အခန်း (၈၄၃-၈၄၄)
Vol. 58 Ch. 843-844
အပိုင်း (၈၄၃) ဖုံးကွယ်ခြင်း
ဒေါက်တာကောင်းသည် လူနာတိုင်း၏ ဆန္ဒများကို ဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်သည်။ သူတို့အားလုံးသည် သွေးများခဲပျစ်သွားသည်အထိ ပန်းပင်လယ်ပြင်ကြီးထဲတွင် မတ်တပ်ရပ်နေကြလေသည်။
“ရှင့်အလုပ်ကို ဆက်လုပ်ပါ၊ ဒီကိစ္စတွေကို ကျွန်မတို့ပဲ တာဝန်ယူလိုက်ပါ့မယ်”
အရိုးဖယောင်းသည် ခွဲစိတ်ကုတင်ဘေးတွင် ရပ်နေရင်း ပန်းငုံကလေးများကို သီကုံးထားသည့် လက်ကောက်ကလေးကို ကိုင်၍ နောင်တနှင့် သံယောဇဉ်များ ရောပြွမ်းနေသည့် မျက်ဝန်းများဖြင့် ကျန်ရစ်ရစ်ခဲ့တော့သည်။
ပုံမှန်ဆိုတာ ဘာလဲ၊ ရူးသွပ်ခြင်းဆိုတာ ဘာလဲ။ ဘယ်သူမှ ဂရုမစိုက်တော့သည့်အခါ ထိုအရာများက အရေးမပါတော့ပေ။
ဆေးရုံအုပ်ကြီး၏ လူနာဆောင်ထဲသို့ ဝင်ရောက်လာပြီးနောက် ဒေါက်တာကောင်းသည် ကိုယ်ကျင့်တရားလေ့လာရေးသိပ္ပံကျောင်းမှ ခိုးယူလာသော ဆေးကို ထုတ်ယူ၍ ကုတင်ဘေးတွင် ထိုင်လိုက်သည်။
“ခင်ဗျား ကျုပ်ကို စတွေ့တုန်းက ထူးဆန်းတဲ့စကားတွေ ပြောခဲ့တယ်နော်၊ ခင်ဗျားက ရူးနေတဲ့သူတွေ အများကြီးတွေ့ဖူးပေမဲ့ ကျုပ်ကတော့ ခင်ဗျားကို ပထမဆုံးအကြိမ် ထိတ်လန့်စေခဲ့တဲ့ အရူးတစ်ယောက်ပဲတဲ့၊ ခင်ဗျားက ကျုပ်ရဲ့ လွှမ်းမိုးမှုကို ခံနေရမှာ ကျုပ်ရဲ့ ဖျောင်းဖျမှုနောက် ပါသွားမှာကို စိုးရိမ်နေတယ်လို့ ပြောခဲ့တယ်၊ တကယ်တော့ ခင်ဗျားက ကျုပ်ရဲ့ လောကအမြင်ကို လက်ခံပြီးသား ဖြစ်နေလို့ပဲ”
“ကျုပ်မှန်တယ်ဆိုတာ ခင်ဗျားသိပါတယ်၊ ခင်ဗျား ကျုပ်ကို နာကျင်စေတဲ့ ကုသမှုမျိုးစုံနဲ့ နှိပ်စက်ခဲ့တာဟာ ခင်ဗျားကိုယ်တိုင်ရဲ့ သူရဲဘောကြောင်မှုကို အပြစ်ပေးနေတာပဲ”
“ဒါပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီ၊ ခင်ဗျားရဲ့ ဝိညာဉ်က ဒီလို အိုမင်းပြီး နံစော်နေတဲ့ ခန္ဓာကိုယ်ထဲမှာ ဆက်ပိတ်မိနေတော့မှာ မဟုတ်ပါဘူး”
သူသည် ဆေးဝါးကို ဆေးရုံအုပ်ကြီး၏ ဦးနှောက်ထဲသို့ ထိုးသွင်းလိုက်သည်။ သူ့ဦးနှောက်ကို ချိတ်ဆက်ရန် ကြိုးစားသူမှန်သမျှသည် ထိုခဏအတွင်း အသိစိတ်များ ချက်ချင်း ပျက်စီးသွားပေလိမ့်မည်။
“လူသားလောကရဲ့ အဝင်ဝတံခါးက ပိတ်တော့မယ်၊ ဟို ခန့်မှန်းရခက်တဲ့ဖြစ်တည်မှုတွေ ဒီနေရာကို ရှာမတွေ့သေးဘူး”
ရူးသွပ်နေသောကမ္ဘာကြီးတွင် စိတ်ကျန်းမာရေးဆေးရုံ၌ အပိတ်ခံထားရသော လူနာများမှာ အမှန်တကယ် စိတ်ကောင်းနေသူများ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ဤဆေးရုံကို လူသားဖြစ်တည်မှုအဝင်ဝဟု ခေါ်ရခြင်းမှာ ၎င်းသည် လူ့လောကသို့ အမှန်တကယ် ဦးတည်နေသောကြောင့်ဖြစ်သည်။ သို့သော်လည်း ဒေါက်တာကောင်း၏ ကြိုးပမ်းမှုကြောင့် နောက်ဆုံးကျန်ရှိနေသော အက်ကြောင်းက ပိတ်သွားခဲ့ပြီဖြစ်ပြီး ဆေးရုံထဲတွင် စိတ်အမှန်ရှိသူ တစ်ဦးတစ်ယောက်မျှ မကျန်တော့ပေ။
