အခန်း (၆၄၆)
Vol. 54 Ch. 646
ထိုသို့တွေးလျက် ထန်ဇီယွဲ့သည် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ဆီသို့ အမြန်သွားရန် လှည့်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်၌ သူ၏ရှေ့တွင် ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူ့တွင် ရှောင်လွှဲရန်လမ်း မရှိပေ။
“ခန်းမအရှင်သခင်ချင်း ခန်းမအရှင်သခင်ချင်း”
ထန်ဇီယွဲ့ ထိတ်လန့်သွား၏။ သို့သော် ချက်ချင်းပင် ပုံမှန်အနေအထားဖြစ်အောင် ထိန်းချုပ်နိုင်လိုက်ပြီး ပြောသည်။
“ခန်းမအရှင်သခင်ချင်း ဘယ်လိုဖြစ်လို့ ဒီအထိထွက်လာတာလဲဗျ”
ထိုအခါ ချင်းယင် ခပ်ဟဟ ရယ်မောလိုက်သည်။
“ခန်းမအရှင်သခင်ထန်ကို ကျုပ် ခုနက ဧည့်ခံလိုက်တာမှာ နည်းနည်းလိုအပ်သွားသလို ခံစားရလို့ ပြန်ဖိတ်ခေါ်ဖို့ လိုက်လာခဲ့တာပါ။ ကျေးဇူးပြုပြီး ခန်းမအရှင်သခင်ထန် ကျုပ်နဲ့ ပြန်လိုက်ခဲ့ပေးပါ”
ထန်ဇီယွဲ့မှ ပြောသည်။
“အာ ခန်းမအရှင်သခင်ချင်း အဲဒီလောက်ယဉ်ကျေးဖို့ မလိုပါဘူးဗျာ။ ကျုပ်လည်း အိမ်မှာ ကိစ္စလေးတွေရှိသေးလို့ ပြန်မလိုက်တော့ပါဘူး။ ဒါဆို ကျုပ်သွားလိုက်ပါဦးမယ်”
“နေဦး”
ချင်းယင်သည် ထန်ဇီယွဲ့ကို လမ်းပိတ်လိုက်ပြီး ပြောသည်။
“ခန်းမအရှင်သခင်ထန်က ကျုပ်ကို မျက်နှာသာမပေးဘူးပဲ”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“ဒါက မျက်နှာသာပေးတာနဲ့ မဆိုင်ပါဘူး။ တကယ့်ကို ကျုပ်အိမ်မှာ အရေးကြီးကိစ္စလေးရှိလို့ လျစ်လျူရှုထားလို့ မရလို့ပါ”
ထိုအခါ ချင်းယင်၏မျက်နှာမှာ ခက်ထန်လာတော့သည်။
“ခန်းမအရှင်သခင်ထန်ရဲ့အိမ်တော်က ကိစ္စတွေကို ကျုပ်ဖြေရှင်းပေးပါ့မယ်။ ဒီနေ့နဲ့ မနက်ဖြန်ပဲ ကျုပ်အိမ်တော်မှာ နေလိုက်ပါ။ နောက်ကျ ကျုပ်ကိုယ်တိုင် ခန်းမအရှင်သခင်ထန်ကို ပြန်လိုက်ပို့ပေးပါ့မယ်”
ထန်ဇီယွဲ့မှာ ချင်းယင်ကို ကြည့်နေရင်း မျက်နှာမည်းမှောင်လာရသည်။
“ခန်းမအရှင်သခင်ချင်းက ကျုပ်ကို အချိန်အတိအကျနဲ့ ထိန်းသိမ်းထားဖို့လုပ်နေတာ ရည်ရွယ်ချက်က ဘာများလဲ။ ခန်းမအရှင်သခင်ချင်းမှာ ဘာများ စိတ်မလုံစရာရှိလို့ပါလဲ”
ချင်းယင်သည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ပြန်ပြောသည်။
“ခန်းမအရှင်သခင်ထန် ကျုပ်ကို အထင်လွဲနေပါပြီ”
စကားဆုံးသည်နှင့်တစ်ပြိုင်နက် ချင်းယင်သည် ရုတ်ချည်း ရှေ့သို့ခုန်တက်လာကာ ထန်ဇီယွဲ့ကို တိုက်ခိုက်တော့သည်။
ထန်ဇီယွဲ့သည် ထိတ်ပျာသွားပြီး အမြန်လက်မြှောက်၍ ခုခံလိုက်သည်။ သို့သော် သံမဏိအရိုးအဆင့်သိုင်းပညာရှင်တစ်ဦးဖြစ်သည့် ထန်ဇီယွဲ့မှာ အဘယ်သို့များ ချင်းယင်၏ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။ ထန်ဇီယွဲ့မှာ ချင်းယင်၏ ဖမ်းဆီးခြင်းခံလိုက်ရသည်။
ချင်းယင်သည် ထန်ဇီယွဲ့ကို ဖမ်းချုပ်လိုက်ပြီး ပြောသည်။
“ခန်းမအရှင်သခင်ထန် အပြစ်ပြုမိပါပြီ”
ထန်ဇီယွဲ့သည် ထိတ်လန့်မှုနှင့် ဒေါသစွက်လျက် ပြောသည်။
“ချင်းယင် မင်းဘာလုပ်နေတာလဲ။ မင်း အွန့်….”
