← Chapters

အခန်း (၆၄၂)

Vol. 54 Ch. 642

အခန်း (၆၄၂)

Vol. 54 Ch. 642

“ကျားဖြူခန်းမပိုင်နက်အတွင်းမှာဆို ကျုပ်တို့လုံခြုံတယ်”

ထိုလူမှ ပြောသည်။

“ကြည့်လေ။ ကျားဖြူခန်းမရဲ့အစောင့်တပ်သားတွေ လမ်းပေါ်မှာ ကင်းလှည့်နေကြတယ်။ တစ်ခုခုဖြစ်ခဲ့ရင် အော်လိုက်ရုံပဲ။ ကျားဖြူခန်းမတပ်သားတွေ အကျိုးအကြောင်း လာမေးမြန်းကြလိမ့်မယ်။ ဒီမှာက အရမ်းလုံခြုံတယ်။ မင်းတို့ကို မကောင်းတဲ့ရ့ည်ရွယ်ချက်တွေ မထားဖို့ ဖျောင်းဖျလိုက်မယ်။ မဟုတ်ရင် ကျားဖြူခန်းမအရှင်သခင်ချန်က မင်းတို့ကို တန်ကြေးပြန်ပေးဆပ်ခိုင်းလိမ့်မယ်”

“ခန်းမအရှင်သခင်ချန်တဲ့လား”

ကျောက်ယာ တိုးတိုးရေရွတ်လိုက်သည်။

“ခန်းမအရှင်သခင်ချန်က ဘယ်သူလဲ”

ထိုလူမှ ပြောသည်။

“မင်း ခန်းမအရှင်သခင်ချန်ကို မသိဘူးလား။ ကျားဖြူခန်းမရဲ့ ချန်ကျိုစစ်၊ သခင်၅ ချန်လေ”

ထိုလူမှ ဂုဏ်ယူဝံ့ကြွားစွာ ပြောသည်။

ထိုအခါ ကျောက်ယာမှ မေးလိုက်သည်။

“ခင်ဗျားက ဒီလောက်ပိုက်ဆံတွေအများကြီးနဲ့ ဒီလမ်းမှာ ဘာလုပ်မလို့လဲ”

ထိုအခါ ထိုလူမှ ပြန်ပြောသည်။

“အိမ်ဝယ်မလို့”

“အိမ်ဝယ်မလို့..”

ကျောက်ယာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူမှ ပြောသည်။

“ဟုတ်တယ်၊ အိမ်ဝယ်မလို့။ ကျားဖြူခန်းမဆီက အိမ်ဝယ်မလို့။ အိမ်ဝယ်ပြီးရင် ကျုပ်တို့တစ်မိသားစုလုံး ငြိမ်းချမ်းခြင်းလမ်းမမှာ ပြောင်းရွှေ့နေတော့မှာ။ အဲဒါဆို ကျုပ်တို့ရဲ့လုံခြုံရေးအတွက် အာမခံချက်ရှိသွားပြီ။ ကျုပ် မင်းနဲ့ စကားဆက်မပြောနိုင်တော့ဘူး။ ကျုပ် မြန်မြန် ငွေသွားချေရမယ်။ နောက်ကျသွားရင် အိမ်ကို တခြားသူလက်ဦးသွားလိမ့်မယ်”

အမျိုးသားသည် အမြန်ထွက်ခွာသွားတော့သည်။ ယခင်က ငြိမ်းချမ်းခြင်းလမ်း၏ စွန့်ပစ်ခံနေရာများကို ချန်ကျဲ့သည် အကုန်ဝယ်ယူခဲ့သည်။ ထို့နောက်တွင် ပြန်လည်ဖွဲ့စည်းစီစဉ်ကာ အိမ်အသစ်များကို ဆောက်လုပ်ခဲ့သည်။

ကျားဖြူခန်းမ၏ အမျိုးမျိုးသော ပြုပြင်ထိန်းသိမ်းမှုများကြောင့် ထိုနေရာသည် မျန့်ရွှေမြို့၏ စံလမ်းမတစ်ခု ဖြစ်လာခဲ့ကာ လူများစွာတို့သည် ငြိမ်းချမ်းခြင်းလမ်းတွင် အိမ်များ ဝယ်ကြတော့သည်။

အဝေးသို့ထွက်သွားသည့် လူကြီးကို ကြည့်၍ ကျောက်ယာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“ကျားဖြူခန်းမအရှင်သခင် သခင်၅ ချန်ကျိုစစ်တဲ့လား”

ထိုအခါ အားစန်းမှ ပြောသည်။

“သခင်လေး စိတ်ဝင်စားရင် ကျွန်တော် အဲဒီလူကို သွားဆွဲခေါ်လာခဲ့မယ်”