လူနာဆောင်၏ အနက်ရှိုင်းဆုံးနေရာတွင် ဒေါက်တာကောင်းသည် ဆရာဝန်ကို ရှာတွေ့ခဲ့ပြီး သူနှင့် ဝန်ထမ်းကတ်ပြားချင်း လဲလှယ်လိုက်ကာ ဆေးပုလင်းတစ်လုံး ချန်ထားပေးခဲ့ပြီးနောက် အိမ်သို့ အပြေးအလွှား ပြန်လာခဲ့သည်။
အိမ်ထဲဝင်လိုက်သည်နှင့် ဒေါက်တာကောင်းသည် ကြမ်းပြင်ပေါ်တွင် ဒဏ်ရာဗရပွနှင့် လဲလျောင်းနေသော ကိုယ်လုံးတီးအမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ သူ့ဦးလေးနှင့် အဖိုးဖြစ်သူတို့က ထိုလူကို ဆေးထည့်ပေးနေကြ၏။
“မာကြီးရဲ့ ဒဏ်ရာတွေက ဒီလောက်တောင် ပြင်းထန်တာလား”
ဒေါက်တာကောင်းက သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
“မနေ့ညက ဘာတွေနဲ့ တိုးခဲ့တာလဲ”
“ငါတို့နောက်ကို အဖွဲ့နှစ်ဖွဲ့ လိုက်ခံရတာပဲ”
ဦးလေးဖြစ်သူ၏ မျက်နှာတွင်လည်း ဓားဒဏ်ရာများ ရှိနေခဲ့သည်။
“တစ်ဖွဲ့က အနက်ရောင်ဝတ်စုံတွေနဲ့၊ အနက်ရောင်အိတ်တွေနဲ့ လူသတ်လက်နက်တွေ ပါလာတယ်၊ နောက်တစ်ဖွဲ့ကတော့ ရဲတွေနဲ့ တူတယ်၊ သူတို့က တစ်ယောက်ယောက်နဲ့ အဆက်အသွယ် လုပ်နေကြတာ”
“မနေ့ညက ရဲတွေလည်း ရှိနေတာလား”
“တော်တော်လေးများတယ်”
“ဒါဆို အိမ်ကို ဘယ်လိုပြန်လွတ်လာတာလဲ”
ဦးလေးဖြစ်သူက တုံ့ဆိုင်းနေသော်လည်း အဖိုးဖြစ်သူ၏ တင်းမာသော စိုက်ကြည့်မှုကို မြင်သောအခါ အမှန်အတိုင်း ပြောလိုက်တော့သည်။
“အဲ့ဒီနှစ်ဖွဲ့လုံးက တောအုပ်အစွန်အဖျားမှာ တစ်လက်မမကျန် လိုက်ရှာနေကြတာ၊ သတိပေးကိရိယာတွေကိုလည်း အကွာအဝေးတစ်ခုစီမှာ တပ်ထားကြတယ်၊ ငါတို့လည်း တောနက်ထဲကိုပဲ ပြေးဝင်လိုက်ရတော့တာပေါ့၊ တောအုပ်ရဲ့ အလယ်ဗဟိုကို ရောက်ခါနီးမှာ ရုတ်တရက် သေနတ်သံတွေနဲ့ အော်သံတွေ ကြားလိုက်ရတယ်၊ အဲ့ဒီနောက်မှာ သတိပေးသံတွေ အများကြီး မြည်လာပြီး တောအုပ်ရဲ့ တိတ်ဆိတ်မှုက ပျက်စီးသွားတော့တာပဲ၊ တောအုပ်ရဲ့ တကယ်ကြောက်စရာကောင်းတဲ့ အခြမ်းကို ငါတို့ တွေ့လိုက်ရတယ်”
ခဏရပ်သွားပြီးနောက် ဦးလေးဖြစ်သူ၏ မျက်နှာက ခါးသက်သွားသည်။
“တောအုပ်ကြီးက အသက်ဝင်လာတယ်၊ တောအုပ်ကို ဖြစ်တည်စေတဲ့ လူတွေက ဝိညာဉ်တွေ ပေါင်းစည်းသွားကြသလိုပဲ၊ စိတ်ဆန္ဒတစ်ခုရဲ့ လွှမ်းမိုးမှုအောက်မှာ ပေါင်းစပ်သွားပြီး ပုံပျက်ပန်းပျက် မကောင်းဆိုးဝါးကြီးတစ်ကောင် ဖြစ်လာတယ်၊ မင်း လက်လေးဖက်ပါတဲ့ လူတစ်ယောက်ကို စိတ်ကူးကြည့်နိုင်ပေမဲ့ လက်တွေ ခြေထောက်တွေ အများကြီးပါတဲ့ မကောင်းဆိုးဝါးကိုရော စိတ်ကူးကြည့်နိုင်ပါ့မလား”
