အခန်း (၈၄၁-၈၄၂)
Vol. 58 Ch. 841-842
အပိုင်း (၈၄၁) သူ့ဝိညာဉ်ကိုသုံးပြီး မနက်ဖြန်အလင်းရောင်ကို ဖန်တီးခဲ့တယ်
နံပါတ် ၁ က လှုပ်ရှား၍ မရချေ။ သူ ပုန်းအောင်းနေရမည်ဖြစ်သည်။ နံပါတ် ၂ ကတော့ နံပါတ် ၁ အတွက် အပြည့်စုံအစပြုမှုကို ရယူပေးချင်သောကြောင့် ထိုလူကို သူကိုယ်တိုင်သာ သတ်ဖြတ်ရမည်ဖြစ်သည်။
“ဒေါက်တာပုက အပြစ်တင်ခံရမယ့် ဆိတ်ကလေးပဲ၊ ဒါပေမဲ့ ဆိတ်တွေက စကားမပြောတတ်ဘူး၊ သူ ဆေးရုံအုပ်ကြီးလို ဖြစ်သွားဖို့လိုတယ်”
“ဆေးရုံအုပ်ကြီးက ပထမ၊ ဒေါက်တာပုက ဒုတိယ၊ ပြီးတော့ ငါက တတိယပေါ့၊ လူသားဖြစ်တည်မှုအဝင်ဝ ဆေးရုံဆိုတာ လူသားကမ္ဘာကိုသွားတဲ့ တံခါးပေါက် မဟုတ်တော့ဘူး၊ ငါတို့ရဲ့ စိတ်တွေက စူးစမ်းချင်တဲ့သူတွေကို သတ်ပစ်မယ့်အဆိပ်တွေ ဖြစ်လာလိမ့်မယ်”
ရင်ခွဲရုံရိပ်သာလမ်းရှိ အလောင်းအိမ်ရာသို့ သူတစ်ကိုယ်တည်း ရောက်ရှိလာခဲ့သည်။ ထိုအိမ်ရာတွင် အလောင်းပေါ်ရှိ အကွက်အပြောက်အမျိုးမျိုးနှင့် ဆင်တူအောင် ဆောက်လုပ်ထားသော အနုပညာလက်ရာမြောက်သည့် တိုက်ခန်းများရှိကြသည်။ ၎င်းမှာ ရင်ခွဲရုံရိပ်သာလမ်းတွင် အဆင့်မြင့်ဆုံးအိမ်ရာပင် ဖြစ်သည်။
ထိုနေရာသည် အခြားအိမ်ရာများနှင့် သိသိသာသာ ကွဲပြားသည်။ ဥပမာအားဖြင့် ထိုနေရာရှိ လုံခြုံရေးဝန်ထမ်းများသည် သူတို့အခန်းထဲတွင် ပုန်းမနေကြဘဲ သူတို့ကိုယ်သူတို့ မည်သို့ကာကွယ်ရန်သာ တစ်နေကုန် စဉ်းစားနေကြသူများ ဖြစ်သည်။
မနက်သုံးနာရီအချိန်… ည၏အမှောင်ဆုံးအချိန်တွင် အနက်ရောင်ခေါင်းတလားကြီးနှင့် တူသော အမှိုက်ကားကြီးတစ်စီးသည် အလောင်းကွက်အိမ်ရာ၏ ဘေးဂိတ်တံခါးသို့ ဆိုက်ရောက်လာလေသည်။
အမှိုက်ကားများသည် ပင်မဂိတ်တံခါးကို သုံးခွင့်မရှိပေ။ ယာဉ်မောင်းမှာ အဆင့်မြင့်အိမ်ရာများ၏ စည်းကမ်းကို ကောင်းကောင်းသိသူဖြစ်သည်။ သူသည် သူ၏အထောက်အထားကို ပြသကာ ဘေးဂိတ်တံခါးဖွင့်လိုက်သည်။ ဝက်ရွာမှ ဉာဏ်နည်းသော ကောင်လေးနှစ်ယောက်က ကားပေါ်မှ ခုန်ဆင်းလာပြီး အိမ်ရာလုံခြုံရေးများ၏ ကျန်းမာရေးနှင့် လုံခြုံရေးစစ်ဆေးမှုတို့ကို ခံယူလိုက်ကြသည်။
အိမ်ရာထဲဝင်သည့် မည်သူမဆို စစ်ဆေးခံရမည်ဖြစ်သည်။ လုံခြုံရေးများမှာ အလွန် တာဝန်ကျေကြသည်။ သို့သော် ကားရပ်သွားပြီးနောက် ဝက်ရွာသားဝတ်စုံ ဝတ်ထားသော ဒေါက်တာကောင်းတစ်ယောက် အမှိုက်ကားထဲသို့ တိုက်ရိုက်ခုန်ဝင်သွားသည်ကိုမူ သူတို့ မမြင်လိုက်ကြပေ။
အမှိုက်ကားက အိမ်ရာဝင်းထဲသို့ ချောမွေ့စွာ ဝင်ရောက်သွား၏။ ဒေါက်တာကောင်းက သူ့ကိရိယာများကို ထပ်မံစစ်ဆေးလိုက်သည်။ ကြိုးနှင့် အမှိုက်အိတ်များ အားလုံးပါလာသည်။ သူသည် စိတ်ထဲမှ အချိန်ကို စတင်တွက်ချက်လိုက်သည်။
“ပထမတစ်ခါ ဖုန်းဆက်တုန်းက အသက်ရှူသံပြင်းပြင်း ကြားရတယ်၊ ဒါကြောင့် ဒေါက်တာပုက သူ့ရဲ့ပါတနာနဲ့ ရှိနေဖို့များတယ်၊ အမှိုက်သိမ်းတာက အလွန်ဆုံး ၁၅ မိနစ်ပဲ ကြာလိမ့်မယ်၊ အဲ့ဒီအချိန်အတွင်းမှာပဲ ငါသူ့ကို သတ်ပစ်ရမယ်”
