← Chapters

ဦးသူက ယူသွားလေပြီ

Vol. 73 Ch. 762

ဦးသူက ယူသွားလေပြီ

Vol. 73 Ch. 762

ကြယ်နှလုံးသား က နန်းတော်အတွင်းမှာပဲ ရှိနေတာပဲ

နန်းတော်တံခါးမကြီး ပွင့်သွားသည့်အချိန်တွင် ထန်ထျန်းက ဒါကို အသေအချာ အတည်ပြုလိုက်နိုင်သည်။

နန်းတော်အတွင်းထဲမှ ကြယ်စွမ်းအားများမှာ အလွန်တရာ ကျယ်ပြောလှသည်။

ကောင်းကင်ယံမှ ဒီရေလှိုင်းကြီးများကဲ့သို့ တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်လာနေခြင်းဖြစ်သည်။

ကြယ်နှလုံးသား တစ်ခုတည်းကသာ ဒီလောက်ကြီးမားသော ကြယ်စွမ်းအား လှုပ်ခတ်မှုမျိုးကို ဖန်တီးနိုင်မည် ဖြစ်သည်။

စိတ်ကို တည်ငြိမ်အောင်ထားပြီး ထန်ထျန်းက နန်းတော်ထဲသို့ ဝင်ရန် ပြင်လိုက်သည်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ အလွန်အေးစက်သည့် မျက်လုံးတစ်စုံက သူ့ကျောပြင်ကို စိုက်ကြည့်နေသလို ခံစားလိုက်ရပြီး ကျောချမ်းသွားရသည်။

ထန်ထျန်းက ရုတ်တရက် လှည့်ကြည့်လိုက်သည့်အခါ ရင်းနှီးနေသော ပုံရိပ်ကို နောက်တစ်ကြိမ် မြင်လိုက်ရပြန်သည်။

ရူးသွပ်နေသော အဘိုးအို ပင် ဖြစ်သည်။

“မင်း ဘာလုပ်နေတာလဲ”

အဘိုးအိုက အေးစက်သောလေသံဖြင့် မေးလိုက်သည်။

ယခုအချိန်တွင် သူ့ထံ၌ စောစောကလို ရူးသွပ်နေသည့် ပုံစံမျိုး မရှိတော့ဘဲ တည်ငြိမ်နေပုံရသည်။

သူ့အော်ရာများက လှုပ်ခတ်နေပြီး ထန်ထျန်းကို ကြည့်သည့် အကြည့်များမှာ စစ်ဆေးမေးမြန်းချင်သည့် ပုံစံမျိုး ဖြစ်နေသော်လည်း ရန်လိုသည့် အရိပ်အယောင်တော့ မရှိပေ။

ထန်ထျန်းကတော့ စိတ်မလျှော့ဘဲ သတိထားရင်းနှင့်ပင် ပြန်မေးလိုက်သည်။

“ခင်ဗျားကကော ဘာလုပ်နေတာလဲ”

အဘိုးအိုက ထန်ထျန်းကို ပြန်မဖြေပေ။ ခေတ္တမျှ ငြိမ်သက်စွာ ရပ်နေပြီးနောက်တွင်တော့ သူက စကားစပြောသည်။ “ပြန်သွားတော့”

“အထဲကို မဝင်နဲ့”

“ဒါကို ထိတွေ့ဖို့ ထပ်ပြီး မစဉ်းစားနဲ့တော့”

“အဲဒီမှာ မျှော်လင့်ချက်ဆိုတာ မရှိဘူး၊ အဆုံးမဲ့တဲ့ မျှော်လင့်ချက်မဲ့မှုတွေပဲ ရှိတယ်”

“ပုရွက်ဆိတ်တစ်ကောင်အဖြစ် နေရတာ မကောင်းဘူးလား”

ထန်ထျန်းက မျက်မှောင်ကြုတ်လိုက်မိသည်။ အဘိုးအိုက ဘာကို ဆိုလိုတာလဲဆိုသည်ကို သူ အတိအကျ နားမလည်ပေ။

ကြယ်နှလုံးသားကိုလား ဒါမှမဟုတ်... ဒဏ္ဍာရီလာ အဆင့်တစ်ခုကိုလား

ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ထန်ထျန်းက ပြောလိုက်သည်။ “ခင်ဗျား ဆိုလိုတာကို ကျွန်တော် နားမလည်ဘူး”