ချင်းယင်သည် ထန်ဇီယွဲ့ကို ပါးစပ်ပိတ်လိုက်ပြီး လင်းယုန်ခန်းမသို့ ခေါ်သွားလိုက်သည်။
ထို့နောက် ချင်းဟူနှင့် ချင်းပေါင်တို့ ရောက်လာပြီး ထန်ဇီယွဲ့ကို ထမ်းသယ်လာသည့် ချင်းယင်ကို မြင်လိုက်ရလေသည်။
“အစ်ကိုကြီး ဘာလို့ သူ့ကိုဖမ်းထားတာလဲ”
ချင်းယင်မှ မျက်မှောင်ကြုတ်လျက် ပြောသည်။
“ငါတို့မူမမှန်တာကို သူသိသွားတယ်။ ငါ သူ့ကို နန်ပါးထျန်းနဲ့ တွေ့ခွင့်မပေးနိုင်ဘူး”
ထိုအခါ ချင်းဟူမှ ပြောသည်။
“ဒါဆို သတ်လိုက်ကြတာပေါ့”
ချင်းယင်မှ ပြောသည်။
“မဖြစ်ဘူး”
“သူ့ကို အသက်ရှင်လျက်ထားလို့ ဘာအသုံးဝင်မှာလဲ”
ချင်းဟူ၏စကားကို ချင်းယင်မှ ပြန်ပြောသည်။
“အနာဂတ်မှာ ငါတို့ ချန်ကျိုစစ်နဲ့ ရင်ဆိုင်ရတဲ့အခါ အကြံပေးလိုအပ်တယ်။ ခန်းမအရှင်သခင်ထန်ရဲ့ ဉာဏ်ပညာထက်မြက်မှုကို ငါတို့လိုအပ်တယ်”
ချင်းဟူ တွေဝေသွား၏။ ထိုစဉ် ချင်းယင်သည် ထန်ဇီယွဲ့ကို လှည့်ကြည့်လိုက်သည်။ ထန်ဇီယွဲ့သည်လည်း သူ့ကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။
ချင်းယင်မှ ပြောသည်။
“ကြိုးယူလာပြီး ခန်းမအရှင်သခင်ထန်ကို ချည်ထားလိုက်”
ထိုအခါ ချင်းပေါင်သည် ထန်ဇီယွဲ့ကို ကြိုးချည်လိုက်သည်။ သေချာချည်နှောင်ပြီးသောအခါ ချင်းယင်သည် ထန်ဇီယွဲ့ကို အရိုအသေပြုလိုက်ပြီး ပြောသည်။
“ခန်းမအရှင်သခင်ထန် အပြစ်ပြုမိပါပြီ”
အွန်း…
ထန်ဇီယွဲ့သည် ပါးစပ်တွင် အဝတ်ဆို့ခံထားရသည့်တိုင် ဆက်တိုက် ဗလုံးဗထွေးပြောနေခဲ့သည်။
ချင်းယင် ခဏမျှစဉ်းစားလိုက်ပြီးနောက် ပြောသည်။
“ပါးစပ်က အဝတ်စ ဖယ်ပေးလိုက်”
အဝတ်ဖယ်ပေးခံလိုက်ရသောအခါ ထန်ဇီယွဲ့သည် ချင်းယင်ကို ဒေါသတကြီးကြည့်၍ ပြောသည်။
“ချင်းယင် မင်းရူးနေပြီပဲ။ မင်းဘာလုပ်မလို့လဲ။ ငါ မင်းကိုအကြံပေးလိုက်မယ်။ မင်းရဲ့လူနည်းနည်းလောက်လေးနဲ့ ခေါင်းဆောင်ကို အနိုင်မယူနိုင်ဘူး။ မင်းပုန်ကန်လို့မရဘူး”
ထိုအခါ ချင်းယင်မှ ပြောသည်။
“ခန်းမအရှင်သခင်ထန်ပြောတာ လုံးဝ မှန်ပါတယ်”
