← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉)

"ဟုတ်ပါတယ်"

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

ထိုလူက ခေါင်းငြိမ့်ပြသည်။

"ကောင်းပြီလေ၊ ဒါဆို ဒါပါပဲ၊ စစ်ထုတ်ရေးလမ်းကြောင်းကို သွားကြစို့"

ထို့နောက် သူက ဘေးရှိ လူလေးဦးကို ငါးမန်းအိမ်အတွက် လောင်စာဖြည့်ရန်နှင့် ပြုပြင်ထိန်းသိမ်းရေး ကိရိယာများကို ယူလာရန် ခေါ်လိုက်သည်။

ဟန့်ခ်သည် ဖုန်းပုကြွယ်နှင့် ပြေးဝင်လာသောဓားသွားတို့ကို စင်မြင့်ပေါ်မှ ခေါ်ထုတ်သွားခဲ့သည်။ သူတို့သည် ဓာတ်လှေကားမစီးဘဲ ဘေးဘက်ရှိ လှေကားထစ်များအတိုင်း ဆင်းလာခဲ့ကြသည်။ ဓာတ်လှေကားမှာ ထောက်ပံ့ရေးအဖွဲ့အတွက်သာ သီးသန့်အသုံးပြုခြင်း ဖြစ်သည်။

သူတို့ လှေကားအတိုင်း ဆင်းလာကြစဉ် ပြေးဝင်လာသောဓားသွားက နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မေးလိုက်သည်။

"မင်း ထူးဆန်းတယ်လို့ မထင်ဘူးလား"

သူက ဖုန်းပုကြွယ်ကို ကြည့်ပြီး ပြောလိုက်သည်။

"မင်းက ဘာမှ မရခဲ့ဘူးလို့ ပြောလိုက်ရုံနဲ့ သူက တန်းယုံသွားတာပဲ"

ထို့နောက် သူက ဟန့်ခ်ဘက်သို့ လှည့်လိုက်သည်။

"မင်းတို့ကို စစ်ဆေးတာတို့ ဘာတို့ မလုပ်ဘူးလား၊ တန်ဖိုးရှိတဲ့ အရာတွေ ဝှက်ထားမထား သိအောင်လေ"

ဟန့်ခ်က အံ့အားသင့်စွာဖြင့် ပြန်ဖြေလိုက်သည်။

"ဝှက်ထားတဲ့ ပစ္စည်း၊ မင်း ဘာတွေပြောနေတာလဲ၊ ဘယ်သူက အဲ့ဒီလို လုပ်မှာလဲ၊ အဲ့ဒါက သေဒဏ် ခံရမယ့် ပြစ်မှုလေ"

သူခဏ ရပ်လိုက်ပြီး ပြောသည်။

"ဒါ့အပြင် ပစ္စည်းတွေ ဝှက်ထားလို့ ဘာအကျိုးရှိမှာလဲ"

ပြေးဝင်လာသောဓားသွားမှာ ဟန့်ခ်၏ တုံ့ပြန်မှုကြောင့် စကားပင် ဆွံ့အသွားရသည်။

ဖုန်းပုကြွယ်က ရယ်မောလိုက်သည်။

"ကျွန်တွေကို ကိုယ်ပိုင်ပစ္စည်း အကြောင်း သွားမပြောနဲ့လေ၊ သူတို့အတွက်ကတော့ ပိုက်ဆံတောင် အဓိပ္ပာယ်မရှိဘူး၊ တစ်ခုတည်းသော တန်ဖိုးရှိတာက အစားအသောက်ပဲ၊ ဒါပေမဲ့ သူတို့ ငတ်မသေဘူးဆိုရင်တော့ အစားအသောက် အပိုနည်းနည်းစားဖို့အတွက်နဲ့ ဒီလိုအန္တရာယ်မျိုး မယူကြပါဘူး"

"ကျွန်တွေ..."

ဟန့်ခ်က ဆိုသည်။

"အဲ့ဒါက ဘာကို ဆိုလိုတာလဲ၊ ပြီးတော့... ကိုယ်ပိုင်ပစ္စည်း ဆိုတာကရော ဘာလဲ"

ဖုန်းပုကြွယ်က ပခုံးတွန့်လိုက်သည်။

"တချို့အရာတွေကို မသိထားတာက မင်းအတွက် ပိုကောင်းမယ် ဟန့်ခ်"

သူတို့ သုံးဦးလုံး အောက်ဆုံးအထိ ဆင်းလာကြသည်။ အောက်ခြေသို့ ရောက်သောအခါ လမ်းကြောင်းတစ်ခုအတွင်းသို့ ချိုးဝင်လိုက်ကြသည်။ ဤလမ်းကြောင်းကို ကြည့်ရသည်မှာ အတော်လေး မခိုင်ခံ့လှပေ။ အဘယ်ကြောင့်ဆိုသော် လမ်းကြောင်း၏ နံရံများကို သတ္တုဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ ကျောက်တုံးများနှင့် အထောက်အပံ့ပစ္စည်းများ ရောနှော၍ ပြုလုပ်ထားသောကြောင့် ဖြစ်သည်။ အပေါ်ဘက်ရှိ မီးအလင်းရောင်မှာလည်း အလွန်ရိုးရှင်းလှသည်။ ခြုံပြောရလျှင် ဤလမ်းကြောင်းမှာ ဘေးကင်းလုံခြုံမှု အလွန်အားနည်းသော မိုင်းတွင်းတစ်ခုနှင့် တူ၏။ ရုတ်တရက် ပြိုကျသွားလျှင်ပင် အံ့သြစရာ မဟုတ်ပေ။

မီတာ ၃၀၀ ခန့် လမ်းလျှောက်ပြီးနောက် ကင်းစခန်းတစ်ခုနှင့် တူသော နေရာသို့ ရောက်ရှိလာကြသည်။ နေရာသည် အပြင်ဘက်သို့ မျက်နှာမူထားသော ပြတင်းပေါက်ပါသည့် ခြောက်မြောင့်ပုံစံ သတ္တုကင်းစခန်း ဖြစ်သည်။ ယင်းက အဝေးပြေးလမ်းဘေးရှိ လမ်းခွန်ကောက်သည့် ဂိတ်နှင့် ဆင်တူသော်လည်း ပုံသဏ္ဌာန် ကွဲပြားသည်။

သူတို့သည် ပြတင်းပေါက်ရှေ့တွင် ရပ်လိုက်ကြသည်။ အတွင်း၌ ထိုင်နေသော ဝန်ထမ်းက ပုံမှန်လေသံဖြင့် ပြောလိုက်သည်။

"အဖွဲ့နံပါတ်၊ အမည်၊ ထွက်ခွာခဲ့တဲ့ အချိန်"

"အမှိုက်ကောက်အဖွဲ့ အမှတ် ၂၄၊ ဟန့်ခ်၊ ဂျားဗစ်၊ ဂျိုးပါ"

ဟန့်ခ်က ပြန်ဖြေသည်။

"ဒီမနက်ပဲ ရွာက ထွက်သွားတာပါ"

တစ်ဖက်လူက သူ့လက်ထဲရှိ စာရွက်စာတမ်းများကို ကြည့်လိုက်ပြီးနောက် သူ့ရှေ့ရှိ လူသုံးဦးကို မျက်လုံးပင့်ကြည့်လိုက်သည်။

"လူနှစ်ယောက် လျော့သွားတာလား"

"ဟုတ်ပါတယ်"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

"သနားစရာပဲ"

ထိုလူက ပြန်ပြောသည်။

"အဝတ်လဲခန်း သော့ကိုတော့ ပျောက်မသွားဘူး မဟုတ်လား"

"မပျောက်ပါဘူး"

ဟန့်ခ်က ဖြေသည်။ အမှိုက်ကောက်အဖွဲ့များသည် များသောအားဖြင့် အဝတ်လဲခန်းသော့ကို ငါးမန်းအိမ်ထဲတွင်သာ ထားခဲ့လေ့ရှိပြီး ဘယ်သူမှ အပြင်သို့ ယူမသွားကြပေ။

ထိုလူသည် အချိန်ကို ကြည့်ရန် ခေါင်းမော့လိုက်သည်။ ကောင်းကင်ကောင်းချီးကျေးရွာတွင် တစ်ရက်ကို အပိုင်းဆယ်ပိုင်း ခွဲထားပြီး ထိုအရာအတွက် သီးသန့်နာရီတစ်ခု ရှိသည်။ ထို့နောက် သူသည် စာရွက်ပေါ်တွင် တစ်ခုခုကို အလျင်အမြန် ရေးခြစ်လိုက်ပြီး ပြောလိုက်သည်။

"ဝင်သွားလို့ ရပြီ၊ အဝတ်လဲခန်းကို သန့်သန့်ရှင်းရှင်း ထားဖို့ မမေ့နဲ့၊ 'စစ်ထုတ်မှု' လုပ်နေတုန်း ဒဏ်ရာမရအောင် ခန္ဓာကိုယ်ကို ငြိမ်ငြိမ်ထားပါ"

သူ ထိုသို့ပြောစဉ်တွင် အာရုံစိုက်နေပုံ မရပေ။ ၎င်းမှာ ပုံသေပြောနေကျ စကားလုံးများ ဖြစ်ဟန်တူပြီး သူကိုယ်တိုင်ပင် အော့အန်ချင်နေပုံ ရသည်။