ဒေါက်တာကောင်းသည် ထိုအိမ်ရာကို အလွန်ရင်းနှီးပေသည်။ ဒေါက်တာပု ဒီကိုပြောင်းလာကတည်းက သူသည် ဤနေ့အတွက် စီစဉ်နေခဲ့ခြင်း ဖြစ်သည်။
စက္ကန့်ငါးဆယ်အကြာတွင် အမှိုက်ကားက အရှိန်လျှော့လိုက်သည်။ ဒေါက်တာကောင်းသည် ကားကို အကာအကွယ်ယူ၍ စောင့်ကြည့်ရေးကင်မရာများ၏ မျက်ကွယ်နေရာရာသို့ ခုန်ဆင်းလိုက်သည်။ သူ၏ ဝက်ရွာသားဝတ်စုံမှာ ညအမှောင်ထုထဲတွင် လုံးဝရောနှောသွားခဲ့သည်။
ဒေါက်တာကောင်း မြေပြင်ပေါ်သို့ ဆင်းပြီးနောက် တွေဝေမနေဘဲ အနီးဆုံးတိုက်ခန်းဆီသို့ တိုက်ရိုက် သွားလိုက်သည်။ အလောင်းပေါ်ရှိ အကွက်များ၏အရောင်သည် သွေးနှင့် အရေပြားအရောင်ပေါ် မူတည်၍ များသောအားဖြင့် ခရမ်းရောင်သန်းသော အနီရောင် ဖြစ်တတ်သည်။ သို့သော် ဒေါက်တာပု သူ့ပါတနာအတွက် ဝယ်ပေးထားသော တိုက်ခန်းမှာမူ ထူးခြားသည်။ တိုက်ခန်းအပြင်ဘက်နံရံများက တောက်ပသောအနီရောင် ဖြစ်နေပေသည်။
“အအေးမိပြီး သေတဲ့သူတွေ ဒါမှမဟုတ် ဆိုက်ယာနိုက်အဆိပ်မိတဲ့သူတွေရဲ့ ခန္ဓာကိုယ်မှာ အောက်ဆီဂျင်သုံးစွဲမှု မလုံလောက်တော့ဘူး၊ အဲ့ဒါကြောင့် သွေးထဲမှာ အောက်ဆီဂျင်ပါတဲ့ ဟေမိုဂလိုဘင်တွေများလာပြီး အရေပြားပေါ်မှာ အဲ့ဒီလိုအရောင်မျိုး ပေါ်လာတာပဲ”
ချယ်ရီပန်းရောင်၊ အနီဖျော့ရောင်၊ သွေးနီရောင် စသဖြင့် သေဆုံးရသည့် အကြောင်းအရင်းပေါ် မူတည်၍ အလောင်းပေါ်ရှိ အကွက်များက ကွဲပြားသွားတတ်သည်။ ထိုအဆောက်အအုံများသည် မသေခင် ရုန်းကန်ခဲ့ရသည့်ဒုက္ခများကို သရုပ်ဖော်ထားပြီး သေခြင်းတရားကို အနုပညာတစ်ခုအဖြစ် ပြောင်းလဲထားခြင်းပင်။
အမှိုက်ကားက တဖြည်းဖြည်း ပြန်ထွက်သွားသည်။ ကားကြီးထွက်သွားချိန်တွင် ဒေါက်တာကောင်းမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
အချိန်ကို တိတ်တဆိတ် ရေတွက်လိုက်သည်။ သူ့မျက်လုံးများက တံခါးတိုင်းကို စစ်ဆေးနေ၏။ နားများက ည၏လျှို့ဝှက်ချက်များကို နားစွင့်ရင်း ဒေါက်တာကောင်းသည် အရေးပေါ်လှေကားမှတစ်ဆင့် ဒုတိယထပ်သို့ တက်သွားလိုက်သည်။ ထိုအထပ်တစ်ခုလုံးမှာ ဒေါက်တာပု၏ပါတနာဖြစ်သူ ပိုင်ဆိုင်ခြင်းဖြစ်သည်။
“၁၃ မိနစ် ကျန်သေးတယ်”
စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ ပုံဖော်ကြည့်ခဲ့ရပြီးနောက် သူသည် နောက်ဆုံးတွင် ဤအခွင့်အရေးကို ရခဲ့ပြီဖြစ်သည်။ ဒေါက်တာကောင်း တံခါးကိုခေါက်လိုက်ရာ အတွင်းမှ ရင်းနှီးသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။
“ဘယ်သူလဲ”
“ဒေါက်တာကောင်းက နောက်ဆုံးအကြိမ် ဦးခေါင်းခွဲစိတ်မှုလုပ်ဖို့ ပြင်ဆင်နေပြီ”
ဒေါက်တာကောင်းက တခြားသူများ နားလည်ရခက်သော စကားကို ပြောလိုက်သော်လည်း အတွင်းမှ အလျင်စလိုခြေသံများ ကြားလိုက်ရသည်။ တံခါးပွင့်သွားပြီး နုနယ်ပျိုမြစ်သော အမျိုးသမီးတစ်ဦး ပေါ်လာလေ၏။
သူနာပြုဝတ်စုံကို ချွတ်ထားသော ထိုအမျိုးသမီးလေးမှာ ညဝတ်အင်္ကျီဖြင့် ထူးထူးခြားခြား ဆွဲဆောင်မှုရှိနေလေသည်။
