← Chapters

ကြယ်နန်းတော်သို့ ရောက်ခြင်း

Vol. 73 Ch. 761

ကြယ်နန်းတော်သို့ ရောက်ခြင်း

Vol. 73 Ch. 761

ထာဝရလမ်းစဉ် ကို တားမြစ်ထားသောလမ်းစဉ်ဟုလည်း ခေါ်ကြသည်။

အားနည်းသူတို့က ထာဝရဆိုသည်မှာ အမှန်တကယ် တည်ရှိပါ့မလားဟု သံသယရှိကြသော်လည်း သန်မာသော ပုဂ္ဂိုလ်များကမူ ၎င်းသည်သာ ကျင့်ကြံခြင်း၏ နောက်ဆုံးပန်းတိုင်ဖြစ်သည်ဟု အစဉ်တစိုက် ယုံကြည်ခဲ့ကြသည်။

သို့သော် မည်သို့ပင်ဖြစ်စေ၊ ထိုနယ်ပယ်သို့ အမှန်တကယ် တက်လှမ်းနိုင်ခဲ့သူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။

ကမ္ဘာ့အရှင် ကိုတော့ တစ်ဝက်ခန့်ဟု သတ်မှတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်က သူလုပ်ခဲ့သည်မှာ အလွန်ပင် ကြီးကျယ်လွန်းလှရာ လူအများက သူသည် ထိုအဆင့်သို့ ရောက်ရှိသွားပြီဟု သံသယဝင်ခဲ့ကြသည်။

သို့သော် အချို့သော အမည်မသိ အကြောင်းရင်းများကြောင့် သူက လူမသိသူမသိ ပုန်းအောင်းနေထိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သည်။

သို့သော် ဤကိစ္စကို အတည်ပြုရန် မည်သည့်သက်သေမှ မရှိခဲ့ပေ။

ကမ္ဘာ့အရှင်မှလွဲ၍ ကျန်ရှိသော ထိုလမ်းစဉ်ကို လျှောက်လှမ်းခဲ့သူများမှာမူ အဆုံးသတ် မကောင်းခဲ့ကြပေ။

အများစုမှာ ဖျက်ဆီးခံရပြီး လုံးဝ ပျောက်ကွယ်သွားခဲ့ကြသည်။ မသေဘဲ ကျန်ရစ်သူများမှာလည်း ရူးသွပ်သွားကြပြီး စွန့်ပစ်ထားသော နယ်မြေအချို့တွင် လွင့်မျောနေတတ်ကြရာ ကံကောင်းမှသာ လူတို့နှင့် တိုးတတ်ကြသည်။

စောစောက ထန်ထျန်း တွေ့ခဲ့သော အဘိုးအိုကဲ့သို့ပင်။

သို့သော် သူတို့က ဘာကြောင့် ရုတ်တရက် ရူးသွားကြတာလဲ။

မည်သူမျှ အကြောင်းရင်းကို မသိကြပေ။

စောစောက အဘိုးအို ပြောသွားသည့် စကားများကို ပြန်စဉ်းစားကြည့်ရင်း ထန်ထျန်း ကျောချမ်းသွားမိသည်။

“ငါက ပုရွက်ဆိတ်ပဲ”

“ငါက ဖုန်မှုန့်ပဲ”

“ငါက နတ္ထိပဲ၊ ဟာသတစ်ခုပဲ”

“ငါက တည်တောင် မတည်ရှိခဲ့ဘူး”

ထိုအဘိုးအို၏ မူလသရုပ်မှန် ကို အတိအကျ မသိရသော်လည်း သူသည် တစ်ခေတ်တစ်ခါက အစွမ်းထက်ဆုံး သက်ရှိတစ်ဦး ဖြစ်ခဲ့မည်မှာ သေချာသည်။

တစ်ချိန်က ကမ္ဘာ့အရှင် သို့မဟုတ် ယခု ကျွင်းချန်ချင်း တို့ကဲ့သို့ပင်။

သူက ကမ္ဘာကြီး၏ အထွတ်အထိပ်မှာ ရပ်တည်ခဲ့သည့် ပြိုင်ဘက်ကင်း အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သို့သော် ထိုကဲ့သို့သောသူကပင် ဤမျှအထိ ညည်းတွားသွားခဲ့သည်။

