အခန်း (၃၀၄-၃၀၅)
Vol. 29 Ch. 304-305
အခန်း (၃၀၄) အရေခြုံများ
ဓားအစီအရင်ဖြင့် ဖန်တီးထားသော ဆေးဖိုက အနည်းငယ် ယိမ်းနွဲ့သွား၏။ ချန်ဖေးက ဆေးဖိုကို ထိန်းချုပ်ကာ ဝိညာဉ် ပစ္စည်း၏ ဆေးဘက်ဝင် ဂုဏ်သတ္တိ ပြောင်းလဲမှုတိုင်းကို သေချာစွာ တုံ့ပြန်လိုက်သည်။ ဤဝိညာဉ် ပစ္စည်းများမှာ ခက်ခက်ခဲခဲ ရရှိထားခြင်း ဖြစ်ပြီး အနည်းငယ်မျှ ပျက်စီးသွားပါက ကြီးမားသော ဆုံးရှုံးမှု ဖြစ်စေမည် ဖြစ်သည်။
ယနေ့၏ အမြတ်အစွန်းများမှာ ကြီးမားသော်လည်း နောက်ထပ် ထပ်မံ ရရှိရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။ အကောင်းဆုံးမှာ သာမန် ဝိညာဉ် ပစ္စည်း အချို့ကိုသာ ရရှိနိုင်မည် ဖြစ်သည်။ ချန်ဖေးက နေ့လယ်ပိုင်း အချိန်အများစုကို မည်သည့် အောင်မြင်မှုမျှ မရှိဘဲ ကုန်ဆုံးခဲ့ရ၏။
သာမန် ဝိညာဉ် ပစ္စည်းများမှာ သေချာပေါက် ကောင်းမွန်ပြီး နှင်းဝိညာဉ် ဆေးလုံးများ ဖော်စပ်ရာတွင် အသုံးပြုနိုင်ပေသည်။ အခြား ပစ္စည်းများနှင့် နှိုင်းယှဉ်ပါက သာမန် ဝိညာဉ် ပစ္စည်းများမှာ များစွာ ဈေးပေါနေသကဲ့သို့ ထင်ရခြင်းသာ ဖြစ်သည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သာမန် ဝိညာဉ် ပစ္စည်းများပင်လျှင် ကုန်ခန်းသွားမည်ဟု ခန့်မှန်းရသည်။
နောက်ဆုံးတွင် လျှို့ဝှက်နယ်မြေ အတွင်း၌ ဒွာရသန့်စင်ခြင်း အဆင့် ဒါဇင်ပေါင်းများစွာ အပြင် အတွင်းကလီစာသန့်စင်ခြင်း အဆင့် တပည့် အမြောက်အမြားလည်း ရှိနေသောကြောင့် ဖြစ်သည်။
ဆယ့်ငါးမိနစ် မပြည့်မီ အချိန်အတွင်းမှာပင် ဆေးဖိုကို ဖွင့်လိုက်သည်နှင့်အမျှ မွှေးပျံ့သော ရနံ့တစ်ခုက ဂူထဲတွင် ပြည့်နှက်သွား၏။ ရိုးရှင်းသော လုပ်ငန်းစဉ် ဖြစ်သဖြင့် အချိန် အနည်းငယ်သာ ယူရသည်။
လက်ချောင်းဖြင့် ဖွဖွလေး ပုတ်လိုက်ကာ ချန်ဖေးက ဆေးရည်ကို တိုက်ရိုက် မျိုချလိုက်သည်။
တစ္ဆေအကာရှပင်၏ သစ်စေးကို ပေါင်းစပ်ထားသဖြင့် ဆေးကို မျိုချလိုက်သည်နှင့် တစ်ပြိုင်နက် ချန်ဖေး၏ အသိစိတ် ပင်လယ်မှာ ချက်ချင်း ဆိုသလို ကြည်လင်သွားပြီး နောက်တွင် ခေါင်းထဲ၌ အနည်းငယ် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာ၏။
အသိစိတ် ပင်လယ် အတွင်းတွင် ရေခဲကဲ့သို့ အေးစက်သော အာရုံခံစားမှုများက အပြန်အလှန် ဖြစ်ပေါ်လာပြီး သူ၏ အာရုံခံနိုင်စွမ်းကို ချက်ချင်း မြင့်တက်သွားစေကာ ဝိညာဉ်ကြိုးမျှင် ကျင့်စဉ်ကို အလိုအလျောက် အသက်ဝင်လာစေပြီး ချန်ဖေးအား ဆေးဘက်ဝင် စွမ်းအားများကို စုပ်ယူရန် ကူညီပေးသည်။
တစ်နာရီ အကြာတွင် ချန်ဖေးက မျက်လုံးများကို ဖွင့်ကာ ညစ်ညမ်းသော လေကို ညင်သာစွာ မှုတ်ထုတ်လိုက်၏။ ယခင်က သူ အသုံးပြုခဲ့သော ခန္ဓာကိုယ် ကြံ့ခိုင်ခြင်း အဆင့်များနှင့် နှိုင်းယှဉ်ပါက ချန်ဖေး အနေဖြင့် ဤဝိညာဉ် ပစ္စည်းများကို ဖြည်းဖြည်းချင်းသာ စုပ်ယူနိုင်ခဲ့သည်။
အိပ်မက်ကြာပန်း တစ်ခုလုံးကိုပင် မဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းကို စုပ်ယူရန် ချန်ဖေးမှာ သုံးရက် အပြည့် အချိန်ယူခဲ့ရသည်။
ယခုအခါ ဒွာရသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်ရာ ဤစိတ်စွမ်းအားကို မြှင့်တင်ပေးသော ဝိညာဉ် ပစ္စည်းများမှာ ချန်ဖေးအတွက် မည်သည့် အခက်အခဲမျှ မရှိတော့ချေ။ တစ်နာရီ အတွင်းမှာပင် ချန်ဖေးက အားလုံးကို အပြည့်အဝ စုပ်ယူနိုင်ခဲ့သည်။
စိတ်စွမ်းအားက အံ့မခန်း မြင့်တက်သွားခြင်း မရှိသော်လည်း ၁၀ ရာခိုင်နှုန်းခန့် တိုးလာပြီး ချန်ဖေး အနေဖြင့် ဒွာရ နှစ်ခု ထပ်မံ ထိန်းချုပ်ရန် လုံလောက်ပေသည်။
ချန်ဖေးက ဆေးရည် ဖော်စပ်ရန် စိတ်စွမ်းအားကို မြှင့်တင်ပေးသော ဝိညာဉ် ပစ္စည်း တစ်ခုနှင့် သာမန် ဝိညာဉ် ပစ္စည်း အချို့ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိနေသေးသော စိတ်စွမ်းအားကို မြှင့်တင်ပေးသည့် ဝိညာဉ် ပစ္စည်း လေးခုက များများစားစား မတိုးလာလျှင်ပင် အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့်တော့ လွယ်ကူစွာ တိုးလာသင့်ပေသည်။
တစ်နည်းအားဖြင့် ဤဝိညာဉ် ပစ္စည်းကို စုပ်ယူပြီးနောက် ချန်ဖေး၏ စိတ်စွမ်းအားက ဒွာရ သုံးဆယ်ခန့်ကို ထိန်းချုပ်ရန် လုံလောက်သွားပြီ ဖြစ်သည်။ မကြာမီ အနာဂတ်ကာလ အတွက် စိတ်စွမ်းအား မလုံလောက်မည်ကို စိုးရိမ်ရန် မလိုတော့ချေ။
ဤသည်မှာ လျှို့ဝှက်နယ်မြေ၏ တန်ဖိုးပင် ဖြစ်၏။ တစ်ရက်တည်းဖြင့် အချိန် အမြောက်အမြားကို သက်သာစေနိုင်သည်။
ဖြစ်လာနိုင်သော အန္တရာယ်များနှင့် နှိုင်းယှဉ်ပါက အကျိုးကျေးဇူးများက စိုးရိမ်ပူပန်မှု အားလုံးထက် များစွာ သာလွန်ပေသည်။ မည်သို့ပင်ဆိုစေ သိုင်းပညာ ကျင့်ကြံခြင်းမှာ မွေးရာပါ အန္တရာယ် ရှိပြီးသား ဖြစ်သည်။ ကျင့်စဉ်များ ကိုယ်တိုင်ကပင် လမ်းလွဲသွားနိုင်ခြေ ရှိနေရာ အခြားအရာများကို ဆိုရန်ပင် မလိုတော့ချေ။
