← Chapters

အခန်း (၆၃၉)

Vol. 54 Ch. 639

အခန်း (၆၃၉)

Vol. 54 Ch. 639

ချီမုကော ချက်ချင်းထွက်ခွာသွားပြီး ယဲ့လုဖုန်းသည် မျက်လုံးအစုံကို မှေးကျုံ့စဉ်းစားရင်း ကျန်ရစ်ခဲ့သည်။ စိစစ်ရေးတမန်တော် ရောက်ရှိလာခြင်းသည် သူ့ကို ဖိအားများစေခဲ့သည်။ အထူးသဖြင့် မိန်ဂိုဏ်းမှ လက်နက်တင်ပို့သည့်ကိစ္စကြောင့် ဖြစ်သည်။ ထိုကိစ္စရပ်မှာ ‌မီးထဲသို့ ဆီလောင်းချလိုက်ခြင်းကဲ့သို့ ဖြစ်၏။

သို့ဖြစ်ရာ တစ်ခုတည်းသော ရွေးချယ်စရာဟူ၍ နန်ပါးထျန်းကို စွန့်ပစ်ပြီး သူ့နေရာသူ တည်ငြိမ်အောင် ထိန်းသိမ်းခြင်းသာလျှင် ကျန်ရစ်တော့သည်။

ချန်ကျိုစစ်အတွက်ကတော့..

ယဲ့လုဖုန်း မျက်လုံးအိမ်တို့မှေးကျုံ့လိုက်သည်။

တော်ဝင်နန်းတော်က သံမဏိလို မပြောင်းမလဲ တည်မြဲတယ်။ သိုင်းလောကရဲ့ ရေစီးကြောင်းကတော့ အမြဲပြောင်းလဲနေတယ်။ ကုန်သည်အဖွဲ့ခေါင်းဆောင်ပြောင်းလဲတဲ့ ဖြစ်ရပ်မျိုးက ပုံမှန်ပဲ။ စီရင်စုအုပ်ချုပ်ရေးမှူးပြောင်းလဲတာကိုတော့ မကြာခဏ မြင်တွေ့ရလေ့ရှိလို့လားလေ။

ထိုသို့တွေးတောလျက် ယဲ့လုဖုန်း၏နှုတ်ခမ်းတို့ တွန့်ကွေးသွားသည်။

ချန်ကျိုစစ်က ကြွက်ဖြစ်ပြီး ငါက ကြောင်ပဲ။ ကြွက်က ဘယ်လောက်ကြီးပါစေ နောက်ဆုံးတော့ ကြောင်ရဲ့အစာ ဖြစ်ရမှာပဲ။

နန်ပါးထျန်းကို ရှင်းထုတ်ပြီး ချန်ကျိုစစ်နဲ့ အစားထိုးတယ်ဆိုတာ လည်ပတ်မှုဖြစ်ရပ်လေးတစ်ခုပဲ။ ချန်ကျိုစစ်ကို သုံးပြီး နန်ပါးထျန်းကို စောင့်ကြည့်နိုင်ရင် ချင်းယင်ကို သုံးပြီးလည်း ချန်ကျိုစစ်ကို စောင့်ကြည့်ခိုင်းနိုင်တယ်။

ထိုသို့အတွေးများဖြင့် ယဲ့လုဖုန်းသည် ကောင်းကင်သို့ ၄၅ဒီဂရီ ခေါင်းမော့ကြည့်လိုက်သည်။ သူ၏မျက်လုံးအစုံတွင် ဖော်ပြ၍မရနိုင်သော နားလည်ရန်ခက်ခဲသည့် အငွေ့အသက်များ ထင်ဟပ်နေခဲ့သည်။

