အခန်း (၆၄၁)
Vol. 54 Ch. 641
မျန့်ရွှေစီရင်စု၌
ကျောက်ယာသည် ဒေသထွက်အစားအစာဖြစ်သည့် ငါးအသားပြားကြော်ကို လမ်းလျှောက်ရင်း စားနေသည်။ သူမ၏ နောက်တွင် အားသာ့၊ အားအာ့နှင့် အားစန်းတို့ လိုက်ပါလာသည်။
သူတို့သည် မျန့်ရွှေမြို့ကို ပတ်လျှောက်ကြည့်ပြီး ဖြစ်သည်။
ဤစီရင်စုမြို့သည်လည်း သူတို့ဖြတ်လာခဲ့သည့် စီရင်စုမြို့များနှင့် များများစားစား မကွာခြားကြောင်း သိလိုက်ရသည်။
သာမန်ပြည်သူများ၏ ဘဝနေထိုင်မှုပုံစံသည်လည်း အကြမ်းဖျင်း တူညီသည်။ ဆင်းရဲနွမ်းပါးပြီး ခက်ခဲ၏။
ဤသည်မှာ တောင်ပိုင်းဒေသရှိ သာမန်ပြည်သူများ၏ ပုံမှန်အခြေအနေဖြစ်သည်။ သို့သော် နှိုင်းယှဉ်ကြည့်လိုက်လျှင် မျန့်ရွှေစီရင်စု၏ ကုန်သွယ်ရေးသည် ပို၍ ဖွံ့ဖြိုးတိုးတက်သည်။ အခြားစီရင်စုငယ်လေးများကဲ့သို့ မဟုတ်ပေ။ စီရင်စုကြီးများကိုပင် လိုက်မီပေသည်။
ဤသည်မှာ အုပ်ချုပ်သူအရာရှိများ၏ အဆင့်နှင့် သက်ဆိုင်ပေသည်။
ကျောက်ယာသည် ငါးအသားပြားကြော်ကို စားရင်း ခပ်သာသာ ခေါင်းညိတ်လိုက်သည်။
“ဒီယဲ့လုမျိုးနွယ်က အတော်လေး အရည်အချင်းရှိသားပဲ”
မျန့်ရွှေစီရင်စုသည် မူလက ချမ်းသာကြွယ်ဝခြင်းမရှိဘဲ ဆင်းရဲနွမ်းပါးသည့် အဆင့်နိမ့်စီရင်စုလေးတစ်ခု ဖြစ်သည်။ သို့သော် ယဲ့လုဖုန်း အုပ်ချုပ်ရေးတာဝန်ယူပြီးနောက်၌ ယဲ့လုဖုန်းသည် အစီအစဉ်မကျသော အဖွဲ့အစည်းငယ်လေးများကို အဓိက အဖွဲ့အစည်းကြီးတစ်ခုဖြင့် အစားထိုးလိုက်သည်။ ကုန်သည်များနှင့် လမ်းသွားလမ်းလာခရီးသည်များ ပေးဆောင်ရမည့် ငွေပမာဏကို ပြဌာန်းထားခြင်းဖြင့် ငွေအနည်းငယ် ရရှိစေခဲ့သည်။
ထိုနည်းလမ်းသည် မျန့်ရွှေစီရင်စု၏ စီးပွားရေးပတ်ဝန်းကျင်အေနအထားကို တိုးတက်စေခဲ့ပြီး ကုန်သည်များကို မျန့်ရွှေစီရင်စုတွင် ပို၍ စီးပွားရေးလုပ်ကိုင်ချင်လာအောင် ဆွဲဆောင်နိုင်ခဲ့သည်။
သို့ဖြင့် မျန့်ရွှေမှာ ယခင်ကဲ့သို့ အစီအစဉ်မကျဘဲ ဖရိုဖရဲဖြစ်မနေတော့ချေ။