သုံးယောက်သား ရှေ့သို့ဆက်လက် ချီတက်ခဲ့ကြသည်။ သူတို့ရှေ့တွင် နောက်ထပ် ကော်ရစ်ဒါတစ်ခု ရှိနေပြီး ၎င်းကို သတ္တုများဖြင့်သာ ပြုလုပ်ထားခြင်း ဖြစ်သည်။ ကော်ရစ်ဒါမှာ မရှည်လှဘဲ မီတာ တစ်ရာခန့်သာ ရှိပြီး ပတ်ဝန်းကျင်က တဖြည်းဖြည်း ကျယ်ဝန်းလာသည်။ ကော်ရစ်ဒါအဆုံးရှိ တံခါးမှာ ငါးမီတာခန့် မြင့်မား၏။ တံခါးကို ဖြတ်ကျော်ပြီးနောက်တွင် ရထားဘူတာရုံစင်မြင့်နှင့် တူသော နေရာတစ်ခု ရှိနေသည်။ ၎င်းမှာ အနည်းဆုံး တစ်ဧကခန့် ကျယ်ဝန်းပြီး ယပ်တောင်ပုံသဏ္ဌာန် ရှိသည်။ မျက်နှာကြက်မှာ ရှစ်မီတာခန့် မြင့်မားပြီး ၎င်းတို့အကြားတွင် သတ္တုတိုင်များစွာ မတ်မတ်ရှိနေကြသည်။

ဟန့်ခ်က လမ်းပြမှုဖြင့် ဖုန်းပုကြွယ်နှင့် ပြေးဝင်လာသောဓားသွားတို့သည် ထိုနေရာကို ဖြတ်ကျော်ခဲ့ကြသည်။ ယပ်တောင်ပုံသဏ္ဌာန် ခန်းမ၏ ဆန့်ကျင်ဘက် မျဉ်းကွေးတစ်လျှောက်တွင် သတ္တုတံခါးများစွာ ရှိနေပေသည်။ ယင်းတို့သည် ၁.၉ မီတာခန့် မြင့်ပြီး တစ်မီတာခန့် ကျယ်သည်။ တံခါးများအားလုံးကို ပိတ်ထားပြီး ထိုနောက်ကွယ်တွင်တော့ အဝတ်လဲခန်းများ ဖြစ်ကြသည်။

ဟန့်ခ်သည် သော့ကို အသုံးပြု၍ တံခါးတစ်ခုကို ဖွင့်လိုက်ပြီးနောက် သူတို့ အတွင်းသို့ ဝင်ခဲ့ကြသည်။ အခန်းသည် ထင်မှတ်မထားလောက်အောင် သေးငယ်လှသည်။ သူတို့ရှေ့တည့်တည့်တွင် ဖုန်းရုံနှင့် တူသော သီးခြားအကန့်ငါးခု ရှိနေလေသည်။ ဤအကန့်များအား အမှိုက်ကောက်သမားများကို 'စစ်ထုတ်ရန်' အတွက် အသုံးပြုခြင်း ဖြစ်ဟန်တူသည်။

ဟန့်ခ်က ရှင်းပြလာသည်။

"အတွင်းထဲ ရောက်ရင် ထိုင်ပြီး ခဏလောက် စောင့်နေလိုက်ပါ"

ဖုန်းပုကြွယ်က ခေါင်းငြိမ့်ပြပြီးနောက် သူ့အသင်းဖော်ကို အချက်ပြလိုက်သည်။ ထိုအချိန်တွင် ပြေးဝင်လာသောဓားသွားသည် ရေပူကို မကြောက်သော ဝက်သေတစ်ကောင်ကဲ့သို့ ဖြစ်နေပြီဖြစ်သည်။ သတ်ဖြတ်ခြင်းဂိမ်းမှသည် အဖွဲ့လိုက် ရှင်သန်ခြင်းဂိမ်းဖြစ်သွားမှုအပေါ် သူ စကားမဆိုနိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ အစ်ကိုဖုန်း ပြောသည့်အတိုင်းသာ သူလိုက်လုပ်မည် ဖြစ်သည်... ။တစ်နည်းအားဖြင့် ပြောရလျှင် ကပ်ဘေးတိုက်စစ်၏ ကျန်ရှိနေသော အဖွဲ့ဝင်များမှာ သေလူနှင့် မခြားတော့သဖြင့် ပြေးဝင်လာသောဓားသွားက ဤအခြေအနေကို လုံးဝ ဂရုမစိုက်တော့ပေ။

မူလက ဖုန်းပုကြွယ်ပြောခဲ့သည်ကို သူတွေးမိသည်။

"ငါတို့ နည်းနည်းလောက် အလေးအနက်ထားပြီး ဒီကောင်နှစ်ကောင်ကို စွမ်းအားအစစ်အမှန်နဲ့ သတ်ပစ်ကြရအောင်" ဟု ဖုန်းပုကြွယ်ပြောခဲ့စဉ်က သူသည် ကမ္ဘာပျက်မတတ် တိုက်ပွဲတစ်ခု ဖြစ်လာမည်၊ တိုက်ခိုက်ရေး စွမ်းရည်တွင် မည်သူက ပိုသာသလဲဆိုသည်ကို ပြသမည်၊ အစစ်အမှန်ပညာရှင်တစ်ယောက်က လိမ်ဆော့သူကိုပင် အနိုင်ယူနိုင်ကြောင်း သက်သေပြမည်ဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အစ်ကိုဖုန်း ပြောခဲ့သော 'အလေးအနက်ထားခြင်း'၊ 'စွမ်းအားအစစ်အမှန်' နှင့် 'သတ်ပစ်မည်' တို့မှာ လုံးဝ ကွဲပြားခြားနားသော အယူအဆများ ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။

မတိုက်ခိုက်ဘဲ ရန်သူကို အညံ့ခံစေနိုင်သည်ဟူသော ဆိုရိုးစကားရှိသည်။ ဖုန်းပုကြွယ်၏ နည်းလမ်းမှာမူ မတိုက်ခိုက်ဘဲ သတ်ဖြတ်ခြင်းသာ ဖြစ်သည်။ ဤအချိန်တွင် ပြေးဝင်လာသောဓားသွားသည် ဘာတွေဖြစ်နေသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ရသည်။ အစ်ကိုဖုန်းသည် အမှန်ပင် မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းလျက် စစ်သည်ပေါင်း တစ်ထောင်ကို ထိုးဖောက်မြင်နိုင်သူ ဖြစ်သည်။ တိုက်ခိုက်ရေးသမား မဟုတ်သော ကစားသမားတစ်ဦးအတွက် တိုက်ခိုက်ခြင်းမှာ အညံ့ဆုံး ဗျူဟာ၊ အဆိုးဆုံး အစီအစဉ်ပင် ဖြစ်သည်။ မည်သည့် အန္တရာယ်မှ မယူဘဲ ပန်းတိုင်ကို အရောက်လှမ်းခြင်းကသာ လူတစ်ဦး၏ အစွမ်းအစကို အမှန်တကယ်ထင်ဟပ်စေခြင်း ဖြစ်သည်။

အကယ်၍ ဖုန်းပုကြွယ်သာ မရှိခဲ့လျှင် ပြေးဝင်လာသောဓားသွားသည် သတ်ဖြတ်ခြင်းဂိမ်းကို ဤကဲ့သို့ အနိုင်ရနိုင်မည်ဟု တွေးမိမည် မဟုတ်ပေ။ သူသည် ကျေးဇူးတင်မိသလို ကြောက်လည်း ကြောက်မိသည်။ တစ်ယောက်ချင်း တိုက်ပွဲကို ပြန်တွေးကြည့်လျှင် အစပိုင်းမှာသာ ဖုန်းပုကြွယ်နှင့် မတွေ့ခဲ့ပါက သို့မဟုတ် 2v2 သို့မဟုတ် 3v3 အဖွဲ့လိုက် တိုက်ပွဲသာ ဖြစ်ခဲ့ပါက သူသည်လည်း မိစ္ဆာဓားသွားမှ လူနှစ်ဦးကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ သူ တိုက်ခိုက်ရာတွင် မည်မျှတော်နေပါစေ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

ဇာတ်လမ်း ရှေ့ဆက်လာသည်နှင့်အမျှ ဖုန်းပုကြွယ်သည် မည်မျှ တန်ဖိုးရှိကြောင်း ပြေးဝင်လာသောဓားသွား သိရှိလာခဲ့ရသည်။ အခြားဂိမ်းများတွင် နာမည်ကြီး ကစားသမားများကို သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်ပေါ် မူတည်၍ အကဲဖြတ်ကြသော်လည်း သည်းထိတ်ရင်ဖို သုခဘုံတွင်မူ ဖုန်းပုကြွယ်ကဲ့သို့သော ကစားသမားမှာ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၁၀ အတွင်းရှိ ကစားသမားများထက် ပိုမိုသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပေသည်။

ကံမကောင်းစွာဖြင့်ပင် ဖုန်းပုကြွယ်ကို ကျန်းဟူသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်းက မဖြစ်နိုင်ပေ။ ပြေးဝင်လာသောဓားသွားသည် သူတို့ခေါင်းဆောင် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကဲ့သို့ လူကဲခတ် မတော်သော်လည်း သူ၏ ပင်ကိုယ်အသိစိတ်က အလွန်တိကျသည်။ ဂိမ်းလောကထဲတွင် ဖုန်းပုကြွယ်ကဲ့သို့သော လူမျိုးသည် အခြားသူတစ်ယောက်၏ လက်အောက်တွင် နေချင်မည်မဟုတ်ကြောင်း သူ သိနေသည်။ ခဏတဖြုတ် လက်အောက်သို့ ရောက်နေလျှင်ပင် ကြာရှည်ခံမည် မဟုတ်ပေ။