အချိန်မဆွဲတော့ဘဲ ချန်ဖေးက ဆေးရည်များကို ဆက်လက် ဖော်စပ်နေ၏။
အကောင်းဆုံး လုပ်ဆောင်ချက်မှာ ရရှိထားသည်များကို ခွန်အားအဖြစ် ချက်ချင်း ပြောင်းလဲရန် ဖြစ်သည်။ ဤလျှို့ဝှက်နယ်မြေမှာ အန္တရာယ်များပေသည်။ စိတ်စွမ်းအား ကြီးထွားလာခြင်းက ထိန်းချုပ်နိုင်သော ဒွာရ အရေအတွက်ကို တိုးလာစေရုံသာမက ချန်ဖေး၏ တိုက်ခိုက်ရေး စွမ်းအားကိုလည်း မြှင့်တင်ပေးသည်။
အခြားအရာများကို ဘေးဖယ်ထားလိုက်ပါက ခိုင်မာသော စိတ်စွမ်းအားနှင့်အတူ သိုင်းကွက်များ အသုံးပြုခြင်းမှာ ပိုမို သိမ်မွေ့လာပြီး အားစိုက်ထုတ်စရာ မလိုတော့ချေ။
ချန်ဖေး အနေဖြင့် စိတ်စွမ်းအားကို မြှင့်တင်ပေးသော ဝိညာဉ် ပစ္စည်း အားလုံးကို စားသုံး၍ စုပ်ယူရန် နာရီဝက် နီးပါး အချိန်ယူခဲ့ရ၏။ သူ မျှော်လင့်ထားသည့်အတိုင်း သူ၏ စိတ်စွမ်းအားက ၃၀ ရာခိုင်နှုန်းကျော်အထိ ဆက်လက် မြင့်တက်လာပြီး ၄၀ ရာခိုင်နှုန်းသို့ ချဉ်းကပ်လာသည်။
စိတ်စွမ်းအား မြင့်တက်လာမှုကြောင့် ချန်ဖေး၏ အသိစိတ် ပင်လယ် တစ်ခုလုံးက ဖောင်းကားလာသကဲ့သို့ ခံစားရ၏။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်က အနည်းငယ် ပေါ့ပါးနေသကဲ့သို့ ခံစားရပြီး အချိန်တို အတွင်း စိတ်စွမ်းအား အလွန်အကျွံ မြင့်တက်လာခြင်း၏ ဘေးထွက်ဆိုးကျိုး အသေးစားလေး တစ်ခု ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ချန်ဖေးက ဤထူးဆန်းသော ခံစားချက်ကို တဖြည်းဖြည်းချင်း ဖယ်ရှားရန် အချိန်တိုလေးသာ ညှိယူရန် လိုအပ်ခဲ့၏။
အပြင်ဘက်တွင် ညဉ့်နက်နေပြီ ဖြစ်ပြီး အရုဏ်မတက်မီ အမှောင်မိုက်ဆုံး အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ချန်ဖေးက အခြား အဆင့်မြင့် ဝိညာဉ် ပစ္စည်းများကိုပါ ဖော်စပ်ရန် ပြင်ဆင်လိုက်၏။
ဤဝိညာဉ် ပစ္စည်းများမှာ အလွန် အရည်အသွေး မြင့်မားကြသည်။ ချန်ဖေး၏ ခန့်မှန်းချက်အရ အားလုံးကိုသာ စားသုံးလိုက်ပါက ဒွာရ နှစ်ခု သို့မဟုတ် သုံးခု ဖွင့်လှစ်နိုင်ရန် အခွင့်အလမ်းများစွာ ရှိပြီး ထိုထက် ပို၍ပင် ဖွင့်လှစ်နိုင်ပေလိမ့်မည်။
"အင်း..."
ချန်ဖေးက ဝိညာဉ် ပစ္စည်းများကို ဆေးဖိုထဲသို့ ပစ်ထည့်တော့မည့် ဆဲဆဲတွင် သူ၏ လက်က အနည်းငယ် ရပ်တန့်သွား၏။ ကျောက်စရစ်ခဲလေး တစ်ခုက သူ၏ မျက်နှာဆီသို့ လွင့်မျောလာသည်။ အမွှာ ကျောက်တုံးများက အကွာအဝေး တစ်ခု အတွင်းတွင် တစ်ခုနှင့်တစ်ခု အာရုံခံနိုင်ကြပြီး အခြား တစ်ခုမှာ ဖုန်းရှိုးဖူ ထံတွင် ရှိပေသည်။
ချန်ဖေးက တစ်ရက်လုံးလုံး ဟိုဟိုဒီဒီ ပြေးလွှားနေခဲ့သော်လည်း အမွှာ ကျောက်တုံးများက တိတ်ဆိတ်နေခဲ့၏။ ယခုမှ ရုတ်တရက် တုံ့ပြန်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ အမွှာ ကျောက်တုံးများ၏ လက္ခဏာများအရ ဖုန်းရှိုးဖူမှာ လောလောဆယ်တွင် ချန်ဖေးနှင့် လီ နှစ်ဆယ် သို့မဟုတ် သုံးဆယ် အကွာတွင် ရှိနေသည်။
ချန်ဖေးက ဖုန်းရှိုးဖူထံသို့ ယခု သွားရမည်လား သို့မဟုတ် မိုးလင်းသည်အထိ စောင့်ရမည်လား ဟု စဉ်းစားနေစဉ် သူ ရုတ်တရက် မတ်တတ်ထရပ်ကာ ဂူအပြင်ဘက်သို့ ကြည့်လိုက်၏။
ညက မင်ရည်ကဲ့သို့ မှောင်မိုက်နေပြီး ဒွာရသန့်စင်ခြင်း အဆင့်၏ အမြင်အာရုံဖြင့်ပင် အဝေးကြီးသို့ မမြင်နိုင်ချေ။ ချန်ဖေးက အမှန်တကယ် မည်သည့်အရာကိုမျှ မမြင်ခဲ့ရဘဲ ထက်မြက်သော လေထု တစ်ခု လှစ်ခနဲ ဖြတ်သွားသည်ကို အာရုံခံလိုက်ရခြင်းသာ ဖြစ်သည်။
အကွာအဝေးက ဝေးလွန်းလှသဖြင့် ချန်ဖေး အနေဖြင့် ဝေဝေဝါးဝါးသာ အာရုံခံနိုင်ခဲ့၏။
တကယ်တမ်းဆိုလျှင် အမွှာ ကျောက်တုံးများက ချန်ဖေး၏ အာရုံကို မဖမ်းစားခဲ့ပါက ချန်ဖေးက ဆေးဖော်စပ်နေစဉ် အတွင်း ဤဖြတ်သွားသော အလင်းတန်းကို လုံးဝ လျစ်လျူရှုထားမိပေလိမ့်မည်။
သို့သော် အမွှာ ကျောက်တုံးများကြောင့် ထိုထက်မြက်သော လေထုက ဖုန်းရှိုးဖူ၏ တည်နေရာနှင့် ကိုက်ညီနေကြောင်း ချန်ဖေး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
"အထက်တန်းအဆင့် ဝိညာဉ်လက်နက်ရဲ့ ချီစွမ်းအင်နဲ့ တူတယ်..."
ချန်ဖေးက မျက်မှောင်ကြုတ်လိုက်၏။ အကွာအဝေးက ဝေးလွန်းပြီး အချိန်ကလည်း တိုတောင်းလွန်းလှသဖြင့် ချန်ဖေး အနေဖြင့် အကဲဖြတ်ရန် နည်းလမ်း မရှိချေ။ ထို့ပြင် အချိန်တိုလေး အတွင်း သူ၏ စိတ်စွမ်းအားကို စူးစိုက်လိုက်သော်လည်း ချန်ဖေးက ထိုချီစွမ်းအင်ကို ထပ်မံ အာရုံမခံနိုင်တော့ချေ။
ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှက ချန်ဖေး၏ စိတ်ထင်ယောင်ထင်မှား သက်သက်သာ ဖြစ်နေသည့်အလား ပင်ဖြစ်သည်။
သို့သော်လည်း ချန်ဖေး၏ စိတ်စွမ်းအားက ယနေ့ညတွင် တစ်ဟုန်ထိုး မြင့်တက်ခဲ့ပြီး စိတ်စွမ်းအားက အလွန် အကဲဆတ်သော အခြေအနေတွင် ရှိနေ၏။ ဤခံစားချက်ကို စိတ်ထင်ယောင်ထင်မှား သက်သက်ဟု ဆိုရန်မှာ လွန်ကဲလွန်းလှပေသည်။
"သွားကြည့်ရအောင်..."
