အခန်း (၆၄၅)
Vol. 54 Ch. 645
“ဟားဟား စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က ဌာနချုပ်ကို ဝိုင်းပြီးသွားရင် တိုက်ခိုက်ချင်တဲ့သူ သိပ်မရှိလောက်ဘူး။ အဲဒီအချိန်ကျ အများစုက အန္တရာယ်ကို ခံစားမိပြီး ပြေးရှောင်နေကြလိမ့်မယ်။ ငါတို့ လူများများခေါ်သွားမယ်ဆိုရင် သခင်ကြီးယဲ့လုရဲ့ အရေးကိစ္စကို ငါတို့က အစိုးရိမ်အပူပန်ပေးဆုံးအဖြစ် ထင်ရနိုင်တယ်။ ပြီးတော့ နန်ပါးထျန်းကို အနိုင်တိုက်ပြီးသွားရင် ငါတို့လူတွေလည်း အဆောက်အဦကို ဖောက်ထွင်းသွားပြီး ပစ္စည်းတွေ ယူလို့ရမယ်။ အထူးသဖြင့် နန်ပါးထျန်းရဲ့စုဆောင်းပစ္စည်းတွေကိုပေါ့။ အဲဒါတွေက အရမ်းတန်ဖိုးကြီးတယ်ကွ”
ထိုအခါ ချင်းဟူ နားလည်သွားခဲ့သည်။ ဖရိုဖရဲအခြေအနေအတွင်း လုယက်ခိုးယူခြင်း၊ ဂယက်ရိုက်နေတဲ့ ရေထဲက ငါးတွေလို ရောနှောပြီး နာမည်ကောင်းကိုလည်း ရယူမယ်။
အစ်ကိုကြီးက ဉာဏ်နီဉာဏ်နက်များတယ်လို့ လူတွေပြောကြတာ မထူးဆန်းတော့ပါဘူး။
ချင်းယင်မှ ပြောသည်။
“မင်းတို့ လူသွားရှာလိုက်။ ငါနည်းလမ်းစဉ်းစားဦးမယ်”
“ဟုတ်ကဲ့ပါ အစ်ကိုကြီး”
သို့ဖြင့် ချင်းဟူနှင့် ချင်းပေါင်တို့သည် လူစုရန် ထွက်သွားကြသည်။
ချင်းဟူမှ ပြောသည်။
“ချင်းပေါင် အစ်ကိုကြီးက ငါတို့ကို လူထပ်ရှာခိုင်းလိုက်တာ။ ငါတို့လင်းယုန်ခန်းမမှာ ရှိတာက ကျန်းမာသန်စွမ်းတဲ့လူ အကုန်ပဲလေ။ လူတွေကို ဘယ်မှာထပ်သွားရှာရမှာလဲ”
ချင်းပေါင်မှ မျက်လုံးတို့မှေးကျုံ့၍ ပြောသည်။
“လူတွေ အများကြီးရှိပါတယ်ဗျ။ စားဖိုဆောင်က အလုပ်သမားတွေ၊ မြင်းဇောင်းက အလုပ်သမားတွေ၊ စိုက်ခင်းက အလုပ်သမားတွေနဲ့ အလုပ်သမား အဒေါ်ကြီး ဦးလေးကြီးတွေလည်း ခေါ်လိုက်တာပေါ့။ အဲဒါဆို အနည်းဆုံး လူငါးရာ၊ခြောက်ရာလောက် ရပြီ”
“အလုပ်ဖြစ်ပါ့မလား။ အဲဒီလူတွေက ဘယ်လိုကြည့်ကြည့် တိုက်ခိုက်နိုင်မယ့်ပုံမပေါ်ဘူးလေ”
ချင်းဟူမှ ပြောသည်။
ချင်းပေါင်မှ ပြန်ပြောသည်။
“သူတို့က တိုက်ခိုက်ဖို့မှ မလိုအပ်ဘဲ။ ဒီတိုင်း နောက်မှာရပ်ပြီး လူအရေအတွက်ဖြည့်ပေးရင် ရပြီ။ သခင်ကြီးယဲ့လုကြည့်လိုက်လို့ ငါတို့ခန်းမက လူအရေအတွက်များတာမြင်ရင် အင်အားစိုက်ထုတ်ပေးထားတယ်လို့ မြင်သွားမယ်မဟုတ်လား”
ထိုအခါ ချင်းဟူမှ ပြောသည်။
“အင်း အဓိပ္ပာယ်ရှိတယ်။ ဒါဆို ငါတို့အဒေါ်ကိုလည်း ခေါ်သွားရအောင်။ အဖွားကြီးက မနေ့ကပဲ အိမ်မှာနေရတာ ပျင်းတယ်လို့ ညည်းတွားနေသေးတာ”
