← Chapters

ကြိုတင်နိမိတ်ပြခြင်း

Vol. 19 Ch. 254

ကြိုတင်နိမိတ်ပြခြင်း

Vol. 19 Ch. 254

သူ၏ နဝမတောင်ထွတ်ဆီသို့ အပြန်လမ်းတွင် စုမင်နှစ်ကြိမ်တောင် ရပ်တန့်ခဲ့ရသည်။

သူ ပထမအကြိမ်ရပ်တန့်လိုက်ရခြင်းသည် ဟန်ဖေးကျစ်နှင့် တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ဤတစ်ကြိမ်သည် အေးခဲကောင်းကင်ကလန်သို့ ဝင်ရောက်ခဲ့ပြီးချိန်မှစ၍ သူမကို သူ ပထမဆုံးအကြိမ်ပြန်တွေ့ခြင်း ဖြစ်သည်။

ဟန်ဖေးကျစ်သည် သူမတစ်ဦးတည်းမဟုတ်ပဲ သူမနောက်တွင် အမျိုးသားနှင့် အမျိုးသမီးတစ်ဦးတို့ လိုက်ပါလာ၏။ စုမင်သည်လည်း ထိုသူများနှင့် ရင်းနှီးပေသည်။ ထိုနှစ်ဦးသည် ချန်းယုပင်းနှင့် ရှုယုယွဲ့တို့ပင် ဖြစ်သည်။ ယခုအချိန်တွင် သူတို့နှစ်ဦးသည် ဟန်ဖေးကျစ်၏အနောက် ခြေလှမ်းများစွာအကွာမှ လိုက်ပါလာကြခြင်းဖြစ်သည်။ သူတို့၏ ရိုသေလေးစားနေသော အမူအရာများကြောင့် ထိုနှစ်ဦးသည် ဟန်ဖေးကျစ်၏ နောက်လိုက်များ ဖြစ်လာကြသည်မှာ ရှင်းလင်းနေပေသည်။

ဟန်ဖေးကျစ်သည် ယခင်ကအတိုင်း အေးစက်နေဆဲပင်။ သူမ၏ အေးစက်စက် အပြုအမူသည် ဆွဲဆောင်မှုရှိပုံ ပေါ်သော်ငြား သူမ၏ စိတ်ဝိညာဉ်အတွင်းမှ ထွက်ပေါ်နေသည့် အေးစက်စက်သဘောထားကမူ လူတိုင်းလက်ခံနိုင်မည့် အရာမျိုးမဟုတ်ပေ။

သူမသည် အစိမ်းရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ပခုံးထက်တွင် ဆံပင်များကို ဖြန့်ချထားသည်။ သူမ၏ လျစ်လျူရှုကာ စိတ်မဝင်စားဟန် အမူအရာသည် စုမင်ကိုမြင်လိုက်ချိန်တွင်လည်း ထူးထူးခြားခြား ပြောင်းလဲသွားခဲ့ခြင်း မရှိပေ။

“နှုတ်ခွန်းဆက်ပါတယ်၊ ဆရာဦးလေးစု”

“နှုတ်ခွန်းဆက်ပါတယ်၊ ဆရာဦးလေးစု”

ဟန်ဖေးကျစ်၏ နောက်မှ ချန်းယုပင်းနှင့် ရှုယုယွဲ့တို့၏ အမူအရာများသည်မူ စုမင်ကိုတွေ့လိုက်ချိန်၌ ရှုပ်ထွေးသွားခဲ့ကြသည်။ သို့သော် ထိုအရာသည် ရိုသေလေးစားမှုအဖြစ်သို့ အလျင်အမြန် ပြန်လည်ပြောင်းလဲ သွားခဲ့သည်။ သူတို့သည် စုမင်နှင့် သူတို့ကြားမှ ကွာခြားချက်ကို ရှင်းရှင်းလင်းလင်းပင် နားလည်သဘောပေါက်နေခဲ့ကြပြီး ကျောင်းတော်သို့ ဝင်ရောက်ခဲ့ချိန်မှစ၍ လွန်ခဲ့သောခြောက်လအတွင်း အေးခဲကောင်းကင်ကလန်၏ အဆင့်များမှ စုမင်၏ လျင်လျင်မြန်မြန် မြင့်တက်လာမှုသည် သူတို့ကို ထိတ်လန့်တုန်လှုပ် နေစေလေသည်။

