အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
အပိုင်း (၁၃၅)
လွန်ခဲ့သော တစ်နာရီခန့်က...
ပြေးဝင်လာသောဓားသွားသည် ဦးခေါင်းမဲ့အလောင်းနှင့် ငါးမီတာခန့် အကွာတွင် ရပ်နေပြီး ဖုန်းပုကြွယ်အတွက် ကင်းစောင့်ပေးနေသည်။
"မင်း ဒါကိုလုပ်မှာ တကယ်သေချာလို့လား"
ပြေးဝင်လာသောဓားသွားက အလောင်းဘေးတွင် ဆောင့်ကြောင့်ထိုင်နေသော ဖုန်းပုကြွယ်ကို ကြည့်ကာ မေးလိုက်သည်။ သူ့မျက်လုံးများက 'မင်းတော့ ရူးနေပြီ' ဟု ပြောနေပုံရသည်။
"ငါ လုပ်နေပြီပဲဟာကို၊ ဘာဖြစ်လို့လဲ၊ မင်းက လက်ပစ်ဗုံးကို အလဟဿဖြစ်မှာ စိုးလို့လား"
ဖုန်းပုကြွယ်က မေးသည်။
"အာ... အမှန်အတိုင်းပြောရရင် လက်ပစ်ဗုံးနှမြောတာထက် မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပိုစိုးရိမ်နေတာကွ..."
ပြေးဝင်လာသောဓားသွားက သူ့ကို မျက်စောင်းထိုးကြည့်ရင်း ဆိုသည်။
"ဒါက ငါ့စိတ်ကျန်းမာရေးနဲ့ ဘာဆိုင်လို့လဲ"
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
"ငါက ဂိမ်းထဲမှာ အလောင်းတစ်လောင်းကို သုံးပြီး ထောင်ချောက်ဆင်နေရုံတင်ပဲ၊ ပုံမှန်စိတ်ရှိတဲ့ ဘယ်သူမဆို ဒီဗျူဟာကို စဉ်းစားမိရင် လုပ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး"
"ဟားဟား... မင်းပြောသမျှ အမှန်ပေါ့ကွာ..."
ပြေးဝင်လာသောဓားသွားက သူနှင့် မငြင်းခုံလိုတော့ပေ။ ဤအချိန်တွင် ထိုလူ၏ အိုင်ဒီက ဘာကြောင့် 'ဖုန်းပုကြွယ်' ဖြစ်နေရသည်ကို သူ နားလည်သွားရသည်။
ဖုန်းပုကြွယ်သည် လက်ပစ်ဗုံး၏ စနစ်တံဆွဲကွင်းထဲသို့ သတ္တုကြိုးတစ်ချောင်းကို လျှိုသွင်း ချည်နှောင်လိုက်သည်။ ထို့နောက် လက်ပစ်ဗုံးကို လက်ထဲတွင် ကိုင်ကာ အင်္ကျီလက်ကို မတင်ပြီး အလောင်း၏ အစာရေမျိုပြွန်ထဲသို့ လက်ပစ်ဗုံးကို ရောက်အောင် ထိုးထည့်ကာ အစာအိမ်ထဲသို့ ပို့လိုက်သည်။ အလောင်းအရှေ့ဘက်တွင်မူ အစာအိမ်ထဲမှ သတ္တုကြိုးကို အရေပြားအောက်မှတစ်ဆင့် အပြင်သို့ ထိုးထွက်နိုင်ရန် ဒဏ်ရာသေးသေးလေး တစ်ခုသာ လိုအပ်သည်။
နောက်တစ်ဆင့်မှာ စာသားများ ထွင်းထုရန် ဖြစ်သည်။ သတ္တုကြိုး ထွက်လာသည့် နေရာတွင် 'မေးခွန်းသင်္ကေတ' ပုံစံလေးဖြင့် အလှဆင်လိုက်ပြီး တစ်ဖက်လူ ငါးစာဟပ်မည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
"မင်း ဘာလို့ စာတွေကို ရေးပြီးမှ တစ်ဝက်ကို ဖုံးထားလိုက်တာလဲ"
ဖုန်းပုကြွယ်၏ စီစဉ်မှုကို ကြည့်ပြီး ပြေးဝင်လာသောဓားသွားက မေးသည်။
"အကုန်မဖုံးထားရင် သူတို့ အဝေးကနေ မြင်သွားမှာပေါ့"
ဖုန်းပုကြွယ်က ရှင်းပြသည်။
"ဒါပေမဲ့ အကုန်ဖုံးထားပြန်ရင်လည်း သူတို့ မြင်ချင်မှ မြင်မှာ"
သူ အလုပ်ပြီးသွားသောအခါ အလောင်း၏ အဝတ်အစားဖြင့် လက်ကို သုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
"အခုလို တစ်ဝက်ဖုံးထားရင်တော့ သူတို့က ဆောင့်ကြောင့်ထိုင်ပြီး အင်္ကျီကို မတင်ကြည့်ကြလိမ့်မယ်၊ အဲ့ဒီအခါကျရင်... သူတို့ မျက်စိမကန်းဘူးဆိုရင်တော့ သတ္တုကြိုးအဆုံးကို မြင်သွားကြမှာပဲ"
"သူတို့က ဒီကြိုးကို ကိုင်ကြည့်မယ်လို့ မင်းဘယ်လိုများ အပိုင်တွက်ထားတာလဲ"
ပြေးဝင်လာသောဓားသွားက မေးသည်။
"သူတို့ အဲ့ဒီကြိုးကို လှုပ်လိမ့်မယ်လို့ ဘယ်သူက အပိုင်တွက်ထားလို့လဲ"
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
"ဟင်..."
ပြေးဝင်လာသောဓားသွားမှာ သူ ဆိုလိုသည်ကို နားမလည်နိုင် ဖြစ်သွားသည်။
ဖုန်းပုကြွယ်က ထပ်မေးသည်။
"ဒါက ထောင်ချောက်တစ်ခုနဲ့ တူရဲ့လား"
"အမ်... မတူပါဘူး"
"ဘာလို့ မတူတာလဲ"
ပြေးဝင်လာသောဓားသွားက သူ၏ အတွေးလမ်းကြောင်းအတိုင်း လိုက်စဉ်းစားကြည့်သည်။
"ထောင်ချောက်ဆိုတာ ရန်သူ ကျိန်းသေပေါက် ဖြတ်သန်းသွားမယ့် နေရာမျိုး ဥပမာ တံခါးနောက်မှာ ထားရမှာလေ"
ဖုန်းပုကြွယ်က ခေါင်းငြိမ့်ပြသည်။
"အဲ့ဒါဆို ရပြီလေ"
"ဒါပဲလား"
ပြေးဝင်လာသောဓားသွားက နားမလည်နိုင်သေးပေ။
"ငါ နောက်ထပ် ဥပမာတစ်ခု ပေးမယ်"
ဖုန်းပုကြွယ်က ဆိုသည်။
"ငါတို့ စောစောကရခဲ့တဲ့ သေတ္တာကို မှတ်မိလား"
"မှတ်မိတာပေါ့"
"တကယ်လို့ အဲ့ဒီသေတ္တာကို ဖွင့်လိုက်တာနဲ့ ပေါက်ကွဲသွားမယ်ဆိုရင် ငါတို့ အလိမ်ခံလိုက်ရပြီလို့ ဆိုလိုတာလား"
"စနစ်က အဲ့ဒီလိုမျိုးတော့ စီစဉ်မှာ မဟုတ်ပါဘူး"
ပြေးဝင်လာသောဓားသွားက ပြန်ဖြေသည်။
"အဲ့ဒီလိုဆိုရင် ကစားသမားတွေက ရှောင်လွှဲနိုင်မှာ မဟုတ်တော့ဘူးလေ၊ တကယ်လို့ သေတ္တာက တကယ်ပေါက်ကွဲမှာဆိုရင် မဖွင့်ခင်မှာ အရိပ်အမြွက် တစ်ခုခု ပေးထားမှာပဲ"
"အိုး..."
ဖုန်းပုကြွယ်က ဆိုသည်။
"ဒါဆို ငါက ဂိမ်းစနစ်လား"
"မဟုတ်ဘူးလေ..."
"ငါက တစ်ဖက်လူကို စေတနာရှေ့ထားပြီး အရိပ်အမြွက်ပေးမယ့်သူနဲ့ တူလို့လား"
"ဒါကတော့..."
"ပြီးတော့ မီးခံသေတ္တာက သေတွင်းမဟုတ်ဘူးလို့ မင်းထင်ရတဲ့ နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိသေးတယ်"
ဖုန်းပုကြွယ်က ဆက်ပြောသည်။
"ဘာလို့လဲဆိုတော့... အဲ့ဒီအခန်းက ရွေးချယ်နိုင်တဲ့တာဝန်မို့လို့လေ၊ ငါတို့က တံခါးမဖွင့်ဘဲ တခြားလမ်းကနေ သွားဖို့ ရွေးချယ်လို့ရတယ်၊ မကောင်းဆိုးဝါးကို သတ်ပြီးရင်တောင် အခန်းထဲက သေတ္တာတွေကို မဖွင့်ဖို့ ရွေးချယ်လို့ရတာပဲ"
ဖုန်းပုကြွယ်က အလောင်းကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီအလောင်းက ကြမ်းပြင်ပေါ်မှာ လဲနေတာ၊ သူတို့က ဒါကို လျစ်လျူရှုပြီး ကျန်နေတဲ့ စာကြောင်းတစ်ဝက်ကိုလည်း ဂရုမစိုက်ဘဲ နေလို့ရတာပဲ၊ တကယ်လို့ သူတို့ ကြည့်ဖြစ်တယ် ဆိုရင်တောင် သတ္တုကြိုးကို မကိုင်ဖို့ သူတို့ ရွေးချယ်လို့ရသေးတယ်"
ပြေးဝင်လာသောဓားသွားက ခေါင်းကို ကုတ်လိုက်သည်။ သူ အနည်းငယ် နားလည်သွားပုံရသည်။
"ဒါက... စိတ်ပညာအရ လှုံ့ဆော်မှုတစ်မျိုးပေါ့ ဟုတ်လား"
ဖုန်းပုကြွယ်က လမ်းလျှောက်နေပြီ ဖြစ်သည်။ သူက တစ်ဖက်လူကို လိုက်ခဲ့ရန် အချက်ပြလိုက်သည်။ လမ်းလျှောက်ရင်း သူက ပြောသည်။
"လူတစ်ယောက်ကို အန္တရာယ်ကင်းပုံပေါ်ပေမဲ့ အမှန်တကယ်တော့ သူတို့အတွက် နစ်နာစေမယ့် အလုပ်တစ်ခုကို ခိုင်းစေချင်ရင် ပထမဆုံးအနေနဲ့ သူတို့ဘာသာ လုပ်ချင်လုပ် မလုပ်ချင်နေ သူတို့ကို အတင်းအကျပ် ခိုင်းစေနေတာ မဟုတ်ဘူးဆိုတဲ့ ခံစားချက်မျိုး ပေးရမယ်၊ ပြီးတော့ အပေါ်ယံကြည့်ရင် ကိစ္စက 'ပုံမှန်' ဖြစ်နေရမယ်၊ 'ပုံမှန်' ဆိုတဲ့ အဓိပ္ပာယ်က... အဲ့ဒီအလုပ်က အရမ်း ခက်ခဲမနေရဘူး၊ အရမ်းခက်ရင် သူတို့ မလုပ်တော့ဘူး၊ ဒါပေမဲ့ အရမ်းလည်း လွယ်မနေရပြန်ဘူး၊ အရမ်းလွယ်နေရင် တစ်ဖက်လူက သံသယဝင်သွားလိမ့်မယ်။
ဥပမာအားဖြင့် မင်းက လူတစ်ယောက်ကို သတ်တဲ့အခါ သေဆုံးသူက ပြန်လည်ရုန်းကန်လိမ့်မယ်၊ ဒါက 'ပုံမှန်' ကိစ္စပဲ၊ ဒါပေမဲ့ သူတို့က အလွန်အမင်း ပြန်ခုခံနေရင် မင်းက နောက်ဆုတ်သွားနိုင်တယ်၊ တကယ်လို့ သူတို့က အေးအေးဆေးဆေး အသတ်ခံဖို့ စောင့်နေမယ်ဆိုရင်လည်း မင်း သံသယဝင်လာမှာပဲ။
ဒါမှမဟုတ် နောက်ထပ် ဥပမာတစ်ခုအနေနဲ့ မင်းက အဆောက်အအုံတစ်ခုမှာ ဗုံးသွားထောင်ချင်တယ် ဆိုပါစို့၊ လုံခြုံရေးက အရမ်းတင်းကျပ်နေရင် မင်းလက်လျှော့သွားလိမ့်မယ်၊ ဒါပေမဲ့ လုံခြုံရေးက အရမ်းလျော့ရဲနေရင်လည်း မင်းစဉ်းစားရခက်နေလိမ့်မယ်..."
