နေနတ်ဘုရားနန်းတော်
Vol. 73 Ch. 766
နတ္ထိလောက အတွင်း၌ မည်သည့်အရပ်မျက်နှာကိုမျှ အတိအကျ သတ်မှတ်၍ မရနိုင်ပေ။
အကယ်၍ တိကျသော တည်နေရာပြ အမှတ်အသားတစ်ခုသာ မရှိပါက ဝူရှန့်ကျိကျွင်း အဆင့် ပုဂ္ဂိုလ်များပင်လျှင် နတ္ထိလောကအတွင်း လမ်းပျောက်သွားနိုင်ခြေ ရှိသည်။
ယခုအခါ ပုံရိပ်နှစ်ခုက နတ္ထိလောကအတွင်းမှ အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားနေကြသည်။
ထိုသူများမှာ ကြယ်ကမ္ဘာမှ ထွက်လာကြသည့် ထန်ထျန်းနှင့် နေနတ်ဘုရားတို့ပင် ဖြစ်သည်။
ကြယ်နှလုံးသားကို ဆုံးရှုံးခဲ့ရသော်လည်း နေနတ်ဘုရားတွင် ကျွင်းချန်ချင်းကို ရင်ဆိုင်ရန် တခြားအစီအစဉ်များ ရှိနေသေးသည်။
ယခု သူတို့ သွားရောက်မည့် ဦးတည်ရာမှာ နေနတ်ဘုရား၏ နေရာ ဖြစ်သော နေကမ္ဘာပင် ဖြစ်သည်။
မည်မျှဝေးကွာသော ခရီးကို ဖြတ်ကျော်ခဲ့သည်မသိ၊ ထန်ထျန်းက ပတ်ဝန်းကျင်ရှိ အဆုံးမဲ့သော ဟင်းလင်းပြင် အမှောင်ထုများမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသည်။
နောက်တစ်စက္ကန့်တွင် ရွှေရောင်နှင့် အနီရောင်တို့ ရောယှက်နေသော အလင်းတန်းများမှာ သူ၏ အမြင်အာရုံတစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။
ပြင်းထန်လှသော အပူရှိန်များက မျက်နှာဆီသို့ တိုးဝှေ့လာပြီး ပူပြင်းလှသော အငွေ့အသက်များမှာ အဆင့်မြင့် ဆေး ပညာရှင်တစ်ဦး၏ ဆေးဖော်စပ်ရာ မီးဖိုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ပင်။
“ဒါက... နေကမ္ဘာလား”
ထန်ထျန်းမှာ ခြေလှမ်းများ ရပ်တန့်သွားပြီး တိုးတိုးလေး ရေရွတ်မိသည်။
လကမ္ဘာနှင့် ကြယ်ကမ္ဘာတို့နှင့် မတူညီသည်မှာ နေကမ္ဘာ၏ နိယာမများက အလွန်ပင် ခက်ထန်ကြမ်းတမ်းလွန်းလှသည်။
ကျိကျွင်းအဆင့်ရှိ သန်မာသူများပင်လျှင် ဤကမ္ဘာအတွင်း၌ အချိန်အကြာကြီး နေထိုင်နိုင်စွမ်း မရှိကြပေ။
ကျိကျွင်းအောက် အဆင့်ရှိသူများ၊ အထူးသဖြင့် တာအိုအရှင် အဆင့် အထွတ်အထိပ်သို့ ရောက်နေသူများပင်လျှင် ဤကမ္ဘာသို့ ဝင်ရောက်လာပါက ခဏချင်းမှာပင် နေနတ်ဘုရားမီးလျှံများ၏ အရှိန်ဖြင့် ပြာအဖြစ်သို့ လောင်ကျွမ်းသွားပေလိမ့်မည်။