တစ်ချိန်က ကုန်သည်များ မျန့်ရွှေစီရင်စုသို့ ဝင်ရောက်ကြပါက အစိုးရအရာရှိများ၏ အလွန်အကျွံ အခကြေးငွေကောက်ခံခြင်းကို ဦးစွာ ရင်ဆိုင်ကြရကာ ထို့နောက် ဒေသခံအဖွဲ့အစည်းများ၏ အခကြေးငွေကောက်ခံခြင်းကိုလည်း သည်းခံကြရသည်။ ထို့ပြင် ၎င်းအဖွဲ့အစည်းများမှာ တစ်ခုတည်းမဟုတ်ဘဲ အများကြီးဖြစ်သည်။ ငါးဖမ်းကုန်သည်အဖွဲ့မှ ကောက်ခံသွားပြီးနောက် ချောင်ကုန်သည်အဖွဲ့ ထပ်ရောက်လာနိုင်သည်။ ထို့နောက် သူဖုန်းစားဂိုဏ်းလည်း ရောက်လာနိုင်သည်။ ထို့နောက် အခြားသော ဂိုဏ်းအဖွဲ့အစည်းများစွာလည်း ရောက်လာနိုင်ပေသည်။
သို့သော် ယဲ့လုဖုန်းတာဝန်ယူပြီးနောက်တွင် ထိုကိစ္စရပ်များကို ရှင်းရှင်းလင်းလင်း သတ်မှတ်ခဲ့သည်။ ဥပမာ တောင်ပိုင်းမြို့သို့ ကုန်ပစ္စည်းတင်ပို့ပါက ငါးဖမ်းကုန်သည်အဖွဲ့သာလျှင် အခကြေးငွေကောက်ခံခွင့်ရှိသည်။ အခြားအဖွဲ့အစည်းများမှ ကောက်ခံခွင့်မရှိပေ။
ရလဒ်အနေဖြင့် ကုန်သည်များအတွက် အခကြေးငွေပေးဆောင်ရသည့်ပမာဏ လျော့နည်းသွားပြီး ငွေအချို့အဝက် စုမိလေသည်။ သို့ဖြစ်ရာ ကုန်သည်များသည် မျန့်ရွှေကို နောက်တစ်ကြိမ် ဖြတ်သန်းသွားလိမ့်မည် ဖြစ်သည်။ ကုန်သည်များ မကြာခဏ ဖြတ်သန်းသွားလာကြပြီး မျန့်ရွှေ၏စီးပွားရေးအခြေအနေသည် တိုးတက်ကောင်းမွန်ကြောင်း မြင်နိုင်ပေသည်။
သို့ဖြင့် မျန့်ရွှေစီရင်စုသည် အဆင့်နိမ့်စီရင်စုလေးမှ အဆင့်မြင့်စီရင်စုအဖြစ်သို့ တဖြည်းဖြည်းချင်း တိုးတက်ပြောင်းလဲလာခဲ့သည်။
မျန့်ရွှေစီရင်စုကို အုပ်ချုပ်သည့်နည်းလမ်းများတွင် ထူးခြားချက်ရှိ၊မရှိ သင်သိချင်နေလောက်သည်။ တကယ်တော့ မရှိပေ။ မျန့်ရွှေ၏ အစိုးရမှာ အဂတိလိုက်စားခြင်းကင်းသည်ဟုလည်း သတ်မှတ်မရပေ။ ယဲ့လုဖုန်းသည် ကုန်သည်အဖွဲ့တစ်ခုအား သူ့အစား လုပ်ဆောင်စေခြင်းဖြင့် သူရသင့်သည့် ငွေကြေးတစ်ပြားတစ်ချပ်တိုင်းကို ရှာဖွေရယူသည်။ အခြားအဖွဲ့အစည်းများမှ ငြင်းဆန်လာပါကလည်း ထိုအငြင်းပွားမှုကို ဖြေရှင်းရန်မှာ ထိုကုန်သည်အဖွဲ့၏တာဝန်သာ ဖြစ်လေသည်။
အခြားစီရင်စု၏ အရာရှိများသည် ငွေတိုးတောင်းခံခြင်းမှအပ အခြားဘာမျှမလုပ်ကြသောကြောင့် ဤသို့ ရိုးရှင်းသည့် စည်းမျဉ်းဥပဒေလေးကို အခြားစီရင်စုမြို့များတွင် မကျင့်သုံးနိုင်ခြင်း ဖြစ်သည်။