ဖုန်းပုကြွယ်က သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ နှစ်ချက်ခန့် ချောင်းဆိုးလိုက်သည်။
"ဒါကြောင့် ငါက လက်ပစ်ဗုံးကို အလောင်းထဲမှာ ဝှက်ထားခဲ့တာ၊ သတ္တုကြိုးကိုလည်း သူတို့ ကိုင်ချင်ကိုင်၊ မကိုင်ချင်နေလို့ရမယ့် နေရာမှာ ထားထားတာ၊ ငါ့ရဲ့ စာသားကိုလည်း အလောင်းရဲ့ တင်ပါးပေါ်မှာ ဒါမှမဟုတ် သူတို့ ရှာမတွေ့နိုင်လောက်တဲ့ နေရာမှာ ထွင်းထားတာ မဟုတ်ဘူး"
သူ သက်ပြင်းချလိုက်သည်။
"နောက်ဆုံးတော့... ငါ သူတို့အတွက် မျှော်လင့်မထားတဲ့ လက်ဆောင်တစ်ခု ပြင်ဆင်ပေးထားတာပေါ့"
"တကယ်လို့ သူတို့က သတ္တုကြိုးကို မတွေ့ဘဲ အလောင်းကိုတောင် လှည့်မကြည့်ဘဲ ထွက်သွားကြရင်ကော"
ပြေးဝင်လာသောဓားသွားက မေးသည်။
"သူတို့က ကျွမ်းကျင်ကစားသမားတွေ မဟုတ်လား"
ဖုန်းပုကြွယ်က မေးသည်။
"ဟုတ်တယ်လေ..."
"မင်းသာဆိုရင် ဘာမှမလုပ်ဘဲ ဒီအတိုင်း ထွက်သွားမှာလား"
ပြေးဝင်လာသောဓားသွား မဖြေနိုင်ခင် ဖုန်းပုကြွယ်က ဆက်ပြောသည်။
"အဆိုးဆုံး အခြေအနေကတော့ လက်ပစ်ဗုံးတစ်လုံး ဆုံးရှုံးသွားတာပဲပေါ့"
"ဘယ်လိုပဲဖြစ်ဖြစ် မင်းအတွက်ကတော့ ဆုံးရှုံးစရာ ဘာမှမရှိဘူးပေါ့ ဟုတ်လား..."
"အေးလေ"
ဖုန်းပုကြွယ်က အရှက်မရှိ ပြန်ဖြေလိုက်သည်။
နှစ်ယောက်သား တခဏမျှ စကားပြောရင်း ၁၀ မိနစ်ခန့် လမ်းလျှောက်လာကြသည်။ လမ်းကွေ့တစ်ခုအရောက်တွင်... ရုတ်တရက် ဘတ်စကက်ဘောအရွယ်အစားခန့်ရှိသော သတ္တုအပိုင်းအစတစ်ခုက သူတို့ဆီသို့ ပျံသန်းလာလေသည်။ ၎င်းသည် ဖုန်းပုကြွယ်၏ မျက်နှာ ဘယ်ဘက်ခြမ်းကို သီသီလေး လွဲချော်သွား၏။
ဖုန်းပုကြွယ်၏ ပထမဆုံးတုံ့ပြန်မှုသည် ကိုယ်ကိုကွေးညွှတ်လိုက်ပြီး ပစ္စတိုကို ဆွဲထုတ်ကာ ပြန်လည် ပစ်ခတ်ရန် ပြင်ခြင်းဖြစ်သည်။ သူ ရှေ့သို့ ကြည့်လိုက်သောအခါ ကော်ရစ်ဒါ၏ အဝေးဆုံး အမှောင်ရိပ်ထဲတွင် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူမှာ တိုက်ခိုက်မှုကို စတင်ခဲ့သူ ဖြစ်ကြောင်း သိသာလှသည်။
ပြေးဝင်လာသောဓားသွားလည်း တိုက်ခိုက်သူကို သတိထားမိလိုက်သည်။ သူ့လှုပ်ရှားမှုက မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။ ဘာစကားမှမပြောဘဲ ဓားကို ကိုင်ကာ ရှေ့သို့ ပြေးထွက်သွားတော့သည်။
တိုက်ခိုက်သူက မည်သူဖြစ်စေ၊ မည်သည့်အရာဖြစ်စေ ပြေးဝင်လာသောဓားသွားသည် သူ၏ အရိပ်ဖြတ်တောက်ခြင်းဓားကွက် အကွာအဝေးအတွင်းသို့ ရောက်ရှိသွားသည်နှင့် သူအသာစီးရမည်မှာ ကျိန်းသေကြောင်း ယုံကြည်မှုအပြည့် ရှိသည်။
ထိုလူရိပ်သည် ပြေးဝင်လာသောဓားသွား၏ လှုပ်ရှားမှုကို မြင်သောအခါ အံ့အားသင့်သွားပုံရသည်။ သူသည် ထိုနေရာတွင် နှစ်စက္ကန့်ခန့် ကြောင်ရပ်နေပြီးနောက်မှ လှည့်ပြေးတော့သည်။
ထိုအချိန်တွင် ဖုန်းပုကြွယ်သည်လည်း ရှေ့သို့ စတင်ပြေးလွှားနေပြီ ဖြစ်သည်။ သူသည် ရန်သူ၏ တုံ့ပြန်မှုကို သတိထားမိလိုက်ပြီး သူ့ရှေ့တွင် ပြေးနေသော ပြေးဝင်လာသောဓားသွားအား လှမ်းအော်လိုက်သည်။
“သူ့ကို အရှင်ဖမ်း”
ပြေးဝင်လာသောဓားသွားသည် ပြန်ဖြေရန် အချိန်မရှိသော်လည်း ဖုန်းပုကြွယ် ပြောသည်ကို ကြားလိုက်ရသည်။
ဖုန်းပုကြွယ်သည်လည်း အရှိန်အပြည့်ဖြင့် ပြေးသည့်အခါ အလွန်မြန်လှသည်။ သူတို့ အချင်းချင်း တိုက်ခိုက်ခဲ့သော ဇာတ်လမ်းတွင် ဖုန်းပုကြွယ် အရှိန်အပြည့်ဖြင့် ပြေးပါက ပြေးဝင်လာသောဓားသွား၏ အရှိန် ၇၀ မှ ၈၀ ရာခိုင်နှုန်းခန့်အထိ ရှိသည်။ ဖုန်းပုကြွယ်က ကိုယ်ခန္ဓာမြှင့်တင်ရေးမန္တန်ကို အသုံးပြုလိုက်လျှင်မူ ပြေးဝင်လာသောဓားသွား အရှိန်အပြည့်ဖြင့် ပြေးသည့်တိုင် သူ့ကို မမှီနိုင်ပေ။
ယခုအချိန်တွင်မူ သူတို့နှစ်ယောက်လုံးသည် တူညီလုနီးပါးရှိသော အရှိန်ဖြင့် ပြေးနေကြပြီး ထွက်ပြေးသူကို မကြာမီ လိုက်မှီသွားကြသည်။ ထိုသူလည်း လိမ္မော်ရောင် ကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ပြေးနှုန်းက ကစားသမားနှစ်ယောက်နှင့် အဆင့်မတူပေ။ သူ့လက်ထဲတွင်လည်း ဆွဲငင်အားဆန့်ကျင် သေနတ်တစ်လက်ကို ကိုင်ထားသည်။
ယင်းကို မြင်သောအခါ ဖုန်းပုကြွယ်က သူတို့ကို ချောင်းမြောင်း တိုက်ခိုက်သူသည် NPC တစ်ယောက် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ထပ်မံ အော်ဟစ်လိုက်သည်။
“အရှင်ဖမ်းထား”
မကြာမီတွင် ပြေးဝင်လာသောဓားသွားသည် အရိပ်ဖြတ်တောက်ခြင်းစကေးကို အသုံးပြုနိုင်သော အကွာအဝေးသို့ ရောက်ရှိသွားသည်။ သူသည် တယ်လီပို့လုပ်လိုက်သကဲ့သို့ ရန်သူ၏ ရှေ့တည့်တည့်တွင် ပေါ်လာလေသည်။ ယင်းကို မြင်သောအခါ ထိုလူ၏ မျက်နှာက ဖြူလျော့သွားသော်လည်း မတားဆီးနိုင်တော့ပေ။ ပြေးဝင်လာသောဓားသွားက ထိုလူ၏ ညှပ်ရိုးကို တံတောင်ဖြင့် တွန်းလိုက်ရာ ထိုလူမှာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
လဲကျသွားသော အရှိန်ကြောင့် ထိုလူမှာ မူးဝေသွားပြီး ကြမ်းပြင်ပေါ်တွင် ညည်းတွားမိသွားသည်။ ပြေးဝင်လာသောဓားသွားက တွန့်ဆုတ်မနေဘဲ ထိုလူ၏ လက်ကို လိမ်ကာ ကြမ်းပြင်ပေါ်တွင် မှောက်လျက်သား ဖိထားလိုက်သည်။ ထို့နောက် ထိုလူ၏ လက်ထဲမှ သေနတ်ကို ဖယ်ရှားလိုက်၏။
ထိုအချိန်တွင် ဖုန်းပုကြွယ် ရောက်ရှိလာသော်လည်း သူသည် အခြားကျွမ်းကျင်သူများကဲ့သို့ တည်ငြိမ်မနေပေ။ အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မြင်သောအခါ သူသည် လက်နှစ်ဖက်ကို ဒူးပေါ်တင်ကာ အမောတကော အသက်ရှူနေတော့သည်။