ဒေါက်တာကောင်း မီးရှို့ဖျက်ဆီးပစ်ခဲ့သော မှတ်တမ်းများထဲတွင် ဒေါက်တာပုသည် လူနာများ၊ ဆေးဝန်ထမ်းများနှင့် အတင်းအဓမ္မ ပတ်သက်ခဲ့ကြောင်း ဖော်ပြထားသည်။ သူသည် လူနာလေးဦးကို အနိုင်ကျင့်နှိပ်စက်ခဲ့ခြင်းဖြစ်သည်။ ထိုလူနာများမှာ အသက်ကြီးသော မိခင်တစ်ဦး၊ အမြွှာညီအစ်နှစ်ဦးနှင့် ကြောက်တတ်သော ကျောင်းသူလေးတစ်ဦးတို့ ဖြစ်သည်။
ဥယျာဉ်မှူး၏အမြင်အရ ထိုလေးဦးမှာ သာမန်လူများဖြစ်သော်လည်း ဤမြို့ကြီးထဲတွင်မူ သူတို့သည် အပယ်ခံများ ဖြစ်လာခဲ့ကြသည်။
ဒေါက်တာပုသည် သူတို့ကို ရှင်းလုတွင် အဆင်ပြေပြေ နေထိုင်နိုင်စေရန်နှင့် သာမန်လူကောင်းများ ဖြစ်လာစေရန် ကြောက်မက်ဖွယ်ကောင်းသော အရာများကို လုပ်ဆောင်ခဲ့ပေသည်။
ထိုလူနာလေးဦး၏ စိတ်အခြေအနေမှာ တဖြည်းဖြည်း ပျက်စီးသွားခဲ့ရသည်။ ကျောင်းသူလေးမှာ စတော့ဟုမ်းရောဂါ(Stockholm syndrome) ဖြစ်သွားခဲ့ပြီး သူမ၏ ပုံပျက်နေသော အချစ်များကြောင့် ဒေါက်တာပုအနားမှ မခွာနိုင်တော့ပေ။ အမြွှာများကိုမူ ဆေးဝါးမျိုးစုံ ထိုးနှံထားသဖြင့် သူတို့၏ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုသည် ပုံမှန်မဟုတ်တော့ဘဲ အစွန်းရောက်သွားခဲ့သည်။ နောက်ဆုံးတွင် မိခင်ဖြစ်သူမှာ ထင်ယောင်ထင်မှားများဖြင့် ညှဉ်းပန်းခံရပြီး မျှော်လင့်ချက်များကုန်ဆုံးကာ ဆေးရုံတွင် “မတော်တဆ” သေဆုံးသွားခဲ့ရသည်။(TL note - စတော့ဟုမ်းရောဂါ= ကိုယ့်ကို ညင်းပန်းနှိပ်စက်တဲ့သူကို ပြန်ချစ်မိသွားတဲ့ စိတ်ရောဂါ)
ဒေါက်တာပုသည် ဤကိစ္စကြောင့် အဖမ်းခံရလုနီးပါး ဖြစ်ခဲ့သည်။ ထို့နောက်တွင် ဆေးရုံအုပ်ကြီး အပြင်းအထန် ကိုမာဝင်သွားသည့် ကိစ္စဖြစ်ပွားခဲ့သည်။ ဒေါက်တာကောင်းသည် ဒေါက်တာပု၏ အားနည်းချက်ကို ရှာတွေ့သွားပြီး သူ့ကို ပူးပေါင်းလုပ်ဆောင်ရန် အကျပ်ကိုင်ခဲ့သည်။
ဒေါက်တာကောင်းက အနိုင်ကျင့်နှိပ်စက်ခံခဲ့ရသော လူနာများကို ကုသပေးခဲ့သော်လည်း သူ၏ ကုသရေးနည်းလမ်းကိုမူ လျှို့ဝှက်ထားခဲ့သည်။ နောက်ပိုင်းတွင် ထိုလူနာများသည် သူတို့ ဖြစ်ချင်သည့်ဘဝအတိုင်း နေထိုင်ခဲ့ကြသည်။ ဒေါက်တာကောင်းက သူတို့၏ ကံကြမ္မာကို ဝင်မစွက်ဖက်ခဲ့ပေ။ အမြွှာများမှာ ဆေးရုံတွင် သူနာပြုများဖြစ်လာကြပြီး လူများစွာကို ကယ်တင်နိုင်ရန် နေ့စဉ်နေ့တိုင်း ကြိုးစားနေကြသည်။ ကျောင်းသူလေးမှာမူ အရိုးဖယောင်းဖြစ်လာခဲ့ပြီး သူတို့ကြားရှိ ပုံပျက်နေသည့် အရူးအမူးအချစ်များကို မခံစားနိုင်တော့ဘဲ အဆုံးသတ်တစ်ခုကို စောင့်မျှော်နေခဲ့သည်။
“အရိုးဖယောင်း... ငါနောက်ဆုံးအကြိမ် ဦးခေါင်းခွဲစိတ်မှုလုပ်ဖို့ လာတာ”
ဒေါက်တာကောင်းသည် အသက်ရှူသံပြင်းပြင်းကို ကြားခဲ့ရပြီးနောက် အလောင်းကွက်အိမ်ရာဆီသို့ တိုက်ရိုက်လာခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာပု မည်သည့်ပါတနာဆီတွင် ရှိနေမှန်း သူ မသေချာသော်လည်း အရိုးဖယောင်းကို ရှာတွေ့လျှင် လုံလောက်ပြီဟုသာ သူသိသည်။