…

လင်းယုန်ခန်းမ၌

ချင်းယင်သည် လတ်တလောတွင် အတော်လေး စိတ်ဆတ်နေ၏။ သူသည် မိမိမှာ နန်ပါးထျန်းကို အလွန်သစ္စာစောင့်သိပြီး ခွေးလိမ္မာတစ်ကောင်ကဲ့သို့ ပြုမူခဲ့သည်ဟု တွေးထင်သည်။ သို့သော် နန်ပါးထျန်းသည် သူ့အား လူတစ်ယောက်ဟု လုံးဝ မသတ်မှတ်ပေ။

အကြိမ်ကြိမ် စော်ကားပြစ်တင်ခြင်းနှင့် အရှက်သိက္ခာချခြင်းတို့ကိုသာ ခံစားခဲ့ရသည်။ နန်ပါးထျန်းသည် သူ့အား တကယ်ကြီး ခွေးတစ်ကောင်ကဲ့သို့ ဆက်ဆံခဲ့လေသည်။

သူသည် နန်ပါးထျန်း၏ သစ္စာရှိခွေးတစ်ကောင်ဖြစ်ပေးရန် ဆန္ဒရှိပါ၏။ သို့သော် ၎င်းသည် အမှန်တကယ် ခွေးတစ်ကောင်ကဲ့သို့ ဆက်ဆံရနိုင်သည်ဟု မဆိုလိုပေ။ သူသည် မျန့်ရွှေ၏ အထင်ကရပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်ပြီး အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးဖြစ်သည်။ သို့ဖြစ်ရာ သူ့အား အခြေခံလေးစားမှုဖြင့် ထားရှိသင့်သည် မဟုတ်ပါလော။

သို့သော် သူဘာကိုမှ မရခဲ့ပေ– သူ့အပေါ် လေးစားမှုတစ်စက်မှ ရှိမနေခဲ့။

သူ၏ညီငယ်နှစ်ယောက်သည်လည်း လတ်တလောတွင် သူတို့၏မာနကို ထိခိုက်စေသည်ဟုဆိုကာ ပြဿနာရှာနေပြီး နန်ပါးထျန်းကိုလည်း အတော်လေး မကျေမချမ်းဖြစ်နေကြသည်။

သို့တိုင် သူသည် သူတို့ကို နှစ်သိမ့်စကားဆိုရန်သာ တတ်နိုင်လေသည်။ သူသည် ခွေးတစ်ကောင်၏ လမ်းကြောင်းထက် ရောက်နေခဲ့ပြီးဖြစ်ရာ နန်ပါးထျန်းကို ကောင်းကောင်းအလုပ်အကျွေးပြုမှသာ အထက်သို့ ပို၍ တက်လှမ်းနိုင်မည် ဖြစ်သည်။

ထို့ပြင် သူသည် မိမိ၏ နောက်ပြန်ဆုတ်နိုင်မည့်လမ်း အားလုံးနီးပါးကို ဖြတ်တောက်ခဲ့ပြီးလေပြီ။

ဥပမာဆိုရသော် ချန်ကျိုစစ်ဖြစ်သည်။ ချန်ကျိုစစ်သည် နန်ပါးထျန်းကို အမုန်းဆုံးဟု ဆိုပါလျှင် သူသည် ဒုတိယအမုန်းဆုံးဖြစ်လိမ့်မည်။

တစ်နေ့နေ့တွင် ချန်ကျိုစစ် အင်အားအာဏာကြီးမားသွားပါက သူသည် ဆိုးရွားလှသည့် နောက်ဆက်တွဲအကျိုးဆက်များနှင့် မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်သည်။

ထို့ကြောင့် ခွေးတစ်ကောင်ဖြစ်ပေးရုံမှတစ်ပါး သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။

ချင်းယင်သည် စိတ်ပူပန်နေလေရာ စာကြည့်ခန်းထဲတွင် မျက်ခုံးများတွန့်ချိုးလျက် ‌ထိုင်နေခဲ့သည်။ ထိုစဉ် သူ၏အစေခံတစ်ဦးမှ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ လူတစ်‌ယောက်ရောက်နေကြောင်း အကြောင်းကြားလာခဲ့သည်။

“စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်”

ချင်းယင် အံ့အားသင့်စွာ မတ်တပ်ထရပ်လိုက်သည်။

စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က ငါ့ကို ဘာလို့ လာရှာရတာလဲ။

သို့သော် ချင်းယင်သည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ လာရောက်သူကို လျစ်လျူမရှုဝံ့သဖြင့် ချက်ချင်း ပြောလိုက်သည်။

“အမြန် ခန်းမထဲ ဖိတ်ခေါ်လိုက်လေ။ ပြီးတော့ သူတို့အတွက် ဧည့်ခန်းမှာ လက်ဖက်ရည်ပြင်ဆင်လိုက်ပါ”

ထိုသတင်းသည် ချင်းဟူနှင့် ချင်းပေါင်တို့ဆီသို့လည်း ရောက်သွားရာ သူတို့နှစ်ဦးလည်း ဧည့်ခန်းဆီ အပြေးရောက်လာကြသည်။

အားဟယ်ထိုက်သည် ဧည့်ခန်းထဲ လျှောက်သွားပြီးနောက် အထက်စီးဆန်စွာ ထိုင်ချလိုက်သည်။ သူ၏ကျင့်ကြံဆင့်သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရောက်သည်မှာ မကြာသေးဘဲ ချင်းဟူထက်ပင် အားနည်းသော်ငြား စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၏ အရာရှိတစ်ဦးဟူသည် အဆင့်အတန်းရှိသေးလေသည်။

အားဟယ်ထိုက် ထိုင်လိုက်ပြီးနောက် အစေခံများမှ အလျင်စလို လက်ဖက်ရည်ဖြင့် ဧည့်ခံနေကြစဉ် ချင်းယင်တို့ ညီနောင်သုံးဦး ရောက်လာခဲ့သည်။

ချင်းယင် လက်သီးယှက်အရိုအသေပြုနှုတ်ဆက်လိုက်သည်။

“တပ်မှူးအားဟယ်ထိုက်”

ချင်းယင်သည် ခန်းမအရှင်သခင်တစ်ဦးဖြစ်ရာ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ လူအချို့ကဲ့သို့ မျန့်ရွှေ၏ မှတ်သားလောက်သော ပုဂ္ဂိုလ်များကို သိပါသည်။ အားဟယ်ထိုက်သည် ထိုလူများထဲမှ တစ်ဦးဖြစ်သည်။ တပ်မှူးချီမုကောကဲ့သို့ ထင်ရှားသည့်တပ်မှူးတစ်ဦး မဟုတ်သည့်တိုင် လေးစားသင့်သည့် ဂုဏ်အဆင့်အတန်းရှိသူ ဖြစ်ပေသည်။

အားဟယ်ထိုက်သည် ချင်းယင်ကိုကြည့်၍ ပြောသည်။

“ခန်းမအရှင်သခင်ချင်း တခြားသူတွေကို ရှောင်ခိုင်းလိုက်။ သခင်ကြီးယဲ့လုက မင်းကို မေးစရာရှိတယ်”

“သခင် သခင်ကြီးယဲ့လုကလား”

ထိုအခါ ချင်းယင်မှ ချက်ချင်း ပြောသည်။

“မင်းတို့အကုန်လုံး မြန်မြန်ထွက်သွားကြစမ်း”

ချင်းပေါင်နှင့် ချင်းဟူတို့လည်း အံ့ဩသွားကြသည်။

သခင်ကြီးယဲ့လုက သူတို့နဲ့ ဘာလုပ်စရာရှိလို့လဲ။

သူတို့သည်လည်း အစောင့်များနှင့် အစေခံများကို ထွက်သွားခိုင်းလိုက်သည်။

အားဟယ်ထိုက် ချင်းယင်ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

“လူတိုင်းကို ရှောင်ခိုင်းတာ။ ဒီအခန်းထဲမှာ မင်းနဲ့ ငါပဲ ရှိစေချင်တယ်”