"ပြောစမ်း၊ မင်း ဘယ်သူလဲ"
ပြေးဝင်လာသောဓားသွားက သူတို့ ဖမ်းမိထားသူကို မေးလိုက်သည်။
ထိုလူမှာ ပြေးထားရသဖြင့် အသက်ရှူမဝ ဖြစ်နေရုံတင်မကဘဲ တံတောင်ဖြင့် အတွန်းခံထားရသဖြင့် မည်သို့ စကားပြောနိုင်ပါမည်နည်း။
ဖုန်းပုကြွယ်က "သူ့ကို လွှတ်ပေးလိုက်ပါ၊ ရပါတယ်" ဟု ဆိုသည်။
ပြေးဝင်လာသောဓားသွားက ထိုသူ၏လက်ကို လွှတ်လိုက်ပြီး နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်သည်။ သို့သော်လည်း လက်ထဲတွင် ဓားကို ကိုင်ထားဆဲဖြစ်ပြီး ကြမ်းပြင်ပေါ်မှ တိုက်ခိုက်သူကို စောင့်ကြည့်ထားသည်။
ထိုလူက ပက်လက်လှန်လိုက်ပြီး သူ၏ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။ သူသည် အတော်ကြာအောင် အသက်ကို မှန်မှန် မရှူနိုင်သေးပေ။ ဖောက်ထွင်းမြင်နေရသော မျက်နှာဖုံးမှတစ်ဆင့် သူသည် လူဖြူတစ်ဦး ဖြစ်ကြောင်း မြင်တွေ့ရသည်။ သူသည် အသက် ၂၀ ခန့်ရှိမည့် လူငယ်တစ်ဦးဖြစ်ပြီး အရပ် ၁.၆ မီတာခန့်ဖြင့် အတော်လေး သေးငယ်လှသည်။ သူသည် ပိန်ပိန်ပါးပါး ဖြစ်ပြီး အသင့်စားခေါက်ဆွဲကဲ့သို့ ကောက်ကွေးနေသော ဆံပင်နက်များ ရှိသည်။
အနည်းငယ် သက်သာလာပြီးနောက် ထိုလူက ထိုင်လိုက်ပြီး နံရံသို့ ရောက်သည်အထိ လက်ဖြင့် နောက်သို့ ဆုတ်သွားသည်။ သူသည် သူ့ရှေ့မှ လူနှစ်ယောက်ကို ထိတ်လန့်တကြား ကြည့်နေလေ၏။
"စကားပြောကြရအောင်"
ဖုန်းပုကြွယ်က ထိုလူနှင့် မျက်လုံးချင်း တန်းနေစေရန် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
"မင်းနာမည်က ဘာလဲ"
"အပြင်လူ၊ မင်းတို့ နတ်ဆိုးကောင်တွေ၊ ဘာသာမဲ့တွေ"
ထိုလူက ဦးထုပ်ကို လက်နှစ်ဖက်ဖြင့် ပွေ့ပိုက်ကာ အော်ဟစ်လိုက်သည်။
"မင်းတို့ရဲ့ 'မိစ္ဆာစကား' တွေနဲ့ ငါ့ဦးနှောက်ကို လှည့်စားနိုင်မယ်လို့ မထင်နဲ့၊ စဉ်းစားတောင် မစဉ်းစားနဲ့"
ပြေးဝင်လာသောဓားသွားက ဖုန်းပုကြွယ်ကို ကြည့်ကာ ပြောလိုက်သည်။
"ကျစ်... ဒါက ပိုရှုပ်ထွေးလာသလိုပဲ၊ ဒါက သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ဘူးလား၊ ဘာလို့ ဘာသာရေး စိတ်ကူးယဉ်ပုံစံတွေ ပါလာတာလဲ"
ဖုန်းပုကြွယ်က ခဏမျှ တွန့်ဆုတ်သွားပြီးနောက် အေးစက်စွာ ပြုံးကာ ပြောသည်။
"မဟုတ်ဘူး၊ ငါ့အထင်တော့ ဒါက အနာဂတ် သိပ္ပံစိတ်ကူးယဉ် ပုံစံပဲ"
ထိုသို့ပြောရင်း သူ့ကျောပိုးအိတ်ထဲမှ စတီးဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။
၎င်းကို မြင်သောအခါ ထိုလူက အသည်းအသန် အော်ဟစ်တော့သည်။
"ပါးစပ်ပိတ်ထား..."
ဖုန်းပုကြွယ်က ပုံမှန်လေသံဖြင့် အရင်ပြောလိုက်သော်လည်း ထိုလူမှာ အော်ဟစ်နေဆဲပင်။ ဖုန်းပုကြွယ်က စတီးဓားကို မြှောက်ကာ ထိုလူ၏ လည်ပင်းတွင် ကပ်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း”
ထိုလူသည် ကြောက်လန့်သွားပြီး ချက်ချင်းပင် ပါးစပ်ပိတ်သွားသော်လည်း သူ့မျက်နှာတွင် အကြောက်တရားများဖြင့် ပြည့်နေဆဲ ဖြစ်သည်။
"မင်း၊ နာမည်၊ ဘယ်သူ၊ လဲ"
ဖုန်းပုကြွယ်က စကားလုံး တစ်လုံးချင်းစီကို ရှင်းလင်းစွာ ပြောလိုက်သည်။
"ဟန်... ဟန့်ခ်"
ဟန့်ခ်က ပြန်ဖြေသည်။
"ဟန့်ခ်၊ မင်းငါ့ကို ဘယ်လိုထင်ထင် ကိစ္စမရှိဘူး၊ ငါ့အနေနဲ့ မင်းရဲ့ ယုံကြည်မှုကိုလည်း မလိုဘူး၊ မင်းကို ရှင်းပြနေဖို့လည်း မလိုဘူး၊ ဒါပေမဲ့ မင်းက ငါတို့မေးတာကို အမှန်အတိုင်း ဖြေရမယ်၊ မဟုတ်ရင် မင်း... အရမ်းကို နာကျင်စွာနဲ့ သေရလိမ့်မယ်"
ဖုန်းပုကြွယ်က ဆိုသည်။
"ဟင့်အင်း... မလုပ်ပါနဲ့..."
ဟန့်ခ်က ဆိုသည်။
"ငါ့ကို မသတ်ပါနဲ့၊ အိမ်မှာ ငါ့အမေ ရှိသေးတယ်... ငါ့ညီအစ်ကိုတွေ အကုန်သေကုန်ပြီ... ငါ မဖြစ်ဘူး..."
"အပိုတွေ ပြောမနေနဲ့"
ဖုန်းပုကြွယ်က ကြားဖြတ်ပြောလိုက်သည်။
"ငါ မေးတာကိုပဲ ဖြေ"
ဟန့်ခ်က ခေါင်းငြိမ့်ပြသည်။ ယခုအချိန်တွင် သူ့စိတ်သည် လွန်ခဲ့သော မိနစ်ပိုင်းကထက် အနည်းငယ် တည်ငြိမ်လာပြီး ငိုသံတိတ်သွားသော ကလေးတစ်ယောက်နှင့် တူနေသည်။
"မင်း ဘာလုပ်တာလဲ၊ ပြီးတော့ မင်းဘာလို့ ဒီကို ရောက်နေတာလဲ"
ဖုန်းပုကြွယ်က မေးသည်။
"ငါ... ငါက 'အမှိုက်ကောက်သမား' ပါ၊ ငါတို့အဖွဲ့က... ဒီနေရာကို ရှာဖွေဖို့ အမိန့်ရလို့ လာခဲ့တာပါ"
ဟန့်ခ်က ပြန်ဖြေသည်။
"မင်းတို့အဖွဲ့မှာ လူဘယ်နှစ်ယောက် ရှိလဲ"
ဖုန်းပုကြွယ်က မေးသည်။
"ငါးယောက်..."
ဟန့်ခ်က ပြန်ဖြေသည်။
"ဒါပေမဲ့ တခြားလူတွေနဲ့... လွန်ခဲ့တဲ့ နာရီအနည်းငယ်ကတည်းက အဆက်အသွယ် ပြတ်သွားတာ"
ထိုသို့ပြောရင်း သူသည် ပြေးဝင်လာသောဓားသွားကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ငါ့ကို အဲ့ဒီလို မကြည့်နဲ့၊ မင်းအဖော်တွေကို ငါ မသတ်ဘူး"
ပြေးဝင်လာသောဓားသွားက ၎င်းကို သတိထားမိသဖြင့် သူ့ဓားကို သိမ်းလိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
"ငါတို့ မင်းအဖော်တစ်ယောက်ကို တွေ့ခဲ့တယ်၊ ဒါပေမဲ့ ငါတို့တွေ့တဲ့အချိန်မှာ... သူက သေနေပြီ၊ မကောင်းဆိုးဝါး သတ်တာကို ခံလိုက်ရတာ"
သူသည် ရေဘဝဲကဲ့သို့ အကောင်၏ ကပ်ပါးပြုခြင်း ခံထားရသောလူကို ဆိုလိုခြင်း ဖြစ်သည်။
"ဘာ... မ... မကောင်းဆိုးဝါးလား၊ အိုး ဘုရားသခင်... သေစမ်း"
ဟန့်ခ်၏ ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး ငိုချတော့မည့်ပုံစံ ဖြစ်နေလေသည်။
"ဒါကြောင့် သူတို့က ထူးဆန်းတဲ့ အရာတစ်ခုကို မြင်ခဲ့ရတယ်လို့ ပြောတာကိုး..."