စုမင်နှင့် စစ်မာရှင်း၏ တိုက်ပွဲကြောင့် စုမင်၏နာမည်သည် ကြီးမြတ်သော ဆီးနှင်းဖုံးလွင်ပြင်များတွင် မုန်တိုင်းတစ်ခုသဖွယ် ပျံ့နှံ့သွားခဲ့သည်ဟုပင် ပြောဆိုနိုင်ပေသည်။ သူ့နာမည်သည် ကုန်းမြေတစ်ခုလုံးကိုပင် ပျံ့နှံ့သွားရန် နီးကပ်နေချေပြီ။

ချန်းယုပင်းနှင့် ရှုယုယွဲ့တို့ကို စုမင် ခေါင်းညိတ်ပြလိုက်ပြီး ဟန်ဖေးကျစ်ထံ တစ်ချက်လှမ်းကြည့်လိုက်သည်။ ထိုအမျိုးသမီးသည် စကားပြောချင်ပုံမပေါ်သည်ကို တွေ့လိုက်သောအခါ သူထွက်ခွာလိုက်၏။

သို့သော် သူရွေ့လျားလိုက်သည့် အချိန်မှာပင် ဟန်ဖေးကျစ်၏ အေးစက်စက်အသံသည် တိုးညင်းစွာ ထွက်ပေါ်လာခဲ့သည်။ သူ့နားထဲသို့ သူမအသံရောက်လာချိန်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရေခဲများဖြင့် ဖုံးအုပ်ခံလိုက်ရသကဲ့သို့ စုမင်ခံစားလိုက်ရသည်။ သူမအသံတွင် မည်သို့သော စိတ်ခံစားချက် အရိပ်အယောင်မျိုးမှ ပါဝင်နေခြင်းမရှိပဲ အေးစက်လွန်းနေသည်မှာ အလွန်ပူပြင်းသော နေ့တစ်နေ့ကိုပင် ခဏချင်းအေးခဲသွားစေနိုင်သကဲ့သို့ ...

ထိုအမျိုးသမီး၏ နှလုံးသား၊ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များ မည်မျှအေးစက်စက်နိုင်ကြောင်းကို သူမအသံတစ်ခုတည်းမှပင် ပြောပြနိုင်ရန် လုံလောက်ပေသည်။

“ကျွန်မက ရှင်အခုလိုမျိုးတောင် ရှောင်ဖယ်သွားရတဲ့ ကင်းမြီးကောက်မျိုးလား”

စုမင် နောက်ပြန်လှည့်ပြီး ဟန်ဖေးကျစ်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။ ဤအမျိုးသမီးသည် ပိုမိုအစွမ်းထက်လာရုံသာ မကပဲ၊ သူမအရှိန်အဝါသည်လည်း ဟန်တောင်တန်းမြို့တော်တွင် ရှိနေခဲ့စဉ်အချိန်ကနှင့် သိသိသာသာ ကွာခြားသွားခဲ့ချေပြီ။

“စီနီယာ အစ်ကိုချန်း၊ စီနီယာအစ်မ ရှု”

ဟန်ဖေးကျစ်သည် စုမင်အကြည့်နှင့်ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်မနေပဲ ထိုအစား သူမနောက်မှလိုက်ပါလာသော လူနှစ်ဦးကိုသာ လှမ်းကြည့်လိုက်သည်။ ချန်းယုပင်းနှင့် ရှုယုယွဲ့တို့သည် သူတို့ခေါင်းများကို ချက်ချင်းငုံ့လိုက်ကြသည်။ ဟန်ဖေးကျစ်၏ စကားမဆုံးသေးသော်လည်း သူမ၏စကားလုံးများနောက်ကွယ်မှ အဓိပ္ပာယ်ကို သူတို့နားလည် နေခဲ့သဖြင့် ထိုနှစ်ဦးသည် မကြာသေးခင်ကမှသာ ဟန်ဖေးကျစ်၏နောက်လိုက်များ ဖြစ်လာခဲ့ခြင်းမဟုတ်ကြောင်း ထင်ရှားနေပေသည်။ သူတို့သည် ပေ၁၀၀၀ခန့်အကွာအဝေးသို့ ရောက်သည်အထိ နောက်သို့အလျင်အမြန် ဆုတ်သွားကြပြီး ထိုနေရာတွင် စောင့်ဆိုင်းနေကြချေသည်။