ဒါပေမဲ့ အဘိုးအိုက ဘာမှ ရှင်းမပြပေ။ စောစောက ပြောခဲ့သည့် စကားများကိုပင် စက်ရုပ်တစ်ရုပ်လို ထပ်ခါတလဲလဲ ပြောနေသည်။

“အထဲကို မဝင်နဲ့”

“ဒါကို ထိတွေ့ဖို့ ထပ်ပြီး မစဉ်းစားနဲ့တော့”

“အဲဒီမှာ မျှော်လင့်ချက်ဆိုတာ မရှိဘူး...”

သူက ကြည့်ရသည်မှာ တည်ငြိမ်နေပုံရသော်လည်း အရင်လိုပင် ပြန်ပြီး ရူးကြောင်ကြောင် ဖြစ်သွားပုံရသည်။

ထန်ထျန်းက တခြားစကားများ ပြောရန် ကြိုးစားကြည့်သေးသော်လည်း အဘိုးအိုကတော့ ဒီစကားများကိုပင် ဘာမှမပြောင်းလဲဘဲ ထပ်ခါတလဲလဲ ပြောနေခြင်းဖြစ်သည်။

အတန်ကြာ အချိန်ဖြုန်းပြီးနောက်တွင်တော့ ထန်ထျန်းက သူနှင့် ဒီမှာ ဆက်ပြီး ဖက်လဲတကင်း မလုပ်ချင်တော့ပေ။ သူ့ကို လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီး ကြယ်နန်းတော်ဆီသို့ ဆက်သွားရန် ပြင်လိုက်သည်။

ဒါပေမဲ့ သူ လှည့်လိုက်သည်နှင့် အဘိုးအိုက အကျယ်ကြီး အော် လိုက်သည်။ “ရပ်စမ်း”

ထန်ထျန်းက ခဏရပ်သွားသော်လည်း ဂရုမစိုက်ရန် ဆုံးဖြတ်လိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။

အဘိုးအိုက စိတ်တိုသွားပုံရပြီး ထန်ထျန်းနားသို့ ပျံသန်းလာသည်။

“မင်းလို မျိုးဆက်သစ်က ဘာလို့ ဒီလောက် ခေါင်းမာရတာလဲ”

ရူးသွပ်သည့် အော်ရာများကို သယ်ဆောင်လာပြီး အဘိုးအိုက ထန်ထျန်းအနားသို့ ရောက်လာသည်။

ထန်ထျန်းကတော့ စိတ်ရှုပ်သွားသည်။ ဒီလူက ဘာလို့ သူ့နောက်ကိုပဲ တကောက်ကောက် လိုက်နေရတာလဲ။

ကြယ်နန်းတော် တံခါးဝအထိ ရောက်နေပြီဖြစ်သဖြင့် ဒီရူးကြောင်ကြောင်လူကြောင့် လမ်းပိတ်သွားရမည်ဆိုလျှင်တော့ ဒါက ဟာသ တစ်ခု ဖြစ်သွားပါလိမ့်မည်။

သူက ခြေလှမ်းရပ်လိုက်ပြီး ဒီအရူးအဘိုးကြီးကို အင်အားသုံးပြီး ဖြေရှင်းရန် ပြင်လိုက်သည်။

တစ်ဖက်လူက သူ့ထက် အော်ရာ သန်မာ ပေမဲ့ သူက အရူးတစ်ယောက်ဖြစ်နေခြင်းကြောင့် ထန်ထျန်းကတော့ အင်အားသုံးပြီး ဖြေရှင်းနိုင်မည်ဟု ယုံကြည်ချက် ရှိသည်။

ဒါပေမဲ့ နောက်ထပ် ဖြစ်ပျက်လာသည့် ကိစ္စက ထန်ထျန်း၏ ထင်မြင်ချက်ကို နောက်တစ်ကြိမ် လွဲချော်သွားစေပြန်သည်။

အရူးအဘိုးကြီးက ထန်ထျန်းအနားသို့ အမြန်ရောက်လာသည်။ ဒါပေမဲ့ သူက ရှေ့သို့ တိုးလာရန် ပြင်လိုက်သည့်အချိန်မှာပင် ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားသည်။

