← Chapters

ထျန်းလန်မုန်၏ ဖိတ်ခေါ်ချက်

Vol. 19 Ch. 251

ထျန်းလန်မုန်၏ ဖိတ်ခေါ်ချက်

Vol. 19 Ch. 251

“ကျွန်မက သတ္တမတောင်ထွတ်ရဲ့တပည့် ချန်ချန်းအာပါ။ ကျွန်မတို့ အကြီးဆုံးစီနီယာ အစ်မကြီးရဲ့ အမိန့်အရ နဝမတောင်ထွတ်ရဲ့ ဆရာဦးလေးစုကို လာရောက်ဖိတ်ခေါ်တာပါ” ထိုနံနက်ခင်းတွင် သာယာသော အသံလေးတစ်သံက နဝမတောင်ထွတ်ပေါ်သို့ ရောက်လာခဲ့သည်။

ထိုအသံပိုင်ရှင်သည် အသက် ၁၇၊ ၁၈ခန့်သာ ရှိမည့်ပုံပေါ်သော မြစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။ မိန်းကလေးသည် နဝမတောင်ထွတ်၏ တောင်ခြေတွင် မတ်မတ်ရပ်လျက် စပ်စပ်စုစုဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုလေ့လာနေခဲ့သည်။

သို့သော် စိတ်မကောင်းစရာပင်။ သူမ၏ နဝမတောင်ထွတ်အကြောင်း သိပ်မသိမှုကြောင့် တောင်ထဲသို့ သူမအသံရောက်သွားချိန်တွင် ဟူကျီသည် တစ်စုံတစ်ရာကို အိပ်မက်မက်နေသကဲ့သို့ မျက်နှာထက်တွင် အားရကျေနပ်နေသော အပြုံးကြီးနှင့် အရက်သောက်ရင်း ဆက်အိပ်နေလေသည်။

အစ်ကိုနှစ်သည်လည်း သူ့မျက်နှာဘေးဘက်ခြမ်းသို့ နေထိုးစေရင်းဖြင့် သူ့ပန်းပင်များကိုသာ ဆက်လက် ဂရုစိုက်နေခဲ့သည်။

ကျီချဲသည်လည်း စုမင်၏ လိုဏ်ဂူအပြင်ဘက်တွင် ထိုင်လျက် သူ့ခေါင်းထဲတွင် စကားလုံးများကိုစီရင်း တစ်ခါတစ်ရံတွင် သူဖန်တီးထားသော ကဗျာများ၊ သီချင်းများကို ရေရွတ်နေချေသည်။

အစ်ကိုကြီးဆိုလျှင် ပိုမို၍ပင် စကားပြောခဲ့ပြီး သူ့ကိုသူသာ သီးခြားတံခါးပိတ် ကျင့်နေလေ၏။

နဝမတောင်ထွတ်၏ နေထိုင်ပြုမူပုံကြောင့် မိန်းကလေး၏အသံသည် တောင်ထဲသို့ ပျံ့နှံ့သွားပြီး အချိန်အတော်ကြာ သွားသော်လည်း မည်သည့်အဖြေမှ ပြန်မလာခဲ့ပေ။

စုမင်သည် သူမအသံကိုကြားသော်လည်း ထိုအရာနှင့်ပတ်သက်ပြီး စိတ်အနှောင့်အယှက် အဖြစ်ခံမနေခဲ့ချေ။ သတ္တမတောင်ထွတ်၏ အကြီးဆုံးစီနီယာအစ်မကြီး ဆိုသူမှာ မည်သူမှန်းလည်း သူမသိသောကြောင့် သူမသိသည့်လူများနှင့် မတွေ့ဆုံချင်ပေ။

မိန်းကလေးသည် အချိန်အတော်ကြာ စောင့်နေခဲ့မိပြီးနောက်တွင် မျက်မှောင်ကြုတ်လိုက်ပြီး တောင်လှေကားထစ်များအတိုင်း တက်သွားလိုက်သည်။ သူမသည် ယခင်က ဤနေရာသို့ မရောက်ဖူးသော်ငြား သူမဤနေရာသို့ မလာခင်တွင် စုမင်၏ လိုဏ်ဂူနေရာနှင့်  ပတ်သက်၍ တစ်စုံတစ်ဦးထံမှ မေးမြန်းလာခဲ့သည်မှာ ရှင်းနေချေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ဤနေရာအား အလွန်အမင်းရင်းနှီး  ကျွမ်းဝင်နေဟန်ဖြင့် လျှောက်လှမ်းတက်သွားသောကြောင့်ပင် ဖြစ်သည်။ ခဏအကြာတွင် တိတ်ဆိတ်နေသော နဝမတောင်ထွတ်ပေါ်ရှိ စုမင်လိုဏ်ဂူရှေ့သို့ ရောက်ရှိသွားသော်ငြား သူမလမ်းကြောင်းကို ကျီချဲက ပိတ်ဆို့ထားခဲ့သည်။

