← Chapters

အခန်း (၆၄၃)

Vol. 54 Ch. 643

အခန်း (၆၄၃)

Vol. 54 Ch. 643

“သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်လား”

ရှောင်ဟူသည် အံ့အားသင့်မှုကြောင့် မျက်လုံးပြူးသွား၏။ ဘေးရှိ စစ်ရှီးသည်လည်း ထိတ်လန့်သွားခဲ့သည်။

သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်သုံးယောက် စောင့်ရှောက်နေတယ်‌ဆိုတော့ ဒီစိစစ်ရေးတမန်တော်ရဲ့ နောက်ခံက မသေးလောက်ဘူးပဲ။

ချန်ကျဲ့ ခဏမျှစဉ်းစားလိုက်ပြီး ပြတင်း‌ပေါက်ကို ပိတ်လိုက်သည်။ ထိုသူများ၏ ခံစားမှုအာရုံသည် အလွန်ထက်ရှကြောင်း ချန်ကျဲ့သိသည်။ ထို့ကြောင့် သူတို့ကို ဆက်တိုက် ‌စိုက်ကြည့်နေ‌၍ မဖြစ်ပေ။

ပြတင်းပေါက်ပိတ်ပြီးနောက် ချန်ကျဲ့သည် ရှောင်ဟူကို မေးသည်။

“မြောက်ပိုင်းတောင်သံသတ္တုတွင်းမှာ အခြေအနေဘယ်လိုရှိလဲ”

ရှောင်ဟူမှ ပြန်ပြောသည်။

“‌နေရာတစ်ခုလုံးကို ချီမုကောက ထိန်းချုပ်ထားပါပြီ။ အခုတော့ ချီမုကောက မြို့ထဲပြန်သွားနေတယ်။ ကြည့်ရတာ သခင်ကြီးယဲ့လု တင်ပြဖို့ထင်တယ်”

ချန်ကျဲ့ မျက်လုံးမှေးကျဉ်းလိုက်ပြီး မေးမြန်းသည်။

“ကျားဖြူခန်းမစခန်း ပြင်ဆင်နေတာရော ဘယ်လိုအခြေအနေရှိလဲ”

ရှောင်ဟူမှ ပြန်ပြောသည်။

“အားလုံးအဆင်သင့်ပါပဲ။ အချိန်မရွေး ရွှေ့ပြောင်းလို့ရပါတယ်။ ညီနောင်တွေအားလုံးက တိုက်ခိုက်ဖို့ စိတ်အားထက်သန်နေကြတာပါ။ ခန်းမအရှင်သခင် အမိန့်သာ ပေးလိုက်ပါ။ ကျွန်တော်တို့အားလုံးက ခန်းမအရှင်သခင်အတွက် အသက်ပေးဖို့ အသင့်ပါပဲ”

ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။

“ငါ့အတွက် အသက်ပေးမယ်တဲ့လား။ မဟုတ်ဘူး မဟုတ်ဘူး ရှောင်ဟူ။ အဲဒီနေ့ကျ ညီနောင်တွေအားလုံး ကိုယ့်ကိုယ်ကိုယ် ချုပ်ထိန်းနိုင်ကြပါစေ။ အရမ်းကြီး ရှေ့ကို ချီတက်မသွားကြစေနဲ့။ ပြီးတော့ မင်း.. နန်ပါးထျန်းကို ဖမ်းဖို့ အလျင်မလိုနဲ့။ အစွန်အဖျားက လူဖျင်းလူညံ့တချို့ကိုပဲ ရှင်းရင်ရပြီ”

“အာ အစ်ကိုကျိုစစ် ကျွန်တော်က..”

