အခန်း (၆၄၄)
Vol. 54 Ch. 644
ချန်ကျဲ့၏စကားအဆုံး၌ ကျောက်ယာသည် အနည်းငယ် မျက်မှောင်ကြုတ်ထားရင်း ပြောသည်။
“တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်ဖို့နည်းလမ်းက အရင်ဆုံး ပြည်သူတွေ ကြီးပွားချမ်းသာအောင် လုပ်ခြင်းပဲ”
“ဗျာ”
ချန်ကျဲ့ ကျောက်ယာကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ကျောက်ယာမှ ပြောသည်။
“ကွမ်ဇီ:အုပ်ချုပ်မှုအနုပညာစာအုပ်ထဲမှာ ပါတာလေ။ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်ဖို့နည်းလမ်းက အရင်ဆုံး ပြည်သူတွေ ကြီးပွားချမ်းသာအောင် လုပ်ခြင်းပဲတဲ့။ ခင်ဗျား ခုနက ပြောလိုက်တဲ့အကြောင်းအရာတွေက အဲဒီစာနဲ့ လုံးဝ ကိုက်ညီနေလို့”
ချန်ကျဲ့ အနည်းငယ် ရှက်ရွံ့သွားရသည်။ သူ၏ ပညာရေးအဆင့်အတန်းမှာ ကျောက်ယာလောက် မမြင့်မားသေးပုံရလေသည်။
ချန်ကျဲ့သည် အနည်းငယ် ကသိကအောက်ဖြစ်ဟန် ပြုံးလိုက်ရင်း အာရုံလွှဲရန် ကြိုးစားလိုက်သည်။ ကျောက်ယာသည် ထပ်မံ၍ မေးမြန်းချင်သေးပုံရ၏။ ထိုစဉ် အောက်ထပ်မှ ခြေသံများကို ကြားလိုက်ရသည်။
ထို့နောက် အပေါ်ထပ်သို့ ပြေးတက်လာသည့် ချန်ကုံကို မြင်လိုက်ရသည်။
လူချမ်းသာသခင်လေးတစ်ယောက်နှင့် စကားပြောနေသည့် ချန်ကျဲ့ကို မြင်သောအခါ ချန်ကုံသည် စကားလုံးများကို ပြန်မျိုချလိုက်တော့သည်။
စစ်ရှီးမှ ချန်ကုံကို မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ချန်ကုံမှ တစ်စုံတစ်ခု တီးတိုးပြောလိုက်ရာ စစ်ရှီးသည် အံ့ဩဟန် မျက်လုံးပြူးသွားသည်။ ထို့နောက် ချန်ကျဲ့ အနားသို့ကပ်လိုက်ပြီး ပြောသည်။
“သခင်ကြီး အိမ်မှာ ကိစ္စလေးပေါ်လာပါတယ်”
ထိုအခါ ချန်ကျဲ့ ခေါင်းမော့ကာ စစ်ရှီးနှင့် အကြည့်ချင်းဆုံလိုက်သည်။
စစ်ရှီး ခပ်ဖျော့ဖျော့ ခေါင်းညိတ်လိုက်သည်။
ချန်ကျဲ့ ရုတ်ချည်း ထရပ်လိုက်ပြီး ကျောက်ယာကို အရိုအသေပြုလိုက်သည်။
“သခင်လေးကျောက် ကျွန်တော့်အိမ်မှာ အရေးကြီးကိစ္စလေးပေါ်လာလို့ သွားရပါတော့မယ်။ ကျွန်တော့်ကို ခွင့်ပြုပါဦး”
ကျောက်ယာသည် စကားဝိုင်းကို ရပ်တန့်ရန် မလိုလားဟန် ပေါ်လွင်နေသည်။ သို့သော် ချန်ကျဲ့မှာ အိမ်တွင် အရေးကြီးကိစ္စပေါ်သည်ဟု ပြောခဲ့ရာ သူလည်း ဟန့်တားဖို့ရာ မသင့်တော်သဖြင့် ပြောလိုက်သည်။
“အို ဒါဆိုလည်း ကံကြမ္မာဖန်တဲ့အခါ ကျွန်တော်တို့ နောက်တစ်ကြိမ်ထပ်ဆုံကြတာပေါ့ ညီနောင်ချန်”
ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီးနောက် ရှောင်ဟူ၊ စစ်ရှီး၊ ချန်ကုံတို့နှင့်အတူ အောက်ထပ်သို့ ပြေးဆင်းသွားလိုက်သည်။
