဝင်စားခြင်းအတွက် ဤကဲ့သို့သော ပါရမီရှင်၏ ခန္ဓာကိုယ်ကို အသုံးချရခြင်းမှာ အလွန်ပင် ပြည့်စုံလှပေလိမ့်မည်။
“ဟင်”
သို့သော် ရုတ်တရက် ဖန်ရှန့်ဝူသည် အပေါ်သို့ မော့ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ထွက်ပေါ်လာသည်။ စခန်း၏ အဝင်ဝတွင် ကင်းစောင့်နေသော မိစ္ဆာသိုင်းပညာရှင် နှစ်ဦးမှာလည်း တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် ကောင်းကင်သို့ မော့ကြည့်ကာ “ဘယ်သူလဲ” ဟု ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
နောက်တစ်စက္ကန့်တွင် ပြင်ပမှ စူးစမ်းမှုကို တားဆီးထားသော စွမ်းအင်အကာအကွယ်မှာ အပေါ်မှနေ၍ ဆွဲဖြဲခြင်း ခံလိုက်ရပြီး မြားသုံးစင်းမှာ ကောင်းကင်မှ လေတိုးသံနှင့်အတူ လှည့်ပတ်ဆင်းသက်လာကာ အောင်ပွဲဝင်သိုင်းခန်းမကို တိုက်ခိုက်လေတော့သည်။
“ဒုန်း”
ပေါက်ကွဲသံနှင့်အတူ အောင်ပွဲဝင်သိုင်းခန်းမမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ ခန်းမ၏ အစိတ်အပိုင်း အတော်များများ ပြိုကျပျက်စီးသွားပြီး အုတ်နံရံအကျိုးအပဲ့များမှာ ပြင်းထန်သော လေပြင်းများကြားတွင် လွင့်စင်သွားသည်။ ပေါက်ကွဲသံမှာ အသက်ခြွေအဖွဲ့အစည်း၏ စခန်းတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။
“ရန်သူ တိုက်ခိုက်တာလား။”
“ဘယ်သူက အသက်ခြွေအဖွဲ့အစည်းကို တိုက်ခိုက်ရဲတာလဲ။”
မိစ္ဆာသိုင်းပညာရှင်အားလုံး အံ့အားသင့်သွားကြပြီး ကောင်းကင်သို့ ဒေါသတကြီး မော့ကြည့်လိုက်ကြသည်။ တစ်စုံတစ်ယောက်က အသက်ခြွေအဖွဲ့အစည်းကို တိုက်ခိုက်နေရုံတင်မကဘဲ ၎င်း၏ ဌာနချုပ်ကိုပါ ပစ်မှတ်ထားနေသည်။ ဤသည်မှာ မယုံနိုင်လောက်အောင် ရဲတင်းလွန်းသည့် လုပ်ရပ်ပင် ဖြစ်သည်။
“ဖန်ရှန့်ဝူ ဒီမှာ ရှိနေတာပဲ။”
စူးချန်ခုန်းသည် မြားတစ်စင်းတည်းဖြင့် အောင်ပွဲဝင်သိုင်းခန်းမကို ဖျက်ဆီးလိုက်ပြီး ၎င်းကို ဖုံးထားသော အကာအကွယ်ကိုလည်း ဖြိုခွဲလိုက်သည်။ သူ ရင်းနှီးနေသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သည်... ၎င်းမှာ ဖန်ရှန့်ဝူပင် ဖြစ်သည်။ ဒါက စူးချန်ခုန်း၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အာဃာတများကို တောက်လောင်လာစေသည်။
