← Chapters

အခန်း (၂၈၈-၂၈၉)

Vol. 28 Ch. 288-289

အခန်း (၂၈၈-၂၈၉)

Vol. 28 Ch. 288-289

အခန်း (၂၈၈) အရပ်လေးမျက်နှာကို လွှမ်းမိုးခြင်း

ပိုင်တောက်ရှန်၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ သူက သူ၏ ဓားကိုပင် ထုတ်ယူ၍ ချန်ဖေး နိုင်မည်ဟု ပြတ်ပြတ်သားသား လောင်းကြေးထပ်ရဲသည်။ သူလည်း အရင်တုန်းက ချန်ဖေးရဲ့ ခုတ်ပိုင်းတာကို ခံခဲ့ရဖူးတာလား...

ချန်ဖေး၏ စွမ်းအားကို ကိုယ်တိုင် ကိုယ်ကျ ခံစားဖူးသူများသာ သူ၏ စွမ်းရည်က မည်မျှအထိ ဘီလူးဆန်ကြောင်းကို နားလည်နိုင်ပေသည်။ ဒွာရသန့်စင်ခြင်း ကနဦးအဆင့် ပညာရှင် တစ်ဦး ရှိသင့်သည့် အဆင့်မျိုး လုံးဝ မဟုတ်ပေ။

"မင်း နောက်ကျသွားပြီ... ငါတို့က ဒီလို လုပ်ငန်း သေးသေးလေးတွေကို လက်မခံဘူး..." ပိုင်တောက်ရှန်က မတ်တတ်ရပ်၍ လှည့်ထွက်သွားရင်း ပြောလိုက်၏။

အစောက လောင်းကြေးစားပွဲတွင် လူဆယ်ဂဏန်းကျော် ထံမှ လောင်းကြေးများကို လက်ခံရရှိထားပြီး ဖြစ်သည်။ အကယ်၍ နီကျိယန်ကသာ ချန်ဖေး နိုင်မည်ဟု လောင်းကြေးထပ်ပါက ပိုင်တောက်ရှန်မှာ အရာအားလုံး ဆုံးရှုံးသွားနိုင်သည်။

"မသွားပါနဲ့ဦး... ငါတို့ အတူတူ ဒိုင်လုပ်ကြရအောင်..."

နီကျိယန်၏ အသံက ပိုင်တောက်ရှန်၏ နားထဲသို့ ဝင်ရောက်လာပြီး ပိုင်တောက်ရှန်၏ ခြေလှမ်းများ တန့်သွား၏။ ယခုအချိန်တွင် ပိုင်တောက်ရှန်က နီကျိယန်သည်လည်း ချန်ဖေး၏ ရိုက်နှက်ခြင်းကို သေချာပေါက် ခံခဲ့ရဖူးမည်ဟု ယူဆလိုက်သည်။ ထိုသို့ မဟုတ်ပါက သူ ဤမျှလောက်အထိ ပြတ်သားနေမည် မဟုတ်ပေ။ထိုအကြောင်းကို တွေးမိသောအခါ ပိုင်တောက်ရှန်မှာ နီကျိယန်ကို ပြန်လှည့်မကြည့်ဘဲ မနေနိုင်တော့ပေ။ လူတစ်ယောက်တည်းဆီက အရိုက်ခံရတာချင်း အတူတူ... တကယ့်ကို တိုက်ဆိုင်လွန်းလှသည်။

"အမြတ်ကို ခွဲယူရင် ဘယ်လိုလဲ... တစ်ဝက်စီ..." ပိုင်တောက်ရှန်က အသံလှိုင်းဖြင့် ပေးပို့လိုက်၏။ အမြတ်ကို ခွဲဝေရမည် ဖြစ်သော်လည်း ဤဧရိယာရှိ ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင်များ၏ လောင်းကြေး အများစုကို လက်ခံနိုင်ပါက အမြတ်အစွန်းများမှာ အလွန် ကြီးမားနေဦးမည် ဖြစ်သည်။

"ငါတို့ တစ်ဝက်စီ ခွဲကြမယ်..." နီကျိယန်က ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး သဘောတူညီမှု ရရှိသွား၏။

သူတို့ နှစ်ယောက် မြေကြီးပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး အော်ဟစ် ဖိတ်ခေါ်ရန် ပြင်လိုက်စဉ်မှာပင် ဖုန်းရှိုးဖူ သူတို့ဆီသို့ လျှောက်လာနေသည်ကို သတိပြုမိလိုက်သည်။ ပိုင်တောက်ရှန်နှင့် နီကျိယန်တို့ နှစ်ယောက် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ချက်ချင်းပင် မကောင်းသော ခံစားချက်တစ်ခု ဝင်လာ၏။

"ငါ့တပည့်ကို အားပေးတဲ့ အနေနဲ့ ဝိညာဉ်ကျောက်တုံး ငါးဆယ် လောင်းမယ်... အဆင်ပြေလား..." ဖုန်းရှိုးဖူက ပြုံးလျက် ပြောလိုက်သည်။

"ဈေးကွက် စစ်တမ်း ကောက်တာ ပြီးသွားပြီ..." ပိုင်တောက်ရှန်မှာ သွေးအန်မတတ် ဖြစ်သွား၏။ ဒါက ဘယ်လို အခြေအနေကြီးလဲ... ပိုက်ဆံ နည်းနည်းလောက် ရှာရတာ အဲဒီလောက်တောင် ခက်ခဲနေတာလား…

နီကျိယန်၏ အမူအရာကလည်း ခက်ထန်နေ၏။ တစ်ချိန်တည်းမှာပင် ကျမ်းစာမဏ္ဍပ်တွင် သူနှင့်အတူ ရှိနေခဲ့သော လူအနည်းငယ်လည်း လျှောက်လာနေသည်ကို သတိပြုမိလိုက်သည်။ လောင်းကြေးစားပွဲမှာ ကောင်းကောင်းပင် မစတင်ရသေးခင်မှာပင် လုံးဝ ပိတ်သိမ်းသွားရတော့မည်။

ပိုင်တောက်ရှန်က အခြားသူများ လောင်းကြေးထပ်ထားသော ငွေများကို ကျေကျေနပ်နပ်ပင် ပြန်အမ်းပေးလိုက်သည်။

ပြိုင်ပွဲ တရားဝင် မစတင်မီ လောင်းကြေးစားပွဲကို ပိတ်သိမ်း၍ အခြားသူများကို လောင်းကြေးထပ်ခွင့် မပေးခြင်းက စည်းမျဉ်းများကို ချိုးဖောက်ရာ ကျပေသည်။

အကယ်၍ နောက်ပိုင်းတွင် ချန်ဖေး တကယ် အနိုင်ရသွားပါက လောင်းကြေးထပ်ထားသူများ အနေဖြင့် သူတို့က တမင်တကာ လိမ်လည်လှည့်ဖြားသည်ဟု ခံစားရမည် ဖြစ်သည်။ ဤသည်က လူအများအပြား တစ်ပြိုင်နက်တည်း လောင်းကြေးထပ်ပြီး ပြိုင်ပွဲမစမီ လောင်းကြေး ပိတ်သိမ်းခြင်းနှင့် မတူပေ။

ဝိညာဉ်ကျောက်တုံး ဆယ်ဂဏန်းလောက်အတွက်နဲ့ ဂိုဏ်းတူ ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင် အုပ်စုတစ်စုကို အလကားနေရင်း သွားစော်ကားမိတာပဲ... ဒါက လုပ်လို့ မရတဲ့ အလုပ်ပဲ…

ပိုင်တောက်ရှန်က ဝိညာဉ်ကျောက်တုံးများ အားလုံးကို စိတ်ပျက်လက်ပျက်ဖြင့် ပြန်အမ်းပေးလိုက်၏။ ချန်ဖေး၏ ဓားချက် ခံလိုက်ရခြင်းက သူ့အတွက် အရှုံးအချို့ကို ပြန်လည် ဆယ်ယူနိုင်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သည်။ ယခုတော့ အရိုက်ခံရပြီးနောက်တွင်လည်း အားလုံးက အချည်းနှီး ဖြစ်သွားကာ မည်သည့် အကျိုးအမြတ်မျှ ပြန်မရခဲ့ပေ။

ပိုင်တောက်ရှန်ဘက်မှ အနည်းငယ် ဆူညံမှုလေးများ လျင်မြန်စွာ ငြိမ်သက်သွား၏။ ယခုအခါ လူတိုင်း၏ အာရုံစိုက်မှုက ချန်ဖေးနှင့် ရှန်ထူချန်း အပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

