အခန်း (၆၄၇)
Vol. 54 Ch. 647
ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်၌
“ခေါင်းဆောင်ကိုဂါရဝပြုပါတယ်”
ချင်းယင်မှ နန်ပါးထျန်းကို လက်သီးယှက်အရိုအသေပြုသည်။ အချိန်မှာ ညမှောင်နေပြီဖြစ်ကာ နန်ပါးထျန်းသည် စိုးရိမ်ပူပန်မှုကြောင့် မျက်မှောင်ကြုတ်လျက် စာကြည့်ခန်းတွင် ထိုင်နေသည်။
မျက်နှာအမူအရာမှာ သူအခက်တွေ့နေကြောင်း သိသာနေပေသည်။
ချင်းယင်သည် နန်ပါးထျန်း ထိုသို့ဖြစ်နေရသည့် အကြောင်းအရင်းကို မသိသဖြင့် အရိုအသေပြုသည့် လက်ဟန်ကို ပြန်မရုတ်သိမ်းသေးဘဲ ရပ်နေခဲ့သည်။
နန်ပါးထျန်းသည် ချင်းယင်ကို မေးလာသည်။
“ဒီအချိန်ကြီး ဘာကိစ္စလဲ”
ချင်းယင်မှ ပြန်ပြောသည်။
“ခေါင်းဆောင် ဒီလိုပါ။ ကျွန်တော့်မှာ ဟွမ်ကျိုးပြည်နယ်ဘက်နဲ့ အဆက်အသွယ်နည်းနည်းရှိတာကြောင့် ကုန်တင်သင်္ဘောအစင်း၃၀ ငှားလို့ရခဲ့ပါတယ်။ ကျွန်တော် အဲဒီအကြောင်း လာတင်ပြတာပါ။ အဲဒါက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ငွေကြေးအကျပ်အတည်းအတွက် နည်းနည်းလောက် အထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်”
နန်ပါးထျန်း တွေဝေသွားပြီး ချင်းယင်ကို ကြည့်လိုက်သည်။ ချင်းယင်မှာ ရုတ်ချည်း ထိတ်ပျာသွား၏။
သူ မူမမှန်တာတစ်ခုခု ခံစားမိသွားတာလား။
သို့သော် ချင်းယင်သည် စိတ်အတွင်းမှ တင်းမာမှုကို ချိုးနှိပ်ကာ အပြုံးမပျက်စေဘဲ ပုံမှန်ဖြစ်အောင် ထိန်းချုပ်ထားခဲ့သည်။
ထို့နောက် နန်ပါးထျန်း၏မျက်နှာထက်တွင် အပြုံးရေးရေး ဖြစ်တည်လာသည်။ သူ ချင်းယင်ကို မေးသည်။
“အားယင် မင်း ငါနဲ့ အလုပ်တွဲလုပ်တာ ဘယ်လောက်ကြာပြီလဲ”
ချင်းယင် ချက်ချင်း အရိုအသေပြုကာ ပြန်ဖြေသည်။
“၇နှစ် ၈နှစ်လောက် ရှိပါပြီ”
နန်ပါးထျန်းမှ ပြောသည်။
“အင်း ၇နှစ်၊၈နှစ်ရှိပြီ။ အတိအကျပြောရရင် ဒီနှစ်တွေအတွင်းမှာ မင်းက ငါးဖမ်းကုန်သည်အဖွဲ့အတွက် ကြိုးကြိုးစားစား အလုပ်လုပ်ပြီး မင်းကိုယ်မင်း အပြည့်အဝ နှစ်မြှုပ်ထားခဲ့တယ်”
ချင်းယင် မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားရသည်။ သို့တိုင် လက်သီးယှက်အရိုအသေပြုမြဲဖြင့် ပြန်ပြောသည်။
“အဲဒါက ကျွန်တော့်တာဝန်ပါပဲ”
နန်ပါးထျန်းသည် အတိတ်ကို ပြန်ပြောင်းသတိရလျက် ပြောသည်။