ကျီချဲသည် အေးစက်စက်  သီးသန့်ဆန်သော မျက်နှာထားနှင့် အပြင်ဘက်တွင် ထိုင်နေရင်း မိန်းကလေးကို စိုက်ကြည့်နေခဲ့သည်။

“ဆရာဦးလေးက ဘယ်သူ့ကိုမှ တွေ့မှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး ပြန်လိုက်ပါ”

“ဒါဆို ရှင်က စီနီယာအစ်ကို ကျီချဲပေါ့။ ကျွန်မက ချန်ချန်းအာပါ။ သတ္တမတောင်ထွတ်ရဲ့ အကြီးဆုံးစီနီယာ အစ်မကြီးက ဘယ်သူလဲဆိုတာ ရှင်သိလောက်မှာပါ။ ကျွန်မက အကြီးဆုံးစီနီယာ  အစ်မကြီးရဲ့ အမိန့်အရ ဆရာဦးလေးစုကို လာဖိတ်ခေါ်တာပါ။ ကျေးဇူးပြုပြီး ဒီစကားကို ကျွန်မအစား သူ့ကိုပြောပြပေးပါ”

မိန်းကလေး၏ ရှင်းလင်းချိုသာသော အသံလေးထွက်ပေါ်လာချိန်တွင် သူမ၏ မျက်နှာ အမူအရာကလည်း တည်ငြိမ် အေးဆေးနေခဲ့သည်။ သူမသည် ကျီချဲ၏စွမ်းအားကို လုံးဝပင် ဂရုမစိုက်သကဲ့သို့ ပုံစံမျိုးဖြစ်သည်။

ကျီချဲ မျက်မှောင်ကြုတ်လိုက်မိသည်။ သတ္တမတောင်ထွတ်၏ အကြီးဆုံးစီနီယာ အစ်မကြီး ထျန်းလန်မုန်ကို သူသိပေသည်။ ထိုအမျိုးသမီးသည် ကြီးမြတ်သော  ဆီးနှင်းဖုံးလွင်ပြင်များ အဆင့်ဇယားတွင် နံပါတ်၁ချိတ်နေသူ ဖြစ်သည်။ စစ်မာရှင်းကဲ့သို့ပင်၊ သူမသည်လည်း မာန်နတ်ဘုရား ဖြစ်လာနိုင်ချေရှိသည်ဟု လူသိများ ကျော်ကြားသူများထဲမှ တစ်ဦးပင်။

သူခဏတာ တိတ်ဆိတ်နေပြီးမှ ထရပ်လိုက်ပြီး စုမင်လိုဏ်ဂူထဲသို့ လျှောက်သွားလိုက်သည်။ ခဏအကြာတွင် ကျီချဲသည် ပြတ်သားသော မျက်နှာအမူအရာနှင့် ပြန်ထွက်လာခဲ့သည်။ ထို့နောက် သူ့လက်ကို ခါယမ်းကာ ပြောလိုက်သည် “သူက သူမနဲ့တွေ့မှာ မဟုတ်ဘူး”

မိန်းကလေးသည် မျက်မှောင်ကြုတ်ကာ သူမနှင့် သိပ်မဝေးသောနေရာတွင် ရှိသည့် စုမင်၏ လိုဏ်ဂူဆီသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ အလင်းတန်းတစ်ခု အသွင်ပြောင်းလျက် ပြန်လည် ထွက်ခွာသွားသည်။

ခဏအကြာတွင် စစ်မာရှင်းနှင့် စုမင်တို့ကြား တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရသော ဆံပင်ရှည်နှင့် အမျိုးသမီးသည် သတ္တမတောင်ထွတ်ထိပ်ရှိ ကျောက်တုံးကြီးပေါ်တွင်ထိုင်လျက် စုမင်ပြုလုပ်ခဲ့သော စုတ်ချက်၏ စွမ်းအားကို ပုံတူကူးနေရင်းမှ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“သူက ငါ့ကို မတွေ့ဘူးပေါ့၊ ဟမ်”

“ဟုတ်ပါတယ်၊ အကြီးဆုံး စီနီယာအစ်မ။ အဲဒီစုမင်က အရမ်းမောက်မာလွန်းတယ်။ သူက သူ့ကိုသူ ကျွန်မတို့ ဆရာဦးလေးလို့ တကယ် ထင်နေတာပဲ။ အစ်မကြီးအမိန့်ကြောင့် အဲဒီကိုလာတာပါလို့ ကျွန်မပြောခဲ့တာတောင် ...”

