လူဆိုးတွေကိုမှားပြီးကယ်မိတော့လည်း ပြီးမှ ပြန်သတ်လိုက်ကြတာပေါ့
Vol. 32 Ch. 455
အခန်း (၄၅၅) လူဆိုးတွေကိုမှားပြီးကယ်မိတော့လည်း ပြီးမှ ပြန်သတ်လိုက်ကြတာပေါ့
ရန်ကျောက်ကဲက အေးအေးဆေးဆေးလက်ပိုက်ပြီး သူ့မျက်စိရှေ့ ဝေဟင်ထက်မှ တိုက်ပွဲကိုကြည့်နေသည်။
အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်များ၏တိုက်ပွဲဖြစ်လေရာ ကျင့်ကြံခြင်းအဆင့် နည်းပါးသေးသော ဖန်းယွင်ရှန်းနှင့် ယင်လုန်ထူတို့မှာ တိုက်ပွဲမှ ထွက်ပေါ်လာသော တန်ခိုးစွမ်းအားလှိုင်းလုံးကြီးများကို ခံနိုင်ရည် မရှိကြပေ။
ထို့ကြောင့် ရန်ကျောက်ကဲ ၊ ရွှီဖေးနှင့် အားဟူတို့က ရှေ့တန်းတွင် မတ်တတ်ရပ်လျှက် သူတို့နှစ်ယောက်ကို ကာကွယ်ပေးကြရသည်။
တိုက်ခိုက်နေကြသူ (၆)ယောက်လုံးက အမတဝိညာဉ်အလယ်ဆင့် သိုင်းဆရာသခင်များဖြစ်ကြသဖြင့် အားဟူနှင့် ရွှီဖေးသည်ပင် ဖိအားအနည်းငယ် ခံစားကြရ၏။
“သူတို့ရဲ့သိုင်းပညာတွေက အရမ်းထူးခြားပြီး အဆင့်အတန်းမြင့်လွန်းတယ် ၊ ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာအနေနဲ့တွက်ကြည့်ရင် ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းက အထွတ်ထိပ်သိုင်းပညာတွေနဲ့ အဆင့်တူလောက်တယ်”
တိုက်ပွဲကိုခဏမျှလေ့လာပြီးနောက် ရွှီဖေးက ဆိုသည်။
“အမတဝိညာဉ်အဆင့်ရောက်အောင် ကျင့်ကြံနိုင်တယ်ဆိုကတည်းက ဒီလူတွေကို ရင်ဆိုင်ရတာ လွယ်မှာမဟုတ်ဘူး”
ရန်ကျောက်ကဲက သဘောကျစွာ ပြုံးလိုက်ရင်း...
“လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်း ၊ မိစ္ဆာဂိုဏ်း (၆)ဂိုဏ်းဆိုကတည်းက သူတို့ဆီမှာ အနည်းဆုံး ဂိုဏ်းပေါင်း (၁၃) ဂိုဏ်း ရှိနိုင်တယ် ၊ မေးခွန်းထုတ်ရမှာက... အဲဒီ (၁၃) ဂိုဏ်းအထက်မှာ ပိုပြီးအဆင့်မြင့်တဲ့ စွမ်းအားစု ရှိသေးလားဆိုတာပဲ”
တိုက်ပွဲကိုလေ့လာရင်း ရန်ကျောက်ကဲတို့အုပ်စုက “သမုဒ္ဒရာကမ္ဘာ” မှ သိုင်းသမားများ၏ စွမ်းအားအဆင့်ကို ချက်ချင်း နားလည်သွားကြသည်။
ရွှီဖေးက...
“ကြည့်ရတာ သူတို့က ဂိုဏ်းထဲမှာ အရေးပါတဲ့သူတွေဖြစ်နိုင်ပေမယ့် ထိပ်ဆုံးအဆင့်တော့ မဟုတ်လောက်သေးဘူး”
သူက ဆက်ပြောသည်။
“သူတို့အထက်မှာ အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင် အနည်းဆုံး ရှိနိုင်တယ် ၊ သိုင်းသူတော်စင်အဆင့်နဲ့ပတ်သက်ရင်တော့ ငါတို့ ခန့်မှန်းနိုင်မှာမဟုတ်ဘူး”
ဖန်းယွင်ရှန်းက...
