အခန်း (၆၄၈)
Vol. 54 Ch. 648
ချင်းယင်၏နှလုံးမှာ ထိန်းမနိုင်သိမ်းမရ ခုန်လှုပ်နေလေသည်။
မကောင်းတဲ့ရည်ရွယ်ချက်ရှိနေတာလည်း ရှိနေတာဆိုပေမဲ့ နန်ပါးထျန်းလို ခန့်မှန်းရခက်ပြီး အဆိပ်ပြင်းတဲ့ ရန်သူနဲ့ ရင်ဆိုင်ရတာက– ငါ့နှလုံးကြီး ရင်ဘတ်ထဲက ခုန်ထွက်တော့မလိုပဲ။
တကယ်တမ်းတွင် တစ်စုံတစ်ခုကို ခိုးကြောင်ခိုးဝှက်လုပ်သူမှာ စိတ်ဓာတ်သန်မာရန် လိုအပ်သည်။ စိတ်ဓာတ်ပျော့ညံ့ပါက အောင်မြင်ခြင်းငှာ မဖြစ်နိုင်ပေ။
ချင်းယင်သည် မိမိကိုယ်ကိုယ် စိတ်ငြိမ်အောင်ထိန်းကာ ရှုပ်ထွေးနေဟန်ဖြင့် မေးလိုက်သည်။
“ခေါင်းဆောင် ဘာလို့ အဲ့လိုပြောရတာပါလဲ။ ခန်းမအရှင်သခင်ထန်က နှစ်ပေါင်းများစွာ သစ္စာစောင့်သိလာခဲ့ပြီး ငါးဖမ်းကုန်သည်အဖွဲ့အတွက်လည်း အသေးအမွှားလေးတွေကိုတောင် လျစ်လျူမရှုဘဲ နည်းဗျူဟာတွေ အကြံပြုပေးခဲ့တဲ့သူပါ။ သူလိုလူက ဘယ်လိုလုပ် ခေါင်းဆောင်ကို သစ္စာဖောက်ပြီး သခင်ကြီးယဲ့လုဆီ သစ္စာခံမှာပါလဲ”
“ပြီးတော့ ခေါင်းဆောင်က သခင်ကြီးယဲ့လုအပေါ် ဘာအမှားမှ လုပ်မထားဘူးလေ။ ခန်းမအရှင်သခင်ထန်က သခင်ကြီးယဲ့လုဆီ ဘက်ပြောင်းသွားရင်တောင် ခေါင်းဆောင်ကို ထိခိုက်အောင် မလုပ်လောက်ပါဘူး။ သူ အဲ့လောက်မရူးမိုက်ပါဘူး ဟုတ်တယ်မလား”
ချင်းယင်သည် ထိုသို့ပြောနေစဉ်တစ်လျှောက်လုံး နန်ပါးထျန်းကို ကြည့်နေခဲ့သည်။ နန်ပါးထျန်းသည် အကြာကြီး တိတ်ဆိတ်သွားပြီးမှ ပြောလာသည်။
“အင်း ငါအတွေးလွန်နေတာပဲ နေမှာပါလေ”
နန်ပါးထျန်းသည် မိမိမှာ အလွန်သတိကြီးလွန်းနေမိကြောင်း နားလည်သဖြင့် သက်ပြင်းချလိုက်သည်။
သူ မြောက်ပိုင်းတောင်သံသတ္တုတွင်းတွင် စစ်လက်နက်ထုတ်နေသည့်အကြောင်းကို ထန်ဇီယွဲ့ကို အသိပေမထားပေ။ ထန်ဇီယွဲ့သည် သူလုပ်နေသည့်အရာများကို မသိထားရာ ယဲ့လုဖုန်းကို သွားတိုင်ကြားနိုင်ခြေမှာလည်း အလွန်နည်းပါးသည်။
နဂိုက နန်ပါးထျန်းသည် ထန်ဇီယွဲ့တွင် အခြားရည်ရွယ်ချက်များရှိနေမည်ကို စိုးရိမ်သောကြောင့် မြောက်ပိုင်းတောင်ရှိ စစ်လက်နက်ထုတ်လုပ်မှုအကြောင်းကို မပြောပြခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ဘာမှမသိထားသည့် ထန်ဇီယွဲ့သည် ယဲ့လုဖုန်းကို သွားတိုင်ကြားနိုင်ခြေ မရှိသလောက်ပင်။
ကြည့်ရတာ ငါ အပိုတွေ စိုးရိမ်နေမိတာပဲ။
ဒါပေမဲ့ ဒီနေ့ဘာလို့ ညာဘက်မျက်ခမ်းတွေ အရမ်းလှုပ်နေရတာလဲ။ မကောင်းတဲ့ခံစားချက်ကြီးရနေတယ်။