“ငါတို့က အသိအကျွမ်းတွေပဲ။ စကားပြောဖို့ ဒီလိုလုပ်စရာ မလိုပါဘူး” စုမင်က ဟန်ဖေးကျစ်ကိုကြည့်ပြီး အေးအေးဆေးဆေးပင် ပြောသည်။

သူနှင့် ဤအမျိုးသမီး၏ ပထမဆုံးတွေ့ဆုံမှုသည် သူတောင်ပိုင်းအရုဏ်ဦး ကုန်းမြေသို့ ရောက်လာပြီးနောက် ဟန်တောင်တန်းမြို့တော်ဆီ ပထမဆုံးသွားခဲ့ချိန်က တည်းခိုခန်းအတွင်း ဝင်လိုက်ချိန်တွင်ဖြစ်သည်။ ထိုအချိန်တုန်းက သူမသည် မြူခိုးငွေ့များနှင့် ဖုံးကာခံထားရပုံပေါ်ပြီး စုမင်သည် သူမကိုတိတ်ဆိတ်စွာ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ သူမ၏ စွမ်းအားနှင့် အဆင့်အတန်းတို့သည် ထိုအချိန်က သူယှဉ်ပြိုင်နိုင်သည့် အရာများမဟုတ်ခဲ့ပေ။

သူတို့အကြားမှ ပထမဆုံးတိုက်ပွဲအပါအဝင် နောက်ပိုင်းတွေ့ဆုံမှုများသည်လည်း ထိုကဲ့သို့ပင်။ ထိုစဉ်က စုမင် အလွန်အမင်း ဂရုတစိုက်လှုပ်ရှားခဲ့ရ၏။

“ငါ စတုတ္ထတောင်ထွတ်ကို ရောက်သွားပြီး ဆရာနဲ့တွေ့ပြီးတဲ့အချိန်ကစလို့၊ ငါ့ကိုယ်ငါ သီးခြားတံခါးပိတ်လေ့ကျင့်ခဲ့တယ်။ တစ်ခါတစ်ရံ လေ့ကျင့်တာက ထွက်လာတတ်ပေမဲ့၊ တောင်ကတော့ ဘယ်တုန်းကမှ မထွက်ခွာခဲ့ဘူး ...” ဟန်ဖေးကျစ်သည် အေးစက်စွာ ပြောနေရင်းမှပင် အဝေးရှိတောင်များထံသို့ လှမ်းကာငေးကြည့်လိုက်သည်။

သူမအသံသည် အေးစက်နေသော်လည်း သူမစကားလုံးများကမူ တစ်စုံတစ်ရာအား ကြိုးစားကာရှင်းပြလိုသည့် ရည်ရွယ်ချက်ဖြင့်ပြောဆိုနေပုံ ပေါ်ချေသည်။

စုမင် ငြိမ်သက်စွာပင် မည်သည့်စကားမှပြန်မပြောခဲ့ပေ။

“ရှင်နဲ့ စစ်မာရှင်းကြားက တိုက်ပွဲကိုမြင်ခဲ့တယ်” ဟန်ဖေးကျစ်အကြည့်က စုမင်ထံသို့ ပြန်လည်ကျရောက်လာခဲ့သည်။ “အဲဒါ ပြီးတဲ့နောက်မှာ၊ ကျွန်မတို့အကြားမှာ အရမ်းကြီး ကွာဟမသွားဖို့ နောက်တစ်ကြိမ် သီးခြားတံခါးပိတ် လေ့ကျင့်ခဲ့တယ်”

စုမင်သည် တိတ်ဆိတ်နေဆဲပင် ...

ဟန်ဖေးကျစ်၏ စကားသံသည်ရပ်တန့်သွားပြီး သူမနောက်ထပ် ဆက်မပြောတော့ပေ။ သူတို့နှစ်ဦးသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ စုမင်က လှည့်ထွက်ပြီး အဝေးသို့ လျှောက်သွားလိုက်သည်။

ဟန်ဖေးကျစ်သည် စုမင်နောက်ကျောကို ကြည့်နေရင်းမှပင် သူမ၏ မည်သို့သော စိတ်ခံစားချက်မျိုးမှ မပါဝင်သည့် အေးစက်စက်အသံဖြင့် နောက်တစ်ကြိမ် စကားထပ်ပြောလိုက်သည်။ “ဟန်တောင်တန်းရဲ့ လျှို့ဝှက်နယ်မြေထဲမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာကို မှတ်မိသေးလား”

“မှတ်မိတယ်” စုမင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သော်လည်း နောက်သို့လှည့်မကြည့်ခဲ့ပေ။