ဤကဲ့သို့သော ကစားသမားမျိုးမှာ လွတ်လပ်မှုနှင့် ပျော်ရွှင်မှုကိုသာ ရှာဖွေသူများ ဖြစ်ကြသည်။ သူတို့အတွက် အခက်ခဲဆုံးအရာကား အခြားသူများ၏ စေခိုင်းမှုကို ခံရခြင်း ဖြစ်သည်။ သို့သော် သူတို့ကိုယ်တိုင်လည်း အခြားသူများကို အတင်းအကျပ် ခိုင်းစေခြင်းမျိုးကို မကြိုက်ကြပေ။ ပြေးဝင်လာသောဓားသွားလည်း အမှန်တကယ်တွင် ထိုကဲ့သို့သော လူမျိုးပင် ဖြစ်သည်။ ကောင်းကင်ဘုံလျှို့ဝှက်ချက်နှင့်ဓားမဲ့ဓားသမားတို့သည် ပြင်ပလောကတွင် သူ၏ညီအစ်ကိုများ ဖြစ်ကြပြီး သူတို့သုံးဦးစလုံးမှာ ကျန်းဟူကို တည်ထောင်သူများ ဖြစ်သောကြောင့်သာ သူထိုနေရာတွင် ရှိနေခြင်း ဖြစ်သည်။ အကယ်၍ အခြားစတူဒီယိုတစ်ခုတွင် သွားရောက် အလုပ်လုပ်ရန် ခိုင်းစေပါက လစာဘယ်လောက်ကောင်းကောင်း သူ လုပ်မည်မဟုတ်ပေ။ တစ်ယောက်တည်းသာ အလုပ်လုပ်ရန် ရွေးချယ်ပေလိမ့်မည်။ ထို့ကြောင့်လည်း စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ရယ်မောသောဓားနှင့် ဓားမဲ့ဓားသမားတို့ကို သိမ်းသွင်းပြီး ကျန်းဟူကို လွှမ်းမိုးရန် ကြိုးစားခဲ့စဉ်က မအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ပြေးဝင်လာသောဓားသွားသည် ဖုန်းပုကြွယ်ကဲ့သို့သော ကစားသမားများကို အတော်လေး လေးစားမိသည်။ အမှန်တကယ်တွင် သူတို့သည် လှေတစ်စင်းတည်း စီးလာကြသူများဟု သူ ခံစားရသည်။ သူ့ကို ဖိတ်ခေါ်ရန် မဖြစ်နိုင်သော်လည်း သူနှင့်အတူ ပူးပေါင်းအလုပ်လုပ်ရန်တော့ စဉ်းစားနိုင်သည်။ ပြေးဝင်လာသော ဓားသွားသည် ငရဲကမ္ဘာ၏ ရှေ့တန်း အမှတ်တံဆိပ်ကို မှတ်သားထားလိုက်သည်။ ဂိုဏ်း၏ အရွယ်အစား မည်သို့ပင် ရှိစေကာမူ အစ်ကိုဖုန်းကဲ့သို့သော ကစားသမား ရှိနေသရွေ့ ၎င်းမှာ အရူးများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်လာမည် မဟုတ်ပေ။ သူတို့နှင့် ရင်းနှီးသော ဆက်ဆံရေး မရှိလျှင်ပင် ပဋိပက္ခမဖြစ်အောင် တတ်နိုင်သမျှ ရှောင်ရှားရမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အခြေအနေပေးပါက ဖုန်းပုကြွယ်ကဲ့သို့သော လူမျိုးနှင့် ရန်သူမဖြစ်ခြင်းက အကောင်းဆုံး ဖြစ်သည်။

...

သုံးဦးသား တစ်ယောက်တစ်ခန်းစီ ဝင်ခဲ့ကြသည်။ အကန့်တစ်ခုစီတွင် ထိုင်ခုံတစ်လုံးစီသာ ရှိသည်။ သူတို့ ထိုင်လိုက်သည့်အခါ နောက်ဆက်တွဲ ဖြစ်လာသော အရာမှာ အတော်လေး ဆိုးရွားလှသည်။

ဖုန်းပုကြွယ်၏ ထိုင်ခုံက ဖြည်းညင်းစွာ နိမ့်ဆင်းသွား၏။ ကြမ်းပြင်၏ အောက်ခြေသို့ ရောက်သောအခါ ၎င်းမှာ ဖြည်းဖြည်းချင်း ရှေ့သို့ ရွေ့သွားသည်။ သူသည် ကားရေးဆေးသည့်နေရာရှိ သယ်ယူပို့ဆောင်ရေး ပတ်လမ်းပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားရသည်။ မှောင်မိုက်နေသော်လည်း သူ့ခန္ဓာကိုယ်က ရေနှင့် လေစီးကြောင်းများကို ခံစားနေရသည်။

ယင်းကို လူများကို ပိုးသတ်နေခြင်းဟု ပြောမည့်အစား ကာကွယ်ရေးဝတ်စုံများကို သန့်ရှင်းရန်အတွက် သူတို့ကို အဝတ်ချိတ်များအဖြစ် အသုံးပြုနေခြင်းနှင့် ပိုတူနေသည်။

ကံကောင်းသည်မှာ လုပ်ငန်းစဉ်က မရှည်လျားလှဘဲ နာကျင်မှုလည်း မရှိပေ။ တစ်မိနစ် မပြည့်မီ 'စစ်ထုတ်မှု' ပြီးဆုံးသွားသည်။ သူတို့ရှေ့ရှိ သတ္တုပြားက အလိုအလျောက် ပွင့်သွားပြီး လမ်းရှေ့တွင် အလင်းရောင်များ လင်းထိန်လာတော့သည်။ ဤအရာမှာ သူတို့ သုံးဦးရှေ့ရှိ အမှန်တကယ် 'အဝတ်လဲခန်း' ပင် ဖြစ်တော့သည်။

ဖုန်းပုကြွယ် ထိုင်ခုံမှထကာ အပြင်သို့ ထွက်လာလိုက်သည်။ သူ့နောက်ရှိ သတ္တုပြားက ပြန်ပိတ်သွား၏။ သူတို့ ရောက်နေသော အခန်းမှာ စတုရန်းမီတာ နှစ်ဆယ်ခန့် ရှိသည်။ နံရံဘေးတွင် လော့ကာတစ်တန်း ရှိနေပြီး အခန်းအလယ် ကြမ်းပြင်တွင် အလျားလိုက် ခုံတန်းလျားတစ်ခု တပ်ဆင်ထားသည်။ နံရံလေးဖက်စလုံးကို သတ္တုဖြင့် ပြုလုပ်ထားပြီး မျက်နှာကြက်မှ အလင်းရောင်များစွာ ထွက်ပေါ်နေသည်။

ဟန့်ခ်နှင့် ပြေးဝင်လာသောဓားသွားတို့ တစ်ချိန်တည်း ရောက်ရှိလာကြသည်။ ဟန့်ခ်က ပြောသည်။

"လော့ကာထဲမှာ မင်းတို့ လဲဝတ်လို့ရတဲ့ အဝတ်အစားတွေ ရှိတယ်၊ ကာကွယ်ရေး ဝတ်စုံတွေကို ချွတ်ပြီး အဲ့ဒီမှာ ထားခဲ့လိုက်"

ကစားသမား နှစ်ဦးသည် ဇာတ်လမ်းအတွင်း၌ သူတို့၏ အဝတ်အစားများကို လဲဝတ်နိုင်မည်မဟုတ်ကြောင်းကို သူ လုံးဝမသိနိုင်ပေ။ သူတို့ ကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်နိုင်ခဲ့ခြင်းမှာ ၎င်းကို ဇာတ်လမ်းဆိုင်ရာပစ္စည်း အဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ ၎င်းကို ကစားသမား၏ အပြင်ဘက်မှ ထပ်၍ ဝတ်ဆင်ရခြင်း ဖြစ်သည်။ ကာကွယ်ရေး ဝတ်စုံကို ဝတ်ဆင်သည့်အခါ ကစားသမား၏ အမှန်တကယ် ဝတ်စုံမှာ ပြောင်းလဲသွားခြင်း မရှိပေ။ သို့သော်လည်း လော့ကာအတွင်းရှိ အဝတ်အစားများကိုမူ လဲဝတ်၍ မရနိုင်ပေ။

ဖုန်းပုကြွယ်က ဘာမှ မပြောဘဲ ရှေ့သို့ လျှောက်သွားကာ လော့ကာငါးလုံးထဲမှ တစ်လုံးကို ဖွင့်လိုက်သည်။ သူ မျှော်လင့်ထားသည့်အတိုင်းပင် လော့ကာများကို သော့ခတ်မထားပေ။ ထို့နောက် လူတိုင်း၏ အဝတ်အစားများမှာ ပုံစံတူများ ဖြစ်နေကြောင်း သူ တွေ့ရှိလိုက်သည်။

ပြေးဝင်လာသောဓားသွားကလည်း လော့ကာတစ်ခုကို ဖွင့်လိုက်သည်။ သူ အဝတ်အစားများကို ယူလိုက်ချိန်တွင် ပြောလာသည်။

"ဇာတ်လမ်းထဲမှာ 'အဝတ်အစား' တွေ့တာ ဒါ ပထမဆုံးအကြိမ်ပဲ"

သူ ပြုံးလိုက်သည်။

"ဒါကသာ စမ်းသပ်ကာလ တုန်းကဆိုရင် ဒီဝတ်စုံနှစ်ထည်ကို ဝတ်ထားတာက မင်းကို နတ်ဘုရားတစ်ပါးလို ဖြစ်သွားစေမှာ သေချာတယ်"

