← Chapters

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇) - ဓားစွမ်းအင်နှင့် ဗုဒ္ဓအမျက်သင့်ကြာပန်းတို့၏ ထိပ်တိုက်ရင်ဆိုင်မှု

ဒင်... ဒင်... ဒင်...။

ကြည်လင်ပြတ်သားလှသော လက်နက်ချင်း ထိခတ်ပွတ်တိုက်သံသည် လေထုထဲ၌ ရုတ်ခြည်း ပဲ့တင်ထပ်လာပြီး ထိုတိုက်ခိုက်မှုမှတစ်ဆင့် မီးပွားများ ဖြာထွက်လာသည်။ ရှောင်ယန်သည် ပြိုင်ဘက်၏ စွမ်းအင်ကို အတင်းအကြပ် ဖျက်ဆီးပစ်ပြီးနောက် အချိန်ဆွဲမနေတော့ဘဲ သူ၏လက်ထဲရှိ သံပေတံဓားကြီးကို အောက်ဘက်တွင်ရှိသော နာ့လန်ရန်ယန်ထံသို့ လှံတစ်စင်းကဲ့သို့ အားကုန်လွှဲ၍ ပစ်လွှတ်လိုက်လေသည်။

"မကောင်းတော့ဘူး"

နာ့လန်ရန်ယန်၏ သွယ်လျနွဲ့နှောင်းသော ကိုယ်လုံးလေးသည် အနည်းငယ် တုန်သွားပြီး သူမ၏ အနီးသို့ ကပ်လာသော သံပေတံဓားကြီးကို ကြည့်ရင်း မျက်နှာအမူအရာမှာလည်း သိသိသာသာ ပျက်ယွင်းသွားသည်။

"လေဒလက်စွမ်းအား"

နာ့လန်ရန်ယန်သည် သူမ၏ ရှေ့၌ ထူးဆန်းသော လက်ဟန်တစ်ခုကို လျင်မြန်စွာ ဖော်ထုတ်လိုက်ရာ ပြင်းထန်သော မိုးပြာရောင် လေပွေတစ်ခုသည် ရှေ့တွင် ပေါ်ထွက်လာပြီး သံပေတံဓားကြီး၏ အရှိန်ကို အတင်းအကြပ် ခုခံတားဆီးလိုက်သည်။

ဘုန်း...။

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ရှောင်ယန်၏ သံပေတံဓားကြီးသည် ပြင်းထန်လှသော ထိုတိုက်ခိုက်ရေးနည်းစနစ်ကို ရင်ဆိုင်ရသည့်အခါ အသုံးမဝင်တော့ပေ။ စွမ်းအင်ကို တိုက်ရိုက်ပစ်လွှတ်လိုက်သော်လည်း အရာမထင်ဘဲ လေထဲတွင် အကြိမ်ကြိမ် လည်နေကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်ပြီး သဲမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ဤမြင်ကွင်းကို ကြည့်နေကြသော ပရိသတ်များမှာ မနာလိုမှုများဖြင့် ငေးမောနေကြသည်။ နာ့လန်ရန်ယန်သည် 'လေဒလက်စွမ်းအား'ကဲ့သို့သော တိုက်ခိုက်ရေးပညာရပ်ကိုပင် တတ်မြောက်ထားလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။ ယွင်ယွင်သည် သူမ၏ တပည့်ကို စစ်မှန်သော တိုက်ခိုက်ရေးနည်းများစွာကို သင်ကြားပေးထားခဲ့ပုံရသည်။

ရှောင်ယန်သည် လေထဲတွင် ပျံဝဲနေပြီး သူ၏ ကျောဘက်ရှိ ခရမ်းရောင် သိုင်းအတောင်ပံများကြောင့် ကြည့်ရှုနေသူများမှာ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။ "ဒါက ဝေဟင်ပျံသန်းနိုင်တဲ့ တိုက်ခိုက်ရေးကျင့်စဉ်ပဲ၊ ရှောင်မိသားစုက ဒီကောင်လေးမှာလည်း ကံကောင်းခြင်းတွေ အများကြီး ရှိနေပုံရတယ်"

"ဒီတစ်ခါတော့ နာ့လန်ရန်ယန်အတွက် ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်လာတော့မှာပဲ"

ကျန်းရှင်းထျန်းသည် သူ၏ မျက်မှန်ကို ပင့်တင်ရင်း ပြောလိုက်သည်။ ဝေဟင်ပျံသန်းတိုက်ခိုက်ရေးကျင့်စဉ်သည် လူတစ်ဦးကို လေထဲတွင် ဝဲပျံနေစေရုံသာမက အရှိန်နှင့် တုံ့ပြန်နိုင်စွမ်းကိုလည်း သိသိသာသာ မြှင့်တင်ပေးနိုင်သည်။ ပြိုင်ဘက်က ဝေဟင်ပျံသန်းတိုက်ခိုက်ရေးကျင့်စဉ်ကို အသုံးပြုလိုက်သည်ကို မြင်သောအခါ ဤလူငယ်၏ စွမ်းရည်မှာလည်း မနိမ့်လှကြောင်း သူ သိလိုက်သည်။

ရေခဲဧကရာဇ် ဟိုင်ပေါ်တုန်းကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ စင်စစ်အားဖြင့် ဝေဟင်ပျံသန်းတိုက်ခိုက်ရေးကျင့်စဉ်သည် အလွန်ပင် တန်ဖိုးကြီးလှသည်။ ဤကောင်လေး၌ ထိုသို့သော ထူးခြားသည့် တန်ဖိုးကြီးကျင့်စဉ်မျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

