စိတ်ဝိညာဉ်ဆိုတာ အတိအကျဆိုရင် ဘာလဲ ...
Vol. 19 Ch. 252
စုမင်၏ စကားများကြောင့် ကျီချဲ စိတ်ရှုပ်ထွေးသွားရသော်လည်း နာခံမှုရှိနေဆဲပင် ဖြစ်သည်။ စုမင် အလင်းတန်းတစ်ခု အသွင်ဖြင့် တောင်မှပျံသန်း ထွက်ခွာသွားသည်ကိုသာ သူစိတ်ရှုပ်ထွေးစွာ ကြည့်နေမိသည်။
‘ဝါးစာလိပ်က သာမန်လိုပါပဲ။ အဲဒါနဲ့ ပတ်သက်ပြီး ထူးဆန်းတာလည်း မတွေ့ပါဘူး။ ဘာလို့များ ဆရာဦးလေးစုက အဲဒါကို မြင်ပြီးတာနဲ့ မြန်မြန်စိတ်ပြောင်းသွားရတာလဲ ... အဲဒီ ဝါးစာလိပ်သေးသေးလေးက ရွှေသား ကျောက်ဒင်္ဂါး၊ မာန်နတ်ဘုရား အသွင်ပြောင်းလဲခြင်းနဲ့ အေးခဲကောင်းကင်ဓားရှည်တွေထက် တစ်ခုခုပိုပြီး အဖိုးတန်နေတာများလား’
ကျီချဲ ထိုအရာကို တကယ် နားမလည်နိုင်ပါချေ။
ဤအကြိမ်သည် စစ်မာရှင်းနှင့် တိုက်ပွဲဖြစ်ပြီးခဲ့သည့် အချိန်မှစ၍ စုမင် နဝမတောင်ထွတ်မှ ပထမဆုံးအကြိမ်အဖြစ် ထွက်ခွာခြင်းဖြစ်သည်။ သူ့အတွက်တော့ အေးခဲကောင်းကင်ကလန်ရော၊ ကြီးမြတ်သော ဆီးနှင်းဖုံးလွင်ပြင်များ အပိုင်းသည်ရော သူ့အိမ်မဟုတ်ပေ။ သူ့အိမ်ဟု သတ်မှတ်ထားသောအရာသည် နဝမတောင်ထွတ် တစ်ခုတည်းသာ ဖြစ်သည်။
စုမင် လေထဲမှာပင် ရှေ့သို့လျှောက်လှမ်းလာခဲ့ပြီး သူ့မြင်ကွင်းအဆုံး၌ သတ္တမတောင်ထွတ်က တည်ရှိနေပေသည်။
ထျန်းလန်မုန်သည် သူ့အား အကြိမ်များစွာ ဖိတ်ခေါ်ခဲ့ပြီး ရွှေသား ကျောက်ဒင်္ဂါး၊ မာန်နတ်ဘုရား အသွင်ပြောင်းလဲခြင်း၊ အေးခဲကောင်းကင်ဓားရှည် စသည့်လက်ဆောင်ပစ္စည်းများဖြင့် ကမ်းလှမ်းခဲ့ပြီး အဆုံးတွင် ဝါးစာလိပ်လေးတစ်ခုဖြင့် ပြောင်းလဲကမ်းလှမ်းခဲ့သည်။ သူမ၏ လုပ်ရပ်များထဲတွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်တစ်ခု ရှိနေသည်။ ထိုအရာသည် စမ်းသပ်မှုတစ်ခုဟုပင် ပြော၍ရသလို စိတ်နှလုံးအား တဖြည်းဖြည်း ပြောင်းလဲလာစေခြင်း ဟုလည်း ပြော၍ရသည်။
သူမသာ ဝါးစာလိပ်ကို မပေးခဲ့လျှင်၊ စုမင်သည် နဝမတောင်ထွတ်မှ ထွက်လာလိမ့်မည် မဟုတ်သလို ကြီးမြတ်သော ဆီးနှင်းဖုံးလွင်ပြင်များ အဆင့်ဇယား၏ ပထမနေရာတွင် ရှိနေသော ထျန်းလန်မုန် ဆိုသူနှင့်လည်း တွေ့ဆုံလိမ့်မည် မဟုတ်ပေ။