“ဒီနေရာရဲ့ ပတ်ဝန်းကျင်က ကမ္ဘာပေါ်က ဘယ်လို အန္တရာယ်ရှိတဲ့ နယ်မြေထက်မဆို ပိုပြီး ကြောက်စရာကောင်းနေတာပဲ”
ထန်ထျန်းက ရေရွတ်လိုက်သည်။
နေနတ်ဘုရားက သူ့ကို တစ်ချက်ကြည့်ကာ ပြော၏။ “ဒါက ဒီလိုပဲ ဖြစ်သင့်တာ မဟုတ်ဘူးလား"
"အချို့ အရာတွေဆိုတာ သက်ရှိအားလုံး ဘယ်တော့မှ ခြေမချနိုင်တဲ့ တည်ရှိမှုမျိုး ဖြစ်သင့်တယ်"
"ဒါတွေက အစကတည်းက အမြင့်ဆုံးနေရာမှာ တည်ရှိနေတာ၊ အစော်ကားမခံသင့်ဘူး”
ထန်ထျန်းက ခဏရပ်ကာ ပြန်ပြောလိုက်သည်။ “ဒါပေမဲ့ သက်ရှိတွေရဲ့ အကြီးမားဆုံး ဝိသေသတစ်ခုကတော့ ကံကြမ္မာကို ဘယ်တော့မှ အရှုံးမပေးတဲ့ လူတွေ အမြဲတမ်း ရှိနေတာပဲ"
"အမြင့်ဆုံးကို စိန်ခေါ်တာ၊ အာဏာကို စိန်ခေါ်တာတွေက သက်ရှိတွေရဲ့ တောက်ပတဲ့ အချက်တွေပေါ့”
နေနတ်ဘုရားက နှာခေါင်းရှုံ့လိုက်ပြီး “ဒါကြောင့်လည်း ကမ္ဘာကြီးကို ဖန်တီးတဲ့ အဲဒီကောင် ရူးနေ တယ်လို့ ငါ အမြဲပြောနေတာပေါ့"
"အကယ်၍ သက်ရှိအားလုံးသာ ကိုယ့်စည်းနဲ့ကိုယ် အေးအေးဆေးဆေး နေကြမယ်ဆိုရင် ကမ္ဘာကြီးက ဘာလို့ အခုလို ပုံစံမျိုး ဖြစ်သွားရမှာလဲ"
"ငါ နားမလည်တာက ကံကြမ္မာဆိုတာ မင်းတို့ကိုယ်တိုင်ရဲ့ကံတရား ပဲလေ၊ အဲဒါကို ဘာလို့ အရှုံးမပေးဘူးလို့ အော်ဟစ်နေကြတာလဲ"
"ဒါက မင်းတို့ရဲ့ ကိုယ်ပိုင် ကံတရား ကိုပဲ ပြန်ပြီး တော်လှန်နေတာ မဟုတ်ဘူးလား”
ထန်ထျန်းက ခေါင်းယမ်းလိုက်သည်။
ဤအချက်ကိုမူ သူက နေနတ်ဘုရားအား ရှင်းပြ၍ ရနိုင်မည်မဟုတ်ပေ။
နေနတ်ဘုရားမှာ မွေးဖွားလာစဉ်ကတည်းက အမြင့်ဆုံးသော တည်ရှိမှုနှင့် မသေနိုင်သော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသူ ဖြစ်သောကြောင့် သက်ရှိတို့၏ စိတ်ဆန္ဒကို သူက နက်နက်ရှိုင်းရှိုင်း နားလည်နိုင်မည်မဟုတ်ပေ။
သူ၏ အမြင်မှာ အမြဲတမ်း ကမ္ဘာတစ်ခုလုံး၏ မျှခြေပေါ်တွင်သာ ရှိနေသည်။
သက်ရှိတို့၏ စိတ်ဆန္ဒဆိုသည်မှာ မျှခြေတစ်ခုလုံး၏ အလွန်သေးငယ်သော တစိတ်တပိုင်းမျှသာ ဖြစ်ပေသည်။
သို့သော် နေနတ်ဘုရားသည်လည်း သက်ရှိတို့၏အကြောင်းကို နားလည်ရန် အလွန်အမင်း စိတ်ဝင်စားပုံမရသဖြင့် ဆက်လက် မမေးမြန်းတော့ပေ။
ထန်ထျန်းအနေဖြင့် ဤနေရာ၏ နိယာမများကို အသားကျအောင် ခေတ္တမျှ ကြိုးစားပြီးနောက် နှစ်ဦးသား ရှေ့သို့ ဆက်လက် ထွက်ခဲ့ကြသည်။