ခို့ပါမင်ထံမှ ရရှိသော နတ်ဆိုးအမြုတေနှင့် ကောင်းကင်နတ်ဆိုးအဖိုးကြီး၏ ခြေရာခံနိုင်စွမ်းကြောင့် သူသည် အသက်ခြွေအဖွဲ့အစည်း၏ ဌာနချုပ်ကို ရှာတွေ့ခဲ့ပြီး ဖန်ရှန့်ဝူနှင့် နောက်တစ်ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ရပြီ ဖြစ်သည်။
“ဝုန်း”
ဒေါသတကြီး ထွက်ပေါ်လာသော မိစ္ဆာအရှိန်အဝါတစ်ခုမှာ အောင်ပွဲဝင်သိုင်းခန်းမ ပျက်စီးနေသော နေရာမှ ကောင်းကင်သို့ ထိုးတက်လာသည်။ အပျက်အစီးများကြားမှ လူသန်ကြီးတစ်ဦး ထရပ်လိုက်ပြီး သူ့ပေါ်တွင် တင်နေသော အကျိုးအပဲ့များကို ခါထုတ်လိုက်သည်။ သူ၏ သွေးရောင်လွှမ်းနေသော မျက်လုံးများမှာ ကောင်းကင်တွင် ကြိုးကြာဖြူကို စီးနင်းထားသော စူးချန်ခုန်းကို စူးစိုက်ကြည့်နေ၏။
“အဖွဲ့ရဲ့ ဒုခေါင်းဆောင်... ရန်စခံလိုက်ရပြီ။”
ပြင်းထန်လှသော မိစ္ဆာစွမ်းအင်များကြားတွင် အသက်ခြွေအဖွဲ့အစည်းမှ မိစ္ဆာစစ်သည်များမှာ သူတို့၏ ရင်ခုန်သံများ မြန်လာသည်ကို ခံစားနေရသည်။ ဖန်ရှန့်ဝူ၏ ဒေါသနှင့် သတ်ဖြတ်လိုစိတ်ကို သူတို့ အတိုင်းသား ခံစားမိသည်။ ဖန်ရှန့်ဝူသည် အောင်ပွဲဝင်သိုင်းခန်းမအတွင်းတွင် တိတ်ဆိတ်စွာ ကျင့်ကြံနေထိုင်သူ ဖြစ်ပြီး မည်သူမျှ သူ့ကို မနှောင့်ယှက်ရဲပေ။ သို့သော် မြားတစ်စင်းဖြင့် ခန်းမကို ဖျက်ဆီးလိုက်ခြင်းမှာ ကျင့်ကြံနေသော ဖန်ရှန့်ဝူအတွက် အကြီးမားဆုံးသော စော်ကားမှုပင် ဖြစ်တော့သည်။
အခန်း (၆၈၆) မိစ္ဆာနတ်ဘုရား၏ မိစ္ဆာပုံရိပ်။ မိစ္ဆာသိုင်းက သိုင်းပညာကို အနိုင်ယူခြင်း။ (၂)
“ဖန်ရှန့်ဝူ... ငါတို့ ပြန်တွေ့ကြပြန်ပြီ။” ကောင်းကင်ထက်မှ စူးချန်ခုန်း၏ အသံက ဟိန်းထွက်လာသည်။
မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ ထည်ဝါလှသော ဖန်ရှန့်ဝူ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။ “တာ့ဝူဖုန်းလား။”
စူးချန်ခုန်းက သူ့ကို ကိုယ်တိုင်လာရှာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ဖန်ရှန့်ဝူ၏ ကြမ်းတမ်းသော မျက်နှာက ကောင်းကင်ရှိ စူးချန်ခုန်းကို ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်ရင်း “တာ့ဝူဖုန်း... မင်း တော်တော်ရဲတင်းတာပဲ။ ငါ့ရှေ့ကို နောက်တစ်ခါ လာရဲသေးတယ်ပေါ့။ ပြီးခဲ့တဲ့ တိုက်ပွဲမှာ မင်းကြောင့် ငါ ဆုတ်ခဲ့ရတယ်လို့ တကယ်ပဲ ထင်နေတာလား။”