“အဲ့ဒီလို အခြေအနေမျိုးမှာ ဦးလေးတို့ ဘယ်လိုလွတ်လာသလဲဆိုတာပဲ ကျွန်တော်သိချင်မိတယ်”
ဒေါက်တာကောင်းက မာကြီး၏ ရောင်ကိုင်းနေသောလက်ကို ချထားရင်း လေးနက်စွာ မေးလိုက်သည်။
“ငါတို့... မင်းအဖေနဲ့ တွေ့ခဲ့တယ်”
ဦးလေးက တံခါးအနည်းငယ်ဟနေသော အိပ်ခန်းကို လှမ်းကြည့်လိုက်သည်။
“သူက သတိပေးကိရိယာတွေကို တမင်မြည်အောင်လုပ်ပြီး ဟိုနှစ်ဖွဲ့လုံးကို တောအုပ်အလယ်ဗဟိုဆီ ခေါ်သွားခဲ့တာ၊ တောအုပ်ထဲက မူမမှန်မှုကိုလည်း သူဖန်တီးခဲ့တာပဲ၊ မိုးလင်းတာနဲ့ ရှင်းလုတစ်မြို့လုံး ရုန်းရင်းဆန်ခတ် ဖြစ်လာတော့မယ်၊ အန္တရာယ်မရှိသလို ထင်ရတဲ့ တောအုပ်က တခြားတစ်ဖက်ခြမ်းကို ပြလာလိမ့်မယ်၊ သက်ရှိတွေဟာ ပုရွက်ဆိတ်တွေလိုပဲ နင်းခြေခံရလိမ့်မယ်...”
“ဒါ သေချာလား၊ ဦးလေးတို့ မှားကြည့်မိတာ မဟုတ်ဘူးနော်”
“သေချာပေါက် သူပဲ၊ တစ်ကိုယ်လုံး သွေးနီရောင်တက်တူးတွေနဲ့ လူဆိုတာ ဒီမြို့မှာ အများကြီး မရှိဘူးလေ၊ မင်းအမေက ဒီလိုအရက်သမားတစ်ယောက်ကို ဘာလို့ စိတ်ဝင်စားခဲ့လဲ ငါလည်း မသိပါဘူး၊ မှိုတစ်ပွင့်က အရက်သမားနောက် ပါသွားသလိုပဲ”
ဒေါက်တာကောင်း ထရပ်လိုက်ပြီး အဖေဖြစ်သူ၏ အခန်းဆီသို့ လျှောက်သွားလိုက်သည်။ တံခါးကို အကြိမ်အနည်းငယ် ခေါက်သော်လည်း တုံ့ပြန်မှုမရှိသဖြင့် သူသည် ပထမဆုံးအကြိမ် တံခါးကို လုံးဝတွန်းဖွင့်လိုက်သည်။
နံရံပေါ်ရှိ အင်္ဂတေလွှာများနှင့် ကြမ်းပြင်ပေါ်တွင် ခြောက်သွေ့နေသော သွေးကြောများကဲ့သို့ ထူးဆန်းသောစာသားများ ပြည့်နှက်နေလေသည်။ အခန်းက မကျယ်သော်လည်း ဝင်သွားလိုက်သည်နှင့် ပင်လယ်မိစ္ဆာတစ်ကောင်၏ ဝါးမျိုခြင်းခံလိုက်ရသကဲ့သို့ ထူးဆန်းအေးစက်သော ခံစားချက်တစ်ခုကို ပေးစွမ်းနေလေသည်။
“ဥယျာဉ်မှူးရဲ့ အိမ်ထက်တောင် ပိုကြောက်စရာကောင်းသေးတယ်”
ဒေါက်တာကောင်းသည် ပုလင်းခွံပုံကြီးကို ရှောင်ကွင်းရင်း အခန်းထဲသို့ ဝင်သွား၏။
ပြတင်းပေါက်များကို ပိတ်ထားသော သစ်သားပြားများ အကုန်ခွာချခံထားရပြီး အက်ကွဲနေသော ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေခဲ့သည်။ ကြာမြင့်စွာ အမှောင်တိကျနေခဲ့သော အခန်းထဲသို့ နေရောင်ခြည်တန်းတစ်ခု ဝင်ရောက်လာလေသည်။
သူ့အဖေသည် ပြင်ပလောကကြီးနှင့် အဆက်အသွယ်မလုပ်ဘဲ အခန်းထဲတွင် အမြဲအောင်းနေတတ်ကာ အရက်သောက်လိုက် အိပ်လိုက်ဖြင့် လောကကြီးနှင့် သီးခြားခွဲနေထိုင်သူဖြစ်သည်။
“သူက ဒီလောကကြီးရဲ့ ဝါးမျိုမခံရအောင် တမင်ရှောင်ရှားနေသလိုပဲ”