စကားပြန်ပြောလိုက်သူသည် နဝမတောင်ထွတ်မှ ယခုလေးတင် ပြန်ရောက်လာသော မိန်းကလေးဖြစ်ပြီး သူမမျက်နှာက ဒေါသကြောင့် အနီရောင်ပြောင်းလုမတတ်ပင် ...

“အဆင်ပြေပါတယ်။ ဒါကို ယူသွားပြီး အဲဒီကိုထပ်သွားကြည့်”

ဆံပင်ရှည်နှင့် အမျိုးသမီးသည် အသက်ရှူမှားလောက်ဖွယ် လှပလွန်းသည်။ သူမသည် ဆံပင်ရှည်များကို လက်ဖြင့် အနောက်သို့ပို့လိုက်ပြီး ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူကာ မိန်းကလေးထံ လှမ်းပေးလိုက်၏။

မိန်းကလေးက သေတ္တာလေးကို လှမ်းယူလိုက်သည်။ ထိုအထဲတွင် ဘာရှိနေမှန်း သူမ သိချင်နေသော်လည်း ဘာတစ်ခုမှမမေးခဲ့ပဲ ရိုးရိုးရှင်းရှင်းသာ ခေါင်းညိတ်ပြပြီး ထွက်ခွာသွားချေသည်။

ခဏအကြာ နဝမတောင်ထွတ်ပေါ်တွင်၊ ကျီချဲသည် စုမင်လိုဏ်ဂူအတွင်း၌ ရပ်နေပြီး ကျောက်စိမ်းသေတ္တာကို စုမင်ရှေ့သို့ လေးလေးစားစား ချထားပေးလိုက်သည်။ ထို့နောက် နောက်သို့ ခြေလှမ်း အနည်းငယ်ဆုတ်ကာ ရပ်လိုက်ပြီး ညွှန်ကြားလာမည့်အရာကို စောင့်ဆိုင်းနေလိုက်၏။

စုမင်သည် ကျောက်စိမ်းသေတ္တာအား အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးမှ ဖွင့်ကြည့်လိုက်သည်။  သူထိုသို့ လုပ်လိုက်သည်နှင့် လိုဏ်ဂူတစ်ခုလုံး လင်းထိန်သွားခဲ့သည်။ ကျောက်စိမ်းသေတ္တာအတွင်း ရှိနေသောအရာသည် ရွှေသားကျောက်ဒင်္ဂါးတစ်ခု ဖြစ်သည်။

ရွှေသားကျောက်ဒင်္ဂါးသည် စိန်တုံး ပုံစံမျိုးရှိပြီး တောက်ပနေသည်။ ၎င်းသည် အခြားသူများအား အိပ်မက်ဆန်ဆန် ခံစားမှုမျိုး ပေးစွမ်းနေပြီး လူတို့၏ ဝိညာဉ်များအား ကျောက်ဒင်္ဂါးအတွင်း စုပ်ယ ူခံနေရသကဲ့သို့လည်း ခံစားသွားမိစေသည်။

“သာလွန်အဆင့် ကျောက်ဒင်္ဂါးတစ်ခု”

ကျီချဲ အသက်ကိုပင် ခပ်ပြင်းပြင်း ရှူရှိုက်လိုက်မိသည်။ ၎င်းသည် တစ်ခုတည်းဆိုသော်ငြား ရွှေသားကျောက်ဒင်္ဂါးတစ်ခု၏ တန်ဖိုးသည် မယုံနိုင်လောက်အောင် မြင့်မားနေဆဲ ဖြစ်သည်။ ထို့အပြင် ၎င်းသည် အလွန့်အလွန်လည်း ရှားပါးသေး၏။ ဤကဲ့သို့ ရွှေသားကျောက်ဒင်္ဂါး တစ်ခုသည် သာမန်ကျောက်ဒင်္ဂါး ၁၀၀၀၀၀ နှင့် ညီမျှချေသည်။

သို့သော် စုမင်ကမူ ဤကျောက်ဒင်္ဂါးနှင့် ပတ်သက်၍ ကျီချဲနှင့် မတူကွဲပြားစွာ ခံစားနေရသည်။ ဤအရာအတွင်းတွင် ထိတ်လန့်တုန်လှုပ်ဖွယ် စိတ်ဝိညာဉ်စွမ်းအား အငွေ့အသက်များ ပါဝင်နေပြီး ၎င်း၏ သိပ်သည်းဆကြောင့် စုမင်၏ နတ်ဘုရားအာရုံအား ထိုအရာအတွင်းသို့ စုပ်ယူခံနေရသည်ဟုပင် ခံစားနေရချေသည်။

‘သူမက ငါ့ကိုတွေ့ရဖို့အတွက်နဲ့ ဒီလို အရည်အသွေးရှိတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတစ်ခုကို ပို့လိုက်တယ် ...’

