← Chapters

အခန်း (၂၉၄-၂၉၅)

Vol. 28 Ch. 294-295

အခန်း (၂၉၄-၂၉၅)

Vol. 28 Ch. 294-295

အခန်း (၂၉၄) ရှာဖွေသော်လည်း မရနိုင်ခြင်း

"ပန်းဖျင် တောင် က ပြောင်းလဲသွားတာတင် မဟုတ်ဘဲ မြေမျက်နှာသွင်ပြင် အများအပြားလည်း ပြောင်းလဲသွားပြီး ဒီလျှို့ဝှက်နယ်မြေက အရင်ကထက် အများကြီး ပိုကြီးလာတယ်..."

ချန်ဖေးက ပတ်ဝန်းကျင်ကို လေ့လာစောင့်ကြည့်နေရင်း သူ၏ ခန္ဓာကိုယ်က ဝေဝါးသွားပြီး နောက်တစ်နေရာသို့ သွားနေစဉ် မျက်လုံးများတွင် အံ့အားသင့်မှု အချို့ ထွက်ပေါ်လာ၏။

ရုတ်တရက် ချန်ဖေး အနည်းငယ် ရပ်တန့်သွားပြီးနောက် ချိုင့်ဝှမ်း တစ်ခုထဲသို့ ဖျတ်ခနဲ ဝင်သွားသည်။

ပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီး မည်သည့် အန္တရာယ်မျှ မရှိကြောင်း သေချာသွားသောအခါ ချန်ဖေးက သူ၏ ညာလက်ဖြင့် ရှေ့သို့ ညင်သာစွာ လက်ညှိုးထိုးလိုက်ရာ ဝိညာဉ်အပင် တစ်ပင်က ချန်ဖေး၏ လက်ထဲသို့ ပျံသန်းလာ၏။

ချန်ဖေးက ဝိညာဉ်အပင် တစ်ပင်ကို တိုက်ရိုက် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤဝိညာဉ်အပင်က အနည်းငယ် သေးငယ်နေပြီး ဆေးဖက်ဝင် အာနိသင်မှာ ပုံမှန်၏ ထက်ဝက်ခန့်သာ ရှိသေးသည်။ အပြည့်အဝ ရင့်ကျက်ရန် နောက်ထပ် နှစ်အနည်းငယ် ကြာဦးမည်ဟု ခန့်မှန်းရ၏။

နှစ်ပေါင်းများစွာ ကြာပြီးနောက် ဤလျှို့ဝှက်နယ်မြေ အတွင်းသို့ ယွမ်ချန် ဓားဂိုဏ်း ဝင်ရောက်ခွင့် ရဦးမည်လား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်ပြီး ချန်ဖေး အနေဖြင့်လည်း ဤဝိညာဉ်အပင် အမှန်တကယ် ကြီးထွားလာမည့် အချိန်ကို ထိုင်စောင့်နေ၍ သဘာဝကျကျပင် မရနိုင်ချေ။

"နှင်းဝိညာဉ် ဆေးလုံးတွေ ဖော်စပ်ဖို့တော့ သုံးလို့ရတယ်..."

ချန်ဖေးက ဝိညာဉ်အပင်ကို သူ၏ အနောက်ရှိ အိတ်ထဲသို့ ထည့်လိုက်ပြီး သူ တစ်ခုခု မေ့ကျန်ခဲ့ခြင်း မရှိကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ကာ ဘာကာ မူလက ရှိနေခဲ့သော ဂူဆီသို့ ဆက်လက် ထွက်ခွာသွား၏။

ခဏအကြာတွင် ချန်ဖေး ထပ်မံ ရပ်တန့်သွားပြန်သည်။ အခြား အကြောင်းပြချက် မရှိဘဲ နောက်ထပ် ဝိညာဉ်အပင် တစ်ပင်ကို ရှာတွေ့သွားသောကြောင့် ဖြစ်သည်။ ယခင် တစ်ပင်နှင့် ယှဉ်လျှင် ဤဝိညာဉ်အပင်က သေချာပေါက် ပိုမို ကြီးမားပေသည်။

"အသစ် ဖြစ်ပေါ်လာတဲ့ ဒီဒုတိယအဆင့် လျှို့ဝှက်နယ်မြေက... ကောင်းတဲ့ ပစ္စည်းတွေ အရမ်းကို ပေါလွန်းတယ်..." ချန်ဖေး အနည်းငယ် အံ့အားသင့်သွားပြီး ဝိညာဉ်အပင်ကို သူ၏ အိတ်ထဲသို့ တိတ်တဆိတ် ထည့်လိုက်၏။

နှင်းဝိညာဉ် ဆေးလုံးများတွင် အသုံးပြုသော ဆေးဖက်ဝင် အပင်များထဲမှ တစ်ခုမှာ ဤဝိညာဉ်အပင် ဖြစ်ပြီး ဝိညာဉ် ပစ္စည်းများ အားလုံး အနက် အတော်လေး အဖြစ်များပေသည်။ နှင်းဝိညာဉ် ဆေးလုံးများကို ဤဝိညာဉ် ပစ္စည်းများဖြင့် ဖော်စပ်ရခြင်းမှာ ထိုအကြောင်းအရင်းကြောင့်ပင့် ဖြစ်သည်။

နှိုင်းယှဉ်ချက် အရ အဖြစ်များသော ထုတ်ကုန်များကသာ ရေရှည် ထောက်ပံ့မှုကို သေချာစေနိုင်သည်။ ဥပမာအားဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်ရှိ သွေးနှင့် ချီ ဆေးလုံးများ ကဲ့သို့ပင်။ အကယ်၍ ဆေးဖက်ဝင် အပင်များက စိုက်ပျိုးရန် ခက်ခဲပြီး အမြောက်အမြား ရိတ်သိမ်းပြီးနောက် မျိုးတုံးသွားမည် ဆိုပါက ဆေးလုံးများ အတွက် ပါဝင်ပစ္စည်းများ လုံးဝ ဖြစ်လာနိုင်မည် မဟုတ်ပေ။

အထူး အသုံးပြုရန် အတွက် ဝိညာဉ် ဆေးလုံးများသာ ရှားပါး ဝိညာဉ် ပစ္စည်းများကို လိုအပ်ပေသည်။ ဥပမာ အားဖြင့် နတ်တိမ် ဓားဂိုဏ်း၏ ချီယွမ် ဆေးလုံးက ထိုဝိညာဉ်သစ်ပင်၏ အသားကို ပါဝင်ပစ္စည်း အဖြစ် လိုအပ်ခြင်း မျိုးဖြစ်သည်။

လျှို့ဝှက်နယ်မြေ၏ လက်ရှိ အထူး သဘောသဘာဝ ကြောင့် ချန်ဖေးက သူ၏ ခရီးစဉ် တစ်လျှောက်လုံး စိတ်စွမ်းအားကို အဆက်မပြတ် ဖြန့်ကြက်ထားပြီး ဖြစ်နိုင်ချေရှိသော မည်သည့် ဝိညာဉ် ပစ္စည်းကိုမဆို ရှာဖွေနေခဲ့၏။ ဆယ့်ငါးမိနစ် မပြည့်မီ အချိန်အတွင်း ချန်ဖေးက တောင်ကြား အက်ကွဲကြောင်း တစ်ခုတွင် နောက်ထပ် ဝိညာဉ်အပင် တစ်ပင်ကို တူးဖော်နိုင်ခဲ့သည်။ချန်ဖေးက သူ၏ အိတ်ထဲသို့ ကျေနပ်စွာ ထည့်လိုက်သည်။

ရုတ်တရက် ချန်ဖေး၏ နားများ အနည်းငယ် လှုပ်ရှားသွား၏။ သူက လေစုဆောင်းခြင်း ကျင့်စဉ်နှင့် လေကို နားထောင်ခြင်း စွမ်းရည်တို့ကို အသက်သွင်းလိုက်ရာ တိုက်ခိုက်နေသံ သဲ့သဲ့က ချန်ဖေး၏ နားထဲသို့ ဝင်ရောက်လာသည်။

တစ်မိုင် အကွာတွင်...

ဘုန်း...