ယခုမူ မြန်မြန်ဆန်ဆန်နှင့် အနိုင်ယူဖို့ရာမှာ လွယ်ကူတော့မည်မဟုတ်ပေ။

"ဝေဟင်ပျံသန်းတိုက်ခိုက်ရေးကျင့်စဉ်လား၊ မင်းဆီမှာ ဒီလို တန်ဖိုးကြီးတဲ့ ကျင့်စဉ်မျိုး ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး"

နာ့လန်ရန်ယန်၏ လှပသော မျက်ဝန်းများထဲတွင် တည်ငြိမ်လေးနက်မှုများ အစားထိုးဝင်ရောက်လာပြီး အမူအရာမပျက်ယွင်းဘဲ ရှိနေသော ရှောင်ယန်ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

သူမ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ရှောင်ယန်၏ ဝေဟင်ပျံသန်းတိုက်ခိုက်ရေးစွမ်းရည်သည် သူတို့ကြားက ကြယ်နှစ်ပွင့်အဆင့် ကွာဟချက်ကို လျော့ပါးသွားစေနိုင်သော်လည်း သိုင်းဆရာသခင် အဆင့်သို့ ရောက်ရှိနေသော နာ့လန်ရန်ယန်သည် အလွယ်တကူ အရှုံးပေးမည့်သူ မဟုတ်သည်မှာ အသေအချာပင်ဖြစ်သည်။

နာ့လန်ရန်ယန်၏ အသံသည် တဖြည်းဖြည်း တိုးသွားသည်နှင့်အမျှ သူမ၏ ဝတ်ရုံနှင့် ရှည်လျားသော ဆံနွယ်များသည် လေမတိုက်ဘဲ အလိုလို လွင့်ပျံလာပြီး သူမ၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော စွမ်းအားတစ်ခုသည်လည်း တဖြည်းဖြည်း မြင့်တက်လာသည်။

ဒိုချီစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ချပ်ဝတ်တန်ဆာတစ်ခုသည်လည်း လူတိုင်း၏ ရှေ့၌ ပေါ်ထွက်လာလေသည်။

"သိုင်းချပ်ဝတ်တန်ဆာ၊ စီနီယာအစ်မ နာ့လန်က သိုင်းဆရာသခင် အဆင့်ကို ရောက်သွားပြီလား"

"ဟုတ်တယ်၊ ငါလည်း ဒါကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ၊ ဒါက တကယ့်ကို မယုံနိုင်လောက်အောင်ပဲ"

တိမ်တိုက်ဂိုဏ်း၏ တပည့်များမှာလည်း မနာလိုသည့်အကြည့်များဖြင့် ကြည့်နေကြသည်။ တိမ်တိုက်ဂိုဏ်း၏ လူငယ်ဂိုဏ်းခေါင်းဆောင်ပီပီ သူမ၏ ပါရမီမှာ တကယ့်ကို ကြောက်စရာ ကောင်းလှသည်။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်နှင့် သိုင်းဆရာသခင် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သိုင်းဧကရာဇ် အဆင့်သို့ ရောက်ရှိရန်မှာ အချိန်တစ်ခုသာ လိုတော့သည်။

တိမ်တိုက်ဂိုဏ်းဝင်များ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် သူတို့ကိုယ်တိုင်ပင် နာ့လန်ရန်ယန်၏ စစ်မှန်သော စွမ်းအားကို အပြည့်အဝ မသိရှိကြသေးကြောင်း ထင်ရှားသည်။

ရှောင်ယန်သည် မျက်မှောင်ကြုတ်လိုက်ကာ "မျှော်လင့်ထားတဲ့အတိုင်းပဲ၊ မင်းက သိုင်းဆရာသခင် အဆင့်ကို ရောက်သွားနိုင်ခဲ့တာပဲ၊ ဒါပေမဲ့ ဒီလိုဆိုရင်တောင်မှ ငါကတော့ လွယ်လွယ်နဲ့ အရှုံးပေးမှာ မဟုတ်ဘူး"

"ဆက်တိုက်ကြစို့"

"တိုက်ကြမယ်"

နာ့လန်ရန်ယန်သည် ကိုယ်ကို လှည့်လိုက်ရာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းနှင့် အရိပ်ကဲ့သို့ ဟိုဟိုဒီဒီကူးခတ်နေပြီး စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။ ဤအရှိန်အဟုန်မှာ သိုင်းဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့်ပင် နှိုင်းယှဉ်ရနိုင်သည်။

"ဒါက တိမ်တိုက်ဂိုဏ်းရဲ့ 'ယိမ်းပါးနွဲ့ဝေဟင်ပျံသန်းကျင့်စဉ်' ပဲ၊ ရွှမ်းအဆင့် အလယ်အလတ် တိုက်ခိုက်ရေးကျင့်စဉ်ပေါ့၊ တကယ့်ကို တော်တဲ့ ဂိုဏ်းပဲ"

အဂ္ဂိရတ်အသင်း၏ ဖာမာသည် ပြိုင်ဘက် အသုံးပြုနေသော စွမ်းရည်ကို မြင်နိုင်စွမ်းရှိရာ ထိုကဲ့သို့သော အရှိန်အဟုန်မျိုးမှာ မည်သူ့ကိုမဆို အံ့အားသင့်စေနိုင်ပေသည်။

လှည့်ကွက်အနည်းငယ်အပြီးတွင် နာ့လန်ရန်ယန်သည် ရှောင်ယန်၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ ရှောင်ယန်မှာ လေထဲတွင် ရှိနေသော်လည်း နာ့လန်ရန်ယန်သည် သူမ၏ စွမ်းရည်ကို အသုံးပြု၍ ရှောင်ယန်နှင့် အနီးကပ်ဆုံး ဖြစ်အောင် ကြိုးစားနေခြင်းဖြစ်သည်။