"ဒီကိုလာဖို့ မင်းတို့ ဘယ်လိုသယ်ယူပို့ဆောင်ရေး ယာဉ်ကို သုံးခဲ့တာလဲ"
ဖုန်းပုကြွယ်က ထပ်မံ မေးမြန်းသည်။
"'သယ်ယူပို့ဆောင်ရေး' လား"
ဟန့်ခ်မှာ ထိုစကားလုံး၏ အဓိပ္ပာယ်ကို နားမလည်ပုံရသည်။
"ဒီကို ဘာနဲ့ လာတာလဲ"
ဖုန်းပုကြွယ်က နည်းလမ်းပြောင်းပြီး မေးလိုက်သည်။
" 'ငါးမန်းအိမ်'နဲ့ လာတာပါ၊ အမှိုက်ကောက်သမားတွေက ဒါကို သုံးကြပါတယ်"
ဟန့်ခ်က ပြန်ဖြေသည်။
"အဲ့ဒါက လှေ ဒါမှမဟုတ် ကားလိုမျိုးလား"
ပြေးဝင်လာသောဓားသွားက ကြားဖြတ်မေးသည်။
"ကားလား"
ဟန့်ခ်မှာ ထပ်မံဇဝေဇဝါ ဖြစ်သွားပြန်သည်။
ဖုန်းပုကြွယ်က ခေါင်းခါကာ သက်ပြင်းချလိုက်ပြီး ဆက်မေး၏။
"မင်းက အစက 'ငါးမန်းအိမ်' ကို စောင့်နေတာ၊ ပြီးတော့ မင်းရဲ့ တခြားအဖော် လေးယောက်က ဒီဓာတ်ခွဲခန်းကို ရှာဖွေဖို့ အတူတူ ဆင်းသွားကြတယ်၊ သူတို့နဲ့ အဆက်အသွယ် ပြတ်သွားလို့ မင်းက သူတို့နောက်ကို လိုက်ဆင်းလာတာ ဟုတ်တယ်မလား"
"ဟုတ်ပါတယ်"
ဟန့်ခ်က ခေါင်းငြိမ့်ကာ ပြန်ဖြေသည်။
"မင်း ဘာလို့ ငါတို့ကို တိုက်ခိုက်တာလဲ"
ပြေးဝင်လာသောဓားသွားက မေးသည်။
"မင်းတို့... မင်းတို့က..."
ဟန့်ခ်က တုန်တုန်ယင်ယင်ဖြင့် သူတို့ကို ကြည့်လိုက်သည်။
"ဘာလို့လဲဆိုတော့ မင်းတို့က အပြင်လူတွေ မို့လို့လေ..."
"ရှင်းပြနိုင်မလား၊ အပြင်လူဆိုတာ ဘာလဲ"
ဖုန်းပုကြွယ်က မေးသည်။
ဟန့်ခ်က ပြန်ဖြေသည်။
"မိစ္ဆာတွေ၊ ရွာပြင်က လူတွေ"
"ဒါဆို ငါတို့က အပြင်လူမှန်း မင်းဘယ်လိုသိလဲ"
ဖုန်းပုကြွယ်က မေးသည်။
"မင်းတို့ ဝတ်ထားတဲ့ အဝတ်အစားတွေ..."
ဟန့်ခ်က ဆိုသည်။
"ငါ ဒီလို အဝတ်အစားမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ ပြီးတော့ မင်းတို့က ဒီနေရာမှာ ကာကွယ်ရေးဝတ်စုံ မပါဘဲ အသက်ရှင်နေနိုင်တယ်"
"အိုး..."
ဖုန်းပုကြွယ်က မျက်ခုံးပင့်လိုက်သည်။
"ဘာဖြစ်လို့လဲ၊ ဒီက လေကိုရှူရင် သေသွားမယ်လို့ မင်းထင်နေတာလား"
"ဒါပေါ့၊ ရွာထဲမှာပဲ ရှူဖို့ သန့်ရှင်းတဲ့လေ ရှိတာ၊ အပြင်က လေက အသက်အန္တရာယ် ရှိတယ်၊ ဒါက အပြင်လူတွေ ဖြန့်ထားတဲ့ အဆိပ်ငွေ့တွေပဲ"
ဟန့်ခ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ဖုန်းပုကြွယ်က မတ်တပ်ရပ်လိုက်ပြီး ပြေးဝင်လာသောဓားသွားဘက်သို့ ငုံ့ကာ ပြောသည်။
"Black Friday ရုပ်ရှင်ရဲ့ အစက ဘယ်လိုလဲဆိုတာ မင်းမှတ်မိလား"
"မင်း ပြောချင်တာကိုသာ ပြောပါ"
ပြေးဝင်လာသောဓားသွားက ဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် မင်း ပြောသမျှက အမှန်တရား ဖြစ်နေမှာပဲလေ"
"အဲ့ဒီတော့ မင်း မမှတ်မိဘူးပေါ့"
ဖုန်းပုကြွယ်က ဆိုသည်။
"အဓိပ္ပါယ်မရှိတာတွေ၊ မင်းသာဆိုရင် ဘယ်တုန်းက ကြည့်ခဲ့မှန်း မသိတဲ့ ရုပ်ရှင်ဟောင်းတစ်ကားရဲ့ အသေးစိတ်တွေကို မှတ်မိနေမှာလား"
ပြေးဝင်လာသောဓားသွားက ပြောလိုက်သော်လည်း ပြောပြီးပြီးချင်း တစ်ခုခုကို သတိရသွားသည်။
"အင်း... အဲ့ဒီအထဲမှာ မင်းတော့ မပါဘူးပေါ့လေ..."
သူချက်ချင်း ဖြည့်စွက်လိုက်သည်။
ဖုန်းပုကြွယ်က ပြောသည်။
"ငါ အရမ်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်၊ ရုပ်ရှင်အစမှာ စကြဝဠာထဲက သိပ္ပံသုတေသနအဖွဲ့ဝင်တွေက ဒီဓာတ်ခွဲခန်းထဲမှာ လေရှူဖို့ သူတို့ရဲ့ ဦးထုပ်တွေကို ချွတ်လို့ရတယ်၊ ဒါပေါ့... အဲ့ဒါက ပတ်ဝန်းကျင်က လေထုအရည်အသွေးနဲ့ ဗက်တီးရီးယားတွေကို အရင်ဆုံး စစ်ဆေးပြီးမှပေါ့"
"လိုရင်းကိုပဲ ပြောပါ"
ပြေးဝင်လာသောဓားသွားက ဆိုသည်။
"လိုရင်းကတော့ ငါ အရင်က ခန့်မှန်းခဲ့သလိုပဲ၊ ငါတို့ရှေ့က ဒီလူက..."
ဖုန်းပုကြွယ်က နံရံတွင် ကပ်နေသော ဟန့်ခ်ကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။
"... ကမ္ဘာဟောင်းက အသက်ရှင်ကျန်ရစ်သူတွေရဲ့ မျိုးဆက် ဖြစ်ရမယ်၊ ဒါပေမဲ့ အကြောင်းရင်းတစ်ခုခုကြောင့် သူက ပတ်ဝန်းကျင်နဲ့ အသားကျပြီး ပိုသန်မာလာမယ့်အစား ဆုတ်ယုတ်သွားတဲ့ လက္ခဏာရှိနေတယ်၊ စကြဝဠာက ပြန်လာတဲ့သူတွေတောင် ဒီဓာတ်ခွဲခန်းထဲက လေကို ခဏတဖြုတ် ရှူလို့ရသေးတယ်၊ ဒါပေမဲ့ သူကတော့ မရဘူး"
"အဲ့ဒါက ထူးဆန်းလို့လား"
ပြေးဝင်လာသောဓားသွားက မေးသည်။
"ဒါဝင်က လူလိမ်လို့ မင်းထင်လို့လား"
ဖုန်းပုကြွယ်က မေးသည်။
"အာ..."
ပြေးဝင်လာသောဓားသွားက ဆိုသည်။
"အင်း... ငါက ဇီဝဗေဒမှာ သိပ်မတော်ပေမဲ့... ဒီအခြေအနေက ဆင့်ကဲဖြစ်စဉ် နိယာမတွေနဲ့ မကိုက်ညီဘူးလို့ အရိပ်အမြွက် ပြောချင်နေတာ မဟုတ်လား"
"အာကာသယာဉ်လိုမျိုး လူလုပ်ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ လူသားအုပ်စုတစ်စုရဲ့ နှလုံးနဲ့ အဆုတ် လုပ်ဆောင်ချက်တွေက လွန်ခဲ့တဲ့ နှစ်လေးရာကျော်က လူသားတွေရဲ့ စံနှုန်းအတိုင်း ရှိနေသေးတယ်"
ဖုန်းပုကြွယ်က ဆိုသည်။
"ဒါပေမဲ့ ဒီလို ဆိုးရွားတဲ့ လေထုရှိတဲ့ ကမ္ဘာပေါ်မှာ နေထိုင်နေတဲ့ အသက်ရှင်ကျန်ရစ်သူတွေကတော့ စီးကရက်မီးခိုးကို ရှူမိရင်တောင် အသက်ရှူကျပ် သေတော့မယ့်ပုံစံ ဖြစ်နေတယ်"
သူ ခဏ ရပ်လိုက်သည်။
"ပြီးတော့ ရေဘဝဲမကောင်းဆိုးဝါး အသတ်ခံလိုက်ရတဲ့ လူကိုရော မင်း မှတ်မိလား"
"မင်း သူ့ခေါင်းဖြတ်ပြီး အစာရေမျိုထဲ လက်ပစ်ဗုံးထိုးထည့်၊ သူ့ဗိုက်မှာ စာတွေ ထွင်းထားခဲ့တဲ့ လူကို ပြောတာလား"
ပြေးဝင်လာသောဓားသွားက မျက်လုံးမှေးကြည့်လိုက်သည်။
"ဟား... သူ့ကို မေ့ဖို့ကတော့ ခက်ပါလိမ့်မယ်..."