“ဦးခေါင်းခွဲစိတ်ရမယ့် လူနာက ၁၇ လွှာမှာရှိတယ်၊ အဲ့ဒီနေရာက မြင်ကွင်း အကောင်းဆုံးပဲ၊ သူက ကြမ်းပြင်ကနေ မျက်နှာကြက်အထိရှိတဲ့ မှန်ပြတင်းပေါက်ကြီးတွေရှေ့မှာရပ်ပြီး ခွဲစိတ်ရတာကို ကြိုက်တယ်၊ တစ်မြို့လုံးကို သူ့အမိန့်အောက်မှာ ရှိနေစေချင်သလိုမျိုးပေါ့”
အရိုးဖယောင်းသည် ဤခွဲစိတ်မှုကို စောင့်မျှော်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူမ အမုန်းဆုံးလူကို ချစ်မိနေကြောင်း သူမသိသော်လည်း သူမ၏ ပုံပျက်နေသောဦးနှောက်ကြောင့် သူမကိုယ်သူမ မထိန်းချုပ်နိုင်ခဲ့ပေ။ သူမသည် ဤကမ္ဘာကြီးမှ ထွက်ခွာသွားရန်၊ ဒေါက်တာပုကို ဘယ်တော့မှ မတွေ့ရမယ့်နေရာသို့ သွားရန် စဉ်းစားခဲ့ဖူးသည်။ ဒေါက်တာကောင်းကသာ သူမကို ထိုနေရာတွင် ဆက်နေစေခဲ့ပြီး တခြားနည်းလမ်းတစ်ခုရှိကြောင်း ပြောပြခဲ့ခြင်းဖြစ်သည်။သူပြောသည်မှာ ဒေါက်တာပုမရှိသော ကမ္ဘာတစ်ခုကို ဖန်တီးခြင်းပင်။
“ကျွန်မ အမြွှာတွေကို ဆက်သွယ်လိုက်ရမလား၊ သူတို့လည်း ဒီနေ့ကို စောင့်နေကြတာကြာပြီ”
“ကောင်းပြီ”
အရိုးဖယောင်းသည် အဝတ်အစားပင် မလဲတော့ဘဲ ခြေဗလာဖြင့် အမြွှာများထံသို့ မက်ဆေ့ပို့လိုက်သည်။ ထို့နောက် သူမသည် ဒေါက်တာကောင်းအား နေထိုင်သူများသာ သုံးခွင့်ရှိသော ဓာတ်လှေကားဖြင့် ၁၇ လွှာသို့ ခေါ်သွားတော့သည်။
သူတို့ လူခေါ်ဘဲလ်ကို နှိပ်လိုက်ရာ အတွင်းမှလူက ညအိပ်ဝတ်စုံနှင့် ဖြစ်နေသော အရိုးဖယောင်းကို မြင်သဖြင့် တုံ့ဆိုင်းမနေဘဲ တံခါးဖွင့်ပေးလိုက်သည်။
“ညစ်ပတ်တဲ့ ခွေးမ… ညဘက်ကြီး ငါ့အိမ်ကို ဒီလိုဝတ်စုံနဲ့ ဘာလာလုပ်တာလဲ”
စကားပြောလိုက်သော အမျိုးသမီးသည် အရိုးဖယောင်းထက် ပိုငယ်ပြီး ပိုလှပသည်။
ထိုစော်ကားမှုကို ရင်ဆိုင်ရသောအခါ အရိုးဖယောင်းက နှုတ်ခမ်းကိုက်လိုက်သည်။သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ပြန်ပြောချင်နေသော်လည်း သူမ၏စကားများက ထိရောက်မှုမရှိနိုင်ဟု ခံစားနေရသည်။
ဆေးထိုးအပ်ကိုင်ထားသော ဒေါက်တာကောင်းက ထိုအမျိုးသမီးနှစ်ယောက် ဘာမှမလုပ်နိုင်ခင် အမျိုးသမီး၏လည်ပင်းသို့ ဆေးထိုးအပ်ဖြင့် ထိုးချလိုက်တော့သည်။ သူမ၏ ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ် ချထားလိုက်ပြီး ကြောင်ကြည့်နေသော အရိုးဖယောင်းကို လှည့်ကြည့်လိုက်သည်။
“သူ မသေပါဘူး၊ ဒါပေမဲ့ ခဏလောက်တော့ သူ့အသိစိတ်တွေ ဝေဝါးနေလိမ့်မယ်”
အိမ်ထဲဝင်သွားသောအခါ ဒေါက်တာကောင်းသည် အိပ်ခန်းထဲတွင် ညဝတ်အင်္ကျီအပွကြီး ဝတ်လျက် (အောက်တွင် ဘာမှဝတ်မထားဘဲ) ဆေးလိပ်သောက်နေသော ဒေါက်တာပုကို တွေ့လိုက်ရသည်။
ဝင်လာသူမှာ အရိုးဖယောင်းမဟုတ်ဘဲ ဝက်ရွာသားဝတ်စုံ ဝတ်ထားသော ဒေါက်တာကောင်း ဖြစ်နေသည်ကို မြင်လိုက်သောအခါ ဒေါက်တာပု၏အသိစိတ်မှာ ခဏမျှ ဗလာဖြစ်သွားခဲ့သည်။
“မင်း ဒီကို ဘာလာလုပ်တာလဲ”
ဒေါက်တာကောင်းက ချက်ချင်း ရှေ့တိုးသွားလိုက်သည်။ သူ အခြားဆေးထိုးအပ်တစ်ခုကို ယူပြီး ထိုလူ၏လည်ပင်းသို့ တိုက်ရိုက် ထိုးစိုက်လိုက်သည်။