ချန်ဖေးက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဝိညာဉ် ပစ္စည်း အားလုံးကို နေရာလွတ် အိတ်ထဲသို့ သိမ်းဆည်းလိုက်၏။ လှစ်ခနဲ လှုပ်ရှားမှုနှင့်အတူ အမွှာ ကျောက်တုံးများ အာရုံခံမိသော နေရာဆီသို့ သူ ပြေးထွက်သွားသည်။
မိုင် ဒါဇင်ပေါင်းများစွာ အကွာတွင်။
ချန်ဖေး၏ အာရုံခံစားမှုများက မှန်ကန်နေ၏။ ဤနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသော်လည်း တိုက်ပွဲ အကြောင်း အချက်အလက်များကို မိုင်ဝက် ပတ်လည် အတွင်းတွင်သာ ဖိနှိပ်ထားပြီး ထိုထက် ကျော်လွန်၍ မပျံ့နှံ့နိုင်ချေ။
အဘယ်ကြောင့်ဆိုသော် အစီအရင် တစ်ခုက ဤနေရာကို ဝန်းရံထားပြီး တိုက်ခိုက်ရန် သို့မဟုတ် ကာကွယ်ရန် မစွမ်းဆောင်နိုင်သောကြောင့် ဖြစ်သည်။
အစီအရင်၏ တစ်ခုတည်းသော လုပ်ဆောင်ချက်မှာ ပတ်ဝန်းကျင်မှ သတင်းအချက်အလက် လှိုင်းဂယက် အားလုံးကို စုစည်းရန်ပင် ဖြစ်သည်။ အစီအရင်က ယခုလေးတင် စတင် အလုပ်လုပ်ခြင်း ဖြစ်ပြီး အထက်တန်းအဆင့် ဝိညာဉ်လက်နက်၏ ထက်မြက်သော စွမ်းအားနှင့် ချန်ဖေး၏ မကြာသေးမီက မြင့်တက်လာသော စိတ်စွမ်းအားက အလွန် အကဲဆတ်သော အခြေအနေတွင် ရှိနေခြင်းတို့ကြောင့် ချန်ဖေး အနေဖြင့် ထိုထက်မြက်သော လေထုကို အာရုံခံနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤအရာများ အားလုံးက တိုက်ဆိုင်စွာ ဖြစ်ပေါ်လာပြီး ချန်ဖေး အနေဖြင့် ဤစွမ်းအင်ကို ဖမ်းယူနိုင်ခဲ့ခြင်း ဖြစ်၏။ သို့သော် အမွှာ ကျောက်တုံးများ၏ လှုပ်ရှားမှုသာ မရှိခဲ့ပါက ချန်ဖေးက အာရုံခံမိလျှင်ပင် ဤစွမ်းအင်ကို မည်သည့် ဂရုစိုက်မှုမျှ ပြုလုပ်မည် မဟုတ်ချေ။
အကွာအဝေးကြောင့် ပဲဖြစ်ဖြစ် ချန်ဖေးနှင့် ပတ်သက်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။
"ဝူယုံးကျောက်... အကြီးအကဲ လျောင်က ဒီမှာ ဘာဖြစ်နေတယ်ဆိုတာ မကြာခင် သိသွားလိမ့်မယ်... အဲဒီအခါကျရင် မင်း ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး..." ကျူးဇီရှန်က သူတို့ကို ဝိုင်းရံထားသော ဝူယုံးကျောက်နှင့် အခြား ရှန်းယန်ဂိုဏ်း အဖွဲ့ဝင်များကို ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။
"သူတို့ ဒီနေရာကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး..."
ဝူယုံးကျောက်က ခေါင်းအနည်းငယ် ခါယမ်းကာ ပြုံးလျက် "သူတို့ သိသွားတဲ့ အချိန်ကျရင် သူတို့လည်း မင်းတို့ လမ်းစဉ်အတိုင်း လိုက်သွားရလောက်ပြီ..."
"ရိုင်းစိုင်းလိုက်တာ..."
ကျူးဇီရှန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ မူလချီကို သူ၏ လက်ထဲရှိ ဝိညာဉ်ဓားထဲသို့ ဖြည့်သွင်းလိုက်ရာ ဓားက ရုတ်တရက် မျက်စိကျိန်းမတတ် တောက်ပသွား၏။
"မိတ်ဆွေတို့... ရန်သူကို အတူတကွ တိုက်ခိုက်ကြရအောင်... အကြီးအကဲ လျောင်က အနီးအနားမှာ ရှိနေပြီး လမ်းမှာ ရှိနေလောက်ပြီ..."
ကျူးဇီရှန်၏ စိတ်အားထက်သန်သော အသံက ပဲ့တင်ထပ်သွားပြီး တစ်ခဏမျှ လူတိုင်းက သူ၏ လက်ထဲရှိ ဝိညာဉ်ဓားမှ ထွက်ပေါ်လာသော အလင်းတန်းဆီသို့ အာရုံစိုက်သွားကြသည်။
ဝူယုံးကျောက် တစ်ယောက်တည်းကသာ သရော်လိုက်ပြီး သူ၏ ပုံရိပ်က နေရာမှ ပျောက်ကွယ်သွား၏။
ဝူယုံးကျောက် ပြန်ပေါ်လာသောအခါ သူက မီတာ တစ်ရာကျော် အကွာသို့ ရောက်ရှိနေပြီ ဖြစ်ပြီး လွတ်နေသော နေရာတစ်ခုဆီသို့ သူ၏ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
အထက်တန်းအဆင့် ဝိညာဉ်ဓားက ကြောက်မက်ဖွယ် ကောင်းသော လေထုကို ထုတ်လွှတ်လိုက်၏။ ဓားမရောက်မီမှာပင် လေထုက လှိုင်းထသွားပြီး ထက်မြက်သော လေခွင်းသံ တစ်ခုက လေထဲတွင် ပြည့်နှက်သွားကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်တော့မည့်အလား ဖြစ်နေသည်။
"ဘုန်း..."
နားကန်းလုမတတ် ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ ပုံရိပ် တစ်ခုက ဘာမှမရှိသော နေရာမှ လွင့်စင်ထွက်လာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျကာ အကြိမ် ဒါဇင်ပေါင်းများစွာ လိမ့်သွားပြီးနောက် ရပ်တန့်သွားသည်။ ထိုလူက သွေးတစ်လုပ် အန်ချလိုက်ရာ သွေးမှုန်များက လေထဲတွင် ပြည့်နှက်သွား၏။
ထိုပုံရိပ်မှာ ကျူးဇီရှန်မှလွဲ၍ အခြားသူ မဟုတ်ချေ။ လူတိုင်းလိုလိုက သူ၏ ဝိညာဉ်ဓား အလင်းတန်းကို အာရုံစိုက်နေချိန်တွင် ကျူးဇီရှန်၏ တကယ့် ပုံရိပ်က မျက်စိတစ်မှိတ်အတွင်း မီတာ ရာပေါင်းများစွာ အကွာသို့ ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။
ထိုနေရာတွင် ရှိနေသူ အားလုံး အနက် ဝူယုံးကျောက် တစ်ယောက်တည်းကသာ လှည့်စားမှုကို တစ်ချက်တည်းဖြင့် သိမြင်ခဲ့ပြီး ကျူးဇီရှန်ကို တားဆီးကာ ဓားတစ်ချက်တည်းဖြင့် ဒဏ်ရာရအောင် ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကျူးဇီရှန်က လက်ဖဝါး နှစ်ဖက်ဖြင့် မြေကြီးကို ရိုက်ကာ မတ်တတ်ထရပ်လိုက်ပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် ဝူယုံးကျောက်ကို ကြည့်လိုက်၏။ သူ၏ "ပုစဉ်းခွံချွတ်ခြင်း" ကျင့်စဉ်ကို ဝူယုံးကျောက်က ဤမျှ အလွယ်တကူ ချိုးဖျက်ပစ်နိုင်လိမ့်မည်ဟု ကျူးဇီရှန် မမျှော်လင့်ထားခဲ့ချေ။
အကယ်၍ ကျူးဇီရှန်သာ နောက်ထပ် အသက်တစ်ရှူစာ အချိန် ရခဲ့ပါက သူက နောက်ထပ် မီတာ တစ်ရာကျော် လွတ်မြောက်နိုင်ပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူက အခြား သိုင်းကွက်များကို ထုတ်သုံးပြီး အမြန်နှုန်းကို တိုးမြှင့်ရန် ကိုယ်ဖော့ပညာကို အပြည့်အဝ အသုံးချနိုင်မည် ဖြစ်ရာ သူ လွတ်မြောက်ရန် လုံးဝ ဖြစ်နိုင်ပေသည်။
သို့သော် ကံမကောင်းစွာဖြင့် ဝူယုံးကျောက်က ကျူးဇီရှန်ကို ထိုကဲ့သို့သော အခွင့်အရေး မပေးခဲ့ချေ။
"မင်းရဲ့ ကိုယ်ပိုင် ဂိုဏ်းတူ ညီအစ်ကိုတွေကို စွန့်ပစ်သွားတာကို ကြည့်ရတာ... မင်းတို့ နတ်တိမ်ဓားဂိုဏ်းက တကယ်ပဲ အရေခြုံပြီး သူတော်ကောင်း ယောင်ဆောင်နေတာပဲ..."