ဖန်ရှန့်ဝူ၏ အသံမှာ မကျယ်လောင်သော်လည်း လူတိုင်း၏ နားထဲတွင် ရှင်းလင်းစွာ ကြားနေရသည်။ ပြီးခဲ့သည့် တိုက်ပွဲတွင် သူ ဆုတ်ခွာခဲ့ခြင်းမှာ သူ၏ ခန္ဓာကိုယ်အသစ်ကို ထိခိုက်မှု မရှိစေလိုသောကြောင့်သာ ဖြစ်သည်။ သို့သော် ယခုမူ သူသည် မိစ္ဆာသွေးများကို အပြည့်အဝ သန့်စင်ပြီးဖြစ်ကာ ယခင်ခန္ဓာကိုယ်များ၏ စွမ်းအား ဆယ်ပုံသုံးပုံကိုလည်း ပိုင်ဆိုင်ထားပြီ ဖြစ်သည်။
ယခု ဖန်ရှန့်ဝူ၏ အင်အားမှာ လွန်ခဲ့သော တစ်နှစ်ကျော်ကထက် များစွာ သာလွန်နေပြီ ဖြစ်သည်။ သူ၏ အမြင်တွင် တာ့ဝူဖုန်းမှာ လက်တစ်ဖက်တည်းဖြင့် ချေမှုန်းနိုင်သည့် အရာတစ်ခုသာ ဖြစ်သည်။ သူသည် စွမ်းအားအားလုံးကို သန့်စင်ပြီးမှ စူးချန်ခုန်းကို သွားရောက်ဖမ်းဆီးရန် ကြံရွယ်ထားသော်လည်း ယခု စူးချန်ခုန်းက ကိုယ်တိုင် လာရောက် အဖမ်းခံခြင်းပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဖန်ရှန့်ဝူသည် အနီးရှိ မိစ္ဆာအကြီးအကဲ တစ်ဦးထံသို့ လျှို့ဝှက်သတင်း ပေးလိုက်သည်။ “ငါ့ရဲ့ ခန္ဓာကိုယ် ၇ ခုကို အဝေးကို ယူသွားလိုက်။ အဲဒါတွေ တစ်ခုခု ထိခိုက်သွားရင် မင်းရဲ့ အသက်နဲ့ ပြန်ပေးဆပ်ရမယ်။”
“ဟုတ်ကဲ့ပါ” ဟေးယွီချန်ဟု အမည်ရသော ထိုအကြီးအကဲမှာ တိုက်ပွဲကြီး ဖြစ်တော့မည်ကို သိသဖြင့် ခန္ဓာကိုယ်များကို အမြန်ဆုံး ဖယ်ရှားလိုက်သည်။ သူ၏ ရင်ထဲတွင်လည်း “ဒီတာ့ဝူဖုန်းက ဒုတိယခေါင်းဆောင်ကို လာစိန်ခေါ်တာလား... သူ တကယ်ပဲ သေချင်နေပြီ ထင်တယ်” ဟု လှောင်ပြောင်နေမိသည်။
စူးချန်ခုန်းက အေးစက်သော လေသံဖြင့် “ဖန်ရှန့်ဝူ... စကားတွေ အများကြီး ပြောမနေနဲ့တော့။ ဒီနေ့ မင်းရဲ့ ခေါင်းကို ဖြတ်ဖို့ ငါလာခဲ့တာ။” ဟု ဆိုလိုက်သည်။
ဖန်ရှန့်ဝူအပေါ် စူးချန်ခုန်း၏ သတ်ဖြတ်လိုစိတ်မှာ အလွန်ပြင်းထန်လှသည်။ ဟုန်ကျန်းရှန့်ကို ဓားစာခံလုပ်ခဲ့ရုံတင်မကဘဲ သေဆုံးပြီးသည်အထိ အနားမပေးခဲ့သော ဤလူယုတ်မာကို သူ အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်နေသည်။
“ကောင်းပြီလေ... မင်းကို သုံးပြီး ကိုယ်ပူလေ့ကျင့်ခန်း လုပ်ရတာပေါ့။” ဖန်ရှန့်ဝူက ရက်စက်သော အပြုံးဖြင့် ဆိုလိုက်သည်။ သူသည် သူရင်ဆိုင်နေရသော ရန်သူမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို လုံးဝ မသိသေးပေ။ အချိန်တိုအတွင်း သူကိုယ်တိုင် အင်အားတိုးတက်လာသည်ဟု ယူဆနေသဖြင့် စူးချန်ခုန်းကို စစ်မှန်သော မျှော်လင့်ချက်မဲ့ခြင်းဆိုသည်မှာ ဘာလဲဆိုသည်ကို ပြသရန် ပြင်ဆင်နေသည်။
“ရှူး...”