ဝါးစာလိပ်အား ဆုပ်ကိုင်ထားရင်းဖြင့် စုမင် အမူအရာက တည်ငြိမ်နေခဲ့သည်။ သူရှေ့သို့ ရွေ့လျားလာသည်နှင့်အမျှ အလင်းတန်း တစ်ခုသည်လည်း သူ့နောက်မှ အမီလိုက်နိုင်ရန် ကြိုးစားလျက်ရှိသည်။ ၎င်းအလင်းတန်း အတွင်းမှလူသည် စုမင်ကို အကြိမ်ကြိမ် လာရောက်ဖိတ်ခေါ်ခဲ့သော ချန်ချန်းအာပင်ဖြစ်သည်။
စုမင် နောက်သို့ လှည့်မကြည့်ခဲ့ပေ။ သူသည် ဝါးစာလိပ်ကို ကိုင်ထားရင်းမှပင် သိပ်မကြာမီ၌ သတ္တမတောင်ထွတ်၏ အထက်ကောင်းကင်သို့ ရောက်ရှိလာခဲ့သည်။ သတ္တမတောင်ထွတ် ပတ်ဝန်းကျင်တွင် မြူခိုးအလွှာတစ်ခု ရှိနေသကဲ့သို့ စုမင်အမြင်တွင် သတ္တမတောင်ထွတ်သည် အတန်ငယ် ဝိုးတိုးဝါးတား ဖြစ်နေသော်လည်း သူသာ အနီးကပ် ကြည့်ရှုမည်ဆိုလျှင် အမှန်တကယ်တော့ ထိုနေရာတွင် မည်သည့်မြူခိုးများမှ မရှိကြောင်း တွေ့ရပေလိမ့်မည်။
တောင်အတွင်းရှိ ခန်းမများအားလုံး အလုပ်လုပ်နေသဖြင့် အလိုအလျောက် အသက်ဝင်နေသော အစီအရင်ကြောင့် ထူးဆန်းသော ခံစားချက်တစ်မျိုးကို သူခံစားနေရခြင်းဖြစ်ကြောင်း စုမင် ချက်ချင်းသိရှိလိုက်သည်။
ဤအရာသည် နဝမတောင်ထွတ်နှင့် လုံးဝကွဲပြားခြားနားပေသည်။
စုမင် သတ္တမတောင်ထွတ်ကို တစ်ခဏသာ ငေးကြည့်လိုက်ပြီး သူ့လက်ထဲမှ ဝါးစာလိပ်ထံသို့ အကြည့်ပြန်လွှဲလိုက်သည်။ သူ့မျက်လုံးများက စူးရှတောက်ပသွားပြီး ဝါးစာလိပ်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိ၏။
သူ့မျက်နှာပေါ်တွင် စိတ်မရှည်ဖြစ်သော အရိပ်အယောင် တစ်ခုမျှပင်မရှိပဲ လေထဲမှာပင် တည်ငြိမ်စွာရပ်နေခဲ့ပြီး သူ့နောက်မှ လိုက်ပါလာသော ချန်ချန်းအာသည် အချိန်တစ်ခဏကြာမှသာ သူ့ကိုလိုက်မီလာခဲ့သည်။ ယနေ့ သူမသည် တောင်နှစ်တောင်အကြား သွားချည်ပြန်ချည် အကြိမ်ကြိမ် ပြုလုပ်ခဲ့ရသဖြင့် သူမနံဖူးထက်တွင် ချွေးများကဖုံးအုပ်နေလေပြီ။ သူမသည် စုမင်အား တစ်ချက် စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး စကားတစ်ခွန်းမျှမဆိုပဲ ဖြတ်ကျော်ပျံသန်း သွားလေသည်။
မိန်းကလေး၏ အပြုအမူများကြောင့် စုမင် စိတ်ရှုပ်ခံမနေတော့ပေ။ သူသည် ချန်ချန်းအာနောက်မှသာ အေးအေးဆေးဆေး လိုက်သွားလိုက်ပြီး သူတို့နှစ်ဦးသည် တောင်ထွတ်၏ထိပ်သို့ ဦးတည်ပျံသန်း သွားလိုက်ကြသည်။