ဝူယုံးကျောက်က ခေါင်းခါလိုက်ပြီး သူ၏ လက်ထဲရှိ အထက်တန်းအဆင့် ဝိညာဉ်ဓားကို ဖွဖွလေး ပုတ်လိုက်ရာ ဝိညာဉ်ဓားမှ ကြည်လင်သော မြည်သံ တစ်သံ ထွက်ပေါ်လာ၏။
အစပိုင်းတွင် ဓားသံမှာ အလွန် တိုးညင်းသော်လည်း မျက်စိတစ်မှိတ်အတွင်း ပို၍ ကျယ်လောင်လာကာ နောက်ဆုံးတွင် ခေါင်းလောင်းကြီး တစ်ခုကဲ့သို့ အသံမျိုး ဖြစ်လာသည်။
ဓား၏ မြည်သံအောက်တွင် ကျူးဇီရှန်၏ အတွင်းကလီစာများက အဆက်မပြတ် တုန်ခါနေ၏။။ကျူးဇီရှန်သည် ဖိနှိပ်ထားသော ဒဏ်ရာများက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လည်ချောင်းထဲတွင် သွေးများ ဆူပွက်လာရာ
အတင်းအကျပ် မျိုချလိုက်ရသည်။
ဝူယုံးကျောက်က ကျူးဇီရှန်၏ အရှေ့တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ်လာပြီး သူ၏ ဝိညာဉ်ဓားက လှစ်ခနဲ လက်သွား၏။ ကျူးဇီရှန်က ဟစ်အော်ကာ သူ၏ ကျင့်စဉ်ကို အသက်သွင်းလိုက်ရာ သူ၏ မျက်နှာက သွေးရောင်လွှမ်းသွားပြီး ဝူယုံးကျောက်ဆီသို့ သူ၏ ဓားရှည်ဖြင့် ခုတ်ပိုင်းလိုက်သည်။
"ဘုန်း..."
တုံးတိတိ အသံတစ်ခုနှင့်အတူ ကျူးဇီရှန်က အလိုအလျောက် နောက်သို့ ယိုင်နဲ့သွားပြီး သူ၏ ခြေလှမ်းတိုင်းက မြေကြီးတွင် ချိုင့်ခွက်များ ဖြစ်သွားစေ၏။ ယခင်က ရဲတင်းနေသော သူ၏ မျက်နှာမှာ ယခုအခါ သေမတတ် ဖြူရော်နေပြီး သူ၏ မျက်လုံးများတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်နေသည်။
သူ၏ ကျင့်ကြံမှုမှာ ဝူယုံးကျောက်ထက် အနည်းငယ် အားနည်းနေပြီ ဖြစ်ပြီး သူ၏ လက်ထဲရှိ အလယ်အလတ်အဆင့် ဝိညာဉ်ဓားမှာလည်း များစွာ နိမ့်ကျပေသည်။ ရိုးရှင်းသော သိုင်းကွက် နှစ်ကွက်မျှဖြင့် ကျူးဇီရှန်မှာ ပြင်းထန်သော ဒဏ်ရာ ရလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
သူ အသတ်ခံရရန် သိုင်းကွက် အနည်းငယ်သာ လိုတော့မည်ဟု ခန့်မှန်းရ၏။ သူတို့ နှစ်ဦး အကြား တိုက်ခိုက်ရေး စွမ်းအား ကွာဟချက်မှာ အဆင့်တူ သိုင်းပညာရှင် နှစ်ဦး အကြား မျှော်လင့်ထားသည့် အရာမျိုး လုံးဝ မဟုတ်ချေ။
ကျူးဇီရှန်မှာ နက်ရှိုင်းသော အန္တရာယ် အတွင်း ကျရောက်နေသကဲ့သို့ အခြားသူများလည်း အလားတူပင် ဖြစ်သည်။
ကျူးဇီရှန် အပြင် ဤနေရာတွင် နတ်တိမ်ဓားဂိုဏ်းမှ ဒွာရသန့်စင်ခြင်း အဆင့် ခယ်လျန်တယ်လည်း ရှိနေ၏။ ဝူယုံးကျောက်က ကျူးဇီရှန်သည် သူ၏ ဂိုဏ်းတူ ညီအစ်ကိုများကို စွန့်ပစ်သွားသည်ဟု ပြောသောအခါ ခယ်လျန်တယ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။
ခယ်လျန်တယ်မှာလည်း ယခုအချိန်တွင် လုပ်ကြံခံရမည့် ပစ်မှတ် ဖြစ်နေသည်။
ကျန်ရှိနေသူများမှာ ယွမ်ချန်ဓားဂိုဏ်းမှ ဖုန်းရှိုးဖူနှင့် ဝေယန်ထောင်းတို့ ဖြစ်သည်။
ကျူးဇီရှန်၊ ခယ်လျန်တယ် တို့နှင့် နှိုင်းယှဉ်ပါက ဖုန်းရှိုးဖူနှင့် ဝေယန်ထောင်းတို့မှာ အဆင့်တူ ပြိုင်ဘက်များကိုသာ ရင်ဆိုင်နေရသဖြင့် ခက်ခက်ခဲခဲ တောင့်ခံထားနိုင်ကြ၏။
သို့သော် ကျူးဇီရှန် အသတ်ခံရပြီး ခယ်လျန်တယ်လည်း သေဆုံးသွားပါက...
ဖုန်းရှိုးဖူနှင့် ဝေယန်ထောင်းတို့လည်း သေချာပေါက် သေဆုံးရမည် ဖြစ်သည်။ ရှန်းယန်ဂိုဏ်းက သူတို့ လေးဦးကို ဝိုင်းရံ လုပ်ကြံထားပြီ ဖြစ်ရာ သတင်းများ ပျံ့နှံ့သွားစေရန် သူတို့ကို လွတ်မြောက်ခွင့် ပေးမည် မဟုတ်ချေ။
အခန်း (၃၀၅) ပြင်းထန်သော တိုက်ခိုက်မှု
"ဖူး..."
