← Chapters

အခန်း (၆၄၀)

Vol. 54 Ch. 640

အခန်း (၆၄၀)

Vol. 54 Ch. 640

ချင်းပေါင်မှ ပြောသည်။

“အစ်ကိုကြီး ဒါက တစ်သက်မှာ တစ်ခါပဲရနိုင်တဲ့ အခွင့်အရေးပဲ။ နန်ပါးထျန်းက ကျွန်တော်တို့ကို လူလို့မှ သဘောမထားတာပဲ။ ကျွန်တော်တို့ သူ့ကို ပုန်ကန်ကြရအောင်။ ကျွန်တော် အဲဒီမြေခွေးအိုကြီးကို ဒုက္ခပေးပစ်ချင်တာ ကြာနေပြီ။ သူက ကျွန်တော်တို့ကို တကယ်ကြီး ခွေးတွေ‌လို ဆက်ဆံတာဗျ”

ချင်းဟူမှ ပြောသည်။

“ဟုတ်တယ် အစ်ကိုကြီး။ ဒီအတိုင်းဆို နန်ပါးထျန်းကို သတ်ပြီးတဲ့အခါကျ ကျွန်တော်တို့ သခင်ကြီးယဲ့လုလက်အောက်ကို ဝင်ဖို့ အခွင့်အရေးရနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မျန့်ရွှေကို မုလန်လူမျိုးတွေက အုပ်ချုပ်နေတာပဲ မဟုတ်လား။ စီရင်စုအုပ်ချုပ်ရေးမှူးရဲ့လူစာရင်းထဲ ဝင်နေမှသာ ကျွန်တော်တို့လည်း စိတ်ချလက်ချ အိပ်နိုင်မှာ”

ချင်းဟူနှင့် ချင်းပေါင်၏ စကားအဆုံး၌ ချင်းယင်သည် အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့သည်။ ထို့နောက်တွင်မှ ပြောသည်။

“ဒီကိစ္စမှာ အဓိက,က ငါတို့မဟုတ်ဘူး။ မင်းတို့စဉ်းစားတာ အရမ်းကြီး တစ်ဖက်သတ်ဆန်နေတယ်။ နန်ပါးထျန်းမရှိတော့တဲ့အခါ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်နေရာကို ဘယ်သူဆက်ခံမလဲဆို မင်းတို့စဉ်းစားကြည့်ဖူးလား”

“ခေါင်းဆောင်နေရာ…”

နှစ်ဦးစလုံး ထိတ်လန့်သွားကြကာ အပြန်အလှန်ကြည့်လိုက်ကြသည်။ ထို့နောက် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ပြောသည်။

“သခင်ကြီးယဲ့လုက အစ်ကိုကြီးကို သူ့အတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိလားလို့ မေးလာတယ်ဆိုတော့ ကြည့်ရတာ သခင်ကြီးယဲ့လုက အစ်ကိုကြီးကို ရာထူးတိုးပေးမလို့ထင်တယ်။ အစ်ကိုကြီး ဂုဏ်ပြုပါတယ် အစ်ကိုကြီး၊ ဂုဏ်ပြုပါတယ်”

ချင်းယင် : (⁠☉⁠。⁠☉⁠)...??

ချင်းဟူမှ ပြောသည်။

“အစ်ကိုကြီး အဲဒီအချိန်ကျ ကျွန်တော့်ကို ခန်းမအရှင်သခင်ခန့်ပေးနော်။ ကျွန်တော်လည်း ခန်းမအရှင်သခင်လုပ်ရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာ သိချင်တယ်”

“မဟုတ်…”

ချင်းယင် စကားပြောတော့မည်ကို ချင်းပေါင်မှ ဖြတ်ပြောသည်။

“အစ်ကို၂ အစ်ကို၂ဘာဖြစ်နေတာလဲ။ ခန်းမအရှင်သခင်တဲ့လား”

ချင်းယင် ခေါင်းညိတ်လိုက်သည်။

အားပေါင်ကမှ တွေးတတ်သေးတယ်။

မြန်မြန်လေး မင်းအစ်ကို၂ကို နေ့ခင်းကြောင်တောင် အိပ်မက်မက်မနေဖို့ ဖျောင်းဖျလိုက်စမ်းပါ။

“အစ်ကို၂ အစ်ကို၂က ဘယ်လိုဖြစ်ရတာတုန်း။ ဘာကို ခန်းမအရှင်သခင်လဲ။ အစ်ကိုကြီးသာ ကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်ရင် အစ်ကို၂က အနည်းဆုံးတော့ ဒုခေါင်းဆောင်ဖြစ်ရမှာပေါ့။ ကျွန်တော်လည်း ဒုခေါင်းဆောင်လုပ်မယ်လေ။ အဲဒီလိုဆို ဘယ်လောက်တောင် ဂုဏ်သိက္ခာကြီးမားလိုက်မလဲ”