စုမင်မျက်လုံးများက တောက်ပသွားပြီး သေတ္တာကိုပြန်ပိတ်ကာ ကျီချဲဆီသို့ တွန်းပို့လိုက်သည်။

“ငါ သူမနဲ့ မတွေ့ဘူး”

ကျီချဲသည် နှုတ်ခမ်းကို သပ်လိုက်မိပြီးမှ သေတ္တာကို ကောက်ယူကာ လိုဏ်ဂူအပြင်သို့ ထွက်လာခဲ့သည်။

ထို့နောက်တွင် အလင်းတန်းတစ်ခုသည် သတ္တမတောင်ထွတ်ပေါ်ရှိ ကျောက်တုံးစင်မြင့်ရှိရာသို့ ပျံသန်းထွက်ခွာသွားသည်။ မကြာမီတွင် သတ္တမတောင်ထွတ်ပေါ်၌ ချန်ချန်းအာ၏ ဒေါသထွက်နေသော အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

“အကြီးဆုံး စီနီယာအစ်မ၊ အဲဒီစုမင်က အရမ်းမာန ထောင်လွှားလွန်းတယ်။ သူက အခုထိ တွေ့ဖို့ကို ငြင်းနေတုန်းပဲ။ သူ့ကိုသူ ဘယ်သူထင်နေလဲ မသိဘူး။ အစ်မက သူ့ကို တွေ့ဆုံဖို့ နှစ်ခါပြောတာတောင် သူကအစ်မကို လျစ်လျူရှုနေတုန်းပဲ”

မိန်းကလေးသည် အမျိုးသမီးထံသို့ သေတ္တာကို ပြန်ပေးလိုက်ပြီး နံဘေးတွင်ရပ်ကာ အဝေးရှိ နဝမတောင်ထွတ် ရှိရာသို့ လှမ်းကြည့်ရင်း ဒေါသူပုန်ထနေလေသည်။

“ရပါတယ်။ ဒီသေတ္တာကို ပို့ပေးပါဦး”

ဆံပင်ရှည်နှင့် အမျိုးသမီးသည် နူးနူးညံ့ညံ့ပြုံးလျက် အခြားသေတ္တာတစ်လုံးကို ထုတ်လာချေသည်။ သူမသည် ဤကဲ့သို့ဖြစ်လာမည်ကို ယခင်တည်းက ခန့်မှန်းထားမိခဲ့ပြီးဖြစ်၍ ယခုလိုသေတ္တာမျိုးကို တစ်ခုထက်ပို၍ ပြင်ဆင်ထားသကဲ့သို့ပင်။

သို့သော် မိန်းကလေးကမူ ဒေါသထွက်နေသဖြင့် ဤအရာကို သတိပြုမိပုံမပေါ်ပေ။ သူမသည် အမျိုးသမီး၏အသံကို ကြားသောအခါ မူလတွင် မသွားချင်ခဲ့သော်လည်း အဆုံးတွင်တော့ နာခံစွာဖြင့် သေတ္တာကိုယူကာ အဝေးသို့ ပျံသန်းထွက်ခွာ သွားလေသည်။

 ‘စုမင်၊ မင်းလာချင်တဲ့ စိတ်ဆန္ဒဖြစ်ပေါ်လာတဲ့အထိ ငါ့ကိုပစ္စည်းဘယ်လောက်များများ ထုတ်လာအောင် လုပ်နိုင်မလဲဆိုတာ ငါသိချင်မိတယ်’

ဆံပင်ရှည်နှင့် အမျိုးသမီးသည် အေးအေးဆေးပင်ပြုံးလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။