ခယ်လျန်တယ်က သွေးတစ်လုပ် အန်ချလိုက်၏။ သူနှင့် အဆင့်တူ ဒွာရသန့်စင်ခြင်း အဆင့် နှစ်ယောက်၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံနေရပြီး သူတို့ တစ်ယောက်စီမှာ သူထက် မနိမ့်ကျသည့်အပြင် တစ်ယောက်မှာ သူထက်ပင် များစွာ စွမ်းအားကြီးမားနေသည်။ သူ ဘယ်လိုလုပ် နိုင်မှာလဲ။
ယခုအချိန်တွင် ခယ်လျန်တယ်က အချိန်ဆွဲရန်နှင့် အတတ်နိုင်ဆုံး ဆူညံသံများ ထွက်ပေါ်လာစေရန် ကြိုးပမ်းကာ အပြည့်အဝ ကာကွယ်ရေး အနေအထားသို့ ရောက်ရှိနေ၏။ အခြား သိုင်းပညာရှင်များက ဆူညံသံများကို ကြားပြီး လာကြည့်ကြလိမ့်မည်ဟု ခယ်လျန်တယ် မျှော်လင့်နေသည်။
အကယ်၍ လျောင်ဟန်ချင် ပေါ်လာသည်အထိ သူတို့ တောင့်ခံထားနိုင်ပါက ဤအကျပ်အတည်းကို ဖြေရှင်းပြီးသားဟု မှတ်ယူနိုင်ပေသည်။
ကံမကောင်းစွာဖြင့် ခယ်လျန်တယ်မှာ ဤနေရာကို ဖုံးကွယ်ထားသော အစီအရင် တစ်ခုဖြင့် ဖုံးအုပ်ထားကြောင်း မသိခဲ့ချေ။ အထူး အခြေအနေများ မရှိပါက ဤနေရာမှ လှုပ်ရှားမှုများနှင့် လှိုင်းဂယက်များမှာ အပြင်သို့ လုံးဝ ပျံ့နှံ့နိုင်မည် မဟုတ်ချေ။
သေချာစွာ ပြင်ဆင်မထားဘဲ ဝူယုံးကျောက်က လူလေးယောက်ကို ချုံခိုလုပ်ကြံရန် ဆုံးဖြတ်ထားသည်။
လျှို့ဝှက်နယ်မြေ အတွင်း လူနည်းစု ဖြစ်နေသော ရှန်းယန်ဂိုဏ်း အနေဖြင့် မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်မီ ပြည့်စုံသော ပြင်ဆင်မှု လိုအပ်ပေသည်။
အကယ်၍ ကျူးဇီရှန်နှင့် နတ်တိမ်ဓားဂိုဏ်းမှ အခြား အဖွဲ့ဝင် နှစ်ဦး အသတ်ခံရပါက နတ်တိမ်ဓားဂိုဏ်းတွင် သူတို့ထက် လူနည်းသွားမည် ဖြစ်ပြီး သူတို့၏ အားသာချက်နှင့် ဦးဆောင်နိုင်မှုကို သေချာပေါက် တိုးလာစေမည် ဖြစ်သည်။
ယွမ်ချန်ဓားဂိုဏ်းမှ အဖွဲ့ဝင် နှစ်ဦးနှင့် ပတ်သက်၍မူ သူတို့က နတ်တိမ်ဓားဂိုဏ်းနှင့် ပူးပေါင်းမိသဖြင့် ကံမကောင်းခဲ့ခြင်း သက်သက်သာ ဖြစ်၏။ သူတို့ကို လွှတ်ပေးလိုက်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။ မဟုတ်ပါက သတင်း ပေါက်ကြားသွားလျှင် နတ်တိမ်ဓားဂိုဏ်းကို ချုံခိုလုပ်ကြံရန် အခွင့်အရေးများကို သူတို့ မည်သို့ ဆက်လက် ရှာဖွေနိုင်တော့မည်နည်း။
ကျူးဇီရှန်၏ မျက်နှာက ပို၍ ဖြူရော်လာပြီး သွေးများက သူ၏ ရင်ဘတ် တစ်ခုလုံးကို ရဲရဲနီသွားစေကာ သူ၏ မျက်လုံးများမှ မျှော်လင့်ချက် ကင်းမဲ့မှုများက လျှံကျလာတော့မည့်အလား ဖြစ်နေ၏။
အချိန်အတော်ကြာ ကုန်လွန်သွားသည့်တိုင် ပတ်ဝန်းကျင်က ထူးထူးခြားခြား တိတ်ဆိတ်နေဆဲ ဖြစ်ပြီး မည်သူကမျှ ဤနေရာတွင် ဖြစ်ပျက်နေသည်ကို သတိပြုမိပုံ မရချေ။ ဤသည်မှာ ပုံမှန် မဟုတ်သော်လည်း ကျူးဇီရှန် အနေဖြင့် ပြောင်းလဲရန် စွမ်းဆောင်နိုင်စွမ်း မရှိချေ။
"အား..."
ကျူးဇီရှန်က ဒေါသတကြီး ဟစ်အော်လိုက်ရာ သူ၏ လက်ထဲရှိ ဓား၏ ဝိညာဉ်စွမ်းအင်က ရုတ်တရက် မြင့်တက်လာပြီး စွမ်းအားက အံ့မခန်း တိုးလာ၏။ နောက်ဆုံး အချိန်အထိ သူက အရှုံးမပေးချင်ချေ။ သူ ဆက်လက် တောင့်ခံနေသရွေ့ မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခု ရှိနေဆဲ ဖြစ်သည်။
မလှမ်းမကမ်းတွင် ဖုန်းရှိုးဖူ၏ အမူအရာက တည်ကြည်လေးနက်နေ၏။ သူ၏ ဓားသိုင်းက ကိုးဆယ် ရာခိုင်နှုန်း ကာကွယ်ရေး ဖြစ်ပြီး တစ်ခါတစ်ရံမှသာ တန်ပြန် တိုက်ခိုက်လေ့ ရှိသည်။ ထိုသို့ လုပ်ဆောင်သည့်တိုင် ဖုန်းရှိုးဖူမှာ ဒဏ်ရာရနေဆဲ ဖြစ်သည်။
ဤအခြေအနေအရ ဖုန်းရှိုးဖူက သိုင်းကွက် ဒါဇင်အနည်းငယ် အကြာတွင် ရှုံးနိမ့်သွားဖွယ် ရှိပြီး သူ ရှုံးနိမ့်သွားသည်နှင့် တစ်ပြိုင်နက် သူ သေဆုံးရန် ဝေးတော့မည် မဟုတ်ချေ။
ထို့ကြောင့် ယခုအချိန်တွင် ဖုန်းရှိုးဖူ၏ တစ်ခုတည်းသော အတွေးမှာ ဤနေရာမှ လွတ်မြောက်ရန် အခွင့်အရေး ရှာဖွေရေးပင် ဖြစ်သည်။
နတ်တိမ်ဓားဂိုဏ်းမှ ကျူးဇီရှန်နှင့် ခယ်လျန်တယ်တို့တွင် အခွင့်အရေး မရှိတော့ချေ။ အကယ်၍ သူတို့ထဲမှ တစ်ယောက်ယောက် သေဆုံးသွားပါက လုံးလုံးလျားလျား ပျက်စီးခြင်း၏ အစပင် ဖြစ်လိမ့်မည်။ နှစ်ဖက် အကြား ခွန်အား ကွာဟချက်မှာ ကြီးမားလှပေသည်။
ဝေယန်ထောင်းက ခါးသီးမှုကို ခံစားနေရ၏။ လျှို့ဝှက်နယ်မြေသို့ ရောက်ရှိသော ပထမဆုံး နေ့တွင် မည်သည့် အကျိုးအမြတ်မျှ မရရှိမီ ဤနေရာတွင် သူ သေဆုံးရမည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ချေ။
အခြေအနေက ဤသို့ ဖြစ်လာမည်ကို သူတို့ သိခဲ့လျှင် နေ့ခင်းဘက်တွင် ကျူးဇီရှန်၏ ဖိတ်ကြားမှု အားလုံးကို သူတို့ ငြင်းပယ်ခဲ့သင့်ပေသည်။ သို့သော် ယခုမူ ဘာပြောပြော နောက်ကျသွားပြီ ဖြစ်သည်။
ဤဝိုင်းရံ တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်မိခြင်းမှာ လုံးဝ ကပ်ဘေးတစ်ခုပင် ဖြစ်သည်။
မျှော်လင့်ချက် ကင်းမဲ့ခြင်း ခံစားချက်က လေထုထဲတွင် ပျံ့နှံ့နေပြီး မည်သည့် မျှော်လင့်ချက်ကိုမျှ မမြင်တွေ့နိုင်ချေ။
ညအမှောင်ထဲတွင် အဝေးမှ မည်သည့် အသံမျှ မကြားရဘဲ ဤနေရာမှ အခြေအနေများကို မည်သူ့ထံသို့မျှ ဆက်သွယ်နိုင်ခြင်း မရှိသေးကြောင်း ရှင်းလင်းစွာ ညွှန်ပြနေ၏။
ပတ်ဝန်းကျင်ရှိ အမှောင်ထုက ဧရာမ မိစ္ဆာကြီး တစ်ကောင်ကဲ့သို့ မျှော်လင့်ချက် အားလုံးကို ဝါးမျိုနေသည်။ တစ်မိုင် အကွာတွင် ချန်ဖေးက တောင်ကြားတစ်ခုမှ ထွက်ပေါ်လာပြီး အရှေ့မှ ပြန့်ကျဲနေသော အလင်းရောင် လက်သွားသည်ကို ကြည့်နေသော်လည်း မည်သည့် အသံမျှ မကြားရသလို မည်သည့် ချီစွမ်းအင် အရိပ်အယောင်မျှလည်း ယိုစိမ့်လာခြင်း မရှိချေ။