မိုယွမ်ဖေး၏ ခန္ဓာကိုယ်က အလိုအလျောက် နောက်သို့ လျှောကျသွားပြီး သူ၏ ခန္ဓာကိုယ်နှင့် တွယ်ကပ်နေသော ဧရာမ စွမ်းအားများကို သူ၏ ခြေထောက်ဆီသို့ မထုတ်လွှတ်နိုင်မီ ခြေလှမ်း ဆယ်ဂဏန်းကျော် နောက်ဆုတ်သွားရ၏။ ထိုသို့ ဖြစ်သော်လည်း မိုယွမ်ဖေး၏ ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျလာဆဲ ပင်။

မိုယွမ်ဖေးက အဝေးရှိ ဒေါသတကြီး ဖြစ်နေသော မျောက်ဝံကြီးကို ကြည့်ရင်း တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။ ဤမျောက်ဝံ မိစ္ဆာသားရဲက အလွန် အားကောင်းလွန်းလှပြီး ပထမအဆင့်၏ အထွတ်အထိပ်တွင် ရှိကာ နောက်ထပ် အဆင့်တက်လှမ်းရန် နီးစပ်နေပြီ ဖြစ်သည်။

ထိုသို့ မဟုတ်ပါက သူ၏ ကျင့်ကြံမှုနှင့် အတွေ့အကြုံများအရ ပထမအဆင့် မိစ္ဆာသားရဲ တစ်ကောင်ကို ဤမျှလောက်အထိ ရုန်းကန်နေရစရာ မလိုပေ။

တိုက်ပွဲ မစတင်မီမှာပင် မိုယွမ်ဖေးက လက်သီး တစ်ချက် အထိုးခံလိုက်ရပြီး အနည်းငယ် ဒဏ်ရာရသွားကာ သူ၏ လက်မောင်းများပင် တုန်ယင်နေဆဲ ဖြစ်သည်။ မျောက်ဝံ မိစ္ဆာတွင်လည်း ဒဏ်ရာ အချို့ ရှိသော်လည်း ရိုင်းစိုင်း ကြမ်းတမ်းမှုကို ပိုမို လောင်ကျွမ်းစေရန်သာ အထောက်အကူ ဖြစ်စေ၏။

"ဒီအတိုင်း ရပ်မနေနဲ့... လာကူညီဦး..."

ကျန်ကျိုက်ဝမ်က အလျင်အမြန် လှုပ်ရှားသွားပြီး မျောက်ဝံ မိစ္ဆာ၏ ပတ်လည်တွင် အဆက်မပြတ် ဝဲပျံနေကာ ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာ၏ အတွင်းကလီစာ လေ့ကျင့်ရေး နည်းစနစ်ကို အထွတ်အထိပ် အထိ တွန်းပို့ထားသဖြင့် မျောက်ဝံ မိစ္ဆာကို ရူးသွပ်စွာ ဟိန်းဟောက်နေစေ၏။

အခြေအနေကို ကြည့်ရလျှင် မျောက်ဝံ မိစ္ဆာက ကျန်ကျိုက်ဝမ်ကို တစ်ချက်မျှ မထိနိုင်ဘဲ ကျန်ကျိုက်ဝမ်က မျောက်ဝံ မိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်သံယို ဖြစ်စေသော ပြတ်ရှဒဏ်ရာ အချို့ကို ရံဖန်ရံခါ ထပ်ပေါင်းပေးနေသဖြင့် ကျန်ကျိုက်ဝမ်က အသာစီး ရနေပုံ ပေါ်သည်။

သို့သော် ကျန်ကျိုက်ဝမ် ကိုယ်တိုင်သာလျှင် သူ၏ လက်ရှိ အခြေအနေက မည်မျှ အန္တရာယ် များကြောင်းကို အမှန်တကယ် နားလည်ထား၏။

သူတို့၏ တိုက်ခိုက်မှုများက မျောက်ဝံ မိစ္ဆာ၏ ထူထဲသော ကာကွယ်ရေးများကို ယားကျိကျိ ဖြစ်စေရုံသာ ရှိပြီး သေစေလောက်သော ဒဏ်ရာများကို ဖြစ်စေနိုင်ဖွယ် မရှိချေ။ ဆန့်ကျင်ဘက် အနေဖြင့် မျောက်ဝံ မိစ္ဆာ၏ လက်သီးနှင့် ခြေကန်ချက် တိုင်းက ကြောက်မက်ဖွယ် ကောင်းလှသည်။

အနည်းငယ် ခြေလှမ်း မှားသွားပါက ပြင်းထန်သော ဒဏ်ရာကို ရရှိနိုင်ပြီး ထိုသို့သော ဒဏ်ရာရခြင်း၏ အကျိုးဆက်မှာ မျောက်ဝံ မိစ္ဆာ၏ ရိုက်သတ်ခြင်းကို ခံရရန်သာ ရှိတော့၏။

မျောက်ဝံ မိစ္ဆာက အကြိမ် ဆယ်ဂဏန်းကျော်မျှ အမှား လုပ်နိုင်သော်လည်း ကျန်ကျိုက်ဝမ် အနေဖြင့် ထိုသို့ လုပ်၍ မရပေ။ အမှား တစ်ချက်က သေစေနိုင်သည်။

မိုယွမ်ဖေးက ဟိန်းဟောက်လိုက်ရာ သူ၏ လက်ထဲရှိ ဝိညာဉ်လက်နက် တစ်ပိုင်း ထံမှ အလင်းတန်းလေး တစ်ခု ထွက်ပေါ်လာပြီး ဧရာမ စွမ်းအား တစ်ခုက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွား၏။

အဆက်မပြတ် တိုက်ခိုက်နေသော မျောက်ဝံ မိစ္ဆာက ခြိမ်းခြောက်မှု တစ်ခုကို အာရုံခံလိုက်ရပုံ ပေါ်ပြီး လှုပ်ရှားမှုများက များစွာ သေးငယ်သွားသည်။ မိုယွမ်ဖေးက ရှေ့သို့ ဖျတ်ခနဲ လှုပ်ရှားသွားပြီး မျောက်ဝံ မိစ္ဆာ၏ ရှေ့တွင် ပေါ်လာကာ လည်ပင်းကို သူ၏ ဓားဖြင့် ခုတ်ပိုင်းလိုက်၏။ အန္တရာယ်ကို သိရှိသွားသော မျောက်ဝံ မိစ္ဆာက အဝေးသို့ ခုန်ထွက်သွားပြီး မိုယွမ်ဖေး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းကာ သူတို့ နှစ်ယောက် ကြားတွင် ချက်ချင်း အကွာအဝေး တစ်ခု ဖန်တီးလိုက်သည်။

ကျန်ကျိုက်ဝမ်က လိုက်လံ မတိုက်ခိုက်တော့ဘဲ မိုယွမ်ဖေးနှင့် ပခုံးချင်းယှဉ်ရပ်ကာ မျောက်ဝံ မိစ္ဆာကို ကြည့်၍ တစ်လှမ်းချင်း နောက်ဆုတ်သွား၏။

သူတို့ နှစ်ယောက်စလုံးက ဤမျောက်ဝံ မိစ္ဆာကို မကိုင်တွယ်နိုင်ကြောင်း ရှင်းလင်းနေသည်။ ထိုသို့ ဆိုလျှင် သူတို့ အနေဖြင့် အမြန်ဆုံး ဆုတ်ခွာခြင်းက ပိုကောင်းပေမည်။ ထိုသို့ မဟုတ်ဘဲ သူတို့က ဆက်လက်၍ ပတ်သက်နေပါက သူတို့ ထွက်သွားနိုင်မည်ပင် မဟုတ်တော့ချေ။

"ဝူး..."

သူတို့၏ လုပ်ရပ်များကို မြင်သောအခါ မျောက်ဝံ မိစ္ဆာက ၎င်း၏ ရင်ဘတ်ကို ထုကာ ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ ပြေးဝင်လာ၏။ ကျန်ကျိုက်ဝမ်နှင့်မိုယွမ်ဖေးက ထွက်ပြေးရန် ကြိုးစားသော်လည်း မျောက်ဝံ မိစ္ဆာက သူတို့ကို အခွင့်အရေး မပေးခဲ့ပေ။

ကျန်ကျိုက်ဝမ်နှင့် သူ၏ အဖော်တို့၏ မျက်နှာများ ပြောင်းလဲသွား၏။ သူတို့ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လာခါစသာ ရှိသေးပြီး ကောင်းမွန်သော အရာ တစ်ခုမျှ မရသေးပေ။

သူတို့ ဒီမှာပဲ သေရတော့မှာလား...