ချန်ကျဲ့မှ ကြားဖြတ်ပြောသည်။

“ငါပြောတာနားထောင်။ ငါတို့ကိုယ်ငါတို့ ယဲ့လုဖုန်းရဲ့ အမြှောက်စာတွေ အဖြစ်မခံနိုင်ဘူး”

သူတို့စကားပြောနေစဉ် အပေါ်ထပ်သို့ တက်လာနေသည့် ခြေသံများကို ကြားလိုက်ရသည်။ ထို့အတူ စားပွဲထိုး၏အသံကိုလည်း ကြားလိုက်ရသည်။

“လူကြီးမင်း ဒီဘက်ကို ကြွပါ”

ချန်ကျဲ့တို့ ရှိနေသည့်အဆောက်အဦမှာ လက်ဖက်ရည်ဆိုင်ဖြစ်သည်။ ချန်ကျဲ့သည် ပြတင်းပေါက်ဘေးတွင် ထိုင်နေပြီး အပေါ်ထပ်တက်လာသည့် ကျောက်ယာနှင့် အားသာ့တို့သုံးဦးကို မြင်လိုက်ရသည်။

စားပွဲထိုးမှ အရိုအသေပြုလျက် မေးသည်။

“လူကြီးမင်းတို့ ဘယ်လက်ဖက်ရည်အမျိုးအစား ပေးရမလဲဗျ”

အားသာ့သည် ငွေစတစ်စကို ထုတ်ယူလိုက်ပြီး စားပွဲထိုးလက်ထဲမှ လင်ဗန်းထဲသို့ ပစ်ပေးလိုက်သည်။

“မင်းတို့ဆိုင်က အကောင်းဆုံးလက်ဖက်ရည်ယူလာခဲ့”

ငွေစကိုမြင်သောအခါ စားပွဲထိုးမှ ပြောသည်။

“ချက်ချင်းရပါမယ် လူကြီးမင်း”

စားပွဲထိုးသည် ချက်ချင်း အောက်ထပ်သို့ ဆင်းသွားတော့သည်။ ကျောက်ယာသည် အပေါ်ထပ်သို့တက်နေရင်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်စဉ် ချန်ကျဲ့ကို မြင်တွေ့လိုက်လေသည်။

ချန်ကျဲ့လည်း သူမကို မြင်လိုက်သည်။ သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားကာ ကျောက်ယာ၏မျက်နှာထက်တွင် အံ့အားသင့်ဟန် ထင်ဟပ်သွား၏။ ထို့နောက်တွင်မူ တောက်ပသည့်အပြုံးတစ်ခုဖြစ်တည်လာကာ ချန်ကျဲ့ဆီသို့ လျှောက်လာလေသည်။

အားသာ့၊ အားအာ့နှင့် အားစန်းတို့လည်း ချန်ကျဲ့ကို သတိထားမိလိုက်ကြသည်။

သူတို့မျက်မှောင်ကြုတ်သွား၏။

“မနေ့က တည်းခိုခန်းမှာ တွေ့ခဲ့တဲ့လူပဲ”

ချန်ကျဲ့လည်း အံ့ဩသွားသည်။ ကျောက်ယာသည်လည်း ဤလက်ဖက်ရည်ဆိုင်ကို လာထိုင်ကာ သူနှင့် တွေ့ဆုံလိမ့်မည်ဟု ချန်ကျဲ့ မျှော်လင့်မထားခဲ့ပေ။

ရွေးချယ်စရာမရှိတော့လေရာ ချန်ကျဲ့ ထရပ်ပြီး နှုတ်ဆက်လိုက်သည်။

“သခင်လေး ထပ်တွေ့ကြပြန်ပြီ”

ကျောက်ယာလည်း ချန်ကျဲ့ကိုကြည့်ကာ ပြန်ပြောသည်။

“တကယ်ရေစက်ပါတာပဲ။ ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီ။ ဒါနဲ့ ဒီနှစ်ယောက်က ဘယ်သူတွေလဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အို သူက ကျွန်တော့်ညီလေ။ သူကတော့ ကျွန်တော့်ဘဏ္ဍာထိန်းပါ”