“မနက်ဖြန်က စပြီးတော့၊ ဆရာငါ့ကို သင်ပေးခဲ့တဲ့ ပညာရပ်တွေကို သီးခြားတံခါးပိတ်ပြီး ဆက်လေ့ကျင့်တော့မယ်။ ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲ မစခင် တံခါးပိတ်လေ့ကျင့်တာကနေ ပြန်ထွက်လာမယ် ... အမဲလိုက်ပွဲ အတွင်းမှာ၊ ရှင့်ကို ကျွန်မနဲ့အတူ နေရာတစ်ခုကို လိုက်ပေးစေချင်တယ်”

စုမင်သည် ခဏတာစဉ်းစားနေခဲ့သော်လည်း သူမကိုမငြင်းဆန်ခဲ့ပေ။

“ကောင်းပြီ”

“ရှင် အဲဒီနေရာကို စိတ်ဝင်စားမှာပါ။ အဲဒီနေရာက တခြားကမ္ဘာတွေနဲ့ ဆက်စပ်နေတယ် ...”

ဟန်ဖေးကျစ်သည် ညင်သာစွာ ပြောလိုက်ရင်းမှပင် ထွက်ခွာသွားသော စုမင်နောက်ကျောအား လှမ်းကြည့်လိုက်သည်။ သို့သော် ထိုနောက်ကျောတွင် မည်သို့သော ပြောင်းလဲမှုမျိုးကိုမှ သူမ မမြင်နိုင်ခဲ့ပါချေ။ သူသည် အဝေးသို့ တည်ငြိမ်အေးဆေးစွာ လျှောက်သွားခဲ့ပြီး သူမမြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

သူ၏ နဝမတောင်ထွတ်ဆီသို့ အပြန်လမ်းတွင် နဝမတောင်ထွတ်နှင့် သိပ်မဝေးတော့သော နေရာတွင် စုမင် ဒုတိယအကြိမ် ရပ်တန့်လိုက်ရသည်။ သူ တောင်သို့ ဝင်ရောက်ခါနီးမှာပင် သူ့ခြေလှမ်းများ ရပ်တန့်သွားခဲ့ရခြင်းဖြစ်သည်။

“မင်း ငါ့နောက်ကို ဘယ်အချိန်ထိ လိုက်နေဦးမှာလဲ”

“ဒီနေရာက နဝမတောင်ထွတ် တစ်ခုတည်းပိုင်တာမှ မဟုတ်တာ။ ကျွန်မက ရှင့်နောက်ကိုလိုက်နေတယ်လို့ ရှင့်မှာပြောခွင့်ရှိလို့လား” မိန်းကလေးတစ်ဦး၏ အသံသည် စုမင်နောက်ဘက်မှ ပျံ့လွင့်လာခဲ့သည်။

ထိုအသံသည် ဖန်းချန်းလန်၏ နူးညံ့သိမ်မွေ့မှု၊ ထျန်းလန်မုန်၏ ယဉ်ကျေးကျက်သရေရှိမှု၊ ဟန်ဖေးကျစ်၏ အေးစက်မှုတို့နှင့် မတူညီပေ။ သို့သော် ထိုအသံထဲတွင် အခြားသုံးဦးထံ၌မရှိသော နားဝင်ချိုဖွယ် လေယူလေသိမ်းနှင့် စိတ်ကိုဆွဲဆောင်နိုင်မှုများ ပါဝင်နေခဲ့သည်။

စုမင် မျက်မှောင်ကြုတ်လျက် လှည့်ကြည့်လိုက်ရာ သူနှင့်ပေရာအနည်းငယ်အကွာတွင် ရပ်နေသော ခရမ်းရောင်ဝတ်ရုံနှင့် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးသည် အလွန်လှပပြီး အရိုင်းဆန်၍ ကြော့ရှင်းသောအရှိန်အဝါများနှင့် ပြည့်နှက်နေခဲ့သည်။ အထူးသဖြင့် ထိုအခိုက်အတန့်တွင် စုမင်ကိုလှမ်းကြည့်နေသော သူမ၏မျက်လုံးများပင်ဖြစ်သည်။ သူမ၏ မျက်လုံးများထဲတွင် မထီမဲ့မြင်ပြုဟန်များ ရှိနေခဲ့လေသည်။

ဤလူသည် စုမင်၏ မှတ်ဉာဏ်များထဲတွင် မကြာခဏပေါ်လာလေ့ရှိသော သေးသွယ်သည့် မျက်နှာပိုင်ရှင်ပင်ဖြစ်သည်။ လွန်ခဲ့သော လပေါင်းများစွာခန့်က စုမင်အား သူ့ကိုသူ မထိန်းချုပ်နိုင်ပဲ စိတ်လိုက်မာန်ပါ ပြုမူမိစေခဲ့သော မျက်နှာလေးလည်း သူမထံတွင်ရှိ၏။

ဤမိန်းကလေးသည် ပိုင်စုပင်ဖြစ်သည် ....