အောက်ထပ်ရောက်သောအခါ ချန်ကျဲ့ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
စစ်ရှီးမှ ပြောသည်။
“စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က လူတွေ ရောက်လာပါတယ်။ ဒီနေ့ညသန်းခေါင်အချိန်မှာ နန်ပါးထျန်းကို ဖမ်းမယ်လို့ ပြောပါတယ်”
ချန်ကျဲ့၏အကြည့်များ စူးရှလာသည်။
“အရမ်းမြန်တာပဲ”
စစ်ရှီးမှ ပြောသည်။
“ကြည့်ရတာ သခင်ကြီးယဲ့လုလည်း အလျင်လိုနေပုံပါပဲ။ အခု သက်သေက ငြင်းဆန်လို့ မရနိုင်တော့ဘူး။ အဲဒါကြောင့် ပြဿနာကို တတ်နိုင်သမျှ မြန်မြန် ဖျက်ဆီးပစ်ချင်နေတာပဲ”
ချန်ကျဲ့မှ ညွှန်ကြားသည်။
“ကောင်းပြီ။ ငါ့ကို အကြောင်းကြားပြီးဖြစ်ကြောင်း သခင်ကြီးယဲ့လုကို လူလွှတ်ပြီး သတင်းပြန်ပို့လိုက်”
ချန်ကျဲ့၏အကြည့်များ အနည်းငယ် ခက်ထန်လာခဲ့သည်။ ထို့နောက် ကျားဖြူခန်းမသို့ အမြန်ပြန်သွားလိုက်သည်။
ထိုစဉ် ဒုတိယထပ်၌ ကျောက်ယာသည် ပြတင်းပေါက်ကို မှီကာ ထွက်ခွာသွားသည့် ချန်ကျဲ့၏ပုံစံကို ကြည့်နေခဲ့သည်။ ဤလူကို အနည်းငယ် ရင်းနှီးနေသည်ဟု သူမ ခံစားနေရဆဲပင်။
ဒီလူက ဘယ်သူများလဲ။ သူ့ပုံစံက သာမန်ကုန်သည်လိုပုံစံမျိုး မဟုတ်နေဘူး။
ထိုသို့အတွေးဖြင့် ကျောက်ယာ အားသာ့ကို ပြောလိုက်သည်။
“သူ့နောက်ကို လိုက်။ သူဘယ်သွားလဲ စောင့်ကြည့်ချည်”
အားသာ့မှ ပြန်ပြောသည်။
“ဟုတ်ကဲ့”
ကျောက်ယာမှ အမိန့်ပေးသည်။
“သူ့ကို သတိမပေးမိစေနဲ့”
အားသာ့မှ ပြန်ပြောသည်။
“ဟုတ်ကဲ့”
ထိုအခါ အားစန်းမှ ပြောသည်။
“ဘာလို့ အဲဒီလောက်ဒုက္ခခံနေမှာလဲ။ ခရိုင်မင်းသမီး သူ့ကို တစ်ခုခုမေးချင်တာရှိရင် ကျွန်တော်တို့ သူ့ကိုဖမ်းပြီး တိုက်ရိုက်မေးလိုက်လို့ ရတာပဲ”
ကျောက်ယာ အားစန်းကို စိုက်ကြည့်ပြီး ဆူပူလိုက်သည်။
“ငါတို့ အရည်အချင်းရှိတဲ့သူတွေကို လေးစားတတ်ဖို့ သင်ယူသင့်တယ်”
“ဗျာ”
အားစန်း ရှုပ်ထွေးသွားသည်။ ကျောက်ယာမှ ပြောသည်။
“အရည်အချင်းရှိတဲ့သူတွေအပေါ် ယဉ်ကျေးရမယ်”
“အိုး”
အားစန်း နောက်ဆုံးတော့ နားလည်သွားခဲ့သည်။
အားသာ့သည် ပြတင်းပေါက်မှ ခုန်ဆင်းလိုက်ပြီး ချန်ကျဲ့ကို စတင်၍ နောက်ယောင်ခံလိုက်သည်။
ချန်ကျဲ့တို့အုပ်စု ကျားဖြူခန်းမသို့ ပြန်နေသည့်လမ်းတွင် ရှောင်ဟူမှ ပြောသည်။
“အစ်ကိုကျိုစစ် ကျွန်တော်တို့ကို နောက်ယောင်ခံလိုက်တဲ့သူ ရှိနေတယ်”
စစ်ရှီးလည်း တွေဝေသွားပြီးနောက် အကြံပြုသည်။
“ခန်းမအရှင်သခင် ကျွန်တော်တို့ သာမန်ပြည်သူအိမ်တစ်အိမ်ဆီ သွားလိုက်ကြမလား”
ချန်ကျဲ့မှ ပြန်ပြောသည်။