"မကောင်းတော့ဘူး၊ သူမရဲ့ အရှိန်က အရမ်းကို မြန်လာပြီ"

ရှောင်ယန်သည် ချက်ချင်း ဆေးလုံးတစ်လုံးကို ထုတ်ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထိုခဏ၌ပင် ရှောင်ယန်၏ ဘယ်ဘက်လက်ဝါးအတွင်းမှ ပြင်းထန်သော မီးတောက်များ ပေါက်ကွဲထွက်လာပြီး သူ အော်ဟစ်လိုက်သည်။ "ဒါဆိုရင်တော့ ငါက မင်းကို အရှုံးရဲ့ နာကျင်မှု‌ဝေဒနာကို မြည်းစမ်းခိုင်းရတာပေါ့"

"မတူညီတဲ့ မီးတောက်တွေ ပေါင်းစပ်ရာကနေ ထွက်ပေါ်လာတဲ့ စွမ်းအင်ကို ငါ ပြပါရစေ"

ထိုသို့ပြောပြီးနောက် ရှောင်ယန်၏ မျက်လုံးများသည် သွေးရောင်ကဲ့သို့ နီရဲသွားပြီး သူ၏ ညာဘက်လက်ထဲတွင် ထူးခြားမီးတောက် စာရင်း၏ အဆင့် (၁၁) တွင် ရှိသော အအေးဓာတ်လွှမ်း အရိုးစားမီးတောက်ကို ဆင့်ခေါ်လိုက်သည်။ ဤသည်မှာ လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်သလိုဖြစ်သွားခဲ့သည်။ ဤကောင်လေးတွင်လည်း ထူးခြားဆန်းကြယ်မီးတောက်တစ်ခု ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။ ဒါ ဘယ်လိုလို့ဖြစ်နိုင်မလဲ။

ထိုအံ့မခန်းလှသော စွမ်းအားကို အာရုံခံမိပြီးနောက် နာ့လန်ရန်ယန်သည် မီတာအနည်းငယ်အကွာသို့ ဆုတ်ခွာကာ မီးတောက်နှစ်ခု ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာမည့် စွမ်းအားကို သတိကြီးစွာဖြင့် စောင့်ကြည့်နေလေသည်။

"ငါတို့မှာ ဆရာသင်ပေးထားတဲ့ နည်းလမ်းကို အသုံးပြုဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူး"

ဓားဖျားတွင် မိုးပြာရောင် ဓားချီစွမ်းအင်များ သိသိသာသာ ကျုံ့ဝင်သွားပြီး ရှောင်ယန်ထံသို့ ဦးတည်လိုက်သည်။ ထိုခဏချင်းမှာပင် လေပြင်းတစ်ခုသည် ရုတ်ခြည်း ပေါ်ပေါက်လာသည်။

နာ့လန်ရန်ယန်သည် သူမ၏ မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်ပြီး သူမ၏ ဆရာဖြစ်သူ တစ်ချိန်က ပြောခဲ့ဖူးသော စကားလုံးများက သူမ၏ စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။

"ဓားပညာကို လေ့ကျင့်တဲ့သူဟာ ဓားရဲ့ စိတ်ဆန္ဒကို ပိုင်ဆိုင်ထားရမယ်၊ အကယ်၍ မင်းရဲ့ စိတ်ထဲမှာ အာရုံထွေပြားမှုတွေနဲ့ ပြည့်နှက်နေမယ်ဆိုရင် မင်းရဲ့ ဓားပညာဟာ အချည်းနှီးပဲ"

လူတစ်ဦးသည် အာရုံထွေပြားမှုများ ကင်းစင်နေရမည်ဖြစ်ပြီး၊ မာနမ‌ထောင်လွှားရ၊ စိတ်မတိုရ၊ နှိမ့်ချလွန်းခြင်း သို့မဟုတ် ရဲတင်းလွန်းခြင်းများလည်း မရှိစေရပေ။ ထိုမှသာ လှုပ်ရှားမှုတိုင်းသည် လျှပ်စီးကဲ့သို့ မြန်ဆန်ကာ ထိုးနှက်ချက်များမှာ ပြင်းထန်မည်ဖြစ်သည်။

နာ့လန်ရန်ယန်၏ လုပ်ရပ်များကြောင့် လူတိုင်းမှာ အံ့အားသင့်သွားကြသည်။ ဤမိန်းကလေးမှာ အရေးကြီးသော အချိန်တွင် ဘာကြောင့် ရုတ်တရက် အိပ်ပျော်သွားရသနည်း။

ယွင်ယွင်မှာလည်း‌ တော်တော်လေး မျက်မှောင်ကြုတ်လိုက်မိသည်။ "ရန်ယန်က ဘာလုပ်ချင်နေတာပါလိမ့်"

"စိတ်မပူပါနဲ့၊ ဒီတိုက်ပွဲက မကြာခင်မှာပဲ အဆုံးအဖြတ် ပေါ်လာတော့မှာပါ" ကျန်းချန်သည် နာ့လန်ရန်ယန်ကို ကြည့်ရင်း ပြုံးလိုက်သည်။ နာ့လန်ရန်ယန်၏ အရည်အချင်းမှာ အံ့မခန်းလှသဖြင့် အကယ်၍ သူမသည် သူအ‌စော‌ကပြောခဲ့သောစကားလုံး၏ အဓိပ္ပာယ်ကို နားလည်သဘောပေါက်သွားမည်ဆိုပါလျှင် ဤတိုက်ပွဲကို သေချာပေါက် အနိုင်ရလိမ့်မည် ဖြစ်သည်။