သူတို့ နှစ်ယောက်က ယွမ်ချန် ဓားဂိုဏ်းမှ အစစ်အမှန် တပည့်များ ဖြစ်ကြပြီး အစစ်အမှန် တောင်ထွတ်တွင် သူတို့၏ သိုင်းပညာများကို အေးချမ်းစွာ ကျင့်ကြံနိုင်ခဲ့ပေသည်။ သို့သော် ဤလျှို့ဝှက်နယ်မြေ အခွင့်အရေးက လက်လွှတ်ခံရန် အလွန် ကောင်းလွန်းနေ၏။ သူတို့ကလည်း အစွမ်းကုန် ကြိုးစားပြီး သူတို့၏ ဒွာရသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းနိုင်ခြေကို တိုးလာစေနိုင်ပေသည်။

ဒွာရ တစ်ခု ဖန်တီးခြင်းမှာ မကျော်လွှားနိုင်သော အရာ မဟုတ်သော်လည်း အတော်လေး ခက်ခဲပေသည်။ ဂိုဏ်းတစ်ခု၏ အစစ်အမှန် တပည့် တစ်ယောက် အတွက်ပင် အဆင့်တက်လှမ်းခြင်းမှာ ကြီးမားသော စိန်ခေါ်မှု တစ်ခု ဖြစ်သည်။ ဒွာရသန့်စင်ခြင်း အဆင့်ကို ရရှိရန် အခွင့်အရေးမှာ ပုံမှန် အတွင်းတပည့် တစ်ယောက် ရရှိရန်ထက် အနည်းငယ်သာ ပိုများပေသည်။

လွန်ခဲ့သော လအနည်းငယ်က အစစ်အမှန် မျိုးဆက်၏ ပထမဆုံး မျိုးစေ့ ဖြစ်သော မြောင်တိုက်ရှင်းက ဒွာရသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းရန် ကြိုးစားမှု အသစ်တစ်ခု ပြုလုပ်ခဲ့သော်လည်း ကျရှုံးသွားခဲ့၏။

မြောင်တိုက်ရှင်းက အစစ်အမှန် တပည့် နေရာကို နှစ်ပေါင်းများစွာ ရယူထားခဲ့သူ ဖြစ်သည်။ မကြာသေးမီ နှစ်များ အတွင်း ချန်ဖေးက ပထမနေရာကို ခေတ္တ ရယူသွားခဲ့သည့် အချိန်မှလွဲ၍ မြောင်တိုက်ရှင်းက အမြဲတမ်း ပထမနေရာတွင် ရှိနေခဲ့သည်။

မြောင်တိုက်ရှင်း၏ နောက်ခံက နက်ရှိုင်းကြောင်း ငြင်း၍ မရနိုင်ချေ။ တစ်ကြိမ်တည်းဖြင့် အောင်မြင်မှု ရရှိရန်အတွက် သူက အတွင်းကလီစာသန့်စင်ခြင်း အထွတ်အထိပ် အဆင့်တွင် နှစ်ပေါင်းများစွာ အတွေ့အကြုံများကို စုဆောင်းခဲ့သည် အထိပင်။ သို့တိုင်အောင် မြောင်တိုက်ရှင်းမှာ သူ၏ အဆင့်တက်လှမ်းရန် ကြိုးစားမှုတွင် ကျရှုံးခဲ့ရဆဲ ပင်။

ယွမ်ချန် ဓားဂိုဏ်း၏ ခေါင်းဆောင်ပိုင်းများမှာ အနည်းငယ် စိတ်ပျက်ခဲ့ရ၏။ သူတို့က ချန်ဖေး ပြီးနောက် ဂိုဏ်းတွင် နောက်ထပ် ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင် တစ်ယောက် မကြာမီ ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားခဲ့ကြသည်။ သို့သော် သူတို့ အောင်မြင်ရန် အခွင့်အရေး အများဆုံး ရှိသည်ဟု ထင်ထားခဲ့သော မြောင်တိုက်ရှင်းမှာ ကျရှုံးသွားခဲ့သည်။

ဤသည်က လူတိုင်းအတွက် မယုံကြည်နိုင်စရာ ဖြစ်နေပြီး လူအများအပြား၏ သူတို့ ကိုယ်ပိုင် အဆင့်တက်လှမ်းရေးနှင့် ပတ်သက်သော စိုးရိမ်ပူပန်မှုများကို ပိုမို ဆိုးရွားလာစေခဲ့သည်။

ထိပ်တန်း တပည့် တစ်ယောက်တောင် ကျရှုံးနိုင်သေးရင် အဆင့်နိမ့်တဲ့ တပည့်တွေ ဆိုရင်ရော ဘယ်လို လုပ်မလဲ... ထို့ကြောင့် ယခုတစ်ကြိမ် လျှို့ဝှက်နယ်မြေ ခရီးစဉ်တွင် ကျန်ကျိုက်ဝမ်နှင့် မိုယွမ်ဖေး အပါအဝင် အစစ်အမှန် တပည့် အများအပြား ပါဝင်လာခဲ့ကြခြင်း ဖြစ်သည်။

သူတို့၏ အပြည့်အဝ အလားအလာကို မထုတ်ဖော်နိုင်မီမှာပင် သူတို့ နှစ်ယောက်က ဤမျောက်ဝံ မိစ္ဆာနှင့် ကြုံတွေ့ခဲ့ရပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် အားကောင်းနေကြောင်း တွေ့ရှိလိုက်ရ၏။ အစစ်အမှန် တပည့် နှစ်ယောက်၏ ပေါင်းစပ် အင်အားဖြင့်ပင် မဖိနှိပ်နိုင်ခဲ့ပေ။

ဘုန်း...

တုံးတိတိအသံတစ်ခုနှင့်အတူ မိုယွမ်ဖေးမှာ လက်သီးတစ်ချက်ဖြင့် ထပ်မံ လွင့်စင်သွားပြန်၏။ ဤတစ်ကြိမ်တွင် မိုယွမ်ဖေးက ယခင်ကလောက် ကံမကောင်းတော့ချေ။ သူက ရင်ဘတ်ကို တည့်တည့်နီးပါး အထိုးခံလိုက်ရခြင်း ဖြစ်သည်။

အကယ်၍ အရေးကြီးသော အချိန်တွင် ထောင့်အနည်းငယ် မပြောင်းသွားပါက မိုယွမ်ဖေး၏ ခန္ဓာကိုယ်မှာ လက်သီးဖြင့် ဖောက်ထွင်းခံလိုက်ရမည်မှာ သေချာသည်။

ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့် သိုင်းပညာရှင်များက သူတို့၏ ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်နေကြသော်လည်း ပထမအဆင့် အထွတ်အထိပ် မိစ္ဆာသားရဲ၏ ကြောက်မက်ဖွယ် ဧရာမ စွမ်းအားနှင့် ယှဉ်လျှင် အနည်းငယ် လိုအပ်ချက် ရှိနေသေးပုံ ပေါ်၏။ရှပ်ထိရုံနဲ့တင် ဒဏ်ရာရနိုင်တယ် ဆိုတာ လုံးဝ အမှန်ပဲ... အနားကပ်သွားရင် မသေတောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရလိမ့်မယ်...

ထိုအချိန်တွင် မိုယွမ်ဖေးက ဤအခြေအနေမျိုးသို့ ရောက်နေ၏။

သွေးမှုန်များ ပါးစပ်မှ ထွက်လာဆဲ ဖြစ်ပြီး ဒုတိယအကြိမ် သွေးအန်ချင်စိတ်ကို မအောင့်ထားနိုင်တော့ဘဲ ထိုသွေးထဲတွင် အတွင်းကလီစာ အပိုင်းအစ အချို့ပင် ပါဝင်နေသည်။

ထိုလက်သီး တစ်ချက်တည်းဖြင့်ပင် မိုယွမ်ဖေး၏ တိုက်ခိုက်နိုင်စွမ်း ၈၀ ရာခိုင်နှုန်း နီးပါး ဆုံးရှုံးသွားပြီး ယခုအခါ မတ်တတ်ရပ်ရန်ပင် အနည်းငယ် ခက်ခဲနေပြီ ဖြစ်သည်။

ဘုန်း...