"အင်း... ကံမကောင်းတာက ဒါက စမ်းသပ်ကာလ မဟုတ်တော့ဘူးလေ"

ဖုန်းပုကြွယ် သက်ပြင်းချလိုက်သည်။

"ဒီလို အဝတ်အစားမျိုးက သိပ်တော့ မလှဘူး၊ ဇာတ်လမ်းထဲကနေ အပြင်ကို ယူသွားနိုင်ရင်တောင် အများကြီး ရောင်းရမှာ မဟုတ်ဘူး"

သူ မှန်ပေသည်။ ကောင်းကင်ကောင်းချီးကျေးရွာ၏ စံပြအဝတ်အစားမှာ အလွန်ပင် ရိုးရှင်းလှသည်။ ဝတ်စုံတွင် လက်ရှည်အင်္ကျီနှင့် ဘောင်းဘီရှည်တို့ ပါဝင်သည်။ အရောင်သည် မီးခိုးညိုရောင် ဖြစ်ပြီး အင်္ကျီပေါ်တွင် မည်သည့် ပုံစံ သို့မဟုတ် အမှတ်အသားမှ မပါရှိပေ။ အိတ်ကပ်များ၏ တည်နေရာနှင့် ပုံစံမှာ ပုံမှန်သာဖြစ်ပြီး ကော်လာမှာလည်း ပုံမှန် အဝိုင်းပုံစံပင် ဖြစ်သည်။

"ငါတို့ ဘာလုပ်ကြမလဲ၊ ဇာတ်လမ်းထဲမှာ အဝတ်အစား လဲလို့ရတာလည်း မဟုတ်ဘူး"

ပြေးဝင်လာသောဓားသွားက မေးသည်။

ဖုန်းပုကြွယ်က ဖြစ်ရိုးဖြစ်စဉ်အတိုင်း ပြန်ဖြေသည်။

"ကာကွယ်ရေး ဝတ်စုံကိုပဲ ဆက်ဝတ်ထားရုံပေါ့"

ဟန့်ခ်က ထိုစကားကို ကြားချိန်တွင် ပြောလာလေသည်။

"ဒါပေမဲ့ လူနေဧရိယာထဲမှာတော့ ငါတို့အားလုံးက..."

ဖုန်းပုကြွယ်က လက်ကို ဝှေ့ယမ်းကာ ဟန့်ခ်၏ စကားကို ဖြတ်ပြောလိုက်သည်။

"ငါ့မှာ ကိုယ်ပိုင် အစီအစဉ် ရှိပါတယ်၊ မင်းပဲ အဝတ်လဲလိုက်ပါ"

အခန်း (၁၄၀)

'အဝတ်လဲခန်း' ထဲမှ ထွက်လာပြီးနောက်တွင်လည်း သူတို့သည် လူနေဧရိယာအတွင်းသို့ တိုက်ရိုက် ရောက်မလာသေးဘဲ ရထားဘူတာရုံ စင်မြင့်နှင့်တူသော အခြားကျယ်ဝန်းသည့် နေရာတစ်ခုသို့ ရောက်ရှိလာကြသည်။ ထိုနေရာ၏ ပုံသဏ္ဌာန်နှင့် မတ်နေသော တိုင်များသည် သူတို့ ယခင်ဖြတ်သန်းလာခဲ့သော နေရာနှင့် ဆင်တူနေ၏။ ဤနေရာနှစ်ခုသည် အဆင့်နှစ်ဆင့်ရှိသော မှန်ချပ်များကဲ့သို့ တည်ဆောက်ထားခြင်း ဖြစ်ဟန်တူသည်။

ထိုနေရာတွင် ပတ်ဝန်းကျင်လေထုမှာ ဟန့်ခ်ကဲ့သို့ သာမန်လူတစ်ယောက် အသက်ရှူရန် လုံလောက်စွာ ကောင်းမွန်နေပြီဖြစ်သည်။ ထိုနေရာကို ဖြတ်ကျော်ပြီးနောက် ဝေ့ဝိုက်နေသော ကော်ရစ်ဒါတစ်ခုအတိုင်း ဆင်းလာကြသည်။ ထိုအခါ လမ်းကြောင်းက ပွင့်ထွက်သွားပြီး နောက်ဆုံးတွင် သုံးယောက်သား ကောင်းကင်ကောင်းချီးကျေးရွာ၏ အတွင်းပိုင်းသို့ ရောက်ရှိလာကြတော့သည်။

ကစားသမားနှစ်ဦးအတွက်မူ သူတို့ရှေ့တွင် မြင်တွေ့ရသော မြင်ကွင်းသည် အမှန်တကယ် အံ့ဩဖွယ်ရာ တစ်ခုပင်ဖြစ်သည်။ ကောင်းကင်ယံမှ လိမ္မော်ဝါရောင် အလင်းတန်းများ ဖြာကျနေသည်။ အပေါ်သို့ မော့ကြည့်လိုက်လျှင် တိမ်တိုက်များနှင့်တူသော အပင်များသည် အလွှာလိုက် အထပ်လိုက် ရှိနေပြီး ကောင်းကင်ယံသဖွယ် ဖြစ်ပေါ်နေလေသည်။ အပင်များ၏ အမြင့်သည် မြေအောက်မှ ချောက်ကမ်းပါးထိပ်အထိ အကွာအဝေးခန့် ရှိမည်ဟု ခန့်မှန်းရသည်။ နေရောင်ခြည်သည် အပင်များကြားရှိ အဟများမှ ယိုစိမ့်ဝင်လာခြင်း မဟုတ်ဘဲ အပင်များကို ဖြတ်သန်း၍ စစ်ထုတ်ဝင်ရောက်လာခြင်း ဖြစ်သည်။ ဤအပင်အလွှာမှာ ကောင်းကင်ကောင်းချီးကျေးရွာ၏ သီးသန့် အိုဇုန်းလွှာနှင့် တူနေပေသည်။မှန်ပေသည် သူတို့ မြင်တွေ့နေရသည်မှာ သဘာဝအတိုင်း ဖြစ်နေသည့်အရာ မဟုတ်တော့ပေ။ ထိုအပင်အလွှာကို လွန်ခဲ့သော ရာစုနှစ်များစွာကတည်းက ထိုနေရာတွင် နေထိုင်သူများက အကြိမ်ကြိမ် ပြုပြင်မွမ်းမံခဲ့ကြခြင်း ဖြစ်သည်။ ထိုအကာအကွယ်အလွှာသည် ရွာ၏ အသက်သွေးကြော ဖြစ်သဖြင့် ၎င်းကို ခိုင်ခံ့ပြီး ဘေးကင်းအောင် ထိန်းသိမ်းထားရသည်။

ရှေ့သို့ ဆက်လျှောက်လာစဉ်တွင် သပ်ရပ်စွာ စီတန်းနေသော လမ်းများနှင့် ပုံစံတူ အဆောက်အအုံအနိမ့်လေးများကို မြင်တွေ့ရသည်။ လမ်းပေါ်တွင် လူသိပ်မရှိဘဲ ရှိသမျှလူများမှာလည်း အဝတ်အစား ပုံစံတူများကိုသာ ဝတ်ဆင်ထားကြသည်။ အမျိုးသားဝတ်စုံများသည် ဟန့်ခ်ဝတ်ထားသည်နှင့် ဆင်တူပြီး အမျိုးသမီးဝတ်စုံများမှာ ပုံစံတူသော်လည်း အရောင်က ပိုမိုတောက်ပသည်။

ထိုအချိန်တွင် ဖုန်းပုကြွယ်နှင့် ပြေးဝင်လာသောဓားသွားတို့သည် သူတို့၏ ကာကွယ်ရေးဝတ်စုံမှ ခေါင်းစွပ်များကို ချွတ်ကာ အဝတ်လဲခန်းအတွင်း ထားခဲ့ကြပြီဖြစ်သည်။ သူတို့သည် ကာကွယ်ရေးဝတ်စုံ၏ လည်ပင်းနားကို တင်းကျပ်အောင် လုပ်ထားပြီး အတွင်းမှ ဝတ်စုံများ မပေါ်စေရန် အတွင်းဘက်သို့ ခေါက်ထည့်ထားကြသည်။ ထိုသို့ လုပ်ထားသော်လည်း သူတို့မှာ အတော်လေး သိသာထင်ရှားနေဆဲ ဖြစ်သည်။

ပိုမိုထင်ရှားသော ဥပမာတစ်ခု ပေးရလျှင် ငါးတန်းကျောင်းသားနှစ်ယောက်က ပထမတန်း စာသင်ခန်းထဲကို ရောက်လာသလိုမျိုး ဖြစ်နေသည်။ သူတို့သည် မတူညီသော ကျောင်းဝတ်စုံကို ဝတ်ထားပြီး အရပ်လည်း ပိုရှည်သည်...။ သို့သော် သူတို့သည် ကျောင်းဝတ်စုံကို ဝတ်ထားဆဲဖြစ်ပြီး ကျောင်းသွားရန် ကိုနန်လိုမျိုး ပြင်ဆင်လာခြင်း မဟုတ်ပေ။ ထို့ကြောင့် ရွာသားများသည် သူတို့ကို စူးစမ်းစွာ ကြည့်ရုံသာ ကြည့်ကြပြီး အော်ဟစ်ခြင်း သို့မဟုတ် ပေါက်တူးများဖြင့် လာရောက်တိုက်ခိုက်ခြင်းမျိုး မလုပ်ကြပေ။

"ဒီမြို့ကို ဒီဇိုင်းထုတ်တဲ့လူကတော့ တကယ်ကို အမြင်မရှိတဲ့လူပဲ၊ စက်ရုပ်တွေတောင် ဒီလိုနေရာမျိုးမှာ နေမှာမဟုတ်ဘူး"

ပြေးဝင်လာသောဓားသွားက ဝေဖန်လိုက်သည်။

"ဟားဟား... မင်းက ဒီနေရာကို ဘယ်လိုမျိုး ဖြစ်နေမယ်လို့ ထင်လို့လဲ"

ဖုန်းပုကြွယ်က မေးသည်။

"သူက 'ရွာ' လို့ ပြောတော့ တောမြို့လေးလို နေရာမျိုးလို့ ငါ ထင်ခဲ့တာပေါ့"

ပြေးဝင်လာသောဓားသွားက ဆိုသည်။

"ဒီလိုမျိုး... ပုံစံတူ ဆင်းရဲသားရပ်ကွက် ဖြစ်နေမယ်လို့ ငါမထင်ထားဘူး"

သူက လှောင်ပြုံး ပြုံးလိုက်သည်။

"တကယ့် ဆင်းရဲသားရပ်ကွက်တွေကတောင် ဒီထက် သာသေးတယ်၊ အနည်းဆုံးတော့ အဲ့ဒီက အဆောက်အအုံတွေနဲ့ လူတွေက..."