နဝမတောင်ထွတ်တွင်၊ စုမင်ရှေ့ရှိ သေတ္တာထဲမှ တစ်ခုအပေါ် တစ်ခုထပ်ကာ ခေါက်ထားသော သားရဲအရေများကို ကြည့်နေရင်းဖြင့် လျင်မြန်လာသော ကျီချဲ၏ အသက်ရှူသံသည် စုမင်လိုဏ်ဂူအတွင်း ပဲ့တင်ထပ်ထွက်ပေါ်နေခဲ့သည်။ သားရဲအရေများပေါ်တွင် စကားလုံးလေးလုံးရှိပြီး ၎င်းတို့မှာ ... မာန်နတ်ဘုရား အသွင်ပြောင်းလဲခြင်း ဟူ၍ပင်။

‘ကျောင်းတော်ရဲ့ အသိအမှတ်ပြုမှုကိုရပြီး မာန်နတ်ဘုရား ဖြစ်လာနိုင်ချေရှိတဲ့ တပည့်တွေကိုပဲ မာန်နတ်ဘုရား အသွင်ပြောင်းလဲခြင်း ဆိုတဲ့ နတ်ဘုရားစွမ်းရည် ပညာရပ်ကို ပေးအပ်တာ ... ထျန်းလန်မုန်က အဲပစ္စည်းကို ဒီကိုတကယ် ပို့ပေးလိုက်တာလား’

ကျီချဲသည် ရွှေသားကျောက်ဒင်္ဂါးတုန်းက သိပ်အာရုံမစိုက်ပဲ နေနိုင်ရန် ပြုလုပ်နိုင်ခဲ့သော်လည်း ဤသားရဲအရေများကိုတော့ ဂရုမစိုက်ပဲ မနေနိုင်ပါချေ။

သူ့အသက်ရှူသံများပင် လျင်မြန်လာခဲ့ရသည်။ သူသာ စုမင်ဆိုလျှင်၊ တုံ့ဆိုင်းခြင်း အလျဉ်းမရှိပဲ ဤပစ္စည်းများကို လက်ခံလိုက်မှာဖြစ်သည်။

‘အဲဒါက သူမကို သွားတွေ့ရုံလေးပဲလေ ...’

အလွန်ခက်ခဲစွာ အားစိုက်ထုတ်နိုင်လိုက်ပြီးမှသာ ကျီချဲတစ်ယောက် သားရဲ အရေပြားများထံမှ အကြည့်ခွာလိုက်နိုင်ပြီး စုမင်ကို လှမ်းကြည့်မိ၏။

စုမင် အမူအရာသည် တည်ငြိမ်နေဆဲပင်ဖြစ်သည်။ သူသည် သူ့ရှေ့ရှိ သေတ္တာအတွင်းမှ သားရဲအရေများကို ရိုးရိုးရှင်းရှင်း တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး မျက်လုံးပြန်မှိတ်သွားလေသည်။ ခဏကြာပြီးနောက် သူ့မျက်လုံးများ ပြန်ပွင့်လာချိန်တွင် သူသည် သေတ္တာကို ပြန်ပိတ်လိုက်ပြီး ကျီချဲထံသို့ တွန်းပို့လိုက်သည်။

“ငါ သူမနဲ့ မတွေ့ဘူး”

ကျီချဲ အလွန်အမင်း အံ့အားသင့်သွားရသည်။ တစ်စုံတစ်ရာ ပြောလိုဟန်ဖြင့် သူပါးစပ်ဟလိုက်မိသော်လည်း စုမင် အမူအရာကို မြင်လိုက်မိချိန်တွင် စကားလုံးများကို အလျင်အမြန် ပြန်မျိုချပြီး သေတ္တာကို ကောက်ယူလိုက်ကာ အလွန်စိတ်မကောင်းစွာဖြင့် အပြင်သို့ ပြန်ထွက်သွားချေသည်။

‘ငါ့ကို ဒီတန်ဖိုးကြီးပစ္စည်းတွေ အကုန်လုံး ပြပြီးတော့ သူမက ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာကို ကြံစည်နေတာဖြစ်ရမယ် ... ငါ ဒီမိန်းမကို အရင်က မမြင်ဖူးဘူး။ ဒီတော့ ငါ သူမပစ္စည်းတွေကိုမယူတာ အကောင်းဆုံး ဖြစ်လိမ့်မယ်”

မကြာမီမှာပင် နားဝင်ချိုသော အသံလေးသည် ယခင်တစ်ကြိမ်လိုပင် သတ္တမတောင်ထွတ်ပေါ်၌ နောက်တစ်ကြိမ်ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ ထိုအသံသည် ပိုမိုပြတ်သား ကျယ်လောင်လာသလို အသံအတွင်းမှ ဒေါသသည်လည်း ပိုမိုထင်ရှားလာချေပြီ၊