ဆရာဖြစ်သူ၏ တည်ငြိမ်နေမှုကို မြင်သောအခါ ယွင်ယွင်မှာလည်း အနည်းငယ် စိတ်ဝင်စားသွားသည်။ ဆရာက ဤမျှ အရေးကြီးသော အချိန်တွင် ရန်ယန်နားလည်နိုင်စေရန် မည်သို့သော ပညာများ သင်ကြားပေးခဲ့သည်ကို သူမ မသိရှိခဲ့ပေ။

"ကျွန်မ နားလည်ပါပြီ" နာ့လန်ရန်ယန်သည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်သည်။ "ဓားသမားတစ်ယောက်အတွက် မကျေနပ်ချက်တွေကို သိမ်းဆည်းထားတာဟာ ကြီးမားတဲ့ တားမြစ်ချက်တစ်ခုပဲ၊ စိတ်ထဲမှာ ဓားရှိနေတဲ့ အချိန်ကျမှသာ ဓားနဲ့တစ်သားတည်း ဖြစ်နိုင်ပြီး ပိုမြင့်တဲ့ ဓားရဲ့သ‌ဘောသဘာဝကို နားလည်နိုင်မှာပါ"

ထိုအချိန်တွင် နာ့လန်ရန်ယန်၏ နှလုံးသားအတွင်း၌ ဓားတစ်ချောင်း ပေါ်လာသကဲ့သို့ ခံစားရပြီး မိုးပြာရောင် အလင်းတန်းများ ဖြာထွက်လာကာ သူမ၏ ကိုယ်ပိုင် အစိတ်အပိုင်းတစ်ခုလို ဖြစ်လာသည်။

ဤသည်မှာ ရုတ်တရက် နားလည်သဘောပေါက်မှုမှတစ်ဆင့် ဖြစ်ပေါ်လာသော 'မိုးပြာရောင် ဓားသွား' ပင် ဖြစ်သည်။

ဓားသွား၏အရှိန်ဖြစ်ပေါ်လာပြီးနောက် နာ့လန်ရန်ယန်၏ စွမ်းအင်မှာ ရုတ်ခြည်း ပေါက်ကွဲထွက်လာပြီး သူမ၏ ကျင့်ကြံမှုအဆင့်မှာ ကြယ်သုံးပွင့် သိုင်းဆရာသခင် မှ ကြယ်လေးပွင့် သိုင်းဆရာသခင် အဆင့်သို့ တိုးတက်သွားရာ ပရိသတ်တစ်အုပ်လုံးမှာ ဆွံ့အသွားကြသည်။

စင်စစ်အားဖြင့် ဘာတွေ ဖြစ်ပျက်ခဲ့သနည်း၊ နာ့လန်ရန်ယန်သည် အဘယ်ကြောင့် နောက်ဆုံးအချိန်မှာ အဆင့်တက်သွားရသနည်း။

"လေညင်း၏ အဆုံးသတ်၊ နေဝင်ဆည်းဆာ၏ တောက်ပမှု"

နာ့လန်ရန်ယန်သည် ဟစ်အော်လိုက်ပြီး သူမ၏ လက်ထဲရှိ ချီဓားစွမ်းအင်များကို အားကုန်ပစ်လွှတ်လိုက်သည်။

ထိတ်လန့်ဖွယ်ရာ ကောင်းလှသော စွမ်းအင်လှိုင်းများသည် နောက်ဆုံးတွင် ပေါက်ကွဲထွက်လာပြီး မိုးကောင်းကင်မှ ကျဆင်းလာသော စူးရှလှသည့် ဓားစွမ်းအင်တစ်ခုသည် ရှောင်ယန်ဆီ ဖျက်ဆီးလိုသော စိတ်ဆန္ဒများဖြင့် ပြေးဝင်သွားသည်။

ထိုပြင်းထန်လှသော ချီဓားစွမ်းအင်၏ ဖိအားကြောင့် တိမ်တိုက်ဂိုဏ်း၏ မာကျောလှသော ကြမ်းပြင်မှာ အက်ကွဲသွားပြီး ထိုအက်ကြောင်းများမှာ ရင်ပြင်တစ်ခုလုံး၏ အဆုံးထိအောင် ပျံ့နှံ့သွားလေသည်။

"သွားတော့... ဗုဒ္ဓအမျက်သင့်ကြာပန်း"

ရှောင်ယန်သည်လည်း သူ၏ အစွမ်းကုန်အားထုတ်မှုမှ ဖြစ်လာသော ကြာပန်းကို ပစ်လွှတ်လိုက်သည်။ သူ အနိုင်ရနိုင်မလားဆိုသည်ကို သူကိုယ်တိုင်သေချာမသိသော်လည်း ဤသည်မှာ သူ၏ နောက်ဆုံးလက်နက်ပင် ဖြစ်သည်။ အကယ်၍ သူ ရှုံးနိမ့်ခဲ့မည်ဆိုပါက သူ၏ ကြိုးပမ်းမှုအားလုံးမှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

"သူတို့နှစ်ယောက်လုံး ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေကို ထုတ်ပြီး တိုက်နိုင်လိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး၊ နာ့လန်ရန်ယန်ရဲ့ ဓားစွမ်းအင်ဟာ သိုင်းဝိညာဉ် အဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှုနဲ့ မခြားနားလှပေ”