ချင်းပေါင်မှ ဝမ်းသာပီတိဖြာလျက် ပြောသည်။

ချင်းဟူသည်လည်း မျက်လုံးများ အရောင်တောက်လာကာ ပြောသည်။

“အင်း အားပေါင်၊ မင်းပြောတာမှန်တယ်။ အစ်ကို၂ အမြင်ကျဉ်းသွားတာပါ။ ဒုခေါင်းဆောင်ဟုတ်တယ်၊ ဒုခေါင်းဆောင်က ကောင်းတယ်”

သူ၏ညီငယ်များ၏ စကားဝိုင်းကို ကြားနေရသည်တွင် ချင်းယင်မှာ ထအော်ပစ်ချင်စိတ်ပေါက်လာရသည်။

'မင်းတို့နှစ်ကောင် ဒီနေ့ဒီအချိန်အထိ အသက်ရှင်နေတာ အကုန်လုံး ငါ့ကျေးဇူးကြောင့်ပဲ’

ချင်းယင်မှ ပြောသည်။

“မင်းတို့နှစ်ကောင်က သောက်ရူးတွေလား။ သခင်ကြီးယဲ့လုပြောထားတာက ကိစ္စတွေပြီးဆုံးသွားရင် ငါ့ကို ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ သုံးပုံတစ်ပုံကို ပေးမယ်လို့ ပြောထားတာလေ။ ငါက ကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်နိုင်ပါ့မလား”

ချင်းဟူ မျက်မှောင်ကြုတ်သွားပြီး ပြောသည်။

“သုံးပုံတစ်ပုံက နည်းတယ်ထင်ရပေမဲ့ သခင်ကြီးယဲ့လုက အင်အားအာဏာကြီးမားတယ်လေ။ သူ များများပိုယူတာလည်း အဓိပ္ပာယ်ရှိပါတယ်။ အစ်ကိုကြီး ချေးမများနေပါနဲ့ဗျာ။ ငါးဖမ်းကုန်သည်အဖွဲ့ သုံးပုံတစ်ပုံရဲ့ ခေါင်းဆောင်ဆိုလည်း လုပ်ရတာ ထိုက်တန်ပါတယ်”

ချင်းယင်မှာ ငတုံးနှစ်ယောက်ကြောင့် အံ့ဩသွားရသည်။

ကုန်သည်အဖွဲ့သုံးပုံတစ်ပုံရဲ့ ခေါင်းဆောင်ဆိုတာက ဘာကြီးလဲ…

ချင်းယင် တိုက်ရိုက်သာ ပြောရတော့သည်။

“မင်းတို့နှစ်ယောက် တော်ကြတော့။ လျှောက်ခန့်မှန်းမနေနဲ့တော့။ နန်ပါးထျန်းမရှိတော့ရင် ‌နောက်တက်မယ့် ကုန်သည်အဖွဲ့ခေါင်းဆောင်က ချန်ကျိုစစ်ဖြစ်လိမ့်မယ်”

“ဘာ ချန်ကျိုစစ်တဲ့လား။ ဘာလို့ ချန်ကျိုစစ်ဖြစ်ရတာလဲ”

သူတို့နှစ်ဦးသည် သိပ်လက်မခံချင်ကြပေ။ ချင်းယင်မှ ပြောသည်။

“မင်းတို့နှစ်ယောက်က တကယ်ကြီး တုံးတာလား တုံးချင်ယောင်ဆောင်နေတာလား။ နန်ပါးထျန်းကို ဖြုတ်ချတဲ့သူက ချန်ကျိုစစ်မို့လို့ နောက်တက်မယ့်ခေါင်းဆောင်က ချန်ကျိုစစ်ဖြစ်တာပေါ့။ သူ ငါ့ကို ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ သုံးပုံတစ်ပုံကို ပေးရတာက ငါကနေတစ်ဆင့် ဒုတိယကျားဖြူခန်းမကို ဖန်တီးပြီး ချန်ကျိုစစ်ရဲ့အင်အားကို ဟန်ချက်ညီအောင် ထိန်းချင်လို့ပဲ။ နောက်ကျ ငါက အရင်က ချန်ကျိုစစ်နေရာကို ရောက်သွားပြီး ချန်ကျိုစစ်က အရင်က နန်ပါးထျန်းနေရာကို ရောက်သွားလိမ့်မယ်။ အခု နားလည်ကြပြီလား”

