အခြေအနေ တစ်ခု
Vol. 19 Ch. 253
ထျန်းလန်မုန် မျက်မှောင်ကြုတ်လိုက်မိသည်။ စုမင် စကားလုံးများသည် သူမကိုအနည်းငယ် လမ်းပြနေပုံပေါ်၏။ သို့သော် ထိုစကားလုံးများနှင့်ပတ်သက်ပြီး သူမဆင်ခြင်သုံးသပ်နေလျှင်ပင်၊ စုမင်၏ စကားလုံးများအပေါ် သူမ၏နားလည်သဘောပေါက်မှုသည် အတန်ငယ် မရှင်းမလင်းဖြစ်နေဆဲပင်။ သူပြောခဲ့သည့်အရာကို သူမသိပ်နားမလည်ပါချေ။
ထျန်းလန်မုန်သည် ခဏတာငြိမ်သက်နေပြီးမှ ညင်သာစွာပြန်မေးလိုက်မိသည်။ “မင်းရဲ့ အမြင်ကိုဖွင့်ပေးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”
စုမင် သူ့ရှေ့မှ အမျိုးသမီးကိုကြည့်လိုက်ပြီး ညာလက်ကိုရုတ်တရက်မြှောက်လိုက်သည်။ တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် သူ့လက်ချောင်းထိပ်မှ လေများသည် သူ့ဘေးရှိကျောက်တုံးကို ဖြတ်သန်းသွားသည်။ ရေခဲအပိုင်းအစများ လေထဲသို့လွင့်ပျံသွားပြီး ကျောက်တုံးအောက်ရှိ ရေခဲပြင်ပေါ်တွင် ပွင့်အာနေသော ပန်းတစ်ပွင့်ပေါ်လာခဲ့သည်။
ထိုပန်းပွင့်ကို မြင်လိုက်သည့်မည်သူမဆို ၎င်းပန်းပွင့်ထံမှထွက်ပေါ်နေသော အားမာန်အပြည့်အဝကို ခံစားမိပေလိမ့်မည်။ အမှန်တကယ်တွင် ထိုပန်းပွင့်သည် ရေခဲပြင်ပေါ်တွင် ရေးထွင်းထားသည်လား၊ သို့တည်းမဟုတ် ထိုနေရာတွင် အစတည်းက ကြီးထွားနေခဲ့သည်လား ဆိုသည်ကိုပင် သူတို့ခွဲခြားသိနိုင်ရန် ခဲယဉ်းပေသည်။
“အဲဒါကို ပုံတူကူးကြည့်” စုမင် လက်ကိုအောက်ပြန်ချရင်း အေးအေးဆေးဆေးပြောလိုက်သည်။
ထျန်းလန်မုန်၏ မျက်လုံးများက စူးရှတောက်ပသွားသည်။ သူမသည် ရေခဲပြင်ပေါ်မှ ပန်းပွင့်ကိုလှမ်းကြည့်လိုက်ပြီး ထိုအရာကို လက်ချောင်းလေးဖြင့် ညွှန်ပြလိုက်သည်။ ထို့နောက် လေထုကိုဖြတ်လျက် စုတ်ချက်အနည်းငယ် ဆွဲသားလိုက်ရာ ရေခဲပြင်ထက်တွင် အခြားရေခဲပန်းပွင့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပန်း၂ပွင့်သည် လုံးဝအပြည့်အစုံ တူညီနေပုံပေါ်ပြီး သူတို့၏ စိတ်ဝိညာဉ်ဖြစ်စေ၊ ပုံသဏ္ဌာန်ဖြစ်စေ ၎င်းတို့အကြား၌ မည်သို့သော ကွဲပြားခြားနားမှုမျိုးကိုမှ ရှာတွေ့နိုင်ရန် ခဲယဉ်းလှချေသည်။
“မင်းအခု နားလည်သွားပြီလား”
စုမင် ထျန်းလန်မုန်ကိုလှမ်းကြည့်လိုက်သည်။
ဆံပင်ရှည်နှင့် အမျိုးသမီးသည် မျက်မှောင်ကြုတ်လိုက်ပြီး ခဏအကြာတွင် ခေါင်းခါပြလာခဲ့သည်။