“မလိုဘူး။ စိစစ်ရေးတမန်တော်က ငါ့နောက်ခံအကြောင်းအရာတွေကို အလွယ်တကူ စုံစမ်းသိနိုင်တယ်။ တမင်သက်သက်ကြီး အတင်းဖုံးကွယ်ဖို့ ကြိုးစားစရာ အကြောင်းမရှိဘူး။ အန္တရာယ်ဆိုတာ သတိလျော့ရဲလွန်းရင်ရော သတိကြီးလွန်းရင်ရော ဖြစ်တည်လာနိုင်တယ်”
ထိုအခါ စစ်ရှီးမှ ပြောသည်။
“ဟုတ်၊ ဒါဆို ကျွန်တော်တို့ အိမ်တော်ကိုပဲ ပြန်ကြတာပေါ့”
သို့ဖြင့် ချန်ကျဲ့တို့အုပ်စုသည် ကျားဖြူခန်းမသို့ တိုက်ရိုက်ပြန်လာခဲ့သည်။ သူတို့နောက်မှ လိုက်လာသည့် အားသာ့သည် အစောင့်များမှ ချန်ကျဲ့အား ခန်းမအရှင်သခင်ဟု ခေါ်နေသည်အား မြင်လျှင် မျက်မှောင်ကြုတ်သွားရသည်။
“ကျားဖြူခန်းမအရှင်သခင်လား။ ဒီလူက ခရိုင်မင်းသမီးကို လိမ်ရဲတယ်ပေါ့လေ”
အားသာ့သည် မည်သို့လုပ်ဆောင်သင့်သည်ကို စဉ်းစားနေရင်း ခရိုင်မင်းသမီးပြောလိုက်သည့် စကားများကို သတိရလိုက်ကာ ဘာမှမလုပ်ခဲ့ပေ။
ဤသည်မှာ အရည်အချင်းရှိသူကို လေးစားမှုပြသခြင်း ဖြစ်ပေသည်။
သူသည် အစ်ကိုအကြီးဆုံးဖြစ်သောကြောင့် သူ့ကိုယ်သူ အားအာ့နှင့် အားစန်းတို့ထက် ပိုမိုတွေးတောဆင်ခြင်တတ်သင့်သည်ဟု ခံစားရသည်။
ထိုသို့အတွေးဖြင့် အားသာ့သည် အခြေအနေကို တင်ပြရန် လက်ဖက်ရည်ဆိုင်သို့ ပြန်လာခဲ့သည်။
“ချန်ကျဲ့ ချန်ကျိုစစ်”
အားသာ့၏တင်ပြမှုအဆုံး၌ ကျောက်ယာသည် အမျက်ဒေါသထွက်ခြင်း မရှိပေ။ ခြုံငုံလိုက်သော် သူမသည်လည်း အလုံးစုံ ရိုးသားပွင့်လင်းမှုမရှိဘဲ ကိုယ့်ကိုယ်ကိုယ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟု ပြောခဲ့သည်။ သူမကိုယ်တိုင်က အလုံးစုံ ရိုးသားပွင့်လင်းခြင်းမရှိခဲ့လေရာ တစ်ဖက်လူကိုလည်း နားလည်ပေးနိုင်လေသည်။
သို့သော် ကျောက်ယာသည် ခုနက ချန်ကျဲ့ပြောခဲ့သည့် စကားများကို တစ်ဖန်ပြန်တွေးလိုက်မိပြီး ချန်ကျဲ့မှာ အရည်အချင်းရှိသူဖြစ်ကြောင်း ထပ်မံခံစားလိုက်ရသည်။
သူမ ထိုလူကို ပို၍ စိတ်ဝင်စားလာခဲ့သည်။
“အားသာ့”
“ငယ်သားရှိပါတယ်”
ကျောက်ယာ ခေါ်လိုက်သောအခါ အားသာ့သည် ချက်ချင်း အရိုအသေပြုတုံ့ပြန်သည်။ ကျောက်ယာမှ ပြောသည်။
“သူ့ကို ဆက်စောင့်ကြည့်ထား။ တစ်ခုခုထူးခြားရင် ချက်ချင်းပြန်လာပြီး သတင်းပို့ပါ”
“ဟုတ်ကဲ့”
အားသာ့သည် အမိန့်ကိုနာခံကာ ချက်ချင်း ထွက်သွားခဲ့သည်။ ကျောက်ယာသည် လက်ဖက်ရည်တစ်ငုံသောက်လိုက်ရင်း စဉ်းစားနေသည်။
“ချန်ကျိုစစ်…”
…
လင်းယုန်ခန်းမ၌
စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ သတင်းရရှိပြီးနောက်၌ ချင်းယင်သည် နှလုံးခုန်နှုန်းများ မြန်နေခဲ့ကာ အတွေးထဲ နစ်မြောနေခဲ့သည်။ ထို့နောက် ပြောသည်။