ကျောက်ယာသည် အားစန်းကို စိုက်ကြည့်လိုက်သည်။

“မင်းက ဓားပြလား ဘာလား။ ဘယ်လိုဖြစ်ပြီး လူတွေကို ဖမ်းချုပ်ဖို့ပဲ စဉ်းစားနေရတာလဲ”

အားစန်းသည် အဆူခံလိုက်ရရာ ဘာမှထပ်မပြောတော့ဘဲ ကျောက်ယာနောက်မှသာ တိတ်တိတ်လေး လိုက်နေတော့သည်။

ကျောက်ယာသည် ထိုခန်းမအရှင်သခင်ချန်ဆိုသူကို အနည်းငယ် စိတ်ဝင်စားမိသွားသည်။

ကျောက်ယာ၏ ဟန့်လူမျိုးဆရာသည် မုလန်လူမျိုးများမှာ ဟန့်လူမျိုးများကို အရာရှိလုပ်ခွင့်မပေးဟု ပြောခဲ့ဖူးသည်။ သို့ဖြင့် ဉာဏ်ပညာရှိသည့် ဟန့်လူမျိုးများသည် တောင်တန်းများဆီသို့ ဆုတ်ခွာခြင်း သို့မဟုတ် ဂို‌ဏ်းအဖွဲ့အစည်းများ တည်ထောင်ခြင်းကဲ့သို့ ပြုလုပ်ကုန်ကြသည်။ သို့ဖြစ်ရာ အရည်အချင်းရှိသူကို ရှာဖွေလိုပါက ရှာဖွေတတ်သည့်အမြင်ရှိရန် လိုအပ်ပေသည်။

ကျောက်ယာသည် ထိုခန်းမအရှင်သခင်ချန်ဆိုသူမှာ အရည်အချင်းရှိသူဖြစ်လိမ့်မည်ဟု ခံစားမိလိုက်သည်။

ထို့နောက် အားသာ့၊ အားအာ့နှင့် အားစန်းတို့နှင့်အတူ ကျားဖြူခန်းမအပိုင် လမ်းလေးလမ်းကို လျှောက်သွားကြည့်ခဲ့သည်။ ကျားဖြူခန်းမအပိုင် လမ်းများသည် အခြားလမ်းများနှင့် မတူကွဲပြားကြောင်း ကျောက်ယာ တွေ့ရှိခဲ့ရသည်။

ထို့ပြင် သူလျှောက်သွားကြည့်ခဲ့စဉ်တွင် ကျားဖြူခန်းမအဖွဲ့သားအချို့မှ ရေမြောင်းများသန့်ရှင်းရေးလုပ်ဆောင်နေခြင်းကဲ့သို့ ထူးဆန်းပြီး စိတ်ဝင်စားဖို့ကောင်းသည့် မြင်ကွင်းများကိုလည်း မြင်တွေ့ခဲ့ရသည်။ ထိုအဖွဲ့သားများသည် လမ်းများ သန့်ရှင်းရေးအတွက် တာဝန်ယူရခြင်း ဖြစ်လိမ့်မည်။

ထို့ပြင် ထိုသို့သန့်ရှင်းရေးလုပ်ရန်အတွက် ကုန်ကျစရိတ်ကို ကုန်သည်များထံမှ ရေဆိုးနုတ်ခွန်အဖြစ် ကောက်ခံကြောင်း သိခဲ့ရသည်။

ကျောက်ယာသည် ကုန်သည်များကို ထိုအခကြေးငွေများ ပေးရခြင်းအား ကြည်ဖြူသလောဟု မေးကြည့်ခဲ့သည်။

ကုန်သည်များမှ ပြန်ပြောသည်။

“အစတုန်းကတော့ ကျုပ်တို့လည်း မပေးချင်ခဲ့ကြဘူး။ ကျုပ်တို့ဆီက ငွေညှစ်ယူဖို့ နောက်ထပ်နည်းလမ်းတစ်မျိုးလို့ပဲ တွေးခဲ့ကြတာ။ ဒါပေမဲ့ အလုပ်သမားတွေက ကျုပ်တို့‌ပေးထားတဲ့ ငွေအတွက် တကယ်သန့်ရှင်းရေးလုပ်ကြတာ မြင်တော့ နောက်ပိုင်းကျ ကျုပ်တို့လည်း ပေးရတာ စိတ်ကျေနပ်လာတယ်။ အလုပ်သမားတွေက လမ်းတွေကို သန့်ရှင်းနေအောင် ထိန်းသိမ်းပေးကြတယ်။ အဲဒီတော့ လူတွေကလည်း ဒီလမ်းတွေမှာ ဈေးဝယ်ရတာကို ပိုသဘောကျလာကြတယ်လေ။ ကျုပ်တို့ရဲ့စီးပွားရေးလည်း အရင်ထက် နှစ်ဆတိုးပွားလာခဲ့တယ်”