အခန်း ၉၈ - နာ့လန်ရန်ယန်၏ အောင်ပွဲ

"ဒီဓားစွမ်အင်ကတော့ ကျောက်ကပ်အားကို အတော်လေး ထုတ်သုံးရတာပဲ။ ကြည့်ရတာ ဒီဓားချက်အပြီးမှာ နာ့လန်ရန်ယန်ရဲ့ သက်တမ်းဟာ အနည်းဆုံး နှစ်နည်းနည်းလောက်တော့ လျော့သွားနိုင်တယ်" ဟု တစ်ဦးက မှတ်ချက်ပြုလိုက်သည်။

"အဲ့ဒီလိုလည်း မဖြစ်နိုင်ပါဘူး" ဟု ရေခဲဧကရာဇ် ဟိုင်ပေါ်တုန်းက လေသံတိုးတိုးဖြင့် ညင်သာစွာ သတိပေးစကားဆိုလိုက်လေသည်။ "ဒီအတတ်ပညာကို သခင်လေး ကျန်းချန် အသုံးပြုတာကို ကျွန်တော် တစ်ကြိမ် မြင်ခဲ့ဖူးတယ်၊ သူပြောဖူးတာကတော့ ဤဓားရဲ့ ဓားသွားဟာ နှလုံးသားဆီကနေ မြစ်ဖျားခံတာဖြစ်ပြီး တိုက်ခိုက်ရေးဝိညာဉ်ကိုသာ အားထုတ်သုံးရတာပါ၊ ကျောက်ကပ်အားကို မထိခိုက်စေဘူးလို့ ပြောဖူးတယ်"

သူတို့စကားပြောနေစဉ်အတွင်းမှာပင် ဝါရင့်အကြီးအကဲ ယွင်လင်းသည် ပတ်ဝန်းကျင်ရှိ စွမ်းအင်များမှာ အလွန်တရာ ပြင်းထန်နေသည်ကို ရိပ်မိသွားကာ မလိုအပ်သော ဘေးထွက်ဆိုးကျိုးများ မဖြစ်ပေါ်စေရန် တပည့်များအား ဒိုင်းကာများ ပြုလုပ်ရန် ချက်ချင်း အမိန့်ပေးလိုက်လေသည်။

ထိုစဉ် ကျန်းချန်သည် သူ၏ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး ထူးဆန်းသော စွမ်းအင်တစ်ခုကို ထိိုဒိုင်းကာအတွင်းသို့ ထည့်သွင်းပေးလိုက်သည်။ ပျက်စီးလုနီးပါး ဖြစ်နေသော ဒိုင်းကာသည် ချက်ချင်း ပို၍ခိုင်မာလာသည်။ ထိုနှစ်ဦးကြားတွင် ဖြစ်ပေါ်နေသော ကမ္ဘာပျက်မတတ် ပြင်းထန်လှသည့် မြေကြီးတုန်ခါမှုစွမ်းအင်မှာ ကျန်းချန် ထည့်သွင်းပေးလိုက်သည့် သေးငယ်လှသော စွမ်းအင်ကိုပင် ဖောက်ထွက်နိုင်စွမ်း မရှိခဲ့ချေ။

ဝုန်း။

ဧရာမ မှိုပွင့်ပုံသဏ္ဌာန် မီးခိုးတိမ်တိုက်ကြီးတစ်ခု ကောင်းကင်သို့ မြင့်တက်သွားပြီး ၎င်း၏ပြင်းထန်လှသော အပူရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ လောင်ကျွမ်းလုမတတ် ဖြစ်သွားရသည်။ တိမ်တိုက်ဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများအားလုံးမှာလည်း မကြုံစဖူးသော ထိတ်လန့်တုန်လှုပ်မှုများနှင့် ကြုံတွေ့လိုက်ကြရသည်။

ကျန်းချန်သည် သူ၏ မေးစေ့ကို လက်ဖြင့်ထောက်ကာ ရှေ့ရှိ ရင်ပြင်ကို ပြုံးလျက် ကြည့်နေသည်။ တိုက်ပွဲကတော့ အဆုံးသတ်သွားပုံရလေပြီ။

ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ ရှောင်ယန်နှင့် နာ့လန်ရန်ယန်တို့သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက်သား ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ နာ့လန်ရန်ယန်၏ ပုံစံမှာ အနည်းငယ် ဖရိုဖရဲဖြစ်နေပြီး သူမ၏ ရိုးရှင်းသော အဝတ်အစားများမှာလည်း ထူးခြားဆန်းကြယ်သော မီးတောက်၏ ဖျက်ဆီးမှုကြောင့် စုတ်ပြတ်နေကာ ဆီးနှင်းပမာ ဖြူဝင်းသောအသားအရေမှာလည်း ဟိုတစ်ကွက် ဒီတစ်ကွက် ပေါ်နေလေသည်။

သို့သော်လည်း ရှောင်ယန်၏ အခြေအနေမှာ ပို၍ပင် ဆိုးရွားလှသည်။ ပါးစပ်မှ သွေးများသည် စမ်းရေတွင်းပမာ အဆက်မပြတ် စီးကျနေသဖြင့် ကြည့်နေသူတိုင်း အံ့အားသင့်ကာ ရင်တထိတ်ထိတ် ဖြစ်ကုန်ကြသည်။