ချင်းပေါင်မှ ပြောသည်။
“အဒေါ်က အသက်၈၀ရှိနေပြီလေ”
ချင်းဟူမှ ပြောသည်။
“စိတ်ပြင်းပြမှုက အသက်အရွယ်နဲ့ သက်ဆိုင်လို့လား”
…
ချင်းယင်သည် အခန်းထဲတွင် ထိုင်ကာ နန်ပါးထျန်းအား မည်သို့မည်ပုံ နောက်ကျောဓားထိုးရမည်ကို စဉ်းစားနေခဲ့သည်။ ဤသည်မှာ သခင်ကြီးယဲ့လုဖုန်းမှ သူ့ကိုပေးအပ်သည့် တာဝန်ဖြစ်သကဲ့သို့ စမ်းသပ်မှုလည်း ဖြစ်သည်။
အောင်မြင်ခဲ့ပါက ယဲ့လုဖုန်း၏ မျက်နှာသာပေးခံရသူဖြစ်လာနိုင်လေသည်။ ထိုသို့အတွေးဖြင့် ချင်းယင်၏မျက်နှာထက်တွင် စဉ်းလဲသည့်အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
တကယ်တော့ နန်ပါးထျန်းကျရှုံးခြင်းသည် အကျိုးရလဒ်များလည်း ရှိသည်။ တစ်အချက် နန်ပါးထျန်း၏ အဆက်မပြတ် အရှက်ခွဲကာ ကြိမ်းမောင်းဆူပူမှုများကို သူသည်းခံနေရန် မလိုအပ်တော့ပေ။
နှစ်အချက် သူ ရာထူးတိုးသွားနိုင်သည်။ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ရာထူး မဟုတ်သော်ငြား ကျားဖြူခန်းမကဲ့သို့ သီးသန့်ရပ်တည်နိုင်ခွင့်သည်လည်း အလွန်ကောင်းမွန်ပေသည်။ ထိုအရာသည် သူအရင်က စိတ်ကူးဖြင့်ပင် မရယူနိုင်ခဲ့သည့် အဆင့်အတန်းဖြစ်သည်။
ဒီလောက်ကောင်းမွန်တဲ့ အကြောင်းပြချက်တွေရှိနေတာ တစ်ဖွဲ့တည်းသား ညီနောင်တစ်ယောက်ကို သစ္စာဖောက်ရတော့ရော ဘာအရေးလဲ။
ချင်းယင် အတွေးထဲနစ်မြောနေစဉ် အပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရသည်။
ချင်းယင် ပြောလိုက်သည်။
“ဝင်ခဲ့”
“ခန်းမအရှင်သခင်ကို ဂါရဝပြုပါတယ်”
အဖွဲ့သားသည် ချင်းယင်ကို လက်သီးယှက်အရိုအသေပြုသည်။ ချင်းယင် လှည့်ကြည့်ကာ မေးလိုက်သည်။
“ဘာကိစ္စလဲ”
အဖွဲ့သားမှ ပြောသည်။
“ဌာနချုပ်က ခန်းမအရှင်သခင်ထန်က ခန်းမအရှင်သခင်ကို တွေ့ခွင့်တောင်းနေပါတယ်”
“ဘယ်သူလာတာ”
ချင်းယင်သည် ထိတ်လန့်သွားမှုကြောင့် အဖွဲ့သားကို ထပ်မေးလိုက်သည်။ အဖွဲ့သားမှ အရိုအသေပြုကာ ပြန်ဖြေသည်။
“ခန်းမအရှင်သခင်ထန် ထန်ဇီယွဲ့ပါ”
“သူက ဒီကိုဘာလာလုပ်တာလဲ”
ချင်းယင် မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်သည်။
“အထဲဖိတ်ခေါ်ပြီး လက်ဖက်ရည်တည်ခင်းဧည့်ခံလိုက်”
ထိုစဉ် ထန်ဇီယွဲ့သည် လင်းယုန်ခန်းမအတွင်း ဝင်ထွက်သွားလာသူများကို မှတ်သားနေသည်။
“လင်းယုန်ခန်းမက ဒီလောက်လူတွေအများကြီး လှုပ်ရှားနေတာ ဘာလုပ်ကြမလို့လဲ။ သူတို့မှာ ဘာကိစ္စရှိလို့လဲ”