စုမင် သူ့ညာလက်ကို နောက်တစ်ကြိမ်ထပ်မြှောက်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် သူရိုးရှင်းသောအရာတစ်ခုကိုသာ ပြုလုပ်ခဲ့၏။ သူ့ဘေးမှ ကျောက်နံရံကြီးဆီသို့ ညွှန်ပြလိုက်ပြီး ထိုကျောက်နံရံပေါ်တွင် အပေါက်ငယ်လေးတစ်ပေါက်ကို ထိုးဖောက်လိုက်သည်။ အပေါက်၏ ဘေးအနားသတ်မှနေ၍ အက်ကြောင်းများစွာဖြစ်ပေါ်လာပြီး အပြင်သို့ပျံ့နှံ့သွားခဲ့သည်။
“အဲဒါကို ပုံတူကူးကြည့်”
စုမင်အသံသည် တည်ငြိမ်အေးဆေးနေဆဲပင်ဖြစ်သည်။
စုမင် လက်မြှောက်လိုက်သည်နှင့် ဖြစ်ပေါ်လာခဲ့သည့် ကျောက်နံရံပေါ်မှ အပေါက်ကို ထျန်းလန်မုန် လှမ်းကြည့်လိုက်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်သွားမိသည်။ နောက်ဆုံး သူမခေါင်းကိုမော့ကာ စုမင်ထံလှမ်းကြည့်လာချိန်တွင် သူမမျက်လုံးများထဲ၌ ရှုပ်ထွေးခက်ခဲသော အမူအရာတစ်ခု ရှိနေခဲ့၏။
“မင်းက အမြဲတမ်းပုံတူကူးနေတာ” စုမင် ခေါင်းကိုမော့ရင်းမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ စိတ်ဝိညာဉ်က တာအိုလို့ မင်းထင်တာကြောင့်ပဲ။ မင်းက ခက်ခဲနက်နဲတဲ့ တစ်စုံတစ်ရာကို ရှာဖွေနေတာ။ ဒါကြောင့်ပဲ မင်းက အရာဝတ္ထုတွေ အများကြီးကို ပုံတူကူးနိုင်နေတာ။ မင်းက အဲဒီအရာကို ရှာဖွေနေရင် အဆုံးမှာ မင်းရဲ့တာအိုကို မင်းရှာတွေ့လိမ့်မယ်လို့ ထင်နေတာကြောင့်ပဲ”
“မင်းပြောတဲ့ တာအိုကတော့ ဘာလဲဆိုတာငါမသိဘူး ... ဒါပေမဲ့ မင်းစောစောက ပြောခဲ့တဲ့အထဲကနေ ငါနားလည်လိုက်တာကတော့ တာအိုဆိုတာ အရမ်းကိုသိမ်မွေ့နက်နဲတဲ့ အယူအဆတစ်ခုဆိုတာပဲ။ အဲဒါက ကမ္ဘာလောကထဲမှာ တည်ရှိနေတယ်။ သစ်ပင်တွေ၊ ပန်းပွင့်တွေနဲ့ ကျောက်တုံးတွေထဲမှာတောင် တာအိုတွေရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်”
“ငါ ရှာဖွေနေတာက တာအိုမဟုတ်ဘူး။ ငါ့စိတ်ကို ငါ့လိုအင်ဆန္ဒအတိုင်းထားတယ်၊ ငါ့စိတ်ဝိညာဉ်ကို ငါ့နယ်ပယ်အတိုင်းထားပြီး ငါ့အမြင်အာရုံပွင့်သွားတဲ့အချိန်မှာ ငါ့နှလုံးသားရဲ့ ဆန္ဒအတိုင်း ငါဆွဲသားတယ် ... အဲဒါက ဘာကြောင့် ငါကတော့ ဆွဲသားနိုင်ပြီး မင်းကတော့ ပုံတူကူးရုံပဲတတ်နိုင်ရတာလဲဆိုတဲ့ အကြောင်းရင်းပဲ”
ထျန်းလန်မုန် ငြိမ်သက်နေခဲ့မိသည်။ အချိန်အတော်ကြာပြီးနောက်တွင် ပိုမိုခက်ခဲရှုပ်ထွေးနေသော အကြည့်တစ်ခုဖြင့် သူမ စုမင်ထံသို့ လှမ်းကြည့်လာခဲ့၏။
“ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအကုန်လုံးက အရက်မူးနေပြီး မင်းတစ်ယောက်တည်းကပဲ မူးမနေရင်၊ ကမ္ဘာပေါ်ကလူတွေအကုန် နိုးနေပြီး မင်းတစ်ယောက်တည်းကပဲ အိပ်မောကျနေတယ်လို့ ဆိုလိုချင်တာပေါ့ ...” ထျန်းလန်မုန် တီးတိုးရေရွတ်မိသည်။
အဘယ်ကြောင့် နဝမတောင်ထွတ်ရှိ လူများအားလုံးတွင် သာမန်လူများ နားမလည်နိုင်သော အပြုအမူများ ရှိနေရသည်ကို သူမရုတ်တရက်နားလည်သွားမိသည်။ “အတူတူပဲ။ ငါ့နှလုံးသားထဲမှာရှိတဲ့ အရာကို ဒီစုတ်ချက်တစ်ချက်တည်းနဲ့ ငါဆွဲလိုက်တယ်။ အဲဒါက ငါ့ရဲ့ကိုယ်ပိုင်စုတ်ချက်ပဲ။ ဒါပေမဲ့ မင်းကတော့ အဲဒါကို ပုံတူပဲကူးနိုင်တယ်။ တချို့အရာတွေကို မင်းပုံတူကူးနိုင်သလို မင်းပုံတူမကူးနိုင်တဲ့ အရာတွေလည်းရှိတယ်”
စုမင် မတ်တတ်ထရပ်လိုက်ပြီး သူ့လက်ထဲမှ သစ်သားစာလိပ်ကို ဖြန့်ချလိုက်သည်။
“ငါ ဒီကိုလာပြီး မင်းမေးခွန်းတွေဖြေပေးတယ်ဆိုတာ မင်းကို ငါမေးချင်တာတစ်ခုရှိလို့ပဲ။ ဒါပေမဲ့ အခုတော့၊ ကြည့်ရတာ ငါမေးစရာမလိုတော့တဲ့ပုံပဲ။ မင်း ... နားမလည်ဘူး”
စုမင် သက်ပြင်းဖွဖွချပြီး နောက်သို့လှည့်ထွက်လိုက်သည်။
“စုမင်”
သူ နောက်လှည့်လိုက်သည့်တစ်ချိန်တည်းမှာပင် သန်မာသောအရှိန်အဝါတစ်ခုသည် သူ့နောက်မှရုတ်ခြည်းမြင့်တက် ထွက်ပေါ်လာခဲ့သည်။ ထျန်းလန်မုန်သည် ဖြည်းဖြည်းချင်းထရပ်လိုက်ပြီး ကျားကုတ်ကျားခဲ ခိုင်မာသောအမူအရာဖြင့် စုမင်ထံလှမ်းကြည့်လိုက်သည်။
“ဝါးစာလိပ်ရဲ့ နောက်က ပန်းချီကို ငါမမြင်ရပေမဲ့ အဲဒါကို ခံစားလို့ရတယ်။ အဲဒီ ဝါးစာလိပ်ဘယ်ကလာလဲဆိုတာ မင်းသိချင်ရင် ငါမင်းကို ပြောပြလို့ရတယ်။ ဒါပေမဲ့ ငါပုံတူကူးလို့မရတဲ့အရာတွေက အတိအကျဘာကိုဆိုလိုတာလဲဆိုတာတော့ ငါသိချင်တယ်”
“မင်း တကယ်သိချင်တာလား”
စုမင် ခြေလှမ်းများရပ်တန့်သွားသည်။ ထို့နောက် သူနောက်သို့ ပြန်လှည့်မကြည့်ပဲ တည်တည်ငြိမ်ငြိမ်ပင် ပြန်မေးလိုက်သည်။
“မင်း ငါ့မေးခွန်းကိုဖြေဖို့ ကူညီပေးနိုင်မယ်ဆိုရင်၊ ရွှေသား ကျောက်ဒင်္ဂါး၊ မာန်နတ်ဘုရား အသွင်ပြောင်းလဲခြင်းနဲ့ အေးခဲကောင်းကင်ဓားရှည်တွေ အကုန် မင်းကိုပေးမယ်”
ထျန်းလန်မုန် သည် ထိုသို့ပြောပြီးသည်နှင့် ညာလက်ကိုမြှောက်ကာ စုမင်ထံသို့ ဝှေ့ယမ်းလိုက်သည်။ သေတ္တာသုံးလုံးသည် စုမင်ထံသို့ ချက်ချင်းတိုးဝင်သွားပြီး စုမင်ဘေးတွင် ဆင်းသက်သွားကြသည်။