တူညီသော အဆင့်ရှိ ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင်များ သာမက နတ်တိမ် ဓားဂိုဏ်းမှ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့် သိုင်းပညာရှင်များကပါ ဒွာရသန့်စင်ခြင်း အဆင့်သို့ ရောက်ပြီးနောက် ချန်ဖေးနှင့် ရှန်ထူချန်း နှစ်ယောက်တွင် မည်သူက အနိုင်ရမည်ကို စိတ်အားထက်သန်စွာဖြင့် စောင့်ကြည့်နေကြသည်။

ကွင်းပြင် အပြင်ဘက်တွင် ရှန်ထူချန်းက ဧရာမဓားကြီးကို ကိုင်ဆောင်ထား၏။ ရွှမ်ဝူ ဓားသိုင်းကို ထုတ်သုံးလိုက်သည်နှင့် ရှန်ထူချန်း၏ ခန္ဓာကိုယ်က အနည်းငယ် ကြီးမားလာပြီး ခံ့ညားထည်ဝါသော အရှိန်အဝါ တစ်ခုက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။

ရှန်ထူချန်းနှင့် ရွှမ်ဝူ ဓားသိုင်းတို့မှာ အလွန် လိုက်ဖက်ညီလှသည်။

ဒွာရသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းခဲ့သည်မှာ တစ်နှစ်ကျော်ခန့်သာ ရှိသေးသော်လည်း ရှန်ထူချန်းက ရွှမ်ဝူ ဓားသိုင်း၏ အခြေခံများကို နားလည် သဘောပေါက်နေပြီ ဖြစ်ပြီး အလွန် လျင်မြန်သော နှုန်းဖြင့် ဆက်လက် လေ့လာနေ၏။

သဘာဝ ပါရမီပိုင်းတွင် ဖြစ်စေ၊ နားလည် သဘောပေါက်နိုင်စွမ်းပိုင်းတွင် ဖြစ်စေ ရှန်ထူချန်းမှာ အလွန် ထူးချွန်သူ တစ်ဦး ဖြစ်သဖြင့် နတ်တိမ် ဓားဂိုဏ်းက ရှန်ထူချန်းကို ပြုစုပျိုးထောင်ရာတွင် မည်သည့် အားထုတ်မှုမျိုးကိုမျှ မချွေတာခဲ့ပေ။

နှင်းဝိညာဉ် ဆေးလုံးများကို သဘာဝကျကျ အလျှံပယ် ထောက်ပံ့ပေးထားပြီး နတ်တိမ် ဓားဂိုဏ်းက ရှန်ထူချန်း၏ ကျင့်ကြံမှုနှင့် စိတ်စွမ်းအားများ လျင်မြန်စွာ တိုးတက်လာစေရန် အဖိုးတန် နတ်ဘုရား ဆေးလုံးများကိုပင် ပေးအပ်ထားသည်။

"စကြရအောင်..." သူတို့ နှစ်ယောက် အဆင်သင့် ဖြစ်နေသည်ကို မြင်သောအခါ ကောဟွိုင်ယွီက အော်ပြောလိုက်၏။

ဘုန်း...

ကောဟွိုင်ယွီ စကားပြောပြီးသည်နှင့် ရှန်ထူချန်းက သူ့ခြေထောက် နှစ်ဖက်ဖြင့် အားယူကာ ချန်ဖေးထံသို့ ပြေးဝင်သွားသည်။ ဝေဝါးဝါး အမြင်ဖြင့် ရှန်ထူချန်း၏ အနောက်တွင် ဧရာမ သားရဲကြီး တစ်ကောင် ဟိန်းဟောက်နေသကဲ့သို့ ထင်ရပြီး အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။ထိုမြင်ကွင်းကို ကြည့်နေကြသော ပွဲကြည့်ပရိသတ်များမှာ မျက်နှာများ တည်ကြည်လေးနက် သွားကြ၏။

သူတို့နှင့် ယှဉ်လျှင် ယခုအချိန်တွင် ရှန်ထူချန်း ထုတ်ဖော်ပြသနေသော အရှိန်အဝါမှာ အနည်းငယ် လိုအပ်ချက် ရှိသေးသော်လည်း သူတို့ စိတ်ကူးထားသလောက်တော့ မဆိုးရွားလှပေ။

ရှန်ထူချန်းက အဆင့်တက်လှမ်းခဲ့သည်မှာ တစ်နှစ်ကျော်ခန့်သာ ရှိသေးသော်လည်း ဤမျှလောက် ရလဒ်ကောင်းများကို ရရှိနေပြီ ဖြစ်ကြောင်း သိထားရမည်။ အကယ်၍ သူသာ နောက်ထပ် နှစ်အနည်းငယ်မျှ ဆက်လက် ကျင့်ကြံပါက သူတို့ကို မီသွားမည်မှာ သေချာပေါက်ပင်။

မျိုးဆက်သစ် လူငယ်များက မျိုးဆက်ဟောင်းများကို ဖယ်ရှားခြင်းက လူတို့ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။

လူအများအပြားက ယွမ်ချန် ဓားဂိုဏ်းဘက်သို့ လှည့်ကြည့်လိုက်ရာ သူတို့ အများစု၏ မျက်နှာများမှာလည်း တည်ကြည်လေးနက် နေကြပြီး ရှန်ထူချန်း ထုတ်ဖော်ပြသလိုက်သော အရှိန်အဝါကို အံ့အားသင့်နေကြသည်မှာ သေချာသည်။

ရှန်ထူချန်း ပြေးဝင်လာသည်ကို ချန်ဖေး တည်ငြိမ်စွာပင် ရပ်ကြည့်နေ၏။ ရှန်ထူချန်းက သူ၏ ဓားကို ရွှမ်ဝူလိပ်ကြီး ခေါင်းပြူထွက်လာသကဲ့သို့ ရှေ့သို့ ထိုးသွင်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ချန်ဖေး၏ စိတ်ကို တိုက်ရိုက် ရိုက်ခတ်လာသည်။

ဘုန်း...

မြေကြီးက ပြင်းထန်စွာ တုန်ခါသွားပြီး သူတို့၏ ခြေထောက်အောက်မှ အက်ကွဲကြောင်းများ ပြန့်ထွက်သွားသည်။ ယခုအခါ အနက်ရောင် ယွမ်ချီ စွမ်းအင်များ လွှမ်းခြုံထားသော ချန်ဖေး၏ ချန်ယွမ်ဓားက ရှန်ထူချန်း၏ ဓားကို ကန့်လန့်ဖြတ်၍ ပိတ်ဆို့ထား၏။

ရှန်ထူချန်းမှာ အတော်လေး ကျွမ်းကျင်ပြီး အသစ်ပေါ်ထွက်လာသော ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင်များ အနက် အထူးချွန်ဆုံး သူများထဲတွင် သေချာပေါက် ပါဝင်သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် ရှန်ထူချန်း ရင်ဆိုင်နေရသူမှာ ချန်ဖေး ဖြစ်နေသည်။

မျက်နှာချင်းဆိုင် ရင်ဆိုင် တိုက်ခိုက်ရာတွင် ချန်ဖေးက ချန်ဟုန်ဂိုဏ်းမှ သူနှင့် အဆင့်တူ သိုင်းပညာရှင် သုံးယောက်ကို တစ်ယောက်တည်း သတ်ဖြတ်နိုင်ခဲ့သည်။

အကယ်၍ ချန်ဖေးသာ အမှန်တကယ် အလေးအနက်ထား တိုက်ခိုက်မည် ဆိုပါက ရှန်ထူချန်းကို သတ်ရန် ဓားနှစ်ချက်ပင် လိုမည် မဟုတ်ပေ။

သို့သော်လည်း ချန်ဖေး အနေဖြင့် ထိုစွမ်းအားမျိုးကို ထုတ်ဖော်ပြသ၍ မရနိုင်ကြောင်း ရှင်းလင်းနေ၏။ ၎င်းက နတ်တိမ် ဓားဂိုဏ်းကို စော်ကားမိသလို ဖြစ်မည် မဖြစ်မည် ဆိုသည့် ကိစ္စ မဟုတ်ဘဲ ဤမျှ လျင်မြန်စွာ တိုးတက်လာခြင်းက လူတိုင်းကို သတိထားမိစေမည် ဖြစ်သောကြောင့် ဖြစ်သည်။

တောအုပ်ထဲမှာ အမြင့်ဆုံး သစ်ပင်က လေတိုက်တာကို အခံရဆုံးပဲ... ဒါက ပြိုင်ပွဲ သက်သက်ပဲ ဖြစ်ပြီး ချန်ဖေး အနေဖြင့် ထိုသို့ ပြုမူရန် အကြောင်းပြချက် မရှိပေ။ ထို့ကြောင့် ချန်ဖေး စဉ်းစားရမည်မှာ ရှန်ထူချန်းကို အကျိုးသင့် အကြောင်းသင့် မည်သို့ အနိုင်ယူရမည်နည်း ဆိုသည်ကိုပင်။

ပါရမီကို ထုတ်ဖော်ပြသခြင်းက ကောင်းသော်လည်း အလွန်အကျွံ ပြသလွန်းပါက အပြင်လူများ အနေဖြင့် မတည်ငြိမ်သော အကြောင်းရင်း တစ်ခုအဖြစ် ရှုမြင်သွားနိုင်သည်။

"ကောင်းတယ်..."