သူတို့တောင်နှင့် နီးကပ်လာသော အခိုက်အတန့်မှာပင် ချန်ချန်းအာရှေ့ရှိ မြူများသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ချန်ချန်းအာအား ချောချောမွေ့မွေ့ပင် ဝင်ခွင့်ပြုလိုက်ဟန်ဖြင့် တောင်က သာမန်ပြန်ဖြစ်သွားခဲ့သည်။ စုမင်လည်း သူမနောက်မှလိုက်သွားလိုက်သည်။
သူသည် ရေလွှာတစ်ခုအား ဖြတ်လျှောက်လာခဲ့သည်ဟု ခံစားလိုက်ရလေသည်။ သူ သတ္တမတောင်ထွတ်အတွင်း ခြေချလိုက်မိချိန်တွင် တိုက်ခတ်နေသောလေသည်ပင် အေးစက်မနေတော့ပဲ နွေးထွေးမှု အရိပ်အယောင်တစ်ခုပါ ပါရှိနေပြီး သူအသက်ရှူလိုက်မိသည်နှင့် ချိုမြိန်သော မွှေးရနံ့တစ်ခုကိုပါ ရရှိလိုက်၏။
ထိုမွှေးရနံ့သည် ပန်းပွင့်များနှင့် အပင်များထံမှ လာခြင်းမဟုတ်ပဲ ဤတောင်ထဲတွင် အမျိုးသမီးတပည့် များစွာရှိသောကြောင့် ဖြစ်ပေါ်နေသော ထူးခြားသည့်ရနံ့တစ်မျိုး ဖြစ်သည်။
ပျော်ရွှင်စွာ တခစ်ခစ် ရယ်မောသံများသည် စုမင်နားထဲသို့ ရောက်ရှိလာပြီး သူလှမ်းကြည့်လိုက်မိသည့် နေရာတိုင်းတွင် အမျိုးသမီးများနှင့် မိန်းကလေးများကိုသာ တွေ့လိုက်ရသည်။ တောင်ထွတ်ပေါ်မှ အမျိုးသမီးတပည့်များသည် အုပ်စုဖွဲ့ကာကစားသူက ကစားနေကြပြီး တချို့ကမူ လှေကားထစ်များတွင် သာယာစွာ လမ်းလျှောက်နေကြသည်။ သူတို့သည် အလွန်များပြားလှသဖြင့် ကြည့်လိုက်မိရုံနှင့်ပင် မိန်းမောတွေဝေ သွားရပေလိမ့်မည်။
တိတ်ဆိတ်ငြိမ်သက်သော နဝမတောင်ထွတ်နှင့် နှိုင်းယှဉ်လျှင် သတ္တမတောင်ထွတ်သည်ကား အလွန်အမင်း သက်ဝင်လှုပ်ရှားနေချေသည်။
အမျိုးသမီးများကြောင့် ဖြစ်ပေါ်နေသော ဤသက်ဝင်လှုပ်ရှားမှုသည် စုမင်ကို စိတ်မသက်မသာ ဖြစ်သွားစေသည်။
သူသတ္တမတောင်ထွတ်သို့ ရောက်လျှင် ရောက်ချင်းမှာပင် အမျိုးသမီးတပည့် အတော်များများက သူ၏ရောက်ရှိမှုကို သတိပြုမိ သွားခဲ့ကြသည်။ သူ၏ အစိမ်းရောင်ဝတ်ရုံများ၊ ချောမောခန့်ညားသော ပုံပန်းသွင်ပြင်နှင့် သူ့မျက်လုံးအောက်မှ အမာရွတ်တို့ကြောင့် လူအများစုသည် တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူမည်သူမှန်း သတိပြု မိသွားခဲ့ကြချေသည်။
“သူက ...”