“ဂိုဏ်း (၁၃) ဂိုဏ်းရှိတာနဲ့တင် အတော်လေး ကြီးကျယ်နေပြီ ၊ ဒီ သမုဒ္ဒရာကမ္ဘာရဲ့ သိုင်းပညာစံနှုန်းက မျောလွင့်ဝိညာဉ်ကမ္ဘာထက် အများကြီးပိုပြီး မြင့်မားနိုင်တယ်”
အားဟူက သူ့နှုတ်ခမ်းများကို တစ်ချက်ပွတ်သပ်ရင်း...
“သခင်လေး... ဟို ချန်လီတောင်ကစုံတွဲဘက်က ကျွန်တော်တို့ ဝင်ပြီးကူညီကြမလား”
ရန်ကျောက်ကဲက ခေါင်းခါယမ်းကာ ရယ်မောရင်း...
“မဟာကပ်ဘေးကြီးမတိုင်ခင်ကတော့ တောင်ထွတ်ကြီး (၅)ခု ရှိတာမှာ အရှေ့ဘက်မှာ ဝါဒတောင် ၊ တောင်ဘက်မှာ ချန်လီတောင်ဆိုပြီး နာမည်ကြီးတယ် ၊ ဒါပေမဲ့ မဟာကပ်ဘေးကြီးပြီးဆုံးသွားတဲ့နောက် အဲဒါတွေက အဓိပ္ပါယ် မရှိတော့ဘူး”
သူက ဆက်ပြောသည်။
“ငါတို့ ဝါဒတောင်ကိုပဲကြည့်လေ ၊ မဟာကပ်ဘေးကြီးပြီးတဲ့နောက် အတိတ်ကအမွေအနှစ်တွေကိုအခြေခံပြီး ပြန်လည်ထူထောင်ထားတာ ၊ မဟာကပ်ဘေးကြီးမတိုင်ခင်က ဝါဒတောင်နဲ့ မဆိုင်တော့ဘူး မဟုတ်လား ၊ သူတို့လည်း အဲဒီလိုပဲ ဖြစ်မှာပေါ့ ၊ ဒီ တွေ့ဆုံမှုက တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ဆိုပေမယ့် ငါတို့ဝင်စွက်ဖက်ဖို့ မသင့်တော်ပါဘူး”
အားဟူက...
“ဒါဖြင့်လည်း ပွဲကြည့်ပရိတ်သတ်ပဲလုပ်တာပေါ့ ၊ ကိုယ်နဲ့သိတဲ့သူဆိုရင်တော့ ကူညီပေးရတာ အကောင်းသား ၊ အခုတော့ ကိုယ်နဲ့မဆိုင်ပါဘူး”
မတိုက်ခိုက်ရသည့်အတွက် အားဟူက နည်းနည်းတော့ စိတ်မကောင်းဖြစ်နေဟန်ပင်။
ရန်ကျောက်ကဲနောက် အချိန်ကြာမြင့်စွာ လိုက်ပါခဲ့ပြီးသည့်နောက် အားဟူက ကိစ္စရပ်အတော်များများတွင် မကြောက်ရွံ့တတ်တော့သလို မျက်စိရှေ့မှအဖြစ်အပျက်များကို ပျော်ပျော်ရွှင်ရွှင်ပင် လက်ပိုက်ကြည့်နေတတ်လာပြီ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လက်ရှိတွင် သူတို့အားလုံး ဦးစားပေးသောအရာမှာ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ပြန်သွားသည့် ကမ္ဘာဖြတ်လမ်းကြောင်းနေရာကို ရှာဖွေရန် ဖြစ်၏။
အားဟူက များသောအားဖြင့် ရိုးရိုးရှင်းရှင်းနှင့် ပျော်ရွှင်စွာနေတတ်သူဖြစ်သော်လည်း အရေးကြီးကိစ္စများ ရှိလာသည့်အခါ အမြဲတမ်း ချိန်ချိန်ဆဆ လုပ်ကိုင်တတ်သူ ဖြစ်သည်။
ရွှီဖေးက မျက်မှောင်ကြုတ်ရင်း...