ထန်ဇီယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။ ထိုအခိုက်အတန့်၌ အကြောင်းကြားရန် ထွက်သွားသည့် အဖွဲ့သားသည် ပြန်ရောက်လာသည်။
“ခန်းမအရှင်သခင်ထန်ကို ကျွန်တော်တို့ခန်းမအရှင်သခင်က အထဲဖိတ်ခေါ်လိုက်ပါတယ်”
ထန်ဇီယွဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပင်မခန်းမသို့ အဖွဲ့သား၏နောက်မှ လိုက်ပါသွားသည်။ သွားနေစဉ်အတွင်း ပိုမိုထူးဆန်းသည့် လှုပ်ရှားမှုများကို မြင်တွေ့ရလေသည်။
ခန်းမသို့ရောက်သောအခါ ချင်းယင်သည် သူ့ကို စောင့်ဆိုင်းနေသည်။ ထန်ဇီယွဲ့ ဝင်လာသည်ကို မြင်သောအခါ ချင်းယင်မှ ရယ်မောလျက် ပြောသည်။
“ဘာလေများ တိုက်ခတ်လိုက်လို့ ခန်းမအရှင်သခင်ထန်က ကျုပ်ဆီ ရောက်လာရတာလဲလေ ဟား ဟား ဟား…”
ချင်းယင်သည် ရယ်မောလျက် ပြောနေခြင်းဖြစ်သော်ငြား သူ၏ မရိုးဖြောင့်မှုမှာ အနည်းငယ် ပေါ်လွင်နေပေသည်။
ထန်ဇီယွဲ့ ချင်းယင်ကိုကြည့်၍ ပြောလိုက်သည်။
“ခန်းမအရှင်သခင်ချင်း အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူးဗျာ။ ဒီတိုင်း ပျင်းလို့ ခန်းမအရှင်သခင်ချင်းနဲ့ စကားလေးဘာလေးပြောရအောင် လာခဲ့တာပါ”
ချင်းယင်မှ ပြောသည်။
“အို ခန်းမအရှင်သခင်ထန် ထိုင်ပါ ထိုင်ပါ၊ စကားပြောကြတာပေါ့”
ထိုအခါ ထန်ဇီယွဲ့ ဝင်ထိုင်လိုက်သည်။
“ခန်းမအရှင်သခင်ချင်း လတ်တလောမှာ ခေါင်းဆောင်က ခန်းမအရှင်သခင်ချင်းကို တစ်ခုခုတာဝန်ပေးထားလို့လား”
“တာဝန်လား။ မပေးပါဘူး။ ခေါင်းဆောင်က ကျုပ်ကို အသုံးမကျတဲ့သူလို့ ပြောပြီးတဲ့နောက်ပိုင်းကတည်းက ကျုပ်ကို မဆင့်ခေါ်တာ သုံး၊လေးရက်ရှိပြီရယ်။ တခြားဘာတာဝန်မှလည်း မပေးဘူးလေ”
ထိုအခါ ထန်ဇီယွဲ့ မျက်လုံးတို့မှေးကျဉ်းလိုက်ပြီး လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။
“ခေါင်းဆောင်က ဒေါသကြီးတော့ လူတွေကို စိတ်လိုလက်ရ စကားကြမ်းကြမ်းတွေ ပြောမိတတ်တယ်။ အရင်တစ်ခေါက်က ခေါင်းဆောင်က တကယ်ပဲ ခန်းမအရှင်သခင်ချင်းအပေါ် လွန်သွားခဲ့တယ်”
ထိုစကားတွင် ချင်းယင်၏ညာလက်မှာ လက်သီးတင်းတင်းဆုပ်သွားသည်။ သို့သော် အမြန်ပြန်၍ တည်ငြိမ်စေလိုက်သည်။ သို့သော် ထန်ဇီယွဲ့သည် ထိုသေးငယ်သည့် လှုပ်ရှားမှုလေးကို သတိထားမိလိုက်မြဲပင်။
ထန်ဇီယွဲ့ နှလုံးတစ်ချက် ဆောင့်ခုန်သွား၏။ ထိုစဉ် ချင်းယင်မှ ပြောသည်။
“ဟားဟာ ခေါင်းဆောင်က ကျုပ်အပေါ် အမြဲ ကောင်းပေးခဲ့တာပဲလေ။ သူဆူပူတယ်ဆိုတာလည်း ကျုပ်ကောင်းစေချင်လို့ပါပဲ”