"အဲ့ဒီလူကလည်း ဟန့်ခ်နဲ့ အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ပေါက် အတူတူပဲ၊ ပြီးတော့ အရမ်းလည်း ပိန်တယ်"
ဖုန်းပုကြွယ်က ဆိုသည်။
"အဲ့ဒီတော့ ဘာဖြစ်လဲ"
"ဒါပေမဲ့ သူတို့က အကုန် လူဖြူတွေ ဖြစ်နေတယ်... ငါ မင်းကို တစ်ခုသတိပေးမယ်၊ ငါတို့ခေတ်မှာ အနောက်ဥရောပက အမျိုးသားတစ်ယောက်ရဲ့ ပျမ်းမျှအရပ်က ၁.၈ မီတာ ဝန်းကျင်ရှိတယ်၊ မြောက်ဥရောပမှာဆိုရင် ၁.၉ မီတာ နီးပါး ရှိတယ်"
ဖုန်းပုကြွယ်က ဆိုသည်။
"ဒီလို ပတ်ဝန်းကျင်မျိုးရှိတဲ့ ဂြိုဟ်ပေါ်မှာ အာဟာရချို့တဲ့တာက သဘာဝကျတယ်လို့ မင်း မထင်ဘူးလား"
"ဒါက ဂိမ်းတစ်ခုတင်ပဲလေ၊ မင်းက ဘာလို့ ဒီအသေးစိတ်အချက်အလက်တွေကို ဒီလောက် စိတ်ဝင်စားနေရတာလဲ" ပြေး
ဝင်လာသောဓားသွားက ဆိုသည်။
"အဲ့ဒါအပြင် အာဟာရချို့တဲ့တာက ဒီလိုနေရာမျိုးမှာ ပုံမှန်ပဲ မဟုတ်လား"
ဖုန်းပုကြွယ်က ခေါင်းခါလိုက်သည်။
"ဒီကမ္ဘာဟောင်းပေါ်မှာ လူသားဘယ်နှစ်ယောက် ရှိလဲဆိုတာ ငါ မသိဘူး၊ ဒါပေမဲ့ တစ်ခုတော့ သေချာတယ်... ဟန့်ခ်ရဲ့ 'ရွာ' မှာ ပြဿနာတစ်ခုခု ရှိနေရမယ်"
"အစ်ကိုဖုန်း... ငါတို့ ဒီကို လာတာက NPC ရဲ့ ရွာကို ကယ်တင်ဖို့ မဟုတ်ဘဲ 2v2 သတ်ဖြတ်ခြင်းဂိမ်းဆော့ဖို့ ဆိုတာ မင်း မှတ်မိသေးရဲ့လား"
ဖုန်းပုကြွယ်က သူ့လက်ကို မြှောက်ကာ လက်ချောင်းသုံးချောင်း ထောင်လိုက်ပြီး အကြောင်းပြချက် သုံးခုကို အလေးအနက် စာရင်းပြုစုပြလိုက်သည်။
"သူတို့ရွာမှာ အသက်အမှတ် မလျော့စေတဲ့ လေထု အရည်အသွေး ရှိတယ်၊ ပြီးတော့ သူတို့မှာ ဆွဲငင်အားဆန့်ကျင် သေနတ်တွေကို တီထွင်နိုင်တဲ့ နည်းပညာ ရှိတယ်။ အဲ့ဒါအပြင် သူတို့ ရွာသားတွေက အားနည်းကြတယ်"
"အိုး... မင်းက ရွာကိုကယ်ဖို့ သွားမှာ မဟုတ်ဘဲ ဓားပြတိုက်၊ မီးရှို့ဖို့ သွားမှာပေါ့ ဟုတ်လား"
ပြေးဝင်လာသောဓားသွားက နောက်ဆုံးတွင် နားလည်သွားတော့သည်။
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
"ကယ်တင်မှာလား ဒါမှမဟုတ် ဓားပြတိုက်မှာလား ဆိုတာကတော့ နောက်မှ ဆွေးနွေးကြတာပေါ့... အဓိကက ဟန့်ခ်ရဲ့ 'ငါးမန်းအိမ်' ကို သုံးပြီး ဒီဓာတ်ခွဲခန်းကနေ ထွက်သွားနိုင်မယ့် နည်းလမ်းကို ရှာတွေ့ဖို့ပဲ၊ အဲ့ဒါဆိုရင် ငါတို့က ရှုံးမှာ မဟုတ်တော့ဘူး၊ မိစ္ဆာဓားသွားက လူနှစ်ယောက် စိတ်မရှည် ဖြစ်မလာခင်အထိ ငါတို့မှာ ရွေးချယ်စရာဗျူဟာတွေ အများကြီး ရှိနေပြီး အသာစီး ရထားတာပဲ"
အခန်း (၁၃၆)
ကမ္ဘာဟောင်းပေါ်တွင် အကြီးအကျယ် ဖြစ်ပွားခဲ့သော နျူကလီးယားစစ်ပွဲကြောင့် ပျက်စီးသွားသော ကုန်းမြေများသည် ယခင်ကဲ့သို့ သာယာလှပသော အခြေအနေသို့ ပြန်မရောက်နိုင်တော့ပေ။ သမုဒ္ဒရာများသည်လည်း ပြင်းထန်စွာ ညစ်ညမ်းနေခဲ့သည်။ "ကမ္ဘာပျက်ကပ်" အကျပ်အတည်းနောက်ပိုင်းတွင် ဤဂြိုဟ်သည် နောက်ကြောင်းပြန်မလှည့်နိုင်သော ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။
ကုန်းမြေ၏ ၅၀ ရာခိုင်နှုန်းကျော်မှာ သဲကန္တာရများအဖြစ် ပြောင်းလဲသွားပြီး သမုဒ္ဒရာ၏ အရောင်မှာလည်း ပြောင်းလဲသွားခဲ့သည်။ ခရမ်းရောင်၊ အမည်းရောင်... ညစ်ညမ်းမှု အဆင့်အတန်းပေါ် မူတည်၍ နေရာအလိုက် ကွဲပြားသော သက်ရောက်မှုများ ရှိသည်။ ရေတိမ်ပိုင်းဒေသများတွင် သက်ရှိဟူ၍ မရှိသလောက်ဖြစ်ပြီး ဂေဟစနစ်ကွင်းဆက် ပြတ်တောက်သွားမှုကြောင့် ရေနက်ပိုင်း သက်ရှိများသည်လည်း တစ်စုံတစ်ရာအခြေအနေအထိ မျိုးဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ သင့်လျော်အောင် နေထိုင်နိုင်သူများသာ အသက်ရှင်ကျန်ရစ်ပြီး ပတ်ဝန်းကျင်ပြောင်းလဲမှုကို မလိုက်လျောညီထွေနိုင်သော မျိုးစိတ်များမှာ မျိုးသုဉ်းသွားခဲ့ကြသည်။
၂၁ ရာစုမှ သိပ္ပံပညာရှင်များစွာ ခန့်မှန်းခဲ့ကြသည့်အတိုင်းပင် ဝင်ရိုးစွန်းရေခဲပြင်များသည် နောက်ဆုံးတွင် အရည်ပျော်သွားခဲ့သည်။ ထို့နောက် အိုဟိုင်းအိုးမြစ်ဝှမ်း၌ ရေလွှမ်းမိုးခဲ့ပြီး သြစတြေးလျတိုက်တစ်ခုလုံး ပင်လယ်ထဲသို့ နစ်မြုပ်သွားကာ နယူးယောက်မြို့မှာလည်း ရွှံ့နွံတောကြီး ဖြစ်သွားခဲ့သည်...။
စစ်ပွဲက သေခြင်းတရားကို ယူဆောင်လာပြီး သေခြင်းတရားက စစ်ပွဲကို ရပ်တန့်စေခဲ့သည်။
နောက်ဆုံးကျန်ရစ်သူ လူအနည်းငယ်က ပျက်စီးသွားသော သူတို့၏ အိမ်ဂေဟာများကို ကြည့်ကာ ကောင်းကင်ယံမှ ဒုတိယ "နေမင်း" ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် အပူဒဏ်၊ ငတ်မွတ်မှု၊ နာကျင်မှု၊ နောင်တနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့မှာ သူတို့၏ စိတ်နှလုံးထဲသို့ အလုံးအရင်းနှင့် တိုးဝင်လာပြီး သေဆုံးချိန်အထိ သူတို့နှင့်အတူ ရှိနေတော့မည် ဖြစ်သည်။
ပြင်းထန်သော ဓာတ်ရောင်ခြည်သင့်မှုများက အီကွေတာအနီးရှိ မြေသြဇာကောင်းသော ကုန်းမြေများကို ညစ်ညမ်းစေခဲ့ပြီး မြို့ပျက်ကြီးများသည် မှောင်မိုက်သော ညများတွင် တဖျတ်ဖျတ် လင်းလက်နေခဲ့သည်။ ဤအခြေအနေမှာ နှစ်ပေါင်းတစ်ရာအထိ ကြာရှည်ခဲ့သည်။ အချို့မျိုးစိတ်များ ပျောက်ကွယ်သွားပြီး အချို့မှာ မျိုးဗီဇပြောင်းလဲကာ ဆင့်ကဲတိုးတက်လာခဲ့သည်။
အချိန်များ ကုန်လွန်သွားခဲ့သည်။ ခြောက်ကပ်ပြီး လူသူကင်းမဲ့သော အချို့ကုန်းမြေများပေါ်တွင် မည်းမှောင်သော တိမ်တိုက်များ စတင်အုံ့ဆိုင်းလာသည်။ မိုးများသည်းထန်စွာ ရွာသွန်းချလိုက်ပြီး ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိ ဆူပွက်နေသော အဆိပ်သင့်ပင်လယ်ရေများကို အေးမြစေကာ ညစ်ညမ်းသော လေထုကို ဆေးကြောသန့်စင်ပေးပြီး ကမ္ဘာမြေပေါ်ရှိ ပွင့်ဟနေသော ဒဏ်ရာများကို ကုသပေးခဲ့သည်။
နွေးထွေးသော မိုးရေများ ဆေးကြောသွားသည့်အခါ သေဆုံးကုန်းမြေကဲ့သို့ ငြိမ်သက်နေသော ကုန်းမြေတစ်ခု ပေါ်ထွက်လာခဲ့သည်။
မည်သည့်ခေတ်အခါမဆို အသက်ရှင်ကျန်ရစ်သူများ ရှိနေစမြဲပင်။ လူသားတို့၏ အသက်သည် ပုရွက်ဆိတ်များကဲ့သို့ နုနယ်လှသော်လည်း တစ်ဖက်တွင်မူ ပုရွက်ဆိတ်များကဲ့သို့ပင် ဇွဲနပဲ ကြီးမားလှပေသည်။
အသက်ရှင်ကျန်ရစ်သူများသည် ယဉ်ကျေးမှုပျက်သုဉ်းသွားသော အပျက်အစီးများကြားမှ တွားသွားထွက်လာကြပြီး ရှင်သန်ရေးလမ်းကို လျှောက်လှမ်းခဲ့ကြသည်။ အပူချိန်သည် ယခင်ကထက် ပိုမိုပူပြင်းလာကြောင်းနှင့် သဲကန္တာရမဟုတ်သော ဒေသများတွင် လေထုထဲရှိ ရေငွေ့ပျံမှုမှာ ယခင်ကထက် ပိုမိုထူထပ်လာကြောင်း သူတို့တွေ့ရှိခဲ့ကြသည်။ သူတို့၏ ဦးခေါင်းအထက်တွင် လိမ္မော်ဝါရောင် ကောင်းကင်ကြီး ရှိနေပြီး နေမင်းကြီးမှာ စူးရှသော အလင်းရောင်ကို ထုတ်လွှတ်နေခဲ့သည်။