သူသည် သုံးရမည့် စကားလုံးကို ချက်ချင်း စဉ်းစားမရ ဖြစ်သွားသည်။

ဖုန်းပုကြွယ်က ဆက်ပြောပေးလိုက်သည်။

"ကိုယ်ပိုင်ဟန် ရှိတယ်ပေါ့"

"ဟုတ်တယ် ကိုယ်ပိုင်ဟန်ပေါ့"

ပြေးဝင်လာသောဓားသွားက ဆက်ပြောသည်။

"ဒီလူတွေကို ကြည့်ပါဦး၊ အိမ်တူတူမှာ နေတယ်၊ အဝတ်အစားတူတူ ဝတ်တယ်၊ ပစ္စည်းတူတူ သုံးတယ်... အမှန်အတိုင်းပြောရရင် မင်းတို့ လမ်းမမှားကြဘူးလား"

သူက ဟန့်ခ်ကို လှည့်မေးလိုက်သည်။

ဟန့်ခ်က ပြန်ဖြေသည်။

"လမ်းတိုင်းမှာ နံပါတ်တွေ ရှိပါတယ်၊ ရှာရလွယ်ပါတယ်"

ပြေးဝင်လာသောဓားသွားမှာ ခေါင်းခါလျက် သက်ပြင်းသာ ချလိုက်တော့သည်။

"ကောင်းပါပြီလေ"

"အနည်းဆုံးတော့ သူတို့မှာ ဆံပင်ပုံစံအတွက် လွတ်လပ်ခွင့် ရှိသေးတာပဲ၊ ခေါင်းဆောင်က အားလုံးကို ကတုံးတုံးခိုင်းမထားဘူး၊ အရာရှိတွေကိုပဲ ဆံပင်ထားခွင့်ပြုတာမျိုး မဟုတ်ဘူးပေါ့"

ဖုန်းပုကြွယ်က ပြောလိုက်သည်။

ပြေးဝင်လာသောဓားသွားမှာ ထိုစကားကို နားလည်သွားပြီး နောက်ပြောင်သည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

"အင်မော်တယ်ဖီးနစ် အကယ်ဒမီက ဂုဏ်ပြုလွှာပေါ့..."

သုံးယောက်သား ခဏမျှ လမ်းလျှောက်လာပြီးနောက် လမ်းကင်းလှည့်နေသူ နှစ်ဦးနှင့် တွေ့ဆုံမိသည်။ ထိုနှစ်ဦးသည် အဝတ်အစားပုံစံနှင့် အရောင် အနည်းငယ် ကွဲပြား၏။ သူတို့သည် ပခုံးတံဆိပ်များ ဝတ်ဆင်ထားပြီး လည်ရှည်ဖိနပ်များ စီးထားကာ လောက်လေးခွနှင့် သတ္တုဒိုင်းများကို ကိုင်ဆောင်ထားကြသည်။

"ရပ်လိုက်"

သူတို့ထဲမှ တစ်ယောက်က လှမ်းအော်သည်။

ဖုန်းပုကြွယ်နှင့် အခြားသူများ ရပ်လိုက်ကြပြီး တစ်ဖက်လူက ရှေ့သို့ လာရောက်မေးမြန်းမည်ကို စောင့်ဆိုင်းလိုက်ကြသည်။ ပြေးဝင်လာသောဓားသွားမှာ ဘာကိုမှ မကြောက်ပေ။ သူသည် တစ်ဖက်လူကို အထင်သေးသည်လည်း မဟုတ်၊ ထောင်လွှားသည်လည်း မဟုတ်သော အကြည့်မျိုးဖြင့် ကြည့်ကာ တိတ်ဆိတ်စွာ ရပ်နေသည်။ ဟန့်ခ်မှာမူ အတော်လေး ထိတ်လန့်နေသဖြင့် စကားပင် မပြောရဲပေ။

"မင်းတို့က ဘာလို့ ကာကွယ်ရေးဝတ်စုံကြီးတွေ ဝတ်ပြီး ဝင်လာရတာလဲ"

ကင်းလှည့်သမားက မေးသည်။

ဖုန်းပုကြွယ်က "အဲ... ဆရာ၊ ကျွန်တော်တို့ အဝတ်အစားတွေက ပျက်စီးသွားလို့ပါ"

"ပျက်စီးသွားတယ် ဟုတ်လား"

ထိုလူက ဖုန်းပုကြွယ်ကို သံသယဖြင့် ကြည့်လိုက်သည်။

"အဝတ်အစားတွေက အဝတ်လဲခန်းထဲက သေတ္တာထဲမှာ ရှိတာပဲ၊ ဘယ်လိုလုပ် ပျက်စီးသွားမှာလဲ"

"ဆရာ၊ စစ်ထုတ်လွှာက သတ္တုတံခါးထဲမှာ မတော်တဆ ညပ်မိသွားလို့ပါ"

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

"အိုး..."

ထိုလူက သံသယဖြင့်ပင် ပြန်ပြောလာသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူက ဆိုသည်။

"ဒါဆို ထောက်ပံ့ရေးဌာနကို သွားပြီး အဝတ်အစားသစ်တစ်စုံ အမြန်ဆုံး သွားယူလိုက်"

"နားလည်ပါပြီ၊ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ"

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

ကင်းလှည့်သမားနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပခုံးတွန့်ပြပြီး ထွက်သွားကြသည်။

ပြေးဝင်လာသောဓားသွားက ရယ်မောလိုက်သည်။

"မင်းရဲ့ အဲ့ဒီ အမူအရာက... မင်း ပြည်တွင်းဖြစ် ရုပ်သံဇာတ်လမ်းတွေ အရမ်းကြည့်ဖူးတဲ့ပုံပဲ၊ လမ်းပေါ်မှာ အစိုးရစစ်တပ်နဲ့ တွေ့တဲ့ မြေအောက် တော်လှန်ရေးသမား တစ်ယောက်အတိုင်းပဲ"

"အလုပ်ဖြစ်ရင် ပြီးတာပါပဲ"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

ဟန့်ခ်မှာမူ သံသယများ ဖြစ်နေလေသည်။

"ဒါက ထူးဆန်းတယ်... သူတို့က တကယ်ကြီး ယုံသွားတာပဲ၊ အဝတ်အစားတွေက စစ်ထုတ်လွှာက သတ္တုတံခါးမှာ ဘယ်လိုလုပ် ညပ်မိမှာလဲ၊ ငါတို့က အရင် စစ်ထုတ်ပြီးမှ အဝတ်လဲတာလေ၊ တကယ်လို့ ညပ်မယ်ဆိုရင်တောင် ကာကွယ်ရေးဝတ်စုံပဲ ညပ်ရမှာ မဟုတ်လား"

"အေးလေ၊ ဒါပေမဲ့ သူတို့က ဘယ်လိုသိမှာလဲ"

ဖုန်းပုကြွယ်က ဆိုသည်။

"သူတို့က အမှိုက်ကောက်သမားတွေမှ မဟုတ်တာ"

"အိုး ဟုတ်သားပဲ၊ ကင်းလှည့်သမားတွေက ရွာပြင်ကို တစ်ခါမှ ထွက်ဖူးမှာ မဟုတ်ဘူး"

ဟန့်ခ်က တစ်ခုခုကို ရုတ်တရက် သတိရသွားသကဲ့သို့ ပြောလိုက်သည်။

"မင်းက အဲ့ဒီလိုမျိုးတောင် တွေးမိသေးတာလား"

ပြေးဝင်လာသောဓားသွားက ကြားဖြတ်ပြောလိုက်သည်။

"လူတန်းစားကွဲပြားမှု အရမ်းသိသာပြီး ကျော်ဖြတ်ဖို့ ခက်ခဲတဲ့ လူမှုစနစ်တစ်ခုမှာ… လူတိုင်း ကိုယ်စီ အလုပ်ရှိကြပြီး တစ်ဦးနဲ့တစ်ဦး ဝင်မစွက်ဖက်ကြတဲ့ နေရာမှာ… အထက်တန်းလွှာကလွဲရင် အောက်ခြေမှာ နေထိုင်တဲ့ အုပ်စုတစ်ခုဟာ နောက်ထပ်အုပ်စုတစ်ခုရဲ့ အလုပ်အသေးစိတ်ကို သိနိုင်ဖို့ နည်းလမ်းမရှိဘူး"