“မင်းတို့ညီအစ်ကိုသုံးယောက် ငါးဖမ်းကုန်သည်အဖွဲ့ကို ဝင်ခါစတုန်းက မင်းက လက်ရဲဇက်ရဲနဲ့ ကျားကုတ်ကျားခဲကြိုးစားတတ်တဲ့ ၁၇၊၁၈နှစ်အရွယ် လူငယ်လေးပဲ ရှိသေးတာ။ မင်းက အနာဂတ်မှာ ဖြစ်မြောက်မယ့် မျိုးစေ့ကောင်းလေးဆိုတာ ငါ တစ်ချက်ကြည့်လိုက်ရုံနဲ့ ပြောနိုင်တယ်။ ကံဆိုးစွာနဲ့ ဝံပုလွေရိုင်းခန်းမအရှင်သခင်က မင်းကိုဆန့်ကျင်ခဲ့ပြီး မင်းကို အကြိမ်ပေါင်းများစွာ ထောင်ချောက်ဆင်ခဲ့တယ်။ နောက်တော့ မင်းက ငါ့ကို မင်းရဲ့တန်ဖိုးကို ပြသပေးခဲ့ပြီး ဝံပုလွေရိုင်းခန်းမက အခုလို လင်းယုန်ခန်းမဆိုပြီး ဖြစ်လာခဲ့တယ်”
“ပြန်တွေးကြည့်လိုက်ရင် တကယ့်ကို လွမ်းဆွတ်စရာပဲ။ ဒီနှစ်တွေအတွင်းမှာ ငါတို့ရဲ့ဆက်ဆံရေးကလည်း နက်ရှိုင်းလာခဲ့တယ်”
ချင်းယင်မှ ရိုကျိုးလေးစားစွာဖြင့် ပြန်ပြောသည်။
“ခေါင်းဆောင်ရဲ့ကျေးဇူးကြောင့် မဟုတ်ခဲ့ရင် ချင်းယင်က ဘယ်တော့မှ အမြင့်ကိုတက်ဖို့ အခွင့်အရေးရခဲ့မှာ မဟုတ်ပါဘူး။ ခေါင်းဆောင်ရဲ့ကြင်နာမှုကို ကျွန်တော် တစ်သက်လုံး ကျေးဇူးတင်နေမှာပါ”
နန်ပါးထျန်းမှ ပြောသည်။
“အာ ဒီအကြောင်းတွေ မပြောရအောင်။ ဒီတစ်လော ငါ ချန်ကျိုစစ်ရဲ့လှည့်ကွက်တွေကြောင့် မူးနောက်ပြီး ပူပန်နေလို့ စိတ်လောနေတဲ့အခြေအနေမှာ မသင့်တော်တဲ့အပြုအမူတွေ လုပ်ကောင်းလုပ်မိနိုင်တယ်။ လွန်ခဲ့တဲ့ရက်တုန်းက ငါ ဒေါသပေါက်ကွဲပြီး မင်းကို အသုံးမကျဘူးလို့ ပြောမိခဲ့တယ်။ အားယင် မင်း အဲဒီအတွက် ငါ့ကို အငြိုးမထားပါဘူးနော် ဟုတ်တယ်မလား”
နန်ပါးထျန်းမှ ချင်းယင်ကိုကြည့်လျက် မေးသည်။
ချင်းယင်သည် အမြန်လက်သီးယှက်အရိုအသေပြုလျက် ပြန်ဖြေသည်။
“ခေါင်းဆောင် ချဲ့ကားလွန်းနေပါပြီ။ ချင်းယင်အတွက်တော့ ခေါင်းဆောင်က ဆရာတစ်ယောက်လိုပါပဲ။ ဆရာက တပည့်ကို နည်းနည်းလောက် ဆူတယ်ဆိုတာ အငြိုးအတေးထားရမယ့်အကြောင်းအရာ မဟုတ်ပါဘူး။ ခေါင်းဆောင်စိတ်ချပါ။ ကျွန်တော့်စိတ်ထဲ အငြိုးအတေးမရှိပါဘူး”
ချင်းယင်၏ စကားအဆုံး၌ နန်ပါးထျန်းသည် ချင်းယင်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်ပြီး မေးသည်။
“ဟုတ်လား”
ချင်းယင် အရိုအသေပြု၍ ပြန်ပြောသည်။
“လုံးဝ အငြိုးအတေးမထားပါဘူး။ ကျွန်တော် ခေါင်းဆောင်ကို ဆရာတစ်ယောက်လို အဖေတစ်ယောက်လို သဘောထားပါတယ်။ ခေါင်းဆောင် ကျွန်တော့်ကို ဆူတယ်ဆိုတာ ကျွန်တော့်ကို ဂရုစိုက်လို့ပါပဲ။ ကျွန်တော် မမုန်းပါဘူး၊ ကျေးဇူးတင်မိပါတယ်”