မကြာမီမှာပင် အလွန်တရာ ကြီးမားလှသော မီးလျှံကမ္ဘာကြီးမှာ ထန်ထျန်း၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။
လကမ္ဘာတွင် ကြုံတွေ့ခဲ့ရသည့် အခြေအနေနှင့် ဆင်တူသော်လည်း အပြင်ဘက်မှ ကြည့်လျှင် နေမှာ တောက်လောင်နေသော လုံးဝန်းသည့် အရာတစ်ခုဟု ထင်ရသော်လည်း နေကမ္ဘာအတွင်းသို့ အမှန်တကယ် ဝင်ရောက်လိုက်သည့်အခါမှသာ ၎င်းမှာ ဟုန်းဟုန်းတောက်လောင်နေသော မီးလျှံကမ္ဘာကြီး ဖြစ်ကြောင်း သိလိုက်ရသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော အပူရှိန်မှာ ကျိကျွင်းအောက်ရှိ မည်သည့်သက်ရှိကိုမဆို သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။
ခေတ္တအကြာတွင် ထန်ထျန်းက နေကမ္ဘာ၏ မြေပြင်ပေါ်သို့ ခြေချလိုက်သည်။ မြေပြင်ပေါ်တွင်မူ စောစောက မြင်ခဲ့ရသည့် မီးလျှံများကို မတွေ့ရတော့ပေ။
ကြည့်ရသည်မှာ သူက မီးလျှံများ၏ အတွင်းပိုင်းသို့ ရောက်ရှိလာခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
ခြေထောက်အောက်ရှိ မြေပြင်မှာ အနီရောင်ရင့်ရင့် ဖြစ်နေပြီး မီးဖုတ်ထားသော သံပြားပူကြီးကဲ့သို့ပင်။ အကယ်၍ ယခုအချိန်တွင် စားစရာများကို ဘေးနားရှိ ကျောက်တုံးပေါ်တွင် တင်လိုက်ပါက ခဏချင်းမှာပင် မွှေးကြိုင်လှသော အနံ့များ ထွက်ပေါ်လာမည်မှာ သေချာသည်။
ထန်ထျန်း၏ နေရာလွတ်အတွင်း၌ စားစရာများစွာ ရှိနေသော်လည်း နေနတ်ဘုရားမှာ ဘေးနားတွင် ရှိနေသဖြင့် "နတ်ဘုရားကို စော်ကားရာ" ရောက်မည့် အလုပ်မျိုးကိုတော့ သူ မလုပ်တော့ပေ။
နေကမ္ဘာ၏ အဝင်ဝမှာလည်း လကမ္ဘာနှင့် ဆင်တူသည်။ ဤနေရာ၌ နေနတ်ဘုရားကျောက်တုံးများဖြင့် လုံးဝ တည်ဆောက်ထားသော ကြီးမားသည့် တံခါးတစ်ခု ရှိသည်။
ပြင်ပမှ နေကမ္ဘာသို့ ဝင်ရောက်လာသူတိုင်းက ဤနေရာသို့သာ အမြဲတမ်း ရောက်ရှိလာကြမည် ဖြစ်သည်။
နေနတ်ဘုရားကျောက်တုံးများ ခင်းထားသော လမ်းတစ်ခုမှာ တံခါးမှ အတွင်းဘက်သို့ သွယ်တန်းနေသည်။
အမြင်အာရုံ၏ အဆုံးတွင်မူ ကြီးမားခမ်းနားလှသော နန်းတော်ကြီးတစ်ခုမှာ အဝေး၌ ငြိမ်သက်စွာ တည်ရှိနေသည်။
၎င်းမှာ နေနတ်ဘုရားနန်းတော် ဖြစ်ပေလိမ့်မည်။
“သွားကြစို့”