သူ့မှတ်ဉာဏ်များထဲတွင် မကြာခဏဆိုသလို ပေါ်လာတတ်သော ထိုမျက်နှာလေးနှင့် သူမကို စုမင် ကြည့်လိုက်မိသည်။ ဤအချိန်တွင်တော့ သူ သူမကိုမမြင်ချင်ပေ။

စုမင် လှည့်ထွက်လိုက်ပြီး ထိုမိန်းကလေးကို ဆက်မကြည့်တော့ပေ။ သူ ခဏတာ ရပ်တန့်လိုက်ပြီးနောက်တွင် နဝမတောင်ထွတ်သို့ ဆင်းသက်လိုက်သည်။ သူ တောင်လှေကားထစ်များအတိုင်း စလျှောက်လိုက်ချိန်တွင် နောက်တစ်ကြိမ် မျက်မှောင်ကြုတ်သွားခဲ့ရသည်။

သို့သော်ငြား သူထပ်မံ ရပ်တန့်ခြင်းမပြုတော့ပဲ ထိုအစား သူ့လိုဏ်ဂူရှိရာဆီသို့သာ ဦးတည်လျှောက်သွားလိုက်သည်။ ကျီချဲသည် စုမင်၏ လိုဏ်ဂူအပြင်ဘက်တွင် ရှိနေခဲ့ခြင်းဖြစ်သည်။ စုမင် ပြန်လာသည်ကို မြင်လိုက်ချိန်တွင် သူအလျင်အမြန်ထရပ်ကာ လေးလေးစားစားဦးညွှတ်လိုက်သည်။ ထို့နောက် စကားစပြောရန် ပြင်လိုက်ချိန်တွင် ကျီချဲ၏ အမူအရာသည် ရုတ်ခြည်းပြောင်းလဲသွားရပြီး စုမင်၏အနောက်သို့ လှမ်းကြည့်လိုက်မိချေသည်။ ထိုနေရာတွင် တဖြည်းဖြည်းပေါ်လာသော ခရမ်းရောင်ပုံရိပ်လေးတစ်ခုကို သူမြင်လိုက်ရ၏။

ထိုခရမ်းရောင်ပုံရိပ်ကို သေချာမြင်လိုက်ရသည့် အချိန်တွင် ကျီချဲမျက်နှာထက်၌ အံ့အားသင့်မှင်တက် သွားသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

စုမင်သည် မျက်မှောင်ကြုတ်လျက် ကျီချဲကို ဖြတ်လျှောက်သွားခဲ့သည်။ ထို့နောက် သူလိုဏ်ဂူထဲမဝင်ခင်၌ အဝေးမှနေ၍ သူတို့ထံသို့ လာနေသော ပိုင်စုထံသို့ ခေါင်းလှည့်ကြည့်လိုက်သည်။

သူမ၏ ခရမ်းရောင်ဝတ်ရုံများနှင့် မျက်လုံးအတွင်းမှ အလျှော့မပေးသော ခေါင်းမာဟန် အမူအရာများက သူမ၏ အရိုင်းဆန်ဆန်အလှတရားကို ပိုမို၍ပင်ပေါ်လွင်နေစေသည်။

“ဒါက နဝမတောင်ထွတ်” စုမင်က တည်ငြိမ်စွာ ပြောသည်။

“သိသားပဲ” ပိုင်စုက သူမမေးကိုပင်မော့လိုက်ပြီး ပြန်ဖြေလာသည်။

“သူမကို နှင်ထုတ်လိုက်”

စုမင်မျက်လုံးများထဲတွင် အေးစက်စက် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူသည် ကျီချဲအား အမိန့်ပေးပြီးသည်နှင့် လှည့်ထွက်ကာ ဂူထဲသို့ဝင်ရောက်သွားလေသည်။