ထိုစကားများတွင် နန်ပါးထျန်းသည် စိတ်သက်သာရာရသွားကာ ချင်းယင်၏ပခုံးကို ဖွဖွပုတ်ရင်း ပြောသည်။
“ကောင်းတယ်။ မင်းဒီလိုစဉ်းစားတယ်ဆိုလို့ ငါဝမ်းသာပါတယ်။ ငါက အဲဒီနေ့ကိစ္စကြောင့် မင်း ငါ့အပေါ် စိတ်ပြောင်းလဲသွားမှာ စိုးရိမ်နေတာ။ ငါတို့ရဲ့ဆက်ဆံရေးကို ထိခိုက်မှာစိုးလို့လေ”
ချင်းယင်မှ ပြောသည်။
“ဟုတ်ကဲ့ပါ ခေါင်းဆောင်။ ကျွန်တော်တို့ရဲ့ဆက်ဆံရေးက တခြားသူတွေကြောင့် အလွယ်တကူ မညစ်ထေးနိုင်ပါဘူး”
နန်ပါးထျန်း ခပ်ဖျော့ဖျော့ ခေါင်းညိတ်သည်။
“အင်း တကယ့်ကို ငါ့ရဲ့ယုံကြည်မှုနဲ့ ထိုက်တန်တယ်။ ချင်းယင် အနာဂတ်မှာ ငါ ကုန်သည်အဖွဲ့ခေါင်းဆောင် ဆက်မလုပ်နိုင်တော့ရင် ငါရဲ့ဒီရာထူးကို မင်းကို လွှဲပြောင်းပေးမယ်”
ထိုစကားတွင် ချင်းယင် မျက်မှောင်ကြုတ်သွားသည်။
ငါ့ကို ရာထူးလွှဲပေးမယ်တဲ့လား။
ချင်းယင်သည် အသံမထွက်သော်ငြား စိတ်ထဲတွင် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
“ခေါင်းဆောင်ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”
နန်ပါးထျန်းသည် အသာခေါင်းညိတ်လိုက်ပြီး စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ငုံသောက်လိုက်သည်။ ထို့နောက် မေးသည်။
“ဒါနဲ့ အားယင်၊ မင်း ဒီနေ့ ခန်းမအရှင်သခင်ထန်ကို မြင်မိသေးလား”
ချင်းယင်မှာ ထိုစကားကြောင့် နှလုံးတစ်ချက် ဆောင့်ခုန်သွားကာ မျက်လုံးပြူးသွားသည်။
သူဘာလို့ ခန်းမအရှင်သခင်ထန်အကြောင်း မေးရတာလဲ။ သူတစ်ခုခုသိသွားတာလား။
ချင်းယင်၏စိတ်အတွင်းမှာ အချက်ပေးသံများဖြင့် ဆူညံနေသည်။ သို့သော် အမူအရာကို ထိန်းချုပ်၍ တတ်နိုင်သမျှ တည်ငြိမ်ဟန်ဖြစ်စေသည်။
“ဒီနေ့ တွေ့ခဲ့ပါသေးတယ်။ ခန်းမအရှင်သခင်ထန် နေ့လည်က ကျွန်တော့်ရဲ့လင်းယုန်ခန်းမကို လာသွားတယ်။ ခဏလောက် စကားပြောပြီးတော့ ပြန်သွားပါတယ်”
နန်ပါးထျန်းမှ မေးသည်။
“သူ့မှာ တစ်ခုခုမူမမှန်သလို ဖြစ်နေသေးလား”
ချင်းယင် မျက်မှောင်ကြုတ်လိုက်သည်။
“ဟင့်အင်း၊ ပုံမှန်ပါပဲ။ ဘာမှထူးဆန်းမနေပါဘူး”
နန်ပါးထျန်းမှ မေးသည်။
“ဒါဆို သူဘယ်သွားလိုက်တာလဲ”
ချင်းယင် အံ့အားသင့်စွာ ပြောလိုက်သည်။
“ခန်းမအရှင်သခင်ထန် ပျောက်နေလို့လား”
နန်ပါးထျန်းမှာ မျက်နှာမကောင်းပေ။