ချန်ကျဲ့ ကျောက်ယာကို ရှင်းပြလိုက်သည်။

ထိုအခါ ကျောက်ယာမှ မှတ်ချက်ပြုသည်။

“အို ဘဏ္ဍာထိန်းလား။ ကြည့်ရတာ ခင်‌ဗျားက ချမ်းသာတဲ့မိသားစုက ထင်တယ်”

ချန်ကျဲ့ ရိုးသားစွာ ပြန်ပြောလိုက်သည်။

“သခင်လေး ကျွန်တော့်ကို ချီး‌မြှောက်လွန်းနေပါပြီ”

“ရှင်က ငြိမ်းချမ်းခြင်းလမ်းမမှာ နေတာလား”

ကျောက်ယာမှ မေးသည်။

ချန်ကျဲ့ ပြန်ဖြေသည်။

“ကျွန်တော့်မိသားစုက ငြိမ်းချမ်းခြင်းလမ်းရဲ့ ဘေးကပ်ရပ်လမ်းမှာ နေတာပါ”

“ဒါဆို မနေ့က…”

ကျောက်ယာမှ ထပ်မေးလာသည်။

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဪ အဲဒီစားသောက်ဆိုင်က အရသာထူးကဲတယ်လေ။ ကျွန်တော် အဲဒီဆိုင်မှာ သေရည်သွားသောက်တာ”

“ဪ ခင်ဗျားက အတော်လေး ရသခံစားတတ်တာပဲ”

ကျောက်ယာသည် အပြုံးဖြင့် မှတ်ချက်ပြုလိုက်ပြီးနောက် ချန်ကျဲ့ကို ထပ်ကြည့်လာပြီး ပြောသည်။

“အင်း ဒါက ကျွန်တော်တို့နှစ်ယောက် ဒုတိယအကြိမ်တွေ့ဆုံတာကို ကျွန်တော်တို့ အချင်းချင်း နာမည်တောင် မိတ်မဆက်ရသေးဘူးပဲ။ ကျွန်တော့်မျိုးရိုးနာမည်က ကျောက်ပါ။ နာမည်ကတော့ ယာ တစ်လုံးတည်းဗျ”

“နာမည်ကောင်းပဲ”

ချန်ကျဲ့ ချီးမွမ်းလိုက်ပြီးနောက် လက်သီးဆုပ်အရိုအသေပြုလျက် ပြောသည်။

“ကျွန်တော့်မျိုးရိုးနာမည်က ချန်၊ နာမည်ကတော့ ကျဲ့ တစ်လုံးတည်းပါ”

“ချန်ကျဲ့”

ကျောက်ယာ ရေရွတ်လိုက်သည်။

“ဒါဆို ခင်ဗျားက ကျားဖြူခန်းမအရှင်သခင်ချန်နဲ့ ဆွေမျိုးတော်တာပေါ့”

ချန်ကျဲ့ တွန့်သွားကာ အပြုံးတစ်ခု ဖျစ်ညှစ်ထုတ်လိုက်သည်။

“ဟား ခန်းမအရှင်သခင်ချန်က ဘယ်လိုအဆင့်အတန်းမျိုးမို့လဲဗျာ။ ကျွန်တော်က ဒီတိုင်း မျိုးရိုးနာမည်တူရုံပါပဲ”

ကျောက်ယာသည်လည်း ကျားဖြူခန်းမအရှင်သခင်ချန်၏ ချန်မျိုးရိုးဖြင့်လူကို ဆုံတွေ့ရခြင်းငှာ အလွန်တိုက်ဆိုင်လွန်းသည်ဟု တွေးမိသည်။ ထိုသို့ဖြစ်နိုင်ခြေမျိုးမှာ အလွန်နည်းပါး၏။

ထိုစဉ် ချန်ကျဲ့မှ ကျောက်ယာကို မေးသည်။

“ညီနောင်ကျောက်က မျန့်ရွှေကို ဘာကိစ္စကြောင့် လာခဲ့တာလဲဗျ”

