စစ်ပွဲအစ
Vol. 73 Ch. 770
ရှင်ခြင်း သို့မဟုတ် သေခြင်းဆိုသည်မှာ ဘယ်သောအခါမှ မေးခွန်းထုတ်စရာ မလိုသည့် အရာပင်ဖြစ်သည်။
အသက်ရှင်ရန် ရွေးချယ်ခွင့်ရှိနေသမျှ မည်သူကမှ တမင်သက်သက် သေတွင်းထဲသို့ ခုန်ဆင်းမည်မဟုတ်ပေ။
ယနေ့ခေတ် ကျိကျွင်းအများစုမှာ လွန်ခဲ့သော နှစ်ပေါင်းသန်းချီအတွင်းမှ အောင်မြင်လာသူများ ဖြစ်ကြသည်။
ဤနှစ်ပေါင်း သန်းချီအတွင်း ကျွင်းချန်ချင်းမှာ ချိပ်ပိတ်ခံထားရသော်လည်း သူ၏ ယခင်က ကျော်ကြားမှု အရှိန်အဝါများမှာ ဘယ်သောအခါမှ ပျောက်ကွယ်မသွားခဲ့ပေ။
ထိုခေတ်ကာလအကြောင်းကို လူတိုင်းသိသလို ကျွင်းချန်ချင်း၏ ကြောက်စရာကောင်းပုံကိုလည်း လူတိုင်း နားလည်ထားကြသည်။
ထို့အပြင် ခွန်အားပိုသန်မာလေ၊ ကျင့်ကြံခြင်း အဆင့် ပိုမြင့်လေဖြစ်ပါက ကျွင်းချန်ချင်း တစ်ချိန်က ရောက်ရှိခဲ့သော အမြင့်ကို ပို၍ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်လေဖြစ်သည်။
ထို့ကြောင့် ကျွင်းချန်ချင်း အောင်မြင်စွာ ပြန်လည်အသက်ရှင်လာပြီးနောက် ကျိကျွင်းအများအပြားမှာ သူ့ထံသို့ ခိုလှုံရန် အတွေးများ ပေါ်ပေါက်လာခဲ့ကြသည်။
လင်းယွင်တောင်တန်းတွင် ကျွင်းချန်ချင်းက နေနတ်ဘုရား၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို အေးအေးဆေးဆေး ရင်ဆိုင်ပြီး ထွက်ခွာသွားနိုင်ခြင်း၊ ၎င်းပြင် ချိပ်ပိတ်ခံထားရသော သူ၏ဝိညာဉ်အားလုံးကို ပြန်လည်သိမ်းယူနိုင်ခြင်းတို့က သူတို့၏ ထိုအတွေးကို ပို၍ ခိုင်မာစေခဲ့သည်။
ကမ္ဘာ့အရှင် ထွက်မလာသမျှ ကာလပတ်လုံး ဤခေတ်ကာလတွင် ကျွင်းချန်ချင်း၏ ခြေလှမ်းကို တားဆီးနိုင်မည့်သူ မည်သူမျှ ရှိလိမ့်မည်မဟုတ်ပေ။
သူ၏ ရှေ့ဆက်မည့် လမ်းပေါ်တွင် ခြေနင်းကျောက် တုံးအဖြစ် အသေခံမည့်အစား အချိန်မီ ခိုလှုံရန် ရွေးချယ်လိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ကျွင်းချန်ချင်း နောက်လိုက်ခြင်းဖြင့် အလွန်တရာ ကြီးကျယ်ခမ်းနားသော ဂုဏ်သရေများကို ခံစားရမည်ဟု မဆိုထားနှင့်ဦး၊ အနည်းဆုံးတော့ အသက်ရှင်သန်ခွင့် ရပေလိမ့်မည်။
အသက်ရှင်ခြင်းကသာ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ကျွင်းချန်ချင်းထံ ခိုလှုံရန် ရွေးချယ်လိုက်သော ကျိကျွင်း အရေအတွက်မှာ ပို၍ များပြားလာပြီး အယောက်သုံးဆယ်ထက်ပင် ကျော်လွန်နေပြီဟု ခန့်မှန်းရသည်။
ထို့အပြင် ကျန်ရှိနေသော လူအချို့မှာမူ စောင့်ကြည့်ရန် ရွေးချယ်ထားကြဆဲ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းသန်းချီတုန်းကကဲ့သို့ ကမ္ဘာ့အရှင်က တစ်ချိန်ချိန်တွင် ပြန်ပေါ်လာပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်မည်လားဟု စိုးရိမ်နေကြခြင်း ဖြစ်သည်။