“ရှင့်ရဲ့အမှတ်တရတွေထဲမှာ ကျွန်မနဲ့ချွတ်စွပ်တူတဲ့ မိန်းကလေးတစ်ယောက်ရှိနေလို့ ရှင်ကကျွန်မကို မတွေ့ရဲတာ။ ရှင်က ကျွန်မကိုတောင်မတွေ့ရဲဘူးဆိုရင်၊ ရှင့်ရဲ့နှလုံးသားထဲမှာ နာကျင်နေရတဲ့နေရာတစ်ခု အမြဲတမ်းရှိနေလိမ့်မယ်။ ရှင်က အဲနာကျင်မှုကို မဖယ်ရှားပစ်ရင်တော့ ရှင့်စိတ်ကိုအမြဲတမ်း အေးချမ်းအောင်ထားနိုင်မှာ မဟုတ်ဘူး။ ရှင်အေးချမ်းချင်ယောင် ဆောင်နေရင်တောင်၊ အဲဒါက အတုအယောင်ပဲ” ပိုင်စုက ရုတ်တရက်အော်ဟစ်လိုက်သည်။

သူမအော်ဟစ်လိုက်ချိန်တွင် လိုဏ်ဂူထဲသို့ လျှောက်လှမ်းဝင်ရောက်သွားသော စုမင်ကမူ မည်သည့်အရာကိုမှ မကြားလိုက်ဟန်ဖြင့် လိုဏ်ဂူအတွင်း၌ပင် ထိုင်ချလိုက်ပြီး မျက်လုံးများကို မှိတ်ချလိုက်ချေသည်။

“ဂျူနီယာ ညီမပိုင်၊ ကျေးဇူးပြုပြီး ငါ့ကိုခက်ခဲအောင်မလုပ်ပါနဲ့”

ကျီချဲက ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး စုမင်၏လိုဏ်ဂူအတွင်းသို့ ဝင်ရောက်ချင်နေသော ပိုင်စုကိုပိတ်ရပ်လိုက်သည်။ ထို့နောက် သတိပေးဟန် အေးစက်စက်အသံဖြင့်ပြောဆိုလိုက်သည်။

“ရှင်က ကျွန်မကို မတွေ့ရဲသေးဘူး။ ကျွန်မက ရှင့်နှလုံးသားထဲမှာ စိုက်ပျိုးထားတဲ့ အစေ့တစ်စေ့လိုပဲ။ ရှင်ကျွန်မကို မတွေ့ရင်တောင် ကျွန်မက အဲနေရာမှာ ရှိနေဦးမှာ။ ရှင်က ကျွန်မကိုတိုက်တောင်မတိုက်ပဲနဲ့ ဘာလို့ ကျွန်မကိုနှင်ထုတ်ဖို့ တခြားတစ်ယောက်ကို ပြောရတာလဲ”

“ရှင့်ဘာသာရှင် လုပ်ပါလား။ ရှင့်စွမ်းအားက အစ်ကိုကြီးစစ်မာနဲ့ တိုက်ဖို့တောင်လုံလောက်တဲ့ဟာ။ ကျွန်မက ရုပ်နယ်လွန်ခဲ့တာတောင် မကြာသေးဘူး။ ရှင့်စွမ်းအားနဲ့သာဆို လက်ကလေးတစ်ချက် ယမ်းလိုက်ရုံနဲ့တင် ကျွန်မကိုနှင်ထုတ် ပစ်နိုင်တာပဲမလား။ ရှင် ဘာလို့အဲဒါကို မလုပ်နိုင်တာလဲ” ပိုင်စုသည် သိပ်မဝေးသောနေရာတွင်ရှိသည့် စုမင်လိုဏ်ဂူကိုလှမ်းကြည့်ရင်း ကျယ်လောင်စွာ အော်ဟစ်နေသည်။ သူမဘေးတွင်ရပ်နေသော ကျီချဲကိုမူ ကြည့်ပင်မကြည့်ပါချေ။

“ပြီးတော့ ရှင်ကျွန်မကို နဝမတောင်ထွတ်ကနေ နှင်ထုတ်ခဲ့တော့ရော ဘာဖြစ်လဲ။ ကျွန်မက ထပ်လာဦးမှာပဲ။ နေ့တိုင်းကိုလာနေမှာ”