စူးချန်ခုန်းက မြားတစ်စင်းဖြင့် စတင်တိုက်ခိုက်လိုက်သည်။ မြားမှာ သဘာဝစွမ်းအင်များကို စုပ်ယူကာ လျှပ်စီးမိုးကြိုးများသဖွယ် ဖန်ရှန့်ဝူ၏ နဖူးတည့်တည့်သို့ ဦးတည်သွားသည်။
“ဒုန်း”
မြားမှာ ဖန်ရှန့်ဝူ၏ ဦးခေါင်းကို တည့်တည့်ထိမှန်သွားပြီး ပြင်းထန်သော ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်မှ မြေပြင်များ အက်ကွဲသွားသည်။ သို့သော် ဖုန်မှုန့်များကြားတွင် ဖန်ရှန့်ဝူမှာ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ ရပ်နေဆဲ ဖြစ်သည်။ အစွမ်းထက် သိုင်းပညာရှင်တစ်ဦးကို သတ်နိုင်သော စူးချန်ခုန်း၏ မြားချက်မှာ ဖန်ရှန့်ဝူအတွက် ရှောင်တိမ်းရန်ပင် မလိုလောက်အောင် အားနည်းနေသကဲ့သို့ ဖြစ်နေသည်။ မိစ္ဆာသွေးဖြင့် သန့်စင်ထားသော သူ၏ ခန္ဓာကိုယ်မှာ ဤမျှလောက်သော တိုက်ခိုက်မှုကို လုံးဝ ဂရုစိုက်စရာ မလိုပေ။
“ဂျွတ်... ဂျွတ်...”
ဖန်ရှန့်ဝူသည် ပေ ၃၀ ခန့် မြင့်မားသော သူ၏ မိစ္ဆာရုပ်သွင်ကို ထုတ်ဖော်လိုက်သည်။ သူသည် ပတ်ဝန်းကျင်ရှိ ကျောက်တုံးကြီးများကို ဆွဲယူကာ လက်ဖြင့် ချေဖျက်လိုက်ရာ ကျောက်တုံးများမှာ လက်သီးဆုပ်ခန့်ရှိသော အလွန်သိပ်သည်းသည့် အလုံးများ ဖြစ်သွားသည်။
“ဆင်းလာခဲ့စမ်း”
ဖန်ရှန့်ဝူက အော်ဟစ်လိုက်ပြီး အလွန်လေးလံသော ကျောက်လုံးနှစ်လုံးကို ကောင်းကင်သို့ ပစ်တင်လိုက်သည်။ ဖန်ရှန့်ဝူ၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြောင့် ကျောက်လုံးများမှာ အသံထက်မြန်သော အရှိန်ဖြင့် စူးချန်ခုန်းထံသို့ အမြောက်ကျည်များကဲ့သို့ ပျံတက်သွားလေ၏။
စူးချန်ခုန်းက ကြိုးကြာတောင်ပံကို ခါလိုက်ပြီး လျင်မြန်စွာ ရှောင်တိမ်းလိုက်ရာ ကျောက်လုံးများမှာ တိမ်တိုက်များကို ဖြတ်ကျော်ကာ ပျောက်ကွယ်သွားသည်။
“ဒါဆိုလည်း... မင်းဆန္ဒအတိုင်းပဲ။” စူးချန်ခုန်း၏ မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။ သူသည် မြားပစ်တာကို ရပ်ဆိုင်းကာ ကောင်းကင်မှနေ၍ ဖန်ရှန့်ဝူထံသို့ တိုက်ရိုက် ခုန်ဆင်းလိုက်လေတော့သည်။
ဝူချင်းရှီ၊ ဝက်ဝံရိုင်း မြေကမ္ဘာ တုန်ဟီးစေခြင်း။
သူ ဆင်းသက်လာစဉ် မီတာ ၅၀၀ အတွင်းရှိ သဘာဝစွမ်းအင်များမှာ အရူးအမူး စုစည်းလာသည်။ စူးချန်ခုန်း၏ နောက်ကျောတွင် ဧရာမ ဝက်ဝံရိုင်းကြီးတစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာပြီး ၎င်း၏ ကြီးမားသော လက်ဝါးများဖြင့် အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဝက်ဝံလက်ဝါး မြေပြင်ကို မထိမီမှာပင် ကောင်းကင်မှ ကျဆင်းလာသော တောင်ကြီးတစ်လုံးကဲ့သို့ ဖိအားကြောင့် မြေပြင်မှာ မခံနိုင်ဘဲ နိမ့်ဝင်သွားကာ တုန်ခါသွားလေ၏။ အလယ်ဗဟိုတွင် ရှိနေသော ဖန်ရှန့်ဝူမှာမူ မလှုပ်မယှက် ရပ်နေပြီး သူ၏ မျက်လုံးထဲတွင် ရက်စက်သော အလင်းတန်းများသာ ရှိနေသည်။
“နောက်ဆုတ်ကြ... အမြန်ဆုတ်” အောက်ရှိ မိစ္ဆာသိုင်းပညာရှင်များမှာ အန္တရာယ်ကို အာရုံခံမိသဖြင့် အရပ်ရပ်သို့ ထွက်ပြေးကြတော့သည်။
“ဝုန်း... ဝုန်း... ဝုန်း”
နောက်တစ်စက္ကန့်တွင် ဧရာမ ဝက်ဝံကြီးက ဆင်းသက်လာပြီး ၎င်း၏ လက်ဝါးများက ဖန်ရှန့်ဝူ၏ ပခုံးကို တည့်တည့်ရိုက်မိကာ ပြင်းထန်သော တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာသည်။ မြေပြင်မှာ ပြိုကျသွားပြီး အဆောက်အဦးများမှာလည်း ကြယ်တံခွန်တစ်ခု အပေါ်မှ ကျဆင်းလာသကဲ့သို့ ပျက်စီးသွားတော့သည်။
“ဂျွတ်... ဂျွတ်...”