ထျန်းလန်မုန်၏ အမူအရာသည် ပြန်လည် တည်ငြိမ်သွားပြီဖြစ်ကာ ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။ “မင်း ပြောရုံပဲပြောပြီး လုပ်မပေးနိုင်ရင်တောင် ငါမင်းကိုဒုက္ခမပေးဘူး။ မင်း ဝါးစာလိပ်ကိုယူပြီး ထွက်သွားလို့ရတယ်။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ မင်းငါ့ကိုကတိ တစ်ခုပေးရမယ်။ ပြီးတော့ မင်းအဲဒါကိုတော့ ငြင်းလို့မရဘူး”
စုမင် ခဏတာငြိမ်သက်နေပြီးမှ နောက်သို့ပြန်လှည့်ကာ လက်ကိုဝှေ့ယမ်းလိုက်ရာ သေတ္တာသုံးလုံးသည် ချက်ချင်းသိမ်းဆည်းခံလိုက်ရ၏။ ထို့နောက် ထျန်းလန်မုန်အား လှမ်းကြည့်လိုက်ပြီး ညာလက်ကိုမြှောက်ကာ သူ့ဘေးရှိကျောက်တုံးကြီးထက်တွင် လက်ချောင်းတစ်ချောင်းဖြင့် ရေးဆွဲလိုက်သည်။
ကျောက်တုံးကြီးသည် တုန်ခါသွားပြီး ၎င်းအပေါ်၌ မှိန်ဖျော့ဖျော့ အမှတ်အသားတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအမှတ်အသားသည် မျဉ်းကြောင်းတစ်ကြောင်း၊ စုတ်ချက်တစ်ချက်နှင့် ဆင်တူပြီး ၎င်းထံမှ ဝမ်းနည်းပူဆွေးသော ခံစားချက်တစ်ခု ပျံ့နှံ့ထွက်ပေါ်နေသည်။
ထျန်းလန်မုန်က မည်သည့်စကားမှပြန်မပြောခဲ့ပဲ ထိုအရာကိုသာ တစ်ချက်ကြည့်လိုက်ပြီး လက်ကိုမြှောက်ကာ ၎င်းထံသို့ ညွှန်ပြလိုက်သည်။ စုမင်၏စုတ်ချက်နှင့် စိတ်ဝိညာဉ်ရော၊ ပုံသဏ္ဌာန်ပါ တူညီသည့် ပုံတူစုတ်ချက်တစ်ချက်က ကျောက်တုံးပေါ်တွင် ဖြစ်ပေါ်လာခဲ့သည်။
စုမင် ညာလက်ကို ထပ်မံလှုပ်ရှားလိုက်ပြီး ဤတစ်ကြိမ်တွင် စုတ်ချက်၁၀ခုကို ဆက်တိုက်ရေးဆွဲလိုက်သည်။ စုတ်ချက်တိုင်းသည် တူညီပုံပေါ်သော်လည်း အမှန်တွင်မူ တစ်ခုနှင့်တစ်ခု လုံးဝကွဲပြားခြားနား နေပေသည်။ ၎င်းစုတ်ချက်များ ကျောက်တုံးပေါ် ကျရောက်သွားသည်နှင့် ကျောက်တုံးကြီးက တုန်ခါသွားခဲ့သည်။
ထျန်းလန်မုန်၏ အမူအရာသည် တည်ငြိမ်နေဆဲပင်ဖြစ်သည်။ ထိုစုတ်ချက်များကို စုမင်ရေးဆွဲလိုက်သည့် တစ်ချိန်တည်းမှာပင် သူမကလည်း ပုံတူလိုက်ကူးလိုက်သဖြင့် စုမင်၏စုတ်ချက်များ ကျောက်တုံးပေါ်ကျရောက်သွားချိန်တွင် တူညီစွာပုံတူကူးထားသော စုတ်ချက်၁၀ချက်သည်လည်း ၎င်းတို့ဘေး၌ ဖြစ်ပေါ်လာခဲ့သည်။
စုမင် မြေပြင်ကို ညာခြေဖြင့်ကန်ကာ လေထဲသို့ခုန်တက်လိုက်သည်။ ထို့နောက် လေထဲတွင်ရပ်ကာ မျက်လုံးများကို မှိတ်လိုက်ပြီး ညာလက်ကိုမြှောက်၍ သတ္တမတောင်ထွတ်ပေါ်တွင် စုတ်ချက်များ စတင်ဆွဲသားလိုက်သည်။