ဤသည်မှာ မုလန်လူမျိုးများ နောက်ကောက်ကျကျန်ရသည့် အချက်လည်း ဖြစ်သည်။ မုလန်လူမျိုးများသည် မြက်ခင်းလွင်ပြင်ဒေသသားများ ဖြစ်ကြသောကြောင့် တိုက်ခိုက်ရေးတွင် အင်အားကြီးမားပြီး အုပ်ချုပ်ရေးတွင် လိုအပ်ချက်ရှိကြသည်။ ထို့ကြောင့် မုလန်လူမျိုးများသည် တိုင်းပြည်အုပ်ချုပ်ရေးအတွက် ဟန့်လူမျိုးများကို မည်သို့အသုံးပြုသင့်သည်ကို စဉ်းစားကြရသည်။
ဤသည်မှာ မုလန်လူမျိုး အထက်တန်းလွှာများ အပြင်းအထန် ကန့်ကွက်ခဲ့သည့် ဟန့်ယဉ်ကျေးမှုပြုခြင်း၏ အစဖြစ်သည်။
ခရိုင်မင်းသမီးကျောက်ယာသည်တော့ ချွင်းချက်ဖြစ်သည်။ ကျောက်ယာသည် ငယ်စဉ်ကတည်းက ဉာဏ်ရည်ထက်မြက်ပြီး သိုင်းပညာရော နိုင်ငံရေးအသိပညာပိုင်းတွင်ပါ ထူးချွန်သည်။
သူမ၏ ဆရာများအနက် တစ်ဦးမှာ ဟန့်လူမျိုးဆရာဖြစ်သည်။ ဟန့်လူမျိုးဆရာဖြစ်သူ၏ သင်ပြပေးမှုကြောင့် ကျောက်ယာသည် ဟန့်လူမျိုးများနှင့်ပတ်သက်ပြီး အသိပညာကြွယ်ဝကာ တိုင်းပြည်အုပ်ချုပ်ခြင်းဟူသည် အဘယ်သို့ဖြစ်ကြောင်း နားလည်သည်။
သို့သော် သူမသည် အုပ်ချုပ်ရေးကို ကျွမ်းကျင်သူ မဟုတ်ပေ။ သို့သော် သူမသည် အုပ်ချုပ်ရေးတွင် အရည်အချင်းရှိသည့် ဟန့်လူမျိုးများကို လေးစားကာ သူမ၏ဖခင်ကို မကြာခဏ အကြံပြုလေ့ရှိသည်။
ကျောက်ယာ၏ဖခင်သည် ဟန့်လူမျိုးများ၏ တိုင်းပြည်အုပ်ချုပ်မှုစနစ်ကို မနှစ်ခြိုက်သည့် မုလန်လူမျိုးအထက်တန်းလွှာတစ်ဦးဖြစ်သော်လည်း ဟန့်လူမျိုးများ၏ သိုင်းပညာများကို နှစ်ခြိုက်လေသည်။ ထို့ကြောင့် ရူယန်မင်းသားအိမ်တော်၌ ထူးခြားသည့်ပုဂ္ဂိုလ်များစွာ ရှိလေသည်။
ဤတစ်ကြိမ် စိစစ်ရေးတမန်တော်အဖြစ် စေလွှတ်ခံရသည့် ကျောက်ယာတွင် ရည်ရွယ်ချက်နှစ်ခုရှိသည်။
ပထမအချက်မှာ အရည်အချင်းမရှိသည့် စီရင်စုအုပ်ချုပ်ရေးမှူးများကို အပြစ်ပေးပြီး ရာထူးမှ ထုတ်ပယ်ရန် ဖြစ်သည်။ အလွန်အကျွံ လောဘကြီးပြီး အောက်ခြေစည်းမရှိဘဲ မိမိ၏အကျိုးအတွက် တော်ဝင်နန်းတော်ကို သစ္စာဖောက်သည့် စီရင်စုအုပ်ချုပ်ရေးမှူးများကိုမူ သေဒဏ်ချမှတ်ရပေမည်။