“စီးပွားရေးလုပ်ဖို့ပါ”

ကျောက်ယာမှ ဖြေသည်။

“ဪ မျန့်ရွှေရဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းက အတော်ဖွံ့ဖြိုးတိုးတက်တယ်။ တကယ့်ကို စီးပွားရေးလုပ်ဖို့‌ နေရာကောင်းပဲ”

ကျောက်ယာမှ မေးသည်။

“ညီနောင်ချန်တို့မိသားစုကရော ကုန်သွယ်တာပဲလား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ကျွန်တော်တို့လည်း ကုန်သွယ်‌လုပ်ငန်းတချို့ကို လုပ်ကိုင်ပါတယ်”

“ကျားဖြူခန်းမရဲ့စီမံခန့်ခွဲမှုအောက်မှာ ကုန်သွယ်တာလားဗျ”

ကျောက်ယာမှ ထပ်မေးသည်။

ချန်ကျဲ့မှ ပြောသည်။

“တစ်စိတ်တစ်ပိုင်းပဲ ဆိုပါတော့”

“အို ဒါဆိုရင် ကျားဖြူခန်းမရဲ့ သူ့နယ်မြေကို စီမံခန့်ခွဲမှုအပေါ် ညီနောင်ချန် ဘယ်လိုမြင်သလဲ”

“အသင့်အတင့်ပါပဲ”

ချန်ကျဲ့ မပြတ်မသားဖြေလိုက်သည်။

မဟုတ်လို့ရော သူဘာဖြေရမလဲ။ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းခန်းဖွင့်ရမှာလား။

ထို့နောက် ကျောက်ယာမှ မေးသည်။

“ဒါဆို မျန့်ရွှေမြို့ရဲ့ တခြားနေရာတွေက အရမ်း ဖရိုဖရဲဖြစ်နေချိန်မှာ ကျားဖြူခန်းမအပိုင် လမ်းတွေက စီမံခန့်ခွဲမှုအရမ်းကောင်းနေတာ ဘာကြောင့်လို့ထင်လဲ”

ချန်ကျဲ့ လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး ရှောင်ဟူအား ကျောက်ယာအတွက် ခွက်အသစ်တစ်ခွက် ယူလာပေးရန် လက်ဟန်ပြလိုက်သည်။ ခွက်ရောက်လာသောအခါ ချန်ကျဲ့ ကျောက်ယာကို လက်ဖက်ရည်ငှဲ့ထည့်ပေးရင်း ပြောသည်။

“ကြိုးစားအားထုတ်မှုကြောင့် ဖြစ်နိုင်ပါတယ်”

“ကြိုးစားအားထုတ်မှုလား”

ကျောက်ယာ ချန်ကျဲ့ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ ချန်ကျဲ့မှ ပြောသည်။

“ကျွန်တော် ညီနောင်ကျောက်ကို မေးခွန်းတစ်ခု မေးပါရစေ။ ကုန်သည်တွေ စီးပွားရေးလုပ်တဲ့အခါ ပထမဦးစားပေးက ဘာပါလဲ”

“အကျိုးအမြတ်”

ကျောက်ယာမှ ဖြေသည်။

ချန်ကျဲ့ ထောက်ခံသည်။

“မှန်တယ်၊ အကျိုးအမြတ်ပဲ။ စီးပွားရေးလုပ်ဖို့ အကောင်းဆုံးနေရာက သေချာပေါက် အကျိုးအမြတ်ရနိုင်မယ့်နေရာပဲပေါ့”

