အခန်း (၆၆၁-၆၆၂)
Vol. 50 Ch. 661-662
အခန်း ၆၆၁ - ရောင်စုံအလင်းပြန်သန္တာကျောက်၊ SSS အဆင့်စာချုပ်ကတ်
“ဒါဆိုရင် ရောင်စုံအလင်းပြန်သန္တာကျောက်က အကောင်းဆုံးပဲ။ အခြားသတ္တဝါတွေမှာက သူတို့ရဲ့ကိုယ်ပိုင်ရေလွှာတွေရှိတယ်။ ဒါပေမယ့် သန္တာကျောက်တွေကိုကျ ပင်လယ်ကြမ်းပြင်ရဲ့ နေရာတိုင်းလိုလိုမှာ တွေ့နိုင်တယ်။”
[အရင်အခန်းမှာ သန္တာကောင်လို့ရေးခဲ့မိတယ်။ ဘာသာပြန်သူရဲ့အမှားဖြစ်ပါတယ်။]
“ကောင်းပြီ ဒါဆို ရောင်စုံအလင်းပြန်သန္တာကောင်ကို သုံးကြည့်ကြတာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကျေးဇူးပြုပြီး ကျုပ်အတွက် များများးလေးပြင်ဆင်ပေးပါဦး။”
“ကောင်းပြီ ခဏလောက်စောင့်ပေးပါ။ ခဏနေရင် အသင့်ဖြစ်စေရပါမယ်။”
လင်းနီကျိက ပြောလိုက်သည်။
မကြာမီ အစောင့်တပ်သားတစ်ဦးသည် အဖြူရောင်အလင်းတန်းများ ခပ်ဖျော့ဖျော့ဖြာထွက်နေသော သန္တာကျောက်အပုံတစ်ပုံနှင့်အတူ ရေကူးကာရောက်ရှိလာခဲ့သည်။
ထိုရောင်စုံအလင်းပြန်သန္တာကျောက်ကို ကြည့်ရင်း ရှောင်းယီသည် သူ၏ယခင်ကမ္ဘာမှ ဂလိုးစတစ်ခ်(glow sticks)များကဲ့သို့ ခံစားလိုက်ရပြီး ပို၍ပင်တောက်ပနေသေးသည်။
“ကျေးဇူးတင်ပါတယ်။”
ရှောင်းယီသည် ထိုသန္တာကျောက်များကို ယူပြီးပြောလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်လင်း ကျုပ်မှာ ခင်ဗျားစဉ်းစားဆုံးဖြတ်ရမယ့် စိတ်ကူးတစ်ခုရှိတယ်။”
“ကျေးဇူးပြုပြီး ပြောပါ။”
လင်းနီကျိက ပြောသည်။
“ပင်လယ်ကြမ်းပြင်မှာက ကျွန်းပေါ်မှာ ဒါမှမဟုတ် ရေတိမ်ပိုင်းမှာ မရနိုင်တဲ့ ထူးဆန်းတဲ့အရာတွေရှိတယ်။ အဲ့ဒါကြောင့် ခင်ဗျား ပစ္စည်းအချို့စုဆောင်းပြီး ကျုပ်တို့ကျွန်းရဲ့ဈေးကွက်မှာ ရောင်းကြည့်နိုင်တယ်။ တစ်ချိန်တည်းမှာပဲ ကျုပ်တို့ကျွန်းမှာလည်း ရောင်းချထားတဲ့ အဆင့်မြင့်အစားအစာတွေ အများကြီးရှိတယ်။ အဲ့ဒါကြောင့် အဲ့ဒီပစ္စည်းတွေနဲ့ဆိုရင် လည်ပတ်နိုင်တးလိမ့်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
လင်းနီကျိ၏မျက်လုံးများ တောက်ပသွားခဲ့သည်။
“စိတ်ကူးကောင်းပဲ။”
ဤသည်မှာ ရေသူမျိုးနွယ်အား အဆင့်မြင့်အစားအစာများ ဝယ်ယူရန်အတွက် ဝင်ငွေရရှိစေမည်ဖြစ်ပြီး လင်းနီကျိသည်လည်း သဘာဝအတိုင်း အလွန်ပျော်ရွှင်သွားခဲ့သည်။
ရှောင်းယီက ဆက်ပြောသည်။
“ခင်ဗျား ကျုပ်ရဲ့ကျွန်းကနေ ဇီဝချစ်ပ်တစ်ခုရနိုင်မယ်ဆိုရင် ကုန်သွယ်ရတာ အရမ်းအဆင်ပြေသွားလိမ့်မယ်။ ဒါကတော့ အကြံပြုချက်တစ်ခုပါ။ လိုအပ်ချက်တစ်ခုတော့ မဟုတ်ပါဘူး။”
“ကျွန်မတို့ တစ်ခုယူမယ်။”
လင်းရှားက ဘေးတစ်ဖက်မှ ရေကူးလာပြီး ပြောလိုက်သည်။
လင်းရှားကို မြင်လိုက်ရသောအခါ ရှောင်းယီက ပြုံးပြီးပြောလိုက်သည်။
“အင်း သူမက အဲ့အကြောင်း ပိုသိတယ်။ သူမကိုပဲ အသေးစိတ်ရှင်းပြခိုင်းလိုက်ပါ။”
“ကောင်းပါပြီ ကျုပ် နောက်မှ သူမကို ဂရုတစိုက်မေးမြန်းလိုက်ပါ့မယ်။”
လင်းနီကျိက ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ရှောင်းယီသည် ရောင်စုံအလင်းပြန်သန္တာကျောက်များနှင့်အတူ ရေသူမျိုးနွယ်မှ ထွက်ခွာသွားခဲ့သည်။
လင်းနီကျိသည်လည်း လင်းရှားထံမှ ဇီဝချစ်ပ်၏အချက်အလက်များကို ဂရုတစိုက်မေးမြန်းကြည့်ခဲ့သည်။
လင်းရှားသည် ထိုအကြောင်းကို မိတ်ဆက်ပေးပြီးနောက် သူမ၏ဖခင်ဖြစ်သူအား ပြောလိုက်သည်။
“အဖေ ဒါက ကျွန်းပိုင်ရှင်ရှောင်းယီနဲ့ ပိုမိုနီးစပ်နိုင်မယ့် အခွင့်အရေးတစ်ခုပဲ။ ရေသူမျိုးနွယ်က ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ရမယ်။”