ထို့အပြင် နေနတ်ဘုရားကလည်း အရှုံးမပေးသေးဘဲ မကြာသေးမီရက်ပိုင်းအတွင်း သူ၏ ကြီးမားသော လှုပ်ရှားမှုများမှာ လူတိုင်းနီးပါး သိရှိနေကြပြီ ဖြစ်သည်။
သို့သော်လည်း လူတို့မှာ နေနတ်ဘုရားအပေါ်တွင် မျှော်လင့်ချက် အများကြီး မထားကြပေ။
ကျွင်းချန်ချင်း၏ ဝိညာဉ်များ မပြည့်စုံတုန်းကပင် နေနတ်ဘုရားမှာ သူ့ကို မဖမ်းဆီးနိုင်ခဲ့ချေ၊ အခုဆိုလျှင် ဝိညာဉ်အားလုံးကို သူ ပြန်သိမ်းယူထားနိုင်ပြီ ဖြစ်ရာ ပို၍ပင် မဖြစ်နိုင်တော့ပေ။
နေနတ်ဘုရားမှာ ကျွင်းချန်ချင်း၏ ပြိုင်ဘက် မဟုတ်တော့သည်မှာ ကြာလှပြီဖြစ်သည်။
လူတို့အတွက် တစ်ခုတည်းသော မသေချာသည့် အချက်မှာ ကမ္ဘာ့အရှင် အောင်အောင်မြင်မြင် ပြန်လာနိုင်မည်လား ဆိုသည်ပင်။
“သူ ပြန်မလာနိုင်တော့ဘူး”
ကျိကျွင်းအိုကြီးက ပြော၏ ။ “လူအများစုက ကမ္ဘာ့အရှင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီတုန်းက စစ်ပွဲပြီးနောက် တစ်နေရာမှာ ပုန်းအောင်းနေပြီး အချိန်မရွေး ပြန်လာနိုင်တယ်လို့ ထင်နေကြတာ"
"ဒါပေမဲ့ အမှန်တရားက အဲဒီလို မဟုတ်ဘူး"
"ငါတို့ဘက်က လူတစ်ချို့က သူ့ရဲ့ ခြေရာလက်ရာကို တွေ့ခဲ့ရတယ်၊ အဲဒါက ပြန်လမ်းမရှိတဲ့ လမ်း ပဲ"
"အဲဒီ ပြန်လမ်းမရှိတဲ့ လမ်းဆိုတာကလည်း သူကိုယ်တိုင် တစ်ချိန်က ဖန်တီးခဲ့တာလေ"
"ဒါကို ကိုယ့်ကိုကိုယ်ဖျက်တယ်လို့ပဲ ဆိုရမှာပေါ့၊ သူ အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး”
ကျိကျွင်းလေးမှာ မှင်တက်သွားပြီး မေးလိုက်သည်။ "ကမ္ဘာ့အရှင်က... ဘယ်ကို သွားတာလဲ"
ကျိကျွင်းအိုကြီးက လှောင်ပြုံးပြုံးကာ ပြော၏။ "ဒါကို မင်းသိဖို့ မလိုပါဘူး"
“သူ ပြန်လာဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သိထားရင် ရပြီ"
"နေနတ်ဘုရားနဲ့ ပတ်သက်လို့ကတော့..."
"ဟားဟား... တစ်သက်လုံး ဝုန်းဒိုင်းကြဲလာတဲ့ အဲဒီ မူလဝိညာဉ် က လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီတုန်းကတည်းက သက်ရှိဧကရာဇ်နန်းတော်ရဲ့ တည်နေရာကိုတောင် ရှာမတွေ့ခဲ့တာ၊ စိုးရိမ်စရာ မရှိပါဘူး"
"ဒါကြောင့် မင်း အခု လုပ်ရမှာက စိတ်ကို အေးအေးထားပြီး ငါတို့ရဲ့ ခေတ်ကာလကို စောင့်နေရုံပဲ၊ နားလည်လား”
ကျိကျွင်းလေးက ခေါင်းညိတ်လိုက်သည်။
ဤကျိကျွင်းအိုကြီးမှာ အတော်လေး သဘောကောင်းပုံရပြီး သူ၏ မေးခွန်းအများစုကို ဖြေကြားပေးခဲ့သည်။
သို့သော်လည်း ဤအရာတွင် အကြောင်းရင်း ရှိနေသည်ကို သူ သိထားသည်။