နှစ်ဦးသည် ကနဦးတွင် အနည်းငယ် မင်သက်နေကြသည်။ ထို့နောက် ပြောသည်။

“ကျွန်တော်တို့နားလည်ပြီ။ လတ်စသတ်တော့ ဒီလိုကိုး”

ချင်းဟူမှ ပြောသည်။

“ဒါပေမဲ့ အစ်ကိုကြီး၊ ချန်ကျိုစစ်က စိတ်ရှုပ်ဖို့ကောင်းပေမဲ့ သူ့အင်အားက အားမနည်းဘူး။ အစ်ကိုကြီး သူနဲ့ ရင်ဆိုင်ရမယ်ဆိုရင် သူ့စိတ်ထဲ အစ်ကိုကြီးကို သတ်ဖြတ်ဖို့ရည်ရွယ်ချက်ရှိနေမှာ စိုးရတယ်။ ကျွန်တော်တို့ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး”

ထိုအခါ ချင်းပေါင်မှ ပြောသည်။

“အစ်ကို၂ သူများရဲ့ဂုဏ်ကိုမြှင့်ပြီး ကိုယ့်စိတ်ကိုယ် ဖျက်ဆီးမနေနဲ့ဗျ။ စာထဲမှာ ရေးထားတာ အစ်ကိုမတွေ့ဘူးလား။ သခင်ကြီးယဲ့လုက အစ်ကိုကြီးကို အင်အားတိုးမြှင့်နိုင်ဖို့ စွမ်းအင်ဖွဲ့စည်းဆေးလုံး ပေးလိုက်တယ်။ ချန်ကျိုစစ်ကို ဘာကြောက်စရာလိုသေးလို့လဲ”

“စွမ်းအင်ဖွဲ့စည်းဆေးလုံး၊ ဟုတ်သား စွမ်းအင်ဖွဲ့စည်းဆေးလုံး”

ချင်းဟူ စာအိတ်ကို လှုပ်ခါလိုက်ရာ အမှန်တကယ်ပင် ဆေးလုံးတစ်လုံး ထွက်ကျလာခဲ့သည်။ ထိုဆေးလုံးကို ချင်းယင်အား ကမ်းပေးလိုက်သည်။

“အစ်ကိုကြီး ဒီဆေးလုံးကို အမြန်သောက်ပြီး မြန်မြန်အင်အားတိုးမြှင့်လိုက်ပါ”

ချင်းယင်သည် ဆေးလုံးကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ထို့နောက် ပြန်ထုတ်လိုက်ကာ အချိန်တစ်ခုကြာ ရပ်တန့်နေ၏။

ချင်းယင် ဆေးလုံးအား မသောက်သုံးသည်ကို မြင်သောအခါ ချင်းဟူနှင့်ချင်းပေါင်မှ ပြောသည်။

“အစ်ကိုကြီး ဘာဖြစ်လို့လဲ”

ချင်းယင် လက်ဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“ငါ သောက်လို့မရဘူး။ သခင်ကြီးယဲ့လုက ဒီရက်ပိုင်းအတွင်း နန်ပါးထျန်း မျန့်ရွှေစီရင်စုအပြင်ကို ထွက်ပြေးမသွားအောင်လို့ ငါ့ကို စောင့်ကြည့်ခိုင်းထားတယ်။ ဆိုလိုတာက ငါ နန်ပါးထျန်းနဲ့ မကြာခဏ တွေ့နေဖို့လိုတယ်။ ငါ ဒီဆေးကို သောက်လိုက်လို့ အင်အားတိုးမြင့်သွားရင် ငါ့အရှိန်အဝါကို အချိန်တိုအတွင်း ဖုံးကွယ်ဖို့ ခက်ခဲလိမ့်မယ်။ နန်ပါးထျန်းသာ သတိထားမိသွားရင် သခင်ကြီးယဲ့လုရဲ့ အစီအစဉ်တွေကို နှောင့်ယှက်မိမယ် မဟုတ်ဘူးလား”

“အဲဒီတော့ ငါ အခုလောလောဆယ် ဒီဆေးကို မသောက်နိုင်သေးဘူး။ ငါသိမ်းထားလိုက်မယ်”

ချင်းယင်သည် ဆေးလုံးကို သိမ်းလိုက်ရင်း ပြောသည်။

“နန်ပါးထျန်းကို ဖြုတ်ချပြီးမှ ဆေးသောက်ပြီး ငါ့ကိုယ်ငါ သခင်ကြီးယဲ့လုလက်ထဲက ချန်ကျိုစစ်ကို ရင်ဆိုင်ထိန်းညှိမယ့် ရတနာဓားတစ်လက်အဖြစ် ပြောင်းလဲလိုက်မယ်”