မျောက်ဝံ မိစ္ဆာ၏ လက်သီးက လေထုကို ထိုးခွဲသွားပြီး ကြီးမားသော အသံတစ်သံ ထွက်ပေါ်လာ၏။ ကျန်ကျိုက်ဝမ်က မျောက်ဝံ မိစ္ဆာ၏ အားကောင်းသော စွမ်းအားကြောင့် ထိခိုက်သွားပြီး သူ၏ ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာမှာ တစ်ခဏမျှ ရပ်တန့်သွားသည်။

ကျန်ကျိုက်ဝမ်၏ အမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားပြီး အလိုအလျောက် နီးပါးပင် နောက်သို့ အားကုန်ယိမ်းလိုက်၏။ ထိုသို့ လုပ်လိုက်စဉ်မှာပင် ဧရာမ လက်သီးကြီး တစ်ခုက သူ၏ ပါးကို ပွတ်တိုက်သွားသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်ကျိုက်ဝမ်၏ ပါးပြင်ပေါ်တွင် သွေးထွက်နေသော ပြတ်ရှဒဏ်ရာ အချို့ ပေါ်လာပြီး လေထုထဲတွင် သွေးနံ့များ ပြန့်လွင့်သွား၏။ ကျန်ကျိုက်ဝမ်မှာ ခေါင်းကွဲမတတ် အခြေအနေမှ ဆံခြည်တစ်မျှင်စာလေးသာ ကပ်လွတ်သွားခြင်း ဖြစ်သည်။

"ပြေး..."

ကျန်ကျိုက်ဝမ်က မိုယွမ်ဖေးကို ဟိန်းဟောက်လိုက်ပြီး သူ၏ ခြေထောက်များ ဖျတ်ခနဲ လှုပ်ရှားသွားကာ မျောက်ဝံ မိစ္ဆာ၏ မောပန်းမှုကို အခွင့်ကောင်းယူ၍ မျောက်ဝံ မိစ္ဆာ၏ အနောက်သို့ ရောက်သွား၏။ ထို့နောက် သူ၏ ဓားဆွဲထုတ်ခြင်း သိုင်းကို အပြည့်အဝ အသုံးပြုလိုက်ရာ သူ၏ ထက်မြက်သော အရှိန်အဝါက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

သို့သော် မျောက်ဝံ မိစ္ဆာက ခေါင်းနောက်တွင် မျက်လုံး ပါနေသကဲ့သို့ နောက်သို့ ကန်လိုက်ပြီး ကျန်ကျိုက်ဝမ်၏ ဓားကျောကို ရိုက်ခတ်သွား၏။

ကျန်ကျိုက်ဝမ်၏ လက်ထဲရှိ ဝိညာဉ်လက်နက် တစ်ပိုင်း ထံမှ လိမ်ကောက်သွားသော စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ကျန်ကျိုက်ဝမ်၏ ညာဘက် လက်မောင်းက ထိုအင်အားကို မခံနိုင်ဘဲ ဆွဲဖြဲခံလိုက်ရ၏။

ဝိညာဉ်လက်နက် တစ်ပိုင်း ဓားက ထောင့်အနေအထားကြောင့် မျောက်ဝံ မိစ္ဆာ၏ ပေါင်ထဲသို့ ပြန်လည် စိုက်ဝင်သွားသည်။

မျောက်ဝံ မိစ္ဆာက နာကျင်စွာ ဟိန်းဟောက်လိုက်ပြီး ခြေဖဝါးပေါ်တွင် ပြတ်ရှဒဏ်ရာ အချို့ ပေါ်လာသော်လည်း အပေါ်ယံ အသားလွတ် ဒဏ်ရာများမျှသာ ဖြစ်သည်။

မိုယွမ်ဖေးက ကျန်ကျိုက်ဝမ်၏ စကားကို ကြားပြီးနောက် ခါးသီးစွာ ပြုံးလိုက်၏။ သူ ပြေးနိုင်၍ မျောက်ဝံ မိစ္ဆာ၏ ခြေထောက်များ ဒဏ်ရာရနေလျှင်တောင် မျောက်ဝံ မိစ္ဆာ၏ လိုက်လံ ဖမ်းဆီးမှုကို ဘယ်တော့မှ လွတ်အောင် ပြေးနိုင်မည် မဟုတ်ချေ။

ကျန်ကျိုက်ဝမ်က မိုယွမ်ဖေးကို တစ်ချက် ကြည့်လိုက်ပြီးနောက် မျောက်ဝံ မိစ္ဆာကို ကြည့်လိုက်သည်။ အခွင့်အရေး မရှိတော့ပေ။ သူ တကယ်ပဲ ဒီနေရာမှာ သေရတော့မည်။

ကျန်ကျိုက်ဝမ် ဒဏ်ရာရနေသည်ကို မြင်ပြီး လေထုထဲရှိ သွေးနံ့ကို ရသောအခါ မျောက်ဝံ မိစ္ဆာက ကောင်းကင်သို့ မော့ကာ စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်၏။ နောက်တစ်ခဏတွင် ကျန်ကျိုက်ဝမ် အပေါ်သို့ ခုန်အုပ်လိုက်သည်။ မျောက်ဝံ မိစ္ဆာက ဤသည်မှာ လူသားများ အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်ကြောင်း သိနေ၏။

ကျန်ကျိုက်ဝမ်က သူ၏ အတွင်းအားကို အထွတ်အထိပ် အထိ စုစည်းလိုက်ပြီး ဘယ်ဘက်လက်ဖြင့် ဓားကို ကိုင်ထားလိုက်သည်။ သူ သေရမည် ဆိုလျှင်တောင် ဤမျောက်ဝံ မိစ္ဆာကို ဓားဖြင့် ထိုးသွားဦးမည်သာ။

ရွှစ်...

ရုတ်တရက် ထက်မြက်သော ဓားသွား တစ်ခုက လေထုကို ခွဲဖြတ်သွားသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ မျောက်ဝံ မိစ္ဆာ အလန့်တကြား ဖြစ်သွားပြီး ဘေးသို့ ခုန်ရှောင်ရန် ကြိုးစားလိုက်သော်လည်း မခုန်နိုင်မီမှာပင် သူ၏ ရှေ့တွင် အနက်ရောင် ဓားပုတီးစေ့ တစ်ခု ပေါ်လာသည်။

"ဝူး..."

ဓားပုတီးစေ့ပေါ်တွင် မျောက်ဝံ မိစ္ဆာက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခုကို အာရုံခံလိုက်ရ၏။ ထိုအရှိန်အဝါမျိုးကို ယခင်က ပိုမို အားကောင်းသော မိစ္ဆာသားရဲ အနည်းငယ် ထံမှသာ ခံစားခဲ့ဖူးသည်။

မျောက်ဝံ မိစ္ဆာက အလိုအလျောက်ပင် လက်မောင်းများကို မြှောက်၍ ရှေ့တွင် ကာထားလိုက်ပြီး ခန္ဓာကိုယ် တစ်ခုလုံး တင်းကျပ်သွားကာ အားကောင်းသော သွေးများက လျင်မြန်စွာ လည်ပတ်နေပြီး ခွန်အား အားလုံးကို ကာကွယ်ရေး အပေါ်တွင် စုစည်းထားလိုက်၏။

နောက်တစ်ခဏတွင် ဓားပုတီးစေ့က မျောက်ဝံ မိစ္ဆာ၏ လက်မောင်းများနှင့် ဝင်တိုက်သွားသည်။ မလှမ်းမကမ်းတွင် ရပ်နေသော ကျန်ကျိုက်ဝမ်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပြီး ဓားပုတီးစေ့က မျောက်ဝံ မိစ္ဆာ၏ လက်မောင်းများကို အမွေးများနှင့် အသားများမှစ၍ အရိုးများအထိ တစ်စစီ ကြိတ်ချေပစ်လိုက်သည်ကို ကြည့်နေမိ၏။ ကျန်ကျိုက်ဝမ်၏ မျက်လုံးထဲတွင် ဓားချက် အများအပြားဖြင့်ပင် များစွာ မထိခိုက်နိုင်ခဲ့သော မျောက်ဝံ မိစ္ဆာ၏ အသားများက ဤဓားပုတီးစေ့ ရှေ့တွင် စက္ကူကဲ့သို့ ကျိုးပဲ့လွယ်နေသည်ကို တွေ့လိုက်ရသည်။

ဘုန်း...