အရက်နှင့် မိန်းမကိစ္စများကြောင့် အားနည်းနေသော ဒေါက်တာပုသည် အကြမ်းဖက်ကိစ္စများကို အမြဲကြံစည်နေသော ဒေါက်တာကောင်းနှင့် မယှဉ်နိုင်ခဲ့ပေ။
“ခင်ဗျားရဲ့အပြစ်တွေအတွက် ပြန်ပေးဆပ်ရတော့မယ် ဒေါက်တာပု”
အပိုင်း (၈၄၂) ခွဲစိတ်စားပွဲပေါ်တွင် ပွင့်လန်းနေသောပန်းများ
အချို့လူများသည် အသက်ရှင်လျက်နှင့် သေနေသူများကဲ့သို့ဖြစ်ပြီး အချို့မှာမူ အသက်ရှင်စဉ်ကထက် သေဆုံးသွားချိန်တွင် ပို၍အသုံးဝင်ကြလေသည်။ ဒုတိယအမျိုးအစားထဲတွင် ဒေါက်တာပု ပါဝင်နေသည်မှာ အသေအချာပင်။
ဒေါက်တာပု၏ နာမည်ရင်းကို ဘယ်သူမှ မမှတ်မိကြတော့ပေ။ ဒေါက်တာကောင်း၏ ကုသမှုကို စတင်ခံယူခဲ့ရသည့်အချိန်မှစ၍ သူသည် မတည်ရှိသော လူတစ်ယောက်ဖြစ်လာရန် ကံကြမ္မာသတ်မှတ်ခဲ့ရပြီးဖြစ်သည်။
ကြမ်းပြင်ပေါ်တွင် ဖိကပ်ခံထားရစဉ် ဒေါက်တာပု၏ မျက်လုံးများသည် ဒေါက်တာကောင်းကို ဝါးမျိုတော့မည့် သားရဲတစ်ကောင်၏ အစွယ်များကဲ့သို့ ကြောက်မက်ဖွယ်ကောင်းနေ၏။ သို့သော် ဆေးရှိန်တဖြည်းဖြည်း တက်လာသည်နှင့် သူ့မှတ်ဉာဏ်များမှာ ပူဖောင်းများကဲ့သို့ ပေါက်ကွဲထွက်ကုန်ကြသည်။ သူမြင်နေရသော ကမ္ဘာကြီးသည် အမြင့်မှပြုတ်ကျသွားသည့် ပဟေဠိတုံးတစ်ခုကဲ့သို့ အပိုင်းပိုင်းအစစ ကွဲအက်သွားလေတော့သည်။
“ဒေါက်တာကောင်း... မင်း...”
ဒေါက်တာပု၏ ခန္ဓာကိုယ်ကို ကြိုးများဖြင့် တုပ်နှောင်လိုက်သည်။ ဒေါက်တာကောင်းက သူ့ကို အနက်ရောင်အိတ်ဖြင့် ထုပ်ပိုးလိုက်ပြီး တံခါးဆီသို့ ဆွဲခေါ်သွားတော့၏။
အရိုးဖယောင်းကလည်း ကူညီပေးခဲ့သည်။ နှစ်ဦးသား ဒေါက်တာပုကို ဓာတ်လှေကားထဲသို့ ဝိုင်းဝန်းဆွဲထည့်ရင်း အထပ်နံပါတ်များ ပြောင်းလဲသွားပုံကို ကြည့်ကာ အမှိုက်ကားရောက်လာမည့်အချိန်ကို တွက်ချက်လိုက်ကြသည်။
“သူ သေသွားပြီလား”
“မသေသေးဘူး”
“အချိန်မီပါ့မလား”
“ဝက်ရွာကလာတဲ့ အမှိုက်ကားက ဒီအိမ်ရာဝင်းထဲကိုပတ်ပြီး အမှိုက်တွေအကုန်သိမ်းပြီးမှ ထွက်သွားမှာ၊ အချိန်က ၁၅ မိနစ် ဒါမှမဟုတ် မိနစ် ၂၀ လောက် ကြာလိမ့်မယ်”
အောက်ထပ်သို့ အမြန်ပြေးဆင်းလာပြီးနောက် သူတို့နှစ်ဦးသည် ဒေါက်တာပုကို အမှိုက်ပုံးထဲသို့ အတင်းထိုးထည့်လိုက်ကြသည်။ ထို့နောက် ပန်းခြံအုတ်ခုံ၏ အခြားတစ်ဖက်တွင် ပုန်းအောင်းနေလိုက်ကြသည်။
ညအမှောင်ထုထဲတွင် အမှိုက်ကားကြီး တဖြည်းဖြည်း ဆိုက်ရောက်လာလေသည်။ ခွန်အားဗလကောင်းပြီး ဉာဏ်နည်းသော ဝက်ရွာမှ လူငယ်နှစ်ယောက် ကားပေါ်မှ ဆင်းလာကာ အမှိုက်ပုံးကို ကားနောက်ဘက်ရှိ စက်ပစ္စည်းနှင့် ချိတ်ဆက်လိုက်ကြသည်။ စက်ခလုတ်နှိပ်လိုက်သည်နှင့် အမှိုက်ပုံးကြီး မြောက်တက်သွားပြီး အတွင်းရှိ အမှိုက်များအားလုံး ကားအနောက်ခန်းထဲသို့ သွန်ချခံလိုက်ရသည်။
လူငယ်တစ်ယောက်က နှာခေါင်းကို တရှုံ့ရှုံ့လုပ်၍ အနံ့ခံကြည့်သည်။
“အရသာရှိတဲ့အနံ့တစ်ခု ရနေသလိုပဲ”
“ဘာအရသာလဲ”
“ဒါ အသားနံ့ပဲကွ ၊ ငါ တစ်ခါစားဖူးတယ်”