အပျက်အစီးများကြားတွင် ထူးဆန်းသော အပင်အချို့ စတင်ပေါက်ရောက်လာသည်။ မည်သူမျှ ရေမလောင်းသော်လည်း ပူပြင်းလှသော နေရောင်အောက်တွင် ရှိနေသော်ငြား ထူးခြားသော အရောင်အသွေးနှင့် ပုံသဏ္ဌာန်ရှိသော ဤတောရိုင်းပင်များသည် အရူးအမူး ရှင်သန်ကြီးထွားလာပြီး ကုန်းမြေတစ်ခုပြီးတစ်ခုကို ဖုံးလွှမ်းသွားခဲ့သည်။
ရှေးဦးကမ္ဘာမြေအတွက်မူ ဤကဲ့သို့ ရာသီဥတုပြောင်းလဲမှုမျိုးမှာ ပထမဆုံးအကြိမ် မဟုတ်ပေ...။ ရေခဲခေတ်၊ ကမ္ဘာ့အပေါ်ယံလွှာ လှုပ်ရှားမှုများနှင့် မီးတောင်ပေါက်ကွဲမှုများ အားလုံးသည် အမှတ်အသားများ ချန်ထားခဲ့သော်လည်း ၎င်းတို့က ကမ္ဘာမြေ၏ ပတ်လမ်းကြောင်းကို မပြောင်းလဲနိုင်ခဲ့ပေ။ ယခုလည်း လွန်ခဲ့သော နှစ်သန်းပေါင်း သုံးဘီလီယံကကဲ့သို့ပင် နေကို ဗဟိုပြု၍ အာကာသထဲတွင် လည်ပတ်လျက် ရှေ့သို့ ဆက်လက်ချီတက်နေဆဲပင် ဖြစ်သည်။
နည်းပညာမှာ အတိတ်ဟောင်းတစ်ခု ဖြစ်လာခဲ့ပြီး ဘေးအန္တရာယ်မှ လွတ်မြောက်လာသူများသည် သူတို့၏ ရှေးဦးရှင်သန်မှု အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြသည်။ သူတို့သည် မျိုးနွယ်စုနှင့် ဆင်တူသော လူမှုဖွဲ့စည်းပုံများကို တည်ဆောက်ကာ အစားအသောက်နှင့် ယုံကြည်စိတ်ချရသော ခိုလှုံရာကို ရှာဖွေရင်း ကမ္ဘာ့မျက်နှာပြင်ပေါ်တွင် လှည့်လည်သွားလာနေကြသည်...။
သဲကန္တာရမဟုတ်သော ဒေသများတွင် အဆိပ်ရွှံ့အိုင်များ၊ နက်ရှိုင်းသော ချောက်ကမ်းပါးများ၊ ရွှံ့နွံထူထပ်သော ချိုင့်ဝှမ်းများနှင့် လူသူကင်းမဲ့သော တောင်တန်းများ ရှိနေသည်။ သို့သော် ထိုအရာများအပြင် ကျယ်ပြန့်လှသော ကမ္ဘာမြေပေါ်တွင် သုခဘုံဘုံကဲ့သို့ သန့်စင်သော ကုန်းမြေ တစ်ခုနှစ်ခုတော့ ရှိနေပါသေးသည်...။
မြောက်အမေရိကရှိ ချောက်ကမ်းပါးတစ်ခုထဲတွင် ထိုကဲ့သို့သော နေရာမျိုး ရှိပေသည်။ ၎င်းသည် မြို့တစ်မြို့စာခန့် ကြီးမားသော မြေအောက်လိုဏ်ဂူကြီး ဖြစ်သည်။ ၎င်းမှာ အိတ်ကပ်ပုံသဏ္ဌာန်ရှိပြီး ထူထပ်လှသော အပင် "တိမ်တိုက်" များက အပေါ်ယံမှ အမိုးကဲ့သို့ ဖုံးအုပ်ထားသဖြင့် ပူပြင်းလှသော နေရောင်ခြည်အများစုကို ကာကွယ်ပေးထားသည်။ ဤနေရာတွင် အပူချိန်သည် နေချင်စဖွယ်ဖြစ်ပြီး မြေဆီလွှာနှင့် ပတ်ဝန်းကျင်မှာ ပုံမှန်သီးနှံများ စိုက်ပျိုးရန် သင့်လျော်ကာ သန့်ရှင်းပြီး ပေါများလှသော မြေအောက်ရေအရင်းအမြစ်လည်း ရှိနေသည်...။ အရေးကြီးဆုံးအချက်မှာ ထိုနေရာတွင် ကြယ်တာရာယာဉ် "တစ်ဝက်" ၏ အပိုင်းအစများ ရှိနေခြင်းပင် ဖြစ်သည်။
အဘယ်ကြောင့် ထိုအာကာသယာဉ်သည် ဤနေရာသို့ ရောက်နေသည်ကို ဘယ်သူမှ မသိကြပေ။ တစ်ချိန်က နိုင်ငံတစ်ခုခု၏ လျှို့ဝှက်သုတေသနအခြေစိုက်စခန်း ဖြစ်နိုင်သလို တိုက်ပွဲတစ်ခုအပြီး ပျက်ကျသွားသော အာကာသယာဉ်လည်း ဖြစ်နိုင်ပါသည်။
မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် မျိုးနွယ်စုတစ်ခုက ဤနေရာကို ရှာဖွေတွေ့ရှိခဲ့သည်။ ပတ်ဝန်းကျင်က သူတို့အတွက် မှီခိုရာတစ်ခု ပေးစွမ်းခဲ့ပြီး အာကာသယာဉ်၏ အပိုင်းအစများက သူတို့၏ ယဉ်ကျေးမှုမီးတောက်ကို ပြန်လည် ထွန်းညှိပေးခဲ့သည်။ အသက်ဇီဝများ တစ်ဖန်ပြန်လည် ထွန်းကားလာပြီး လူ့အဖွဲ့အစည်းအသစ် တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြသည်။
ရာစုနှစ်သုံးခုခန့် ကုန်လွန်သွားသည့်အခါ ဤနေရာသည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော လူသားများ စုဝေးရာနေရာ ဖြစ်လာခဲ့သည်။ ဤနေရာတွင် နေထိုင်သူများက ထိုနေရာကို "ကောင်းကင်ကောင်းချီးကျေးရွာ"ဟု ခေါ်ဆိုခဲ့ကြသည်။
...
သလင်းကျောက်ရေကန်ရှိ မြေအောက်ဓာတ်ခွဲခန်းအတွင်း။
ကပ်ဘေးတိုက်စစ်သည် လမ်းအဆုံးကို မြင်လိုက်ရသည်။ သူသည် လမ်းခွဲအားလုံးကို ရှာဖွေပြီးနောက် ကော်ရစ်ဒါအတိုင်း လိုက်လာသဖြင့် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ယခုအခါ သူ့ရှေ့တွင် အပေါ်သို့ တက်သွားသည့် လှေကားထစ်များ ရှိနေခဲ့သည်။ ၎င်းမှာ ပုံမှန်လူနေအဆောက်အအုံများတွင် အသုံးပြုလေ့ရှိသော ဇစ်ပုံစံ မီးဘေးလုံခြုံရေး လှေကားနှင့် တူ၏။ ၎င်းဘေးတွင် သံလက်ရန်းရှိပြီး ခြေနင်းခုံကို သတ္တုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ သူ့ခြေဖဝါးအောက်ရှိ အဟမှတစ်ဆင့် အပေါ်ဘက် အခြေအနေကို မြင်တွေ့နိုင်သည်။
သူသည် သူ့လက်နက်ကို ထုတ်ယူ၍ သတိကြီးစွာဖြင့် ချဉ်းကပ်သွားလိုက်သည်။ ထိုနေရာတွင် အလင်းရောင် သိပ်မကောင်းလှပေ။ အောက်ဘက်မှ မော့ကြည့်လျှင် အပေါ်တွင် ချောင်းမြောင်းတိုက်ခိုက်သူ ရှိမရှိ သိနိုင်ရန် ခက်ခဲလှသည်။
"ကျန်းဟူကနှစ်ယောက်၊ ထွက်လာကြစမ်း၊ မင်းတို့ ပုန်းနေတာကို ငါ မြင်ပြီးသား"
ကပ်ဘေးတိုက်စစ်သည် သိသာစွာပင် လှည့်စားပြောဆိုနေခြင်း ဖြစ်သည်။ သူသည် လူမိသွားမည်ကို မကြောက်ပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် ဓာတ်ခွဲခန်း၏ အဆုံးဖြစ်ပြီး ထွက်ပေါက်က သူ့အပေါ်တွင် ရှိနေသည်ကို သူသိသောကြောင့် ဖြစ်သည်။ အကယ်၍ ပြေးဝင်လာသောဓားသွားနှင့် ဖုန်းပုကြွယ်တို့က သူ့ကို ချောင်းမြောင်းတိုက်ခိုက်ချင်လျှင် ဤနေရာတစ်ခုတည်းကိုသာ ရွေးချယ်နိုင်မည် ဖြစ်သည်။ အပေါ်မှ ချောင်းနေသောသူများအတွက် သူ ရောက်လာသည်ကို သိရှိနေသည်မှာ ကြာလှပြီ ဖြစ်မည်။
"လက်ပစ်ဗုံးလှည့်ကွက်က အတော်လေး ပါးနပ်သားပဲ၊ ဟမ်"
ကပ်ဘေးတိုက်စစ်က ဆိုသည်။
"ပြေးဝင်လာသောဓားသွား... မင်းမှာ ဒါပဲ ရှိတာလား၊ မင်းတို့လို ကျန်းဟူက ငကြောက်တွေက လှည့်ကွက်တွေ သုံးဖို့ပဲ သိကြတာကိုး"
သူသည် တစ်ဖက်လူ တိတ်ဆိတ်မနေစေရန် သတိထားရင်း တတ်နိုင်သမျှ ဆဲဆိုကာ ရန်စလိုက်သည်။ တစ်ဖက်လူကို အမှောင်ထဲမှ ထွက်လာစေရန် သူ လိုလားနေခြင်းဖြစ်သည်။ နောက်ဆုံးတော့ ရန်သူက အမှောင်ထဲတွင် ရှိနေပြီး သူကတော့ အလင်းထဲတွင် ရှိနေသည် မဟုတ်လား။
"ဘာဖြစ်တာလဲ၊ အခုထိ ထွက်မလာရဲသေးဘူးလား"
ကပ်ဘေးတိုက်စစ်က လှောင်ပြောင်လိုက်သည်။
"နှစ်ယောက် တစ်ယောက်ပဲလေ၊ မင်းတို့ ကြောက်နေတုန်းပဲလား"
သူ ပြန်ရလိုက်သော တစ်ခုတည်းသော အဖြေမှာ သူ၏ ကိုယ်ပိုင်ပဲ့တင်သံသာ ဖြစ်သည်။
"ဟမ့်... ဒါကို ကောင်းကောင်း စဉ်းစားထားတာ ပိုကောင်းလိမ့်မယ်"
ကပ်ဘေးတိုက်စစ်က ပြောလိုက်သည်။