ဒုတိယအချက်မှာ အရည်အချင်းရှိသည့် စီရင်စုအုပ်ချုပ်ရေးမှူး သို့မဟုတ် ဟန့်လူမျိုးများကို ရှာဖွေပြီး သစ္စာရှိပြီး ရဲရင့်သည့် အရာရှိများအဖြစ် တိုင်းပြည်တာဝန်ထမ်းဆောင်ခြင်းငှာ ချီးမြှောက်ရန် ဖြစ်သည်။
ကျောက်ယာတို့အုပ်စုသည် တောင်ပိုင်းမြို့မှ အနောက်မြို့သို့ အမြန်ရောက်လာခဲ့ကြပြီး ချင်းယင်၏ထိန်းချုပ်မှုအောက်ရှိ လောင်းကစားရုံများ ပြည့်နှက်နေသည့် ရွှေ့ကျင်းလမ်းကြားကို ဖြတ်သန်းခဲ့သည်။ ထို့နောက် လူစည်ကားကာ သပ်ရပ်သည့် လမ်းမကြီးဖြစ်သည့် ငြိမ်းချမ်းခြင်းလမ်းမဆီသို့ ဖောက်ထွက်ခဲ့သည်။
ငြိမ်းချင်းခြင်းလမ်းမသို့ ရောက်သောအခါ ကျောက်ယာသည် နံစော်ညစ်ပတ်နေသည့် မြောင်းပုပ်ထဲမှ ကျောက်သလင်းကဲ့သို့ ကြည်စင်သည့်ရေကန်ထဲသို့ ရောက်သွားသည့်အလား ခံစားလိုက်ရသည်။ ခံစားချက်မှာ အလွန်တရာ ကွဲပြားလှပေသည်။
“ဒီနေရာက ဘာလဲ”
ကျောက်ယာသည် ပတ်ဝန်းကျင်ကို လျှောက်ကြည့်ရင်း သန့်ရှင်းသပ်ရပ်နေသည့် လမ်းများကို လေ့လာဆန်းစစ်နေခဲ့သည်။ လမ်းသွားလမ်းလာများသည်လည်း သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားကြပြီး အနက်ရောင်အင်္ကျီ၏ ရင်ဘတ်တွင် ကျားခေါင်းသဏ္ဍာန်ချည်ထိုးထားသည့် အစောင့်တပ်သားများသည် ကင်းလှည့်နေကြသည်။
ဤလမ်းတွင် သွားလာနေကြသူများ၏ မျက်နှာအမူအရာများမှာ စိတ်အေးသက်သာနေကြကာ ငွေအိတ်လုယူခံရမည်စိုး၍ မိမိတို့၏ငွေအိတ်ကို တင်းတင်းဆုပ်ကိုင်ထားရသည့် လူများကိုလည်း မမြင်တွေ့ရတော့ပေ။
ထို့ပြင် ဤကျယ်ပြောသည့် လမ်းမထက်တွင် အမှိုက်တစ်စမျှ ရှိမနေပေ။ အခြားလမ်းများတွင်တော့ ရံဖန်ရံခါ ကျင်ကြီးကျင်ငယ်စွန့်ထားသည်များကိုပင် မြင်ခဲ့ရသည် မဟုတ်ပါလော။
ဤမြို့သည် တစ်ချိန်က နေရာတိုင်းတွင် အမှိုက်များ မြင်တွေ့ရလေ့ရှိသည့် မြို့တစ်မြို့ဖြစ်ခဲ့သည်။