သူက ထန်ထျန်းကို ကြည့်ပြီး မှင်တက်သွားသည်။ ဖရိုဖရဲဖြစ်နေသည့် ဆံပင်ရှည်ကြီးများကြားမှ သူ့မျက်လုံးများထဲတွင် အစတုန်းကတော့ ဝေဝါးနေသော်လည်း နောက်ပိုင်းတွင်တော့ အကြီးအကျယ် တုန်လှုပ်ခြောက်ခြားမှုများနှင့် မယုံကြည်နိုင်မှုများ ဖြစ်လာသည်။

နောက်ဆုံးတွင်တော့ အလွန်အမင်း ကြောက်လန့်တုန်လှုပ်မှုများအဖြစ် ပြောင်းလဲသွားသည်။

“ဟင့်အင်း... မဟုတ်ဘူး”

အရူးအဘိုးကြီးက နောက်သို့ တရစပ် ဆုတ်သွားသည်။ တုန်ရင်နေသည့် လက်ချောင်းများဖြင့် ထန်ထျန်းကို ညွှန်ပြရင်း တစ်ကိုယ်လုံးကလည်း ထိန်းမနိုင်သိမ်းမရ တုန်ယင်နေသည်။

“ဘယ်လို ဖြစ်နိုင်မှာလဲ...”

“မင်းက...”

“မင်းက တကယ်ကြီးပဲလား”

“မဟုတ်ဘူး”

“သရဲပဲ”

အရူးအဘိုးကြီးက ရုတ်တရက် အော်ဟစ်လိုက်ပြီး နောက်သို့ ဆုတ်ရင်းနှင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

အဲဒီနောက်တွင်တော့ သူက အကြီးအကျယ် ကြောက်လန့်စရာ ကိစ္စတစ်ခုကို မြင်လိုက်ရသလိုမျိုး ဒူးထောက်ပြီး တွားသွားရင်းနှင့် ဒီကြယ်မျက်နှာပြင်ပေါ်မှ ကြောက်လန့်တကြား ထွက်ပြေးသွားပါတော့သည်။

အဆုံးမဲ့သည့် မုန်တိုင်းများကို သယ်ဆောင်သွားပြီး ဒီကြယ်ကမ္ဘာထဲမှ မကြာခင်မှာပင် ပျောက်ကွယ်သွားသည်။

ထန်ထျန်း : ...

ခေတ္တမျှ ငြိမ်သက်စွာ ရပ်နေပြီးနောက်တွင်တော့ သူက မှန်တစ်ချပ်ကို ထုတ်ပြီး ကြည့်လိုက်သည်။

ချောနေတုန်းပါပဲ 😅

ဒါဆို တစ်ဖက်လူက ဘာလို့ သရဲမြင်သလိုမျိုး ဖြစ်သွားတာလဲ

ထန်ထျန်းက ခေါင်းခါလိုက်ပြီး မှန်ကို ပြန်သိမ်းလိုက်သည်။

သူက အရူးတစ်ယောက်ဖြစ်သဖြင့် အရူးတစ်ယောက်၏ အတွေးကို နားလည်ဖို့ ကြိုးစားလျှင် သူလည်း အရူးတစ်ယောက် ဖြစ်သွားမှာပေါ့။

ဒီကိစ္စလေး ပြီးသွားသည့်နောက်တွင်တော့ ထန်ထျန်းက မူလလမ်းကြောင်း ပေါ်သို့ ပြန်ရောက်သွားသည်။

ဒီတစ်ကြိမ်တွင်တော့ ဘယ်သူမှ သူ့ကို မတားတော့ဘဲ ကြယ်နန်းတော်ထဲသို့ အောင်အောင်မြင်မြင် ဝင်နိုင်ခဲ့သည်။

အင်အားကြီးမားသည့် ကြယ်စွမ်းအားများ၏ ထောက်ပံ့မှုကြောင့်လားမသိဘဲ ကြယ်နန်းတော်၏ ပျက်စီးမှုကတော့ သိပ်ပြီး မသိသာပေ။ ပစ္စည်း အများစုကတော့ အကောင်းပကတိ ရှိနေပါသေးသည်။