“ဒါဆို မင်းဘာလို့ ငါ့ကိုဖမ်းထားရတာလဲ။ ငါ့ကို အခုချက်ချင်းလွှတ်ပေး။ အဲဒါဆို ဒီကိစ္စအားလုံးကို အထင်လွဲမှုအဖြစ်ပဲ သတ်မှတ်ပေးမယ်”
ထန်ဇီယွဲ့မှ ထပ်ပြောသည်။
ချင်းယင်မှ ပြောသည်။
“မရဘူး။ ကျုပ် မင်းကို လွှတ်ပေးလို့မရဘူး ခန်းမအရှင်သခင်ထန်။ မင်းကို လွှတ်ပေးလိုက်ရင် ကျုပ်တို့ရဲ့ ကိစ္စကြီးကို ဖျက်ဆီးမိလိမ့်မယ်”
“မင်းတို့ရဲ့အစီအစဉ်တဲ့လား။ တခြားဘယ်သူပါသေးလို့လဲ”
ချင်းယင်မှ ပြောသည်။
“တောင်းပန်ပါတယ်။ ကျုပ်မပြောပြနိုင်ဘူး”
ထန်ဇီယွဲ့မှ ပြောသည်။
“မင်း ငါ့ကို ပြောပြဖို့မလိုပါဘူး။ ငါသိပြီးသားပဲ။ ချန်ကျိုစစ် ဟုတ်တယ်မလား။ မင်းကို ချန်ကျိုစစ်က လုပ်ခိုင်းတာပဲ ဖြစ်လိမ့်မယ်၊ ငါသိတယ်။ ဒါပေမဲ့ မင်းတို့နှစ်ယောက်လေးနဲ့ ခေါင်းဆောင်ကို အနိုင်ယူဖို့ မလုံလောက်ဘူး။ မင်းတို့ ကျရှုံးမှာပဲ။ မင်း အခု ငါ့ကိုလွှတ်ပေးရင် ငါဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေးနိုင်တယ်။ ငါတို့ ခေါင်းဆောင်ကို သွားသတင်းပို့ကြမယ်။ အဲဒါဆို အပြစ်ကို အကျိုးဆောင်မှုနဲ့ ချေဖျက်နိုင်မယ်”
“အပြစ်ကို အကျိုးဆောင်မှုနဲ့ ချေဖျက်မယ်တဲ့လား”
“ဟား ခန်းမအရှင်သခင်ထန်က အရမ်းရိုးအတာပဲ။ ဒီတစ်ခေါက်က ကျုပ်နဲ့ ချန်ကျိုစစ်ပဲ မဟုတ်သလို ကျုပ်နဲ့ ချန်ကျိုစစ်ကို အဓိက ပူပန်နေရမှာလည်း မဟုတ်ဘူး။ ဒီတစ်ခေါက် နန်ပါးထျန်းကို ဖြုတ်ချချင်နေတဲ့သူက သခင်ကြီးယဲ့လုပဲ”
“ဘာ မဖြစ်နိုင်တာ”
ထန်ဇီယွဲ့ အံ့အားသင့်မှုကြောင့် မျက်လုံးပြူးနေသည်။
“သခင်ကြီးယဲ့လုက ဘာလို့ ခေါင်းဆောင်ကို အန္တရာယ်ပြုချင်ရမှာလဲ။ ချင်းယင် မင်းလိမ်ပြောနေတာပဲဖြစ်မယ်”
ထိုအခါ ချင်းယင်မှ ထန်ဇီယွဲ့ကို စေ့စေ့ကြည့်၍ ပြောသည်။
“ခန်းမအရှင်သခင်ထန် မင်းက အရမ်းဉာဏ်ကောင်းပေမဲ့ တစ်ခါတလေကျ လူ့စိတ်က ခန့်မှန်းရခက်ခဲတယ်လေ။ ဥပမာပြောရရင် မင်း ခေါင်းဆောင်ဘာတွေလုပ်ထားလဲဆိုတာ သိသလား”
ဘာ..