မလွတ်မြောက်နိုင်ခဲ့သော မိစ္ဆာစစ်သည်များမှာ ပြင်းထန်သော ဖိအားအောက်တွင် သူတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲထွက်သွားပြီး သွေးမြူများအဖြစ်သို့ ပျောက်ကွယ်သွားကြတော့သည်။
အခန်း (၆၈၇) မိစ္ဆာနတ်ဘုရား၏ မိစ္ဆာပုံရိပ်။ မိစ္ဆာသိုင်းက သိုင်းပညာကို အနိုင်ယူခြင်း။ (၃)
"ဒါလေးပဲလား"
အေးစက်သော အသံတစ်သံ စူးချန်ခုန်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ ၎င်းမှာ ဖန်ရှန့်ဝူပင် ဖြစ်သည်။ နတ်ဘုရားစွမ်းရည်တစ်ပိုင်း၏ ရိုက်ချက်ကို ရင်ဆိုင်ရသော်လည်း ဖန်ရှန့်ဝူမှာ ရှောင်တိမ်းခြင်းမရှိဘဲ သူ၏ ခန္ဓာကိုယ်ဖြင့် တိုက်ရိုက်ခံယူခဲ့ရာ တစ်စုံတစ်ရာ ထိခိုက်ခြင်း မရှိပေ။ သူသည် ထိုရိုက်ချက်၏ စွမ်းအားအားလုံးကို စုပ်ယူရန် ဒူးကို အနည်းငယ်သာ ကွေးလိုက်ခြင်း ဖြစ်သည်။
ဤမိစ္ဆာခန္ဓာကိုယ်၏ သန်မာမှုမှာ သာမန်လူတို့၏ စိတ်ကူးထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
"သေပေတော့"
ဖန်ရှန့်ဝူသည် ကောင်းကင်တုန်ဟိန်းစေမည့် ဟိန်းသံကြီးကို လွှတ်လိုက်သည်။ စူးချန်ခုန်း အောက်သို့ ဆင်းသက်လာသည်နှင့် ဖန်ရှန့်ဝူက သူ၏ ညာလက်သီးဖြင့် ထိုးနှက်လိုက်သည်။ ဤရိုးရှင်းသော လက်သီးချက်မှာ မည်သည့် သိုင်းပညာရပ်ကိုမျှ အသုံးမပြုထားဘဲ သန့်စင်သော ခွန်အားသက်သက်သာ ဖြစ်သော်လည်း ဟိန်းဟောက်နေသော ဧရာမဆင်ကြီးတစ်ကောင်နှင့် တူလှသည်။
လေထုနှင့် ပွတ်တိုက်မှုကြောင့် မီးပွားများ ထွက်ပေါ်လာပြီး အဖြူရောင် မီးခိုးများပင် ထွက်ပေါ်လာသည်။ ဤလက်သီးချက်မှာ အလွန်ပြင်းထန်လှသဖြင့် လူသားတို့၏ ခွန်အားဖြင့် ခုခံရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
စူးချန်ခုန်းသည် သူ၏ ကိုယ်ဖော့ပညာကို အသုံးပြုကာ နတ်သမင်တစ်ကောင်ကဲ့သို့ လျင်မြန်စွာ ရွေ့လျားလိုက်ရာ သူ၏ ပုံရိပ်သာ ဖန်ရှန့်ဝူ၏ လက်သီးချက်ကြောင့် ကြေမွသွားတော့သည်။ လက်သီး၏ စွမ်းအားမှာ ဟင်းလင်းပြင်ကို တုန်ခါသွားစေပြီး လေထုထဲတွင် ရေလှိုင်းများကဲ့သို့ ဂယက်များ ထွက်ပေါ်လာကာ အရာရာကို ဖျက်ဆီးမည့် လေပြင်းများ တိုက်ခတ်သွားသည်။ အသက်ခြွေအဖွဲ့အစည်း၏ အသန်မာဆုံး မိစ္ဆာစစ်သည်ထံမှ ထွက်ပေါ်လာသော ဤရိုးရှင်းသည့် လက်သီးချက်မှာ တကယ့်ကို ကြောက်စရာ ကောင်းလှသည်။