“ငါ သူ့ကိုမှတ်မိတယ်။ သူက အဖွဲ့ဝင်အစ်ကို စစ်မာနဲ့တိုက်ခဲ့တဲ့ စုမင်ဆိုတဲ့ တစ်ယောက်ပေါ့။ သူက နဝမတောင်ထွတ်ကလေ”
“ငါလည်း မှတ်မိတယ်။ သူက သူ့ကိုသူ ဆရာဦးလေးဆိုပြီးတော့တောင် အဖွဲ့ဝင် အစ်ကိုစစ်မာကို ပြောခဲ့သေးတယ်လေ ... သူက သတ္တမတောင်ထွတ်ကို ဘာလာလုပ်တာလဲ”
“အမှန်ပဲ။ အမျိုးသားတွေက သတ္တမတောင်ထွတ်ကို လာခဲတယ်။ သူက ဘယ်သူ့ဆီကို လာတာလဲ”
တတွတ်တွတ် ပြောဆိုသံများသည် စုမင်နားထဲသို့ ရောက်ရှိလာသဖြင့် စုမင် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး မိမိကိုယ်ကို တည်ငြိမ်သွားစေရန် ပြုလုပ်လိုက်ရသည်။ သူ ယခုလိုအခြေအနေမျိုး အတွင်းသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိသွားဖူးခြင်းလည်း ဖြစ်သည်။ ဤအရာမျိုးနှင့် လိုက်လျောညီထွေ မဖြစ်သဖြင့် သူ့အပေါ်စုရုံး ကျရောက်နေသော အကြည့်များကိုရှောင်ရှားရန် အရှေ့သို့ အလျင်အမြန် လျှောက်သွားလိုက်မိသည်။
ကျီယန်သည် တောင်လှေကားထစ်များအတိုင်း လျှောက်လှမ်းဆင်းလာနေသည်။ သူမ၏ပျင်းရိနေဟန် အမူအရာလေးကပင် ထူးခြား၍ ချစ်စဖွယ်ကောင်းသော အလှတရားတစ်မျိုး ဖြစ်ပေါ်နေခဲ့သည်။ သူမသည် ပါးစပ်ကိုလက်ဖြင့် ကာလျက် သမ်းဝေလိုက်ပြီး ခေါင်းမော့လိုက်ချိန်တွင် တောင်ထိပ်သို့ ချန်ချန်းအာနှင့်အတူ လျှောက်လာနေသော စုမင်ကို တွေ့လိုက်ရလေသည်။
“ဟမ်”
ချန်ချန်းအာသည် စုမင်အား ရှေ့မှဦးဆောင် လမ်းပြနေသည်ကို မြင်လိုက်ရသောအခါ သူမမျက်နှာထက်တွင် စိတ်ရှုပ်ထွေးနေသော အမူအရာတစ်ခုပင် ဖြစ်ပေါ်လာခဲ့သည်။ သူမသည် ခဏတာ ငြိမ်သက်နေမိပြီးမှ ဖန်းချန်းလန်ရှိရာသို့ ချက်ချင်း ထွက်သွားလိုက်သည်။
သတ္တမတောင်ထွတ်ပေါ်မှ အခြားမိန်းကလေး တစ်ဦးသည်လည်း စုမင်၏ ရောက်ရှိလာမှုကို သတိပြုမိခဲ့သည်။ သူမသည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ရပ်လျက် ပထမတောင်ထွတ်ရှိရာသို့ ငေးကြည့်နေခဲ့ခြင်းဖြစ်သည်။
ထိုမိန်းကလေးသည် မယုံနိုင်လောက်အောင်ပင် လှပပြီး အရိုင်းဆန်ဆန် အလှတရား တစ်ခုသည်လည်း သူမကို ဝန်းရံနေသေးသည်။ သူမသည် တစ်စုံတစ်ရာအား တွန့်ဆုတ်နေဟန်ဖြင့် မျက်မှောင်ကြုတ်နေချေသည်။
သူမသည် စုမင် တောင်ထိပ်သို့ ပျံသန်းသွားသည်ကို မြင်လိုက်ချိန်တွင် သူမမျက်လုံးများထဲ၌ အထင်သေးမှုများ ဖြစ်ပေါ်လာခဲ့သော်လည်း ထိုအမူအရာတို့သည် အလျင်အမြန်ပင် ပြန်လည်ဖုံးကွယ် ခံလိုက်ရသည်။ သူမသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အံတင်းတင်းကြိတ်လျက် ပထမတောင်ထွတ်ဆီသို့ လှမ်းကြည့်လိုက်သည်။
သူမမျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ချလိုက်ဟန်များက အတိုင်းသားပေါ်လာခဲ့သည်။
“ပိုင်စု၊ သူ့ဘဝထဲမှာ အရင်တုန်းက မင်းနဲ့မယုံနိုင်လောက်အောင် တူတဲ့ လူတစ်ယောက်ယောက်ကို သူတွေ့ခဲ့ဖူးတာ အသေအချာပဲ။ အဲဒါကြောင့် မင်းသာ သူ့ကိုသွားချဉ်းကပ်မယ်ဆိုရင်၊ သူကမင်းကိုတွေ့ဖို့ သေချာပေါက်ငြင်းမှာမဟုတ်ဘူး”
“ဒါပေမဲ့ ငါမင်းကို အဲလိုမလုပ်ခိုင်းနိုင်ဘူး။ အဲလိုမှသာ ငါသူ့ဆီမှာ မာန်မျိုးစေ့ကို စိုက်နိုင်ပြီး အေးခဲကောင်းကင်လိုဏ်ဂူကို စိန်ခေါ်တဲ့နေရာမှာ အောင်မြင်နိုင်မယ်ဆိုရင်တောင်၊ ငါအဲလိုမလုပ်လို့ လိုဏ်ဂူက ငါ့အတွက်အန္တရာယ် ရှိမယ်ဆိုရင်တောင် ငါမင်းကို အဲလိုမလုပ်ခိုင်းနိုင်ဘူး”
“အဲဒါက စွန့်စားရမယ်ဆိုရင်တောင်၊ ငါ ဒီတိုင်းပဲ ကြိုးစားကြည့်ချင်တယ်”
ထိုမိန်းကလေးသည် ပိုင်စုပင်ဖြစ်သည်။
လွန်ခဲ့သော နှစ်လခန့်က သူမကိုပြောဆိုခဲ့သော စစ်မာရှင်း၏ နူးညံ့ကြင်နာသည့် စကားလုံးများကို အမှတ်ရလိုက်မိပြီး ထိုအခိုက်အတန့်မှာပင် သူမမျက်လုံးများထဲ၌ စိတ်ပိုင်းဖြတ်လိုက်ဟန် အမူအရာမျိုး ဖြစ်ပေါ်လာခဲ့သည်။
“ကျွန်မရှင့်ကို အေးခဲကောင်းကင် လိုဏ်ဂူထဲမှာ ဘာတစ်ခုမှ အဖြစ်ခံမှာ မဟုတ်ဘူး၊ အစ်ကိုကြီး စစ်မာ ...” ပိုင်စု ခပ်တိုးတိုး ရေရွတ်လိုက်ပြီး နောက်သို့ လှည့်ထွက်လိုက်သည်။ သူမသည်လည်း အလားတူပင် တောင်ထိပ်ဆီသို့ ဦးတည်လိုက်လေသည်။
စုမင် သတ္တမတောင်ထွတ်၏ တောင်ထိပ်သို့ ဆင်းသက်လိုက်သည်။ ဤအကြိမ်သည် သူထျန်းလန်မုန်နှင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
သူမသည် ဆံပင်အရှည်ကြီးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ တောင်ထိပ်ရှိ ကျောက်တုံးကြီးတစ်တုံး၏ အစွန်း၌ ထိုင်နေချေသည်။ ထိုအမျိုးသမီးသည် စုမင်ကို လှမ်းကြည့်နေပြီး သူမမျက်နှာသည် ပန်းချီကားတစ်ချပ်နှယ် လှပပေသည်။ သူမအပြုံးသည် နွေးထွေးကြင်နာနေသဖြင့် အခြားသူများအနေဖြင့် သူမသည် လူစိမ်းတစ်ယောက်ဟူ၍ပင် ခံစားမိလိမ့်မည်မဟုတ်ပေ။ အမှန်တကယ်တွင်လည်း သူမအပြုံးကို မြင်လိုက်ရသည်နှင့် မိတ်ဆွေဟောင်းတစ်ဦးအား ပြန်တွေ့လိုက်ရသကဲ့သို့ ခံစားမှုမျိုးကို ပေးစွမ်းနေခဲ့ခြင်းဖြစ်သည်။
“ညီမငယ် ချန်းအာ၊ မင်းအရင်ဆုံး ပြန်လို့ရပြီ” ဆံပင်ရှည်နှင့်အမျိုးသမီးက ညင်သာစွာပြောသည်။ ချန်ချန်းအာသည် သူမ၏စကားကို ကြားလိုက်သောအခါ နာခံစွာ ခေါင်းညိတ်ပြလိုက်ပြီး ထိုနေရာမှ ထွက်ခွာသွားလေသည်။