လင်းနီကျိက အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“အဲဒီဇီဝချစ်ပ်က တကယ်ပဲ အဲ့ဒီလောက်တောင် ထူးဆန်းလို့လား။”
“ကျွန်မ သူတို့ကုန်သွယ်တာကို အနည်းငယ်ပဲမြင်ဖူးခဲ့တာ။ အပိုလုပ်ဆောင်ချက်တွေ ရှိလိမ့်ဦးမယ်။ ဒါပေမယ့် အခုထိမသိသေးဘူး။”
လင်းရှားက ပြန်ဖြေလိုက်သည်။
လင်းနီကျိသည် အချိန်တစ်ခုကြာအောင် တိတ်ဆိတ်နေပြီးနောက်ညပြောလိုက်သည်။
“မျိုးနွယ်ာဝင်တွေအားလုံးကို ဇီဝချစ်ပ်ထည့်သွင်းခိုင်းလိုက်။”
သူမ၏အဖေဖြစ်သူမှ ထိုကဲ့သို့အမိန့်ပေးသည်ကို ကြားလိုက်ရသောအခါ လင်းရှား အလွန်ပျော်သွားခဲ့သည်။ သူမ၏အမြင်တွင် ရေသူမျိုးနွယ်သည် ရှောင်းယီရဲ့ခြေလှမ်းကို အမီလိုက်ရန်အတွက် ဤအခွင့်အရေးကို ဆုပ်ကိုင်ရမည်ဖြစ်သည်။
ရှောင်းယီနောက်ကို လိုက်နေသရွေ့ သူမတို့မျိုးနွယ် စုသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်ဟု သူမယုံကြည်ပေသည်။
ရှောင်းယီသည် ရောင်စုံအလင်းပြန်သန္တာကျောက်အပုံတစ်ပုံကို ယူဆောင်ပြီး သူ၏အိပ်ခန်းထဲသို့ တိုက်ရိုက်ပြန်ဝင်သွားခဲ့သည်။ အခုချိန်သည် အလွန်နောက်ကျနေပြီဖြစ်သောကြောင့် ရှောင်းယီသည် ညအိပ်ပြီး မနက်ဖြန်မှထပ်သွားရန် စီစဉ်ထားခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် စွမ်းအင်ကျောက်များသည် ယခုအချိန်တွင် အဲဒီလောက် အရေးတကြီးမဟုတ်တော့ချေ။
“အို ဒါကဘာတွေလဲ။”
ထိုအချိန်တွင် အန်းရန်သည်လည်း ရှောင်းယီ၏အိပ်ခန်းသို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိလာခဲ့ပြီး သူ၏လက်ထဲတွင် တောက်ပသည့်အလင်းတန်းများ ဖြာထွက်နေသော အချောင်းပုံသဏ္ဍာန်အရာဝတ္ထုတစ်ခုရှိသည်ကို တွေ့ရှိလိုက်ရလေသည်။
“ရောင်စုံအလင်းပြန်သန္တာကျောက်၊ ပင်လယ်နက်ထဲကို စူးစမ်းဖို့ ဒါကိုသုံးရမယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဘာလဲ။ ဒါက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် တောက်ပနိုင်ရတာလဲ။”
အန်းရန်က အံ့အားသင့်စွာပြောလိုက်သည်။
“ငါတို့အိမ်က ငါးကန်ထဲမှာ အရင်က ရောင်စုံအလင်းပြန်သန္တာကျောက်တွေရှိခဲ့ဖူးတယ်။ အဲ့ဟာက အလင်းဖျော့ဖျော့လေးထွက်ဖို့ကို အလင်းရောင်ထဲမှာ ထားထားပေးခဲ့ရတာ။”
“အလင်းရောက်လိုအပ်လို့လား။”
ရှောင်းယီက သံသယဖြင့် မေးလိုက်သည်။
အန်းရန်က ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် အဲ့ဒီတုန်းက ငါ ရောင်စုံအလင်းပြန်သန္တာကျောက်ရဲ့ အပူဓာတ်မရှိဘဲ အလင်းထုတ်လုပ်နိုင်တဲ့ အခြေခံသဘောတရားကို စစ်ဆေးခဲ့ဖူးတယ်။ အလင်းပြန်ခြင်း(fluorescent)ဆိုတာက အလင်းပြန်လည်ထုတ်လွှတ်ခြင်း ဖြစ်စဉ်တစ်ခုပဲ။ ရိုးရိုးရှင်းရှင်းပြောရရင် တိုတောင်းတဲ့လှိုင်းအလျားကို ရှည်လျားတဲ့လှိုင်းအလျားအဖြစ် ပြောင်းလဲပြီး ထုတ်လွှတ်တာမျိုးပေါ့။”
“အဲ့လိုလား။ ဒါပေမယ့် ရေသူတွေကတော့ ဒါကို သုံးလိုက်ရုံနဲ့ အလင်းထွက်နိုင်ပုံရတယ်။”
ရှောင်းယီက သံသယဖြင့် ပြောလိုက်သည်။
“ဒါဆို စမ်းကြည့်လိုက်လေ သိသွားလိမ့်မယ်။”
အန်းရန်က ပြောလိုက်သည်။
“လုံးဝမှောင်မိုက်နေတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးလိုက်ရင် အလင်းထွက်နိုင်၊မထွက်နိုင် သိရမှာပဲ။”
“သိပြီ။”
ထို့နောက် ရှောင်းယီက ရောင်စုံအလင်းပြန်သန္တာကျောက်တစ်ခုကို ဆုပ်ကိုင်ပြီး အန်းရန်၏လက်ကို ဆွဲကိုင်ကာ မီးပိတ်လိုက်ပြီးနောက် အန်းရန်၏အော်ဟစ်သံများကြားမှ စောင်ထံသို့ တိုးဝင်သွားခဲ့သည်။
“ည ၉ နာရီပဲရှိသေး...”