သူ့အဖေသည် မည်သည့်စကားမျှ မချန်ထားဘဲ အိမ်မှ ထွက်သွားခဲ့ပြီဖြစ်ရာ နောက်ထပ် ပြန်လာချင်မှ ပြန်လာတော့မည်ဖြစ်သည်။
“ဟာ... သွားပြီ၊ မင်းအဖေအခန်းက သရဲခြောက်နေတာပဲ”
ဦးလေးဖြစ်သူမှာ အခန်းတံခါးဝသို့ အပြေးရောက်လာပြီး လာကြည့်ရာမှ လန့်ဖျပ်သွားသည်။
“ဦးလေးပြောတာ မှန်နိုင်တယ်၊ အဖေဆိုတာ ကျွန်တော်တို့စိတ်ကူးထဲက ဖန်တီးထားတဲ့အရာ တစ်ခုပဲလား”
နံပါတ် ၁ က မည်သူဖြစ်သည်ကို ဒေါက်တာကောင်း အကြမ်းဖျင်း သိနေပြီဖြစ်သည်။ ထိုလူ ပြန်လာမည်လား မသေချာသဖြင့် ပြဿနာများကို ရှောင်ရှားရန် ဒေါက်တာကောင်းက ကြိုတင်ပြင်ဆင်လိုက်သည်။
“အိမ်မှာ အဖေနဲ့ပတ်သက်တဲ့ဓာတ်ပုံ ဒါမှမဟုတ် စာရွက်စာတမ်းတွေ ရှိသေးလား”
“မရှိဘူး၊ မိသားစုဓာတ်ပုံ ရိုက်တိုင်းလည်း သူက ဘယ်တော့မှထွက်မလာဘူး၊ အိမ်နီးနားချင်းတွေလည်း သူ့ကို တစ်ခါမှ မမြင်ဖူးကြဘူး”
“အဲ့ဒါ ကောင်းတယ်”
ဒေါက်တာကောင်းက မိသားစုဝင်အားလုံးကို လူစုလိုက်သည်။
“ရဲတွေက ကျွန်တော့်နောက်ကို လိုက်စုံစမ်းတော့မယ်၊ အဖေရှိနေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဇာတ်လမ်းတစ်ပုဒ် အတူတူပြောကြရအောင်”
“ဘာဇာတ်လမ်းလဲ”
“တကယ်တော့ ဒီအိမ်မှာ အဖေဆိုတာ မရှိဘူး၊ ဒီအခန်းမှာနေတာက ကျွန်တော်ကိုယ်တိုင်ပဲ၊ အဖေဆိုတာ ကျွန်တော်တို့အားလုံး စိတ်ကူးထဲက ဖန်တီးထားတဲ့လူ၊ တကယ်မရှိတဲ့လူပေါ့”
ဒေါက်တာကောင်းသည် ဦးလေးဖြစ်သူတို့ ယူလာသော ဆေးဝါးများကို မွှေနှောက်ရှာဖွေလိုက်သည်။
“အဲ့ဒါမှ အဆင်မပြေရင် ဒီဆေးတွေကိုသုံးပြီး ကျွန်တော်တို့ကိုယ်တိုင် ဝေဝေဝါးဝါး ဖြစ်အောင် လုပ်ရလိမ့်မယ်”
“မင်းဘာကို ဆိုလိုတာလဲ ငါသိပ်နားမလည်ဘူး”
အဖိုးဖြစ်သူ၏ ခေါင်းတွင် ပတ်တီးများ ပတ်ထားရဆဲ ဖြစ်သည်။ သူသည် ဒေါက်တာကောင်းကို မိသားစု၏ တစ်ခုတည်းသော မျှော်လင့်ချက်ဟု အမြဲမှတ်ယူထားသော်လည်း ယခု ဒေါက်တာကောင်း၏ လေယူလေသိမ်းအရ နိမိတ်မကောင်းသလို ခံစားနေရသည်။
“တကယ်တော့ ကျွန်တော့်အဖေ ပျောက်သွားတာ ကြာလှပြီ၊ ကျွန်တော်ကပဲ သူအဖြစ် ဟန်ဆောင်နေတာ ဒါမှမဟုတ် ကျွန်တော့်မှာ စရိုက်နှစ်မျိုးရှိနေတာပေါ့၊ နေ့ဘက်မှာ ဒေါက်တာကောင်း၊ ညဘက်မှာတော့ ဒေါက်တာကောင်းရဲ့ အဖေပေါ့၊ အဖိုးတို့ ကြိုက်တာပြောလို့ရတယ်၊ ဒါပေမဲ့ အဲ့ဒီအတိုင်းပဲ ထပ်ခါတလဲလဲတွေးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်အောင် လုပ်ထားကြပါ”
ဒေါက်တာကောင်းသည် သူ့အဖေကို နောက်ဆုံးတစ်ကြိမ် ကူညီပေးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ သူ မှာကြားစရာရှိသည်များကို မှာကြားပြီးနောက် မိခင်ဖြစ်သူကို ရေချိုးခန်းထဲသို့ တစ်ဦးတည်း ပွေ့ချီသွားကာ စိတ်ပိုင်းဆိုင်ရာလမ်းညွှန်မှုများကို စတင်ပြုလုပ်တော့သည်။