“နားလည်ပြီ။ ကျွန်တော် သခင်ကြီးယဲ့လုရဲ့အမိန့်ကို သစ္စာရှိစွာ နာခံပါ့မယ်”
ချင်းယင်နားလည်ပြီးသောအခါ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ သတင်းပို့သူသည် ပြန်ထွက်သွားခဲ့သည်။
သတင်းပို့သူထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ချင်းဟူနှင့် ချင်းပေါင်တို့ ရောက်လာပြီး ချင်းယင်ကို မေးသည်။
“အစ်ကိုကြီး”
ချင်းယင်မှ မျက်မှောင်ကြုတ်လျက် တီးတိုးပြောသည်။
“အင်း ငါတို့ ဒီနေ့ည နန်ပါးထျန်းကို တိုက်ခိုက်ကြမှာ”
“ဒီလောက်အမြန်ကြီးလား”
ချင်းဟူနှင့် ချင်းပေါင်တို့နှစ်ဦးစလုံး အံ့ဩနေကြသည်။ ချင်းယင်မှ ဆက်ပြောသည်။
“နန်ပါးထျန်းက စစ်လက်နက်တွေ လျှို့ဝှက်ထုတ်လုပ်ရဲမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ အခု သခင်ကြီးယဲ့လုက သူ့ကို လက်ပူးလက်ကြပ်ဖမ်းမိထားပြီ။ ဗုဒ္ဓတောင် သူ့ကို ကယ်တင်လို့မရနိုင်တော့ဘူး”
ထိုအခါ ချင်းဟူမှ မျက်မှောင်ကြုတ်လျက် ပြောသည်။
“ဒါက နန်ပါးထျန်းနဲ့ ထိုက်တန်တာပဲလေ။ ဒါပေမဲ့ အစ်ကိုကြီးက ဘာလို့ စိတ်ဓာတ်ကျနေတဲ့ပုံဖြစ်နေရတာလဲ”
ထိုအခါ ချင်းယင်မှ ပြောသည်။
“သခင်ကြီးယဲ့လုက ဒီနေ့ည နန်ပါးထျန်းကို ဖမ်းဆီးတဲ့အချိန်ကျရင် ငါ့ကို နန်ပါးထျန်းကို အလစ်ဖမ်းတိုက်ခိုက်ဖို့ အမိန့်ပေးထားတယ်”
“ဟမ်”
ချင်းဟူနှင့် ချင်းပေါင်တို့နှစ်ဦးစလုံး အံ့ဩထိတ်လန့်သွားကြသည်။
သူတို့ တကယ်ပဲ နန်ပါးထျန်းကို အလစ်တိုက်ခိုက်ရမှာလား။
ချင်းယင်လည်း မျက်မှောင်ကြုတ်လိုက်သည်။
“နန်ပါးထျန်းက အရမ်းသတိကြီးတယ်။ သူ့ကို အလစ်ချောင်းတိုက်ခိုက်ဖို့က ခက်ခဲလိမ့်မယ်”
ထိုအခါ ချင်းဟူမှ မေးသည်။
“အစ်ကိုကြီး ဘယ်လိုလုပ်မှာလဲ”
ချင်းယင်သည် မျက်ခုံးများ အလွန်တွန့်ချိုးနေလျက် ပြန်ပြောသည်။
“ငါက ဘာလုပ်နိုင်မှာတဲ့လဲ။ ငါ သခင်ကြီးယဲ့လုရဲ့အမိန့်ကို မလွန်ဆန်နိုင်ဘူး။ ငါ ဒီကိစ္စကို သေချာစဉ်းစားဖို့လိုတယ်”
ချင်းယင်မှ ဆက်ပြောသည်။
“ငါ ဒီနေ့ည နန်ပါးထျန်းရဲ့အိမ်တော်ကို သွားမယ်။ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ အရေးမကြီးဘူး။ အရေးကြီးတာက လင်းယုန်ခန်းမအဖွဲ့သားတွေအားလုံးကို ခေါ်ခဲ့ဖို့ပဲ။ အဖွဲ့သားတွေရဲ့ တိုက်ရည်ခိုက်ရည်ကလည်း အရေးမကြီးဘူး။ အကုန်လုံးကိုသာ ခေါ်ခဲ့။ ငါတို့ဘက်က လူအင်အားအများဆုံးဖြစ်နေဖို့လိုတယ်”
“အစ်ကိုကြီး ဘယ်လိုစီစဉ်ထားလို့လဲ”
ချင်းဟူမှ မေးသည်။ သူနားမလည်ပေ။