နန်ပါးထျန်း၏ စိတ်မသက်မသာဖြစ်နေသည့် အမူအရာကိုမြင်သောအခါ ချင်းယင်မှ မဝံ့မရဲ ပြောသည်။
“ခေါင်းဆောင် အရမ်းမစိုးရိမ်ပါနဲ့။ ခန်းမအရှင်သခင်ထန်က ခေါင်းဆောင်နဲ့အတူရှိပြီး တခြားအတွေးမရှိဘဲ အလုပ်ကြိုးစားပေးလာတာ ၅နှစ်၊၆နှစ်ရှိနေပါပြီ”
ထိုစကားတွင် နန်ပါးထျန်းသည် အထင်မြင်သေးဟန်ဖြင့် ရယ်မောလာလေသည်။
“အားယင်”
“ခေါင်းဆောင်”
ချင်းယင် ချက်ချင်း လက်သီးယှက်အရိုအသေပြုလိုက်သည်။ နန်ပါးထျန်းမှ ပြောသည်။
“မင်းက အရမ်း ရိုးအလွန်းတယ်။ မင်း ငါနဲ့အတူရှိလာတာ အချိန်အတော်ကြာမြင့်ပြီး အခက်အခဲတွေကိုလည်း ကြုံတွေ့ခဲ့ပြီးတာတောင် ဘာလို့ ဒီလောက်အထိ ရိုးအနေရသေးတာလဲ။ ငါဒီနေ့ မင်းကို သင်ခန်းစာတစ်ခု သင်ပေးလိုက်မယ်။ လူတွေမှာ လူတွေကို ထုတ်ပြတဲ့မျက်နှာနဲ့ ဖုံးကွယ်ထားတဲ့မျက်နှာဆိုပြီး မျက်နှာနှစ်ခုရှိတယ်ကွ။ ‘လူရဲ့အသွင်အပြင်ကို သိနိုင်ပေမဲ့ စိတ်နှလုံးကိုတော့ မသိနိုင်ဘူး'ဆိုတဲ့ စကားလည်း ရှိတယ်လေ။ မင်းနဲ့ငါလိုပဲပေါ့”
“ဟင်”
နန်ပါးထျန်းသည် ချင်းယင်ကို လက်ညှိုးထိုးကာ ပြောလာသည်။
“ငါတို့နှစ်ယောက်က မျက်နှာချင်းဆိုင်စကားပြောနေပေမဲ့ မင်းရဲ့ဘယ်စကားက အမှန်ဖြစ်ပြီး ဘယ်စကားက အမှားလဲဆိုတာ ငါမသိနိုင်ဘူးလေ”
ဒုန်း
ချင်းယင်သည် ကြောက်ရွံ့လွန်းသောကြောင့် ကြမ်းပြင်ပေါ် ဒူးထောက်ချကာ ထိတ်ထိတ်ပျာပျာ တောင်းပန်တော့သည်။
“ခေါင်းဆောင် ကျွန်တော် ခေါင်းဆောင်အပေါ် လုံးဝ သစ္စာရှိပါတယ်။ ကျွန်တော် ဘာကိုမှ ဖုံးကွယ်မထားပါဘူး– ကျွန်တော် တခြားအတွေးတွေ မဝင်ရဲပါဘူး။ မဟုတ်ခဲ့ရင် မိုးကြိုးငါးချက်အပစ်ခံရပြီး အသေဆိုးနဲ့ သေရပါစေလို့ ကျိန်ဆိုပါတယ်”
ချင်းယင်သည် ကြမ်းပြင်တွင် ဒူးထောက်ကာ မိမိမှာ သစ္စာစောင့်သိပါကြောင်း အကြောက်အကန် ပြောဆိုနေသည်။ သူ၏စိတ်နှလုံးမှာ စုတ်ပြဲတော့မည့်အလား ခံစားနေရပေသည်။
နန်ပါးထျန်းလည်း တွေဝေသွားပြီး စိတ်ရှုပ်ထွေးစွာ မေးသည်။
“အားယင် မင်းဘာလို့ ဒူးထောက်ရတာလဲ။ ငါက ဒီတိုင်း မင်းကို နိယာမတချို့ သင်ကြားပေးနေရုံပါ။ အဲဒါလေး နားထောင်ဖို့ကို ဒူးထောက်ဖို့လိုလို့လား”
“ခေါင်းဆောင် ကျွန်တော်…”
“မင်းက ငါ့အပေါ် သစ္စာအရှိဆုံးဆိုတာ ငါသိပါတယ်။ ငါက ဒီတိုင်း ခိုင်းနှိုင်းပြောပြရုံပါ။ မင်းဘယ်လောက်တောင် ကြောက်နေလဲ ကြည့်စမ်းပါဦး”