အလုပ်ပြီးသွားချိန်တွင် ဦးလေးဖြစ်သူ၏ အိတ်ထဲမှ ဖုန်းတုန်ခါသံ ထွက်လာသည်။ သူသည် အားအနည်းငယ်ရှိနေသော ဖုန်းကို ဒေါက်တာကောင်းထံ ပြန်ပေးလိုက်သည်။
“အရင်က ခေါ်တဲ့လူမဟုတ်ဘူး၊ နံပါတ်အသစ်ပဲ”
ဖုန်းချလိုက်ပြီးနောက် ဒေါက်တာကောင်းသည် သူ့ပစ္စည်းတချို့ကို အဖေဖြစ်သူ၏ အခန်းထဲသို့ ရွှေ့ထည့်လိုက်သည်။ အလုပ်မပြီးသေးမီမှာပင် နောက်ထပ်ဖုန်းတစ်ကော ထပ်ဝင်လာပြန်သည်။
“ကိုင်လိုက်သင့်လား၊ တစ်ဖက်လူက အရေးကြီးတာ ပြောချင်နေပုံပဲ”
ဦးလေးက ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်သည်။
“နောက်ထပ် နံပါတ်အသစ်တစ်ခုပဲ”
သူ မျက်မှောင်ကြုတ်ကာ ဖုန်းဖြေလိုက်သည်။ ဒေါက်တာကောင်း ဘာမှမပြောရသေးမီ ဖုန်းထဲမှ အရာရှိရွှယ်၏အသံ ထွက်ပေါ်လာသည်။
“ငါ့ကား မင်းအိမ်အောက်မှာ ရပ်ထားတယ်၊ ၃ မိနစ်အတွင်း မင်းဆင်းမလာရင် လူတွေခေါ်ပြီး ငါအပေါ်တက်ခဲ့မယ်”
“ခင်ဗျား ဘာလိုချင်လို့လဲ”
“မနေ့ညက တောအုပ်ထဲမှာ မင်းကို ‘ကာကွယ်’ ပေးဖို့ သွားတဲ့ ရဲအဖွဲ့ နှစ်ဖွဲ့လုံး ပျောက်သွားတယ်၊ ငါ ဘာလို့ မင်းကိုရှာနေသလဲဆိုတာ မင်းစဉ်းစားကြည့်ပေါ့”
အပိုင်း (၈၄၄) လမ်းညွှန်မှု
နံနက်ခင်းနေရောင်ခြည်သည် ဒေါက်တာကောင်း၏ လှောင်ရိပ်သန်းနေသော နှုတ်ခမ်းများပေါ်သို့ ကျရောက်နေ၏။သူသည် အရာရှိရွှယ်ပါးစပ်မှ “ကာကွယ်ပေးရန်” ဟူသော စကားလုံး ထွက်လာသည်ကို အမှန်တကယ်ပင် ကြားလိုက်ရခြင်းဖြစ်သည်။ ထိုလူသည် အမှုတစ်ခုကို စုံစမ်းစစ်ဆေးရန်အတွက်ဆိုပါက သူ့ဘဝတစ်ခုလုံးကိုပင် ပုံအောထားပြီး ဘာမဆိုလုပ်မည့်လူစားမျိုး ဖြစ်သည်။
ယခုတွင် ရဲအဖွဲ့နှစ်ဖွဲ့လုံး ပျောက်ဆုံးနေပြီး ဒေါက်တာကောင်းကမူ အိမ်သို့ အထိအခိုက်မရှိ ပြန်ရောက်လာသဖြင့် အရာရှိရွှယ်က သူ့ကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်သည်မှာ သေချာလှပေသည်။
“ကျွန်တော်လည်း ခင်ဗျားနဲ့တိုင်စရာရှိတာလေးတွေလည်း ရှိသေးတယ်”
ဒေါက်တာကောင်း ဖုန်းချလိုက်ပြီး သူပြောခဲ့သည့်စကားများကို မှတ်သားထားရန် မိသားစုဝင်များကို မှာကြားလိုက်သည်။ သူ ပြတင်းပေါက်နားသို့ လျှောက်သွား၍ အပြင်သို့ လှမ်းကြည့်လိုက်ရာ ရဲကားများကို မတွေ့ရဘဲ အိမ်ရာဝင်းအဝင်တွင် ရပ်ထားသော အနက်ရောင် ဆီဒင်ကားနှစ်စီးကိုသာ တွေ့ရသည်။
“မာကြီးကို မြန်မြန်ကုပေးလိုက်ကြ”
ဒေါက်တာကောင်းက မာကြီးကို ဆေးပြားအချို့ တိုက်လိုက်သည်။ လှေကားထစ်များဆီမှ ခြေသံများ ပဲ့တင်ထပ်လာ၏။