အန်းရန် စကားမဆုံးမီမှာပင် ရောင်စုံအလင်းပြန်သန္တာကျောက်မှ အဝါရောင်အလင်းတန်းတစ်ခု ဖြာထွက်လာသည်ကို မြင်လိုက်ရလေသည်။ ၎င်းသည် မီးရောင်အောက်တွင် ရှိခဲ့စဥ်ကထက်ပင် ပို၍တောက်ပနေသေးသည်။
“ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။”
အန်းရန်သည် ပြူးကျယ်နေသောမျက်လုံးများဖြင့် ပြောလိုက်သည်။
“ဒါက သိပ္ပံနည်းလမ်းမကျဘူး။”
“ဒီကမ္ဘာနှစ်ခုရဲ့ စည်းမျဉ်းတွေက ဆင်တူယိုးမှားတွေရှိပေမယ့် ကွဲပြားတာတွေလည်းရှိတယ်လို့ ထင်ရတယ်။ ကိစ္စတော့မရှိပါဘူး။ ငါတို့ သိပ္ပံနည်းလမ်းမကျတဲ့အကြောင်းပြောမယ်ဆိုရင် ငါတို့ ဒီကမ္ဘာကိုရောက်လာတာကမှ သိပ္ပံနည်းမကျဆုံးပဲ။”
ရှောင်းယီသည် အကူအညီမဲ့စွာဖြင့် ပခုံးတွန့်ကာ ပြောလိုက်သည်။
အန်းရန်က ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ ဒီကမ္ဘာမှာ သိပ္ပံနည်းကျတဲ့အရာတွေ အများကြီးမရှိဘူး။ ဒါနဲ့ နင်မနက်ဖြန် ဘယ်နေရာကို သွားပြီးစူးစမ်းရှာဖွေမှာလဲ။”
“အသက်ရှင်ကျန်ရစ်သူတစ်ဦးက အရင်က စွမ်းအင်ပုံဆောင်ခဲတွင်းရဲ့မြေပုံကို ရတနာသေတ္တာတစ်လုံးထဲကနေ ရခဲ့တယ်လေ။ ဒါပေမယ့် အဲ့ဒါက ပင်လယ်ကြမ်းပြင်မှာ ရှိနေတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အင်း ဒါဆို နင် စောစောအနားယူသင့်တယ်။”
“ဟက်ဟက် ငါဒီမှာရှိနေပြီကို မင်းက ထွက်သွားချင်သေးတယ်ပေါ့။”
ရှောင်းယီက ကျီစယ်လိုဟန်ဖြင့် ရယ်မောလိုက်သည်။
“အား...”
အာမေဋိပ်သံတစ်ခုနှင့် အန်းရန်သည် အော်ဟစ်လိုက်ရပြီး မိမိကိုယ်ကို ဆုံးရှုံးသွားတော့လေသည်။
နောက်တစ်နေ့မနက်တွင် အန်းရန် စောစောနိုးလာခဲ့ပြီး ရေမိုးချိုးကာ နံနက်စာပြင်ဆင်ရန် ထွက်သွားခဲ့သည်။
ရှောင်းယီသည် မြန်မြန်ဆန်ဆန် လက်မှတ်ထိုးဝင်ရန် ရွေးချယ်လိုက်သည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- စာချုပ်ကတ် (SSS အဆင့်) ၁။”
ရှောင်းယီ တုန်လှုပ်သွားခဲ့သည်။
“စနစ် မင်း ငါ့ကိုလှည့်စားနေတာလား။ အခုမှ ဒီဆုမျိုး လာပေးနေတယ်ပေါ့။ မင်းသာ မနေ့က ပေးခဲ့ရင် မြင့်မြတ်အလင်းအင်ပါယာကို ငါ့လက်အောက်ရောက်အောင် လုပ်ပြီးနေလောက်ပြီကွ။”
“မနေ့က ဒါက သင့်ကိုပေးခဲ့ရင်တောင် မြင့်မြတ်အလင်းအင်ပါယာကို သိမ်းပိုက်နိုင်မှာမဟုတ်ဘူး။ အများဆုံး SSS အဆင့်မှော်ဆရာတစ်ယောက်ကိုပဲ သိမ်းပိုက်နိုင်လိမ့်မယ်။”
အားဩစရညပင်။ စနစ်က သူ့ကို အမှန်တကယ် တုံ့ပြန်ခဲ့သည်။
ရှောင်းယီ ထပ်မံတုန်လှုပ်သွားခဲ့သည်။
“ဒါက ဘာကိုဆိုလိုတာလဲ။ မြင့်မြတ်အလင်းအင်ပါယာမှာ မှော်ဆရာက အဆင့်အမြင့်ဆုံးမဟုတ်ဘူးလား။”
စနစ်က ထပ်မံ၍ တိတ်ဆိတ်သွားခဲ့သည်။
ရှောင်းယီသည်လည်း ဤစနစ်နှင့်အတူ အကူအညီမဲ့နေခဲ့သည်။ ၎င်းသည် သတင်းအချက်အလက်အချို့ကိုမသိသောကြောင့်မဟုတ်ဘဲ သူ့အား မပြောပြရန်ရွေးချယ်ခြင်းသာဖြစ်သည်ဟု သူခံစားမိနေခဲ့သည်။
ရှောင်းယီ ခေါင်းခါလိုက်မိသည်။
“ကောင်းပြီ ဒီနေ့ SSS အဆင့်မှော်ဆရာ တစ်ယောက်ရောက်လာရင် အကောင်းဆုံးပဲ။”