ရှောင်ယန်၏ ရင်ဘတ်ပေါ်တွင် ဓားဒဏ်ရာကြီးတစ်ခုကို အထင်းသား မြင်တွေ့နေရသည်။ အသားများ လန်ကာ သွေးချင်းချင်းနီနေသည့်တိုင် သူသည် မလဲအောင် ကြိုးစားရပ်တည်နေနိုင်ခြင်းမှာ လွန်ခဲ့သော သုံးနှစ်တာအတွင်း သူ၏ ကြိုးပမ်းအားထုတ်မှုများမှာ အချည်းနှီး မဖြစ်ခဲ့ကြောင်း သက်သေပြနေသကဲ့သို့ပင်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ ရှုံးနိမ့်ခဲ့ရလေသည်။

ရှောင်ယန်သည် မကြုံစဖူး မူးဝေခြင်းကို ခံစားလိုက်ရပြီး မည်သည့်အချိန်မဆို မြေပြင်ပေါ်သို့ လဲကျသွားတော့မည်ဟု ထင်ရသည်။ ကံကောင်းထောက်မစွာဖြင့် ယောင်ချန်၏ ဝိညာဉ်က သူ၏ဒဏ်ရာများကို ပြန်ကောင်းလာစေရန် ကူညီပေးနေသော်လည်း ယခုတစ်ကြိမ်တွင် ဤအဖြစ်ကပင် နာ့လန်ရန်ယန် အနိုင်ရရှိသွားပြီဖြစ်ကြောင်း လူတိုင်းကို ပြောနေသယောင်ရှိလှသည်။

နာ့လန်ရန်ယန်သည် သူမ၏ နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ အဝတ်အစားတစ်စုံကို ထုတ်ကာ ဝတ်ဆင်လိုက်သည်။ ထို့နောက် သူမရှေ့တွင် ဒူးထောက်နေသော ရှောင်ယန်ကို လက်ထဲမှ ဓားရှည်ဖြင့် ချိန်ရွယ်ကာ ဆိုလိုက်သည်။

"ရှင် ရှုံးသွားပြီ"

ဤအချိန်တွင် ရှောင်ယန်၏ မျက်နှာအမူအရာမှာ အလွန်ပင် တည်ကြည်လေးနက်နေသည်။ လွန်ခဲ့သော သုံးနှစ်တာအတွင်း သူသည် အရာအားလုံးကို စွန့်လွှတ်ပေးဆပ်ခဲ့သော်လည်း အဆုံးတွင်မူ ရှုံးနိမ့်မှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

ယောင်ချန်ပင်လျှင် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ သူသည် မိမိ၏တပည့်ကို အပြစ်မတင်လိုပါ။ အကြောင်းမှာ သူတို့နှစ်ဦးကြားရှိ ကျင့်ကြံခြင်းအဆင့်မှာ အလွန်ပင် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ အထူးသဖြင့် နာ့လန်ရန်ယန်၏ နောက်ဆုံးဓားချက်မှာ သိုင်းအရှင်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးပင်လျှင် တောင့်ခံနိုင်ရန် ခဲယဉ်းလှသည်။

ရှောင်ယန်အနေဖြင့် ဤအခြေအနေအထိရောက်အောင် ကြံ့ကြံ့ခံနိုင်ခြင်းမှာပင် အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုရပေမည်။

"ရှောင်ယန်၊ ရှင် ရှုံးသွားပြီ၊ ဒီနေ့ကစပြီး ရှင့်ရဲ့ ရှောင်မိသားစုနဲ့ ကျွန်မရဲ့ နာ့လန်မိသားစုကြားမှာ ဘယ်လို ပတ်သက်မှုမှ မရှိတော့ဘူး၊ ပြီးတော့ ဒီကွာရှင်းစာချုပ်ဟာလည်း အလိုလို ပျက်ပြယ်သွားပြီ။ ကျွန်မ နာ့လန်ရန်ယန်က ဒီနေ့မှာ စေ့စပ်ကြောင်းလမ်းမှုကို ပယ်ဖျက်လိုက်ပြီ"

နာ့လန်ရန်ယန်သည် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး ဆက်ပြောလိုက်သည်။ "ကျွန်မ ဝန်ခံရမယ်ဆိုရင် ရှင်ဟာ ကျွန်မကို တကယ်ပဲ အံ့အားသင့်စေခဲ့ပါတယ်၊ အထူးသဖြင့် ခုနက မတူညီတဲ့မီးတောက်တွေကို ပေါင်းစပ်တဲ့အတတ်ဟာ ကျွန်မ မြင်ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံး ပညာရပ်ပါပဲ"

"ဒီမှာ လာပြီး ဟန်ဆောင်နေဖို့ မလိုပါဘူး" ဟု ရှောင်ယန်က ယောင်ချန်၏ အကူအညီဖြင့် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူ၏ မျက်လုံးများမှာ သွေးစွန်းနေပြီး အစစအရာရာ ရှုံးနိမ့်သွားသူတစ်ဦးပမာ ဖြစ်နေတော့သည်။ "ငါ ရှုံးတယ်ဆိုတာ ဝန်ခံပါတယ်"

နာ့လန်ရန်ယန်သည် သူမရှေ့ရှိ ရှောင်ယန်ကို ကြည့်ကာ ဆိုလိုက်သည်။ "ကောင်းပြီ၊ လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်မပြောခဲ့တဲ့စကားကိုပဲ ထပ်ပြောပါရစေ၊ အချိန်တွေ နောက်ပြန်လှည့်သွားရင်တောင် ကျွန်မ ဒီစေ့စပ်မှုကို ဖျက်သိမ်းဦးမှာပဲ၊ ရှင်ဟာ ကျွန်မရဲ့ အမျိုးသားတစ်ယောက် ဖြစ်လာဖို့ မထိုက်တန်ပါဘူး"