၁၀၊ ၁၀၀၊ ၁၀၀၀ ... စုမင်၏ ညာဘက်လက် လှုပ်ရှားသည်နှင့်အမျှ သတ္တမတောင်ထွတ် တစ်ခုလုံးသည်လည်း စတင်တုန်ခါလာခဲ့ပြီး တောင်၏မျက်နှာပြင်ထက်တွင် ရှည်လျားသော အမှတ်အသားများ ဖြစ်ပေါ်လာခဲ့သည်။ ထိုရှည်လျားသော အမှတ်အသားများအားလုံးသည် စုမင်ကြောင့်ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အားလုံးသည် တူညီပုံပေါ်သော်လည်း အမှန်တကယ်တွင်မူ တစ်ခုနှင့်တစ်ခု လုံးဝကွဲပြားခြားနား နေပေသည်။
ထျန်းလန်မုန်သည်လည်း စုမင်ဘေး လေထဲသို့ ပျံတက်လိုက်ပြီး သူမ ညာဘက်လက်ကိုမြှောက်ကာ စုမင်၏စုတ်ချက်များကို ပုံတူစကူးလိုက်သည်။ စုတ်ချက်တစ်ချက်စီတိုင်းက ကွဲပြားခြားနားနေလျှင်ပင် သူမသည် ၎င်းတို့ကို ထပ်တူညီစွာ ပုံတူကူးနိုင်နေဆဲဖြစ်သည်။
တစ်ဦးက ရေးဆွဲနေပြီး တစ်ဦးက ပုံတူကူးနေသည်နှင့်အမျှ သတ္တမတောင်ထွတ်တစ်ခုလုံးကလည်း တုန်ခါနေခဲ့သည်။ မြည်ဟည်းသံများသည် တောင်အတွင်းရှိ တပည့်များ၏ စိတ်နှလုံးကိုပင် တုန်လှုပ်သွားစေခဲ့သဖြင့် သူတို့အားလုံး လေထဲသို့ မော့ကြည့်လိုက်မိကြချေသည်။
ထိုအခိုက်အတန့်တွင် သတ္တမတောင်ထွတ်ပေါ်မှ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အဘွားအို တစ်ဦးသည်လည်း စူးလဲ့တောက်ပသော မျက်လုံးများဖြင့် စုမင်နှင့် ထျန်းလန်မုန်တို့အား လှမ်းကြည့်နေခဲ့သည်။
ထိုစုတ်ချက်၁၀၀၀ကို ဆွဲသားပြီးသော်လည်း စုမင်က ရပ်တန့်ခြင်းမပြုပဲ တည်တည်ငြိမ်ငြိမ်နှင့်ပင် ဆက်လက်ရေးဆွဲခဲ့သည်။ ဤအရာသည် သူ့အတွက် ခက်ခဲသောအရာ မဟုတ်ပေ။ သူပုံမှန် လေ့ကျင့်သည့်အနေဖြင့် ဆွဲသားသော စုတ်ချက်များသည်ပင် ယခုဆွဲသားခဲ့သည်ထက် ပိုမိုများပြားပေသည်။ သူသည် သတ္တမတောင်ထွတ်အား ပုံဆွဲကားချပ်အဖြစ် သုံးလျက် ၁၀၀၀၊ ၃၀၀၀၊ ၅၀၀၀၊ ၇၀၀၀ ... စသည်ဖြင့် စုတ်ချက်များစွာအား အေးအေးဆေးဆေးပင် ဆက်လက်ရေးဆွဲနေမိသည်။
ထိုစုတ်ချက်များ အားလုံးတွင် မတူညီကွဲပြားသော အရှိန်အဝါတစ်မျိုးစီ ပါဝင်နေသောကြောင့် တဖြည်းဖြည်းနှင့် ထျန်းလန်မုန်၏ ပုံတူကူးနေသောအရှိန်နှုန်းကို နှေးကွေးလာစေခဲ့သည်။ စုမင်သည် သူ၏ကိုယ်ပိုင်စုတ်ချက်များကို ဖန်တီးနေခြင်းဖြစ်ပြီး သူမကမူ ပုံတူကူးနေခြင်းဖြစ်၍ သူမ စုမင်ကို လိုက်မမီနိုင်တော့မည့် အရိပ်အယောင်များ ဖြည်းညင်းစွာ ပြလာခဲ့သည်။