“အစ်ကိုကြီးက ဉာဏ်ပညာထက်မြက်ပါတယ်”

…

ထိုစဉ် မြောက်ပိုင်းတောင်သံသတ္တုတွင်း၌

ချီမုကောသည် သံနက်မြင်းတပ်စစ်သည်သုံးရာကို ဦးဆောင်ချီတက်နေသည်။ သို့သော် ထိုနေရာရှိ မြေအနေအထားမှာ ရှုပ်ထွေးသောကြောင့် မြင်းစီးရန် မသင့်တော်ချေ။ သို့ဖြင့် ချီမုကောနှင့် စစ်သည်သုံးရာမှာ ခြေလျင်ချီတက်ရတော့သည်။

မကြာမီတွင် ချန်ကျဲ့စေလွှတ်ပေးထားသည့် တပ်သားများနှင့် ဆုံတွေ့ကြသည်။ ဂူအပြင်ဘက်၌ ချီမုကောသည် ဝင်ပေါက်ကို ပိတ်ဆို့ထားလိုက်သည်။

ဂူဝင်ပေါက်အနီးသို့ ချဉ်းကပ်သွားသောအခါ အထဲမှ အပြင်းအထန် လက်နက်သွန်းလုပ်နေသံများကို ကြားလိုက်ရသည်။

ဒင် ဒင် ဒေါင် ဒေါင် ~~

ချီမုကော မျက်လုံးများမှေးကျဉ်းလိုက်ပြီး ပြောသည်။

“ဟားဟား လက်နက်သွန်းလုပ်နေသံတွေ ကြားနေရတုန်းပဲ။ ညီနောင်တို့ ငါ့နောက်လိုက်ခဲ့။ ချီတက်ကြမယ်”

“အာ မင်းတို့ဘယ်သူတွေလဲ”

ချီမုကောမှ စစ်သည်များကို ဦးဆောင်ပြီး အထဲဝင်သွားလိုက်သည်တွင် ဒေါသတကြီး အော်ငေါက်သံကို ကြားလိုက်ရသည်။ ထိုအခါ ချီမုကောသည် ထိုလူကို ချက်ချင်း ဆွဲလိုက်ပြီး ဘေးသို့ ပစ်ထုတ်လိုက်ပြီးနောက် အော်ဟစ်လိုက်သည်။

“စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က စစ်သည်တွေပဲ။ မသေချင်ရင် ဒူးထောက်ခေါင်းငုံ့ထားကြ”

ထိုအချိန်တွင် လိုဏ်ဂူထဲ၌

အသေခံတပ်ဖွဲ့ တပ်မှူးသည် အံ့အားသင့်စွာ မျက်လုံးပြူးသွား၏။

“အာ မကောင်းတော့ဘူး။ ညီနောင်တို့ တိုက်ကြ”

ထိုသို့ပြောလျက် သူသည်လည်း လက်နက်ဆွဲထုတ်ကာ ချီတက်သည်။ အသေခံတပ်မှူးနှင့် ချီမုကောတို့ ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ချီမုကောသည် ဓားကို ဓားအိမ်မှ ဆွဲထုတ်ကာ အသေခံတပ်မှူးအား ထက်ဝက်ခုတ်ပိုင်းလိုက်သည်။

ချီမုကောသည် စစ်သည်များကို ဦးဆောင်ကာ လိုဏ်ဂူအတွင်းထဲသို့ စီးနင်းဝင်ရောက်သည်။ လိုဏ်ဂူအတွင်းမှာ ပန်းပဲဖိုများစွာ ရှိနေပြီး များစွာသော အပေါ်ပိုင်းဗလာဖြင့် ပန်းပဲဆရာများသည် ဒူးထောက်ခေါင်းငုံ့ထားကြသည်။ ဘေးတွင်မူ မြားခေါင်းများအပြည့်ရှိသည့် သစ်သားသေတ္တာများ ရှိနေသည်။

ချီမုကောသည် မြားခေါင်းတစ်ခုကို ကောက်ယူကြည့်လိုက်သည်။ သူ၏မျက်နှာထက်တွင် အေးစက်သည့်အပြုံးတစ်ခု ဖြစ်တည်လာသည်။

“ဟားဟား နန်ပါးထျန်း မင်းက ပုန်ကန်ရဲတယ်ပေါ့လေ။ သေချင်နေတာပဲ”

“ဒီနေရာကိုစောင့်ကြည့်ထား။ ငါပြန်ပြီး သခင်ကြီးယဲ့လုကို သတင်းပို့လိုက်မယ်”

“ဟုတ်ကဲ့”

All Chapters