ဝက်ရွာသား လူငယ်နှစ်ယောက်မှာ ကားနောက်ခန်းထဲသို့ အတင်းချောင်းကြည့်ရန် ကြိုးစားနေကြသည်။
“ဘာအသားမျိုးလဲ”
“ငါလည်း မသိဘူး၊ အဲ့ဒီအသားတွေက အမြဲတမ်းပုလင်းထဲမှာပဲ ရှိနေတာ၊ အရမ်းနူးညံ့တယ်”
“မင်းတို့နှစ်ကောင် ဘာတွေအချိန်ဖြုန်းနေတာလဲ၊ မြန်မြန်အလုပ်လုပ်ကြစမ်း”
ယာဉ်မောင်းက ဆေးတံကို ကားတံခါးနှင့် ခေါက်၍ ကြိမ်းမောင်းလိုက်သည်။
“ဝက်နှစ်ကောင်ကတော့… ပျင်းလည်းပျင်း အစားလည်းမက်”
အမှိုက်ပုံးအလွတ်ကို နဂိုနေရာတွင် ပြန်ချထားပြီးနောက် ဝက်ရွာသားနှစ်ယောက် ကားပေါ်ပြန်တက်သွားကြသည်။ ဒေါက်တာကောင်းကလည်း သူပုန်းနေသော ပန်းပင်ချုံပုတ်ထဲမှ ထွက်လာကာ အမှိုက်ကားထဲသို့ ခုန်ဝင်လိုက်သည်။
ကားကြီးက တဖြည်းဖြည်း စတင်ထွက်ခွာသည်။ ဒေါက်တာကောင်းက အမှိုက်များဖြင့် သူ့ကိုယ်သူဖုံးကွယ်ရန် ပြင်လိုက်သော်လည်း သူမော့ကြည့်လိုက်သောအခါ အရိုးဖယောင်းပါ ပြေးလိုက်လာသည်ကို တွေ့လိုက်ရသည်။ ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့ပြီး အားနွဲ့သော ဤသူနာပြုမလေးမှာ ယနေ့တွင်မူ ထူးထူးခြားခြား ခေါင်းမာနေလေသည်။ သူမသည်လည်း ဒေါက်တာကောင်းနှင့်အတူ “ဒေါက်တာအဝတ်စ” ကို လိုက်လံပို့ဆောင်ချင်နေခြင်းပင်။
၎င်းမှာ မူလအစီအစဉ်ထဲတွင် မပါဝင်သော အပြောင်းအလဲတစ်ခုဖြစ်သည်။ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဒေါက်တာကောင်းက သူမကို အမှိုက်ကားပေါ်သို့ ဆွဲတင်ပေးလိုက်သည်။
“ဝပ်နေ၊ စကားမပြောနဲ့”
ဆေးရုံရှိ ညစ်ပတ်သောအလုပ်များကို အလွန်မုန်းတီးတတ်သော အရိုးဖယောင်းသည် ယခုမူ အမှိုက်ပုံထဲတွင် သူမကိုယ်တိုင် မြုပ်နှံထားလေသည်။ သူမသည် ဒေါက်တာပုနှင့် ခွဲမနေချင်ပေ။ သူမသည် ဒေါက်တာပု၏ ဦးခေါင်းကို သူမကိုယ်တိုင် ခွဲထုတ်ပြီး သူထိတ်လန့်တကြားနှင့် တဖြည်းဖြည်းသေဆုံးသွားသည်ကို စောင့်ကြည့်ချင်နေခြင်း ဖြစ်သည်။
အမှိုက်ကားကြီးသည် လူသေကောင်ကဲ့သို့ အေးစက်တောင့်တင်းနေသော ကိုယ်လက်အင်္ဂါများကို တင်ဆောင်ကာ အဆင့်မြင့်အိမ်ရာဝင်းထဲမှ ထွက်ခွာသွားတော့သည်။ ရင်ခွဲရုံရိပ်သာလမ်းသည် ညဘက်တွင် သေလောက်အောင် တိတ်ဆိတ်နေတတ်ပြီး ရံဖန်ရံခါ လမ်းကြားများထဲမှ ထူးဆန်းသော အသံများ ထွက်ပေါ်လာတတ်သည်။ အနီးကပ်ကြည့်မည်ဆိုလျှင် “တောအုပ်” ထဲတွင် “သားရဲများ” အချင်းချင်း သတ်ဖြတ်နေကြသကဲ့သို့ပင်။
နောက်ထပ် အိမ်ရာနှစ်ခုမှ အမှိုက်များကို သိမ်းဆည်းပြီးနောက် အမှိုက်ကားမှာ လူသားဖြစ်တည်မှုအဝင်ဝ ဆေးရုံသို့ ဦးတည်လာခဲ့သည်။ ထိုနေရာရှိ အမှိုက်များကို သိမ်းဆည်းပြီးလျှင် မိုးမလင်းမီ ရင်ခွဲရုံရိပ်သာလမ်းမှ ထွက်ခွာကာ ဝက်ရွာသို့ ပြန်ရမည်ဖြစ်သည်။
ကားရပ်သွားသည်နှင့် တာဝန်ကျသူနာပြုနှစ်ဦးဖြစ်သော ဝသူနှင့် ပိန်သူတို့က ဝက်ရွာသားလူငယ်များကို ဆေးရုံနောက်ဘက်သို့ ခေါ်သွားကြသည်။ ယာဉ်မောင်းမှာ ရုတ်တရက် ကားနောက်ဘက်မှ အသံတစ်ခု ကြားလိုက်ရသော်လည်း ယင်းကို သူသိပ်အာရုံမစိုက်မိလိုက်ပေ။