ထန်ဇီယွဲ့ သဘောတူဟန် ပြုံးပြလိုက်သည်။
အနည်းငယ်မျှ ဟိုဟိုသည်သည် စကားပြောဆိုကြပြီးနောက်၌ ထန်ဇီယွဲ့မှ ပြောသည်။
“ဒါဆိုလည်း ခန်းမအရှင်သခင်ချင်း ကျုပ် ဆက်ပြီး အချိန်ဖြုန်းမနေတော့ပါဘူး။ ကျုပ်ကို ပြန်ခွင့်ပြုပါဦး”
ချင်းယင် မသိမသာ မျက်မှောင်ကြုတ်သွား၏။
စကားလေးနည်းနည်းပြောပြီးတော့ ပြန်တော့မယ်တဲ့လား။
ထိုသို့အတွေးဖြင့် ချင်းယင်မှ ပြောသည်။
“အို ကျုပ် လိုက်ပို့ပေးပါ့မယ် ခန်းမအရှင်သခင်ထန်”
“မလိုပါဘူး မလိုပါဘူး”
ထန်ဇီယွဲ့ ပြန်ရန် ထရပ်လိုက်သည်။ ထန်ဇီယွဲ့ကို ကြည့်ရင်း ချင်းယင်မှာ မျက်ခုံးများ ပို၍ တွန့်ချိုးလာသည်။ သူ၏စိတ်ထဲတွင် မူမမှန်သည့်ခံစားချက်ကြီး ခံစားနေရသည်။
မဟုတ်သေးဘူး။ တစ်ခုခုမှားနေပြီ။ ထန်ဇိယွဲ့ တစ်ခုခုသတိထားမိသွားတာလား။
ထိုသို့အတွေးဖြင့် ချင်းယင်သည် ထွက်သွားပြီဖြစ်သည့် ထန်ဇီယွဲ့နောက်သို့ လိုက်ချောင်းကြည့်သည်။
ထန်ဇီယွဲ့သည် လင်းယုန်ခန်းမထဲမှ အလျင်စလိုထွက်လာပြီးနောက် လမ်းကြားတစ်ခုထဲ ပြေးပုန်းကာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
ခေါင်းဆောင်ရဲ့အမိန့်မရှိဘဲနဲ့ လူအင်အားအများကြီးကို လှုပ်ရှားခိုင်းထားတာလား။ သူတို့ဘာလုပ်ချင်နေကြတာလဲ။
အထူးသဖြင့် ဒီလိုအထိမခံတဲ့ အခြေအနေမျိုးကြီးမှာ လူအင်အားအများကြီး လှုပ်ရှားနေတယ်ဆိုတာ ကိစ္စတစ်ခုခုရှိတယ်လို့ ဖော်ပြနေတာပဲ။
ထိုသို့တွေးလိုက်ပြီးနောက် ထန်ဇီယွဲ့သည် နန်ပါးထျန်းအား အမြန်တင်ပြရန် ဆုံးဖြတ်လိုက်သည်။ ဤသို့အခြေအနေမျိုး၌ ကြိုတင်ပြင်ဆင်ထားမှသာ ကြိုတင်မသိမြင်နိုင်သည့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်လိမ့်မည်ပင်။
ထန်ဇီယွဲ့သည် ယခုတိုက်ခတ်နေသည့် လေပြေ၏ လားရာမှာ မှားယွင်းနေသည်ဟု ခံစားနေရသည်။ ထို့ပြင် သူ့တွင် ဤရက်ပိုင်းအတွင်း၌ ညာဘက်မျက်ခမ်းများ အပြင်းအထန် လှုပ်နေခဲ့ပေသည်။ ‘ဘယ်ဘက်မျက်ခမ်းလှုပ်ခြင်းသည် ကြီးပွားချမ်းသာမှု၊ ညာဘက်မျက်ခမ်းလှုပ်ခြင်းသည် ဘေးဒုက္ခ”ဟု အဓိပ္ပာယ်ဆောင်လေရာ ဤသည်မှာ မကောင်းသည့် လက္ခဏာပင်။
ထို့ပြင် ဒီနေ့မြင်ခဲ့ရသည့် ချင်းယင်၏ ပုံမှန်မဟုတ်သည့် အပြုအမူကို သုံးသပ်ကြည့်လိုက်ပါက ဘေးဒုက္ခကို ဖော်ဆောင်နေကြောင်း သိသာလှသည်။
ဒီလိုအခြေအနေနဲ့ဆို ခေါင်းဆောင်ကို အမြန်သတင်းပေးဖို့ကလွဲရင် တခြားရွေးချယ်စရာမရှိဘူးပဲ။