ကျီချဲ မျက်မှောင်ကြုတ်လိုက်မိပြီး သူ့ခန္ဓာကိုယ်အတွင်းမှ ချီများကို အသာအယာ လှုပ်ရှားလိုက်ရာ အားလှိုင်းတစ်ခုက ရုတ်ခြည်း ဖြစ်ပေါ်လာခဲ့သည်။ ၎င်းအားလှိုင်းသည် ပိုင်စုကိုတွန်းထုတ်လိုက်ပြီး နောက်သို့ရွေ့လျားသွားစေသည်။ ကျီချဲသည် ပိုင်စုမျက်နှာပေါ်မှ အလျှော့မပေးလိုသော ခေါင်းမာမှုများကို မြင်လိုက်ရသောအခါ သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ခုသည် ပိုင်စု၏ခန္ဓာကိုယ်ကို ချက်ချင်းပင့်တင်သွားပြီး နဝမတောင်ထွတ် အပြင်သို့ သယ်ဆောင်သွားလေသည်။

လိုဏ်ဂူထဲတွင်မူ စုမင်သည် အပြင်ဘက်တွင် ဖြစ်ပျက်နေသော မည်သည့်အရာကိုမှ မကြားခဲ့ဟန်ဖြင့် မျက်လုံးများကို မှိတ်ထားချေသည်။ သို့သော် အကြောင်းအရင်း တချို့ကြောင့် သူ့နှလုံးထဲ၌ စိုးရိမ်ကြောင့်ကြမှု အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။

အချိန်အတော်ကြာပြီးနောက်တွင် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး လိုဏ်ဂူအပြင်ဘက်ရှိ ကောင်းကင်ပြာကို မော့ကြည့်လိုက်မိချေ၏။

“ဒီတော့ ငါ့ကို တိုက်ခိုက်ဖို့အတွက် မင်းကသူမကို အသုံးပြုတော့မှာပေါ့၊ စစ်မာရှင်း ...” စုမင် တီးတိုးရေရွတ်လိုက်သည်။

အတိအကျပြောရမည်ဆိုလျှင် သူစစ်မာရှင်းနှင့် သုံးကြိမ်သုံးခါ တိုက်ခိုက်ခဲ့ပြီးချေပြီ။ ပထမဆုံးအကြိမ်သည် ဟန်တောင်တန်းမြို့တော်တွင် ဖြစ်သည်။ ထိုအချိန်က စစ်မာရှင်းသည် သူ၏စိတ်ဝိညာဉ်ကိုသုံး၍ ဖန်းမု၏ခန္ဓာကိုယ်ကို ရယူပြီး စုမင်နှင့်တိုက်ခိုက်ခဲ့သည်။ သူနိုင်ခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ရှုံးနိမ့်ခဲ့ရခြင်းလည်းဖြစ်သည်။

တိုက်ပွဲသည် သရေကျကာ အဆုံးသတ်သွားသည်ဟုပင် ပြော၍ရသည်။

ဒုတိယတိုက်ပွဲသည် အေးခဲကောင်းကင်ကလန် အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကောင်းကင်နှင့် မြေပြင်ကိုပင် လှုပ်ခါသွားစေခဲ့သော တိုက်ပွဲတစ်ခုဖြစ်သည်။ ထိုတိုက်ပွဲသည် သေချာအဆုံးမသတ်ခဲ့ပုံ ပေါ်သော်လည်း အမှန်တကယ်တွင်မူ  စုမင်သည် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သလို တစ်ချိန်တည်းမှာပင် အနိမ့်ရခဲ့ခြင်းလည်း ဖြစ်သည်။

ဤတိုက်ပွဲသည်လည်း သရေကျခဲ့သည်ဟုပင် ပြောနိုင်သည်။

တတိယတိုက်ပွဲသည် တုတ်ချောင်းမြွေလေး၏ အသက်ကို အချိတ်အဆက်အဖြစ်သုံး၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ပွဲသည် ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခါသွားစေသည့်အထိ မဖြစ်ခဲ့သော်လည်း မယုံနိုင်လောက်အောင်ပင် အန္တရာယ်များခဲ့ဆဲ ဖြစ်သည်။

ဤတိုက်ပွဲသည်တော့ သရေကျကာ အဆုံးသတ်ခဲ့ခြင်းမဟုတ်ပေ။ စုမင်ဘက်က အနိုင်ရခဲ့ခြင်းဖြစ်သည်။