တုံးတိတိ အသံက ကျန်ကျိုက်ဝမ်ကို လန့်နိုးသွားစေ၏။ မျောက်ဝံ မိစ္ဆာကို ထပ်မံ ကြည့်လိုက်သောအခါ ဧရာမ ခေါင်းကြီး အလယ်တွင် အပေါက်ကြီး တစ်ခု ဖြစ်နေပြီး ရှေ့မှ နောက်သို့ ဖောက်ထွင်းသွားကြောင်း တွေ့လိုက်ရသည်။ မျောက်ဝံ မိစ္ဆာ၏ လက်မောင်းများမှာမူ ကြေမွ ပျောက်ကွယ်သွားသည်မှာ ကြာပြီ ဖြစ်သည်။

ဤမျှလောက် ဒဏ်ရာမျိုးဖြင့် မိစ္ဆာသားရဲတွင် အသက်ရှင်လိုစိတ် မည်မျှပင် ပြင်းပြနေပါစေ ဆက်လက် အသက်ရှင်နိုင်တော့မည် မဟုတ်ချေ။

မျောက်ဝံ မိစ္ဆာ၏ ဧရာမ ခန္ဓာကိုယ်ကြီးက တုံးတိတိ အသံနှင့်အတူ မြေကြီးပေါ်သို့ နောက်ပြန် လဲကျသွား၏။ တစ်ခဏမျှ အနည်းငယ် တုန်ယင်သွားပြီးနောက် လုံးဝ ငြိမ်သက်သွားကာ လုံးဝ သေဆုံးသွားပြီ ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေသည်။

ကျန်ကျိုက်ဝမ်က မလှုပ်မယှက် ရပ်နေပြီး သတိပြန်ဝင်လာချိန်တွင် အနည်းငယ် တွေဝေနေဆဲ ဖြစ်ကာ မီတာအနည်းငယ် အကွာရှိ မိုယွမ်ဖေး လည်း ထိုနည်းတူပင် ဖြစ်သည်။

အခန်း (၂၉၅) သွေးမျိုးဆက်

ထိုဖျတ်ခနဲ ပျောက်ကွယ်သွားသော ဓားပုတီးစေ့က ဂိုဏ်းအတွင်းရှိ ကျုံးယွမ် ဓားသိုင်းနှင့် အနည်းငယ် ဆင်တူသော်လည်း ကျန်ကျိုက်ဝမ် သေချာ မသိပေ။ သူနှင့် မိုယွမ်ဖေးကို ကယ်တင်ခဲ့သူမှာ မိတ်ဆွေလား ရန်သူလား ဆိုတာကို သူ မသိချေ။

ယခုအချိန်တွင် အကောင်းဆုံး လုပ်ဆောင်ချက်မှာ ငြိမ်ငြိမ်လေး ရပ်နေပြီး ဤအစွမ်းထက်သော ပုဂ္ဂိုလ်ကို ဒေါသမထွက်စေရန် ကြိုးစားဖို့ ပင်ဖြစ်သည်။

ဝှစ်...

မျောက်ဝံ မိစ္ဆာ၏ ဘေးတွင် ပုံရိပ်ယောင် တစ်ခု ဖျတ်ခနဲ ပေါ်လာပြီး နောက်ဆုံးတွင် လူတစ်ယောက်၏ ပုံသဏ္ဌာန် အဖြစ် အသွင်ပြောင်းသွား၏။ အဝေးမှ ဆူညံသံကို ကြားပြီး အထူးတလည် စုံစမ်းရန် ရောက်လာသော ချန်ဖေးပင် ဖြစ်သည်။

ကျန်ကျိုက်ဝမ်နှင့် အခြား တစ်ယောက်၏ မျက်လုံးထဲတွင် အနိုင်မယူနိုင်သော မျောက်ဝံ မိစ္ဆာမှာ ချန်ဖေး၏ ဓားပုတီးစေ့ တစ်ခုကိုပင် မခံနိုင်ကြောင်း တွေ့လိုက်ရသဖြင့် သူတို့၏ ခွန်အား ကွာဟချက် ကြီးမားပုံကို ပြသနေ၏။

"ခန်းမဆောင်မှူး ချန်..."

ချန်ဖေး ပေါ်လာသည်ကို မြင်သောအခါ နောက်ဆုံးတွင် ကျန်ကျိုက်ဝမ် စိတ်သက်သာရာ ရသွားပြီး လေးလံသော သက်ပြင်း တစ်ချက် ချလိုက်သည်။ သူ၏ ဘေးတွင် ရပ်နေသော မိုယွမ်ဖေး ကလည်း ထိုနည်းတူ လုပ်လိုက်၏။

"အဆင်ပြေကြရဲ့လား..."

ချန်ဖေးက ကျန်ကျိုက်ဝမ်နှင့် မိုယွမ်ဖေးကို တစ်ချက် ကြည့်လိုက်သည်။ သူတို့ နှစ်ယောက်စလုံး၏ အခြေအနေမှာ မကောင်းလှချေ။ တစ်ယောက်က ပြင်းထန်စွာ ဒဏ်ရာရထားပြီး တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိတော့ဘဲ အခြား တစ်ယောက်မှာ သူ၏ ခွန်အား အနည်းငယ်သာ ကျန်ရှိတော့၏။

အကယ်၍ ချန်ဖေးသာ အနည်းငယ် နောက်ကျပြီးမှ ရောက်လာပါက သူတို့ နှစ်ယောက်စလုံး မျောက်ဝံ မိစ္ဆာ၏ အသားစဉ်းကာ စားခြင်းကို ခံရလောက်ပြီ ဖြစ်သည်။

"ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခန်းမဆောင်မှူး ချန်... ကျွန်တော်တို့ အဆင်ပြေပါတယ်..."

ကျန်ကျိုက်ဝမ်က ကျေးဇူးတင်စကား အနေဖြင့် အလျင်အမြန် ဦးညွှတ်လိုက်ပြီးနောက် အနာကျက် ဆေးလုံး တစ်လုံးကို ထုတ်၍ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။ သူက ချန်ဖေးကို တိုင်ပင်လိုက်ပြီး ချန်ဖေးက ကန့်ကွက်ခြင်း မရှိသည်ကို မြင်သောအခါ ကျောက်တုံး တစ်တုံးဆီသို့ ခြေဆွဲကာ သွားထိုင်လိုက်သည်။

ချန်ဖေးကို ကျေးဇူးတင်ပြီးနောက် မိုယွမ်ဖေးကလည်း သူ၏ ဒဏ်ရာများကို စတင် ကုသနေရင်း ထွက်ခွာသွားသော ချန်ဖေး၏ ကျောပြင်ကို တိတ်တဆိတ် အကဲခတ်နေ၏။

ယွမ်ချန် ဓားဂိုဏ်း၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ဦး... အနည်းဆုံးတော့ တပည့်များ၏ အမြင်တွင် ထိုသို့ ဖြစ်သည်။ အစစ်အမှန် တောင်ထွတ်ပေါ်ရှိ သူ၏ ခြံဝန်းတွင် ချန်ဖေးက ကျန်ကျိုက်ဝမ်ကို စိန်ခေါ်ခဲ့သည့် မြင်ကွင်းကို မိုယွမ်ဖေး ယခုတိုင် မှတ်မိနေဆဲ ပင်။

သုံးနှစ် ကုန်လွန်သွားခဲ့သော်လည်း မိုယွမ်ဖေးက ထိုမြင်ကွင်းကို ရှင်းလင်းစွာ မှတ်မိနေဆဲ ဖြစ်သည်။ မိုယွမ်ဖေးက ချန်ဖေးကို လှောင်ပြောင်ခဲ့ပြီး သူ့ကိုယ်သူ အထင်ကြီးလွန်းနေသည်ဟု ရယ်မောခဲ့သောကြောင့် ပင်ဖြစ်သည်။

ယခု ပြန်တွေးကြည့်သောအခါ မိုယွမ်ဖေးက သူသာ အမြင်ကျဉ်းမြောင်းခဲ့ကြောင်းကို နားလည်သွား၏။

ထိုအချိန်မှ စတင်၍ ချန်ဖေးက သူ၏ အံ့မခန်း တိုးတက်မှု လမ်းကြောင်းပေါ်သို့ စတင် လျှောက်လှမ်းခဲ့သည်။ အစစ်အမှန် တပည့် ဘဝမှစ၍ နတ်တိမ် ဓားဂိုဏ်းတွင် ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးတွင် ထိပ်တန်း ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင်တစ်ဦး ဖြစ်လာခဲ့ကာ မကြာသေးမီက သူ၏ ယခင် ပြိုင်ဘက်ဟောင်း ဖြစ်သူ ရှန်ထူချန်းကိုပင် အနိုင်ယူခဲ့သည်။

ခြေလှမ်းတိုင်းကို ခိုင်မြဲစွာ ချထားရင်း ချန်ဖေးက မတုန်မလှုပ်သော စိတ်ပိုင်းဖြတ်မှုဖြင့် ရှေ့သို့ လျှောက်လှမ်းခဲ့၏။