ဒေါက်တာကောင်းနှင့် အရိုးဖယောင်းတို့က ဒေါက်တာပုကို ဆေးရုံ၏ အခြားတစ်ဖက်မှတစ်ဆင့် အတွင်းသို့ ဆွဲခေါ်သွားကြသည်။ အနက်ရောင်အမှိုက်အိတ်မှာ ပြောင်လက်တောက်ပသော ကြမ်းပြင်ပေါ်တွင် ညစ်ပတ်သည့် အစွန်းအထင်းများ ကျန်ရစ်စေခဲ့သည်။
ဒေါက်တာကောင်း၏ ယခင်ရာဇဝတ်မှုများနှင့် နှိုင်းယှဉ်လျှင် ယခုတစ်ကြိမ်မှာမူ အလွန်ကြမ်းတမ်းပြီး နေရာအနှံ့တွင် သဲလွန်စများ ချန်ထားမိခဲ့သည်။
ခွဲစိတ်ခန်းမီးများကို ဖွင့်လိုက်သောအခါ အတွင်း၌ လူများ ပြည့်နှက်နေသဖြင့် ဒေါက်တာကောင်း အံ့အားသင့်သွားရသည်။
“မင်းတို့ ဘာလို့ ဒီမှာရှိနေကြတာလဲ”
ခွဲစိတ်ခန်းထဲတွင် ဒေါက်တာကောင်း ကုသပေးခဲ့သော လူနာများ၊ ဒေါက်တာပု၏ နှိပ်စက်မှုကို ခံခဲ့ရသော သူနာပြုများနှင့် သေဆုံးသွားသော မိခင်၏ သမီးဖြစ်သူတို့ ရှိနေကြသည်။
“အမကြီး အရိုးဖြတ်ဓားက ဒီနေ့ ခွဲစိတ်မှုလုပ်မယ့်နေ့ဆိုပြီး အားလုံးကို လာခိုင်းလိုက်တာပါ”
သေဆုံးသူ၏ သမီးသည် သူမမိခင်၏ အလှအပနှင့် ရူးသွပ်မှုများကို အမွေဆက်ခံထားသော ချောမောလှပသည့် သမီးပျိုလေးအဖြစ် ကြီးပြင်းလာခဲ့ပြီ ဖြစ်သည်။ သူမသည် ဤကမ္ဘာကြီးကို အမှိုက်သရိုက်များကဲ့သို့ ပုံပျက်ပန်းပျက် ဖြစ်နေသည်ဟု ခံစားရပြီး အဝေးတစ်နေရာတွင် သန့်စင်သော နယ်မြေတစ်ခု ရှိလိမ့်မည်ဟု ယုံကြည်နေသူဖြစ်သည်။
“ဒါက မင်းတို့ကိုပါ ပြဿနာတက်စေလိမ့်မယ်နော်”
ဘယ်သူမှ ထွက်မသွားကြချေ။သူတို့သည် ဒေါက်တာကောင်း ဆွဲလာသော အနက်ရောင်အိတ်ကိုသာ စိုက်ကြည့်နေကြသည်။ ခြေသံများ ကြားလိုက်ရပြီး အမြွှာသူနာပြုနှစ်ယောက်က ဆေးရုံတံခါးများကို ပိတ်လိုက်ကြသည်။ ဝသူသည် အရိုးဖြတ်ဓားဖြစ်ပြီး ပိန်သူကို အရိုးတိုက်ဓားဟု ခေါ်ကြသည်။
“အမှိုက်ကား ထွက်သွားပြီ၊ ဒေါက်တာကောင်း… စလိုက်ရအောင်”
မည်သည့် ပိုးသတ်ခြင်းမျှ မပြုလုပ်ဘဲ ခွဲစိတ်ခန်းတစ်ခုလုံးကို အကြည်ရောင် ပလတ်စတစ်အိတ်များဖြင့် ဖုံးအုပ်လိုက်ကြသည်။ ဒေါက်တာပုကို အနက်ရောင်အိတ်ထဲမှ ဆွဲထုတ်၍ ခွဲစိတ်ခုတင်ပေါ်တွင် လှဲသိပ်လိုက်သည်။ သူနာပြုသုံးဦးက အခန်းထဲရှိ လူအားလုံးကို ဆေးဘက်ဆိုင်ရာ ကိရိယာမျိုးစုံ ဝေငှပေးလိုက်သည်။ အချို့သည် မျက်လုံးများ နီရဲနေပြီး ဒေါက်တာကောင်း၏ အမိန့်ကို စောင့်ဆိုင်းနေကြလေသည်။
“ငါက သူ့ဦးနှောက်ကိုပဲ လိုချင်တာ၊ မင်းတို့ လုပ်ချင်တာလုပ်တဲ့အခါ သတိထားကြ”
ဒေါက်တာကောင်းသည် ကိရိယာအစုံအလင်ကို ထုတ်ယူလိုက်ပြီး ဒေါက်တာပုကို ခွဲစိတ်ကုတင်နှင့် သေချာစွာ ချည်နှောင်လိုက်ပြီးနောက် ဦးခေါင်းခွဲစိတ်ရန် ကျွမ်းကျင်စွာ ပြင်ဆင်တော့သည်။
အခြားသူများက ခွဲစိတ်ကုတင်ကို ဝိုင်းလိုက်ကြသည်။သူတို့၏အကြည့်များက ဒေါက်တာပု၏ ခန္ဓာကိုယ်တွင်သာ ကပ်ညှိနေကြသည်။ ချက်ကြိုးများစွာဖြင့် ဖုံးလွှမ်းနေသော ဤမိစ္ဆာကောင်မှာ ယခုမူ ၎င်း၏အနှောင်အဖွဲ့အားလုံး ဖြတ်တောက်ခံရတော့မည်ဖြစ်သည်။