"ဒါ အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဖန်ရှန့်ဝူလား။ တကယ့်ကို ကြောက်စရာကောင်းလိုက်တာ။ ဒီရိုးရိုးလက်သီးချက်ကတောင် နတ်ဘုရားစွမ်းရည်တုအဆင့်ကို ရောက်လုနီးပါးပဲ။"
ကောင်းကင်ရှိ မီးခိုးရောင် မြူထုထဲတွင် ပုန်းကွယ်နေသော ကောင်းကင်နတ်ဆိုး အဖိုးကြီးသည်လည်း တောင်တန်းများကြားမှ တိုက်ပွဲကို အဝေးမှ ကြည့်ရှုရင်း ဒုတိယခေါင်းဆောင်၏ ကြောက်မက်ဖွယ် စွမ်းအားကို အံ့ဩနေမိသည်။ ကောင်းကင်နတ်ဆိုး အဖိုးကြီးသည် ဖန်ရှန့်ဝူ၏ ကျော်ကြားမှုကို ကြားဖူးနားဝ ရှိသည်။ သူသည် အသက်ခြွေအဖွဲ့အစည်းတွင် ထိုမိစ္ဆာအိုကြီး အနည်းငယ်ပြီးလျှင် အကြောက်ရဆုံး မိစ္ဆာသိုင်းပညာရှင်ဖြစ်ပြီး ကန့်သတ်ချက်များကို ကျော်ဖြတ်ကာ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မည့်သူဟု ယူဆခြင်း ခံထားရသူဖြစ်သည်။
ထို့အပြင် လျှို့ဝှက်ဆန်းကျယ်သော တာ့ဝူဖုန်းသည်လည်း ကိုယ်တိုင်လာရောက်ခြင်းဖြစ်၍ အသေခံရန် လာခြင်းတော့ မဟုတ်နိုင်ပေ။ ကောင်းကင်နတ်ဆိုး အဖိုးကြီးသည် ဤကဲ့သို့သော ထိပ်တန်းစွမ်းအားရှင်နှစ်ဦး၏ တိုက်ပွဲကို လုံးဝ လက်လွတ်မခံချင်ပေ။
"ဖန်ရှန့်ဝူက လွန်ခဲ့တဲ့ တစ်နှစ်ကထက် အများကြီး ပိုသန်မာလာတာပဲ။"
ဖန်ရှန့်ဝူ၏ လက်သီးချက်ကို ရှောင်တိမ်းရင်း စူးချန်ခုန်းက စိတ်ထဲ အံ့ဩမိသည်။ လက်ရှိ ဖန်ရှန့်ဝူ၏ အင်အားမှာ ယခင်ကနှင့် လုံးဝ နှိုင်းယှဉ်၍ မရအောင် ကြီးမားနေသည်။
မျောက်ဝံနတ်ဆိုး လေဟာပြင်ဖမ်းဆုပ်ခြင်း။
စူးချန်ခုန်း၏ နောက်ကျောတွင် ဧရာမ မျောက်ဝံကြီး၏ ပုံရိပ်မှာ ထီးထီးမားမား ထွက်ပေါ်လာပြီး ၎င်း၏ ကြီးမားသော လက်များဖြင့် ဖန်ရှန့်ဝူကို အားဖြင့် ဖိညှစ်လိုက်သည်။
"ဂျွတ်... ဂျွတ်... ဂျွတ်..."
ဖန်ရှန့်ဝူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ လက်ကြီးနှစ်ဖက်ဖြင့် ညှစ်ထားသကဲ့သို့ လိမ်ရှုံ့သွားသည်။ ထိုအချိန်တွင် စူးချန်ခုန်း၏ ဝိညာဉ်ပင်လယ်အတွင်းရှိ ဓားသွားဝိညာဉ်မှာ တုန်ခါသွားသည်။ သူ၏ လက်ထဲတွင် အနက်ရောင်နှင့် အစိမ်းရောင် ရောယှက်နေပြီး ချွန်ထက်သော သွားများပါရှိသည့် 'ငရဲမီးလျှံဓား' ထွက်ပေါ်လာသည်။
"ရှူး..."