တစ်ဦးသည် သူ့နှလုံးသားထဲတွင် သူတွေးတောနေသည့်အရာကို ရေးဆွဲနေပြီး အခြားတစ်ဦးကမူ ထိုအရာကိုခဲယဉ်းစွာ ပုံတူကူးနေခဲ့သည်။
အချိန်များ ကုန်လွန်လာခဲ့ပြီး စုတ်ချက်၁၀၀၀၀နား ကပ်လာသော်လည်း စုမင်က မရပ်တန့်သေးပေ။ သူသည် စုတ်ချက်များဖြင့် သတ္တမတောင်ထွတ်ပေါ်တွင် ကမ္ဘာလောကတစ်ခုအား ရေးဆွဲနေပုံပေါ်ပြီး ရုပ်ပုံဖန်တီးခြင်းထဲတွင် နစ်မြုပ်နေခဲ့ချေသည်။
အဆက်မပြတ်တုန်ခါနေသော သတ္တမတောင်ထွတ်နှင့် ကောင်းကင်ပေါ်ရှိ စုမင်နှင့် ထျန်းလန်မုန်တို့အကြားမှ ထူးဆန်းသောပြိုင်ပွဲကို ကြည့်ရှုနေရင်းဖြင့် သတ္တမတောင်ထွတ်မှ များစွာသော အမျိုးသမီးတပည့်တို့၏ အမူအရာများက စတင်ပြောင်းလဲလာခဲ့ကြသည်။
တောင်ထိပ်တွင်ရပ်နေသော ပိုင်စုသည်လည်း လေထဲရှိ စုမင်ကိုကြည့်ရှုနေရင်းဖြင့် အသက်ရှူသံများပင် လျင်မြန်လာခဲ့ရသည်။ ဤစုမင်သည် သူမမှတ်ဉာဏ်များထဲမှ အထင်သေးစက်ဆုပ်ဖွယ်လူနှင့် အနည်းငယ် ကွဲပြားနေသည်ကိုပင် ရုတ်တရက် သတိပြုလိုက်မိချေသည်။
စုမင်၏ စုတ်ချက်များ ၁၃၀၀၀နီးပါး ရောက်လာချိန်တွင်တော့ ထျန်းလန်မုန်တစ်ယောက် ဆက်လက်၍ အမီမလိုက်နိုင်တော့ပေ။ သူမနဖူးထက်တွင်လည်း ချွေးများစတင် ထွက်ပေါ်လာခဲ့သည်။ ထိုစုတ်ချက်၁၀၀၀၀ကျော်သည် တစ်ခုနှင့်တစ်ခု လုံးဝမတူကွဲပြားသဖြင့် သူမအတွက် ၎င်းတို့ထံမှ ထွက်ပေါ်နေသော မတူကွဲပြားသည့် ခံစားချက်များကို ပုံတူကူးနိုင်ရန်မှာ ခဲယဉ်းသောကြောင့် သူမအရှိန်နှုန်းသည်လည်း စတင်နှေးကွေး သွားခဲ့ရချေပြီ။
ပုံတူကူးသော အရှိန်နှုန်းသည် ပိုမိုနှေးကွေးလာခဲ့သော်လည်း သူမသည် အံကိုကြိတ်ကာ ထိုစုတ်ချက်များကို ဆက်လက်ပုံတူကူးနေဆဲဖြစ်သည်။ သူမ စုတ်ချက်၁၅၀၀၀ကို ပုံတူကူးပြီးသွားချိန်တွင်တော့ သူမဘေးမှစုမင်သည် အကြိမ်၂၀၀၀၀မြောက် စုတ်ချက်ကို ရေးဆွဲသွားပြီးခဲ့ပြီ ဖြစ်သည်။
မတူကွဲပြားသော စုတ်ချက် ၂၀၀၀၀သည် ထျန်းလန်မုန်ကို ဖြူရော်သွားစေသည်။ သူမ၏ လုပ်ဆောင်နေမှုများသည် တဖြည်းဖြည်း နှေးကွေးလာခဲ့ပြီး အဆုံး၌ ရပ်တန့်သွားခဲ့၏။ စုမင်ထံ လှမ်းကြည့်လိုက်ချိန်တွင် သူမနှုတ်ခမ်းကိုပင် ပြန်ကိုက်လိုက်မိသွားချေသည်။
စုမင်သည် မျက်လုံးများကိုမှိတ်ကာ ဆက်လက်ရေးဆွဲနေဆဲဖြစ်သည်။ စုမင်သည် ၂၃၀၀၀မြောက် စုတ်ချက်ကို ရေးဆွဲပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ကောင်းကင်ကိုဖြတ်လျက် နောက်ဆုံးမျဉ်းကြောင်းကို ဆွဲသားလိုက်သည်။