ဆေးအသစ်တစ်မျိုး ထိုးနှံလိုက်ပြီးနောက် ဒေါက်တာပု သတိပြန်လည်ခဲ့သည်။ ဒေါက်တာကောင်းသည် ဒေါက်တာပု၏ ဦးခေါင်းကို ခွဲစိတ်သေတ္တာထဲတွင် ကျကျနန စတင်တပ်ဆင်လိုက်သည်။
သတိရလာသော ဒေါက်တာပုက သူ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။ သူ့ဘေးပတ်လည်တွင် ဝန်းရံနေကြသောလူများကို သူမြင်လိုက်ရသည်။ သူ့ကို ဝိုင်းကြည့်နေသူများသည် တချိန်က သူကိုယ်တိုင် “ကုသပေးခဲ့ဖူးသော” နိမ့်ပါးသည့် လူနာများ ဖြစ်ပေသည်။ သူတို့လက်ထဲတွင်လည်း ထက်ရှသော ဆေးဘက်ဆိုင်ရာ ကိရိယာများကို ကိုင်ဆောင်ထားကာ ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။
“မင်းတို့အားလုံး ရူးနေကြပြီလား၊ ငါက ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ရဲ့ နည်းပြပဲကွ၊ ငါ့ကိုသတ်ရင် မင်းတို့လည်း လွတ်မှာမဟုတ်ဘူး၊ မင်းတို့အားလုံး နေရောင်မရတဲ့ အမှောင်ခန်းထဲမှာ တစ်သက်လုံး အပိတ်ခံရလိမ့်မယ်၊ ရာဇဝတ်ကောင် နမူနာတွေ၊ စမ်းသပ်ခံ သတ္တဝါတွေ ဖြစ်ကုန်ကြလိမ့်မယ်၊ အားးးး…”
တစ်စုံတစ်ခုက သူ၏ စကားပြောကိရိယာ (လျှာ) ကို ထိုးဖောက်သွားသည်။ အမျိုးသမီးလူနာတစ်ဦးက သူမလက်ကို တွန့်ဆုတ်စွာ ပြန်ရုပ်လိုက်သည်။
“ဆောရီး၊ သူ့လျှာက လှုပ်နေတော့ သွေးစွန်းနေတဲ့ ရေဘဝဲလက်တံတွေကို သတိရသွားလို့ပါ၊ ကျွန်မက အတင်းရုန်းထွက်ဖို့ ကြိုးစားနေခဲ့တာလေ”
“ရပါတယ်၊ စလို့ရပြီ”
ဒေါက်တာကောင်းက ခွဲစိတ်ကိရိယာများရှေ့တွင် ထိုင်ကာ ဦးနှောက်ထုတ်ယူမည့် ခွဲစိတ်မှုကို စတင်တော့သည်။ ဤလုပ်ငန်းစဉ်မှာ အလွန်ကြာမြင့်ပြီး ဦးနှောက်ကို ဆက်လက်ရှင်သန်နေစေရန်မှာလည်း အရေးကြီးပေသည်။
အမှန်အတိုင်းပြောရလျှင် ဒေါက်တာကောင်း၏ ဆေးပညာမှာ အလွန်ပင်ပြောင်မြောက်လှသည်။ ဒေါက်တာပုမည်မျှပင် အော်ဟစ်နေသော်လည်း သူစိတ်အနှောင့်အယှက်မဖြစ်ဘဲ ဒေါက်တာပု လုံးဝမသေဆုံးမီ ဦးနှောက်ကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ပြီး ကိုယ်ကျင့်တရားလေ့လာရေး သိပ္ပံကျောင်းမှ ခိုးယူလာသောဆေးကို ထိုးနှံလိုက်တော့သည်။
ဆေးသွင်းထားသော ဦးနှောက်ကို အထူးဖန်ဘူးထဲသို့ ထည့်လိုက်ပြီးနောက် ဒေါက်တာကောင်းက ပြုံးလိုက်သည်။သူက ထိုဖန်ဘူးတွင် “နံပါတ် ၂” ဟူသော တံဆိပ်ကို ကပ်လိုက်သည်။ ထို့နောက် ထိုဘူးအား ဆေးရုံအုပ်ကြီးအခန်းရှိ အထင်ရှားဆုံးနေရာတွင် သွားထားရန် အရိုးဖြတ်ဓားကို ခိုင်းလိုက်သည်။
အလောင်းကို မည်သို့ဖျောက်ဖျက်မည်နည်းဆိုသည်မှာ ဒေါက်တာကောင်း ဂရုစိုက်ရမည့်အလုပ် မဟုတ်တော့ပေ။ ခွဲစိတ်ခန်းအတွင်း၌ လူနာများမှာ စုဝေးနေကြပြီး ပလတ်စတစ်အိတ်များပေါ်တွင် သွေးနီရောင်ပန်းများ ပွင့်လန်းလို့နေသည်။ လူတိုင်း၏ မျက်နှာတွင် နွေဦးရာသီရောက်ရှိလာသကဲ့သို့ တောက်ပသောအပြုံးများ ကိုယ်စီ ရှိနေကြတော့သည်။
“မင်းတို့နဲ့အတူ ရပ်နေရတဲ့အခါ... ငါလည်း သာမန်လူကောင်းတစ်ယောက်နဲ့ တူသွားသလိုပဲ”