သို့သော် သူမသည် စုမင်အား ဖြတ်လျှောက်သွားချိန်တွင်တော့ စုမင်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်သွားရန် မမေ့ခဲ့ချေ။ စုမင်၏ အကြိမ်ကြိမ် ငြင်းဆိုမှုများကြောင့် သူမနဝမတောင်ထွတ်သို့ အခေါက်ခေါက်အခါခါ သွားခဲ့ရခြင်းသည် သူမကို ဒေါသထွက်စေသည်မှာ ရှင်းလင်းနေပေသည်။
မိန်းကလေး ထွက်သွားသည်နှင့် ဆံပင်ရှည်နှင့်အမျိုးသမီးက နူးနူးညံ့ညံ့ပြုံးလိုက်ပြီး စုမင်အား ညင်သာစွာ ပြောဆိုလာသည်။ “ချန်းအာက ငယ်သေးလို့ အစ်ကိုစုက သူ့ကိုစိတ်မဆိုးပါနဲ့”
သူမပတ်ဝန်းကျင်တွင် နူးညံ့ကြင်နာသော လေထုတစ်ခုက လွှမ်းခြုံလျက်ရှိသည်။ သူမ၏ အကျင့်စရိုက်နှင့် သူမ၏ နူးညံ့ကြင်နာမှု၊ ကျက်သရေရှိမှုများသည် သူမထံတွင် မြင့်မြတ်တော်ဝင်ဆန်သော အရှိန်အဝါတစ်မျိုး ဖြစ်ပေါ်နေစေသည်။
စုမင် ထိုအမျိုးသမီးကို သေချာစူးစမ်း လေ့လာကြည့်မိသည်။ သူမသည် ချောမောလှပကာ နူးညံ့သိမ်မွေ့သော်လည်း သူမရှေ့တွင် မြူလွှာတစ်ခု ရှိနေသကဲ့သို့ သူခံစားနေရဆဲဖြစ်သည်။ ထိုသည်မှာ အခြားသူများအနေဖြင့် ၎င်းမြူလွှာကိုဖြတ်ကာ သူမကိုရှင်းရှင်းလင်းလင်း မမြင်နိုင်သည့် ခံစားချက်မျိုးပင်ဖြစ်သည်။
စုမင် ရှေ့သို့ တိတ်တိတ်ဆိတ်ပင် လျှောက်သွားလိုက်ပြီး ဝတ်ရုံများကိုမလျက် သူမထိုင်နေသော ကျောက်တုံးကြီးပေါ်ရှိ သူမနှင့်မျက်နှာချင်းဆိုင်နေရာတွင် ထိုင်ချလိုက်သည်။
စုမင် ထိုင်ချပြီးသည်နှင့် သူ့ရှေ့ရှိအမျိုးသမီးကို တည်ငြိမ်စွာကြည့်လျက် မနှေးမမြန်ဆိုသလို ပြောဆိုလိုက်သည်။ “ရပါတယ်။ တကယ်တော့ အကြိမ်ကြိမ် ဖိတ်ကြားခံခဲ့ရတဲ့အတွက် ငါကတောင် ကံကောင်းသေးတာပါ”
ထိုအမျိုးသမီး၏ ကျင့်ကြံဆင့်ကို စုမင် ခန့်မှန်း၍မရပေ။
“ဂုဏ်ယူပါတယ် အစ်ကိုစု။ ရှင်က နောက်တစ်ကြိမ် ထပ်တိုးတက်သွားပြန်ပြီနော်။ ထင်ထားသလိုပါပဲ နဝမတောင်ထွတ်က လူအကုန်လုံးက ထူးခြားနေကြတာပဲ ... ကျွန်မ အရင်တည်းက ဒါကိုထင်ထားခဲ့ပြီးသားပါ” ထျန်းလန်မုန်သည် အပြုံးလေးတစ်ခုဖြင့် ပြောလိုက်သည်။ သူမ စုမင်ကို လှမ်းကြည့်လိုက်ရာ သူတို့နှစ်ဦး၏ အကြည့်ချင်းဆုံသွားခဲ့သည်။
စုမင် မည်သည့်စကားမှ ပြန်မပြောခဲ့ပဲ ထျန်းလန်မုန်၏ အကြည့်ကိုသာ ရှင်းရှင်းလင်းလင်း ပြန်ကြည့်ပေးလိုက်သည်။ အသက်ရှူကြိမ်အနည်းငယ်ခန့် ကုန်ဆုံးသွားချိန်တွင် လေပြည်ညင်းသည် သူတို့နှစ်ဦးကို ဖြတ်သန်းတိုက်ခတ်သွားပြီး ထျန်းလန်မုန်၏ ဆံပင်အချို့ကို လွင့်မျောသွားစေခဲ့သည်။ ဤဆံပင်လွင့်မျောသွားမှုသည် သူတို့နှစ်ဦး၏ ဆုံတွေ့နေသောအကြည့်များကို ပျက်စီးသွားစေခဲ့သည်။