နံနက်စာပြီးနောက် ရှောင်းယီသည် စွမ်းအင်ပုံဆောင်ခဲသတ္တုတွင်းရှိရာသို့ ချက်ချင်းပင် တည်နေရာကူးပြောင်းသွားခဲ့သည်။
သူသည် ရောင်စုံအလင်းပြန်သန္တာကျောက်ကို သူ့ခန္ဓာကိုယ်နှင့် တွဲချည်လိုက်ပြီး ရေအောက်ကြမ်းပြင်ဆီသို့ ကူးခတ်သွားခဲ့သည်။
ရောင်စုံအလင်ပြန်သန္တာကျောက်နှင့်အတူ နောက်တစ်ကြိမ် တူညီသောနေရာသို့ ရေငုပ်သွားသောအခါ သူသည် နောက်ဆုံးတွင် မနေ့ကကဲ့သို့ အမှောင်ထဲတွင် လက်တစ်ချောင်းပင် ရှာမတွေ့သည့်အဖြစ်မျိုးနှင့် မကြုံတွေ့ရတော့ချေ။
သူတို့ပတ်လည် ၅ မီတာ အကွာအဝေးအတွင်းရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။
“ဆက်သွားကြရအောင်။”
ရှောင်းယီက ထိုသို့ပြောလိုက်ပြီး သူ၏လူနှစ်ယောက်ကို ဆက်လက်၍ငုပ်လျှိုးသွားစေခဲ့သည်။
ငုပ်လျှိုးသွားသည့်ရေအနက် ဆက်လက်မြင့်တက်လာသည်နှင့်အမျှ ရှောင်းယီအား အံ့အားသင့်မှုများကို ပြန်လည်ဖြစ်ပေါ်စေခဲ့သည်။
“ကျွန်းပိုင်ရှင် ဒီစွမ်းအင်ပုံဆောင်ခဲသတ္တုတွင်းက အရမ်းနက်လွန်းတယ်။”
သူ့ဘေးနားက စစ်သားက ပြောလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်၏။ ထို့စဉ် ရုတ်ချည်းဆိုသလိုပင် ဧရာမလက်တံကြီးတစ်ချောင်း သူ့ဆီ လှိမ့်ဝင်လာပြီး ရှောင်းယီသည် ထိုစစ်သားအား သူ့ဘက်သို့ အလျင်အမြန် ဆွဲယူလိုက်ပြီး ဆုတ်ခွာသွားခဲ့လေသည်။
“ဧရာမရေဘဝဲ (S အဆင့်)- ...”
S အဆင့်ပဲရှိသေးတာပဲ။
ရှောင်းယီက ရွှမ်းယွမ်ဓားကို ဆွဲထုတ်ပြီး ရှေ့တက်ကာ ၎င်းကို သတ်ဖြတ်ပစ်လိုက်လေသည်။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်”
ထိုစစ်သားက ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။
“သတိထား”
ရှောင်းယီသည် လက်ခါပြပြီး ပြောလိုက်သည်။
“ဟုတ်ကဲ့”
ထို့နောက်တွင် သူတို့သည် S အဆင့် ရေနက်ပိုင်းသတ္တဝါများစွာကို ရင်ဆိုင်ခဲ့ရပြီး အားလုံးကို ရှောင်းယီမှ လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့သည်။
သို့သော်လည်း ထိုအရာက ရှောင်းယီအား မျက်မှောင်ကျုံ့သွားစေခဲ့သည်။ ယခုထိ ပင်လယ်ကြမ်းပြင်သို့ ရောက်ရှိမည့်လက္ခဏာများမရှိသေးချေ။
သူတို့ ရေနက်ပိုင်းသို့ ပိုမိုရောက်ရှိလာသည်နှင့်အမျှ ရေနေသတ္တဝါမျာယသည်လည်း ပို၍အားကောင်းလာခဲ့သည်။ အဆင့်များသည် S အဆင့်ရှိသေးသော်လည်း သူတို့၏စွမ်းအားများက ပိုမိုအားကောင်းလာခဲ့သည်။
“ဒီပုံဆောင်ခဲသတ္တုတွင်းက ရတနာမြေပုံနဲ့ ပုံတူတစ်ခုလား။ ဒါမှမဟုတ် ဒီအဆင့်မြင့်သတ္တဝါတွေကို ကြုံတွေ့ရတာက သမုဒ္ဒရာထဲဝင်လာတာနဲ့ ဆက်စပ်နေတာလား။”
ရှောင်းယီ စဉ်းစားလိုက်မိသည်။
အကယ်၍ ၎င်းသည် ပုံစံတူတစ်ခုသာ ဖြစ်ပါက အဆင်ပြေပေမည်ဖြစ်သည်။ လက်ရှိအသက်ရှင်ကျန်ရစ်သူများ ရရှိထားသော ရတနာမြေပုံများတွင် သတ္တဝါအဆင့်၏အမြင့်ဆုံးအဆင့်သည် အလွန်မြင့်မားမည်မဟုတ်ချေ။
သို့သော် အကယ်၍ ဒုတိယတစ်ခုသာဖြစ်ပါက ရေအောက်တွင် SSS အဆင့်ရေနက်ပိုင်းသတ္တဝါများ ရှိနိုင်ခြေမြင့်မားပြီး ပြဿနာဖြစ်လာပေလိမ့်မည်။