သူ မရူးခင်မှာ ဘယ်လို ကြောက်မက်ဖွယ် ကိစ္စကြီးကို မြင်ခဲ့လို့လဲ။

ထန်ထျန်း ခန့်မှန်း၍ မရပေ။

ယခုအခါ သူက အလွန်သန်မာ နေပြီ ဖြစ်သော်လည်း ထာဝရအဆင့်သို့ ရောက်ရန်မှာမူ အလွန်ပင် ဝေးကွာနေသေးသည်။

အနည်းဆုံးတော့ သူက ထာဝရသို့ ရောက်မည့် မည်သည့် အခွင့်အရေးကိုမျှ မမြင်ရသေးပေ။

ယခုအခါ ထာဝရလမ်းစဉ်ပေါ်တွင် လျှောက်လှမ်းနေဆဲသူမှာ ကျွင်းချန်ချင်း တစ်ယောက်တည်းသာ ရှိတော့ပုံရသည်။

သူ၏ အဆုံးသတ်ကလည်း အရင်က စီနီယာများကဲ့သို့ပင် ဖြစ်မလား သို့မဟုတ် အံ့ဖွယ် တစ်ခုကို ဖန်တီးနိုင်မလားဆိုသည်မှာ မသိနိုင်ပေ။

ကျင့်ကြံခြင်း ရှုထောင့်မှ ကြည့်လျှင် ကျွင်းချန်ချင်း၏ ကျင့်ကြံခြင်း တာအိုနှလုံးသား မှာ မည်သူ့ထက်မဆို ပို၍ ခိုင်မာပေလိမ့်မည်။ သူက ပြီးပြည့်စုံသော ကျင့်ကြံသူတစ်ဦးပင်။

ဝမ်းနည်းစရာ ကောင်းသည်မှာ သူ၏ တာအိုနှလုံးသား အောင်မြင်ရန်အတွက် ကမ္ဘာကြီးတစ်ခုလုံးကို ယဇ်ပူဇော်ရန် လိုအပ်နေခြင်းပင်။

ထန်ထျန်းက ခေါင်းကို ခါလိုက်ပြီး စိတ်ထဲမှ ရှုပ်ထွေးသော အတွေးများကို မောင်းထုတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် သူက ကျွင်းချန်ချင်းကို အစွမ်းကုန် တားဆီးရပေမည်။ ကမ္ဘာကြီးကို ဖျက်ဆီးခြင်းဆိုသည်မှာ လုံးဝ ပျော်စရာကောင်းသော ကိစ္စ မဟုတ်ပေ ။

အဘိုးအိုကြောင့် ဖြစ်ပေါ်လာသည့် ဟင်းလင်းပြင် မုန်တိုင်းများ တဖြည်းဖြည်း လျော့ပါးသွားသည်အထိ စောင့်ဆိုင်းပြီးနောက် ထန်ထျန်းက ရှေ့သို့ ဆက်လက် ခရီးနှင်ခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ မည်သည့် မတော်တဆမှုမှ မကြုံရတော့ဘဲ သူ၏ ပန်းတိုင်သို့ ဘေးကင်းစွာ ရောက်လာခဲ့သည်။

ဤနေရာ၏ အခြေအနေက ထန်ထျန်းကို အနည်းငယ် အံ့အားသင့်သွားစေသည်။

ကြယ်တာရာ ဘိုးဘေး ကျဆုံးခဲ့သည့် နေရာသည် သူ ယခင်က နေထိုင်ခဲ့သည့် နေရာလည်း ဖြစ်သည်။

မူလက ထိုနေရာသည် လနန်းတော် သို့မဟုတ် ဝိညာဉ်တောင်ကြား ကဲ့သို့ ထူးခြားသော ဝိသေသ များ ရှိနေမည်ဟု သူ ထင်ခဲ့သည်။