အချိန်အတော်ကြာပြီးနောက်တွင် ထျန်းလန်မုန်ကပင် တိတ်ဆိတ်မှုကိုချိုးဖျက်ပြီး ညင်သာစွာ စကားစပြောလိုက်ရ၏။ “ကျွန်မ ပုံတူကူးခဲ့တဲ့ တစ်ခုက ဘယ်လိုနေလဲ အစ်ကိုစု”
“မင်းက စိတ်ဝိညာဉ်ကို ပုံတူကူးခဲ့ပြီး အဲဒါက ပုံသဏ္ဌာန်လည်းရှိတယ်။ အဲဒီမှာ စိတ်ဝိညာဉ်ရော ပုံသဏ္ဌာန်ပါ ရှိပေမဲ့ ... တချို့အချက်လေးတွေတော့ ပျောက်နေတုန်းပဲ” စုမင် တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
“စိတ်ဝိညာဉ်ဆိုတာ အတိအကျဆိုရင် ဘာလဲ” ထျန်းလန်မုန်က ရုတ်တရက် မေးမြန်းလိုက်သည်။
“စိတ်ဝိညာဉ်ဆိုတာက စိတ်ပဲ။ အဲဒါက မင်းရဲ့အတွေးတွေ၊ စိတ်ကူးတွေ။ စိတ်ဝိညာဉ်ဆိုတာ မင်းနှလုံးသားထဲမှာ မင်းဖြစ်ချင်တဲ့ အရာပဲ။ အဲဒါကို ငါတို့ကအတွေးလို့ ခေါ်သလို၊ အဲဒါက စိတ်ဝိညာဉ်ဆိုလည်း ဟုတ်တယ်”
စုမင်သည် ထျန်းလန်မုန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အကြည့်က သူမနောက်ရှိ ကောင်းကင်ဆီသို့ ကျရောက်သွားခဲ့သည်။
“အစ်ကိုစု၊ အဲဒီ စကားလုံးကို ရှင်နားလည်ထားတာက ကျွန်မနားလည်ထားတာနဲ့တော့ မတူဘူး”
စုမင်ကို ကြည့်နေသော ထျန်းလန်မုန်၏အကြည့်က အတန်ငယ် ပြောင်းလဲသွားခဲ့သည်။
“ပြောပြကြည့်ပါ”
စုမင်သည် ကောင်းကင်ထံမှအကြည့်ကို ပြန်လွှဲလိုက်ပြီး ဆံပင်ရှည်နှင့်အမျိုးသမီးထံ လှမ်းကြည့်လိုက်သည်။
“စိတ်ဝိညာဉ်ဆိုတာ တာအိုပဲ” ထျန်းလန်မုန် တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
“အဲဒါက အတွေးမဟုတ်ဘူး။ အတွေးဆိုတာက ကျဉ်းမြောင်းပေမဲ့ တာအိုကတော့အဆုံးမရှိဘူး။ တာအိုဆိုတာက အခြားနယ်ပယ်ကလူတွေ စူးစမ်းရှာဖွေလို့ရတဲ့ နယ်ပယ်တစ်ခုပဲ။ လူတိုင်းမှာ မတူကွဲပြားတဲ့ တာအိုရှိတယ်။ ကြီးမြတ်တဲ့ တာအိုက အကန့်အသတ်မဲ့ပြီး တာအိုကိုရရှိတဲ့လူတွေက လောကကို ဖြတ်သန်းမြင်နိုင်လိမ့်မယ်။ အပြန်အလှန်ဆိုရင်တော့၊ ငါတို့က အမှန်တရားကို ရှာဖွေတွေ့ရှိပြီး ငါတို့က အမှန်တရားဖြစ်လာလိမ့်မယ်လို့ ဆိုလိုတာပဲ”
“ငါ မင်းကိုကျေးဇူးတင်ရမယ် အစ်ကိုစု။ မင်းနဲ့ စစ်မာရှင်းရဲ့တိုက်ပွဲက ငါ့ကို နားလည်သဘောပေါက်မှုဆီ ရောက်သွားစေပြီး စာသားရဲ့နောက်ကွယ်က အဓိပ္ပာယ်ကို ငါနားလည်သွားခဲ့ရတယ်”