“ကျွန်မ ထပ်မသွားတော့ဘူး၊ အကြီးဆုံး စီနီယာအစ်မ။ ကျွန်မ ထပ်သွားမှာ မဟုတ်ဘူး။ အဲဒီစုမင်က သူ့ကိုသူ ဘယ်သူများ ထင်နေတာလဲ မသိဘူး။ သူက စစ်မာရှင်းကိုတောင် အနိုင်မတိုက်နိုင်ခဲ့ပဲနဲ့၊ အရမ်း မာနထောင်လွှားလွန်းတယ်။ အစ်မက သူ့ကိုသုံးကြိမ်တောင် ဖိတ်ခဲ့တာ။ တစ်ကြိမ်ဆိုရင် သူ့ကိုလေးစားမှုပြဖို့ လုံလောက်နေပြီကို သူက ငြင်းနေတုန်းပဲ”

ဆံပင်ရှည်နှင့် အမျိုးသမီးသည် ပြုံးမြဲပြုံးနေဆဲပင်။ သို့သော် ထိုအပြုံးထဲတွင် အေးစက်မှုများ မပါဝင်ရုံသာမက ထိုမိန်းကလေး နားမလည်နိုင်မည့် လေးနက်မှု အရိပ်အမြွက်ပင် ပါဝင်နေသေးသည်။ သူမသည် စုမင်၏ လုပ်ရပ်များကြောင့် စိတ်မဆိုးသည့်အပြင် ထိုအရာများကြောင့် စုမင်အပေါ်သို့ လေးစားမှုများ ပိုမိုတိုးပွားလာသကဲ့သို့ပင်။

“ငါက သူ့ကို အပေါ်ယံလောက်ပဲ ရှုမြင်ထားမိတာပဲ။ သူ့ကို ဒါပေးလိုက်”

ဆံပင်ရှည်နှင့် အမျိုးသမီးသည် ခဏတာ ငြိမ်သက်နေပြီးမှ လေထဲသို့လက်ဖြင့် ဆွဲယူဟန်ပြုလိုက်ချိန်တွင် သူမလက်များထဲ၌ အခြားသေတ္တာတစ်လုံး ထပ်မံပေါ်ထွက်လာသည်။ ဤသေတ္တာသည် ယခင်သေတ္တာများနှင့် မတူကွဲပြားနေသည်မှာ အရှင်းအလင်းပင်ဖြစ်ပြီး ၎င်းက ခုနစ်ပေခန့် ရှည်လျားချေသည်။

“သူက ဒါကိုပါ ပြန်ပို့နေတုန်းဆိုရင်တော့၊ သူ့ကို ဒီဝါးစာလိပ်ပေးလိုက်”

အမျိုးသမီးသည် သေတ္တာရှည်ကို မိန်းကလေးထံ ပေးလိုက်ပြီးနောက် လက်နှစ်ချောင်းအရွယ် ဝါးစာလိပ်တစ်ခုကို ရင်ဘတ်ထဲမှ ထုတ်ယူလိုက်ပြီး မိန်းကလေး၏ လက်များထဲသို့ ထည့်ပေးလိုက်သည်။

“ကောင်းပါပြီ၊ ညီမငယ် ချန်းအာ၊ ဒါက နောက်ဆုံးအကြိမ်ပါပဲ။ သူက ဒါတွေကိုပါ ပြန်ပို့နေဆဲပဲ ဆိုရင်တော့၊ ငါတို့ ဒီအကြောင်းကို မေ့လိုက်ကြတာပေါ့” ဆံပင်ရှည်နှင့် အမျိုးသမီးက နူးညံ့စွာပြောသည်။

သူမအသံထဲတွင် ချန်ချန်းအာတစ်ယောက် သူမတောင်းဆိုချက်ကို မငြင်းပယ်နိုင်သည့် အားတစ်မျိုး ပါဝင်နေခဲ့သည်။ ချန်းအာသည် ခေါင်းကိုသာ ငုံ့လိုက်ပြီး နာခံစွာ ခေါင်းညိတ်ပြလိုက်မိ၏။

“ဒါက နောက်ဆုံးအကြိမ်နော်”

“ဟုတ်တယ်။ ဒါက နောက်ဆုံးပဲ”

ဆံပင်ရှည်နှင့်အမျိုးသမီးက ပြုံးပြလိုက်သည်။ ထိုအပြုံးသည် အသက်ရှူမှားလောက်ဖွယ် အပြုံးမျိုး ဖြစ်သည်။ သူမက မိန်းကလေး၏ ဆံပင်များကို ခပ်ဖွဖွ သပ်ပေးလိုက်သည်။