စူးချန်ခုန်း၏ ဓားဝိညာဉ်စွမ်းအားများ ထည့်သွင်းလိုက်သောအခါ ငရဲမီးလျှံဓားမှာ ရှူးရှူးရှဲရှဲ အသံမြည်လာသည်။ ၎င်း၏ မျက်လုံးငါးလုံးမှာ ပွင့်လာပြီး ဟင်းလင်းပြင်ကို ပြာကျစေနိုင်မည့် အစိမ်းရောင် မီးတောက်များ ထွက်ပေါ်လာကာ အပူရှိန်မှာ ရွှေနှင့် သံတို့ကိုပင် အရည်ပျော်စေနိုင်လောက်သည်။
ဤ ငရဲမီးလျှံဓားမှာ သွေးဖြင့် ယဇ်ပူဇော်ခြင်း မပြုလုပ်ရသေးသဖြင့် လက်နက်ဝိညာဉ် မရှိသေးဘဲ မိစ္ဆာသတ် နတ်ဘုရားလက်နက်၏ ကနဦးပုံစံသာ ဖြစ်သည်။ သို့သော် စူးချန်ခုန်း၏ လက်ထဲတွင် ဓားဝိညာဉ်နှင့် ပေါင်းစပ်လိုက်သောအခါ စစ်မှန်သော နတ်ဘုရားလက်နက်ထက် မနိမ့်ကျသော စွမ်းအားကို ပိုင်ဆိုင်သွားသည်။
သံဖြတ်ဓားသိုင်း၊ အလျားလိုက် ခုတ်ချက်။
ကောင်းကင်ကို လောင်မြိုက်စေမည့် အစိမ်းရောင် မြေအောက်မီးတောက်များနှင့်အတူ စူးချန်ခုန်းသည် ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ဓားစွမ်းအင်နှင့် မီးတောက်များကို တစ်မှတ်တည်းတွင် စုစည်း၍ အလျားလိုက် ခုတ်ချလိုက်သည်။ ၎င်းမှာ ဟင်းလင်းပြင်ကို အပ်ချည်မျှင်တစ်ခုကဲ့သို့ ဖြတ်ကျော်ကာ ဖန်ရှန့်ဝူ၏ ကျောရိုးဆီသို့ ဦးတည်သွားသည်။
"ဒါက... ဓားသွားဝိညာဉ်ပဲ"
ပထမဆုံးအကြိမ်အဖြစ် ဖန်ရှန့်ဝူ၏ မျက်လုံးများ အနည်းငယ် တုန်လှုပ်သွားလေ၏။ ဤဓားချက်တွင် ပါဝင်သော နက်ရှိုင်းသည့် အဓိပ္ပာယ်ကို သူ အာရုံခံမိလိုက်ပြီး သူ၏ ဝိညာဉ်ပင် နာကျင်မှုကို ခံစားလိုက်ရသည်။ ဤသည်မှာ ဝိညာဉ်နယ်ပယ်၏ ဓားသိုင်းဖြစ်ပြီး ဝိညာဉ်ထိခိုက်ထားသော ဖန်ရှန့်ဝူ လုံးဝ မရောက်ရှိနိုင်သော အဆင့်ဖြစ်သည်။
"ဝုန်း"
ဖန်ရှန့်ဝူက ဟိန်းဟောက်လိုက်ပြီး သူ၏ ပြင်းထန်သော မိစ္ဆာစွမ်းအားဖြင့် ပတ်ဝန်းကျင်မှ ချုပ်နှောင်မှုကို ဖျက်ဆီးကာ လက်ဝါးဖြင့် ဓားချက်ကို ပြန်လည် တုံ့ပြန်လိုက်သည်။ ထူထပ်သော မိစ္ဆာစွမ်းအင်များ ထွက်ပေါ်လာသည်။
"ချွင်"
ကြီးမားသော လက်ဝါးနှင့် ဓားချက်တို့ ထိမိသွားရာ သတ္တုချင်း ရိုက်ခတ်သည့် စူးရှသော အသံ ထွက်ပေါ်လာသည်။
ဝူး...