နန်းတော်က တော်တော်လေး ကျယ်ဝန်းသည်။ နန်းတော်၏ ဘေးတစ်ဖက်စီတွင် စားပွဲနှင့် ကုလားထိုင် အများအပြား ရှိနေပြီး အရွယ်အစားများမှာတော့ တစ်ခုနှင့်တစ်ခု မတူဘဲ ကွာခြားချက်က အလွန်ကြီးမားသည်။

အချို့ စားပွဲကုလားထိုင်များမှာ ကြွက်များ ထိုင်ဖို့ လုပ်ထားသလား မှတ်ရသလို အချို့ကတော့ အပြင်မှ ဧရာမ ရုပ်တုကြီးများ ဝင်ထိုင်လျှင်တောင် ကျယ်ဝန်းနေဦးမည့် ပုံစံမျိုးဖြစ်သည်။

ဒါက ထန်ထျန်းကို အရင်က လင်းယွင်တောင်တန်းရှိ မူလရေခဲဝိညာဉ်၏ နန်းတော်ထဲမှ မြင်ကွင်းကို သတိရသွားစေသည်။ သူတို့၏ တည်ဆောက်ပုံများမှာ ဆင်တူလှသည်။

ဒါကလည်း မူလဝိညာဉ်များထံသို့ လာလည်သည့် သက်ရှိများက အမျိုးမျိုး ဖြစ်နေနိုင်ခြင်းကြောင့်လည်း ဖြစ်ပေလိမ့်မည်။

ဒီက ပတ်ဝန်းကျင်ကို အသားကျသွားပြီးနောက် ထန်ထျန်းက ရှေ့သို့ ဆက်လျှောက်လာသည်။

အဲဒီ ကျယ်ပြောလှသည့် ကြယ်စွမ်းအားများမှာ ရှေ့ဆုံးက ပလ္လင်ပေါ်မှ ထွက်ပေါ်လာနေခြင်းကို သူ ခံစားမိသည်။

နန်းတော်ကြီးက အလွန်ကျယ်ဝန်းပြီး ထန်ထျန်း၏ ခြေထောက်အောက်တွင်တော့ ကြယ် ခရစ်စတယ်များဖြင့် အကုန် ခင်းထားခြင်းဖြစ်သည်။

တစ်ခုခုကို ကော်ထုတ်ပြီး အပြင်လောကသို့ ယူသွားမည်ဆိုလျှင်တောင် ဒါက ရှားမှရှားသည့် ကမ္ဘာ့ရတနာများ ဖြစ်ပေလိမ့်မည်။

တကယ်တော့ ဘေးပတ်ပတ်လည်က သာမန် စားပွဲကုလားထိုင်များတောင် ကြယ်စွမ်းအားများ၏ လွှမ်းမိုးမှုကြောင့် ထိပ်တန်း ရတနာများ ဖြစ်နေပါပြီ။ သာမန် ကျိကျွင်းတစ်ယောက် မြင်လျှင်တောင် မျက်စိကျလောက်စရာပင်။

ဒါပေမဲ့ ထန်ထျန်းအတွက်တော့ ဒါတွေက အသုံးမဝင်တော့ခြင်းကြောင့် ဒီအတိုင်းပဲ ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။

ထန်ထျန်းက ဖြည်းဖြည်းချင်း လျှောက်သွားသည်။ ရှေ့မှ ပလ္လင်ကြီးက သူ့အမြင်အာရုံထဲတွင် တဖြည်းဖြည်း ကြီးမားလာသည်။

ကြည့်ရတာ အရှင်သခင်ကို ဖူးမြော်ဖို့ သွားနေရသလို ခံစားချက်မျိုးပင်။

ထန်ထျန်းက ပလ္လင်ရှေ့သို့ ရောက်သည့်အချိန်မှာတော့ ငွေမီးခိုးရောင် ပလ္လင်ကြီးက သူ့အမြင်အာရုံ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

မြင့်မြတ်လှ သည့် အော်ရာ များက ပလ္လင်ပေါ်မှ ထွက်ပေါ်နေပြီး သာမန်သက်ရှိများသာဆိုလျှင်တော့ ခေါင်းတောင် မော့ရဲမှာ မဟုတ်ဘဲ ဒူးထောက် ရှိခိုးနေကြမှာ ဖြစ်သည်။