ချင်းယင်သည် တွန့်ဆုတ်သွားပြီး တစ်ဖက်ရှိ သူ၏ညီနှစ်ယောက်ကို ကြည့်လိုက်သည်။

“တပ်မှူးအားဟယ်ထိုက် သူတို့က ကျွန်တော်ညီတွေပါ။ သူတို့ကတော့‌ နေခဲ့လို့ အဆင်ပြေတယ်မလား”

အားဟယ်ထိုက် မျက်ခုံးများ တွန့်ချိုးသွားသည်။

“ချင်းယင် သခင်ကြီးယဲ့လုက မင်းကိုပဲ ပြောဖို့ အမိန့်ပေးလိုက်တယ်။ မင်းနားမလည်ဘူးလား”

ထိုအခါ ချင်းယင် အမြန်ပြောလိုက်သည်။

“နားလည်ပါတယ် နားလည်ပါတယ်။ အားဟူ၊ အားပေါင်”

ချင်းယင်နှင့် ချင်းဟူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ဧည့်ခန်းထဲမှ ထွက်သွားခဲ့သည်။ အခန်းထဲတွင် ချင်းယင်နှင့် အားဟယ်ထိုက်တို့ နှစ်ဦးသာ ကျန်ရစ်ခဲ့တော့သည်။

အားဟယ်ထိုက်မှ ပြောသည်။

“ချင်းယင်”

“ရှိပါတယ်”

“သခင်ကြီးယဲ့လုက မင်းကိုမေးလိုက်တယ်။ မင်း သူ့အတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိသလား”

အားဟယ်ထိုက်သည် ကိုယ်နေဟန်ထားနှင့် အပြုအမူများ သေသပ်ကျနစွာဖြင့် ပြောသည်။

ချင်းယင်သည် ခဏတာ တွေဝေသွားသော်ငြား အမြန်ပြန်ပြောလိုက်သည်။

“ဆန္ဒရှိပါတယ် သေချာပေါက် ဆန္ဒရှိပါတယ်”

အားဟယ်ထိုက်မှ ပြောသည်။

“ကောင်းပြီ။ အဲဒီလိုဆိုမှတော့ မင်းအတွက် စာတစ်စောင်ပေးခဲ့မယ်။ ငါ သခင်ကြီးကို ပြန်တင်ပြလိုက်ဦးမယ်။ သွားနှင့်ပြီ”

အားဟယ်ထိုက်၏ နောက်ဆုံးသော ‘သွားနှင့်ပြီ’ဟူသည့် စကားလုံးများသည် ထူးထူးခြားခြား အသံလေးပင်နေခဲ့သည်။

ချင်းယင်သည် ချက်ချင်းနားလည်လိုက်ပြီး အင်္ကျီလက်ထဲမှ တစ်စောင်လျှင် ငွေတုံးတစ်ထောင်တန်ကြေးရှိသည့် ငွေလက်မှတ်နှစ်ရွက်ကို ထုတ်လိုက်သည်။ ထို့နောက် အားဟယ်ထိုက်၏လက်ထဲ အမြန်ထိုးထည့်ပေးလိုက်သည်။

“တပ်မှူးပြန်သွားတဲ့အခါ ကျေးဇူးပြုပြီး ကျွန်တော့်အတွက် စကားကောင်းလေးတွေ ပြောပေးပါဦး။ ကျွန်တော် သခင်ကြီးယဲ့လုအတွက် မီးပင်လယ်ကိုလည်း ဖြတ်‌ကျော်နိုင်ပါတယ်။ လုံးဝ မတွန့်ဆုတ်ပါဘူး”

“အို.. ဒါဆို သခင်ကြီးယဲ့လုက မင်းရဲ့မိဘတွေကို ပြန်သတ်ဖို့ အမိန့်ပေးခဲ့ရင်ရော”