အခန်း ၆၆၂ - လိပ်မြွေနှင့် စာချုပ်ချုပ်ဆိုခြင်း၊ ရွှမ်းဝူဟု အမည်ပေးခြင်း
သို့သော် နောက်အခိုက်တွင် ရှောင်းယီသည် ရုတ်တရက် စနစ်၏ကောင်းမွန်သည့်ရည်ရွယ်ချက်ကို နားလည်သွားတော့လေသည်။
ယနေ့ လက်မှတ်ထိုးဝင်ခြင်း၏ဆုလာဘ်သည် ဤရေအောက်ခရီးစဉ်အတွက် ဖြစ်နိုင်ပေသည်။
ထိုသို့ဖြစ်ကြောင်း နားလည်သွားပြီးနောက် ရှောင်းယီသည် နောက်ထပ်မတွန့်ဆုတ်တော့ဘဲ ပြောလိုက်သည်။
“ မင်းတို့နှစ်ယောက် ငါနောက်ကို ထပ်မလိုက်တော့နဲ့။ နောက်ပိုင်းမှာ ပိုပြီးအဆင့်မြင့်တဲ့ ရေနေသတ္တဝါတွေ ပေါ်လာနိုင်တယ်။ မင်းတို့နှစ်ယောက် အရင်ဆုံး သင်္ဘောပေါ်ပြန်ပြီး ဒီစာချုပ်ကတ်ကို ယူသွား။ ပြီးရင် အမြဲတမ်းအသင့်ပြင်ထားပြီး ငါ့ဆီကအမိန့်ရတာနဲ့ ချက်ချင်းသုံးလိုက်။”
ရှောင်းယီ၏ အမိန့်ကို ကြားလိုက်ရပြီးနောက် စစ်သားနှစ်ဦးသည် တဒင်္ဂတုန်လှုပ်သွားပြီး ချက်ချင်းပင် တုံ့ပြန်လိုက်ကြသည်။
“ဟုတ်ကဲ့”
ထို့နောက် စစ်သားနှစ်ဦးသည် စာချုပ်ကတ်ကို ယူကာ သင်္ဘောဆီသို့ ပြန်သွားတော့လေသည်။
ဤသို့လုပ်ဆောင်ရာတွင် ရှောင်းယီသည်လည်း အနည်းငယ် အကူအညီမဲ့နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စာချုပ်ကတ်ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင်သာ အသုံးပြုနိုင်သောကြောင့်ဖြစ်သည်။
သူ ပိုမိုနက်ရှိုင်းစွာ ငုပ်လျှိုးသွားသည်နှင့်အမျှ ရေနေသတ္တဝါများ၏အဆင့်သည် SS အဆင့်သို့ ဖြည်းဖြည်းချင်းပြောင်းလဲသွားခဲ့သော်လည်း ရှောင်းယီတွင် ရွှမ်းယွမ်ဓားရှိနေသည်ဖြစ်ရာ ထိုရေနေသတ္တဝါများနှင့် ယှဉ်ပြိုင်နေနိုင်ဆဲပင်။
သူသည် ထိုရေနေသတ္တဝါ SS အဆင့်များအားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်။
သူ SSS အဆင့် စာချုပ်ကတ်ကို ရရှိခဲ့စဉ်က ရှောင်းယီ၏ကိုယ်ပိုင်အဆင့်သည် အတော်အတန် နိမ့်ကျပြီး စာချုပ်ချုပ်ဆိုရန်အတွက် SSS အဆင့်တိရစ္ဆာန်များ သို့မဟုတ် လူများကို ရှာမတွေ့ခဲ့ပေ။
ထိုအချိန်ကသာ သူသည် ၎င်းတို့နှင့် ရင်ဆိုင်ခဲ့ရမည်ဆိုပါက အနားမကပ်နိုင်မီမှာပင် ချက်ချင်းသတ်ဖြတ်ခံလိုက်ရလောက်ပေလိမ့်မည်။
သို့သော် ယနေ့မှာမူ ယခင်ကနှင့် ကွဲပြားသည်။
ရူးသွပ်ဆေး၏ အဆင့်မြှင့်တင်ပေးမှုနှင့်အတူ ရှောင်းယီသည် SSS အဆင့်သားရဲများနှင့်ပင် ယှဉ်ပြိုင်နိုင်ခဲ့သည်။
ထို့ကြောင့် SS အဆင့် ထိုရေနေသတ္တဝါများသည် ရှောင်းယီ၏မျက်လုံးထဲတွင် ဘာမျှမဟုတ်ပေ။
၅ နာရီခန့် ရေငုပ်သွားပြီးနောက် ရှောင်းယီသည် နောက်ဆုံးတွင် မညီညာဖြစ်နေသောပင်လယ်ကြမ်းပြင်ကို မြင်တွေ့လိုက်ရသည်။
သူ့၏အရှေ့ဘယ်ဘက် မီတာ ၅၀၀ ခန့်အကွာတွင် မြစိမ်းရောင် ကျောက်ခဲအစုအဝေးတစ်ခု ရှိနေလေသည်။
ဤမှောင်မိုက်သောပင်လယ်ကြမ်းပြင်ပေါ်တွင် ထိုမြစိမ်းရောင်ကျောက်တုံးများမှာ အလွန်ထင်ရှားနေခဲ့သည်။
“တွေ့ပြီ”
ရှောင်းယီက တွေးလိုက်မိသည်။
ဤကျောက်အမျိုးအစားသည် စွမ်းအင်ကျောက်ဖြစ်ပြီး နောက်ဆုံးအကြိမ်က လင်းနီကျိ သူ့အား ပေးခဲ့သောအရာများနှင့် အတူတူပင်။