ချန်ဖေးက သူ၏ တိုက်ခိုက်မှုကို အလွယ်တကူ ကာကွယ်လိုက်နိုင်သည်ကို မြင်သောအခါ ရှန်ထူချန်းမှာ ပို၍ပင် စိတ်လှုပ်ရှားလာ၏။ ရှန်ထူချန်းက ချန်ဖေးကို ဤမျှ လွယ်လွယ်ကူကူ မရှုံးနိမ့်စေချင်ပေ။ ထိုသို့သာ ဆိုလျှင် သူ့ကို များစွာ စိတ်ပျက်စေလိမ့်မည်။

ဝှစ်...

ရှန်ထူချန်းက သူ၏ ဧရာမဓားကြီးကို ဝှေ့ယမ်းလိုက်ရာ ဓားသွားက လေထုကို ဖြတ်သန်းသွားပြီး ဝမ်းနည်းဖွယ် အသံတစ်ခု ထွက်ပေါ်လာကာ လေချွန်သံကဲ့သို့ ဖြစ်သွားသည်။ မြင်ကွင်းကို ကြည့်လိုက်ရုံဖြင့် ဤဓားချက်၏ စွမ်းအားက မည်မျှ ပြင်းထန်ကြောင်းကို သိနိုင်ပေသည်။

ဘုန်း...

ချန်ဖေး သူ၏ လက်ကောက်ဝတ်ကို လှည့်၍ ရှန်ထူချန်း၏ ဧရာမဓားကြီးကို ဘေးဘက်မှ ပိတ်ဆို့လိုက်သည်။ လေပြင်းများက ချန်ဖေး၏ အဝတ်အစားများကို ရိုက်ခတ်သွားပြီး စုတ်ဖြဲသံများ ထွက်ပေါ်လာ၏။

ရှန်ထူချန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ် ပတ်လည်ရှိ အရှိန်အဝါများက အဆက်မပြတ် မြင့်တက်လာသည်။ အစပိုင်းနှင့် ယှဉ်လျှင် အရှိန်အဝါရော ချီစွမ်းအင်ပါ သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်တွင် အားနည်းချက် အချို့ ရှိခဲ့သော ရွှမ်ဝူ ဓားသိုင်းသည် ဒွာရသန့်စင်ခြင်း အဆင့်တွင်မူ ချို့ယွင်းချက် အများအပြားကို ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။ ဥပမာအားဖြင့် ယခင်က တိုက်ခိုက်ခံရပြီးနောက်မှသာ စွမ်းအားများကို စုဆောင်းနိုင်ပြီး နောက်ဆုံး အဆုံးအဖြတ် တန်ပြန် တိုက်ခိုက်မှုကို ပြုလုပ်နိုင်ခဲ့သည်။

ယခုအခါ ရှန်ထူချန်းမှာ ထိုမျှလောက် အကာအကွယ် သက်သက်သာ လုပ်နေစရာ မလိုတော့ပေ။ သူ တိုက်ခိုက်နေသရွေ့ ရှန်ထူချန်း အနေဖြင့် သူ၏ စွမ်းအားဖြင့် ကာကွယ်ရေးများကို အဆက်မပြတ် တိုးမြှင့်နိုင်ပြီ ဖြစ်သည်။

ဤသည်က တိုက်ပွဲတိုင်းတွင် ပို၍ ပို၍ အားကောင်းလာသော ထိပ်တန်း ကျင့်စဉ် တစ်ခု ဖြစ်သည်။

အကယ်၍ ပြိုင်ဘက်ကသာ ရှန်ထူချန်း၏ တိုက်ခိုက်မှုကို မဟန့်တားနိုင်ပါက အစပိုင်းတွင် ခုခံနိုင်လျှင်တောင် နောက်ဆုံးတွင် သူ၏ လွှမ်းမိုးနိုင်သော စွမ်းအားဖြင့် ဖိနှိပ် ချေမှုန်းခံရမည်သာ ဖြစ်သည်။ချန်ဖေးလည်း ရှန်ထူချန်း၏ အပြောင်းအလဲကို အာရုံခံမိပြီး သူ၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွား၏။

ကျုံးယွမ် ဓားသိုင်းနှင့် ယှဉ်လျှင် ရွှမ်ဝူ ဓားသိုင်းက တကယ်ကိုပင် ပို၍ ပြောင်မြောက်လှသည်။ ကံမကောင်းစွာဖြင့် ဤသည်က နတ်တိမ် ဓားဂိုဏ်း၏ ကျင့်စဉ် ဖြစ်နေပြီး ချန်ဖေး အနေဖြင့် ထိုဓားသိုင်း၏ အပြည့်အဝ စွမ်းအားကို မြင်တွေ့ခွင့် မရနိုင်ပေ။

ဘုန်း...

မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့ နှစ်ယောက် အချက်တစ်ဆယ်ခန့် အပြန်အလှန် တိုက်ခိုက်ပြီးသွားပြီ ဖြစ်သည်။ ရှန်ထူချန်း၏ အရှိန်အဝါက လွှမ်းမိုးနေပြီး သူ၏ ဖမ်းစားနိုင်သော အရှိန်အဝါက ချန်ဖေး၏ စိတ်ကို အဆက်မပြတ် ရိုက်ခတ်နေ၏။

စိတ်စွမ်းအား အနည်းငယ် အားနည်းသော သိုင်းပညာရှင် တစ်ဦးဆိုလျှင် ဤကဲ့သို့သော အရှိန်အဝါများကြောင့် အထိတ်တလန့် ဖြစ်သွားနိုင်ပေသည်။ သို့သော် ချန်ဖေး အတွက်မူ နဂါးဆင် နှိမ်နင်းခြင်း၏ ကြောက်မက်ဖွယ် စွမ်းအား မပါလျှင်တောင် ဝိညာဉ်ကြိုးမျှင် ကျင့်စဉ် တစ်ခုတည်းကပင် ဤအရှိန်အဝါများ၏ ရိုက်ခတ်မှုကို ခုခံရန် လုံလောက်နေပြီ ဖြစ်သည်။

ပွဲကြည့်ပရိသတ် အများအပြားက မျက်မှောင် အနည်းငယ် ကြုတ်လိုက်ကြပြီး ရှန်ထူချန်း အပေါ် သူတို့၏ အထင်အမြင်မှာ ပို၍ပင် မြင့်တက်လာ၏။

ဒွာရသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းခဲ့သည်မှာ တစ်နှစ်ကျော်ခန့်သာ ရှိသေးသည်။ အချိန်ပေး၍ ရှန်ထူချန်းသာ ဤတိုးတက်မှုနှုန်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ပါက အနာဂတ်တွင် နတ်တိမ်မြို့ တစ်ဝိုက်၌ နေရာတစ်နေရာ ရလာမည်မှာ သေချာသည်။

"ဟားဟားဟား... ညီအစ်ကို ချန်... ငါ့ရဲ့ ရွှမ်ဝူ ပြိုကွဲခြင်းကို ခံကြည့်စမ်း..."