ချန်ဖေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ ရှင်းရှင်းလင်းလင်းပင် အစီအရင် တစ်ခုက ဖုံးလွှမ်းထားခြင်း ဖြစ်ရမည်။ မဟုတ်ပါက ဤသည်မှာ လုံးဝ မဖြစ်နိုင်ချေ။
ချန်ဖေး၏ ရင်ခွင်ထဲရှိ အမွှာ ကျောက်တုံးများက အဆက်မပြတ် တုန်ခါနေပြီး သူတို့ အထဲတွင် ဖုန်းရှိုးဖူ အမှန်တကယ် ပါဝင်နေကြောင်း ရှင်းလင်းစွာ ညွှန်ပြနေ၏။ ပြီးတော့ ဝိုင်းရံ လုပ်ကြံရန်အတွက် ဤကဲ့သို့သော အစီအရင်မျိုးကို အထူးတလည် တပ်ဆင်ထားခြင်း နှင့်ပတ်သက်လာလျှင် ချန်ဖေး၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည်မှာ ရှန်းယန်ဂိုဏ်းပင် ဖြစ်သည်။
ထိုအထဲတွင် နတ်တိမ်ဓားဂိုဏ်းမှ အဖွဲ့ဝင်များ ရှိနေရမည် ဖြစ်ပြီး ဖုန်းရှိုးဖူက မတော်တဆ ပါဝင်ပတ်သက်မိခြင်း ဖြစ်ပုံရသည်။
ချန်ဖေးက သတိကြီးစွာဖြင့် ချဉ်းကပ်သွားရာ မှေးမှိန်သော အသံတစ်ခုက နောက်ဆုံးတွင် ချန်ဖေး၏ နားထဲသို့ ရောက်ရှိလာ၏။ ချန်ဖေး အနည်းငယ် အံ့အားသင့်သွားသည်။ အစီအရင်က အသံနှင့် သတင်းအချက်အလက်များကို အပြည့်အဝ မတားဆီးထားနိုင်ချေ။
ချန်ဖေး ချဉ်းကပ်လာသည်နှင့်အမျှ အသံက ပို၍ ကျယ်လောင်လာပြီး တစ်ချိန်တည်းမှာပင် အစီအရင်၏ သတင်းအချက်အလက်များကလည်း ပို၍ ရှင်းလင်းလာသည်။
ချန်ဖေးက မီတာ တစ်ရာခန့် လျှောက်သွားပြီးနောက် ရပ်တန့်လိုက်၏။
အဘယ်ကြောင့်ဆိုသော် ဤ အစီအရင်၏ အစွန်းက ချန်ဖေး၏ ခြေထောက်အောက်တွင် ရှိနေသောကြောင့် ဖြစ်သည်။ ချန်ဖေးက အစီအရင်ကို စမ်းသပ် စူးစမ်းလိုက်ရာ သူ၏ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
ဤအစီအရင်က အသံနှင့် စွမ်းအင် လှိုင်းဂယက်များကို စုပ်ယူနိုင်ရုံသာမက ကြိုတင် သတိပေး စနစ်တစ်ခု အဖြစ်လည်း လုပ်ဆောင်သည်။ တစ်နည်းအားဖြင့် သတ္တဝါ တစ်ကောင်က ဝင်ရောက်လာပါက အစီအရင် ပိုင်ရှင်ထံသို့ ချက်ချင်း သတိပေးမည် ဖြစ်သည်။
"နောက်မှ အတူတူ ဝင်သွားကြတာပေါ့... မင်းက လူတွေကို အာရုံလွှဲပေးထား..."
ချန်ဖေးက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ ညာဘက်လက်ဖြင့် အရှေ့သို့ ညွှန်ပြလိုက်၏။ သူ၏ ပခုံးပေါ်ရှိ ကြွက်မိစ္ဆာ၏ ချီစွမ်းအင်က ရုတ်တရက် မြင့်တက်လာပြီး ချန်ဖေး၏ ချီစွမ်းအင်ကို ဖိနှိပ်ပစ်လိုက်သည်။
"ကျီ..."
ကြွက်မိစ္ဆာက ရည်ရွယ်ချက်ရှိရှိ အသံနိမ့်နိမ့်ဖြင့် ဟစ်အော်လိုက်ပြီး ချန်ဖေးက လှုပ်ရှားကာ အစီအရင်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွား၏။ ကြွက်မိစ္ဆာက ချန်ဖေး၏ ပခုံးပေါ်မှ ပျောက်ကွယ်သွားပြီး အနက်ရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ညအမှောင်ထဲသို့ လုံးဝ ပေါင်းစပ်သွားသည်။
ချန်ဖေးက အစီအရင် တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး တစ်စုံတစ်ယောက်က မကြာမီ လာရောက် စစ်ဆေးလိမ့်မည်ဟု ခန့်မှန်းလိုက်သဖြင့် ချန်ဖေးတွင် အချိန် သိပ်များများစားစား မရှိတော့ချေ။
အမွှာ ကျောက်တုံးများ၏ အာရုံခံစားမှုကို လိုက်၍ ချန်ဖေးက ဖုန်းရှိုးဖူ ရှိရာသို့ လျင်မြန်စွာ ဦးတည်သွား၏။
ဝိညာဉ်ကြိုးမျှင် ကျင့်စဉ်၊ နဂါးနှိမ်နင်းခြင်း ရုပ်ပြကျင့်စဉ်များ... ချန်ဖေးက သူ၏ ကိုယ်ပိုင် အမှတ်အသားကို ဖုံးကွယ်ရန် သူ စဉ်းစားနိုင်သမျှ အရာအားလုံးကို အသုံးပြုလိုက်သည်။
ဤကဲ့သို့ ပြင်းထန်သော ဖုံးကွယ်မှုအောက်တွင် ချန်ဖေးက အတွင်းရှိ လူများ မသိစေဘဲ ဗဟိုချက်နှင့် မီတာ နှစ်ရာ အတွင်းသို့ တိတ်ဆိတ်စွာ ချဉ်းကပ်သွားနိုင်ခဲ့၏။
သို့သော် ဤသည်မှာ ချန်ဖေး၏ အကန့်အသတ် ဖြစ်သည်။ ထိုထက် ပို၍ နီးကပ်သွားပါက သူ သေချာပေါက် ရှာဖွေတွေ့ရှိခံရမည် ဖြစ်သည်။
သို့သော်လည်း ဤနေရာသို့ ရောက်သည်နှင့် ချန်ဖေးက အတွင်းတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို နောက်ဆုံးတွင် ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
နတ်တိမ်ဓားဂိုဏ်းမှ အဖွဲ့ဝင် နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရနေပြီး သေလုမျောပါး ဖြစ်နေပြီ ဖြစ်ကာ သူတို့က နောက်ထပ် သိုင်းကွက် အနည်းငယ် အတွင်းတွင် သေချာပေါက် အသတ်ခံရပေလိမ့်မည်။ ဖုန်းရှိုးဖူက အဆက်မပြတ် ကာကွယ်နေသော်လည်း အချိန်ကြာရှည်စွာ ကာကွယ်နေရခြင်းက မလွဲမသွေ ရှုံးနိမ့်မှုကို ဖြစ်ပေါ်စေပြီး သူလည်း ပြင်းထန်စွာ ဒဏ်ရာရနေပြီ ဖြစ်သည်။
ဘေးတွင် ရပ်နေသော ဝေယန်ထောင်းမှာ ဖုန်းရှိုးဖူထက် အခြေအနေ အနည်းငယ် ကောင်းမွန်သော်လည်း အနည်းငယ်မျှသာ ဖြစ်၏။ ပို၍ အရေးကြီးသည်မှာ နတ်တိမ်ဓားဂိုဏ်းမှ နှစ်ဦး သေဆုံးသွားသည်နှင့် ဝေယန်ထောင်းနှင့် ဖုန်းရှိုးဖူတို့ ချက်ချင်းပင် သူတို့၏ ခြေရာကို နင်းရမည် ဖြစ်သည်။
ချန်ဖေး၏ အကြည့်က ဖုန်းရှိုးဖူနှင့် ဝူယုံးကျောက်တို့ကို ဖြတ်ကျော်သွားပြီး ဝူယုံးကျောက်၏ အင်္ကျီစွန်းကို သူ၏ မျက်စိထောင့်မှ တစ်ချက် ကြည့်လိုက်၏။
ဝူယုံးကျောက်က တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိမည်ကို စိုးရိမ်သဖြင့် သူက ဝူယုံးကျောက်၏ အဝတ်အစားများကိုသာ အာရုံစိုက်ကာ တိုက်ရိုက် ကြည့်ရန် မရဲချေ။ဝူယုံးကျောက်မှာ ဤနေရာတွင် ရှိနေသူ အားလုံးအနက် ကျင့်ကြံမှု အမြင့်မားဆုံး သိုင်းပညာရှင် ဖြစ်ပြီး နတ်တိမ်ဓားဂိုဏ်းမှ လျောင်ဟန်ချင်နှင့် တန်းတူ ဖြစ်ကာ ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည့် ထိပ်တန်း ပညာရှင် တစ်ဦး ဖြစ်သည်။