ယခု ပိုင်စု၏ ရောက်ရှိလာမှုကြောင့် ဤမိန်းကလေးသည် သူနှင့်စစ်မာရှင်းကြားမှ စတုတ္ထတိုက်ပွဲအတွက် စင်မြင့်တစ်ခုသဖွယ်ဖြစ်ကြောင်း သူနားလည်သွားခဲ့ရသည်။ အကယ်၍ ကြီးမြတ်လှသည်ဆိုသော စစ်မာရှင်းဘက်မှ ဤအကွက်ကို ရွှေ့ခဲ့ခြင်းဆိုလျှင်တော့ စစ်မာရှင်းသည် ဤအတွက် ပြင်ဆင်မှုများ ပြုလုပ်ထားလောက်ပြီးဖြစ်သည်မှာ အသေအချာပင်။

‘အကြင်နာမဲ့ မာန်မျိုးစေ့ကြီးမြတ်သော ပညာရပ် ... အဲဒီပညာရပ်က အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်။ စစ်မာရှင်း၊ မင်းရဲ့ အပြုအမူတွေအကုန်လုံးကိုသာ ချိတ်ဆက်ကြည့်လိုက်မယ်ဆိုရင် မင်းရည်ရွယ်ချက်က ပွင့်နေတဲ့စာအုပ်တစ်အုပ်လိုပဲ အတိုင်းသားပေါ်နေပြီ ...’

‘မင်းက ငါ့ခန္ဓာကိုယ်ထဲမှာ မာန်မျိုးစေ့တစ်ခုကို စိုက်ချင်နေတာပဲ ...’

လိုဏ်ဂူအပြင်မှ ကောင်းကင်ကိုကြည့်နေသော  စုမင်မျက်လုံးများက စူးရှတောက်ပလာခဲ့သည်။

‘ငါ မတိုက်ခိုက်ရင်လည်း ငါရှုံးသွားလိမ့်မယ် ... သူမကို မမေ့နိုင်ပဲနဲ့ ... ငါတိုက်မယ်ဆိုရင်လည်း မင်းအစီအစဉ်တွေထဲကို ရောက်သွားပြီး ငါလွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး ...’

စုမင် မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး ညာလက်ကိုမြှောက်ကာ သူ့ရှေ့ရှိ ပုံဆွဲကားချပ်ပေါ်တွင် ဖြည်းဖြည်းချင်း စတင်ရေးဆွဲလိုက်သည်။

သူတစ်ဦးတည်းသာ မြင်နိုင်သောရုပ်ပုံတစ်ခုသည် ကားချပ်ပေါ်တွင် တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့သည်။ စုမင်သည် နောက်ဆုံးစုတ်ချက်ကို ဆွဲသားပြီး မျက်လုံးကိုပြန်ဖွင့်လိုက်သောအခါ ပုံဆွဲကားချပ်ပေါ်တွင် လူတစ်ဦး၏ ဝိုးတဝါးပုံရိပ်ကို သူဆွဲသားခဲ့ခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။

ထိုလူသည် ခေါင်းကိုငုံ့လျက် သူ့ခြေဖဝါးအောက်ရှိ မြက်ပင်ကိုကြည့်နေခဲ့သည်။ သို့သော် သူ့ညာခြေကို မလိုက်ချိန်တွင် ထိုမြက်ပင်သည် သူနှင့် တွယ်ဆက်နေချေသည် ...

ထိုမြက်ပင်သည် အလွန်ကျိုးပဲ့ပျက်စီးလွယ်သဖြင့် သူ့ခြေထောက်ကိုသာ ဆက်မြှောက်နေမည်ဆိုလျှင် ၎င်းမြက်ပင်သည် အပိုင်းပိုင်းပြတ်ထွတ်သွားပေလိမ့်မည်။ သို့သော် ထိုလူကမူ ခေါင်းကိုသာငုံ့လျက် ၎င်းအား အချိန်ကြာမြင့်စွာ စိုက်ကြည့်နေခဲ့သည်။

စုမင် ထိုရုပ်ပုံကိုကြည့်နေချိန်တွင်၊ တောင်ထိပ်ရှိ လိုဏ်ဂူထဲမှ ထျန်းရှဲ့ကျီသည် မျက်လုံးများကိုဖွင့်ကာ စုမင်ရှိရာအရပ်သို့ လှမ်းကြည့်လိုက်သည်။

“မင်းက ... မင်းနှလုံးသားရဲ့ ပထမဆုံးအပြောင်းအလဲကို တွေ့ကြုံရတော့မယ် ...”

ထျန်းရှဲ့ကျီမျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်။

***

All Chapters