ရှန်ထူချန်း၏ အရှိန်အဝါက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား တစ်ခုက ချန်ဖေးကို ဆွဲယူလိုက်သဖြင့် ရှောင်တိမ်းရန် အခွင့်အရေး မရတော့ပေ။

ချန်ဖေးက သူ၏ ပတ်လည်ရှိ ဆွဲဖြဲအားကို အာရုံခံလိုက်မိ၏။ သူက ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာမှ လွတ်မြောက်နိုင်သကဲ့သို့ ကျုံးယွမ် ဓားသိုင်း၏ စွမ်းအားကိုလည်း တန်ပြန် တိုက်ခိုက်နိုင်သည်။ တစ်နည်းဆိုရသော် ချန်ဖေး အလိုရှိသရွေ့ ဤဓားချက်က သူ့အပေါ် ကျရောက်နိုင်မည် မဟုတ်ပေ။

ရွှမ်ဝူ ဓားသိုင်းမှာ ပြောင်မြောက်လှသော်လည်း ရှန်ထူချန်း၏ နားလည် သဘောပေါက်မှုက အဆုံးတွင် အနည်းငယ် ယေဘုယျ ဆန်လွန်းနေသေးသည်။ ချန်ဖေး၏ ကျင့်စဉ်များ အပေါ် နားလည် သဘောပေါက်မှုက ရှန်ထူချန်းထက် များစွာ သာလွန်လွန်းလှသဖြင့် သူတို့ နှစ်ယောက်မှာ များစွာ နှိုင်းယှဉ်၍ မရနိုင်ပေ။

အခြေခံ အကျဆုံး ကျင့်ကြံမှုများတွင်ပင် ချန်ဖေးက ရှန်ထူချန်းထက် များစွာ သာလွန်နေသည်။ အစမှ အဆုံး သူတို့ နှစ်ယောက်ကြား ကွာဟချက်မှာ အလွန် ရှင်းလင်းနေသော်လည်း ရှန်ထူချန်းက ဤအချက်ကို နားမလည်ခဲ့ပေ။

ဘုန်း...

ရှန်ထူချန်း၏ ဓားချက်က ချန်ဖေးကို မထိဘဲ အနက်ရောင် အတားအဆီး တစ်ခုကို သွားထိလိုက်သည်။ အတားအဆီး တုန်ခါသွားပြီး သက်ရောက်လာသော စွမ်းအားများကို ပတ်ဝန်းကျင်သို့ လမ်းကြောင်းလွဲပေးလိုက်၏။

ဝှစ်... ဝှစ်... ဝှစ်...

ကျုံးယွမ် ဓားအစီအရင်က ပုံဖော်လာပြီး ရှန်ထူချန်းကို ဝိုင်းရံလိုက်သည်။ အစီအရင် အတွင်း၌ ဓားပုတီးစေ့ နှစ်ဆယ်က လေချွန်သံများ မြည်ဟည်းနေပြီး ရှန်ထူချန်း၏ ဧရာမဓားကြီးကို ကြီးမားသော စွမ်းအားများဖြင့် ရိုက်ခတ်သွား၏။

"ကျုံးယွမ် ဓားအစီအရင်..."

ယွမ်ချန် ဓားဂိုဏ်း၏ နာမည်ကျော် အမွေအနှစ် ကျင့်စဉ် တစ်ခု အနေဖြင့် ဓားအစီအရင် ထွက်ပေါ်လာသည်နှင့် ဘေးပတ်လည်ရှိ လူတိုင်းက ချက်ချင်း မှတ်မိသွားကြသည်။ ပွဲကြည့် ပရိသတ်များကို အံ့အားသင့်စေခဲ့သည်မှာ အစီအရင် အတွင်းရှိ ဓားပုတီးစေ့ အရေအတွက် ပင်ဖြစ်သည်။

ကျုံးယွမ် ဓားအစီအရင် အပေါ် နားလည် သဘောပေါက်မှုကို လေ့လာရန် အလွယ်ကူဆုံး နည်းလမ်းမှာ ဓားပုတီးစေ့ အရေအတွက်ကို ကြည့်ခြင်း ပင်ဖြစ်သည်။ ပုတီးစေ့ အရေအတွက် များလေလေ ဓားအစီအရင်က ပိုမို အားကောင်းလေလေ ဖြစ်သည်။

ယွမ်ချန် ဓားဂိုဏ်း အတွင်းရှိ အကြီးအကဲ အများအပြားမှာ အံ့အားသင့် သွားကြ၏။

သူတို့က ကျုံးယွမ်ဓား သိုင်းကို ကျင့်ကြံထားကြသူများ ဖြစ်ပြီး ပို၍ အရေးကြီးသည်မှာ ကျင့်စဉ်များ အပေါ် သူတို့၏ နားလည် သဘောပေါက်မှုက ချန်ဖေးထက် မပိုလှကြောင်း ထင်ရှားနေခြင်း ပင်ဖြစ်သည်။

ဖုန်းရှိုးဖူ၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေ၏။ ချန်ဖေး ထုတ်ဖော်ပြသလိုက်သော စွမ်းအားကြောင့် မဟုတ်ဘဲ ချန်ဖေးက သူ၏ စွမ်းရည်များကို မည်သို့ ဖုံးကွယ်ရမည်ကို သိသောကြောင့် ဖြစ်သည်။ သင်၏ အစစ်အမှန် စွမ်းအားကို အခြားသူများ သိအောင် ဘယ်သောအခါမှ မလုပ်ပါနှင့်။ ထိုသို့ ပြုလုပ်မှသာ အရေးကြီးသော အချိန်တွင် သင့်အသက်ကို ကယ်တင်နိုင်မည် ဖြစ်သည်။

ချွီချင်းရှန်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဤမျှလောက် အဆင့်ရှိသော စွမ်းအားကို ထုတ်ဖော်ပြသခြင်းက လုံလောက်ပြီ ဖြစ်ကြောင်း အချက်ပြလိုက်၏။

ဘုန်း... ဘုန်း... ဘုန်း…

ဓားအစီအရင် အတွင်း၌ ရှန်ထူချန်းက သူ၏ ဧရာမဓားကြီးကို ဝှေ့ယမ်းကာ ပတ်လည်မှ တိုက်ခိုက်လာသော ဓားပုတီးစေ့များကို ခုခံရန် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံထားလိုက်သည်။

ဓားပုတီးစေ့ နှစ်ဆယ်က တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ဓားသိုင်းကွက် အမျိုးမျိုးကို ထုတ်ဖော်ပြသနေ၏။ စွမ်းအား အနည်းငယ် အားနည်းသူတိုင်းမှာ ဤဓားပုတီးစေ့များကြောင့် ဒဏ်ရာရသွားမည်မှာ သေချာသည်။

ချန်ဖေးက ကျုံးယွမ် ဓားသိုင်းကို ဤအဆင့်ထိ တတ်ကျွမ်းနေလိမ့်မည်ဟု ရှန်ထူချန်း လုံးဝ မမျှော်လင့်ထားခဲ့ပေ။

အရင်တုန်းက နတ်တိမ် ဓားဂိုဏ်း သိုင်းပညာ လေ့ကျင့်ရေးကွင်းတွင် မထင်မှတ်ဘဲ ထွက်ပေါ်လာသကဲ့သို့ပင် အံ့အားသင့်စရာ ကောင်းလှသည်။ ယခုလည်း ကျင့်စဉ်များအပေါ် နားလည် သဘောပေါက်မှု အဆင့်က အလားတူပင် အံ့သြဖွယ် ကောင်းနေပြန်သည်။

ရှန်ထူချန်းက ကျင့်စဉ်များကို သူ အတော်လေး လျင်မြန်စွာ နားလည် သဘောပေါက်နိုင်ခဲ့ပြီဟု ထင်ထားခဲ့သည်။ သို့သော် ချန်ဖေးက ပို၍ပင် လျင်မြန်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့် သွားရ၏။ ကျုံးယွမ် ဓားသိုင်းက ရွှမ်ဝူ ဓားသိုင်းကို မယှဉ်နိုင်သော်လည်း ချန်ဖေး၏ နက်နဲလှသော နားလည် သဘောပေါက်မှုက အခြေအနေကို ချက်ချင်း ပြောင်းပြန်လှန်ပစ်လိုက်သည်။

အခန်း (၂၈၉) ထိန်းချုပ်ခြင်း

ဓားအစီအရင် အတွင်း၌ ရှန်ထူချန်း၏ အရှိန်အဝါက ပို၍ပို၍ နက်နဲလာ၏။

ရွှမ်ဝူ ဓားသိုင်းမှာ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး နှစ်ရပ်စလုံးတွင် ထိပ်တန်း ဖြစ်သည်။ ဓားပုတီးစေ့ နှစ်ဆယ်၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် ရှန်ထူချန်း အနေဖြင့် အစီအရင်ကို ဖောက်ထွက်နိုင်စွမ်း မရှိတော့ဘဲ ကာကွယ်ရုံသာ ကာကွယ်နိုင်တော့၏။