ထန်ဇီယွဲ့သည် ဘာမှပြန်မပြောဘဲ ချင်းယင်အား နားမလည်နိုင်သည့်မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
“ခေါင်းဆောင်က မြောက်ပိုင်းတောင်သံသတ္တုတွင်းမှာ အသေခံတပ်သားတွေကို သုံးပြီး စစ်လက်နက်ပစ္စည်းတွေကို လျှို့ဝှက်ထုတ်လုပ်နေခဲ့တယ်။ အခု အဲဒါကို ချီမုကောနဲ့စစ်တပ်က ထိန်းသိမ်းထားပြီ”
ဘာ။
ထန်ဇီယွဲ့မှာ အလွန်အမင်းရှုပ်ထွေးနေလျက် မယုံကြည်နိုင်ဟန်သော အမူအရာမှာ မဖုံးကွယ်နိုင်လောက်အောင်ပင်။ နောက်ဆုံးတွင်တော့ မေးနိုင်လိုက်သည်။
“စစ်လက်နက်ပစ္စည်းတွေကို လျှို့ဝှက်ထုတ်လုပ်နေတယ်တဲ့လား။ ပြီးတော့ အဲဒါကို လက်ပူးလက်ကြပ် ဖမ်းမိသွားတာလား”
ချင်းယင်မှ ပြောသည်။
“မဟုတ်ရင် ငါက ဘာလို့ ခေါင်းဆောင်ကို သစ္စာဖောက်မှာလဲ။ အခု ခေါင်းဆောင်က စစ်လက်နက်လျှို့ဝှက်ထုတ်လုပ်မှု၊ ပုန်ကန်ဖို့ကြံစည်မှု၊ မိန်ဂိုဏ်းနဲ့ပူးပေါင်းမှုတွေနဲ့ စွဲချက်တင်ခံရတော့မှာ။ သူ့ပြစ်မှုတွေက မလွတ်မြောက်နိုင်တဲ့ပြစ်မှုတွေပဲ။ ခေါင်းဆောင်က အဆုံးသတ်သွားပြီ”
“ဒါ ဒါက…”
ထန်ဇီယွဲ့သည် ချင်းယင်ကိုသာ စိုက်ကြည့်နေရင်း လုံးဝ ပြိုလဲသွားတော့သည်။
ခေါင်းဆောင်က ဘာလို့ ဒီလောက်တောင် ရူးမိုက်ရတာလဲ။
ချင်းယင်မှ ပြောသည်။
“သခင်ကြီးယဲ့လုက အမိန့်ပေးထားတယ်။ ဒီနေ့ည ငါ၊ ချန်ကျိုစစ်၊ လျိုလောင်ကွေ့တို့နဲ့ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က စစ်သည်တွေ ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ကို ဝိုင်းပြီး သူပုန်နန်ပါးထျန်းကို ဖမ်းရမယ်”
စကားအဆုံး၌ ထန်ဇီယွဲ့သည် စိတ်ပျက်လက်ပျက် ခေါင်းငုံ့သွားတော့သည်။ သူ၏မျက်လုံးများမှာ အသက်ဝိဉာဉ်ပျောက်ဆုံးသွားသည့်အလား ဗလာဟင်းလင်းဖြစ်နေတော့သည်။
ချင်းယင် မတ်တပ်ရပ်လိုက်ပြီး ပြောသည်။
“အဲဒါကြောင့် ဒီတစ်ခါတော့ ခန်းမအရှင်သခင်ထန် မင်း ကျုပ်အိမ်တော်မှာ တစ်ညနေပေးနိုင်မလား။ စိတ်ချပါ၊ နန်ပါးထျန်းကိစ္စကို ဖြေရှင်းပြီးတာနဲ့ မနက်ဖြန်ကျရင် ငါကိုယ်တိုင် မင်းအတွက် အသနားခံပေးမယ်”
ထိုသို့ပြောခဲ့ပြီး ချင်းယင်သည် လှည့်ထွက်သွားတော့သည်။ ထန်ဇီယွဲ့တစ်ဦးတည်းသာ အခန်းထဲ ကျန်ရစ်ခဲ့လေသည်။
ထိုအချိန်၌ ထန်ဇီယွဲ့သည် နေရာတွင် ဗလာဖြစ်နေသော မျက်လုံးများဖြင့် မှိုင်တွေထိုင်နေခဲ့သည်။
စွင်းမိသားစုပန်းပဲရုံ၊ မြို့ပြင်က ခေါင်းတလားတွေ၊ လျှို့ဝှက်စာ၊ မြစ်ပိတ်ဆို့မှု၊ စစ်လက်နက်လျှို့ဝှက်ထုတ်လုပ်မှု…
“ထောင်ချောက်ပဲ။ ဒါတွေအားလုံး ချန်ကျိုစစ်ရဲ့အကြံအစည်တွေပဲ”
ထန်ဇီယွဲ့ ရုတ်တရက်နားလည်သွားခဲ့သည်။
“ချန်ကျိုစစ် မင်း မင်းထပ်ပြီး နိုင်သွားပြန်ပြီ”
ချင်းယင်သည် အပြင်ရောက်သောအခါ ချင်းဟူနှင့်ချင်းပေါင်တို့ကို ပြောသည်။
“ခန်းမအရှင်သခင်ထန်ကို သေချာစောင့်ကြည့်ထား။ ငါ နန်ပါးထျန်းကို ဖြေရှင်းဖို့ ဌာနချုပ်ကိုသွားမယ်”
“ဟုတ်ကဲ့”