ရှောင်ယန်သည် သူ၏နှလုံးသားအတွင်းမှ နာကျင်မှုများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ၊ လည်ချောင်းထဲတွင် ချိုအီသော အရသာတစ်ခု ဝင်ရောက်လာပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။ သူ၏ အမြင်အာရုံများမှာ မှောင်မိုက်သွားကာ မြေပြင်ပေါ်သို့ အပြင်းအထန် လဲကျသွားတော့သည်။ ဤအခိုက်အတန့်မှစ၍ ရှောင်ယန်၏ ဘဝမှာ လုံးဝဥဿုံ ပြောင်းလဲသွားတော့မည် ဖြစ်သည်။

သူ လဲကျသွားသည်နှင့် တိမ်တိုက်ဂိုဏ်း၏ တပည့်များသည် ဝမ်းသာအားရ ကြွေးကြော်ကာ ခုန်ပေါက်နေကြပြီး အချို့မှာမူ ဝမ်းသာမျက်ရည်များပင် ကျနေကြသည်။

"ငါတို့ နိုင်ပြီ၊ ငါတို့ နိုင်ပြီ"

ယွင်ယွင်ပင်လျှင် မျက်ရည်ဝဲလျက် သူမ၏လက်များကို တင်းတင်းဆုပ်ကာ စိတ်သက်သာရာရစွာဖြင့် ရေရွတ်လိုက်သည်။ "ရန်ယန်၊ အောင်မြင်သွားပြီပဲ"

ကျန်းချန်သည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး နာ့လန်ရန်ယန်၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိလာသည်။ ရှောင်ယန်၏ ခန္ဓာကိုယ်ပေါ်တွင် လွင့်မျောနေသော ဝိညာဉ်ကို ကြည့်ကာ သူက တိုးတိုးလေး ပြောလိုက်သည်။

"ယောင်ချန်၊ သွားဖို့ အချိန်တန်ပြီ"

ယောင်ချန်က သက်ပြင်းချကာ "ကျွန်တော်နားလည်ပါတယ် သခင်လေး၊ ဒီနေ့ကစပြီး ကျွန်ုပ်နဲ့ ရှောင်ယန်ဟာ ရှောင်မိသားစုဆီကို ပြန်သွားပါ့မယ်၊ ဝူတန်မြို့ကနေ ဘယ်တော့မှ ထပ်ထွက်လာမှာ မဟုတ်တော့ပါဘူး" ဟု ဆိုလေသည်။

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ မမြင်နိုင်သော အားတစ်ခုက ရှောင်ယန်၏ ခန္ဓာကိုယ်ကို ပင့်မလိုက်ပြီး ဝူတန်မြို့ရှိ ရှောင်မိသားစုထံသို့ ပို့ဆောင်ပေးလိုက်သည်။ ထိုနေရာတွင် သူသည် အေးချမ်းသော ကုန်သည်ဘဝဖြင့်သာ နေထိုင်သွားပေတော့မည်။

ဤနည်းဖြင့်သာ အမှန်တကယ် အသက်ရှင်နိုင်မည်ဖြစ်သည်။ နောင်ဆယ်စုနှစ်များစွာ ကြာပြီးနောက် ရှောင်ယန်သည် သူ၏ ဆုံးဖြတ်ချက်မှာ ဤမျှလောက်ကောင်းမွန်ကြောင်း နားလည်သိရှိလာပေလိမ့်မည်။

ရှောင်ယန် ထွက်ခွာသွားပြီးနောက် နာ့လန်ရန်ယန်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဦးညွှတ်လျက် ကျေးဇူးတင်စကား ဆိုလေသည်။ "ကျေးဇူးတင်ပါတယ် သခင်လေး... အကယ်၍ အဲ့ဒီတုန်းက သခင်လေး ပြောခဲ့တဲ့စကားတွေသာ မသင်ခဲ့ရရင် ကျွန်မဟာ အဲ့ဒီ့အဓိပ္ပာယ်ကို နားလည်မှာ မဟုတ်သလို ကျွန်မရဲ့ ဓားသွားကိုလည်း စုစည်းနိုင်မှာ မဟုတ်ပါဘူး"ဟု ဆိုလိုက်သည်။

ကျန်းချန်သည် လှည့်ကြည့်လိုက်ရာ စိတ်လှုပ်ရှားမှုကြောင့် ငိုကြွေးနေသော နာ့လန်ရန်ယန်ကို မြင်သဖြင့် ညင်သာစွာ ပြုံးပြလိုက်သည်။ ထို့နောက် သူ၏ သိုလှောင်လက်စွပ်ထဲမှ အမြင့်မြတ်ဆုံးသော ကုသရေးဆေးတစ်လုံးကို ထုတ်ကာ ဆိုလိုက်သည်။

"ဒါဟာ မင်းရဲ့ အခွင့်အရေးတစ်ခုပါပဲ၊ အကယ်၍ မင်းသာ ဒါကို နားမလည်ခဲ့ရင် ဒါကို တိုးတက်မှုလို့ ခေါ်နိုင်မှာ မဟုတ်ဘူး"

ယွင်ယွင်သည်လည်း အပြေးအလွှား ရောက်ရှိလာပြီး မျက်ရည်ဝဲလျက် "ရန်ယန်၊ သမီး အောင်မြင်သွားပြီ" ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

နာ့လန်ရန်ယန်သည် ဆရာဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ကလေးလေးတစ်ဦးကဲ့သို့ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