ရှန်ထူချန်းက ကာကွယ်ခြင်းအပေါ်တွင်သာ အာရုံစိုက်လိုက်သောအခါ ဓားပုတီးစေ့ နှစ်ဆယ်က ဓားသိုင်းကွက် အမျိုးမျိုးကို အသုံးပြုနေသော်လည်း ရှန်ထူချန်း၏ ခန္ဓာကိုယ် ပတ်လည်ရှိ ဧရိယာကို ထိုးဖောက်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ သူ ဆက်လက် ကာကွယ်နေရင်းနှင့် ရှန်ထူချန်းက ဓားပုတီးစေ့များ၏ စွမ်းအားကို တိုက်ရိုက် အသုံးချလာ၏။

အစီအရင်ကို ဖောက်ထွက်ရန်အတွက် ဓားအစီအရင်ကို ဆွဲဖြဲပစ်ရန် ကြီးမားလှသော စွမ်းအားကို အသုံးပြုရမည် ဖြစ်သည်။ ထို့ကြောင့် ရှန်ထူချန်းက လောမနေဘဲ သူ၏ ခန္ဓာကိုယ် ခွန်အားများ အထွတ်အထိပ်သို့ ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေ၏။

ချန်ဖေးက မလှမ်းမကမ်းတွင် ရပ်လျက် အစီအရင် အတွင်းရှိ ရှန်ထူချန်းကို ကြည့်နေသည်။ ရှန်ထူချန်း၏ ရည်ရွယ်ချက်ကို အတိအကျ မသိရသော်လည်း ချန်ဖေးက တည်ငြိမ်နေဆဲ ပင်။

ရွှမ်ဝူ ဓားသိုင်းမှာ ပြောင်မြောက်လှသော်လည်း အသုံးပြုသူအပေါ်တွင်လည်း မူတည်ပေသည်။ ရှန်ထူချန်း၏ နားလည် သဘောပေါက်မှု အဆင့်က နိမ့်ကျလွန်းနေပြီး သူ၏ ခန္ဓာကိုယ်အတွင်း ခံနိုင်ရည်ရှိသော စွမ်းအား ပမာဏတွင် ကန့်သတ်ချက် တစ်ခု ရှိပေသည်။

ဤအမြင့်ဆုံး ကန့်သတ်ချက်ဖြင့် ဓားအစီအရင်ကို ချိုးဖျက်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

ကျုံးယွမ် ဓားသိုင်းနှင့် ရွှမ်ဝူ ဓားသိုင်းတို့ အကြားတွင် ကွာဟချက် ရှိသော်လည်း ထိုကွာဟချက်မှာ အလွန်အမင်း ကြီးမားနေခြင်း မဟုတ်ချေ။

ပို၍ ကြီးမားသော ကွာဟချက်မှာ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ပြီးနောက်တွင် ဖြစ်သည်။ ကနဦးအဆင့်နှင့် အလယ်အလတ် အဆင့်များတွင် ရွှမ်ဝူ ဓားသိုင်းက ကျုံးယွမ် ဓားသိုင်းကို ဖိနှိပ်နိုင်ရန်အတွက် နှစ်ဖက်စလုံးသည် ကျင့်စဉ်များအပေါ် အနည်းဆုံး တူညီသော နားလည် သဘောပေါက်မှု အဆင့်တစ်ခု ရှိထားရန် လိုအပ်ပေသည်။

"ကွဲစမ်း..."

ဓားအစီအရင် အတွင်း၌ ရှန်ထူချန်းက ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ကြီးမားလှသော စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်၏။ ချန်ဖေး တမင်တကာ ထုတ်ဖော်ထားသည့် ဓားပုတီးစေ့ နှစ်ဆယ်ဖြင့် ဖွဲ့စည်းထားသော ကျုံးယွမ် ဓားအစီအရင်က အနည်းငယ် တုန်ခါသွားသည်။

ဘုန်း...

ရှန်ထူချန်း၏ ဧရာမဓားကြီးက ဓားချက်တစ်ချက်တည်းဖြင့် ဓားပုတီးစေ့ နှစ်ဆယ်ကို ရိုက်ခွဲလိုက်ပြီး ကျုံးယွမ် ဓားအစီအရင်တွင် ဟာကွက်တစ်ခု ဖြစ်သွားစေ၏။ ရှန်ထူချန်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဓားအစီအရင်ထဲမှ ထွက်ရန် ခြေလှမ်းလိုက်စဉ်မှာပင် ယခုလေးတင် ကြေမွသွားသော ဓားပုတီးစေ့များက တစ်ခုပြီးတစ်ခု ပြန်လည် ထွက်ပေါ်လာကာ ရှန်ထူချန်းကို ဓားအစီအရင် အတွင်းသို့ ပြန်လည် ပိတ်ဆို့လိုက်သည်။

ရှန်ထူချန်း၏ အပြုံးက အေးခဲသွား၏။ သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာသော ဓားပုတီးစေ့များကို ကြည့်ရင်း သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။ ဤသည်က ရှန်ထူချန်း အနေဖြင့် ကျုံးယွမ် ဓားအစီအရင်ကို ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်း ဖြစ်ပြီး ကျုံးယွမ် ဓားအစီအရင်၏ ဓားပုတီးစေ့များက ဤမျှ လျင်မြန်စွာ ပြန်လည် နာလန်ထူနိုင်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

နောက်ဆုံးတော့ ဓားအစီအရင်ထဲက ဓားပုတီးစေ့တွေကို ရိုက်ခွဲနိုင်ဖို့ ခွန်အားတွေ စုစည်းနိုင်ခဲ့ပြီ... ဒါပေမဲ့ အပြင်ကို မရောက်ခင်မှာပဲ ဓားအစီအရင်ထဲကို ပြန်ဆွဲသွင်းခံလိုက်ရတယ်... ဤသို့ ဆိုလျှင် ဘယ်လို တိုက်ခိုက်ရမလဲ...

ရှန်ထူချန်းက အစီအရင် အပြင်ဘက်ရှိ ချန်ဖေးကို မော့ကြည့်လိုက်ရာ သူ၏ စိတ်ထဲတွင် မကောင်းသော ကြိုတင် ခံစားချက်တစ်ခု ထွက်ပေါ်လာ၏။

ဤတစ်ကြိမ်လည်း သရေပွဲပဲ ထပ်ဖြစ်ဦးမှာလား...

အကယ်၍ အခြေအနေက ပိုဆိုးသွားပြီး လုံးဝ တောင့်မခံနိုင်တော့ဘဲ နောက်ဆုံးမှာ ရှုံးသွားခဲ့ရင်ရော...

ဤဖြစ်နိုင်ချေကို သတိပြုမိသွားသောအခါ ရှန်ထူချန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ စွမ်းအင်များက ပြင်းထန်စွာ တက်ကြွလာ၏။ ယနေ့တွင် ရှန်ထူချန်းက ယခင်က ရှုံးကြွေးကို ဆပ်ရန် ချန်ဖေးကို စိန်ခေါ်ခဲ့ခြင်း ဖြစ်ပြီး ချန်ဖေးကို ရှုံးနိမ့်ရန် မဟုတ်ချေ။

သူသည် နောက်ဆုံးတွင် ဒွာရသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပြီး သူ၏ ကျင့်ကြံမှုနှင့် ကျင့်စဉ်များက နေ့စဉ်နှင့်အမျှ လျင်မြန်စွာ တိုးတက်နေသည်။ ချန်ဖေးကို ရှုံးနိမ့်စရာ အကြောင်း လုံးဝ မရှိပေ။ ယွမ်ချန် ဓားဂိုဏ်းက သယံဇာတ ဘယ်လောက်များ ထောက်ပံ့ပေးနိုင်မှာလဲ... ထို့အပြင် ရှန်ထူချန်းက မကြာသေးမီက သယံဇာတ ဘယ်လောက်များကို ခံစားခဲ့ရသလဲ…

ဤအခြေအနေမျိုးတွင် သူသာ ချန်ဖေးကို ရှုံးနိမ့်သွားမည် ဆိုပါက သူ၏ ပါရမီနှင့် နားလည် သဘောပေါက်နိုင်စွမ်းတို့က ချန်ဖေးထက် များစွာ နိမ့်ကျနေသည်ဟု အဓိပ္ပာယ် သက်ရောက်သွားမည် မဟုတ်ပါလား…

"ပွင့်စမ်း..."