လုံခြုံရေးဝန်ထမ်းများ အလုပ်ပင် မဆင်းသေးမီ အရာရှိရွှယ်သည် သူ့လူများနှင့်အတူ အိမ်ထဲသို့ အတင်းဝင်ရောက်လာပြီး ဒေါက်တာကောင်းကို ဝိုင်းရံကာ ကားဆီသို့ ခေါ်ဆောင်သွားတော့သည်။
“မောင်း”
အရာရှိရွှယ်သည် စကားတစ်ခွန်းမှ ထပ်မံရှင်းပြခြင်းမရှိဘဲ ရှေ့ခန်းတွင် အုံ့မှိုင်းစွာ ဝင်ထိုင်လိုက်သည်။ သန်မာထွားကြိုင်းသော လူနှစ်ယောက်က ဒေါက်တာကောင်းကို နောက်ခန်းအလယ်တွင် ညှပ်ထည့်ထားလိုက်ကြသည်။
ဘေးလူဆီမှ ထွက်ပေါ်နေသော ဆေးနံ့ခပ်ဖျော့ဖျော့ ရလိုက်သဖြင့် ဒေါက်တာကောင်း အကဲခတ်ကြည့်လိုက်ရာ အခြားခရီးသည်များ၏ လည်ပင်းတွင် လူခေါင်းပုံမြွေတက်တူးများ ရှိနေပြီး ခြေကျင်းဝတ်များတွင်လည်း အဝါရောင်မီးလေးများ မှိတ်တုတ်မှိတ်တုတ် လင်းနေသည့် သံကွင်းများ စွပ်ထားသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ရဲအရာရှိများ မဟုတ်ကြပေ။ လူမှုရေးဖောက်ဖျက်မှု ပြုပြင်ထိန်းသိမ်းရေးစခန်းတွင် ချုပ်နှောင်ထားသင့်သည့် လူနာများသာ ဖြစ်ကြသည်။
အခြားလူနာများနှင့်မတူသည်က ဤလူများသည် နေမကောင်းဖြစ်နေ၍ အချုပ်ခံထားရခြင်း မဟုတ်ဘဲ ပြင်းထန်သောအကြမ်းဖက်လိုစိတ်၊ အစွန်းရောက်သော စိတ်နေစိတ်ထားနှင့် အလွန်အမင်း ရန်လိုတတ်သောကြောင့် ဖမ်းဆီးခံထားရသူများ ဖြစ်သည်။
“လျှောက်ကြည့်မနေနဲ့”
အရာရှိရွှယ်က နောက်ကြည့်မှန်မှတစ်ဆင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ငါမင်းကို ဘယ်ခေါ်သွားမလဲဆိုတာ မသိချင်ဘူးလား”
“ရဲဆိုရင်တော့ ကျွန်တော့်ကို ရဲစခန်းပဲ ခေါ်သွားရမှာပေါ့ ဟုတ်တယ်မလား”
“ဟဲဟဲ... ဒေါက်တာကောင်း၊ မင်းက အရမ်းတော်တယ်၊ ဒါပေမဲ့ တစ်ခါတလေကျတော့လည်း တော်လွန်းနေတာက ခက်တယ်”
အရာရှိရွှယ်က အနက်ရောင်ခေါင်းစွပ်တစ်ခုကို နောက်ခန်းသို့ လှမ်းပစ်ပေးလိုက်သည်။
“သူ့ကို အုပ်ထားလိုက်”
နာရီဝက်ခန့် ကြာပြီးနောက် ကားရပ်သွား၏။ ဒေါက်တာကောင်းသည် အတော်တော်ဝေးဝေးထိ ဆွဲခေါ်သွားခံရပြီး ကြမ်းတမ်းမာကျောသော ကွန်ကရစ်ကြမ်းပြင်ပေါ်သို့ ပစ်ချခံလိုက်ရသည်။
ခေါင်းစွပ်ကို ချွတ်လိုက်သောအခါ ဒေါက်တာကောင်း၏ မျက်လုံးများက အလင်းရောင်နှင့် အသားကျအောင် အချိန်ယူလိုက်ရသည်။ ပတ်ဝန်းကျင်သည် သန့်ရှင်းတောက်ပသော ရင်ခွဲရုံရိပ်သာလမ်းနှင့် လုံးဝခြားနားနေလေသည်။ အဆောက်အအုံများသည် ဆေးစွဲနေသော မူးယစ်ကုန်သည်များကဲ့သို့ ယိုင်နဲ့နေပြီး အမုန်းတရားများနှင့် ပုံပျက်ပန်းပျက် ဖြစ်နေကာ ပြိုကျတော့မတတ်ပင်။ နေရာသည် ဖော်ပြ၍မရအောင်ပင် ညစ်ပတ်ပေရေနေလေ၏။