သူ ထိုစုတ်ချက်ကို ဆွဲသားလိုက်သည်နှင့် ကောင်းကင်သည်ပင် မြည်ဟည်းသွားပြီး လေထဲ၌ ဧရာမအက်ကြောင်းကြီးတစ်ခု ခဏတာဖြစ်ပေါ်လာခဲ့သည်။ ထိုအရာသည် ခဏလေးပင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဖြစ်ပေါ်လာပြီးသည်နှင့် အရိပ်အယောင်ပင်မကျန် ချက်ချင်းပြန်လည် ပျောက်ကွယ်သွားခဲ့ချေသည်။
“မင်း ဒါကို ပုံတူကူးနိုင်လား”
စုမင် လေထဲတွင် ရပ်နေရင်းမှပင် ထျန်းလန်မုန်ထံ လှမ်းကြည့်လိုက်သည်။
ထျန်းလန်မုန် တုန်ယင်သွားခဲ့သည်။ နောက်ဆုံးစုတ်ချက်ကို ကြည့်လိုက်မိချိန်တွင် သူမ မည်သည့်စကားမျှ ပြန်မပြောဆိုနိုင်တော့ချေ။
အချိန်အတော်ကြာပြီးနောက်တွင် ထျန်းလန်မုန်တစ်ယောက် တုန်ယင် အက်ကွဲနေသောအသံဖြင့် ပြန်ပြောလိုက်မိ၏။ “ဒါက စစ်မာရှင်းရဲ့ ဓားချက်မဟုတ်ဘူး”
“မဟုတ်ဘူး။ အဲဒါက ငါ့ကိုယ်ပိုင်စုတ်ချက်” စုမင် ညင်ညင်သာသာ ပြန်ပြောလိုက်ပြီး လှည့်ထွက်ကာ အဝေးသို့လျှောက်သွားခဲ့သည်။
ထို့နောက် သူသည် အဝေးသို့ ရွေ့လျားပျောက်ကွယ်သွားခဲ့ပြီး သူ့အသံသည်သာ ထျန်းလန်မုန်နားထဲသို့ ရောက်လာခဲ့သည်။ “မင်းရဲ့တောင်းဆိုချက်က ကောင်းကင်မြူခိုးလူရိုင်း အမဲလိုက်ပွဲမှာ ငါတို့အတူတူ အလုပ်လုပ်ဖို့ဆိုတာ ကျိန်းသေတယ်။ မင်းငါ့ကို ပေးခဲ့တဲ့ပစ္စည်းတွေနဲ့ ဆက်စပ်နေတဲ့ တစ်စုံတစ်ရာကြောင့်၊ ငါမင်းနဲ့ အလုပ်အတူလုပ်မှာပါ”
သတ္တမတောင်ထွတ်ပေါ်မှ ဝတ်ရုံဖြူနှင့်အဘွားအိုသည် စုမင် ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ထို့နောက် သူမမျက်လုံးများထဲတွင် တောက်ပသောအလင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ရုပ်ပုံ ဖန်တီးမှု ...” သူမက တီးတိုးရေရွတ်ရင်း နဝမတောင်ထွတ်ဆီသို့ လှမ်းကြည့်လိုက်သည်။
“ဒီကလေးက နဝမတောင်ထွတ်ကို ဝင်ရောက်တာသိပ်မကြာသေးပေမဲ့ ဒီလိုနားလည်သဘောပေါက်တဲ့ အဆင့်အထိ ရောက်နေပြီ ... ဒါပေမဲ့ ဖန်တီးမှုဆိုတဲ့ စကားလုံးက မာန်စွမ်းအားရှင်မျိုးနွယ်စုအတွက် တကယ်တည်ရှိနေတဲ့ အဓိပ္ပာယ်ရော ဟုတ်ရဲ့လား ... ဆရာဦးလေးထျန်းရှဲ့ကျီ မင်းရဲ့ တပည့်အကြီးဆုံးက သူ့ရဲ့ ဉာဏ်အလင်းပွင့်မှုကြောင့် သီးခြားတံခါးပိတ်နေရပြီး မထွက်ခွာနိုင်ဘူး”
“မင်းရဲ့ ဒုတိယတပည့်ကတော့ သူ့ရဲ့ဉာဏ်အလင်းပွင့်မှုကြောင့် မတူကွဲပြားတဲ့ ပင်ကိုစရိုက်နှစ်ခု ကွဲထွက်သွားခဲ့တယ် ...”