သို့သော် ရှောင်းယီသည် ထိုနေရာသို့ အလောတကြီးမသွားဘဲ သတိထားကာ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။
ဤနေရာသည် အလွန်တိတ်ဆိတ်ပြီး ရေနေသတ္တဝါများမရှိဟန်ရသော်လည်း ရှောင်းယီသည် နှလုံးတုန်လောက်သည့်ခံစားမှုတစ်ခုကို ခံစားနေခဲ့ရသည်။
သူသည် ဖြည်းဖြည်းချင်း ကူးခတ်သွားပြီး စွမ်းအင်ကျောက်နှင့် ပိုမိုနီးကပ်လာခဲ့သည်။
ရုတ်တရက် ပင်လယ်ကြမ်းပြင်တစ်ခုလုံး အနည်းငယ်လှုပ်ရှားသွားပြီး ဧရာမအနက်ရောင်ရှည်လျားသော အရိပ်တစ်ခု ရှောင်းယီဆီသို့ တစ်ဟုန်ထိုးပြေးဝင်လာခဲ့သည်။
သူသည် ချက်ချင်းပင် မူလကတည်းက ပါးစပ်ထဲတွင် ရှိနေခဲ့သော ရုးသွပ်ဆေးကို မျိုချလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏လက်ထဲရှိ ရွှမ်းယွမ်ဓားကို ရှေ့သို့ထိုးထုတ်လိုက်လေသည်။
ဖောက်
ရှောင်းယီသည် သူသည် ပြိုင်ဘက်ကို ထိမှန်သွားပြီး ဒဏ်ရာရသွားစေခဲ့သည်ဟု ခံစားလိုက်ရသည်။
သို့သော် ထိုအခိုက်တွင် ပင်လယ်ကြမ်းပြင်တစ်ခုလုံး လှုပ်ခါလာခဲ့သည်။
ရှောင်းယီကးသည် ချက်ချင်းပင် အပေါ်ဘက်သို့ ကူးခတ်သွားပြီး သူ့နောက်ကို ဧရာမအမှောင်ထုတစ်ခု လိုက်လာနေသည်အား မျက်စိထောင့်မှ မြင်လိုက်ရလေသည်။
“ဒါက ဘာကြီးလဲ။ ခုနက ရှည်ရှည်အမြောင်းတစ်ခုပဲ မဟုတ်ဘူးလား။ အခု ဘယ်လိုလုပ်ပြီး ဒီလောက်ထိကြီးတဲ့အလုံးကြီးဖြစ်သွားရတာလဲ။”
ရှောင်းယီ သူ၏စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
ထိုအချိန်တွင် စနစ်ဆီမှ သတိပေးချက် ထွက်ပေါ်လာခဲ့သည်။
“လိပ်မြွေ (SSS အဆင့်)- ၎င်းသည် ပင်လယ်လိပ်ပေါ်တွင် ပင်လယ်မြွေများ အတူတကွစူဝေးနေထိုင်းခြင်းကြောင့် ဖြသ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတွင် အားကောင်းသော ကာကွယ်မှုနှင့် တိုက်ခိုက်ရေးစွမ်းအားရှိပြီး အတော်အသင့် အန္တရာယ်ရှိသည်။”
ရှောင်းယီသည် ရူးသွက်ဆေးကို မျိုချပြီးဖြစ်သောကြောင့် လိပ်မြွေသည် လက်ရှိရှောင်းယီအတွက် အတော်အသင့်သာ အန္တရာယ်ရှိတော့ပေသည်။
“ဒါ...ဒါက ဒဏ္ဍာရီလာရွှမ်းဝူရဲ့ပုံစံမဟုတ်ဘူးလား။”
ရှောင်းယီသည် အံ့အားသင့်စွာ တွေးမိသွားသော်လည်း သူ၏လက်နှင့်ခြေထောက်များသည်မူ လုံးဝမရပ်တန့်ဘဲ အပေါ်သို့ အရူးအမူး ရေကူးနေဆဲပင်။
စနစ်သတိပေးချက်သည် ၎င်းတွက် အားကောင်းသည့် ခုခံကာကွယ်မှုရှိသည်ဟု ဆိုထားသည်။ ထိုအရာသည် ပင်လယ်လိပ်ကို ရည်ညွှန်းခြင်းဖြစ်သင့်ပြီး ၎င်းပေါ်တွင်ကပ်နေသော ပင်လယ်မြွေတွင်မူ ခုခံကာကွယ်မှုမှာ ကန့်သတ်ချက်ရှိပေသည်။
ရှောင်းယီ၏ဓားသည် ပင်လယ်မြွေကို ဒဏ်ရာရစေခဲ့ဖြစ်သင့်သည်။
ဤသည်က လိပ်မြွေကို အမျက်ထွက်သွားစေပြီး ရှောင်းယီအား အရူးအမူးလိုက်ဖမ်းစေခဲ့ခြင်းဖြစ်သည်။
ရှောင်းယီ၏အမြန်နှုန်းသည် ရေထဲတွက်ရှိနေသော လိပ်မြွေနှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။
မကြာမီ လိပ်မြွေသည် သူ့ကို လိုက်မိသွားခဲ့လေသည်။
“ဘမ်း!”