ရှန်ထူချန်း ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ကြီးမားလာကာ ယွမ်ချီ စွမ်းအင်များက အလွန် ပေါက်ကွဲထွက်မတတ် သူ၏ သွေးကြောများ တစ်လျှောက် လည်ပတ်နေ၏။

ရှန်ထူချန်း၏ နဖူးပေါ်ရှိ သွေးကြောများက ဖောင်းကြွလာပြီး ရှေးဟောင်း သားရဲကြီး တစ်ကောင်အဖြစ် အသွင်ပြောင်းသွားသကဲ့သို့ ဖြစ်လာကာ သူ၏ ကြမ်းတမ်းသော အရှိန်အဝါများက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး ရှန်ထူချန်း ရပ်နေသည့် နေရာမှနေ၍ အက်ကွဲကြောင်းများ ပြန့်ထွက်သွားသည်။

ဘုန်း... ဘုန်း... ဘုန်း...

ရှန်ထူချန်းက သူ၏ ဓားသိုင်းကို ထုတ်ဖော်လိုက်ပြီး သူ့ထံ ပြေးဝင်လာသော ဓားပုတီးစေ့များကို တစ်ခုပြီးတစ်ခု ရိုက်ခွဲပစ်လိုက်၏။

အစောက ရှန်ထူချန်း အနေဖြင့် ကာကွယ်ရုံသာ ကာကွယ်နိုင်ပြီး ဓားပုတီးစေ့များကို မချိုးဖျက်နိုင်ခဲ့ပေ။ သို့သော် ယခုအခါ တိုက်ခိုက်မှုတိုင်းတွင် ဓားပုတီးစေ့များနှင့် ထိခိုက်မိသည်နှင့် ဓားပုတီးစေ့များက ကြေမွသွားတော့သည်။

ရှန်ထူချန်းက ရှေ့သို့ တစ်လှမ်းချင်း တိုးသွားရာ မြေကြီးမှာ အနည်းငယ် တုန်ခါနေပြီး ရှန်ထူချန်း၏ ခြေအောက်တွင် နက်ရှိုင်းသော တွင်းချိုင့်ကြီးများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာ၏။

ရွှမ်ဝူ ခန္ဓာစစ်မှာ ရွှမ်ဝူ ဓားသိုင်း အတွင်းရှိ သေကြောင်းကြံ သတ်ကွက် တစ်ခု ဖြစ်ပြီး ယွမ်ချီ စွမ်းအင်များကို ပေါက်ကွဲထွက်မတတ် အဆင့်ထိ ဆူပွက်စေကာ ကြီးမားလှသော စွမ်းအားကို ရရှိရန် ခန္ဓာကိုယ် အတွင်း၌ လည်ပတ်စေခြင်း ဖြစ်သည်။

ရွှမ်ဝူ ဓားသိုင်း၏ စွမ်းအားဖြင့် လေ့ကျင့်ခံထားရသူများသာ ဤဆူပွက်နေသော ယွမ်ချီ စွမ်းအင်ကို ကပ်သီးလေး ခံနိုင်ရည် ရှိပေမည်။ အကယ်၍ အခြား သာမန် ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင်များသာ ယွမ်ချီ စွမ်းအင်ကို ဤကဲ့သို့ ထုတ်လွှတ်ရဲပါက မည်သူ့ကိုမျှ အန္တရာယ် မပေးနိုင်မီ သူတို့၏ ကိုယ်ပိုင် ခန္ဓာကိုယ်များ အရင် ပျက်စီးသွားမည် ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင်များက မြင်ကွင်းကို စိတ်အားထက်သန်စွာ ကြည့်နေကြ၏။ အခြေအနေက အတင်းမာဆုံး အချိန်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး နောက်ထပ် အခိုက်အတန့် အနည်းငယ် အတွင်းတွင် ရလဒ်က ဆုံးဖြတ်ချက် ကျတော့မည် ဖြစ်သည်။

ရှန်ထူချန်းနှင့် ချန်ဖေးတို့ ထုတ်ဖော်ပြသလိုက်သော တိုက်ခိုက်ရေး စွမ်းရည်များက လူအများအပြားကို အံ့အားသင့်စေခဲ့ပြီး အထူးသဖြင့် ဒွာရသန့်စင်ခြင်း ကနဦးအဆင့်ရှိ သိုင်းပညာရှင်များမှာ ပို၍ပင် ပြင်းထန်စွာ ခံစားလိုက်ရသည်။

ယခင်က သူတို့သည် ဤမျှ လတ်တလောမှ အဆင့်တက်လှမ်းထားသော ဒွာရသန့်စင်ခြင်း ကနဦးအဆင့် ပညာရှင်များကို အနည်းငယ် အထင်သေးခဲ့ကြသည်။

ဤအဆင့်ကို ဖြတ်သန်းခဲ့ဖူးသူများ အနေဖြင့် အားနည်းချက်ကို နားလည်ထားကြသည်။

သို့သော် ယနေ့တွင် ရှန်ထူချန်းနှင့် ချန်ဖေးတို့ ထံတွင် ထိုအားနည်းချက်ကို သိပ်မတွေ့ရပေ။

ဤသည်က မွေးရာပါ ပါရမီပင် ဖြစ်သည်။

စစ်မှန်သော ပါရမီရှင် တစ်ဦးမှသာ ဤအားနည်းသော အချိန်ကာလကို အချိန်တို အတွင်း ကျော်လွှားနိုင်မည် ဖြစ်ပြီး သူတို့ရှေ့ရှိ လူနှစ်ယောက်စလုံးက ထိုသို့ ဖြစ်နေကြောင်း ရှင်းလင်းနေ၏။

ချန်ဖေးက ငြိမ်သက်စွာ ရပ်လျက် တိုးကပ်လာသော ရှန်ထူချန်းကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်နေသည်။ ယခုအချိန်တွင် ရှန်ထူချန်း၏ စွမ်းအားကို သေချာပေါက် လျှော့တွက်၍ မရနိုင်ချေ။ နဂါးဆင် နှိမ်နင်းခြင်းနှင့် မယှဉ်နိုင်သော်လည်း သာမန် ဒွာရသန့်စင်ခြင်း ကနဦးအဆင့် ပညာရှင်များထက် များစွာ အားကောင်းနေသည်မှာ အမှန်ပင်။

သို့သော်လည်း ဤစွမ်းအားက ဓားအစီအရင်ကို လုံးဝ ဆွဲဖြဲပစ်ရန် မလုံလောက်သဖြင့် အတွင်း၌ ပိတ်မိနေရန်သာ ဖန်တီးထားခြင်း ဖြစ်သည်။

ချန်ဖေးက ချန်ယွမ်ဓားကို ကိုင်ဆောင်ထားရင်း ရုတ်တရက် ဓားကို လှည့်၍ မြေကြီးထဲသို့ ထိုးစိုက်လိုက်၏။ နောက်တစ်ခဏတွင် ဧရိယာ တစ်ဝိုက်၌ ဓားအစီအရင် သုံးခုက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ချန်ဖေး၏ ကိုယ်ပွားများနှင့် သူ၏ ခန္ဓာကိုယ် အစစ်အမှန်တို့က ဓားအစီအရင်ကို ဝိုင်းရံထားလိုက်ကြသည်။

ချန်ဖေးထံသို့ တဖြည်းဖြည်း တိုးကပ်လာသော ရှန်ထူချန်း ရုတ်တရက် ရပ်တန့်သွား၏။ ဓားအစီအရင်၏ အနှောင့်အယှက်ကြောင့် ရှန်ထူချန်းက သူ့ပတ်လည်ရှိ ချန်ဖေး လေးယောက်ကို ကြည့်ကာ မည်သူက ချန်ဖေး အစစ်ဖြစ်ကြောင်းကို မခွဲခြားနိုင်တော့ပေ။

ရှန်ထူချန်းက အမှန်တရားကို ခွဲခြားသိမြင်ရန် သူ၏ စိတ်စွမ်းအားကို အဆက်မပြတ် တုန်ခါစေခဲ့သော်လည်း ဓားအစီအရင်၏ အနှောင့်အယှက်အောက်တွင် ရှန်ထူချန်း အနေဖြင့် ကွာခြားချက်ကို မပြောနိုင်တော့ချေ။