ယွင်ယွင်ကလည်း တိမ်တိုက်ဂိုဏ်း အောင်နိုင်ပြီဖြစ်ကြောင်းနှင့် နာ့လန်ရန်ယန်သည် တိမ်တိုက်ဂိုဏ်း၏ နောက်ထပ် ဂိုဏ်းချုပ် ဖြစ်လာတော့မည်ဖြစ်ကြောင်း ပြောကြားကာ နှစ်သိမ့်ပေးနေလေသည်။ ထိုအချိန်မှစ၍ သူမ၏ အဆင့်အတန်းမှာ အဆမတန် မြင့်မားလာတော့မည် ဖြစ်သည်။

ကျန်းရှင်းထျန်းနှင့် အခြားသူများသည်လည်း ထရပ်ကာ ဂါရဝပြုလိုက်ကြသည်။ "အခုဆိုရင် သုံးနှစ်ကတိကဝတ်ဟာ ပြီးဆုံးသွားပြီဆိုတော့ ကျွန်ုပ်တို့ ကျားမာနိုင်ငံတော်ကို ပြန်ပါတော့မယ်၊ နောင်တစ်ချိန်မှာ အခွင့်အရေးရှိရင် လာရောက် လည်ပတ်ပါမယ်"

ကျန်းချန်က "ကောင်းပါပြီ၊ သတိထားသွားကြပါ" ဟု ပြန်လည် နှုတ်ဆက်လိုက်သည်။

ကျန်းရှင်းထျန်းက ခေါင်းညိတ်ပြလိုက်ပြီး ကျားမာနိုင်ငံတော်မှ ပညာရှင်များကို ဦးဆောင်ကာ တိမ်တိုက်ဂိုဏ်းမှ ထွက်ခွာသွားကြသည်။ ယခုအခါ တပည့်အချို့မှလွဲ၍ အကြီးအကဲဟောင်း နာ့လန်ကျဲ၊ နာ့လန်ဆုနှင့် ရေခဲဧကရာဇ် ဟိုင်ပေါ်တုန်းတို့သာ ကျန်ရှိတော့သည်။

နာ့လန်ကျဲသည် သက်ပြင်းချကာ မိမိဘာသာ ရေရွတ်လိုက်သည်။ "တောင်းပန်ပါတယ် ရှောင်လင်း၊ ငါတို့ ထားခဲ့တဲ့ ကတိကဝတ်တွေဟာ ဒီနေ့မှာတော့ လုံးဝ ပျက်စီးသွားခဲ့ပါပြီ၊ ငါ နာ့လန်ကျဲ တကယ် စိတ်မကောင်းပါဘူး"

ဒီနေ့ တိုက်ပွဲရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် နာ့လန်မိသားစုနဲ့ ရှောင်မိသားစုကြားမှာ ဘာပတ်သက်မှုမှ ရှိတော့မှာ မဟုတ်ပါဘူး။ သို့သော်လည်း ရန်ယန်၏ ပျော်ရွှင်နေသော အမူအရာကို မြင်တွေ့ရသဖြင့် နာ့လန်ကျဲသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

လူမှုအဆင့်အတန်း သို့မဟုတ် ထူးခြားသော အမှတ်လက္ခဏာများကို ထည့်မတွက်လျှင်ပင် ရန်ယန်သည် အောင်ပွဲခံခဲ့ပြီဖြစ်သည်။ သူမသည် ဂုဏ်သိက္ခာကိုသာမက တိမ်တိုက်ဂိုဏ်း၏ အနာဂတ်ကိုပါ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

သူ့ကို ဘဝ၏ အောင်မြင်သူတစ်ဦးဟု သတ်မှတ်၍ ရနိုင်ပေသည်။

နာ့လန်ကျဲက "သား၊ သွားကြရအောင်" ဟု ခေါ်လိုက်သည်။

"ဟင်" နာ့လန်ဆုက "ဖေဖေ၊ ရန်ယန်အတွက် အောင်ပွဲ မခံကြတော့ဘူးလား" ဟု မေးလိုက်သည်။

"မလိုတော့ပါဘူး" နာ့လန်ကျဲက ခေါင်းခါပြလိုက်သည်။ "သူ့အနာဂတ်က သူ့အပေါ်မှာပဲ မူတည်တယ်။ ငါတို့ သူ့ကို အများကြီး မကူညီနိုင်တော့ဘူး။ မင်း သွားပြီး ရွှေငွေ ရတနာတွေနဲ့ ကျင့်ကြံခြင်း ပညာရပ်အချို့ကို ပြင်ဆင်ပြီး ရှောင်မိသားစုဆီ ပို့ဖို့ သွားလုပ်လိုက်ပါဦး"

ဤအရာသည် နာ့လန်ကျဲ လုပ်ဆောင်ပေးနိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။ ရှောင်လင်းသည် တစ်ချိန်က သူ၏ မိတ်ဆွေကောင်းဖြစ်ခဲ့သော်လည်း ယခုအခါ သူ၏ မျိုးဆက်များမှာ ပြန်လည် ရုန်းထနိုင်စွမ်း မရှိတော့သည်ကို သူ သိရှိလိုက်ရသည်။ ရှောင်မိသားစုမှာ လုံးဝ ဆုတ်ယုတ်သွားခဲ့ပြီ ဖြစ်သည်။

ရာစုနှစ်တစ်ခုအတွင်းမှာပင် ရှောင်မိသားစုသည် ဒိုချီတိုက်ကြီးပေါ်မှ လုံးဝ ပျောက်ကွယ်သွားနိုင်ပြီးအချိန်ကာလသည် ထိုမိသားစု၏ ခြေရာများကို ဖျက်ပစ်ပေလိမ့်မည်။

All Chapters