“တိုက်ပွဲပုံစံကတော့ လူနည်းစုကို လူများစုက အနိုင်ကျင့်တဲ့ပုံစံမျိုးပဲ ၊ ဒါပေမဲ့ ဒီပြဿနာရဲ့အရင်းခံက ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ မသိနိုင်ဘူးလေ ၊ ဒီတော့ စွတ်ပြီးကူညီလို့ မဖြစ်ဘူး”
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း ဝေဟင်ထက်မှတိုက်ပွဲကို အကဲခတ်နေသည်။
“အင်း... တကယ်လို့ ဝင်ပါချင်တယ်ဆိုရင် ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ၊ ဘယ်သူကောင်းတယ်ဘယ်သူဆိုးတယ်ဆိုတာ သိနေဖို့မလိုပါဘူး ၊ လူဆိုးတွေကိုမှားပြီးကယ်မိတော့လည်း ပြီးမှ ပြန်သတ်လိုက်ကြတာပေါ့”
ထိုစကားကြားတော့ အားဟူက ရယ်မောလိုက်ပြီး ရွှီဖေးကတော့ ခေါင်းခါယမ်းလိုက်သည်။
သူက ဖန်းယွင်ရှန်းနဲ့ ယင်လုန်ထူကို လှည့်ကြည့်ရင်း...
“မင်းတို့တွေ သူ့ဆီက အကုန်လုံးလိုက်ပြီး မသင်ယူကြနဲ့နော်”
ထိုစကားကြောင့် ဖန်းယွင်ရှန်းက ပြုံးနေပြီး ယင်လုန်ထူကတော့ ဘာမှနားမလည်ဟန် အူတူတူဖြင့်သာ။
ရန်ကျောက်ကဲကတော့ အဖြူရောင်နှင့်အနက်ရောင်ဓားပိုင်ရှင်စုံတွဲကို စူးစိုက်ကြည့်နေ၏။
သူတို့ခန္ဓာကိုယ်ထက်မှ ဝိညာဉ်အလင်းများ လက်ခနဲ လက်ခနဲ တောက်ပသွားသည်ကိုကြည့်ခြင်းအားဖြင့် သူတို့တွင် အလယ်ဆင့်မှော်ဝင်ဓားအမွှာအပြင် အခြားသောမှော်ဝင်ပစ္စည်းများလည်း ရှိနေကြောင်း သိနိုင်သည်။
လူရွယ်တွင် အလင်းဝတ်ရုံတစ်ထည်ရှိပြီး မိန်းမပျိုတွင် လက်ကောက်တစ်ခု ရှိလေသည်။
သူတို့နှင့်တိုက်ခိုက်နေကြသော သွေးနီနဂါးဂိုဏ်းမှ သိုင်းဆရာသခင် (၄)ယောက်တွင်လည်း မှော်ဝင်ပစ္စည်းများ ရှိကြသည်ပင်။
ရန်ကျောက်ကဲက ထိုမှော်ဝင်ပစ္စည်းများကို အရေးစိုက်ခြင်းမရှိသလို လူရွယ်ဝတ်ဆင်ထားသည့် အလင်းဝတ်ရုံကိုလည်း စိတ်ဝင်စားခြင်းမရှိပေ။
သူ စိတ်ဝင်စားသည်က မိန်းမပျိုဝတ်ဆင်ထားသည့် လက်ကောက်ဖြစ်လေ၏။ ထိုလက်ကောက်မှ သက်တံ့ရောင်စဉ် (၇)မျိုးက လက်ခနဲ လက်ခနဲ တောက်ပနေသည်ကို တွေ့ရသည်။
ဝိညာဉ်အလင်းတန်း (၇)ခုသည် မိန်းမပျိုအား သွေးနီနဂါးဂိုဏ်းမှ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင် (၄)ယောက်၏ တိုက်ခိုက်မှုများကိုတားဆီးရန် ကူညီပေးနိုင်စွမ်း ရှိလေသည်။
ထို ဝိညာဉ်အလင်းတန်း (၇)ခုကို တွေ့မြင်သည်နှင့် ရန်ကျောက်ကဲက ရေရွတ်လိုက်သည်။
“ဒီ မှော်ဝင်ပစ္စည်းထဲမှာ အရုဏ်ဦးသက်တံ့ကျောက်စိမ်းအနှစ်သာရ ပါဝင်နေသလိုပဲ”
ထိုစကားကိုကြားတော့ ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် အခြားသူများအားလုံး အံ့အားသင့်သွားကြသည်။
“အရုဏ်ဦးသက်တံ့ကျောက်စိမ်းအနှစ်သာရ... ဟုတ်လား”
ရန်ကျောက်ကဲက ကောင်းကင်ယံမှ တိုက်ပွဲကိုကြည့်ရင်း...