“အင်း။ ငါ နေ့လည်က သူ့ကိုသွားရှာတော့ သူ့မိသားစုက သူအပြင်ထွက်သွားတယ်ပြောတယ်။ ဒါပေမဲ့ ညနေရောက်တဲ့အထိ ပြန်မလာသေးဘူး”
ချင်းယင် ရှုပ်ထွေးသွားသည်။
“ဒါဆို သူဘယ်သွားလိုက်တာများလဲ။ စာအုပ်တွေ သွားဝယ်တာများလား”
ထန်ဇီယွဲ့ စာအုပ်ဖတ်ခြင်းကို နှစ်ခြိုက်သည့်အကြောင်း လူတိုင်းသိသည်။ ထို့ကြောင့် ချင်းယင်သည် သူစာအုပ်ဝယ်နေသောကြောင့် ဖြစ်လိမ့်မည်ဟု သဘာဝကျကျ ထုတ်ပြောလိုက်သည်။
နန်ပါးထျန်းမှ ပြောသည်။
“မဟုတ်ဘူး။ ငါ လူလွှတ်ပြီး မြို့ထဲက စာအုပ်ဆိုင်တွေ အကုန်လုံးရှာပြီးပြီ။ ဘာမှရှာမတွေ့ခဲ့ဘူး”
“သူပြန်ပေးဆွဲခံလိုက်ရတာများလား”
ချင်းယင်မှ အလောတကြီး ပြောသည်။
“ခုတလော ချန်ကျိုစစ်က ခေါင်းဆောင်နဲ့ အပြင်းအထန် တိုက်ခိုက်နေတာလေ။ ခန်းမအရှင်သခင်ထန်က ခေါင်းဆောင်ရဲ့အကြံပေးဆိုတော့ ချန်ကျိုစစ်က အခွင့်အရေးရှာပြီး သူ့ကို ပြန်ပေးဆွဲသွားတာများလား။။ ခေါင်းဆောင်အတွက် အင်အားတစ်ခုလျော့သွားအောင်လို့လေ”
နန်ပါးထျန်း၏ မျက်ခုံးများ သိသိသာသာ တွန့်ချိုးသွား၏။
“ချန်ကျိုစစ်က လုပ်ရဲမှာတဲ့လား”
ချင်းယင်မှ ပြောသည်။
“ချန်ကျိုစစ်က အဆင်အခြင်မဲ့ပြီး လက်ရဲဇက်ရဲနိုင်တယ်။ သူက ဘာမဆိုလုပ်နိုင်တယ်”
နန်ပါးထျန်းသည် ပိုမိုမျက်မှောင်ကြုတ်သွားသည်။ ချင်းယင်မှ ဆက်ပြောသည်။
“ခေါင်းဆောင် ကျွန်တော် ခန်းမအရှင်သခင်ထန်ကို ရှာဖို့ လူထပ်လွှတ်လိုက်ရမလား။ ခန်းမအရှင်သခင်ထန်က ကျွန်တော်တို့ကုန်သည်အဖွဲ့အတွက် အများကြီး အကျိုးပြုနေတဲ့သူတစ်ယောက်ပါ။ သူ့ကို ချန်ကျိုစစ်က အန္တရာယ်ပြုမှာကို ကျွန်တော်တို့ ဘာမှမလုပ်ဘဲ ထိုင်စောင့်နေလို့ မဖြစ်ဘူး”
နန်ပါးထျန်းသည် အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် လက်တစ်ဖက်မြှောက်လာပြီး ပြောသည်။
“မလိုဘူး။ ထန်ဇီယွဲ့ ပြန်ပေးဆွဲခံရလည်း အဲဒါက ကိစ္စကြီးကြီးမားမားမဟုတ်ဘူး။ ချန်ကျိုစစ်လည်း အလွန်အကျွံလုပ်ရဲမှာ မဟုတ်ဘူး။ ဇီယွဲ့ သခင်ကြီးယဲ့လုလက်ထဲ ရောက်နေမှာပဲ ငါစိုးရိမ်တာ”
“အာ..”
ချင်းယင်သည် သူ၏နှလုံးမှာ ရင်ဘတ်ထဲမှ ခုန်ထွက်တော့မည့်အလား ခံစားနေရသည်။
သခင်ကြီးယဲ့လုလက်ထဲ ရောက်နေမှာ စိုးတယ်တဲ့လား။ ဘုရားရေ သူ ငါ့ကို အရိပ်အမြွက်ပြနေတာလား ဘာလား။
ငါ့ရဲ့အကြံအစည် ပေါ်သွားပြီလား။
အဲဒီလိုတော့ မဟုတ်လောက်ပါဘူးနော်။