နန်ပါးထျန်းသည် ချင်းယင်ကို ကိုယ်တိုင်ကိုယ်ကျ ထူပေးလေသည်။ ချင်းယင်သည်တော့ ခြေထောက်များမှာ မတ်တပ်ရပ်နိုင်ဖို့ရန် အားနည်းတုန်ယင်နေခဲ့သည်။ နန်ပါးထျန်းမှ သူ့ကို တွဲထူပေးနေစဉ် ချင်းယင်မှ ပြောသည်။
“ကျွန်တော်က ခေါင်းဆောင်က တစ်ယောက်ယောက်ရဲ့ သွေးထိုးစကားတွေကို ယုံကြည်သွားပြီး ပြောနေတယ်ထင်လိုက်မိတာ။ ကျွန်တော့်ရဲ့ခေါင်းဆောင်အပေါ် သစ္စာစောင့်သိမှုက ဘယ်တော့မှ မပြောင်းလဲပါဘူး”
ထိုအခါ နန်ပါးထျန်းမှ ပြောသည်။
“ဒါပေါ့ ဒါပေါ့။ မင်းက သစ္စာစောင့်သိပါတယ်။ ငါတို့ကြားထဲက ဆက်ဆံရေးကို ငါမသိဘဲနေပါ့မလား။ မစိုးရိမ်နဲ့၊ ငါမင်းကို ယုံကြည်တယ်။ အတွေးမလွန်နဲ့။ ငါက ဒီတိုင်း လူတွေရဲ့နှလုံးက စဉ်းလဲလွန်းလို့ ခွေးတောင် မစားဘူးလို့ ပြောပြချင်တာ။ လူတစ်ယောက်က တစ်ချိန်မှာ မင်းနဲ့အတူ စိတ်နှလုံးကို မျှဝေခံစားပေးခဲ့ပေမဲ့ နောင်တစ်ချိန်ကျ မင်းကို နောက်ကျောဓားနဲ့ထိုးသွားနိုင်တယ်”
ချင်းယင်သည် သူ၏နှလုံး လည်မျိုမှ ခုန်ထွက်တော့မည့်အလား ခံစားနေရသည့်တိုင် ဖျစ်ညှစ်ပြုံးလိုက်ပြီး ပြောသည်။
“ဟားဟား ခေါင်းဆောင်ပြောတာ တကယ့်ကို မှန်ကန်ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်အပေါ်ထားတဲ့ ကျွန်တော့်ရဲ့သစ္စာတရားကို ကောင်းကင်ဘုံက သက်သေထူပေးနိုင်ပါတယ်”
နန်ပါးထျန်း ရယ်လိုက်သည်။
“ငါသိပါတယ် ငါသိပါတယ်။ အားယင် မင်းစိတ်ထဲ မလုံမလဲခံစားနေဖို့ မလိုပါဘူး”
ချင်းယင်မှ ပြန်ပြောသည်။
“ကျွန် ကျွန်တော် မဖြစ်ပါဘူး။ ဒီတိုင်း ခေါင်းဆောင်ဒီနေ့ပြောတဲ့စကားတွေကနေ အများကြီးသင်ယူနိုင်တာမလို့ ကျွန်တော့်စိတ်ထဲ အလေးအနက်ခံစားမိလို့ပါ”
နန်ပါးထျန်းမှ ပြောသည်။
“အင်း ကောင်းတယ်။ ထန်ဇီယွဲ့ရဲ့ကိစ္စကိုတော့ လောလောဆယ် စိတ်မပူသေးနဲ့ဦး။ ခုနက ပြောရင်းစဉ်းစားလိုက်တော့ သူက ငါ့ကို သစ္စာဖောက်မယ်လို့ မထင်တော့ဘူး”
ချင်းယင်မှ ပြောသည်။
“ဟုတ် ဟုတ်ပါတယ်။ ခန်းမအရှင်သခင်ထန်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး”
နန်ပါးထျန်းမှ ပြောသည်။
“အင်း ဟုတ်တယ်။ ဒါနဲ့ ဒီတိုင်း စဉ်းစားကြည့်တာ တစ်နေ့ ငါ မျန့်ရွှေက ထွက်သွားခဲ့ရရင် မင်း ငါနဲ့အတူ လိုက်ခဲ့ဖို့ ဆန္ဒရှိလား”
ထိုစကားကြောင့် ချင်းယင် ထိတ်လန့်သွားရသည်။
အဲဒီစကားက ဘာအဓိပ္ပာယ်လဲ။ သူ ထွက်ပြေးမလို့လား။
ထိုသို့တွေးလျက် ချင်းယင်သည် ချက်ချင်း အရိုအသေပြုလိုက်ပြီး ပြောသည်။
“ခေါင်းဆောင် စိတ်ချပါ။ ခေါင်းဆောင်သာ ကျွန်တော့်ကို လိုအပ်နေသ၍ ကျွန်တော်ချင်းယင်က ခေါင်းဆောင်ဘေးမှာ အမြဲရှိနေမှာပါ”