“ရင်ခွဲရုံရိပ်သာလမ်းမှာနေတဲ့ မင်းတို့လိုလူတိုင်းက ဒီလို သန့်သန့်ရှင်းရှင်း နေရတာ မဟုတ်ဘူး၊ ဒီလို နေရာမျိုးကမှ လူအများစုရဲ့ တကယ့်လူနေမှုဘဝပဲ”
အရာရှိရွှယ်က ပြတင်းပေါက်နားတွင် ဆေးလိပ်သောက်ရင်း ပြောလိုက်သည်။
“သူတို့ ဘာလို့ ဒီလောက်ဆင်းဆင်းရဲရဲနေနေရလဲ မင်းသိလား၊ ရွှံ့နွံထဲက အပိတ်ခံထားတဲ့ ပိုးကောင်တွေလိုပဲ”
ဒေါက်တာကောင်းက ပြန်မဖြေပေ။ သူသည် သူ့အိတ်ကပ်ထဲရှိ ဆေးကိုသာ ခန္ဓာကိုယ်ဖြင့် ကာကွယ်ထားလိုက်သည်။
“ဘာလို့လဲဆိုတော့ သူတို့က အရမ်းကြင်နာတတ်ပြီး ရိုးအလွန်းလို့ပဲ၊ သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာထဲမှာ နစ်မွန်းနေကြလို့ နောက်ဆုံးမှာ ဒီမြို့ကြီးကို ပုချွန်ကျိုက်လိုကောင်မျိုးတွေလက်ထဲ အပ်လိုက်ရတာ၊ ရဲတွေသာမရှိရင် သူတို့ ဒီရွှံ့နွံထဲမှာတောင် နေရမှာမဟုတ်ဘူး၊ လူသားစည်သွတ်ဗူးတွေ ဖြစ်ကုန်ပြီး အထက်တန်းစားတွေအတွက် အစာတွေ၊ ကစားစရာတွေနဲ့ ချက်ပြုတ်စရာကုန်ကြမ်းတွေ ဖြစ်ကုန်ကြမှာ”
အရာရှိရွှယ်က အပိုင်တွက်ထားသည့် လေသံဖြင့် ပြောပြနေသည်။
“ငါ လူတော်တွေကို မမုန်းပါဘူး၊ ဒါပေမဲ့ ငါမုန်းတာက ငါတော်တယ်ဆိုပြီး တခြားလူတွေရဲ့ ကံကြမ္မာကို ထိန်းချုပ်လို့ရတယ်လို့ ထင်နေတဲ့ကောင်တွေကိုပဲ”
အရာရှိရွှယ်က ဆေးလိပ်ငွေ့တစ်ချက် မှုတ်ထုတ်လိုက်ပြီး ဒေါက်တာကောင်းဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
“မနေ့က ဒေါက်တာပုဟာ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ရဲ့ အတွင်းပိုင်းအရင်းအမြစ်တွေကို အသုံးပြုခဲ့တာ ငါတို့သိလိုက်ရတယ်၊ ပုချွန်ကျိုက်နောက်ကို လိုက်စောင့်ကြည့်နေတဲ့ ရဲတွေက သူတို့ တောအုပ်ထဲကို သွားတာ တွေ့ခဲ့ကြတယ်၊ ဖမ်းဆီးစစ်ဆေးချက်တွေအရ သူတို့က မင်းကို လိုက်ရှာနေတာလို့ သိရတယ်”
“မနေ့ညက ကျွန်တော်ဆေးရုံမှာ တာဝန်ကျနေတာ”
“အလီဘိုင်တစ်ခု ဖန်တီးဖို့ဆိုတာ လွယ်လွန်းပါတယ်၊ မင်းငါ့ကို ပြောရမှာက ပုချွန်ချိုက်က ဘာလို့ မင်းကိုရှာဖို့ တောအုပ်ထဲအထိ သွားရတာလဲဆိုတာပဲ”
သေနတ်တစ်လက် ထွက်ပေါ်လာသည်။ အရာရှိရွှယ်၏လက်ထဲမှ သေနတ်သည် ဆေးဘက်ဆိုင်ရာ ထုံကျင်စေသောသေနတ် မဟုတ်ဘဲ ကျည်ဆန်အစစ်သုံးသည့် သေနတ်ဖြစ်သည်။
“သူက ကျွန်တော့်ကို အဲ့ဒီကို ပို့လိုက်တာ”
“ဘာသွားလုပ်တာလဲ”
“တောအုပ်ရဲ့ အလယ်ဗဟိုမှာရှိတဲ့ လူနာနဲ့ ဦးနှောက်ချင်းချိတ်ဆက်လိုက်ရင် တောအုပ်ကြီး တစ်ခုလုံးကို ထိန်းချုပ်လို့ရနိုင်လို့ပဲ”
ဒေါက်တာကောင်း၏ စကားကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွား၏။ လူမှုရေးဖောက်ဖျက်မှုပြုပြင်ထိန်းသိမ်းရေးစခန်းမှ လူနာများပင် ငြိမ်ကျသွားကြသည်။