ထန်ထျန်းက မေးစေ့ကို ပွတ်လိုက်သည်။ “ကြယ်တာရာ ဘိုးဘေးရဲ့ အော်ရာ က လနတ်သမီးထက်တောင် ပိုပြီး ကြီးမားနေတာပဲ"

နေနတ်ဘုရားဆီတော့ မရောက်ဖူးသေးတော့ သူကော ဘယ်လိုပုံစံမျိုး ဖြစ်မလဲဆိုတာ မသိသေးဘူး

ပလ္လင်၏ အရှိန်အဝါက ကြီးမားပေမဲ့ ထန်ထျန်းအတွက်တော့ ဘာမှ မဟုတ်ပေ။

သူက ရှေ့မှ စားပွဲကြီးကို ပတ်ပြီး ပလ္လင်ဘေးသို့ ရောက်သွားသည်။

ကြယ်စွမ်းအားများ၏ လမ်းညွှန်ချက်အရ စွမ်းအားများ၏ အရင်းအမြစ်က ပလ္လင်ပေါ်မှာပဲ ရှိနေခြင်းဖြစ်သည်။

ဒါပေမဲ့ ထန်ထျန်းက ပလ္လင်ပေါ်သို့ ကြည့်လိုက်သည့်အချိန်မှာတော့ မှင်တက်သွားသည်။

အဆုံးမဲ့သည့် ကြယ်စွမ်းအားများက ပလ္လင်ပေါ်မှ တကယ်ပဲ ထွက်ပေါ်နေတာ မှန်သည်။ ဒီနေရာက ကမ္ဘာပေါ်ရှိ ကြယ်စွမ်းအား အားလုံး၏ အစပြုရာ နေရာပင် ဖြစ်သည်။

ဒါပေမဲ့ ပလ္လင်ပေါ်မှာတော့ ဘာမှ မရှိပေ၊ ဘာမှ မရှိဘဲ နတ္ထိ ဖြစ်နေခြင်းဖြစ်သည်။

ကျန်ရှိနေသည့် အော်ရာများမှ ကြယ်စွမ်းအားများ ထွက်ပေါ်နေတုန်းပင် ဖြစ်သော်လည်း ကြယ်နှလုံးသား ကိုတော့ တစ်ယောက်ယောက်က ယူသွားပြီ ဖြစ်သည်။

တစ်ယောက်ယောက်က လက်ဉီးကာ ယူသွားလေပြီ

ထန်ထျန်း မှင်တက်သွားသည်။ ဒါက သူ လုံးဝ ထင်မထားသည့် အခြေအနေပင်။

နေနတ်ဘုရား၏ စကား ဆိုလျှင် လနတ်သမီးကလွဲလို့ ဘယ်သူမှ ကြယ်တာရာ ဘိုးဘေး ကျဆုံးသည့်နေရာကို မသိနိုင်ပေ။ သူကိုယ်တိုင်တောင် မသိခြင်းဖြစ်သည်။

ကြယ်နှလုံးသားကို တစ်ယောက်ယောက်က ယူသွားဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။

ဒါပေမဲ့ ယခု မြင်တွေ့နေရသည့် အခြေအနေကတော့ နေနတ်ဘုရား၏ စကား က မှားနေသည်ကို သက်သေပြနေသည်။

တစ်ယောက်ယောက်က ဒါကို အရင်လာယူသွားခြင်းပင်

ပြီးတော့ ကျန်ခဲ့သည့် သဲလွန်စ များအရဆိုလျှင် ယူသွားတာ သိပ်မကြာသေးပေ၊ ဒီနှစ်ပိုင်းအတွင်းမှာပဲ ဖြစ်ပေလိမ့်မည်။

ခဏချင်းမှာပင် ထန်ထျန်း၏ စိတ်ထဲတွင် ရှုပ်ထွေးသည့် အတွေးများ တရစပ် ဝင်လာသည်။

သူ့စိတ်ထဲတွင် ကြောက်စရာကောင်းသည့် ခန့်မှန်းချက်တစ်ခု ရှိလာသည်။

ဒီခန့်မှန်းချက်က သူ့ကိုယ်သူတောင် မယုံကြည်နိုင်လောက်အောင်ပင်။

ဒါကို သူ လက်ခံဖို့ ခက်ခဲနေမိသည်။

All Chapters