နန်ပါးထျန်းမှ ပြန်ပြောသည်။
“အင်း ဒါပေမဲ့ မင်း အရမ်းကြီး စိုးရိမ်မနေပါနဲ့။ ငါက ဒီတိုင်းပြောလိုက်ရုံပဲ။ ငါတို့ အခုထိ အဆုံးသတ်ကို မရောက်သေးပါဘူး”
ထိုအခါ နန်ပါးထျန်းသည် မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိဘဲ ရလဒ်နှစ်ခုစလုံးအတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ချင်းယင် နားလည်သွားခဲ့သည်။ စစ်လက်နက်ပစ္စည်းထုတ်လုပ်ခြင်း အောင်မြင်သွားပါက မျန့်ရွှေတွင် ဆက်နေမည်ဖြစ်ပြီး ကျရှုံးခဲ့ပါက အသက်ရှင်ရေးအတွက် ထွက်ပြေးမည်ဖြစ်သည်။
ခင်ဗျားအတွက် စိတ်မကောင်းပါဘူး။ အခုအချိန်မှာ ထွက်ပြေးဖို့စဉ်းစားတာက အရမ်းနောက်ကျသွားပြီ။
ချင်းယင် တွေးလိုက်သည်။
ဒီတစ်ညကုန်လွန်သွားတာနဲ့ ခင်ဗျားမှာ ထွက်ပြေးဖို့အခွင့်အရေး မရှိနိုင်တော့ဘူး။ ဒါမှမဟုတ် ညသန်းခေါင်ရောက်တာနဲ့ အသက်ရှင်ဖို့အခွင့်အရေး လုံးဝ ပျောက်ဆုံးသွားတာလည်း ဖြစ်နိုင်တာပဲ။ ခင်ဗျားမှာ သေခြင်းအဆုံးသတ်ပဲ ကျန်တော့တာဗျ။
ထိုစဉ် နန်ပါးထျန်းမှ ပြောသည်။
“တကယ်တော့ ချင်းယင်.. တစ်ခါတလေကျ တချို့အရာတွေကို မျန့်ရွှေကို ကျော်လွန်ပြီးကြည့်လိုက်ရင် မျန့်ရွှေက အရေးကိစ္စတွေဆိုတာက အဲဒီလောက်လည်း ထူးခြားမနေတော့ဘူး”
နန်ပါးထျန်း၏ ထိုစကားပြောရခြင်းအဓိပ္ပာယ်ကို ချင်းယင် နားမလည်ပေ။
“ခေါင်းဆောင် ဘာကိုဆိုလိုတာပါလဲ”
နန်ပါးထျန်းမှ ပြောသည်။
“ချင်းယင် မင်းသိလား။ ငါတို့ငါးဖမ်းကုန်သည်အဖွဲ့က ဟွမ်ကျိုးပြည်နယ်ရဲ့ အကြီးဆုံးအဖွဲ့အစည်းကြီးသုံးခုထဲက တစ်ခုဖြစ်ခဲ့ဖူးတယ်။ ဟွမ်ကျိုးကို ထိန်းချုပ်ခွင့်အတွက် ယှဉ်ပြိုင်မှုမှာ ကျဆုံးသွားတာကြောင့်သာ ငါတို့ ဒီလိုဖြစ်သွားခဲ့ရတာ။ ဒါပေမဲ့ အဲဒီလိုဖြစ်ခဲ့တာတောင် ဟွမ်ကျိုးပြည်နယ်မှာ ငါတို့ရဲ့နောက်လိုက်ဟောင်းကြီးတွေ အခုထိ ရှိနေတုန်းပဲ”
“ငါးဖမ်းကုန်သည်အဖွဲ့က မျန့်ရွှေစီရင်စုမှာ အကြီးမားဆုံးကုန်သည်အဖွဲ့ပဲ မဟုတ်ဘူး။ ဟွမ်ကျိုးပြည်နယ်ရဲ့ စီရင်စုတွေအားလုံးက ငါးဖမ်းကုန်သည်အဖွဲ့ခွဲ အသီးသီးကို စုပေါင်းလိုက်မယ်ဆိုရင် ကုန်သည်အဖွဲ့ရဲ့အင်အားက ငါတို့ မျန့်ရွှေမှာ ရှိထားတဲ့ အခြေခံအုတ်မြစ်လေးထက် အများကြီးပိုပြီး အင်အားကြီးမားတယ်”
“ခေါင်းဆောင်ပြောတာက ဟွမ်ကျိုးပြည်နယ်မှာလည်း ကျွန်တော်တို့ငါးဖမ်းကုန်သည်အဖွဲ့သားတွေ ရှိတယ်လို့ ဆိုလိုတာပါလား”