ရှေးစကားတစ်ခု ရှိသည်မဟုတ်ပါလား၊ လူရှိသည့်နေရာတွင် လောကကြီး ရှိသလို အကျိုးအမြတ် ပြဿနာ များလည်း ရှိစမြဲပင်။
ကျွင်းချန်ချင်းက ပို၍ အစွမ်းထက်လာပြီး အခြေအနေက ပို၍ ရှင်းလင်းလာသည်နှင့်အမျှ ခိုလှုံသူများလည်း များပြားလာသည်။ နှစ်ပေါင်းသန်းချီ အောင်းနေခဲ့သော သက်ရှိဧကရာဇ်နန်းတော် အတွင်းပိုင်းတွင်လည်း လှုပ်ရှားမှုများ စတင်လာခဲ့သည်။
ဤနှစ်ပေါင်း သန်းချီအတွင်း သူတို့တွင် ကျွင်းချန်ချင်းကို ပြန်လည်အသက်သွင်းရန် ဆိုသည့် ပန်းတိုင်တစ်ခုတည်းသာ ရှိခဲ့သည်။
သို့သော် ယခုမူ သူတို့က ပို၍ များပြားသော အရာများကို ထည့်သွင်းစဉ်းစားရန် လိုအပ်လာပြီဖြစ်သည်။
ကျိကျွင်းအိုကြီးများမှာ သူတို့၏ ရာထူးနေရာကို ခိုင်မြဲစေရန်အတွက် အသစ်ရောက်လာသော လူသစ်များကို ကြိုတင် စည်းရုံးသိမ်းသွင်းရန် လိုအပ်သည်။
လူသစ်များမှာမူ နောက်လိုက်စရာ အာဏာရှိသူတစ်ဦးကို ရှာဖွေထားရမည်ဖြစ်ရာ အနာဂတ် တွင် ပို၍ သက်သောင့်သက်သာ နေနိုင်ပေလိမ့်မည်။
ထို့ကြောင့်ပင် သူတို့နှစ်ဦးမှာ အတူရှိနေကြခြင်း ဖြစ်သည်။
အကျိုးအမြတ် များကို ကြိုတင်၍ ခွဲဝေထားကြခြင်း ဖြစ်သည်။ အကယ်၍ စောင့်ကြည့်နေဆဲဖြစ်သော ကျိကျွင်းများကဲ့သို့ ကျွင်းချန်ချင်း တစ်ကမ္ဘာလုံးကို အစိုးရသည့် အချိန်မှ ခိုလှုံရန် ရွေးချယ်မည်ဆိုပါက သူတို့အတွက် စားကြွင်းစားကျန်လောက်သာ ကျန်တော့မည် မဟုတ်ပါလား။
မည်သို့ပင်ဆိုစေကာမူ အကျိုးအမြတ် မြင့်မားလေ ဘေးအန္တရာယ်လည်း ကြီးမားလေဖြစ်သည်။
နေနတ်ဘုရားမှာ ရှိနေဆဲဖြစ်ပြီး သူ၏ ခွန်အားမှာလည်း ကျွင်းချန်ချင်းပြီးလျှင် ဒုတိယသာ ဖြစ်သည်။ အကယ်၍ သူသာ သက်ရှိဧကရာဇ်နန်းတော် တည်နေရာကို ရှာတွေ့သွားပါက သေခြင်း ရှင်ခြင်း တိုက်ပွဲတစ်ခုကို ရှောင်လွှဲ၍ ရလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ကံကောင်းသည်မှာ သက်ရှိဧကရာဇ်နန်းတော်မှ ကျန်ရစ်သော ကျိကျွင်းအိုကြီးများမှာ ယုံကြည်မှု အပြည့် ရှိနေကြသဖြင့် သူလည်း စိတ်အေးသွားရသည်။
ထို့နောက် သူက တရားဝင် ခိုလှုံသည့် အခမ်းအနားကို စတင်ရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း သူ စတင်ရန် ပြင်ဆင်နေစဉ်မှာပင် ပုံမှန်မဟုတ်သော အော်ရာ တစ်ခုက ဝေးကွာသော ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာသည်။
သူတို့နှစ်ဦးစလုံးမှာ ကျိကျွင်းများ ဖြစ်ကြရာ ထိုအော်ရာကို လျင်မြန်စွာပင် သတိထားမိလိုက်ကြသည်။
“ဟင်”
ကျိကျွင်းအိုကြီးမှာ အံ့သြသံလေးပြုပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ဒါက...”