ထိုကြမှသာ ချန်ချန်းအာသည် အလင်းတန်းတစ်ခု အသွင်ပြောင်းလျက် နဝမတောင်ထွတ်သို့ ထွက်ခွာသွားလေသည်။

ဤနေ့တော့ ငြိမ်းချမ်းမှုသည် နဝမတောင်ထွတ်နှင့် အဝေးသို့ ထွက်ပြေးတိမ်းရှောင်သွားသကဲ့သို့ပင်။ စုမင်လိုဏ်ဂူထဲတွင် ကျီချဲ၏အသက်ရှူသံသည် သူ မာန်နတ်ဘုရား အသွင်ပြောင်းလဲခြင်း ပညာရပ်ကို မှတ်တမ်းတင်ထားသော သားရဲအရေများအား မြင်ခဲ့ရသော အကြိမ်ထက်ပင် ပိုမိုမြန်ဆန်လာခဲ့ရသည်။

“အေးခဲကောင်းကင် ဓားရှည် ... အေးခဲကောင်းကင်ကလန်ထဲမှာ  အေးခဲကောင်းကင်ဓားရှည်ကို နှစ်ပေါင်း၅၀၀မှ တစ်ကြိမ် သွန်းလုပ်တာ။ ဒီဓားရှည်က ကျောင်းတော်ကို ကူညီပေးခဲ့တဲ့တပည့်တွေကိုပဲ ကောင်းကင်ဘုံတံခါးဝက ချီးမြှင့်တာ ... ထျန်းလန်မုန်က တကယ်ကြီး ဒါကိုထုတ်လာတာလား။ ဒါ ... ဒါက ...”

စုမင်ရှေ့ရှိ သေတ္တာအတွင်းမှအရာကို မြင်လိုက်ချိန်တွင် ကျီချဲ ထိတ်လန့်တုန်လှုပ်သွားခဲ့ရခြင်း ဖြစ်သည်။ ထိုမိန်းမ အဘယ်အကြောင်းကြောင့် ဤသို့ပြုမူနေရသည်ကို သူတကယ် နားမလည်နိုင်တော့ပေ။

စုမင် သေတ္တာအတွင်းမှ ဓားရှည်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ထိုဓားရှည်သည် ရေခဲဓားရှည် တစ်ချောင်းဖြစ်ပြီး လုံးဝပင်ထွင်းဖောက်မြင်နိုင်၏။ ၎င်းထံမှ အေးစက်စက်လေထု တစ်ခုကိုလည်း ထုတ်လွှတ်လျက်ရှိသည်။

ဤအရာသည် အလွန်ကောင်းမွန်သော ရတနာတစ်ခု ဖြစ်သည်။

“အေးခဲကောင်းကင် ကလန်ထဲမှာ ထုတ်ပေးထားတဲ့ အေးခဲကောင်းကင်ဓားရှည် ၁၄ချောင်းပဲရှိတယ်။ ဓားရှည်တိုင်းမှာ ပညာရပ်တစ်ခုကို ထည့်သွင်းမြုပ်နှံထားတယ်။ သိသိသာသာကိုပဲ မင်းက အဲဒါနဲ့သာ အေးခဲကောင်းကင်လိုဏ်ဂူထဲ ဝင်မယ်ဆိုရင် အများကြီး ပိုလွယ်ကူသွားလိမ့်မယ် ...”

ကျီချဲမျက်နှာပေါ်တွင် အလွန်အမင်း လိုချင်တောင့်တသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။

စုမင်သည် ဓားရှည်ကိုကြည့်လျက် ငြိမ်သက်နေခဲ့သည်။ သူ့မျက်လုံးများသည် ဓားရှည်ကို ကြည့်နေသော်လည်း သူ့နှလုံးသားကမူ ထိုအပေါ်တွင် ရှိမနေခဲ့ပဲ ထိုအစား သူ့ကိုယ်ပိုင် အတွေးများထဲတွင်သာ နစ်မြုပ်နေခဲ့ချေသည်။

‘ပထမက ရွှေသားကျောက်ဒင်္ဂါး၊ နောက်တော့ မာန်နတ်ဘုရား အသွင်ပြောင်းလဲခြင်း၊ အခုတော့ ဒီအေးခဲကောင်းကင် ဓားရှည် ... သတ္တမတောင်ထွတ်ရဲ့ အကြီးဆုံး စီနီယာအစ်မ၊ ကြီးမြတ်သော ဆီးနှင်းဖုံးလွင်ပြင်များ အဆင့်ဇယားရဲ့ နံပါတ်၁ ထျန်းလန်မုန် ... မင်းရဲ့ရည်ရွယ်ချက်က ဘာများလဲ ...’