သို့သော် ဤလမ်းမထက်တွင်တော့ လူများ စည်ကားနေပြီး ကုန်သည်များနှင့် လမ်းသွားလမ်းလာများ၏ မျက်နှာထက်တွင် အပြုံးများ တည်ရှိနေကြသည်။ ထိုသို့အပြုံးများကို ပုံမှန်အားဖြင့် အခြားလမ်းများတွင် မမြင်တွေ့နိုင်ပေ။
ကျောက်ယာမှာ သိချင်စိတ်ပြင်းပြလာတော့သည်။
သို့ဖြင့် ကျောက်ယာသည် ဘေးချင်းကပ်လမ်းမှ ထွက်လာသည့် လမ်းသွားလမ်းလာတစ်ယောက်ကို ဟန့်တားလိုက်သည်။ ထိုလူသည် ဘေးချင်းကပ်လမ်းမှ ဤလမ်းသို့ ရောက်ရှိသည်နှင့် သူ၏ငွေအိတ်ကို တင်းတင်းဆုပ်ကိုင်ထားခြင်းမှ ဖြေလျှော့လိုက်ကာ လက်ဖြင့်ပင် မကာတော့ဘဲ ခါးရှေ့တွင် ဘေးသိုင်းလွယ်ထားလိုက်လေသည်။
ကျောက်ယာ မေးလိုက်သည်။
“ခင်ဗျားက ဘာလို့ ဒီလမ်းကိုရောက်တော့ ငွေအိတ်ကို တင်းတင်းကိုင်မထားတော့တာလဲ”
ထိုလူသည် ထိတ်လန့်သွားပုံရကာ ကျောက်ယာကို သင်္ကာမကင်းကြည့်လာသည်။
“ဘာလဲ မင်းက ဘာလုပ်ချင်လို့လဲ”
ထိုအခါ အားစန်းမှာ ဒေါသထွက်သွားတော့သည်။
“သခင်လေး မေးနေရင် အထွန့်တက်မနေဘဲ ဖြေလိုက်လေ”
ထိုလူသည် အားစန်း၏ ဒေါသကြီးဟန်ကြောင့် ကြောက်ရွံ့သွားသဖြင့် အမြန် နောက်ဆုတ်လိုက်သည်။
“အကြမ်းဖက်တတ်တဲ့ကောင် အရမ်းမောက်မာမနေစမ်းနဲ့။ ဒီနေရာက ဘယ်လိုနေရာလဲ သိရဲ့လား။ ဒါက ကျားဖြူခန်းမရဲ့ပိုင်နက် ငြိမ်းချမ်းခြင်းလမ်းမပဲ။ ဒီနေရာမှာ ပြဿနာရှာရင် ကျားဖြူခန်းမနဲ့ ရန်သူလုပ်လိုက်တာပဲ။ မင်း အဲဒါကိုရော သေချာစဉ်းစားပြီးပြီလား”
“ဘယ်က ကျားဖြူခန်းမလဲ။ ပေါက်ကရတွေ ငါ—”
“ဟေး”
ကျောက်ယာ အားစန်းကို ဟန့်တားလိုက်ပြီး ထိုလူကို ပြောသည်။
“ဒီနေရာက ကျားဖြူခန်းမရဲ့ပိုင်နက်လို့ ပြောလိုက်တာလား။ အဲဒီအဓိပ္ပာယ်က ဒီလမ်းမှာဆို သူခိုးတွေ၊ ဓားပြတွေ ဘာမှမလုပ်နိုင်ဘူးလို့ ဆိုလိုတာလား”
ထိုလူမှ ပြန်ပြောသည်။
“သေချာတာပေါ့။ ကျားဖြူခန်းမအရှင်သခင်ချန်က သေချာစည်းကမ်းထုတ်ထားတယ်။ ကျားဖြူခန်းမအပိုင် လမ်းမကြီးလေးခုမှာ ပြဿနာရှာတဲ့သူမှန်သမျှက ကျားဖြူခန်းမရဲ့ရန်သူပဲတဲ့။ ပြီးတော့ ကျားဖြူခန်းမပိုင်နက်အတွင်းမှာ ပိုက်ဆံပျောက်ခဲ့ရင် ကျားဖြူခန်းမက အဲဒီပိုက်ဆံကို ကျိန်းသေပေါက်ပြန်ရှာပြီး ပိုင်ရှင်ကို ပြန်ပေးတယ်လေ”