ချန်ဖေး အတိအကျ ဘယ်မှာ ရှိနေသလဲ ဆိုတာကို သူ မသိတော့ပေ။

သို့မဟုတ် ထိုပုံရိပ် လေးခုစလုံးက ချန်ဖေး၏ အစစ်အမှန် ခန္ဓာကိုယ် သို့မဟုတ် သူ၏ ပုံရိပ်ယောင်များ ဖြစ်နိုင်ပြီး ချန်ဖေး အလိုရှိသရွေ့ ပုံရိပ် လေးခုစလုံးက အလိုရှိသလို ပြောင်းလဲသွားနိုင်ပေသည်။

အောက်ဘက်ရှိ မြင်ကွင်းကို ကြည့်ရင်း ကောဟွိုင်ယွီက ခေါင်းအနည်းငယ် ခါယမ်းလိုက်၏။ ရလဒ်က အဆုံးအဖြတ် ကျသွားပြီ ဖြစ်သည်။အကယ်၍ ရှန်ထူချန်းက ဘီလူးဝိညာဉ် ဓားသိုင်း ကျင့်စဉ်ကို နားလည် သဘောပေါက်မှု အဆင့် နိမ့်ကျသူ တစ်ဦးနှင့် တွေ့ဆုံခဲ့ပါက ရွှမ်ဝူ ဓားသိုင်းက အားကောင်းခြင်း၊ ကာကွယ်ရေး မြင့်မားခြင်းနှင့် လျင်မြန်စွာ နာလန်ထူနိုင်ခြင်းတို့ကြောင့် မျက်နှာချင်းဆိုင် တိုက်ခိုက်ရာတွင် အနိုင်ရရန် အခွင့်အရေး အနည်းငယ် ရှိနိုင်သေးသည်။

သို့သော်လည်း ရှန်ထူချန်း ရင်ဆိုင်နေရသည်မှာ အခြေအနေများကို ထိန်းချုပ်နိုင်စွမ်းကြောင့် နာမည်ကျော်ကြားသော ကျုံးယွမ် ဓားအစီအရင် ဖြစ်နေပြီး ကျုံးယွမ် ဓားသိုင်းအပေါ် ချန်ဖေး၏ ကျွမ်းကျင်မှုကလည်း အလွန်အမင်း မြင့်မားလှသည်။

တိုက်ရိုက် ရင်ဆိုင် တိုက်ခိုက်ရန်ပင် မလိုအပ်တော့ပေ။ ရှန်ထူချန်းက သူ၏ ရွှမ်ဝူ ခန္ဓာစစ်ကို အသုံးပြုထားလျှင်တောင် လုံးဝ လမ်းပျောက်နေပြီ ဖြစ်သည်။

"အား..."

ရှန်ထူချန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဓားအစီအရင်ကို တစ်ချက်တည်းဖြင့် ဆွဲဖြဲပစ်ရန် ကြိုးစားကာ သူ၏ ဧရာမဓားကြီးဖြင့် ပတ်ဝန်းကျင်ကို ခုတ်ပိုင်းလိုက်ရာ ပေါက်ကွဲမှုများ ဖြစ်ပေါ်သွား၏။ သို့သော် ဓားပုတီးစေ့များက လျင်မြန်စွာ ကြေမွသွားသကဲ့သို့ ထိုမျှ လျင်မြန်စွာပင် ပြန်လည် နာလန်ထူလာသဖြင့် ရှန်ထူချန်းကို အသက်ရှူရန် အခွင့်အရေးပင် မပေးတော့ချေ။

အချိန်ကြာလာသည်နှင့်အမျှ ရွှမ်ဝူ ခန္ဓာစစ်ကို အသုံးပြုခြင်း၏ အားနည်းချက်များက ထွက်ပေါ်လာတော့သည်။ ရှန်ထူချန်းမှာ ဓားပုတီးစေ့များကြောင့် ဒဏ်ရာရခြင်း မဟုတ်ဘဲ သူ၏ ကိုယ်ပိုင် ပေါက်ကွဲထွက်မတတ် ယွမ်ချီ စွမ်းအင်များကြောင့် သူ၏ ခန္ဓာကိုယ်က ဆွဲဖြဲခံနေရခြင်း ဖြစ်သည်။

ဤဆွဲဖြဲမှုက အချိန်ကြာလာသည်နှင့်အမျှ ရှန်ထူချန်း၏ ဒဏ်ရာများကို ပိုမို ဆိုးရွားလာစေမည် ဖြစ်ပြီး နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ပြိုကျသွားစေမည် ဖြစ်သည်။

"ပြိုင်ပွဲမှာ ချန်ဖေး နိုင်တယ်..."

ရှန်ထူချန်း၏ အခြေအနေကို မြင်သောအခါ ကောဟွိုင်ယွီက သက်ပြင်းချလိုက်၏။ ဓားအလင်းတန်း တစ်ခုက ကျုံးယွမ် ဓားအစီအရင်ကို ဆွဲဖြဲပစ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ရှန်ထူချန်း၏ ရွှမ်ဝူ ခန္ဓာစစ်ကိုလည်း ရပ်တန့်သွားစေသည်။

ရှန်ထူချန်း၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားပြီး မြေကြီးပေါ်တွင် စိတ်ပျက်လက်ပျက် ဒူးထောက်ကျသွား၏။ သူ ရှုံးသွားပြီ။ ဤတစ်ကြိမ်တွင် သရေပွဲ မဟုတ်တော့ပေ။ သူသည် ဒွာရသန့်စင်ခြင်း အဆင့်သို့ စောစီးစွာ တက်လှမ်းထားပြီး ချန်ဖေးထက် သယံဇာတ ပိုများနေခဲ့သည်။ သို့သော် နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့သူမှာ သူသာ ဖြစ်သည်။

ချန်ဖေးက ရှန်ထူချန်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် အဝေးရှိ ကောဟွိုင်ယွီကို မော့ကြည့်လိုက်၏။

ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်က တကယ်ကိုပင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အားကောင်းလှသည်။

ပေါ့ပေါ့ပါးပါး ဓားချက် တစ်ချက်ဖြင့်ပင် ကျုံးယွမ် ဓားအစီအရင်ကို ဆွဲဖြဲပစ်နိုင်ခဲ့ပြီး ဓားအစီအရင်ကို ခုခံနိုင်စွမ်း ကင်းမဲ့သွားစေသည်။

ဤသည်က ချန်ဖေး တမင်တကာ ထုတ်လွှတ်ထားသော အားနည်းသည့် ဓားအစီအရင်မျှသာ ဖြစ်လျှင်တောင် ကောဟွိုင်ယွီ၏ ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်ဖော်ပြသနေဆဲ ပင်။

ချန်ဖေးက ဓားပုတီးစေ့ လေးဆယ်ပါဝင်သော ဓားကြိုးမျှင်ပုံစံ အစီအရင်ကို ထုတ်ဖော်လိုက်လျှင်တောင် ကောဟွိုင်ယွီ၏ ဓားချက်ကို ခုခံနိုင်မည် မဟုတ်သေးပေ။ ဤသည်က ကျင့်ကြံမှု အဆင့်ချင်း အကြွင်းမဲ့ ကွာဟချက် ဖြစ်သကဲ့သို့ ကျင့်စဉ်ချင်း အဆင့် ကွာခြားမှုလည်း ဖြစ်သည်။

နဂါးဆင် နှိမ်နင်းခြင်းကျင့်စဥ်ဖြင့် ဓားတစ်ချက်ကို ကပ်သီးလေး ကာကွယ်နိုင်မလား ဆိုတာတော့ မသိဘူး…

ပိုင်တောက်ရှန်နှင့် နီကျိယန်တို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ယခုအချိန်တွင် ချန်ဖေး၏ စွမ်းအားမှာ မဆိုးလှသော်လည်း သူတို့ကို ဓားတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့စဉ်ကထက် များစွာ အားနည်းနေသည်မှာ သေချာသည်။