စုမင် မျက်မှောင်ကြုတ်ထားမိသည်။

ကျီချဲတစ်ယောက် ခဏတာ တွန့်ဆုတ်နေပြီးမှ ခပ်တိုးတိုးအသံလေးဖြင့် စုမင်ကိုစည်းရုံးနားချရန် ကြိုးစားလိုက်သည်။ “ဆရာဦးလေး၊ ဒီဓားရှည် ... မင်း ဒီဓားရှည်ကို ယူသင့်တယ်”

“သူမက ငါ့ကို တစ်ခုခုဆီ ဦးဆောင်ဆွဲခေါ်နေတာပဲ ...”

စုမင် ကျီချဲကို တစ်ချက်မော့ကြည့်လိုက်ပြီးနောက် သူ့ရှေ့ရှိသေတ္တာကို ပြန်ပိတ်လိုက်ပြီး ကျီချဲထံသို့ နောက်တစ်ကြိမ် တွန်းပို့လိုက်သည်။

“ငါ သူမနဲ့ တွေ့မှာမဟုတ်ဘူး”

ကျီချဲသည် အံ့အားမှုကြောင့် သူ့မေးရိုးများပင် ပြုတ်ကျသွားသည်ဟု ခံစားလိုက်ရပြီး ခဏအကြာမှပင် သက်ပြင်းတစ်ချက်ချလိုက်မိ၏။ ခဏတာ တွန့်ဆုတ်နေပြီးမှသာ သက်ပြင်းချရင်းဖြင့် သေတ္တာကိုသယ်ဆောင်ကာ တွန့်ဆုတ်စွာ ထွက်ခွာသွားလေသည်။

သို့သော် ခဏအကြာမှာပင် သူပြန်ဝင်လာခဲ့သည်။ ဤတစ်ကြိမ်တွင်၊ သူ့မျက်နှာထက်၌ ထူးဆန်းသော အမူအရာတစ်ခု ရှိနေသည်။ စုမင် လှမ်းကြည့်လိုက်သောအခါ သူ့ထံသို့ ဝါးစာလိပ်တစ်ခုကို လေးလေးစားစား ကမ်းပေးလာခဲ့သည်။

“သူတို့ပြောတာတော့ ဒါက သူတို့ကမ်းလှမ်းနိုင်တဲ့ နောက်ဆုံးပစ္စည်းပဲတဲ့” ကျီချဲ ခပ်တိုးတိုး ပြောဆိုလိုက်သည်။

စုမင် ဝါးစာလိပ်ကိုယူကာ တစ်ချက်ကြည့်လိုက်သည်။

သူထိုသို့ကြည့်လိုက်သည့် အချိန် အခိုက်အတန့်လေးမှာပင် သူ့အမူအရာက ပြောင်းလဲသွားခဲ့သည်။ ရွှေသား ကျောက်ဒင်္ဂါး၊ မာန်နတ်ဘုရား အသွင်ပြောင်းလဲခြင်းနှင့် အေးခဲကောင်းကင်ဓားရှည်များကို မြင်ခဲ့ချိန်မှာပင် စုမင်၌ ဤကဲ့သို့ ပြင်းထန်သော အမူအရာမျိုး မဖြစ်ပေါ်ခဲ့ဖူးပေ။

ကျီချဲ ခဏတာအံ့အားသင့် မှင်တက်သွားမိပြီး ဝါးစာလိပ်ကို တစ်ချက်ခိုးကြည့်လိုက်ရာ ထိုအရာသည် ဗလာကြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုအပေါ်တွင် မည်သည့်အရာမျှ ရေးဆွဲထားခြင်းမရှိသဖြင့် စုမင် အမူအရာကို မြင်လိုက်ရသောအခါ အဘယ်အရာက စုမင်ကို ဤအမူအရာမျိုး ဖြစ်သွားစေမှန်း သူနားမလည်နိုင်တော့ပေ။

စုမင်သည် သူ့ရှေ့ရှိ ဝါးစာလိပ်ကို အချိန်အတော်ကြာ ငေးမောကြည့်နေပြီးမှ မျက်လုံးများကို မှိတ်ချလိုက်သည်။

ထို့နောက် မျက်လုံးများကိုပြန်ဖွင့်လိုက်ပြီး ထရပ်လိုက်သည်။

“ကျီချဲ၊ ငါအပြင်ကို ခဏသွားဦးမယ်။ မင်းငါ့နောက် လိုက်လာပေးစရာ မလိုဘူး”

***

All Chapters