ရေထဲတွင် ပုံမှန်မဟုတ်သည့် ခပ်အုပ်အုပ်ဝင်ဆောင့်မိသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဧရာမအရာကြီးတစ်ခုနှင့် ဝင်ဆောင့်မိလိုက်သော်လည်း ကိုယ်ကျပ်ဝတ်စုံသည် တိုက်ရိုက်ပင် ထိုထိခိုက်မှုကို ပိတ်ဆို့လိုက်လေသည်။
ရှောင်းယီသည် တုန်ခါမှုကြောင့် အနည်းငယ်မသက်မသာသာ ခံစားခဲ့ကပြီး အလွန်အမင်း ထိခိုက်သွားခြင်းမရှိခဲ့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် ထိုတိုက်ခိုက်မှုကြောင့် ရှောင်းယီသည် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ပိုမိုလျင်မြန်စွာ မျောပါသွားခဲ့သည်။
အနောက်ဘက်တွင် လိုက်ပါလာသော လိပ်မြွေသည် ရှောင်းယီ အပေါ်သို့ ပိုမိုပျော်ရွှင်စွာ ရေကူးသွားသည်ကို မြင်တွေ့လိုက်ရပြီး သူ့ကို လွှတ်ပေးရန် မလိုလားတော့ဘဲ ဆက်လက်လိုက်ပါသွားခဲ့သည်။
ဤနည်းအတိုင်း နှစ်နာရီကြာ လိုက်လံဖမ်းဆီးခံရပြီးနောက် ရှောင်းယီသည် နောက်ဆုံးတွင် ပင်လယ်ရေမျက်နှာပြင်မှအလင်းရောင်ကို ပြန်လည်မြင်တွေ့လိုက်ရသည်။
ဘမ်း
နောက်တစ်ကြိမ် တိုးဝင်တိုက်ခိုက်မှုသည် ရှောင်းယီအား ရေပြင်ပေါ်သို့ တိုက်ရိုက် တွန်းတင်ပေးလိုက်လေသည်။
ရေပြင်ပေါ်သို့ ပျံတက်သွားသော ရှောင်းယီသည် သင်္ဘောကြီးကို လှမ်းကြည့်လိုက်ရာ ၎င်းသည် သူရှိရာနေရာနှင့် အတော်အတန် ဝေးကွာနေသေးသည်ကို တွေ့လိုက်ရလေသည်။
“ငါ ကွေ့ပတ်ပြီး ရေကူးသွားရမယ့်ပုံပဲ။”
ရှောင်းယီ အကူအညီမဲ့သွားခဲ့သည်။
ရေပြင်ပေါ်သို့ ပြန်ရောက်သွားပြီးနောက် သူသည် သင်္ဘောကြီးဆီသို့ အရူးအမူး ကူးခတ်သွားလိုက်သည်။
လိပ်မြွေသည် ရှောင်းယီ၏ရည်ရွယ်ချက်ကို သိမြင်လိုက်ဟန်ရှိပြီး ချက်ချင်းပင် စတင်ပိတ်ဆို့တော့လေသည်။
ဧရာမပင်လယ်မြွေကြီးသည် ရှောင်းယီအား အခြားဦးတည်ချက်သို့ ရိုက်နှက်လိုက်သည်။
ရှောင်းယီအား ပင်လယ်ထဲမှ ထပ်မံလွင့်ထွက်သွားစေခဲ့ပြန်သည်။ လေထုဖိအားသည် အလွန်အားနည်းပြီး ဤတစ်ကြိမ်တွင် ရှောင်းယီက မီတာ ၄၀၊ ၅၀ ကျော်ခန့် ပျံသန်းသွားခဲ့ရသည်။
ဗွမ်း
ရှောင်းယီ ပင်လယ်ထဲ ပြန်ကျသွားခဲ့သည်။
ဤအကြိမ်တွင် ရှောင်းယီသည် ဆက်လက်ထွက်ပြေးခြင်းမပြုတော့ဘဲ ချက်ချင်းပင် မြို့ပြန်ကျောက်ကို အသက်သွင်းလိုက်တော့လေသည်။
လိပ်မြွေသည် မြို့ပြန်ကျောက်မှ ထွက်ပေါ်လာသောအလင်းတန်းကို မြင်တွေ့လိုက်ရပြီး အနည်းငယ်စူးစမ်းချင်သွားဟန်ရှိသည်။
သူသည် နောက်ထပ်တိုက်ခိုက်မှုကို အလျင်သလိုမစတင်ခဲ့ချေ။
ဤသည်က ရှောင်းယီအား မြို့ပြန်ကျောက်ကို အသက်သွင်းရန် အချိန်ပေးခဲ့သည်။
စက္ကန့် ၂၀ အကြာတွင် ရှောင်းယီသည် သင်္ဘောကြီးပေါ်၌ ချက်ချင်းပြန်ပေါ်လာခဲ့သည်။
သူသည် ချက်ချင်းပင် ကုန်းပတ်ပေါ်သို့ ပြေးသွား လိပ်မြွေဆီသို့ အော်ဟစ်လိုက်လေသည်။
“ဟေး ငါဒီမှာ...။”
လိပ်မြွေသည် သူ၏ခေါင်းကိုလှည့်ကြည့်လိုက်ပြီးနောက် ရှောင်းယီအား သင်္ဘောကြီးပေါ်တွင် မြင်တွေ့လိုက်ရပြီး သူ လှည့်စားခံလိုက်ရသည်ဟု ချက်ချင်းပင် ခံစားလိုက်ရပြီး သင်္ဘောကြီးဆီကို အရူးအမူးရေကူးသွားတော့လေသည်။
“လိပ်မြွေပေါ်မှာ SSS အဆင့်ာချုပ်ကတ်ကို အသုံးပြုမယ်။”