နေနတ်ဘုရားက ရှေ့သို့ လှမ်းသွားရာ ထန်ထျန်းကလည်း နောက်မှ လိုက်ပါသွားသည်။
နေနတ်ဘုရားနန်းတော်သို့ နီးကပ်လာလေလေ နေနတ်ဘုရားမီးလျှံများ၏ ကြောက်မက်ဖွယ်ကောင်းသော အော်ရာ များမှာ ပို၍ ပြင်းထန်မလာဘဲ ပို၍ အားနည်းသွားသည်ကို ထန်ထျန်း အံ့သြဖွယ် တွေ့ရှိလိုက်ရသည်။
နန်းတော်ရှေ့ရှိ ရင်ပြင်သို့ ရောက်သည့်အခါတွင်မူ နတ်ဘုရားမီးလျှံများမှာ ကွယ်ပျောက်လုနီးပါး ဖြစ်သွားရာ သာမန် တာအိုအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ဤနေရာ၌ ဘေးကင်းစွာ နေထိုင်နိုင်ပေလိမ့်မည်။
ထန်ထျန်း၏ သံသယကို ရိပ်မိပုံရသော နေနတ်ဘုရားက ရှင်းပြလိုက်သည်။ “နန်းတော်ဆိုတာ ငါ့အတွက် ဆောက်ထားတာ မဟုတ်ဘူး၊ မင်းတို့လို သက်ရှိတွေအတွက် ဆောက်ထားတာ"
"မရေမတွက်နိုင် တဲ့ နှစ်ကာလတွေအတွင်းမှာ ဒီနေရာကို လာပြီး အရိုအသေပေးခဲ့တဲ့ သက်ရှိတွေ မနည်းဘူး"
"တချို့က ကိုယ့်ဘာသာကိုယ် လာကြတာရှိသလို တချို့ကတော့ ငါကိုယ်တိုင် ရွေးချယ်ခဲ့တာတွေပေါ့”
ထန်ထျန်းက နားလည်သွားသည့်ပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။
အာဏာကို စိန်ခေါ်ပြီး နေကိုပင် ဆန့်ကျင်လိုသူများ ရှိနေတတ်သော်လည်း ၎င်းတို့မှာ အနည်းစုသာ ဖြစ်သည်။
အမှန်စင်စစ် သက်ရှိအများစုမှာ နေနတ်ဘုရားကို အလွန်ပင် ရိုသေကြောက်လန့်ကြသည်။
သမိုင်းတလျှောက်တွင် နေနတ်ဘုရား၏ ကိုးကွယ်ယုံကြည်သူများမှာ အမြဲတမ်း အများဆုံး ဖြစ်ခဲ့သည်။
သို့သော် ယခုအချိန်တွင် ကိုးကွယ်သူများ ဤနေရာ၌ ရှိမနေပုံရပေ။ ကြီးမားလှသော ရင်ပြင်ကြီးမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး ထူးဆန်းသော ကြီးမားသည့် ရုပ်တုကြီးအချို့သာ ရင်ပြင်အလယ်တွင် မတ်မတ် ရှိနေကြသည်။
ရင်ပြင်ကို ဖြတ်ကျော်ပြီးနောက် ထန်ထျန်းက နေနတ်ဘုရားနှင့်အတူ နန်းတော်အတွင်းသို့ ဝင်ရောက်ခဲ့သည်။
ထို့နောက် နန်းတော်အတွင်း၌ ရိုသေစွာ အရိုအသေပြုသံများ ပဲ့တင်ထပ်သွားတော့သည်။
“နေနတ်ဘုရားကို ဂါရဝပြုပါတယ်”
ထိုအသံမှာ အလွန်ပင် ကျယ်လောင်ပြီး ကြည်ညိုလေးစားမှု အပြည့် ရှိနေသည်။
ထန်ထျန်းက တစ်ချက် ဝေ့ကြည့်လိုက်ရာ နန်းတော်အတွင်း၌ ပုံရိပ်ပေါင်း ခြောက်ဆယ်၊ ခုနစ်ဆယ်ခန့် ရှိနေပြီး အားလုံး ဒူးထောက်နေကြသည်ကို တွေ့လိုက်ရသည်။