ယခု ချန်ဖေးကို ပြန်လည် မြင်တွေ့ရပြီး ချန်ဖေး၏ ကယ်တင်ခြင်းကို ခံလိုက်ရသောအခါ မိုယွမ်ဖေး၏ ခံစားချက်များက အတော်လေး ထူးဆန်းနေပြီး ဖော်ပြ၍ မရနိုင်လောက်အောင် ဖြစ်ကာ အနည်းငယ် ရှက်ရွံ့နေသော်လည်း ချန်ဖေးကို အလွန်အမင်း လေးစား အားကျနေမိသည်။

မိုယွမ်ဖေးက ထိုသို့ ဖြစ်နေသကဲ့သို့ ကျန်ကျိုက်ဝမ် ကလည်း ထိုနည်းတူပင် ဖြစ်သည်။ မိုယွမ်ဖေးက ထိုအချိန်က လေ့လာစောင့်ကြည့်သူ တစ်ဦးမျှသာ ဖြစ်သော်လည်း ကျန်ကျိုက်ဝမ်က ချန်ဖေးကို တိုက်ရိုက် ရင်ဆိုင်ခဲ့ရသည်။

ထိုရှုံးနိမ့်မှုက ကျန်ကျိုက်ဝမ် အတွက် လက်ခံရန် ခက်ခဲခဲ့ပြီး သူ အတော်လေး စိတ်ဓာတ်ကျသွားခဲ့၏။ သို့သော် ချန်ဖေးက ပိုမို မြင့်မားသော အဆင့်များဆီသို့ တက်လှမ်းသွားသည်နှင့်အမျှ ကျန်ကျိုက်ဝမ်မှာ ပိုမို တည်ငြိမ်လာပြီး သူ၏ ရှုံးနိမ့်မှုကို နေ့ချင်းညချင်း လက်ခံနိုင်သွားခဲ့သည်။

နတ်တိမ် ဓားဂိုဏ်းတွင် အစစ်အမှန် တပည့်များ အများအပြား ရှိသော်လည်း မည်သူကမျှ ချန်ဖေးကို အနိုင်မယူနိုင်ကြချေ။ သူက ချန်ဖေးကို ရှုံးနိမ့်ခဲ့သည် ဆိုသည်မှာ အလွန် ပုံမှန် မဟုတ်ဘူးလား...

ချန်ဖေးက မြေကြီးပေါ်ရှိ မျောက်ဝံ မိစ္ဆာ၏ အလောင်းကို ကြည့်လိုက်ပြီး သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ရာ မျောက်ဝံ မိစ္ဆာ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာ အမြုတေက ပျံထွက်လာ၏။

ကြည်လင်နေပြီး ကြီးမားလှသော စွမ်းအင်များ ပါဝင်နေသည်။ ဤသည်က မျောက်ဝံ မိစ္ဆာ၏ အနှစ်သာရ ဖြစ်သော်လည်း ယခု ချန်ဖေး အတွက် သိပ်အသုံးမဝင်တော့ချေ။

အကယ်၍ သူတို့သာ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်တွင် ရှိနေသေးပါက ကျင့်ကြံမှုကို အရှိန်မြှင့်ရန် ခန္ဓာကိုယ် သန့်စင်ခြင်း အတွက် ဤမိစ္ဆာ အမြုတေကို အသုံးပြုနိုင်ပေသည်။ သို့သော် ယခုအခါ ဤမိစ္ဆာ အမြုတေက မရှိလည်း ဖြစ်သည့် အရာတစ်ခု ဖြစ်နေပုံ ရသည်။

ယွမ်ချီ စွမ်းအင် ကျင့်ကြံမှုကို မတိုးတက်စေသကဲ့သို့ စိတ်စွမ်းအားကိုလည်း မည်သည့် အကျိုးကျေးဇူးမျှ မပေးစွမ်းနိုင်ပေ။ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းနှင့် ပတ်သက်၍ ဆိုရလျှင် ချန်ဖေး၏ လက်ရှိ ခန္ဓာကိုယ်ကို ပထမအဆင့် မိစ္ဆာ အမြုတေ တစ်ခုတည်းဖြင့် တိုးတက်အောင် မလုပ်နိုင်တော့ချေ။

တစ်ခုတည်းသော အသုံးဝင်မှုမှာ ငွေကြေး အဖြစ် ရောင်းချရန်သာ ဖြစ်ပေလိမ့်မည်။

ချန်ဖေးက သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး မျောက်ဝံ မိစ္ဆာ၏ အလောင်းကို သူတို့ နှစ်ယောက်ရှေ့သို့ ရွှေ့ပေးလိုက်၏။ မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်က ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့် သိုင်းပညာရှင် တစ်ယောက် အတွက် တန်ဖိုး အလွန် မြင့်မားဆဲ ပင်။

ချန်ဖေးက မိစ္ဆာ အမြုတေကို ယူပြီးပြီ ဖြစ်ရာ သိပ်အဓိပ္ပာယ် မရှိလှသော ဤမျောက်ဝံ မိစ္ဆာ၏ ခန္ဓာကိုယ်ကို သဘာဝကျကျပင် ထပ်ယူတော့မည် မဟုတ်ချေ။

ကျန်ကျိုက်ဝမ်နှင့် အခြား တစ်ယောက်က ချန်ဖေးကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ ချန်ဖေးက မိစ္ဆာသားရဲကို တစ်ယောက်တည်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူတို့က ဒဏ်ရာရခဲ့သူများ ဖြစ်သော်လည်း သူတို့၏ ဒဏ်ရာများက သူတို့ အားနည်းလွန်းကြောင်းကိုသာ ပြသနေခြင်း ဖြစ်သည်။ ပစ္စည်းကို ရယူပိုင်ခွင့်နှင့် မည်သို့မျှ မသက်ဆိုင်ပေ။

"လောလောဆယ် ဒီနားမှာ တခြား အန္တရာယ်တွေ မရှိပါဘူး... ဂရုစိုက်ကြပါ..." ဤစကားကို ပြောပြီးနောက် ချန်ဖေး၏ ပုံရိပ်က ဝေဝါးသွားပြီး ပျောက်ကွယ်သွားတော့၏။

"ခန်းမဆောင်မှူး ချန်... ဂရုစိုက်ပါ..."

ကျန်ကျိုက်ဝမ်က အလျင်အမြန် ထရပ်ပြီး မော့ကြည့်လိုက်သော်လည်း ချန်ဖေးကို မတွေ့ရတော့ချေ။

"အရင်ဆုံး မျောက်ဝံ မိစ္ဆာ အလောင်းကို ရှင်းရအောင်... မဟုတ်ရင် အနံ့က တခြား မိစ္ဆာသားရဲတွေကို ဆွဲဆောင်လိမ့်မယ်..."

ကျန်ကျိုက်ဝမ်က မျောက်ဝံ မိစ္ဆာ အလောင်းဆီသို့ လျှောက်သွားပြီး သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။ မိုယွမ်ဖေး လည်း အနားယူဝံ့တော့ဘဲ မျက်နှာတွင် အပြုံးတစ်ခုဖြင့် လျှောက်လာ၏။

ဒွာရသန့်စင်ခြင်း အဆင့် အတွက် ဤမိစ္ဆာသားရဲ အဆင့်က မဖြစ်မနေ လိုအပ်သည် မဟုတ်ဘဲ အနှောင့်အယှက်ပင် ဖြစ်သော်လည်း သူတို့အတွက်တော့ အလွန် အကျိုးရှိပေသည်။ သူတို့၏ ဒဏ်ရာများကို ကုသရန် ကူညီပေးနိုင်ရုံ သာမက သူတို့၏ ကျင့်ကြံမှုကိုပါ တိုးတက်စေနိုင်သည်။

ချန်ဖေးက အလျင်အမြန် လှုပ်ရှားသွားပြီး ဘာကာ ၏ ဂူဆီသို့ ဦးတည်သွား၏။ သူက လမ်းတစ်လျှောက်တွင် ဝိညာဉ်အပင် အချို့ကို ခူးယူရန် ရံဖန်ရံခါ ရပ်တန့်တတ်သည်။ သာမန် ဆေးဖက်ဝင် အပင်များ အတွက်မူ အလွန် သက်တမ်းရင့်နေသည်မှ လွဲ၍ ချန်ဖေးက လှည့်ပင် မကြည့်တော့ချေ။