“ပြီးတော့ အဲဒါကပဲ ကျားဖြူခန်းမ ရင်းနှီးမြှုပ်နှံနေတဲ့အရာပဲ။ တစ်အချက် အရောင်းအဝယ်လုပ်တဲ့အခါ ‌အခင်းအကျင်းက အရေးကြီးတယ်။ ဝယ်သူတစ်ယောက်က သန့်ရှင်းသပ်ရပ်တဲ့ပတ်ဝန်းကျင်နဲ့ ညစ်ပတ်ရှုပ်ပွနေတဲ့ပတ်ဝန်းကျင် ဘယ်မှာဈေးဝယ်ရတာကို သဘောကျမလဲ”

“သန့်ရှင်းတာ”

ကျောက်ယာမှ ဖြေသည်။

ချန်ကျဲ့မှ ပြောသည်။

“အဲဒါကို ကျားဖြူခန်းမက သေချာလုပ်ထားတယ်”

“ပြီးတော့ ကုန်သည်တစ်ယောက်က လုံခြုံတဲ့နေရာမှာ စီးပွားရေးလုပ်ချင်မလား၊ သူခိုးတွေ၊လူရမ်းကားတွေ ပေါတဲ့နေရာမှာ စီးပွားရေးလုပ်ချင်မလား”

“လုံခြုံတဲ့နေရာမှာ”

“ပြီးတော့ ကုန်သည်တစ်ယောက်က လူစည်ကားတဲ့နေရာမှာ စီးပွားရေးလုပ်ချင်မလား၊ လူသွားလူလာနည်းတဲ့နေရာမှာ စီးပွားရေးလုပ်ချင်မလား”

“ကုန်သည်အတွက်က လူများလေ ကောင်းလေပေါ့”

“ဒါကြောင့် ဒါက ကျားဖြူခန်းမရဲ့ ဒီလမ်းလေးလမ်းကို စီမံခန့်ခွဲမှုအောင်မြင်နေရတဲ့ လျှို့ဝှက်ချက်ပဲ။ ကြိုးစားအားထုတ်မှု။ ကျားဖြူခန်းမက ကုန်သည်တွေနဲ့ ဝယ်သူတွေ လိုအပ်တဲ့အရာကို သိတယ်။ အဲဒါကြောင့် အဲဒီလိုအပ်ချက်တွေကို ဖြည့်နိုင်ဖို့ ကြိုးစားတယ်။ လိုအပ်ချက်တွေကို ဖြည့်နိုင်တာနဲ့ အလိုလိုပဲ ကုန်သည်တွေ ငွေပိုရှာနိုင်ပြီး ဝယ်သူတွေ ကျေနပ်ကြလိမ့်မယ်။ ခြုံငုံလိုက်ရင်တော့ အမြော်အမြင်ရှိတဲ့ အစီအစဉ်နဲ့ အကောင်အထည်ဖော်နိုင်ခြင်းကြောင့်ပဲ”

“တခြားလမ်းတွေ ဖရိုဖရဲဖြစ်နေတာ‌ကတော့ အဲဒီလမ်းတွေကို စီမံခန့်ခွဲသူတွေက ကုန်သည်‌နဲ့ ပြည်သူတွေဆီကနေ ငွေညှစ်ထုတ်ယူဖို့ပဲ စိတ်ဝင်စားပြီး သူတို့ဘက်က ကုန်သည်နဲ့ ပြည်သူတွေကို အရင်ဆုံး ဝန်ဆောင်မှုပေးရမယ်ဆိုတာကို နားမလည်လို့ ဖြစ်ပါလိမ့်မယ်။ ကုန်သည်တွေ ပိုက်ဆံရှာနိုင်မှ စီမံခန့်ခွဲသူတွေလည်း အကျိုးအမြတ်ရနိုင်မယ်ဆိုတာကို နားမလည်လို့ ဖြစ်ပါလိမ့်မယ်”

“တကယ်တမ်းကျ ကုန်သည်တွေ တိုးတက်ကြီးပွားမှ စီမံခန့်ခွဲအုပ်ချုပ်သူတွေလည်း ကြီးပွားချမ်းသာနိုင်မှာလေ”

All Chapters