သို့သော် အမှန်တကယ် ရောက်ရှိသွားသည့်အခါမှ ဤနေရာက ကြယ်ကမ္ဘာရှိ အခြားနေရာများနှင့် မည်သို့မျှ မထူးခြားကြောင်း တွေ့လိုက်ရသည်။

ကြယ်၏ ကိုယ်ထည် ပင်လျှင် ပျက်စီးနေပြီး တစ်ဝက်တောင် မရှိတော့ဘဲ အဆုံးမဲ့ အပျက်အစီးများကြားတွင် ငြိမ်သက်စွာ လွင့်မျောနေသည်။

ထန်ထျန်းက ကြယ်မြေပုံပေါ်ရှိ အမှတ်အသားကို အကြိမ်ကြိမ် အတည်ပြုပြီးမှသာ ဤပြိုကွဲနေသော ကြယ်ပိုင်းအစမှာ မြေပုံညွှန်ပြသည့် ဦးတည်ရာ ဖြစ်ကြောင်း သေချာသွားခဲ့သည်။

သမိုင်း တွင် ဤနေရာကို လူများ ရှာမတွေ့နိုင်သည်မှာ မဆန်းတော့ပေ။

ကြယ်ကမ္ဘာသို့ ရောက်လာလျှင်ပင် အဆုံးမဲ့လှသော ကြယ်ပင်လယ်ကြား၌ ကြယ်တစ်လုံးချင်းစီကို လိုက်ရှာနေမှသာ ကြယ်တာရာ ဘိုးဘေး၏ နေရာအစစ်အမှန်ကို ရှာတွေ့နိုင်ပေလိမ့်မည်။

ဒါက မဖြစ်နိုင်သလောက် ကိစ္စပင်။

သက်ပြင်းတစ်ချက် အသာချရင်း ထန်ထျန်းက ထိုပျက်စီး နေသော ကြယ်ပေါ်သို့ ပျံသန်းသွားခဲ့သည်။

ခေတ္တမျှ ကြာပြီးနောက် သူက ကြယ်၏ မျက်နှာပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

ကြယ်က သိပ်မကြီးလှသလို ပျက်စီးနေသဖြင့် မျက်နှာပြင်တစ်ခုလုံးကို တစ်ချက်ကြည့်ရုံဖြင့် အဆုံးထိ မြင်နိုင်သည်။

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ အရာအားလုံးက နတ္ထိ ဖြစ်နေပြီး ဘာမျှ တည်ရှိမနေပေ။

သို့သော် ထန်ထျန်းက ပြဿနာရှိသော နေရာကို ချက်ချင်း သတိပြုမိလိုက်သည်။

ခြေထောက်အောက်မှ ဖုန်မှုန့်များက ထူလွန်းလှသည်။

ကြယ်တာရာ ဘိုးဘေး ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း သန်းချီ ရှိပြီဖြစ်ရာ ဤနေရာက ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ အကြမ်းဖျင်း ခန့်မှန်းရလျှင်ပင် ပေပေါင်း ရာချီ နက်ပေလိမ့်မည်။

သို့သော် ဒါက သူ့အတွက် မခက်ခဲပေ။

ထန်ထျန်းက လက်ကို အသာမြှောက်လိုက်ရာ ဝတ်ရုံစများ လွင့်ခါသွားပြီး အားကောင်းသော်လည်း နူးညံ့သော လေလှိုင်းတစ်ခုက သူ၏ လက်ဖျားမှ ထွက်ပေါ်လာကာ ကြယ်မျက်နှာပြင်တစ်ခုလုံးကို တိုက်ခတ်သွားသည်။

ဖုန်မှုန့် အမြောက်အမြားမှာ ချက်ချင်းပင် လွင့်စင်သွားပြီး ဟင်းလင်းပြင်ထဲသို့ ပျံထွက်သွားတော့သည်။

ဤကြယ်၏ မူလပုံရိပ်မှာ ထန်ထျန်း၏ မျက်စိရှေ့တွင် ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။