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် စာချုပ်ကတ်ကို ချက်ချင်းအသုံးပြုလိုက်သည်။
ထို့နောက် ရွှေရောင်သံကြိုးတစ်ချောင်းသည် လိပ်မြွေကို ရစ်ပတ်သွားပြီး လိပ်မြွေတွင် ခုခံနိုင်စွမ်း လုံးဝမရှိခဲ့ချေ။
မကြာမီ စာချုပ်ချုပ်ဆိုမှု ပြီးဆုံးသွားခဲ့ပြီး လိပ်မြွေသည်လည်း ရှောင်းယီ၏အိမ်မွေးတိရစ္ဆာန်တစ်ကောင် ဖြစ်လာခဲ့လေသည်။
“သိပ်ကောင်းတယ်။”
ရှောင်းယီက ဤအချိန်တွင် အားနည်းနေသော်လည်း စိတ်လှုပ်ရှားနေဆဲပင်။
“အခုကစပြီး မင်းကို ရွှမ်းဝူလို့ ခေါ်မယ်။”
“ဟုတ်ကဲ့ သခင်။”
လိပ်မြွေက တုံ့ပြန်လိုက်သည်။
“SSS အဆင့်စာချုပ်ကတ်က မျှော်လင့်ထားတဲ့အတိုင်းပဲ။ ငါ့ရဲ့ SS အဆင့်နဲ့ SSS အဆင့်လိပ်မြွေကို အောင်အောင်မြင်မြင် စာချုပ်ချုပ်ဆိုနိုင်ပြီး ပုန်ကန်မှုလည်းမရှိဘူး။”
ရှောင်းယီက တွေးလိုက်မိသည်။
ဤအချိန်တွင် သူသည် အားနည်းသောအခြေအနေတွင် ရှိနေပြီး S အဆင့်သခင်ထက်ပင် ပိုမိုနိမ့်ကျနေသော်လည်း လိပ်မြွေသည် အလွန်လေးစားမှုရှိနေဆဲဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ စာချုပ်ကတ်၏အခန်းကဏ္ဍဖြစ်သည်။
ရွှမ်းဝူနှင့်အတူ ရှောင်းယီတို့သည် ရေထဲသို့ ထပ်မံဝင်ရောက်ရာ၌ ပိုမိုအဆင်ပြေသွားပြီဖြစ်သည်။
ထို့နောက် သူသည် လိပ်မြွေ၏နောက်ကျောပေါ်တွင် ထိုင်လိုက်ကာ တစ်ဆက်တည်းဖြစ်နေသောပင်လယ်မြွေက သူ့ကို ရစ်ပတ်လိုက်ပြီးနောက် ပင်လယ်ကြမ်းပြင်ဆီသို့ အလျင်အမြန် ကူးခတ်သွားတော့လေသည်။
စွမ်းအင်ပုံဆောင်ခဲတွင်းသို့ နောက်တစ်ကြိမ်ရောက်ရှိလာသောအခါ ရှောင်းယီသည် ထိုသတ္တုတွင်းသည် အလွန်ကြီးမားကြောင်း သတိပြုမိသွားခဲ့သည်။
၎င်းကို တူးဖော်ပြီးပါက စွမ်းအင်ကျောက်အတွက် ရေရှည်စိုးရိမ်စရာမလိုတော့ဟုပင် သူယုံကြည်ပေသည်။
“ရွှမ်းဝူ မင်းက ဒီမှာနေနေတာဆိုတော့ ဒါက မင်းအတွက် အသုံးဝင်လို့လား။”
ရှောင်းယီက စူးစမ်းသည့်အနေဖြင့် မေးလိုက်သည်။
“ဟုတ်ပါတယ်။ SSS အဆင့်ကို ထိုးဖောက်ဖို့အတွက် စွမ်းအင်တွေ အများကြီးလိုအပ်တယ်လေ။”
ရွှမ်းဝူက ပြန်ဖြေလိုက်သည်။
ရှောင်းယီ၏နှလုံးသားတစ်ခုလုံး လှုပ်ရှားသွားခဲ့သည်။ ဤအရာသည် SSS အဆင့်ကို ထိုးဖောက်ခြင်းအကြောင်း နောက်ထပ်အကြိမ် ထပ်ကြားခြင်းဖြစ်သည်။
“ဒီစွမ်းအင်ကျောက်ထဲက စွမ်းအင်တွေကို မင်းသုံးလို့ရတာလား။”
ရှောင်းယီ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“လက်ရှိတော့ မရသေးဘူး။ အဲ့အတွက် တိကျတဲ့နည်းလမ်းတစ်ခု လိုအပ်တယ်။”
ရွှမ်းဝူက ပြန်ဖြေလိုက်သည်။
“အဲ့ဒီနည်းလမ်းကို မင်းသိလား။”
“မသိဘူး။”
ရွှမ်းဝူ၏ အဖြေသည် ပုံမှန်မဟုတ်စွာပင် ဖြောင့်မတ်လွန်းနေပြီး ရှောင်းယီကို အလွန်ဆွံ့အသွားစေခဲ့သည်။
“မင်းမသိဘဲနဲ့ ဒါကို ဆက်ပြီးစောင့်ရှောက်နေတာလား။”
“အနာဂတ်အတွက် အမြဲတမ်းပြင်ဆင်ထားတာပါ။”
ရွှမ်းဝူက ပြန်ဖြေလိုက်သည်။
ရှောင်းယီ အချိန်တစ်ခုထိ ပြောစရာစကားများ ကင်းမဲ့သွားခဲ့သည်။
ရွှမ်းဝူသည် ကောင်းကောင်းစဉ်းစားထားခြင်းဖြစ်ပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားရန် အမှန်တကယ် လိုအပ်ပေသည်။