"အသက်အမှတ်တွေက အကြောင်းမဲ့ လျော့နေတာဆိုတော့ မင်းတို့ နှစ်ယောက်ရဲ့ ကုန်ဆုံးမှုက ငါ့ထက် နှစ်ဆ ပိုများလိမ့်မယ်၊ အသာစီး ရနေပါလျက်နဲ့ ကြောက်ပြီး ပုန်းနေတာက အသက်အမှတ်တွေကို ဖြုန်းတီးနေတာပဲကွ"
သူ ခဏ ရပ်လိုက်သည်။
"ငါကတော့ လှည့်ထွက်သွားဖို့ ဝန်မလေးဘူးနော်၊ မင်းတို့နဲ့ ဝေးနိုင်သမျှ ဝေးဝေးမှာ နေတာက ပိုကောင်းပါတယ်၊ အဲ့ဒီအခါကျမှ ဘယ်သူက အသက်အမှတ် ပြန်ဖြည့်ဆေး အရင်ကုန်မလဲဆိုတာ ကြည့်ကြတာပေါ့၊ နောက်ဆုံးမှာ ငါရှုံးသွားရင်တောင် မင်းတို့က ငါ့ထက် အနည်းဆုံး ဆေးနှစ်ဆ ပိုကုန်သွားမှာပဲ"
ကပ်ဘေးတိုက်စစ် ပြောသည်က အချက်ကျပေသည်။ သို့သော်လည်း သူ ဤနေရာသို့ ရောက်လာပြီဆိုကတည်းက ထိုဗျူဟာကို သူ မရွေးချယ်ခဲ့ကြောင်း သိသာလှသည်။
အကယ်၍ ကပ်ဘေးတိုက်စစ်က ထိပ်တိုက်ရင်ဆိုင်မှုတွင် အနိုင်ရရန် အခွင့်အရေးမရှိဟု ထင်ခဲ့လျှင် ပြိုင်ဘက်ထံသို့ ချဉ်းကပ်လာမည် မဟုတ်ပေ။ ပေါက်ကွဲမှုကြောင့် သူ့အသင်းဖော် သေဆုံးသွားပြီးနောက် သူသည် ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးပြီး ပုန်းအောင်းရန် ကောင်းသော နေရာတစ်ခုကိုရှာကာ ပြိုင်ဘက် ရောက်လာမည့်အချိန်ကို စောင့်နေသင့်သည်။ အကယ်၍ သူ ချောင်းမြောင်းတိုက်ခိုက်ရာတွင် အောင်မြင်ပြီး တစ်ယောက်ကို သတ်နိုင်ခဲ့လျှင် သူ အနိုင်ရရန် အခွင့်အရေး ရှိနေသေးသည်။
ထို့ကြောင့်... ကပ်ဘေးတိုက်စစ် ဤနေရာသို့ ရောက်လာရခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်မှာ သူသည် ပြိုင်ဘက်နှစ်ဦးကို အနိုင်တိုက်နိုင်သည်ဟူသော ယုံကြည်မှု ရှိနေခြင်းကြောင့် ဖြစ်သည်။ ဤယုံကြည်မှု၏ အခြေခံသည် အစွမ်းထက်စကေး သို့မဟုတ် အိုင်တမ် တစ်ခုခုကြောင့် ဖြစ်သည်မှာ သိသာလှသည်။
သူ ခဏမျှ အော်ဟစ်နေသော်လည်း လှေကားထိပ်မှ မည်သည့် တုံ့ပြန်မှုမှ မရှိပေ။ ယင်းက ကပ်ဘေးတိုက်စစ်ကို နေရခက်စေသည်။ သူ မတွေးဘဲ မနေနိုင်တော့ပေ။
'ဒီဓာတ်ခွဲခန်းမှာ နောက်ထပ် အထပ်တစ်ခု ရှိသေးတာလား။ အပေါ်ထပ်ကလည်း အောက်ထပ်လိုပဲ ကြီးနေတာလား'
ထိုအတွေးနှင့်အတူ သူသည် လှေကားထိပ်သို့ သတိကြီးကြီးဖြင့် ရွှေ့သွားပြီး ဖြည်းညှင်းစွာ တက်သွားလိုက်သည်။ ယင်းသည် သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာပင် ဖြစ်သည်။ ပထမအချက်အနေဖြင့် တစ်ဖက်လူက သေနတ်သံကြားသည့်တိုင် ထွက်မလာလျှင် သူဘာမှ မတတ်နိုင်ပေ။ သူ အပေါ်တက်သွားရမည် သို့မဟုတ် ထွက်သွားရမည်။ ဒုတိယအချက်မှာ အပေါ်တွင် နောက်ထပ် အထပ်တစ်ခု အမှန်တကယ်ရှိနေပါက သူတစ်နာရီကြာအောင် အော်နေသော်လည်း တစ်ဖက်လူက ကြားနိုင်မည် မဟုတ်ပေ။
သူ လမ်းလျှောက်ရင်း ရှာဖွေခဲ့သော်လည်း အမှန်တကယ်ပင် မည်သည့် ချောင်းမြောင်းတိုက်ခိုက်မှုကိုမှ မကြုံတွေ့ခဲ့ရပေ။ အမှန်တကယ်တွင်မူ ထောင်ချောက်ရှိနေသည့် အမှတ်အသားကိုပင် သူ သတိမထားမိခဲ့ပါ။ သို့သော်လည်း ကပ်ဘေးတိုက်စစ်က မပေါ့ဆရဲပေ။ လက်ပစ်ဗုံး ဖြစ်ရပ်၏ မှတ်ဉာဏ်က သူ့စိတ်ထဲတွင် လတ်ဆတ်နေဆဲ ဖြစ်သည်။ သူ့အသင်းဖော်သည် လက်ပစ်ဗုံးနှင့် အလွန်နီးကပ်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် သေလုနီးပါး ဖြစ်ခဲ့ရသည်။ ၎င်းမှာ သူ၏ ကစားသမားဘဝ သို့မဟုတ် သူ၏ တစ်ဘဝလုံးတွင် ဘယ်တော့မှ မေ့ပျောက်နိုင်မည်မဟုတ်သော သင်ခန်းစာတစ်ခု ဖြစ်ခဲ့သည်။
ထိုလှေကားသည် သုံးထပ်စာခန့် မြင့်မားပြီး ၎င်းကို လေးကြိမ်ပတ်တက်ရန် စုစုပေါင်း ငါးမိနစ်ခန့် အချိန်ယူခဲ့ရသည်။ အပေါ်ထပ်သို့ ရောက်သည့်အခါ ကပ်ဘေးတိုက်စစ်တစ်ယောက် အံ့အားသင့်သွားရသည်။ သူ့ရှေ့တွင် ကော်ရစ်ဒါတစ်ခု ရှိနေပြီး ဗလာကျင်းနေလေသည်။ ကော်ရစ်ဒါ၏ အဆုံးမှာ သူ့ရှေ့ ဆယ်မီတာခန့်တွင်သာ ရှိနေခြင်းဖြစ်သည်။ ထိုနေရာရှိ နံရံတစ်ခုလုံးမှာ တံခါးကြီး ဖြစ်နေခဲ့သည်။ တံခါးသည် နှစ်ခြမ်းခွဲခံထားရပြီး အလယ်ရှိ အဟမှာ လွှသွားများဖြင့် တိုက်ဖြတ်ခံထားရပုံ ပေါ်သည်။ တံခါးအထူသည် မည်သည့် ဘဏ်တိုက်တံခါးထက်မဆို မလျော့နည်းသည်မှာ သေချာလှသည်။ တံခါးဘေးရှိ ခလုတ်မှာလည်း ဖျက်ဆီးခံထားရပြီ ဖြစ်သည်...။
"လူတွေ ဘယ်ရောက်ကုန်တာလဲ"
ယင်းမှာ ကပ်ဘေးတိုက်စစ်၏ ပထမဆုံး တုံ့ပြန်မှု ဖြစ်သည်။
သူနှင့် နောက်ဆုံးတိုက်စစ်တို့သည် ဓာတ်ခွဲခန်း၏ အခြားတစ်ဖက်ကို ရှာဖွေခဲ့ကြပြီး ထွက်ပေါက်က ဤကော်ရစ်ဒါ၏ အဆုံးတွင် ရှိနေသည်။ လမ်းတစ်လျှောက်တွင် သူသည် ဖုန်းပုကြွယ်နှင့် ပြေးဝင်လာသောဓားသွားတို့ ချန်ထားခဲ့သော အမှတ်အသားများကို တွေ့ခဲ့ပြီး သူတို့၏ ထောင်ချောက်ထဲသို့လည်း ကျခဲ့ရသည်။ သူသည် ထောင့်စေ့အောင် ရှာဖွေခဲ့သဖြင့် သူ လမ်းကြောင်းမှန်ပေါ်တွင် ရှိနေသည်မှာ သေချာပေသည်။ သို့သော် ဘာကြောင့်... ထိုနေရာတွင် မည်သူမျှ မရှိရသနည်း။
"သူတို့ ထွက်သွားကြပြီလား"
ထိုအတွေးက ကပ်ဘေးတိုက်စစ်၏ စိတ်ထဲသို့ လျှပ်တပြက် ဝင်လာသော်လည်း သူ ချက်ချင်းပင် ငြင်းပယ်လိုက်သည်။
"မဖြစ်နိုင်ဘူး... ဇာတ်လမ်းအရဆိုရင် အပြင်ဘက်ပတ်ဝန်းကျင်က ဒီထက် ပိုဆိုးနေတာ၊ အသက်အမှတ်တွေက ပိုမြန်မြန် လျော့သွားနိုင်တယ်၊ ဒါ့အပြင် ခလုတ်ကလည်း ပျက်နေပြီလေ... သူတို့ ဘယ်လိုများ ထွက်သွားကြမှာလဲ"
သူ ထပ်မံ စဉ်းစားကြည့်သည်။
"ဖြစ်နိုင်တာက... သူတို့ အပြင်ကို ထွက်သွားပြီး တံခါးပိတ်ဖို့ ခလုတ်ကို နှိပ်လိုက်တယ်၊ တံခါးမပိတ်ခင်မှာ ငါ့ကို ဒီထဲပိတ်မိနေအောင် ခလုတ်ကို ဖျက်ဆီးပစ်ခဲ့တာလား"
"အဲ့ဒီလိုလည်း မဖြစ်နိုင်ပါဘူး... ထွက်သွားလို့ ဘာအကျိုးမှ မရှိဘူးလေ"
ကပ်ဘေးတိုက်စစ်သည် တောင့်တင်းသော မျက်နှာအမူအရာဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေခဲ့သည်။ အတော်ကြာပြီးနောက် သူသည် မှန်ကန်သည်ဟု ယူဆရသော ခန့်မှန်းချက်တစ်ခုကို ထုတ်ဖော်လိုက်တော့သည်။
"ဟုတ်ပြီ၊ ဒါပဲ ဖြစ်ရမယ်"
သူ သဘောပေါက်သွားသော်လည်း သူ့လေသံနှင့် မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။
"သူတို့က ကော်ရစ်ဒါ အဆုံးအထိလာပြီး ဓာတ်ခွဲခန်းကနေ ထွက်ပြေးသွားသလိုမျိုး ထင်ယောင်ထင်မှားဖြစ်အောင် ခလုတ်ကို ဖျက်ဆီးပစ်ခဲ့တာပဲ၊ ပြီးတော့ သူတို့ နောက်ပြန်လှည့်သွားကြတယ်... ငါ လမ်းခွဲတွေကို ရှာနေတုန်း သူတို့က ပင်မကော်ရစ်ဒါကနေ ခိုးထွက်သွားပြီး ငါတို့ လွဲသွားကြတာပဲ ဖြစ်ရမယ်... အခုဆိုရင် သူတို့က ဓာတ်ခွဲခန်းရဲ့ တခြားတစ်ဖက်မှာ ပုန်းနေကြမှာပဲ"
...