ပထမဆုံး မြင်လိုက်ရသည်မှာ ကျောက်တုံးအကျိုးအပဲ့များနှင့် အက်ကွဲနေသော ကျောက်ပြားများပင်။

ကြယ် ခရစ်စတယ် များဖြင့် ပြုလုပ်ထားသော ပျက်စီးနေသည့် အဆောက်အအုံ အစိတ်အပိုင်းအချို့ ပေါ်လာသည့်အခါမှ ထန်ထျန်း စိတ်အနည်းငယ် အေးသွားတော့သည်။

ကြည့်ရသည်မှာ နေရာ မမှားတော့ပေ။

ခေတ္တမျှ ကြာပြီးနောက် ကြယ်မျက်နှာပြင်ပေါ်ရှိ ဖုန်မှုန့်အားလုံးကို ထန်ထျန်းက ဟင်းလင်းပြင်ထဲသို့ မှုတ်ထုတ်လိုက်ရာ ကောင်းကင်တစ်ခုလုံး မီးခိုးရောင် သမ်းသွားတော့သည်။

ထန်ထျန်း၏ အမြင်အာရုံ မလှမ်းမကမ်းတွင် ပြိုလဲနေသော နန်းတော်ကြီးတစ်ခုက ၎င်း၏ မူလရုပ်သွင်ကို ထုတ်ဖော်ပြသလာခဲ့သည်။

ထန်ထျန်းက သက်ပြင်းတစ်ချက် အသာချလိုက်သည်။

တကယ်ပဲ ဒီနေရာပဲ ဖြစ်ရမယ်။

ရှေ့ရှိ နန်းတော်ကြီးဆီသို့ ထန်ထျန်းက လှမ်းလျှောက်သွားခဲ့သည်။

အစပိုင်းတွင် ထူးခြားသော ခံစားချက် မရှိသော်လည်း နန်းတော်ရှေ့ရှိ ရင်ပြင်သို့ ဝင်လိုက်သည်နှင့် အလွန် သန့်စင် သော ကြယ်စွမ်းအားများက ချက်ချင်း တိုးဝှေ့လာသည်။

၎င်းမှာ အစစ်အမှန်ဆုံးသော ကြယ်စွမ်းအားဖြစ်ပြီး မည်သည့်နေရာမှ ဤနေရာနှင့် မနှိုင်းယှဉ်နိုင်ပေ။

ကြယ်ကမ္ဘာတစ်ခုလုံး၏ စွမ်းအားများက ဤမထင်မရှား ပျက်စီး နေသော ကြယ်လေးမှ မြစ်ဖျားခံနေသကဲ့သို့ပင်။

ဤစွမ်းအားကို ခံစားလိုက်ရသည့်အခါ ထန်ထျန်း၏ စိတ်များ တက်ကြွလာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤမျှ သန့်စင် သော ကြယ်စွမ်းအားကို အရာတစ်ခုတည်းကသာ ထုတ်လွှတ်နိုင်သောကြောင့် ဖြစ်သည်။

ကြယ် နှလုံးသား။

စိတ်ကို အနည်းငယ် တည်ငြိမ်အောင် ထားပြီးနောက် ထန်ထျန်းက ရှေ့သို့ ဆက်လျှောက်ခဲ့သည်။

ကြယ်နန်းတော်က လပေါ်ရှိ လနန်းတော်နှင့် မတူပေ။

လနန်းတော်က အတွင်းရော အပြင်ပါ နူးညံ့သော စွမ်းအားများဖြင့် ပြည့်နှက်နေသော်လည်း ကြယ်နန်းတော်မှာမူ သတ်ဖြတ်ခြင်း အရှိန်အဝါ အချို့ကို သယ်ဆောင်ထားသည်။

နန်းတော်တံခါးမကြီးသို့ သွားရာ လမ်းတစ်လျှောက်တွင် လမ်းဘေးဝဲယာ၌ မားမားမတ်မတ် ရပ်နေသော ဧရာမ ကျောက်ရုပ်တုကြီးများကို တွေ့ရသည်။