ဖုန်းပုကြွယ်က ဆိုသည်။

"အမှိုက်ကောက်သမားတွေက ကင်းလှည့်သမားတွေရဲ့ ထမင်းစားဆောင်မှာ ဘာဟင်းတွေ ကျွေးလဲဆိုတာ မသိနိုင်သလို ကင်းလှည့်သမားတွေကလည်း အမှိုက်ကောက်သမားတွေ အဝတ်လဲခန်းကို ဘယ်လိုသုံးလဲဆိုတာ မသိနိုင်ဘူး၊ ဒါကြောင့် ငါက အကြောင်းပြချက် တစ်ခုခု ပေးလိုက်ရုံပဲ၊ သူတို့က ရွာကိုပြန်လာတဲ့ အမှိုက်ကောက်သမားတွေရဲ့ လုပ်ငန်းစဉ်ကို ချက်ချင်း ဖုန်းထုတ်ပြီး ဂူးဂဲလ်မှာ ရှာကြည့်မယ်လို့ မင်းထင်နေလား"

"ကောင်းပါပြီ... ပိတ်ပင်ထားတဲ့ စကားလုံးတွေ ရှိနေတဲ့အတွက် မင်းကို 'ပါးနပ်တယ်' လို့ပဲ ချီးမွမ်းခွင့် ပြုပါ"

ပြေးဝင်လာသောဓားသွားက ဆိုသည်။ သူ့စိတ်ထဲတွင်မူ 'ယုတ်မာလိုက်တာ' ဆိုသည့် စကားလုံးကို သုံး၍ ဖော်ပြနေခြင်း ဖြစ်သည်။

"ကဲ၊ ဟန့်ခ်၊ မင်း မြင်တဲ့အတိုင်းပဲ၊ ဘာမှ စိုးရိမ်စရာ မရှိပါဘူး၊ ငါတို့က အားလုံးကို အဆင်ပြေအောင် ကိုင်တွယ်နိုင်ပါတယ်"

ဖုန်းပုကြွယ်က ဟန့်ခ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"အခု မင်းရဲ့ အထက်လူကြီးတွေကို သတင်းမပို့ခင် ငါတို့ကို မင်းတို့ရွာထဲ လိုက်ပြပါဦး"

"ဒါပေမဲ့ စည်းကမ်းတွေအရ ဆိုရင်... အမှိုက်ကောက်သမားတွေ ရွာကို ပြန်ရောက်တာနဲ့ သူတို့က..."

ဟန့်ခ်၏ စကားသည် ဖုန်းပုကြွယ်၏ ကြားဖြတ်ပြောဆိုမှုကြောင့် ရပ်တန့်သွားရသည်။

"မင်းက အပြင်လူ နှစ်ယောက်ကိုတောင် ရွာထဲ ခေါ်လာခဲ့ပြီးပြီပဲ၊ ဘာလို့ စည်းကမ်းတွေကို ဂရုစိုက်နေသေးတာလဲ"

ဖုန်းပုကြွယ်က ဆိုသည်။

"မင်း အခု သတင်းသွားပို့ရင် ငါတို့ နှစ်ယောက်က လုံးဝလိုက်လာလို့ မရဘူး၊ ဘာလို့လဲဆိုတော့ မင်းရဲ့ အထက်လူကြီးတွေက ငါတို့က အမှိုက်ကောက်သမားတွေ မဟုတ်ဘူးဆိုတာ သိသွားမှာမို့လို့ပဲ၊ ငါတို့က မင်းသတင်းပို့ပြီးမှ လုပ်ဆောင်ဖို့အတွက် စောင့်နေဖို့ အချိန်မရှိဘူး၊ ဒါ့အပြင် မင်းကို တစ်ယောက်တည်း လွှတ်လိုက်ဖို့လည်း ငါ စိတ်မချဘူး၊ တကယ်လို့ မင်း ငါတို့ကို သစ္စာဖောက်သွားရင် ဒါမှမဟုတ် အမှားတစ်ခုခု လုပ်မိရင် ဘယ်သူမှ မမြင်ချင်တဲ့ အရာ... တိုက်ပွဲ ဖြစ်လာလိမ့်မယ်။

ဒါ့အပြင် မင်းက အပြင်လူတွေကို ရွာထဲ ခေါ်လာတာက သေဒဏ်ခံရမယ့် အပြစ်ဆိုတာ သေချာတယ်၊ မင်း ခြိမ်းခြောက်ခံရတာလား၊ မခံရဘူးလား ဆိုတာ မင်းရဲ့ အထက်လူကြီးတွေက ဂရုစိုက်မှာ မဟုတ်သလို မင်းရဲ့ ရှင်းပြချက်ကိုလည်း နားထောင်မှာ မဟုတ်ဘူး၊ ဒါကြောင့် မင်းသာ ငါတို့ဆီကနေ ခိုးထွက်ပြီး ကင်းလှည့်သမားတွေကို သွားပြောဖို့ ကြံစည်မယ်ဆိုရင် မင်းရဲ့ ရွာသားတွေ သေကျေပျက်စီးရမှာတင်မကဘဲ မင်းကိုယ်တိုင်လည်း နောက်ဆုံးမှာ သေခြင်းတရားကနေ လွတ်မြောက်ဖို့ ခက်ခဲလိမ့်မယ်"

ဖုန်းပုကြွယ်သည် ဟန့်ခ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားမှုကို မြင်လိုက်ရပြီး သူ့ဖျောင်းဖျမှု နောက်တစ်ကြိမ် အောင်မြင်သွားကြောင်း သိလိုက်ရသည်။

"မင်းအတွက် အကောင်းဆုံး ရွေးချယ်မှုကတော့ ငါပြောသလိုလုပ်ပြီး အထက်လူကြီးတွေကို အရင် သတင်းမပို့တာပဲ၊ အဲ့ဒီအစား ငါတို့ကို ရွာထဲ လိုက်ပြပါ၊ ငါတို့ လည်ပတ်လို့ ပြီးသွားရင် ရွာထဲကနေ တိတ်တိတ်လေး ပြန်ထွက်သွားမယ်၊ အဲ့ဒီကျမှ မင်း အထက်လူကြီးတွေကို သတင်းပို့လိုက်ပါ၊ အဲ့ဒီအချိန်ကျရင် မင်းက အလွန်ဆုံးရှိမှ နောက်ကျတယ်လို့ပဲ အပြောခံရမှာပါ၊ ကြီးကြီးမားမား အပြစ်ပေးခံရမှာ မဟုတ်ဘူး၊ ဘယ်သူမှလည်း ဒဏ်ရာမရဘူး၊ ငါတို့ ဒီကို ရောက်ခဲ့တယ်ဆိုတာလည်း ဘယ်သူမှ သိမှာ မဟုတ်ဘူး"

"ဒါက ငါတို့ သဘောတူထားတာနဲ့ မတူဘူး... မင်း အရင်က ဒီလို မပြောခဲ့ဘူးလေ..."

ဟန့်ခ်က ထိတ်လန့်တကြား ပြန်ဖြေသည်။ သူသည် ဘာလုပ်ရမှန်းမသိ ဖြစ်နေပုံရသည်။

"ဒါဆို အခြေအနေတွေက ဘယ်လို ဖြစ်လာမယ်လို့ မင်းထင်လဲ"

ဖုန်းပုကြွယ်က ရယ်မောလိုက်သည်။

"အစီအစဉ် ဆိုတာက အပြောင်းအလဲတွေနဲ့အညီ လိုက်လုပ်ရတာပဲကွ"

ထိုအချိန်တွင် ဟန့်ခ်သည် ပင်လယ်ဓားပြသင်္ဘောပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဖုန်းပုကြွယ် ပြောခဲ့သကဲ့သို့ပင် လူတိုင်းတွင် အားနည်းချက် တစ်ခုစီ ရှိကြသည်။ ၎င်းကို ဆုပ်ကိုင်မိသွားသည်နှင့် သူတို့သည် သူတို့၏ မူဝါဒများကို သစ္စာဖောက်ကြတော့သည်။

အစပိုင်းတွင် ဟန့်ခ်သည် အသတ်မခံချင်ခဲ့ပေ။ နောက်ပိုင်းတွင် သူသည် ရွာသူရွာသားများ အသတ်ခံရမည်ကို မမြင်ချင်ခဲ့ပေ။ ယခုအခါတွင်မူ ထိုခြိမ်းခြောက်မှု နှစ်ခုစလုံး သူ့ပခုံးပေါ်သို့ ရောက်ရှိလာသဖြင့် တစ်ခုတည်းသော ဖြေရှင်းနည်းမှာ "အပြင်လူ" နှစ်ဦးနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် သူတို့ လူမမိဘဲ ပြန်ထွက်သွားနိုင်ရန် မျှော်လင့်ခြင်းသာ ဖြစ်တော့သည်။

မှန်ပေသည် သူ့အတွေးအခေါ်သည် အလွန် ရိုးရှင်းပြီး နုနယ်လွန်းလှသည်။ သူသာ ပိုမိုတွေးတောနိုင်မည်ဆိုပါက ဖုန်းပုကြွယ်နှင့် ပြေးဝင်လာသောဓားသွားတို့ တိတ်တဆိတ် ထွက်သွားမည်ဆိုလျှင်ပင် ၎င်းမှာ သူတို့ တိတ်တဆိတ် ရောက်လာသကဲ့သို့ပင် ဖြစ်မည်ကို နားလည်ပေလိမ့်မည်။ သူတို့သည် လက်ဖျားတစ်ချက် ခါယမ်း၍ မည်သူ့အသက်ကိုမျှ ယူဆောင်သွားမည် မဟုတ်သော်လည်း နောက်ဆုံးတွင်တော့ ဤကိစ္စက ပေါ်ပေါက်သွားမည်သာ ဖြစ်သည်။ သူတို့ ရွာထဲသို့ ဝင်လာစဉ်ကတည်းက သူတို့၏ နာမည်များကို မှတ်ပုံတင်ခဲ့ပြီးသား ဖြစ်သည်။ ဂျားဗစ်နှင့် ဂျိုးတို့ကို ရွာသို့ အသက်ရှင်ရက် ပြန်ရောက်လာသည်ဟု ယူဆခံရမည်ဖြစ်သည်။ အသက်ရှင်နေသော လူတစ်ယောက်က လေထဲတွင် မည်သို့ပျောက်ကွယ်သွားနိုင်မည်နည်း။ ထို့ကြောင့် နောက်ရက်အနည်းငယ်အတွင်း ဟန့်ခ်မှာ စစ်ဆေးမေးမြန်းခြင်း ခံရရန်အတွက် ဖမ်းဆီးခံရဦးမည်သာ ဖြစ်သည်။ အကယ်၍ သူ မရှင်းပြနိုင်ပါက ကြီးလေးသော ပြစ်မှုဖြင့် စွဲချက်တင်ခံရမည် ဖြစ်ပြီး အကယ်၍ သူရှင်းပြမည်ဆိုပါကလည်း သေရမည်သာ ဖြစ်သည်။

...