တစ်ချိန်တည်းမှာပင် ဓာတ်ခွဲခန်း အပြင်ဘက်၌။
အဝါရောင်သန်းနေသော ကောင်းကင်အောက်တွင် မိုးကုတ်စက်ဝိုင်းအထိ ကျယ်ပြန့်လှသော သဲပင်လယ်ကြီး ရှိနေလေသည်။ လေပြင်းများ တိုက်ခတ်နေပြီး အနက်ရောင် သဲမုန်တိုင်းကြီးက ထိုနေရာကို တိုက်ခတ်နေခဲ့သည်။ အကယ်၍ လူတစ်ယောက်သည် မည်သည့် အကာအကွယ်မှ မပါဘဲ ထိုပတ်ဝန်းကျင်တွင် ရပ်နေမည်ဆိုပါက မျက်လုံးဖွင့်ရန်ပင် ခက်ခဲပေလိမ့်မည်။ စကားပြောရန် ပါးစပ်ဖွင့်လိုက်သည်နှင့် သဲများကိုသာ မျိုချမိမည်ဖြစ်ပြီး သူ့အသံမှာလည်း ငါးမီတာထက် ပိုမရောက်နိုင်ပေ။
"ငါးမန်းအိမ်" တစ်စီးက သဲပင်လယ်ပေါ်တွင် မျောပါနေခဲ့သည်။ ထိုယာဉ်မှာ အလျား မီတာနှစ်ဆယ်၊ အနံ ခြောက်မီတာနှင့် အမြင့် လေးမီတာကျော် ရှိသည်။ အပြင်ပန်းသဏ္ဌာန်သည် သံချပ်ကာဝတ် ငါးမန်းကြီးတစ်ကောင်နှင့် တူသော်လည်း ဤငါးမန်းအိမ်တွင် "ဆူးတောင်" များ မပါရှိဘဲ အပေါ်ဘက်တွင် ချောမွေ့သော ဒီဇိုင်းရှိနေသည်။ ယာဉ်၏ အရောင်မှာ သဲကန္တာရကဲ့သို့ပင် ဝါကျင့်ကျင့် အရောင်ဖြစ်သည်။ အရှေ့ဘက်တွင် လေကာမှန် သို့မဟုတ် အမြင်အာရုံဆိုင်ရာ ကိရိယာ မပါရှိဘဲ အတွင်းပိုင်းရှိ ရေဒါနှင့် လမ်းကြောင်းပြကိရိယာကိုသာ အားကိုး၍ ရှေ့သို့ ချီတက်နေရခြင်း ဖြစ်သည်။
ငါးမန်းအိမ်အတွင်းပိုင်းရှိ လေထုမှာ သန့်စင်ထားပြီး ဖြစ်သည်။ ကစားသမား နှစ်ယောက်လုံး ကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်မထားသော်လည်း သူတို့၏ အသက်အမှတ်များ လျော့ကျခြင်း ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် ဖုန်းပုကြွယ်သည် သူ့လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ပိုက်ကာ မောင်းနှင်သူ၏ ထိုင်ခုံတွင် ထိုင်နေခဲ့သည်။ ငါးမန်းအိမ်ကို မည်သို့ မောင်းနှင်ရမည်ကို သင်ယူရန် အချိန်အများကြီး မပေးခဲ့ရပေ။ ကိရိယာ၏ မျက်နှာပြင်သည် ရှုပ်ထွေးမှုမရှိဘဲ သွားမည့်နေရာကိုလည်း ထည့်သွင်းထားပြီး ဖြစ်သည်။ သူသည် အလိုအလျောက် မောင်းနှင်မှုစနစ်ကိုသာ ရွေးချယ်ပေးရန် လိုအပ်သည်။
ဖုန်းပုကြွယ် ဓာတ်ခွဲခန်းထဲမှ ထွက်လာပြီး အပြင်ဘက် ပတ်ဝန်းကျင်ကို မြင်လိုက်ရချိန်တွင် ဤဂြိုဟ်ပေါ်၌ ကိုယ်တိုင်မောင်းနှင်ခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း သူ နားလည်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် "လမ်း" ဟူ၍ မရှိသောကြောင့် ဖြစ်သည်။ ရည်ညွှန်းမှတ်ပင် မရှိရာ လမ်းဟူသည်မှာ ပို၍ပင် မရှိနိုင်ပေ။ ထို့ကြောင့် ငါးမန်းအိမ်သည် သွားလိုရာသို့ ရောက်ရှိရန် အလိုအလျောက် လမ်းကြောင်းပြစနစ်ကိုသာ အားကိုးရခြင်း ဖြစ်သည်။
ထိုအခါ... မေးခွန်းတစ်ခု ပေါ်လာပြန်သည်။ ဤလူစုသည် သလင်းကျောက်ရေကန် ဓာတ်ခွဲခန်းကို မည်သို့ ရှာတွေ့ခဲ့ကြသနည်း။
ဟန့်ခ်က သူတို့အဖွဲ့မှာ ဤနေရာကို ရှာဖွေရန် "အမိန့်" ရရှိခဲ့ခြင်းဖြစ်သည်ဟု ပြောခဲ့သည်။ ဆိုလိုသည်မှာ သူတို့ကို အမိန့်ပေးခဲ့သော အထက်လူကြီးများတွင် သလင်းကျောက်ရေကန် ဓာတ်ခွဲခန်း၏ တိကျသောကိုဩဒိနိတ်များ ရှိနေခြင်း ဖြစ်သည်။
ထို့ကြောင့် နောက်ထပ် မေးခွန်းတစ်ခု ပေါ်ထွက်လာလေသည်။ သူတို့၏ အထက်လူကြီးများက ထိုကိုဩဒိနိတ်များကို အရင်ကတည်းက ရှာတွေ့ထားခဲ့ခြင်းလား သို့မဟုတ် ထိုနေ့မှ ရှာတွေ့ခဲ့ခြင်းလား။ ဤနေရာကို ရှာတွေ့ရန် သူတို့ မည်သည့် နည်းလမ်းကို အသုံးပြုခဲ့သနည်း။ သူတို့က အသေးစား စူးစမ်းရှာဖွေရေး စက်ရုပ်ကို အသုံးပြုခဲ့ကြသလား။
ဖုန်းပုကြွယ်၏ ခန့်မှန်းချက်ကား...ထိုလူစုသည် စောလည်း မရောက် နောက်လည်း မကျဘဲ ရောက်လာခဲ့ခြင်း ဖြစ်သည်။ "ဂလက်ဆီမှ လာသော ပြောင်းရွှေ့အခြေချသူများ" ထွက်ခွာသွားသည့် ခဏမှာပင် သူတို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ဤအရာက အလွန်သိသာထင်ရှားသော အချက်တစ်ခုကို ရှင်းပြနေသည်...။ ထို့ပြင် ဟန့်ခ်က "အပြင်လူများ" ကို ပထမဆုံး မြင်လိုက်ရသည့်အခါ ပြသခဲ့သော တုံ့ပြန်မှုက ဖုန်းပုကြွယ်၏ ခန့်မှန်းချက်အတွက် နောက်ထပ် အခြေခံတစ်ခုကို ပေးစွမ်းခဲ့သည်။ ထိုအချိန်တွင် သူတို့သည် ရွာသို့ မရောက်သေးသော်လည်း ဖုန်းပုကြွယ်မှာ ထိုနေရာရှိ အခြေအနေကို အခြေခံအားဖြင့် အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။
"မင်း သူ့ကို ဘာလို့ မသတ်တာလဲ"
ပြေးဝင်လာသောဓားသွားက ဘေးခုံတွင် ထိုင်နေရင်း ဖုန်းပုကြွယ်ကို လှည့်မေးလိုက်သည်။
"သူ့ကို အရှင်ထားထားတာက တစ်ခုခုဖြစ်လာမှာ မင်းမကြောက်ဘူးလား"
သူ ထိုသို့ပြောလိုက်သောအခါ နောက်ဘက်ထောင့်တွင် အချည်ခံထားရသော ဟန့်ခ် မကြားနိုင်စေရန် သူ့အသံကို တိုးတိုးလေးသာ ထွက်လိုက်သည်။
"ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘဲနဲ့ သတ်ဖြတ်နေဖို့ အကြောင်းမရှိပါဘူး"
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
ပြေးဝင်လာသောဓားသွားက ဟက်ခနဲ ရယ်လိုက်သည်။
"မဖြစ်နိုင်တာ... မင်းက သူတော်စင်လုပ်ဖို့အတွက် အချိန်အများကြီး နောက်ကျနေပြီ မဟုတ်လား"
"ဒါက ငါ သူတော်စင် ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး၊ အဓိကကတော့ ဒီNPC က အသုံးဝင်နေသေးလို့ပဲ"
ဖုန်းပုကြွယ်က ဆိုသည်။
"ရွာထဲကို ခိုးဝင်ဖို့အတွက် သူက ငါတို့အတွက် အကူအညီ ဖြစ်ဦးမှာလေ"
"သူက ငါတို့ကို ကူညီမှာတဲ့လား"
ပြေးဝင်လာသောဓားသွားက ထိုသို့ပြောရင်း မျက်နှာဖြူလျော့နေသော ဟန့်ခ်ကို တစ်ချက်ကြည့်လိုက်သည်။
"ဘာလို့လဲ၊ သူက အခု မခုခံနိုင်ပေမဲ့ ရွာကို ပြန်ရောက်တာနဲ့ ထွက်ပြေးဖို့ အခွင့်အရေးကို အချိန်မရွေး ရှာနိုင်တာပဲ၊ ပြီးတော့ တခြားလူတွေကို ငါတို့ကို လာဖမ်းဖို့လည်း လှမ်းအော်လို့ရတာပဲလေ"
ဖုန်းပုကြွယ်၏ နှုတ်ခမ်းများက ပြုံးယောင်သန်းသွားသည်။
"လူတိုင်းမှာ အားနည်းချက်တစ်ခု ရှိကြတာပဲ၊ တစ်ခါ ဖမ်းဆီးခံလိုက်ရတာနဲ့ သူတို့က သူတို့ရဲ့ ကိုယ်ပိုင် အခြေခံမူတွေကို သစ္စာဖောက်ကြလိမ့်မယ်၊ အဲ့ဒီနောက်မှာတော့ မင်းခိုင်းတာမှန်သမျှ သူတို့ လုပ်ကြတော့မှာပဲ"
သူက ထိုင်ခုံမှ ထကာ အသာအယာ ပြောလိုက်သည်။
"ဟန့်ခ်အတွက်ကတော့... ငါတို့က ရိုးရိုးရှင်းရှင်း အင်အားသုံးတာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားပေးမှုကိုပဲ သုံးဖို့ လိုတယ်"
သူ ထိုသို့ပြောပြီးနောက် ဟန့်ခ်ရှိရာသို့ လျှောက်သွားတော့သည်...။