ထိုရုပ်တုများမှာ အက်ကွဲနေပြီ ဖြစ်သော်လည်း ၎င်းတို့၏ ပုံပန်းသဏ္ဌာန်အရ ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုးဝိညာဉ် ပုံစံများ ဖြစ်ကြောင်း သိနိုင်သည်။

အဓိက တံခါးဝရှိ ရုပ်တုနှစ်ခုမှာမူ အတော်ပင် ပြည့်စုံဆဲ ဖြစ်သည်။

၎င်းတို့က လှံရှည်ကြီးများကို ကိုင်ဆောင်ကာ တံခါး၏ ဘေးတစ်ဖက်စီတွင် စောင့်ကြပ်နေကြသည်။ ၎င်းတို့ထံ၌ ကြယ်စွမ်းအားများ ပြည့်နှက်နေပြီး မခန့်ညားသော်လည်း အရှိန်အဝါမှာ အားကောင်းလှသည်။

ထန်ထျန်း အနီးသို့ ရောက်သွားသည့်အခါ ထိုရုပ်တုများက ပုံမှန်အတိုင်း လှုပ်ရှားလာပြီး လှံရှည်နှစ်စင်းကို ထန်ထျန်း၏ ရှေ့တွင် ကြက်ခြေခတ် ပိတ်ဆို့လိုက်သည်။

“ရပ်စမ်း”

ဟိန်းထွက်လာသော အသံက ဝိညာဉ်ထဲအထိ တိုက်ရိုက် သက်ရောက်သွားသည်။ ရုပ်တုကြီးနှစ်ခုက နတ်ဘုရားနှစ်ပါးကဲ့သို့ ထန်ထျန်းကို ငုံ့ကြည့်နေကြသည်။

သို့သော် ၎င်းတို့ ပြည့်စုံနေလျှင်ပင် ထန်ထျန်း၏ ခြေလှမ်းကို တားနိုင်မည် မဟုတ်ပါချေ။ ယခုကဲ့သို့ တစ်စိတ်တစ်ပိုင်း ပျက်စီးနေသည့် အခြေအနေတွင် ပို၍ပင် မဖြစ်နိုင်ပေ။

ထန်ထျန်းက ကျန်ရှိနေသေးသော ဤအကောင်းပကတိ အစိတ်အပိုင်းများကို မဖျက်ဆီးလိုသော်လည်း ကြယ်နှလုံးသားကို ရရှိရန် လိုအပ်သဖြင့် ရှင်းယွဲ့အင်မော်တယ် ဓား ကို ဆွဲထုတ်ကာ အတင်းအကျပ် ဝင်ရန် ပြင်လိုက်သည်။

သို့သော် သူက ဓားကို ထုတ်လိုက်သည်နှင့် သူ၏ ရှေ့တွင် ပိတ်ဆို့ထားသော လှံရှည်နှစ်စင်းမှာ ပြန်လည် ရုတ်သိမ်းသွားတော့သည်။

“ကြွပါ”

ရုပ်တုများ၏ အသံမှာလည်း နူးညံ့သွားခဲ့သည်။

ထန်ထျန်းက ချက်ချင်း သတိပြုမိလိုက်သည်မှာ ရှင်းယွဲ့အင်မော်တယ် ဓားပေါ်ရှိ အော်ရာ ကို ရုပ်တုများက အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်သည်။

ကြည့်ရသည်မှာ သူ အရင်က တွေ့ခဲ့သော ကြယ်တာရာ ကျွန်းမှာလည်း သာမန်ကျွန်းတစ်ခု မဟုတ်ခဲ့ပုံရပေ။

ရုပ်တုများက ထန်ထျန်း၏ အဆင့်အတန်းကို လက်ခံလိုက်သည်နှင့် ပိတ်ထားသော နန်းတော်တံခါးမကြီးမှာ ဖြည်းဖြည်း ချင်း ပွင့်လာခဲ့သည်။

ငွေမီးခိုးရောင် ပလ္လင်တစ်ခု ထန်ထျန်း၏ အမြင်အာရုံအတွင်း ပေါ်လာတော့သည်။

All Chapters