လှိုင်းလုံးကြီးများ ဟိန်းဟောက်သကဲ့သို့ တိုက်ခိုက်မှု၏ အရှိန်အဟုန်နှင့် အဆုံးမဲ့သော ဓားစွမ်းအင်များမှာ အပြင်ဘက်သို့ လွင့်စင်သွားပြီး ဓားစက်ဝန်း လေပြင်းကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။
"အား..."
မီတာ ဒါဇင်ပေါင်းများစွာ အကွာတွင် ရှိနေပြီး ယခင် တုန်ခါမှုကြောင့် အတုံးအတုံး ဖြစ်သွားသော်လည်း မသေမျိုး ခန္ဓာကိုယ်ကြောင့် ပြန်လည်ရှင်သန်ရန် ကြိုးစားနေသည့် မိစ္ဆာစစ်သည် အချို့မှာ ထိုလေပြင်းထဲသို့ ဆွဲသွင်းခံလိုက်ရကာ ချက်ချင်းပင် အပိုင်းပိုင်း ပြတ်သွားတော့သည်။ သူတို့၏ စိတ်ဝိညာဉ်ပင်လယ်မှာ ဓားဝိညာဉ်စွမ်းအား ပါဝင်သော ဓားစွမ်းအင်များကြောင့် ကြေမွသွားသဖြင့် သူတို့၏ မသေနိုင်သော ခန္ဓာကိုယ်မှာလည်း လုံးဝ အသုံးမဝင်တော့ဘဲ ချက်ချင်း သေဆုံးသွားကြသည်။
"ဒါ... တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။ မူလနယ်ပယ် မိစ္ဆာသိုင်းပညာရှင်တွေတောင် ဒုခေါင်းဆောင်နဲ့ တာ့ဝူဖုန်းတို့ တိုက်ပွဲရဲ့ ရိုက်ခတ်မှုကြောင့်တင် အမှုန့်ဖြစ်သွားရတာလား။ မသေနိုင်တဲ့ ခန္ဓာကိုယ်ရှိတာတောင် အလကားပဲ။"
အဝေးသို့ ထွက်ပြေးလွတ်မြောက်သွားသော မိစ္ဆာသိုင်းပညာရှင်များမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် အေးစိမ့်သွားကြသည်။ အသက်ခြွေအဖွဲ့အစည်းမှ အကြီးအကဲ အချို့ပင်လျှင် အံ့ဩနေကြပြီး ဤတိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲကြပေ။ အနည်းငယ် မှားယွင်းသွားသည်နှင့် သူတို့လည်း သေဆုံးသွားနိုင်သောကြောင့် ဖြစ်သည်။
"ဒီကောင်လေးရဲ့ ဓားသွားဝိညာဉ်က ငါ့ကို ခြိမ်းခြောက်နိုင်တာပဲ... ငါ့ရဲ့ ခန္ဓာကိုယ် ၇ ခုက မိစ္ဆာစွမ်းအားတွေနဲ့ မိစ္ဆာဘုရင်သွေး စုပ်ယူထားတဲ့ ဒီခန္ဓာကိုယ်ကို သူ မထိခိုက်နိုင်ဘူးဆိုပေမဲ့... ပိုပြီး စိတ်ချရအောင် ငါ အလေးအနက် ထားရတော့မယ်။"
ဖန်ရှန့်ဝူသည် သူ၏ လက်ဝါးပေါ်မှ ဓားချက်ကို ခံစားလိုက်ရသည်။ ၎င်းမှာ သူ၏ အကာအကွယ် မိစ္ဆာစွမ်းအားကို ဖောက်ထွက်သွားသော်လည်း သူ၏ ခန္ဓာကိုယ်ကိုမူ မထိခိုက်စေခဲ့ပေ။ သို့သော် စူးချန်ခုန်းက သူ့ကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေသဖြင့် သူ၏ ခွန်အားအပေါ် ယုံကြည်မှု ရှိသော်လည်း အလေးအနက် ထားရန် ဆုံးဖြတ်လိုက်သည်။
"မိစ္ဆာဆင် စစ်သည်တော် ခန္ဓာကိုယ်"
ဖန်ရှန့်ဝူ၏ လည်ချောင်းထဲမှ ရှေးဟောင်း မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး ၎င်း၏ တုန်ခါမှုကြောင့် စူးချန်ခုန်းပင်လျှင် အနည်းငယ် ယိုင်နဲ့သွားရသည်။