ထိုကဲ့သို့သော လူတစ်ယောက်က အထက်တန်းအဆင့် ဝိညာဉ်လက်နက် ကိုင်ဆောင်ထားပါက အဆင့်တူ သိုင်းပညာရှင်များ အနေဖြင့် ယေဘုယျအားဖြင့် တွန်းလှန်ရန် ခက်ခဲပေသည်။ ကျင့်ကြံမှုက ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ချဉ်းကပ်နေပြီး အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ကိုင်ဆောင်ထားသော ကျူးဇီရှန် ကဲ့သို့သော လူတစ်ယောက်ပင်လျှင် အကောင်းဆုံး ဥပမာ တစ်ခု ဖြစ်၏။ သူက ဝူယုံးကျောက်၏ ပြိုင်ဘက် ဖြစ်ရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။
ချန်ဖေးက ကြွက်မိစ္ဆာ၏ အသိစိတ် ပင်လယ် အတွင်းရှိ အမှတ်အသားကို အာရုံခံလိုက်ပြီး အနည်းငယ် ထိတွေ့လိုက်၏။ ချက်ချင်းပင် ကြွက်မိစ္ဆာ၏ စူးရှသော အသံက အဝေးမှ ထွက်ပေါ်လာသည်။
ဤရုတ်တရက် ထွက်ပေါ်လာသော အသံက တင်းမာနေပြီ ဖြစ်သော လူတိုင်း၏ အာရုံကြောများကို ချက်ချင်း တုန်လှုပ်သွားစေပြီး သူတို့ကို အနည်းငယ် ရပ်တန့်သွားစေ၏။ ထိုအရာက ချန်ဖေး လိုအပ်နေသော အခွင့်အရေး အတိအကျပင် ဖြစ်သည်။
ချန်ဖေး၏ ပုံရိပ်က အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ဖုန်းရှိုးဖူ ရှိရာသို့ ပြေးထွက်သွား၏။ တစ်ချိန်တည်းမှာပင် အရိပ် ကိုယ်ပွားက ပေါ်လာပြီး လခြမ်းပုံစံ ဝိုက်ကာ အခြား အရပ်မျက်နှာ တစ်ခုမှ ချဉ်းကပ်လာသည်။
ရုတ်တရက် ထွက်ပေါ်လာသော ချီစွမ်းအင် နှစ်ခုက ရှန်းယန်ဂိုဏ်း အဖွဲ့ဝင်များကို လန့်သွားစေ၏။
ချန်ဖေး၏ ပုံပန်းသဏ္ဌာန်ကို မြင်ပြီး ပတ်ဝန်းကျင်ကို ရှာဖွေပြီးနောက် အခြား မည်သည့် သိုင်းပညာရှင်ကိုမျှ မတွေ့ရသောအခါ သူတို့၏ အံ့အားသင့်မှုက အနည်းငယ် လျော့ကျသွားသည်။
နောက်ထပ် ဒွာရသန့်စင်ခြင်း အဆင့် အဖွဲ့ဝင် တစ်ဦး ထပ်တိုးလာခြင်း၊ အထူးသဖြင့် ဒွာရသန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်လာသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော သူတစ်ယောက် ထပ်တိုးလာခြင်းက အလုံးစုံ အခြေအနေကို လုံးဝ ထိခိုက်စေမည် မဟုတ်ချေ။ နောက်မှ သေမည့်သူ နောက်တစ်ယောက် ထပ်တိုးလာခြင်းသာ ဖြစ်သည်။
ချန်ဖေးက မီတာ နှစ်ရာကို ခြေလှမ်း အနည်းငယ်ဖြင့် ဖြတ်ကျော်ကာ ဖုန်းရှိုးဖူ၏ အရှေ့သို့ ရောက်ရှိလာ၏။ ချန်ဖေးက သူ၏ ချန်ယွမ် ဓားကို ဝှေ့ယမ်းကာ သူ၏ အရှေ့ရှိ ရှန်းယန်ဂိုဏ်း အဖွဲ့ဝင်၏ လက်နက်ကို တားဆီးလိုက်သည်။
ချန်ဖေးက သူ၏ အစွမ်းကုန် ခွန်အားကို အသုံးမပြုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အလွန် သိသာလွန်းနေမည် ဖြစ်ပြီး ဝူယုံးကျောက်က သူ့ဆီသို့ တိုက်ရိုက် ခုန်အုပ်လာမည်ကို သူ စိုးရိမ်သောကြောင့် ဖြစ်သည်။
ဖုန်းရှိုးဖူက ချန်ဖေး၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားပြီး သူ၏ အစွမ်းကုန် ခွန်အားဖြင့် သူ၏ အရှေ့ရှိ နင်းယုံးဖေးကို ဓားဖြင့် ထိုးစိုက်လိုက်၏။
နင်းယုံးဖေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက ပြတ်သားသော အားသာချက်ကို ရရှိထားပြီ ဖြစ်သော်လည်း ချန်ဖေး၏ ရုတ်တရက် ပေါ်လာမှုက သူ၏ တိုက်ခိုက်မှု အရှိန်အဟုန်ကို လုံးဝ အနှောင့်အယှက် ဖြစ်စေခဲ့သည်။
ချန်ဖေးက ယခုလေးတင် တက်လှမ်းထားသည် ဖြစ်စေ၊ မဖြစ်စေ သူက ဒွာရသန့်စင်ခြင်း အဆင့် တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။
ပြိုင်ဘက် နှစ်ဦးကို အနိုင်ယူရန်မှာ အလွန် ခက်ခဲသော တာဝန် တစ်ရပ် ဖြစ်၏။
နင်းယုံးဖေးက အရမ်းကာရော ရှေ့မတိုးဘဲ နောက်သို့ ဆုတ်ခွာရန် ရွေးချယ်လိုက်သည်။ အလုံးစုံ အခြေအနေကို ဆုံးဖြတ်ပြီးပြီ ဖြစ်ရာ နင်းယုံးဖေး အနေဖြင့် သဘာဝကျကျ ပိုမို သတိထားသော ချဉ်းကပ်မှုကို ပိုမို နှစ်သက်ပေသည်။
"ဟား..."
ရုတ်တရက် မလှမ်းမကမ်းမှ ဝေယန်ထောင်းက ဟစ်အော်လိုက်ရာ သူ၏ ချီစွမ်းအင်က အံ့မခန်း မြင့်တက်လာပြီး သူ၏ လက်ထဲရှိ ဝိညာဉ်ဓားက ပြင်းထန်စွာ တုန်ခါသွား၏။ သိုင်းကွက် တစ်ကွက်တည်းဖြင့် ဝေယန်ထောင်းက သူ၏ ပြိုင်ဘက်ကို နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားစေပြီးနောက် အခွင့်အရေးကို ယူကာ ဖုန်းရှိုးဖူနှင့် ပိုမို နီးကပ်စွာ ရွေ့လျားသွားသည်။
ချန်ဖေး ပေါ်လာခြင်းက ဝေယန်ထောင်းကို မျှော်လင့်ချက် ပေးခဲ့သည်မှာ ရှင်းလင်းနေပြီး သူက အသက်ရှူချောင်ရန် ဤအခွင့်အရေး အတွက် သူ၏ ဒွာရနှင့် ဝိညာဉ်ဓားတို့ကို အနည်းငယ် ထိခိုက်ခံရန် ဆန္ဒရှိနေသည်။
ချန်ဖေးက ဖုန်းရှိုးဖူ၏ ပခုံးကို ဆွဲကိုင်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း သူတို့ နှစ်ဦး ဝေယန်ထောင်း၏ အရှေ့သို့ ရောက်ရှိလာ၏။ ချန်ဖေးက အခြား လက်တစ်ဖက်ဖြင့် ဝေယန်ထောင်းကို ဆွဲကိုင်လိုက်ပြီးနောက် သူတို့က အပြင်ဘက် ပတ်လည်ဆီသို့ ရူးသွပ်စွာ ပြေးထွက်သွားကြသည်။
ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာကို ချန်ဖေး၏ အမြင့်ဆုံး အမြန်နှုန်းဖြင့် အသက်သွင်းလိုက်ရာ ပုံရိပ် သုံးခုက ချက်ချင်း ဝေဝါးသွားပြီး နေရာမှ ပျောက်ကွယ်သွား၏။
ဖုန်းရှိုးဖူမှာ ပြင်းထန်စွာ ဒဏ်ရာရနေပြီး ဝေယန်ထောင်းလည်း အသည်းအသန် တိုက်ခိုက်ပြီးနောက် ယခုအခါ အလားတူ အခြေအနေမျိုးတွင် ရှိနေသည်။
နတ်တိမ်ဓားဂိုဏ်းမှ ကျူးဇီရှန်နှင့် ခယ်လျန်တယ်တို့မှာ သေလုမျောပါး ဖြစ်နေကြပြီ ဖြစ်သည်။ ရှန်းယန်ဂိုဏ်းဘက်တွင် အဖွဲ့ဝင် ငါးဦးလုံးမှာ ဒဏ်ရာ တစ်ချက်မျှ မရကြသေးဘဲ အပြင်ဘက်တွင် အစီအရင် ပညာရှင် တစ်ဦးပင် ရှိနေသေးသည်။ ဤအခြေအနေများအောက်တွင် ချန်ဖေး ဘယ်လိုလုပ် မပြေးဘဲ နေနိုင်မည်နည်း။
"လိုက်စမ်း..."