အရင်တုန်းကနဲ့ ယှဉ်ရင် ချန်ဖေးရဲ့ စိတ်နေသဘောထားနဲ့ အမြင်တွေက အခု တကယ်ကို ကွာခြားသွားပေသည်။

အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် ချန်ဖေးက နောက်ဆုံးတွင် လျှို့ဝှက်နယ်မြေ၏ မြေမျက်နှာသွင်ပြင်နှင့် ချိန်ညှိနိုင်သွားပြီး ဘာကာ ၏ ဂူဆီသို့ ပို၍ နီးကပ်လာခဲ့၏။

တစ်ချိန်တည်းမှာပင် ဝိညာဉ်အပင်များ ရရှိမှုမှာလည်း တိုးလာခဲ့ပြီး တစ်နာရီ အတွင်းမှာပင် သူက ဝိညာဉ်အပင် ဆယ်ပင် ထက်မနည်း ရရှိခဲ့ပြီ ဖြစ်သည်။

စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်စွမ်း မရှိသော သာမန် ဝိညာဉ်အပင်များ ဖြစ်သော်လည်း ချန်ဖေး အနေဖြင့် အလွန် ပျော်ရွှင်နေဆဲ ပင်။ အဘယ်ကြောင့်ဆိုသော် ထိုအပင်အားလုံးက ငွေများဖြစ်ပြီး မည်သူမဆို ငွေအမြောက်အမြား ကောက်ရလျှင် ပျော်ရွှင်ကြမည်သာ ဖြစ်သည်။

အမွှေးတိုင် တစ်တိုင်စာမျှ အချိန် ကုန်လွန်ပြီးနောက် ချန်ဖေးက နောက်ဆုံးတွင် ဘာကာ ၏ ဂူသို့ ရောက်ရှိလာခဲ့၏။

ယခင်ကနှင့် ယှဉ်လျှင် ဤနေရာမှာ အများကြီး ပြောင်းလဲသွားသော်လည်း ကံကောင်းစွာဖြင့် ဂူပေါက်ဝက ရှိနေဆဲ ပင်။

ချန်ဖေးက ရှေ့သို့ ခြေအနည်းငယ် လှမ်းလိုက်သော်လည်း မီတာဆယ်ခန့် အကွာတွင် ရပ်လိုက်သည်။ ဂူထဲတွင် သတ္တဝါများ ရှိနေပြီး တစ်ကောင်ထက် မကပေ။

ဘာကာ က တစ်ယောက်တည်း နေလေ့ရှိပြီး ဂူထဲရှိ သတ္တဝါများ၏ အရှိန်အဝါက ဘာကာ နှင့် လုံးဝ ကွဲပြားနေ၏။ ထို့အပြင် ချန်ဖေးက ယခုအချိန်တွင် ဂူထဲရှိ သတ္တဝါများ၏ အရှိန်အဝါက သူ့အတွက် အနည်းငယ် ရင်းနှီးနေသကဲ့သို့ ဝေဝါးဝါး ခံစားလိုက်ရသည်။

ချန်ဖေးက သူ၏ ချန်ယွမ်ဓားဖြင့် မြေကြီးကို ညင်သာစွာ ခေါက်လိုက်၏။ မြေကြီး တစ်ခုလုံး ရုတ်တရက် တုန်ခါသွားပြီး စွမ်းအား တစ်ခုက မြေကြီး တစ်လျှောက် ဂူထဲသို့ တိုက်ရိုက် ဝင်ရောက်သွားကာ တုံးတိတိ အသံတစ်ခု ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် ဂူပေါက်ဝမှ အနီရောင် မျက်လုံး တစ်စုံ ထွက်ပေါ်လာပြီး ချန်ဖေးကို စူးရဲစွာ စိုက်ကြည့်နေကာ ထိုအကြည့်တွင် ရိုင်းစိုင်း ကြမ်းတမ်းမှုနှင့် အေးစက်မှုများ ပြည့်နှက်နေ၏။

ထိုမျက်လုံးများကို မြင်လိုက်ရသောအခါ ချန်ဖေး အနည်းငယ် အံ့အားသင့်သွားပြီး ဤအချက်အလက်များနှင့် ပတ်သက်၍ အဘယ်ကြောင့် ရင်းနှီးနေသကဲ့သို့ ခံစားရကြောင်းကို နောက်ဆုံးတွင် သတိရသွားသည်။ ထိုမျက်လုံးများမှာ သူ ယခင်က ကြုံတွေ့ခဲ့ဖူးသော ယုန် မိစ္ဆာများ ထံမှ အမှန်တကယ် ဖြစ်နေခြင်း ပင်ဖြစ်သည်။

ဤယုန် မိစ္ဆာများ၏ မှော်ဆန်သော သွေးမျိုးဆက် ကြောင့် ချန်ဖေးက အလွန် နက်ရှိုင်းစွာ မှတ်မိနေခဲ့ခြင်း ဖြစ်သည်။ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်တွင် အနိုင်မယူနိုင်သည် မဟုတ်သော်လည်း သူတို့၏ သွေးမျိုးဆက် သဘာဝကို နားမလည်ပါက အလွယ်တကူ လုံးဝ ချေမှုန်းခံရနိုင်ပေသည်။

ထိခိုက်မှု မရှိဘဲ ပြန်လည် နာလန်ထူနိုင်စွမ်းကို ပေးစွမ်းနိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ ထိခိုက်ဒဏ်ရာကို ခုခံနိုင်စွမ်းမှာ ပိုမို မြင့်တက်လာသဖြင့် သာမန် ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်များနှင့် ယှဉ်နိုင်ပေသည်။ သိုင်းပညာရှင်များ အနေဖြင့် ဤအရာကို ခံနိုင်ရည် ရှိမည် မဟုတ်ဘဲ သေသည်အထိ ပင်ပန်းနွမ်းနယ်သွားမည် ဖြစ်သည်။

ယုန် မိစ္ဆာက ဘာကာ ရဲ့ ဂူထဲကို ဘယ်လို ရောက်သွားတာလဲ... ဘာကာ ရော ဘယ်ရောက်သွားလဲ...

ချန်ဖေး၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသော်လည်း ကံမကောင်းစွာဖြင့် မည်သူကမျှ ချန်ဖေးကို အဖြေ မပေးခဲ့ပေ။

ချန်ဖေးက ဂူရှေ့ရှိ ယုန် မိစ္ဆာကို ကြည့်လိုက်ပြီး သူ၏ ဓားကို မြေကြီးပေါ်သို့ ထပ်မံ ထိုးစိုက်လိုက်ရာ ပိုမို ကြီးမားသော စွမ်းအား တစ်ခုက ဂူထဲသို့ ဝင်ရောက်သွား၏။

ဂူရှေ့ရှိ ဤယုန် မိစ္ဆာ၏ အရှိန်အဝါမှာ မပြင်းထန်လှဘဲ မျက်လုံးများကို ကြည့်ရုံဖြင့် ဉာဏ်ရည်မှာ မမြင့်မားကြောင်း သိနိုင်သဖြင့် ဆက်သွယ်ရန် ဆိုသည်မှာ သေချာပေါက် မဖြစ်နိုင်ပေ။ သို့သော် ဂူထဲတွင် ချန်ဖေးက ဒုတိယအဆင့်သို့ နီးပါး ရောက်နေသော ပိုမို အားကောင်းသည့် အရှိန်အဝါ တစ်ခုကို အာရုံခံလိုက်ရ၏။

အစောက ကြုံတွေ့ခဲ့ရသော မျောက်ဝံ မိစ္ဆာနှင့် ယှဉ်နိုင်ပြီး နှစ်ကောင်စလုံးက ဒုတိယအဆင့် မိစ္ဆာသားရဲ အဆင့်တွင် ရှိသော်လည်း သူတို့တွင် အခွင့်အရေး အချို့ လိုအပ်နေသေးသည်။

သိုင်းပညာရှင် တစ်ယောက် အတွက် ဒွာရသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းရန် အလွန် ခက်ခဲပေသည်။ ပထမအဆင့် မိစ္ဆာသားရဲ တစ်ကောင် အတွက် ဒုတိယအဆင့်သို့ တက်လှမ်းရန် ဆိုသည်မှာ သိုင်းပညာရှင် တစ်ယောက်ထက် အများကြီး ပိုမို လွယ်ကူသည် မဟုတ်ချေ။

သေချာသည်မှာ ဤလျှို့ဝှက်နယ်မြေကိုယ်တိုင်က အဆင့်မြှင့်တင်ထားသောကြောင့် ဤနေရာရှိ သတ္တဝါများက ကြီးမားသော အကျိုးကျေးဇူးများကို ရရှိကြပြီး အဆင့်တက်လှမ်းရန် များစွာ ပိုမို လွယ်ကူစေသည်။

"ဝူး..."