“ဟင်းလင်းပြင် စွမ်းအားရဲ့ လှုပ်ခတ်မှုလား”
“ဒါက ဘယ်လိုဖြစ်တာလဲ။ သက်ရှိဧကရာဇ်နန်းတော်မှာ ဒီလို စွမ်းအားမျိုး မပေါ်လာသင့်ဘူးလေ”
သူ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း အနံ့ခံမိလိုက်သည်။
သို့သော်လည်း သူ သေချာ မစစ်ဆေးရသေးခင်မှာပင် ကောင်းကင်ယံ၌ ရွှေရောင် အလင်းစက် ဒါဇင် ခန့်မှာ သူတို့၏ မြင်ကွင်းအတွင်း မတူညီသော အရပ်မျက်နှာများတွင် တစ်ပြိုင်နက် ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အလင်းစက်များက လျင်မြန်စွာ ကြီးမားလာသည်။
သူတို့နှစ်ဦး သတိဝင်လာချိန်မှာပင် ထိုအလင်းစက်များမှာ ကြီးမားလှသော ဟင်းလင်းပြင်တံခါးများအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
“ဒါ နေနတ်ဘုရားစွမ်းအားပဲ”
ကျိကျွင်းလေးမှာ ထိတ်လန့်သွားရသည်။ ဤမျှ ထူးခြားထင်ရှားလှသော စွမ်းအားပိုင်ရှင်ကို သူ ချက်ချင်းပင် မှတ်မိလိုက်သည်။
သူ၏ စကားအဆုံးမှာပင် ဟင်းလင်းပြင်တံခါး တစ်ခုချင်းစီမှ ပုံရိပ်အချို့ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။
ထိုသူ တစ်ဦးချင်းစီ၏ အော်ရာ မှာ သူ့ထက် မနိမ့်ကြပေ။
သူနှင့် အနီးဆုံး ဟင်းလင်းပြင်တံခါးမှ ထွက်လာသော ပုံရိပ်အချို့၏ အော်ရာမှာ ဆိုလျှင် သူ့ကို ချက်ချင်းပင် ခေါင်းနားပန်းကြီးသွားစေသည်။
“ဝူရှန့်ကျိကျွင်းတွေ”
“စီနီယာ... မြန်မြန်...”
သူက ဘေးနားရှိ ကျိကျွင်းအိုကြီးကို အမြန်လှမ်းခေါ်လိုက်သော်လည်း လှည့်ကြည့်လိုက်သည့်အခါတွင် တစ်ဖက်လူမှာ မည်သည့်အချိန်ကတည်းက ထွက်ပြေးသွားသည် မသိရဘဲ အရိပ်ပင် မမြင်ရတော့ချေ။
“တောက်”
ကျိကျွင်းလေးမှာ အံ့ ကို ကြိတ်လိုက်မိသော်လည်း ဘာမှ ထပ်မပြောတော့ပေ။
အကျိုးအမြတ် ပေါ်တွင် တည်ဆောက်ထားသော ဆက်ဆံရေးမှာ နဂိုကတည်းက အားနည်းလှသည် မဟုတ်ပါလား။ အကျိုးအမြတ် ပင် မပေါ်သေးခင်မှာ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ ကိုယ့်လမ်းကိုယ်သွားကြသည်မှာ မဆန်းပေ။
ထို့ကြောင့် သူလည်း ကြာကြာမနေဝံ့တော့ဘဲ သူ၏ အသက်ဘေးမှ လွတ်မြောက်နိုင်မည့် နည်းလမ်းအားလုံးကို သုံးကာ ပျက်စီးနေသော ထိုနေရာမှ ထွက်ပြေးသွားတော့သည်။
အောင်မြင်မလား ဆိုသည်ကတော့ ကံတရားအပေါ်မှာပဲ မူတည်တော့သည်။
သို့သော်လည်း စောစောက တစ်ချက်မျှ ကြည့်လိုက်မိစဉ်တွင် ထို ဝူရှန့်ကျိကျွင်းများထဲမှ တစ်ဦးမှာ မကြာသေးမီကပင် တစ်နေရာရာတွင် တွေ့ခဲ့ဖူးသလိုလို ရှိနေသည်ကို သတိပြုမိလိုက်သည်။
......
ကောင်းကင်ယံ၌
ဟင်းလင်းပြင်တံခါးမှ ထွက်လာပြီးနောက် ထန်ထျန်းက စိမ်းသက်သော ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ဤနေရာမှာ သိပ်မကြီးသော်လည်း ကိုယ်ပိုင်ကမ္ဘာတစ်ခုအဖြစ် တည်ရှိနေပြီး ပြင်ပမှ အဆုံးမဲ့သော ဟင်းလင်းပြင်စွမ်းအားများကို တားဆီးရန် ကိုယ်ပိုင် နိယာမများ ရှိနေသည်။
ထိုကမ္ဘာငယ်လေးအတွင်းရှိ နိယာမများအားလုံးမှာ အရှေ့ဘက်ရှိ ပျက်စီးနေသော နန်းတော်ကြီးဆီမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ထိုစွမ်းအားများက ထန်ထျန်းကိုပင် ထိတ်လန့်တုန်လှုပ်စေသည်။
“ဒါက... သက်ရှိဧကရာဇ်နန်းတော်လား”
ထန်ထျန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။