၎င်းတို့အားလုံးမှာ ချွင်းချက်မရှိ ကျိကျွင်းအဆင့်နှင့် အထက်ရှိသော သက်ရှိများပင် ဖြစ်သည်။
ထိုအထဲတွင် လူသားမျိုးနွယ်မှာ အနည်းငယ်သာ ပါဝင်ပြီး ကျန်ရှိသော အများစုမှာ တခြားမျိုးနွယ်စုများမှ ဖြစ်ကြသည်။ ထန်ထျန်း တခါမျှ မကြားဖူးသော မျိုးနွယ်များပင် ပါဝင်နေသည်။
ကြည့်ရသည်မှာ ဤကျိကျွင်းအဆင့် သန်မာသူ အယောက်ခြောက်ဆယ်ကျော်မှာ နေနတ်ဘုရား၏ သစ္စာရှိသော ကိုးကွယ်ယုံကြည်သူများ ဖြစ်ဟန်တူသည်။
၎င်းတို့မှာ သူ၏ အမာခံ အင်အားစုများပင် ဖြစ်ပေလိမ့်မည်။
၎င်းတို့အပြင် တခြားသော လူသုံးဆယ်ကျော်ခန့်မှာ ဒူးမထောက်ဘဲ ရိုသေစွာ မတ်တပ်ရပ်နေကြသည်။
၎င်းတို့မှာလည်း ကျိကျွင်းများပင် ဖြစ်ကြပြီး လူသားမျိုးနွယ်မှာ အများစု ဖြစ်သည်။
ထန်ထျန်းက ရင်းနှီးသော ပုံရိပ်အချို့ကိုလည်း တွေ့လိုက်ရသည်။
ဟုန်းမန် ဝူရှန့်ကျိကျွင်း၊ လုံကျိုကျိုး၊ ရှို့ကျွင်း စသူတို့ အားလုံး ဤနေရာ၌ ရှိနေကြသည်။
၎င်းတို့သည်လည်း ထန်ထျန်းကို မြင်တွေ့သွားကြပြီး လုံကျိုကျိုးက သူ့ကို အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
“မင်း သူတို့ဆီ အရင်သွားလိုက်ဦး”
နေနတ်ဘုရားက ပြောလိုက်သည်။ “လူတချို့ ပြန်မရောက်သေးဘူး၊ ဒါပေမဲ့ မကြာတော့ပါဘူး"
"လူစုံပြီဆိုတာနဲ့ ငါတို့ စထွက်ကြမယ်”
ပြောပြီးသည်နှင့် နေနတ်ဘုရားမှာ ရှေ့သို့ လှမ်းသွားတော့သည်။
ကိုးကွယ်ယုံကြည်သူ တစ်စုမှာ မြေပြင်ပေါ်တွင် ဝပ်တွား၍ အလွန်ကြည်ညိုစွာ ဒူးထောက်နေကြဆဲ ဖြစ်သည်။
ထို့နောက် နေနတ်ဘုရားက ထိုကိုးကွယ်ယုံကြည်သူများထဲမှ လူအချို့ကို နာမည်ခေါ်ထုတ်ကာ နေနတ်ဘုရားနန်းတော်မှ ထွက်ခွာသွားသည်။ ထိုအခါမှသာ ကိုးကွယ်ယုံကြည်သူများမှာ တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြပြီး စောစောက သူတို့ လုပ်လက်စ အလုပ်များကို ဆက်လုပ်နေကြသည်။
၎င်းတို့၏ မျက်လုံးထဲတွင် နေနတ်ဘုရား တစ်ဦးတည်းသာ ရှိပုံရပြီး အတူတူ ဝင်ရောက်လာသော ထန်ထျန်းကိုမူ စိုးစဉ်းမျှပင် ဂရုမစိုက်ကြပေ။
ထန်ထျန်းက ခေတ္တမျှ ငြိမ်သက်စွာ ရပ်နေပြီးနောက် လုံကျိုကျိုး ရှိရာဘက်သို့ လျှောက်သွားလိုက်တော့သည်။