အားဟယ်ထိုက်မှ အံ့အားသင့်ဟန်ဖြင့် မေးသည်။ ချင်းယင်မှ ပြောသည်။

“သတ်မှာပေါ့။ သေချာပေါက် သတ်ရမှာပေါ့။ သခင်ကြီးယဲ့လုအမိန့်ပေးတာဆိုရင် ကျုပ်ချင်းယင်က လုံးဝ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး”

အားဟယ်ထိုက်သည် ချင်းယင်အား အသိအမှတ်ပြုဟန် ကြည့်ကာ ပြုံးလိုက်သည်။

“မင်းက အလားအလာကောင်းတဲ့ လူငယ်တစ်ယောက်ပဲ။ အခုက စပြီးတော့ သခင်ကြီးယဲ့လုလက်အောက်မှာ ကောင်းကောင်းလုပ်ဆောင်တော့”

ချင်းယင်မှ ပြောသည်။

“ဟုတ်ကဲ့ သေချာတာပေါ့ဗျာ”

အားဟယ်ထိုက်ထွက်သွားပြီးနောက် ချင်းယင်သည် စာအိတ်ကို ဖွင့်ကြည့်လိုက်သည်။

စာကို အစအဆုံးဖတ်ပြီးနောက် ချင်းယင် ထိတ်လန့်သွားခဲ့သည်။ ထိုစဉ် ချင်းဟူနှင့် ချင်းပေါင်တို့ ပြန်ဝင်လာပြီး မေးသည်။

“အစ်ကိုကြီး အားဟယ်ထိုက်ရောက်လာတာ ဘာကိစ္စလဲ”

ချင်းယင်သည် တောင့်တင်းနေသော အမူအရာဖြင့် ပြန်ဖြေသည်။

“နန်ပါးထျန်း အဆုံးသတ်ပြီ”

“ဘာ”

ချင်းဟူနှင့်ချင်းပေါင်သည် အလွန်အံ့ဩထိတ်လန့်သွားသဖြင့် အချိန်အတော်ကြာ အပြန်အလှန်ကြောင်ကြည့်နေခဲ့ကြသည်။ ထို့နောက်တွင်မှ ချင်းယင်ဘက်သို့ ပြန်လှည့်လာကြပြီး ပြောသည်။

“အစ်ကိုကြီး ဘာတွေဖြစ်ကုန်တာလဲ”

ချင်းယင်သည် ချင်းဟူနှင့်ချင်းပေါင်အား စာကို ပေးလိုက်သည်။ စာဖတ်ပြီးနောက် သူတို့သည် အချင်းချင်း အကြည့်‌ဆုံလိုက်ကြပြန်သည်။

သူတို့နှစ်ဦးစလုံး အံ့အားသင့်စွာ ပြောသည်။

“သခင်ကြီးယဲ့လုက နန်ပါးထျန်းကို ဖမ်းချင်တာလား”

ချင်းယင် အသာခေါင်းညိတ်သည်။

ချင်းဟူမှ ပြောသည်။

“အဲဒါကောင်းတာပဲ။ ဒီကိုကြည့်၊ သခင်ကြီးယဲ့လုပြောထားတာ ပြဿနာတွေ ဖြေရှင်းပြီးသွားရင် ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ပိုင်ဆိုင်မှု သုံးပုံတစ်ပုံကို ကျွန်တော်တို့ကိုပေးမယ် ပြောထားတယ်လေ။ ဒါဆို ကျွန်တော်တို့က ဒုတိယကျားဖြူခန်းမ ဖြစ်လာမယ်လို့ ဆိုလိုနေတာ မဟုတ်လား။ ကျွန်တော်တို့က ဌာနချုပ်ကို စိန်ခေါ်နိုင်တဲ့အထိ အင်အားကြီးလာတော့မှာ”

All Chapters