ကောင်းကင်ကောင်းချီးကျေးရွာ၏ အနက်ရှိုင်းဆုံးနေရာတွင် 'ဘုရားကျောင်း' ဟု ခေါ်သော နေရာတစ်ခု ရှိ၏။

ထိုနေရာကို ဘုရားကျောင်းဟု ခေါ်ဆိုသော်လည်း ဘုရားကျောင်းများနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ဤ 'ဘုရားကျောင်း' ကို လွန်ခဲ့သော နှစ်ပေါင်းရာချီက အာကာသယာဉ်၏ တစ်ဝက်ခန့်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

ရွာအတွင်းရှိ ကော်ဘင်မိသားစုဝင်များသာ ထိုဘုရားကျောင်းသို့ လွတ်လပ်စွာ ဝင်ထွက်ခွင့် ရှိကြပြီး သူတို့၏ နန်းတော်သဖွယ် ဖြစ်သည်။

နှစ်ပေါင်းများစွာတိုင်အောင် ကော်ဘင်မိသားစုသည် သူတို့ကိုယ်သူတို့ ဘုရားသခင်၏ စကားပြန်များအဖြစ် သတ်မှတ်ထားကြသည်။ သူတို့သည် 'ဘုရားသခင်' ၏ အလိုတော်ကို လက်ဆင့်ကမ်းကြသည်။ မှန်ပေသည် ဤ 'ဘုရားသခင်' မှာ ခရစ်ယာန်ဘာသာနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ 'ဘုရားသခင်' ဟူသော စကားလုံးဖြင့် ဖော်ပြသော အလိုတော်ဆိုသည်မှာ ကော်ဘင်မိသားစုက လုပ်ကြံဖန်တီးနိုင်သော အရာတစ်ခုသာ ဖြစ်သည်။

သူတို့ တစ်စုံတစ်ယောက်ကို သတ်ချင်လျှင် ဘုရားသခင်က ထိုလူ့ကို အသေလိုချင်သည်ဟု ပြောကြသည်။ လူတစ်စုကို သတ်ချင်လျှင် ထိုသူတို့မှာ မိစ္ဆာများဖြစ်သည်ဟု ပြောကြသည်။ လူများကို သူတို့လက်အောက်သို့ ရောက်စေချင်လျှင် ဘုရားသခင်၏ နာမည်ကို သုံး၍ အမိန့်ပေးကြသည်။ အခြားသူများ၏ ပိုင်ဆိုင်မှုများ၊ ဇနီးမယားများနှင့် သမီးပျိုများကို လိုချင်လျှင်လည်း အကြောင်းပြချက် တစ်ခုခု ရှာကြံတတ်ကြသည်။

နိဂုံးချုပ်ရလျှင် ကော်ဘင်မိသားစု၏ စကားသည် ဘုရားသခင်၏ အမိန့်တော်ကဲ့သို့ ဖြစ်နေပြီး ၎င်းကို မနာခံသူများသည် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်သွားကြသည်။ သူတို့သည် ရွာသားများ၏ အသက်ကို လုံးဝ ဂရုမစိုက်ကြပေ။

မှန်ပေသည်၊ ဘာသာရေးဆိုင်ရာ အလိမ်အညာများက ထိုမျှထိ ကြာရှည်ခံလိမ့်မည် မဟုတ်ပေ။ ကော်ဘင်မိသားစုတွင် အမှန်တကယ် ရှိနေသည့် အရာမှာ 'အသိပညာ' ပင် ဖြစ်သည်။ အာကာသယာဉ်ပေါ်တွင် ကျန်ရှိနေသော သတင်းအချက်အလက်များကို သူတို့က လက်ဝါးကြီးအုပ်ထားကြပြီး အသုံးဝင်သော လူနည်းစုဖြစ်သည့် ရွာ၏ ဘုန်းတော်ကြီးများကိုသာ ဝေမျှပေးကြသည်။ ထိုနည်းအားဖြင့် သူတို့ အလိုရှိသည့်အခါတိုင်း အသိပညာနည်းပါးသော လူများကို ကြောက်ရွံ့စေရန်နှင့် ယုံကြည်လာစေရန် 'တန်ခိုးပြာဋိဟာ' အချို့ကို ပြသလေ့ရှိကြသည်။

ထို့ကြောင့်လည်း ကောင်းကင်ကောင်းချီးကျေးရွာ၏ နိုင်ငံသားများမှာ ဇီဝဗေဒ၊ ဆေးပညာနှင့် နက္ခတ္တဗေဒတို့နှင့် ပတ်သက်၍ အသိပညာ ကင်းမဲ့နေကြခြင်း ဖြစ်သည်။

ဇီဝဗေဒက လူများကို ဖန်ဆင်းရှင်အပေါ် သံသယဖြစ်စေသည်။ ဆေးပညာက လူများကို သေခြင်းတရားကို နားလည်စေသည်။ နက္ခတ္တဗေဒကလည်း ရေတွက်မကုန်နိုင်သော ဘာသာရေး အလိမ်အညာများကို ဖော်ထုတ်ပေးပြီး လူတို့၏ စိတ်ကူးယဉ်မှုများကို ရိုက်ချိုးပစ်သည်။

အသိပညာက ကံကြမ္မာကို ပြောင်းလဲစေပြီး နည်းပညာက ဘဝကို ပြောင်းလဲစေသည်။

သို့သော်လည်း ကော်ဘင်မိသားစုသည် ကံကြမ္မာပြောင်းလဲသွားသည်ကို မမြင်လိုကြပေ။ မည်သည့် အာဏာရှင် သို့မဟုတ် မည်သည့်အကျိုးစီးပွားအုပ်စုမှ သူတို့ရှေ့ရှိ ကောင်းမွန်သော အခြေအနေများ ပြောင်းလဲသွားသည်ကို မလိုလားကြသဖြင့် ၎င်းကို မည်သို့ 'ထိန်းချုပ်' ရမည်ကို သင်ယူခဲ့ကြသည်။

ဆိုရိုးစကား ရှိသည်မှာ 'လူထုကို ထိန်းချုပ်ရန် အခက်ခဲဆုံး ဖြစ်သော်လည်း သူတို့မှာ အသိဉာဏ် အရှိဆုံး ဖြစ်သည်' ဟူ၍ ဖြစ်သည်။ ကောင်းကင်ကောင်းချီးကျေးရွာ၏ လူထုကို မျက်ကန်းဖြစ်စေသော မူဝါဒမှာ အလွန်ပြောင်မြောက်လှသည်။ ကော်ဘင်မိသားစုသည် သူတို့ အုပ်ချုပ်မှုအောက်ရှိ ရွာသားများအတွက် အသိပညာအားလုံးကို လုံးဝ ဖြတ်တောက်ထားခြင်းမျိုး မဟုတ်ပေ။ စိုက်ပျိုးရေး၊ သတ္တုအရည်ကျိုခြင်းနှင့် ဆောက်လုပ်ရေး စသည်တို့ကဲ့သို့သော အသိပညာအချို့ကို သင်ယူခွင့် ပြုထားသည်...။ တစ်ချိန်တည်းမှာပင် သူတို့အား ဘာသာရေးဆိုင်ရာ ဝါဒဖြန့်မှုများဖြင့် ဦးနှောက်ဆေးထားကြပြီး ဘုရားသခင် တကယ်ရှိကြောင်း ယုံကြည်စေကာ ထိုထက်ပိုသော အရာများကို လုပ်ဆောင်ရန် မဝံ့မရဲဖြစ်အောင် လုပ်ထားကြသည်။

ရလဒ်အနေဖြင့် ထိုကဲ့သို့ ထူးခြားပြီး ပုံပျက်ပန်းပျက် ဖြစ်နေသော ယဉ်ကျေးမှုတစ်ခု မွေးဖွားလာရတော့သည်။

ယော့ခ် ကော်ဘင်သည် ကောင်းကင်ကောင်းချီးကျေးရွာ၏ လက်ရှိ 'ဘုရားသခင်၏ သားတော်' ဖြစ်သည်။ သူသည် ရွာလူကြီး၊ မြို့တော်ဝန်၊ အကြီးအကဲ၊ သမ္မတနှင့် ဘုရင်... အားလုံးပင် ဖြစ်တော့သည်။