ကြောက်မက်ဖွယ် အကောင်းဆုံး ပါရမီရှင် အမျိုးအစားမှာ သူတို့၏ အစစ်အမှန် စွမ်းရည်များကို မည်သို့ ဖုံးကွယ်ရမည်ကို သိသောသူပင် ဖြစ်သည်။ အကယ်၍ သူတို့က ချန်ဖေး၏ ဓာတစ်းချက်ဖြင့် အနိုင်ယူ ခံခဲ့ရကြောင်း အခြားသူများကို ပြောပြလျှင်တောင် လူအများစုက ယုံကြည်ကြမည် မဟုတ်ပေ။

အလွန်ဆုံး သူတို့ ပြန်သွားပြီး ဂိုဏ်းချုပ်ကြီးနှင့် အသေးစိတ် ဆွေးနွေးကာ ချန်ဖေးကို စောင့်ကြည့်ကြမည်သာ ဖြစ်သည်။ ချန်ဖေးကို ကြိုတင် ရှင်းလင်း ဖယ်ရှားပစ်ရန်မှာ သူတို့က ယွမ်ချန် ဓားဂိုဏ်းနှင့် မည်သည့် ရန်ငြိုးမှ မရှိသဖြင့် ထိုသို့သော အရာမျိုးကို လုပ်မည် မဟုတ်ပေ။

နတ်တိမ် ဓားဂိုဏ်းက ယခုအကြောင်းကို သိလျှင်တောင် ထိုသို့ လုပ်မည် မဟုတ်ချေ။ ရှန်းယန်ဂိုဏ်းက အပြင်ဘက်မှ သူတို့ကို စောင့်ကြည့်နေချိန်တွင် အတွင်းပိုင်း စည်းလုံးညီညွတ်မှုကို အဘယ်ကြောင့် ဦးစွာ ဖျက်ဆီးပစ်ရမည်နည်း။

ထို့အပြင် ဒွာရသန့်စင်ခြင်း ကနဦးအဆင့် ဆိုသည်မှာ နောက်ဆုံးတွင် ဒွာရသန့်စင်ခြင်း ကနဦးအဆင့်မျှသာ ဖြစ်သည်။ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်သို့ ကြီးထွားလာရန် အချိန်အလွန် ကြာမြင့်ပေလိမ့်မည်။နောက်ထပ် အချက်တစ်ချက်မှာ ယွမ်ချန် ဓားဂိုဏ်း အနေဖြင့် အမွေအနှစ်များ ဆုံးရှုံးသွားခြင်းကြောင့် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် အထိသာ ကျင့်ကြံနိုင်ပြီး ထိုအဆင့် ရောက်လျှင်တောင် အတော်လေး အားနည်းသော အရာတစ်ခု အဖြစ်သာ သတ်မှတ်ခံရပေသည်။

ဒွာရပေါင်းစည်းခြင်း အဆင့်သို့ တက်လှမ်းရန် ဖြစ်နိုင်ချေမှာ အလွန်အမင်း နည်းပါးလှသည်။ တိုက်ခိုက်ရေး စွမ်းအားမှာ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်များ အကြားတွင် အောက်ခြေ အဆင့်၌သာ ရှိနေသေးသဖြင့် စိုးရိမ်ပူပန်နေရန် မတန်ပေ။

ဧရာမဓားကြီးကို မှီလျက် ရှန်ထူချန်းက အသက်ကို ပြင်းပြင်း အနည်းငယ် ရှူလိုက်ပြီး ချန်ဖေးကို မော့ကြည့်လိုက်သည်။ သူ၏ အိတ်ကပ်ထဲမှ ဆေးပုလင်း တစ်လုံးကို ထုတ်၍ ချန်ဖေးထံသို့ ပစ်ပေးလိုက်ရာ ချန်ဖေးက ဖမ်းယူလိုက်၏။

"လောင်းကြေးက လောင်းကြေးပဲ... ဒီနတ်ဘုရား ဆေးလုံးတွေ... မင်းဟာပဲ..."

ရှန်ထူချန်းက စကားပြောပြီးနောက် မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။ "မင်းလောက် မကျွမ်းကျင်လို့ ငါ ပြောစရာ မရှိပါဘူး... ဒါပေမဲ့ ဒါက အစပဲ ရှိသေးတယ်... ငါ မင်းကို ကျော်ဖြတ်ပြမယ်..."

ရှန်ထူချန်းက စကားတစ်ခွန်းတည်း ပြောပြီးနောက် လှည့်ထွက်သွားကာ ချန်ဟုန်ဂိုဏ်း၏ အတွင်းပိုင်းဆီသို့ ဦးတည်သွား၏။ သူ၏ တာဝန်များကို အပြီးသတ်ရန် လိုအပ်သကဲ့သို့ သူ၏ စိတ်ကိုလည်း တည်ငြိမ်အောင် လုပ်ရန် လိုအပ်ပေသည်။

ချန်ဖေးက ထွက်ခွာသွားသော ရှန်ထူချန်း၏ ကျောပြင်ကို ကြည့်ရင်း သူ၏ လက်ထဲရှိ ဆေးပုလင်းကို ဖွင့်လိုက်ရာ ရင်းနှီးသော ဆေးရနံ့ကို ရလိုက်၏။ ချန်ဖေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

သူ၏ ပါရမီနှင့် နတ်တိမ် ဓားဂိုဏ်း၏ သယံဇာတများကြောင့် ရှန်ထူချန်းမှာ လျင်မြန်စွာ ကြီးထွားလာမည်မှာ သေချာသည်။ သို့သော် ချန်ဖေးက ပို၍ လျင်မြန်စွာ ကြီးထွားလာမည်သာ ဖြစ်သည်။

နှစ်နာရီ ကြာပြီးနောက် ချန်ဖေးက ယွမ်ချန် ဓားဂိုဏ်းမှ အဖွဲ့ဝင်များနှင့်အတူ တောင်တံခါးဝသို့ ပြန်လည် ရောက်ရှိလာ၏။ ချွီချင်းရှန်းက ရိုးရှင်းသော အစီအစဉ် အချို့ကို ချမှတ်ပြီးနောက် လူတိုင်းကို ပြန်လည် အနားယူရန် ပြောလိုက်သည်။

လူတိုင်း ထွက်ခွာသွားပြီးနောက် ချန်ဖေးက သူ၏ အိတ်ကပ်ထဲမှ ယွမ်ချန် ဓားကျမ်းစာ၏ အမွေအနှစ် ကျောက်တုံးကို ထုတ်ယူလိုက်သည်။

ချန်ဟုန်ဂိုဏ်းက တိုက်ပွဲဝင် ပစ္စည်း ၅၀ ရာခိုင်နှုန်းကို နတ်တိမ် ဓားဂိုဏ်းသို့ လွှဲပြောင်းပေးအပ်ခဲ့ရသည်။ သို့သော် နတ်တိမ် ဓားဂိုဏ်းက တင်းကျပ်သော ရှာဖွေမှုမျိုး မပြုလုပ်ခဲ့ပေ။ ချန်ဟုန်ဂိုဏ်းကို တိုက်ခိုက်ခြင်းမှာ နတ်တိမ် ဓားဂိုဏ်းမှ ကြီးမှူးကျင်းပသော အောင်ပွဲခံပွဲ တစ်ခုနှင့် ပိုတူနေ၏။

ထို့ကြောင့် ချန်ဖေးက အမွေအနှစ် ကျောက်တုံးကို နေရာလွတ် အကွက်ထဲသို့ မထည့်လျှင်တောင် နတ်တိမ် ဓားဂိုဏ်းမှ ရှာဖွေတွေ့ရှိမည် မဟုတ်ပေ။

ချွီချင်းရှန်းက ချန်ဖေး၏ လက်ထဲရှိ အမွေအနှစ် ကျောက်တုံးကို တစ်ချက် ကြည့်လိုက်ပြီး ချန်ဖေးကို မော့ကြည့်ကာ ပြောလိုက်သည်။ "ချန်ဟုန်ဂိုဏ်းရဲ့ အမွေအနှစ် လှံသိုင်းလား... ပြန်ပြင်ထားဖို့ များတယ်... ပေါ့ပေါ့တန်တန် မလေ့ကျင့်နဲ့..."

"ဒါ လှံသိုင်း မဟုတ်ပါဘူး..." ချန်ဖေး ခေါင်းခါယမ်းလိုက်၏။

"အဲဒါ ဘာလဲ..." ချွီချင်းရှန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ယွမ်ချန် ဓားကျမ်းစာ..."

ချန်ဖေးက တီးတိုး ပြောလိုက်ရာ ချွီချင်းရှန်း၏ မျက်နှာ အေးခဲသွားတော့သည်။

All Chapters