“တတိယတပည့်ကတော့ သူ့ရဲ့ ဉာဏ်အလင်းပွင့်မှုကြောင့် အိပ်မက်နဲ့ အစစ်အမှန်လောကဆိုတဲ့ ကွဲပြားတဲ့ဖြစ်ရပ်နှစ်ခုကို ရသွားတယ် ...”
“အဲဒီသုံးယောက်လုံးက အောင်မြင်တယ်ဆိုပေမဲ့ ကျလည်းကျရှုံးခဲ့ကြတယ် ... သူတို့က တစ်နေ့နေ့မှာ နောက်တစ်ကြိမ်အောင်မြင်သွားတာမျိုး ဖြစ်နိုင်ပေမဲ့ အဲဒါကလည်း ဖြစ်နိုင်ချေသက်သက်ပါပဲ ... အခုတော့ မင်းရဲ့စတုတ္ထတပည့်က အဲဒီအခြေအနေမျိုးကို ရောက်တော့မယ်။ သူ့မှာရော ဘယ်လိုပြောင်းလဲမှုမျိုး ဖြစ်လာမှာလဲ ...”
“မင်းက နှလုံးသားရဲ့ ပြောင်းလဲမှုလေးမျိုးကို အောင်မြင်ခဲ့ပေမဲ့ ငါးခုမြောက်ကို မအောင်မြင်နိုင်ခဲ့ဘူး ... ဒါပေမဲ့ မင်းနောက်ဆုံးမှာ အဲဒါကို အောင်မြင်သွားနိုင်ရင်တောင် ပိုများပြားတဲ့အဆင့်တွေက မင်းကိုစောင့်နေတယ်။ မင်းတောင် ဒီအဆင့်မှာ ပိတ်မိနေရင်၊ မင်းတပည့်တွေကရော လုပ်နိုင်ပါ့မလား။ ဖန်တီးမှုဆိုတာ ခက်ခဲတဲ့အရာပဲ..”
အဘွားအိုသည် ခေါင်းခါယမ်းလိုက်ပြီး သူမမျက်နှာထက်၌ ခက်ခဲရှုပ်ထွေးသော အမူအရာ တစ်ခုဖြစ်ပေါ်လာခဲ့သည်။
“မုန်အာက ကြီးမြတ်သော ဆီးနှင်းဖုံးလွင်ပြင်တွေရဲ့ မျိုးဆက်တူလူတွေထဲမှာ အစွမ်းထက်ဆုံးပဲ။ သူမစိတ်အခြေအနေကို လေ့ကျင့်ဖို့အတွက်၊ ငါက သူမကို တခြားကမ္ဘာတွေရဲ့ တာအိုတွေကိုနားလည်အောင် လုပ်ခိုင်းတယ်။ ဒီနည်းလမ်းက တည်ငြိမ်ပေမဲ့ မာန်စွမ်းအားရှင်တွေနဲ့တော့ ဆက်စပ်မှုမရှိဘူး”
အဘွားအိုသည် နှလုံးသားအတွင်းမှ ရှုပ်ထွေးသော ခံစားချက်များနှင့် တီးတိုးရေရွတ်နေချိန်တွင် ထျန်းရှဲ့ကျီသည်တော့ နဝမတောင်ထွတ်၏ တောင်ထိပ်မှ သူ့လိုဏ်ဂူထဲတွင် ထိုင်နေချေသည်။ ထိုအခိုက်အတန့်တွင် သူ့မျက်နှာသည် နာကျင်မှုနှင့် ရုန်းကန်နေရမှုများ ရောထွေးနေသော အမူအရာများဖြင့် တွန့်လိမ်ရှုံ့မဲ့နေခဲ့သည်။ သူ့ဝတ်ရုံများသည်လည်း တစ်ခါတစ်ရံ အဖြူ၊ တစ်ခါတစ်ရံ အနက်၊ ရံဖန်ရံခါတွင် အနီရောင်နှင့် အစိမ်းရောင်များ ပြောင်းလဲနေပြီး အချိန်အများစုတွင်တော့ ၎င်းတို့က ခရမ်းရောင်ဖြစ်နေကြလေသည်။
***