ထိုစကားအဆုံး၌ ကျောက်ယာ အ‌တော်လေး အထင်ကြီးမိသွားသည်။

ဒီလိုလုပ်ဆောင်ချက်သေးသေးလေးတစ်ခုက ဒီနယ်မြေကို နှစ်ဆတိုးတက်စေခဲ့တယ်တဲ့လား။ မယုံကြည်နိုင်စရာပဲ။

ထို့ပြင် ကျားဖြူခန်းမအပိုင် လမ်းများရှိ ကုန်ပစ္စည်းများသည် အခြားလမ်းများထက် ပိုမိုဈေးပေါကြောင်း သတိထားမိခဲ့သည်။

ဤသည်မှာလည်း ကျားဖြူခန်းမသည် ကောင်းမွန်သည့် စီမံခန့်ခွဲမှုနှင့် သန့်ရှင်းမှုရှိသောကြောင့် ဝယ်ယူသူများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ ဝယ်လိုအား များလာသဖြင့် ကုန်သည်များသည်လည်း ကုန်ပစ္စည်းများများ ရောင်းချနိုင်လေသည်။ အရေအတွက်များသည်နှင့်အမျှ အလိုအလျောက်ပင် ဈေးနှုန်းပိုသက်သာစွာ ရောင်းချနိုင်သည်။ အကျိုးအမြတ်လည်း ရှာနိုင်ဆဲပင်။

ကုန်သည်များသည် ဈေးလျှော့ရောင်းချသည့်တိုင် အရင်ထက်ပို၍ အကျိုးအမြတ် ပိုရရှိသည်။

ကျားဖြူခန်းမ၏ ဈေးဆိုင်များသည် ဈေးသက်သာသည်၊ သန့်ရှင်းသည်၊ အရည်အသွေးကောင်းသည်။ ထို့ကြောင့် ဝယ်ယူသူများကို ပို၍ ဆွဲဆောင်နိုင်သည်။

ထိုအချက်များကြောင့် ကျားဖြူခန်းမအပိုင် လမ်းလေးလမ်းသည် ရောင်းသူဝယ်သူများကို ဆွဲဆောင်နိုင်လေရာ စီရင်စု၏ စီးပွားရေးအချက်အချာနေရာ ဖြစ်လာခဲ့သည်။

စီးပွားရေးကောင်း‌မွန်သောကြောင့် ကျားဖြူခန်းမသည် စီမံခန့်ခွဲခွန်ကို တိုးမြှင့်ကောက်ခံသည့်တိုင် ကုန်သည်များသည် စိတ်ထဲမထားပေ။ အတိအကျဆိုရသော် ကုန်သည်များသည် ၎င်းကို မျှတသည်ဟုပင် တွေးပါ၏။ ကျားဖြူခန်းမသည် သူတို့အတွက် အကျိုးပြုလေသည်။

ရလဒ်အနေဖြင့် ကျားဖြူခန်းမသည်လည်း ငွေကြေးပိုမိုရှာဖွေနိုင်လာကာ ပို၍ အင်အားကြီးမားလာသည်။

ကုန်သည်များသည်လည်း စီးပွားရေးလုပ်ငန်းများ တိုးချဲ့နိုင်သည်အထိ ငွေကြေးအလုံအလောက် ရှာ‌နိုင်သည်။

ဝယ်ယူသူများသည်လည်း သန့်ရှင်းသပ်ရပ်သည့် ပတ်ဝန်းကျင်၊ လုံခြုံဘေးကင်း‌စေသည့် ဝန်ဆောင်မှုများအပြင် ပို၍ ဈေးနှုန်းချိုသာသည့် ကုန်ပစ္စည်းများကို ဝယ်ယူနိုင်သောကြောင့် ဝယ်ယူသူများလည်း အကျိုးခံစားရပေသည်။

သုံးဖက်စလုံး အကျိုးခံစားရသည်ဖြစ်ရာ ကျားဖြူခန်းမအပိုင် ‌လမ်းလေးလမ်းရှိ ပြည်သူများသည်လည်း ပျော်ရွှင်‌ကြပေသည်။

ဤသို့ မျှခြေသည် ကျောက်ယာကို အံ့ဩမိစေသည်။

ဒီလိုအုပ်ချုပ်ရေးစွမ်းရည်မျိုးရှိတာ ဘယ်လိုပါရမီရှင်များလဲ။

ဤလမ်းလေးလမ်းကို ကြည့်ရုံဖြင့်ပင် ကျောက်ယာသည် ထိုကျားဖြူခန်းမအရှင်သခင်ချန်ဆိုသူမှာ အုပ်ချုပ်ရေးတွင် အရည်အချင်းရှိသူဖြစ်ကြောင်း ခံစားသိနိုင်ခဲ့သည်။