ဝူယုံးကျောက်က မျက်မှောင်ကြုတ်လိုက်၏။ ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှက မျက်စိတစ်မှိတ်အတွင်း ပြီးစီးသွားကာ အလွန် လျင်မြန်လှသည်။ လူသုံးယောက်မှာ အမြင်အာရုံမှ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး သူတို့ကို တားဆီးရန် အချိန်ပင် မရလိုက်ချေ။
ပို၍ အရေးကြီးသည်မှာ ချန်ဖေးက ကိုယ်ဖော့ပညာတွင် ဤမျှ မြင့်မားသော အမြန်နှုန်းကို ပြသလိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ကြချေ။
သို့သော်လည်း ချန်ဖေးက ယခုအချိန်တွင် လူနှစ်ယောက်နှင့်အတူ ရှိနေသဖြင့် ကိုယ်ဖော့ပညာမှာ အနည်းငယ် ထိခိုက်မှု ရှိနေသေး၏။ ဖုန်းရှိုးဖူနှင့် ဝေယန်ထောင်းက အထူးတလည် လေးလံနေသောကြောင့် မဟုတ်ဘဲ ဒွာရသန့်စင်ခြင်း အဆင့်၏ ကိုယ်ဖော့ပညာမှာ မူလချီ၏ စီးဆင်းမှု ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏ မူလချီကို ငှားရမ်း အသုံးပြုရသောကြောင့် ဖြစ်သည်။
ဤသည်မှာ ခန္ဓာကိုယ် ကြံ့ခိုင်ခြင်း အဆင့်တွင် အသုံးပြုသော ကိုယ်ဖော့ပညာနှင့် လုံးဝ ကွာခြားပေသည်။
ထို့ကြောင့် လူနှစ်ယောက် ထပ်တိုးလာသည်နှင့် မူလချီနှင့် ကိုယ်ဖော့ပညာ၏ ပေါင်းစပ် ညှိနှိုင်းမှုက အနှောင့်အယှက် ဖြစ်သွားပြီး ချန်ဖေး၏ အမြန်နှုန်းက ယခင်ကလောက် မမြန်တော့ချေ။ သို့သော် ကံကောင်းထောက်မစွာဖြင့် သာမန် ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်ထက် များစွာ သာလွန်နေသေးသည်။
"ကောင်းပြီ..."
တုံရှိုးကျစ်က ခယ်လျန်တယ်ကို ဘေးသို့ ပစ်ချလိုက်ပြီး သူ၏ ခါးမှ အလင်းတန်း တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ တုံရှိုးကျစ်၏ ခန္ဓာကိုယ်က ပေါ့ပါးသွားပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက အနည်းငယ် လွင့်မျောလာသည်။ တုံရှိုးကျစ်က သူ၏ ညာဘက်ခြေထောက်ကို နောက်သို့ ပုတ်လိုက်ရာ သူ ပျောက်ကွယ်သွား၏။
ထိုနေရာတွင် ရှိနေသူ အားလုံး အနက် ဝူယုံးကျောက်မှလွဲ၍ ကျင့်ကြံမှု အမြင့်မားဆုံး ပုဂ္ဂိုလ် အနေဖြင့် တုံရှိုးကျစ်သည် ရှန်းယန်ဂိုဏ်းမှ ဒွာရသန့်စင်ခြင်း အဆင့်များစွာ ဆုံးရှုံးပြီးနောက် သူတို့၏ ကိုယ်ဖော့ပညာ အားနည်းချက်ကို ဖြည့်ဆည်းရန် ဤအထူး ဝိညာဉ်လက်နက်ကို ရှန်းယန်ဂိုဏ်းက တုံးရှိုးကျစ်အား အထူး တပ်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။
ဝူယုံးကျောက်က နင်းယုံးဖေးကို တစ်ချက် ကြည့်လိုက်ရာ နင်းယုံးဖေးက နားလည်သဘောပေါက်ပြီး တုံရှိုးကျစ်၏ နောက်မှ လိုက်သွား၏။ သူက တုံရှိုးကျစ်လောက် မမြန်သော်လည်း တုံရှိုးကျစ်က ချန်ဖေးကို အလုပ်ရှုပ်နေအောင် လုပ်ထားသရွေ့ သူက လျင်မြန်စွာ လိုက်မီနိုင်ပေသည်။
တုံရှိုးကျစ်က ချန်ဖေးကို စိုက်ကြည့်နေပြီး သူ၏ နှုတ်ခမ်းများတွင် မကောင်းဆိုးဝါး အပြုံးတစ်ခု ပေါ်နေ၏။ သူတို့ သုံးဦးက ယခင်က ချန်ဖေးကို ချုံခိုလုပ်ကြံရန် ပျက်ကွက်ခဲ့ပြီး သူ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ ယခု ရုတ်တရက် ဤကဲ့သို့သော အခွင့်အရေးမျိုး ထပ်မံ ပေါ်လာခဲ့ပြီ ဖြစ်သည်။
ပြီးခဲ့သည့် အကြိမ်က ချန်ဖေးက ကိုယ်ဖော့ပညာကို အသုံးပြု၍ ထွက်ပြေး လွတ်မြောက်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ တုံရှိုးကျစ်က ချန်ဖေးကို ထိုကဲ့သို့သော အခွင့်အရေးမျိုး သေချာပေါက် ပေးမည် မဟုတ်တော့ချေ။
ပုံရိပ် အချို့က တစ်ခုပြီး တစ်ခု မိုင်နှစ်ဆယ်ကျော် အကွာအဝေးကို အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် ဖြတ်ကျော်သွားကြ၏။ ချန်ဖေးက တုံရှိုးကျစ်၏ တဖြည်းဖြည်း လိုက်မီခြင်းကို ခံလိုက်ရသည်။
ဝေယန်ထောင်းက သူ၏ နောက်ကွယ်ရှိ တုံရှိုးကျစ်၏ တည်ရှိမှုကို အာရုံခံမိလိုက်ရာ ယခုလေးတင် ထွက်ပေါ်လာသော မျှော်လင့်ချက်လေးမှာ တဖြည်းဖြည်း မှေးမှိန်သွား၏။
"ငါ့ကို အောက်ချပေးပါ... ငါ သူ့ကို တားထားမယ်... မဟုတ်ရင် ငါတို့ လွတ်မှာ မဟုတ်ဘူး..." ဝေယန်ထောင်းက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
"မလိုပါဘူး..."
ဝူယုံးကျောက် သူ့နောက်သို့ လိုက်လာကြောင်းကို သိသော ချန်ဖေးက ကျောက်တုံးကြီး တစ်တုံးဆီသို့ လှစ်ခနဲ သွားကာ ရပ်တန့်လိုက်ပြီး တုံရှိုးကျစ်ကို လှည့်ကြည့်လိုက်၏။
"ဆက်မပြေးတော့ဘူးလား..."
ချန်ဖေး ရပ်တန့်သွားသည်ကို မြင်သောအခါ တုံရှိုးကျစ်၏ မျက်နှာတွင် ကြောက်မက်ဖွယ် ကောင်းသော အမူအရာ တစ်ခု ပျံ့နှံ့သွားသည်။