ချန်ဖေးက ဂူကို ထပ်မံ တိုက်ခိုက်လိုက်သည်ကို အာရုံခံမိသောအခါ ဂူရှေ့ရှိ ယုန် မိစ္ဆာက ရုတ်တရက် ရူးသွပ်သွား၏။ သို့သော် ချန်ဖေး အပေါ်သို့ မခုန်အုပ်နိုင်မီ ဧရာမ စွမ်းအား စက်ကွင်း တစ်ခုဖြင့် ဖိနှိပ်ခံလိုက်ရပြီး မြေကြီးပေါ်တွင် အကူအညီမဲ့စွာ ခြေထောက်များ ကန်နေရုံသာ တတ်နိုင်တော့ကာ မလှုပ်ရှားနိုင်တော့ချေ။

ချန်ဖေး၏ စွမ်းအားကြောင့် ဂူမှာ တုန်ခါနေ၏။ ဤဂူက ဘာကာ ၏ မူလ နေအိမ် ဖြစ်ကြောင်းကို ထည့်သွင်း စဉ်းစား၍ ချန်ဖေးက စွမ်းအား အလွန်အကျွံ အသုံးမပြုခဲ့ပေ။ ထိုသို့ မဟုတ်ပါက ဂူမှာ ချက်ချင်း ပြိုကျသွားနိုင်ပေသည်။

ယုန် မိစ္ဆာများက တွင်းထဲမှ စတင် ခုန်ထွက်လာကြသော်လည်း ဆွဲငင်အား စက်ကွင်းကြောင့် ချက်ချင်းပင် မြေကြီးပေါ်သို့ ဖိချခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ချေ။

တစ်ခဏ အတွင်းမှာပင် ယုန် မိစ္ဆာ ဆယ်ကောင်ကျော်က ဂူထဲမှ ခုန်ထွက်လာခဲ့၏။ ပထမအဆင့် အထွတ်အထိပ် ခွန်အား ရှိသော ယုန် မိစ္ဆာ ထွက်ပေါ်လာချိန် မှသာလျှင် ချန်ဖေးက ဂူပတ်လည်တွင် လှည့်လည်သွားလာခြင်းကို ရပ်တန့်လိုက်သည်။

"ရှဲ..."

ဤပထမအဆင့် အထွတ်အထိပ် ယုန် မိစ္ဆာက မြွေ၏ လျှာနှင့် ဆင်တူသော စူးရှသည့် အသံတစ်ခုကို ချန်ဖေးထံသို့ ပြုလုပ်လိုက်ပြီး ချန်ဖေးကို ကြောက်ရွံ့ကြောင်း ရှင်းလင်းစွာ ပြသနေသော်လည်း အလွယ်တကူ အသတ်ခံရန် ဆန္ဒမရှိကြောင်းကိုလည်း ပြသနေ၏။

ဉာဏ်ရည် အနည်းငယ် ပိုနိမ့်သော အခြား ယုန် မိစ္ဆာများမှာမူ သွေးထွက်သံယို ဖြစ်ပြီး ကိုယ်ခန္ဓာ ပျက်စီးသွားမည် ဆိုလျှင်တောင် အသည်းအသန် ရုန်းကန်နေကြသည်။

ချန်ဖေးက ဤပထမအဆင့် အထွတ်အထိပ် ယုန် မိစ္ဆာ၏ အသိစိတ် ပင်လယ် အတွင်းသို့ ဘာကာ ၏ အသွင်အပြင်ကို ရိုက်နှိပ်ရန် စိတ်စွမ်းအားကို အသုံးပြုကြည့်လိုက်ရာ ယုန် မိစ္ဆာက တုန်ယင်သွားသော်လည်း မည်သည့် အပြုသဘောဆောင်သော တုံ့ပြန်မှုမျှ မပေးခဲ့ချေ။

ချန်ဖေး မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး သူ၏ ယွမ်ချီ စွမ်းအင်ဖြင့် ယုန် မိစ္ဆာများကို ဖယ်ရှားလိုက်ကာ ဂူထဲသို့ တိုက်ရိုက် ခုန်ဆင်းသွား၏။

ချန်ဖေးက အစပိုင်းတွင် ဂူနှင့် ပတ်သက်၍ စူးစမ်းလိုစိတ် ရှိခဲ့သော်လည်း ထိုအချိန်က တိုက်ရိုက် ဝင်ရောက်ရန် မသင့်တော်ခဲ့ချေ။

ပထမဆုံးအကြိမ်အဖြစ် ဂူထဲသို့ ဝင်ရောက်လာသောအခါ ချန်ဖေးက ဤနေရာမှာ သဘာဝ ဂူတစ်ခု ဖြစ်ပြီး မျက်နှာကျက်တွင် ဝင်ပေါက် တစ်ခုသာ ထွင်းထားကြောင်း တွေ့ရှိလိုက်ရသည်။ ချန်ဖေးက ဂူ၏ အောက်တွင် စွန့်ပစ်ထားသော ဆေးဖက်ဝင် အပင်ခင်း ကြီးတစ်ခုကို မြင်လိုက်ရ၏။

"အဲဒီတုန်းက ဘာကာ က ဒီဆေးဖက်ဝင် အပင်တွေ အားလုံးကို စိုက်ပျိုးခဲ့တာလား..."

ချန်ဖေး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ သူက ဆေးဖက်ဝင် အပင်ခင်းဆီသို့ သွားရောက်ကာ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။ ဆေးဖက်ဝင် အပင်ခင်းမှာ စွန့်ပစ်ထားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပြီး ဘာကာ က အချိန်အတော်ကြာကတည်းက ပြန်မလာတော့ကြောင်း ဖော်ပြနေ၏။

ဤယုန် မိစ္ဆာများက ဤနေရာကို ရှာတွေ့ပြီး ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။

"တကယ်လို ဘာကာ က သူ့ဂူထဲမှာ မနေနိုင်တော့ရင် ဘယ်ကို သွားမလဲ..."

ချန်ဖေး မတ်တတ်ရပ်လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်ကာ အပြင်ဘက်ရှိ ယုန် မိစ္ဆာများကို မေးကြည့်သော်လည်း သူတို့ထံမှ မည်သည့် သတင်းအချက်အလက်မျှ မရနိုင်ခဲ့ပေ။

"ဟင်... ဒါက ဘာလဲ..."

ချန်ဖေး ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် သူ၏ မျက်လုံးထောင့်မှ အစိမ်းရင့်ရောင် တောင်နံရံ အပိုင်းအစလေး တစ်ခုကို ရုတ်တရက် မြင်လိုက်ရ၏။ အခြား တောင်နံရံများနှင့် ယှဉ်လျှင် ဤနံရံ အပိုင်းအစလေး၏ အရောင်က အလွန် ထူးဆန်းနေပြီး အက်ကွဲကြောင်း အချို့လည်း ရှိနေသည်။

ချန်ဖေးက တောင်နံရံ ရှေ့သို့ ဖျတ်ခနဲ လှုပ်ရှားသွား၏။ ပုပ်ဟောင်နေသော အနံ့သဲ့သဲ့က ချန်ဖေး၏ နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။ အနည်းငယ် စူးရှပြီး သာမန်လူ တစ်ယောက်က အချိန်အကြာကြီး ရှူမိပါက ပြင်းထန်သော မသက်မသာ ဖြစ်မှုများကို သေချာပေါက် ဖြစ်စေနိုင်ပေသည်။

"ကျုံးယွမ် စွမ်းအင် စက်ကွင်းလား... အောက်မှာ ယွမ်ချန် ဓားဂိုဏ်းက ဘယ်သူ ရှိနေတာလဲ..."

ရုတ်တရက် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။ ချန်ဖေးက တောင်နံရံကို ကြည့်လိုက်ပြီး သေးငယ်သော အပိုင်းအစလေး တစ်ခုကို တူးဖော်ရန် သူ၏ ယွမ်ချီ စွမ်းအင်ကို အသုံးပြုကာ သူ၏ အင်္ကျီလက်ထဲသို့ ထည့်လိုက်ပြီး ဂူထဲမှ ဖျတ်ခနဲ ထွက်သွားတော့သည်။ 

All Chapters