“ငါ ဒီစာသားကို အရင်က ရှေးဟောင်းစာလိပ်တစ်ခုကနေ ဖတ်ဖူးခဲ့တာ။ အဲဒါက တခြားကမ္ဘာတွေမှာပြောတဲ့ စာသားတစ်ခုပဲ ... မင်းမှာ အခုဖြစ်နေတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်မယ့်နည်းလမ်း ရှာမတွေ့သေးပေမဲ့ မင်းရဲ့တာအိုထဲမှာပဲနေမယ်ဆိုရင်၊ အဲဒီနည်းလမ်းက အဆုံးမှာမင်းဆီကိုရောက်လာလိမ့်မယ်။ မင်းမှာ ပညာရပ်တွေ၊ စွမ်းအားတွေရှိနေပေမဲ့ မင်းရဲ့တာအိုကနေ လမ်းလွဲသွားပြီဆိုရင်တော့၊ မင်းရဲ့စွမ်းအားက ဆက်တိုးတက်တော့မှာ မဟုတ်ပဲ ထာဝရရပ်တန့်နေလိမ့်မယ်”
ထျန်းလန်မုန်၏အသံသည် တဖြည်းဖြည်း စီးမြောနေပြီး သူတို့ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်နေခဲ့သည်။
“စကားလုံးတွေရဲ့ နောက်ကွယ်က အစစ်အမှန် အဓိပ္ပာယ်ကို ငါမသိသေးပေမဲ့၊ ဉာဏ်အလင်းပွင့်သွားတာကြောင့် ငါ့ရဲ့ဉာဏ်အလင်းပွင့်မှုကိုတော့ ငါ့တာအိုအဖြစ် ရှုမြင်နိုင်နေပြီ။ ငါ့မှာ တာအိုရှိလို့ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် မင်းဆွဲခဲ့တဲ့စုတ်ချက်ကို ပုံတူကူးနိုင်ခဲ့တာပဲ”
“အဲဒါကြောင့် စိတ်ဝိညာဉ်ဆိုတာ မင်းပြောသလို အတွေး၊ နှလုံးသားနဲ့ စိတ်ကူးတွေမဟုတ်ပဲနဲ့ အဲဒါက တာအိုတစ်ခုပဲ။ ကျွန်မစကားတွေကို နားလည်ရဲ့လား အစ်ကိုစု”
ထျန်းလန်မုန်က နူးညံ့စွာပြုံးလိုက်သည်။
စုမင် သူမမျက်နှာထက်မှ အပြုံးကို ငေးကြည့်လိုက်မိသည်။ ထိုအပြုံးထဲတွင် လှည့်စားနောက်ပြောင်လိုသော အရိပ်အယောင်များမပါရှိပဲ ကြိုးပမ်းမှုသဘောတရားများသာ ရှိနေပြီး သူမကိုကြည့်ရသည်မှာ သူ့အဖြေကိုစောင့်ဆိုင်းနေပုံပေါ်လေသည်။
“လောကထဲမှာရှိတဲ့ အရာအားလုံးက အရွယ်အစားတွေမတူကြဘူး။ အဲဒီစကားလုံးအပေါ် ငါ့ရဲ့နားလည်မှုက မင်းအတွက်တော့ ကျဉ်းမြောင်းပြီး သေးငယ်ရင်သေးငယ်လိမ့်မယ်။ ပြီးတော့ မင်းပြောတဲ့တာအိုဆိုတာက ကြီးမားတဲ့အရာတစ်ခုပဲ”
“အဲဒါက ဦးတည်ချက်မတူတဲ့ အစွန်းနှစ်ဖက်လို အရာနှစ်ခုပဲ”
စုမင် မျက်လုံးများကိုမှတ်လိုက်ပြီး ဖြည်းဖြည်းချင်းဆက်ပြောလိုက်သည်။ “ငါ့အတွက်တော့ နှလုံးသားက ပြင်းပြတဲ့စိတ်ဆန္ဒဖြစ်ပြီး စိတ်ဝိညာဉ်ဆိုတာ နယ်ပယ်တစ်ခုပဲ။ မင်းက ကောင်းကင်ဘုံရဲ့ တာအိုပေါ်မှာ လျှောက်လှမ်းနေပြီး ငါကတော့ မြေပြင်ပေါ်က ကျဉ်းမြောင်းတဲ့ တံခါးဝကိုဖြတ်လျှောက်နေတယ်။ ဒါပေမဲ့ ငါ အဲဒီတံခါးဝကို ဖြတ်သန်းပြီးတာနဲ့ ငါရှာဖွေနေတဲ့အရာက ငါ့အမြင်ကိုဖွင့်ပေးလိမ့်မယ်။ ငါပြောနေတာကို မင်းနားလည်တယ်မဟုတ်လား”
သားရဲအရေစာလိပ်ထဲတွင် ရေးသားထားသော နောက်ဆုံးစာကြောင်းသည် စုမင်စိတ်ထဲ၌ ရုတ်ခြည်းပေါ်လာခဲ့သည်။
“ငါမြင်ရတဲ့ ကမ္ဘာကို ... မင်း မမြင်နိုင်ဘူး”
***