သူ့ဘိုးဘေးများသည် လောဘကြီးပြီး ကောက်ကျစ်သူများ ဖြစ်ကြသော်လည်း အမြော်အမြင် ကြီးမားခဲ့ကြသည်။ သူတို့ အာဏာကို သိမ်းပိုက်ပြီးနောက်တွင် အာကာသယာဉ်ကိုပါ သိမ်းယူလိုက်ပြီး ရွာကို အုပ်ချုပ်ရန် ဤအစီအစဉ်ကို ဖန်တီးခဲ့ကြသည်။ သို့ဖြင့် ယနေ့ သူ ရရှိနေသော ကောင်းမွန်သော အခြေအနေကို ဖန်တီးပေးခဲ့ကြခြင်း ဖြစ်သည်။

ဟန့်ခ်နှင့် ခဏတာ စကားပြောဆိုမှုမှတစ်ဆင့် ဖုန်းပုကြွယ်သည် ကောင်းကင်ကောင်းချီးကျေးရွာ၏ လူမှုအဖွဲ့အစည်းတည်ဆောက်ပုံကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။ ထို့ကြောင့်လည်း ဤဇာတ်လမ်းမှာ သိပ္ပံစိတ်ကူးယဉ် နောက်ခံတစ်ခုသာဖြစ်ကြောင်း သူ အလွန် ယုံကြည်နေခြင်း ဖြစ်သည်။ ဘာ 'ဘုရားသခင်သားတော်' လဲ။ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်လောက် လှည့်ကွက်ဟောင်းကြီးပဲ။

၂၀ ရာစု၏ အာဏာရှင်များသည် သူတို့ကိုယ်သူတို့ နတ်ဘုရားများနှင့် ဆက်စပ်ရန် ပျင်းရိနေကြပြီဖြစ်သည်။ အလွန်ဆုံး သူတို့ကိုယ်သူတို့ စစ်ပွဲတစ်ခါမှ မတိုက်ဖူးသော ဗိုလ်ချုပ်ကြီးများ၊ သို့မဟုတ် စာအုပ်တစ်အုပ်မှ မဖတ်ဖူးသော ပါမောက္ခကြီးများ စသည်ဖြင့်သာ ခေါ်ဝေါ်ကြတော့သည်။ မိမိကိုယ်ကို ဘုရားသခင်၏ မွေးစားသား၊ သားအရင်း၊ သို့မဟုတ် ဒုတိယသားတော်ဟု ခေါ်ဆိုခြင်းမှာ အသိဉာဏ် အနည်းငယ်ရှိသူတိုင်း လုပ်ဆောင်မည့် အရာမဟုတ်ပေ။

ဟန့်ခ်က ဖိတ်ခေါ်မထားသော ဧည့်သည်နှစ်ဦးကို ရွာ၏ အနက်ရှိုင်းဆုံးနေရာသို့ ခေါ်ဆောင်လာသည့်အချိန်မှာ ကော်ဘင်အတွက် ညနေခင်း လက်ဖက်ရည် သောက်ချိန်ပင် ဖြစ်သည်။

ကော်ဘင်၏ ဘဝသည် အလွန် စနစ်ကျလှသည်။ သူသည် တစ်ရက်လျှင် ထမင်းသုံးနပ် အပြည့်အဝ စားပြီး အဖျော်ယမကာနှစ်ကြိမ် အပြည့်အဝ သောက်သည်။ ညနေပိုင်းတွင် လက်ဖက်ရည်နှင့် မုန့်များ စားပြီး ည ၉ နာရီတွင် အိပ်စက်သည်။ အခြေခံအားဖြင့် ညတိုင်းတွင် သူ့ကို အဖော်ပြုရန် မတူညီသော မိန်းကလေး တစ်ယောက် ရှိနေလေ့ရှိသည်။

အချို့ကလည်း ရွာမှာ လူဦးရေထောင်ဂဏန်းလောက်ပဲ ရှိတာကို သူက ဘယ်လိုလုပ် အဲ့ဒီလို လုပ်နိုင်မှာလဲဟု သိချင်ကြပေလိမ့်မည်။ ရွာက အမျိုးသမီးအားလုံးနှင့် သူအိပ်ဖူးတာလား။

အမှန်တကယ်တွင်မူ အနည်းငယ် လှပသော မည်သူမဆိုနှင့် သူ အိပ်ဖူးသည်ဟု ဆိုနိုင်ပေသည်။ ဘာကြောင့်ပါလဲ။ ဤဇာတ်လမ်းမှာ ၁၃ ရာစုအထိ နောက်ကြောင်းပြန်လိုက်ရမည် ဖြစ်သည်။ ထိုအချိန်က ဥရောပမှ မှူးမတ်များတွင် 'အပျိုစင် စစ်ဆေးပိုင်ခွင့်' ဟု ခေါ်သော အရာတစ်ခု ရှိခဲ့ဖူးသည်။ တစ်နည်းအားဖြင့် ပြောရလျှင် လယ်သမား၏ သမီးပျိုမှာ သူမ အိမ်ထောင်မပြုမီ တစ်ရက်အလိုတွင် ဒေသခံမှူးမတ်များ၏ 'မြည်းစမ်းခြင်း' ကို ခံရမည် ဖြစ်သည်။ ကောင်းကင်ကောင်းချီးကျေးရွာတွင် ဤမကောင်းသော အလေ့အထက ပြန်လည် နိုးထလာခဲ့သော်လည်း သိသိသာသာကြီးတော့ မဟုတ်ပေ။ ဒဏ္ဍာရီများအရ သူတို့မှာ ဘုရားသခင်၏ သားတော်၏ 'ဗတ္တိဇံ' ပေးခြင်းကို ခံယူရန် ဘုရားကျောင်းသို့ ပို့ဆောင်ခံရမည် ဖြစ်သည်။ ကြာမြင့်ချိန်ကတော့ ကွဲပြားနိုင်ပေသည်။ အကယ်၍ သူ သဘောမကျလျှင် ပြန်လွှတ်လိုက်မည်ဖြစ်ပြီး သဘောကျလျှင်မူ ရက်အနည်းငယ် ထပ်မံ ထိန်းသိမ်းထားပေလိမ့်မည်။

ကော်ဘင်မိသားစုသည် ဤအလေ့အထကို နှစ်ပေါင်းများစွာ ဆက်လက် လုပ်ဆောင်ခဲ့ကြရာ နောက်ထပ် ပြဿနာတစ်ခု ပေါ်ပေါက်လာစေသည်။ ၎င်းမှာ သူတို့၏ မျိုးဆက်များမှာ ရွာတစ်ရွာလုံးတွင် ပျံ့နှံ့နေခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် မိသားစုအကြီးအကဲက သူ အနှစ်သက်ဆုံး အမျိုးသမီးကိုသာ ဇနီးအဖြစ် ရွေးချယ်လေ့ရှိသဖြင့် အမည်ခံအားဖြင့် ဘုရားသခင်၏ သားတော်မှာ တစ်ဦးတည်းသာ ရှိသည်။ သူ့မွေးချင်းများသည် မိသားစုဝင်များ ဖြစ်လာကြပြီး ဒုတိယမျိုးဆက်များမှာမူ ဘုန်းတော်ကြီးများအဖြစ် ရာထူး လျှော့ချခံရသည်။

သို့သော် တကယ့်လက်တွေ့တွင် ရွာထဲရှိ လူဘယ်နှစ်ယောက်လောက် ကော်ဘင်နှင့် သွေးသားတော်စပ်နေကြောင်း ပြောရခက်လှသည်။

ရာစုနှစ်များစွာ ကြာလာသည်နှင့်အမျှ ဆွေမျိုးနီးစပ်ချင်း ထိတွေ့မိခြင်းကို ရှောင်လွှဲမရနိုင်တော့ပေ။ ချွင်းချက်များ ရှိနိုင်သော်လည်း စာရင်းဇယားများအရ မျိုးဆက်သစ်များ၏ မျိုးရိုးဗီဇ ယိုယွင်းလာခြင်းမှာ သဘာဝကျပေသည်။ အားကစား စွမ်းရည်၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများ လျော့နည်းလာခြင်း၊ အသိဉာဏ် နည်းပါးလာခြင်း၊ မွေးရာပါ ရောဂါများ ဖြစ်ပွားမှုနှုန်း မြင့်မားလာခြင်း... ဤအရာများမှာ ပြောင်းလဲမရနိုင်သော အခြေအနေများ ဖြစ်သည်။ သို့သော်လည်း ရွာ၏ ဆေးပညာအသိပညာသည် လိုအပ်ချက်များရှိနေပြီး ဘုရားကျောင်းတွင်သာ ဆရာဝန် အနည်းငယ် ရှိသည်။ နောက်ဆုံးတွင်တော့ ရွာသားများသည် သေးကွေးပြီး နုနယ်သူများ ဖြစ်လာကြတော့သည်။ သေဆုံးမှုနှုန်းက အလွန်မြင့်မားနေသဖြင့် လူဦးရေမှာလည်း တိုးပွားလာခြင်း မရှိတော့ပေ။

ကောင်းကင်ကောင်းချီးကျေးရွာ ဆုတ်ယုတ်ပျက်စီးပြီး ကွယ်ပျောက်သွားဖို့မှာ အချိန်ကိစ္စသာ ဖြစ်သည်။

သို့သော်လည်း ယနေ့တွင် ဖုန်းပုကြွယ်ဟု အမည်ရသော လူတစ်ယောက် ရွာထဲသို့ ရောက်ရှိလာသဖြင့် အခွင့်အရေးတစ်ခု ရှိလာနိုင်ပေသည်...။

All Chapters