“ဟုတ်တယ် ၊ ‘အရုဏ်ဦးသက်တံ့ကျောက်စိမ်းအနှစ်သာရ’ ပဲ ၊ မဟာကပ်ဘေးကြီးပြီးတဲ့နောက် ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ အဲဒီပစ္စည်းက ပျောက်ကွယ်သွားခဲ့တယ် ၊ ဒါပေမဲ့ ရှေးဟောင်းမှတ်တမ်းတွေထဲမှာတော့ ဒီရတနာပစ္စည်းကို မဟာကပ်ဘေးကြီးမတိုင်ခင်က အရုဏ်ဦးသက်တံ့ကျောက်စိမ်းလို့သိကြတယ် ၊ အရုဏ်ဦးသက်တံ့ကျောက်စိမ်းအနှစ်သာရဆိုတာက သက်တံ့ရောင်အလင်းလှည့်ပတ်နေတဲ့ အမြုတေအူတိုင်ကိုပြောတာ”
ရန်ကျောက်ကဲက အသက်တစ်ချက် ရှူထုတ်ရင်း...
“အဲဒီ ပစ္စည်းက အစ်မယွီကျန်း ပြန်ကောင်းလာဖို့အတွက် အရမ်းအရေးကြီးတယ် ၊ ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောထဲက ဝိညာဉ်မဲ့မိုးမြူထက် အဲဒါက အများကြီးပိုပြီး အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်”
ထိုစကားကိုကြားတော့ ဖန်းယွင်ရှန်း ၊ အားဟူ ၊ ရွှီဖေးနှင့် ယင်လုန်ထူတို့အားလုံး မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
သိုင်းတာအိုကလွဲပြီး အခြားကိစ္စများတွင် ဉာဏ်ရည်နှေးကွေးသော ဟန်လုန်အာလေးသည်ပင် ထိုခဏတွင် မျက်ဝန်းများတောက်ပသွားသည်ကို တွေ့ရသည်။
ကောင်းကင်ထက်မှ ကမ္ဘာဖြတ်လမ်းကြောင်းကို စိုက်ကြည့်ရင်း ရွှီဖေး၏မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။ သူ့မျက်ဝန်းများက အာကာသအလွှာများစွာကိုဖြတ်ကျော်လျှက် အခြားဘက်တွင်ရှိနေသောကမ္ဘာကို ထိုးဖောက်ကြည့်နေသည့်အလား ထင်မှတ်ရ၏။
သူက ဖြည်းညင်းသောလေသံဖြင့်...
“အဲဒီလူတွေနေတဲ့ကမ္ဘာမှာ အရုဏ်ဦးသက်တံ့ကျောက်စိမ်း ရှိနိုင်မလား"
ရန်ကျောက်ကဲက ကောင်းကင်ထက်တွင် ပျံသန်းတိုက်ခိုက်နေသည့် မိန်းမပျိုဝတ်ဆင်ထားသော လက်ကောက်ကိုစူးစိုက်ကြည့်ရင်း...
“ငါ အမြင်မှားတာတော့ မဖြစ်နိုင်ဘူး ၊ ဒါပေမဲ့ အဲဒီလက်ကောက်ကိုထိတွေ့ပြီး အထဲကဝိညာဉ်စွမ်းအားတွေကို အာရုံခံကြည့်ပြီးမှ အတည်ပြုတာက အကောင်းဆုံးဖြစ်လိမ့်မယ်”
သူက ဆက်ပြောသည်။
“တကယ်လို့ သူ့ရဲ့လက်ကောက်ပြုလုပ်တဲ့အချိန်မှာ အရုဏ်ဦးသက်တံ့ကျောက်စိမ်းအနှစ်သာရကို အဓိကပစ္စည်းတစ်ခုအဖြစ် ထည့်သွင်းထားမယ်ဆိုရင်... အဲဒီပစ္စည်းက သေချာပေါက် သမုဒ္ဒရာကမ္ဘာမှာ ရှိမှာအမှန်ပဲ”
ရန်ကျောက်ကဲက မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း...