လမ်းလေးအနည်းငယ်မျှသာဟု တွေးထင်နိုင်သော်ငြား ဤသို့အခြေအနေအထိ စီမံခန့်ခွဲနိုင်ခြင်းသည် ဒေသခံအရာရှိအများစုထက် သာလွန်သည့် အရည်အချင်းရှိကြောင်း ဖော်ပြနေပြီး ဖြစ်သည်။

ဒီလူက တကယ်ပါရမီရှင်ပဲ။

ကျောက်ယာသည် ရုတ်ချည်း စိတ်ဝင်စားမှုများ မြင့်တက်လာရကာ ထိုကျားဖြူခန်းမအရှင်သခင်ချန်ဆိုသူကို လူချင်းတွေ့ချင်လာခဲ့သည်။

ထိုစဉ် မနီးမဝေးရှိ အဆောက်အဦတစ်ခု၏ ဒုတိယထပ်၌ ချန်ကျဲ့သည် ပြတင်းပေါက်ဘေးတွင် ထိုင်ကာ လမ်းများထဲ လျှောက်ပတ်ကြည့်နေသည့် ကျောက်ယာကို ကြည့်နေသည်။ ချန်ကျဲ့ ဘေးရှိ စစ်ရှီးကို ပြောလိုက်သည်။

“သူတို့ ဒီမှာရောက်နေတာ ဘယ်လောက်ကြာပြီလဲ”

စစ်ရှီးမှ ပြန်ပြောသည်။

“အခုဆို နှစ်နာရီလောက်ရှိပါပြီ။ သူတို့တွေ ငြိမ်းချမ်းခြင်းလမ်းမကနေ အသီးအရွက်ဈေးလမ်းမကြီးအထိ သွားခဲ့ပြီး အခု ဒီကို ပြန်ရောက်လာတာပါ။ ကုန်သည်တွေနဲ့လည်း စကားတွေ ပြောခဲ့သေးတယ်”

“သူတို့ဘာ‌တွေပြောကြတာလဲ”

ချန်ကျဲ့ သိချင်စိတ်ဖြင့် မေးလိုက်သည်။ စစ်ရှီးမှ ပြောသည်။

“လမ်းသန့်ရှင်းရေးအကြောင်းတို့၊ လုံခြုံရေးအကြောင်းတို့၊ ဘာလို့ လမ်းသွားလမ်းလာတွေ စည်ကားနေတာလဲတို့ အဲဒီလိုအကြောင်းအရာတွေကို မေးတာပါ”

ချန်ကျဲ့ အသာမျက်မှောင်ကြုတ်လိုက်သည်။

“ဒီခရိုင်မင်းသမီးက ဘာလုပ်ချင်နေတာလဲ။ စိစစ်ရေးတမန်တော်တစ်ယောက်က မိန်ဂိုဏ်းရဲ့စစ်လက်နက်ပစ္စည်းတွေအကြောင်း မစုံစမ်းဘဲနဲ့ ဒီကိုလာပြီး ကျားဖြူခန်းမရဲ့စီးပွားရေးကို လာစုံစမ်းနေတယ်”

ချန်ကျဲ့သည် မိမိမှာ စိစစ်ရေးတမန်တော်ကို အာရုံဆွဲဆောင်မိနိုင်သည့် လုပ်ရပ်မျိုး လုပ်ခဲ့မိသလော၊ သို့မဟုတ် ကျောက်ယာမှာ တစ်ခုခုရှာတွေ့သွားခြင်းလောဟု အလေးအနက် စဉ်းစားနေခဲ့သည်။

အဲဒါတွေကြောင့်တော့ မဟုတ်လောက်ဘူး။

ထိုစ‌ဉ် ရှောင်ဟူမှ ပြောသည်။

“အစ်ကိုကျိုစစ် ဒီစိစစ်ရေးတမန်တော်က သူ့အလုပ်သူ လုပ်မနေသလိုပဲနော်။ သူက ဘာလို့ ကျွန်တော်တို့စီးပွားရေးလုပ်တဲ့စနစ်ကို စိတ်ဝင်စားနေရတာလဲ။ ဒါနဲ့ အစ်ကိုကျိုစစ်၊ သူ့နောက်က လူသုံးယောက်က အရမ်းသန်မာကြတာပဲ”

ချန်ကျဲ့ ရယ်မောလိုက်သည်။

“သေချာပေါက် သန်မာကြမှာပေါ့။ သူတို့က သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်တွေလေ”

All Chapters