“အရုဏ်ဦးသက်တံ့ကျောက်စိမ်းက သူတို့ကမ္ဘာမှာ မထွက်ရှိဘူးဆိုရင်တောင်မှ ပြဿနာမရှိဘူး ၊ အဲဒါနဲ့ပြုလုပ်ထားတဲ့ ရှေးဟောင်းပစ္စည်းတွေရှာဖွေပြီး အဲဒီထဲကနေ ထုတ်ယူလို့ရတယ် ၊ နည်းနည်းတော့ ခက်ခဲနိုင်ပေမယ့် အဲဒီလိုထုတ်ယူလို့ရတဲ့နည်းလမ်းတွေ ရှိပါတယ်”
အားဟူက လက်ဖဝါးနှစ်ဖက်ကိုပွတ်သပ်ရင်း...
“သခင်လေး... ဒါဖြင့် ဘာလုပ်ကြမလဲ ၊ သွေးနီတိမ်တိုက်ဂိုဏ်းက အဲဒီစုံတွဲကိုဖမ်းဆီးမှာကို ကူညီကြမလား ၊ သူတို့က လူကိုယူ ကျွန်တော်တို့က လက်ကောက်ကိုယူပေါ့ ၊ ဒါမှမဟုတ်... အဲဒီစုံတွဲကိုပဲ ကူညီကြမလား”
ရန်ကျောက်ကဲ စကားပြန်မပြောခင် အနက်ရောင်ဝတ်အဘိုးအိုက အေးစက်စွာနှာတစ်ချက်မှုတ်လိုက်သည်။
သူတို့ကြားတွင် ဘာသာစကားအတားအဆီးရှိနေသော်လည်း အဘိုးကြီးက ရန်ကျောက်ကဲတို့အုပ်စုကို မျက်ခြေမပြတ်လေ့လာနေသည်ဖြစ်ရာ သူတို့ထံမှ ဝင်ရောက်စွက်ဖက်မည့်အရိပ်အယောင်များကို လျှင်မြန်စွာရိပ်မိသွားသည်။
သူက အေးစက်စွာဖြင့်...
“သွေးနီနဂါးဂိုဏ်းရဲ့ကိစ္စကို အပြင်လူတွေ ဝင်မပါကြနဲ့ ၊ မဟုတ်ရင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်လိမ့်မယ်”
စကားသံအဆုံးသတ်သွားသည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောဆုံချက်များ လှုပ်ခါလာပြီး များပြားလှစွာသော သွေးနီရောင်အလင်းတန်းများထွက်ပေါ်လာသည်။ အလင်းတန်းများကြားတွင် နဂါးအကြေးခွံများ ၊ နဂါးလက်သည်းများနှင့် နဂါးအမြီးများထွက်ပေါ်လာသည်ကိုတွေ့ရသည်။
သူ၏ အစစ်အမှန်ကြယ်တာရာချီစွမ်းအားများသည်လည်း သွေးနီတိမ်လွှာများအဖြစ် တဖြည်းဖြည်း ဖွဲ့စည်းဖြစ်တည်လာသည်။
ထိုသွေးနီရောင်တိမ်တိုက်များက မျောလွင့်ဝိညာဉ်ကမ္ဘာရှိ သွေးနီတိမ်တိုက်ဂိုဏ်းပိုင်ဆိုင်သော အနီရောင်ဘူးသီးခြောက်မှ ထွက်ပေါ်လာသော သွေးနီတိမ်တိုက်များနှင့် မတူညီပေ။ သွေးနီရောင်တိမ်တိုက်များက အနက်ရောင်ဝတ်အဘိုးကြီး၏ ကြယ်တာရာချီစွမ်းအား အနှစ်သာရများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး စွမ်းအားမြင့်မားသော နဂါးချီစွမ်းအားများ ပါဝင်နေသည်။
ကြီးကျယ်ခမ်းနားသော သွေးနီတိမ်တိုက်များက ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။
တိမ်တိုက်များထဲတွင် သိပ်သည်းနေသော တန်ခိုးစွမ်းအားများက ထုတ်လွှတ်ခြင်းမရှိသေးသော်လည်း လူရွယ်စုံတွဲနှင့် ရန်ကျောက်ကဲတို့အုပ်စုကြားတွင် တံတိုင်းတစ်ခုပမာ အလုံပိတ်တားဆီးထားလိုက်လေ၏။