တောအုပ်၏ ကြောက်မက်ဖွယ်ကောင်းပုံကို မနေ့ညက သက်သေပြပြီးဖြစ်သည်။ မိမိကိုယ်ကိုယ် အပင်များဟု သတ်မှတ်ထားသော မြို့သားများသည် တောအုပ်တစ်ခုအဖြစ် ပေါင်းစည်းသွားခဲ့ကြသည်။ တစ်ဦးချင်းစီအနေဖြင့် သူတို့သည် နူးညံ့ပြီး အန္တရာယ်မရှိသော သိုးသူငယ်များ ဖြစ်ကြသော်လည်း သူတို့၏ စိတ်ဆန္ဒများ ပေါင်းစည်းသွားသည့်အခါ မယုံနိုင်လောက်အောင် ကြီးမားသောခွန်အားများ ထွက်ပေါ်လာပြီး အရွယ်ရောက်ပြီးသားလူကြီး တစ်ဒါဇင်ကျော်ကို ပြာပင်မကျန်အောင် အလွယ်တကူ နင်းခြေဖျက်ဆီးပစ်နိုင်လေသည်။
“ကျွန်တော့်မတိုင်ခင်က ဒေါက်တာပုဟာ ဥယျာဉ်မှူးရဲ့ ကုသရေးဆရာဝန် ဖြစ်ခဲ့ဖူးတယ်၊ အဲ့ဒီလူက အရာအားလုံးကို ထိန်းချုပ်ချင်တဲ့ စိတ်ဝေဒနာရှင် တစ်ယောက်ပဲ၊ သူ့ကို ချက်ကြိုးတွေနဲ့ ဖုံးလွှမ်းနေတဲ့ မိစ္ဆာကောင်လို့တောင် သတ်မှတ်လို့ရတယ်၊ သူက သူ့ပတ်ဝန်းကျင်က လူတိုင်းနဲ့ အရာတိုင်းကို ထိန်းချုပ်ရတာကို ကြိုက်တယ်”
“ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့မှာ နည်းပြဖြစ်လာပြီးနောက်မှာတောင် သူက အားမရသေးဘူး၊ ပိုကြီးတဲ့ ထိန်းချုပ်မှုမျိုးကို လိုချင်နေတာ၊ ဒါကြောင့် သူက တောအုပ်ကြီးကို မျက်စိကျလာတာပဲ”
ဒေါက်တာကောင်း၏ စကားများကြောင့် အရာရှိရွှယ်မှာ ကျောရိုးထဲအထိ စိမ့်တက်သွားသည်။
“တောအုပ်ကြီးက လေထဲကနေ ပေါ်လာတာမဟုတ်ဘူး၊ သူ့ရဲ့ ဗဟိုချက်မှာ ‘သစ်ပင်’ အားလုံးရဲ့ အတွေးတွေကို ပေါင်းစည်းပေးထားပြီး အားလုံးကို တစ်ခုတည်းအဖြစ် ချိတ်ဆက်ပေးထားတဲ့ ထူးခြားတဲ့ လူနာတစ်ယောက် ရှိတယ်၊ မင်းကသာ သူနဲ့ ဦးနှောက်ချင်းချိတ်ဆက်နိုင်မယ်၊ ဒါမှမဟုတ် ဦးနှောက်ချင်း လဲလှယ်နိုင်မယ်ဆိုရင် တောအုပ်ကြီးကို ထိန်းချုပ်နိုင်ဖို့ အခွင့်အရေး ရှိသွားပြီ”
ဒေါက်တာကောင်းက ကြမ်းပြင်ပေါ်ရှိ ဖုန်မှုန့်များပေါ်တွင် စက်ဝိုင်းတစ်ခု ဆွဲလိုက်ပြီး ဆက်ပြောသည်။
“ဥယျာဉ်မှူးဟာ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ရဲ့ ဦးနှောက်ချိတ်ဆက်ခြင်း ကိရိယာကို သုံးပြီး သေဒဏ်ပေးခံခဲ့ရတာ၊ အဲ့ဒီညက သူ့ဆီက ညွှန်ကြားချက်ရထားလို့ ကျွန်တော်တောအုပ်ထဲကို သွားစုံစမ်းခဲ့တာပဲ၊ ဒါပေမဲ့ သူက ဘာလို့ ကျွန်တော့်ကို နူတ်ပိတ်ချင်နေရလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး”
“ဖြစ်နိုင်တာက မင်းက အများကြီးသိနေလို့နေမှာပေါ့”
ဘေးမှ သန်မာထွားကြိုင်းသော လူကြီးက အရာရှိရွှယ်ကို ရန်မပြုနိုင်စေရန် ဒေါက်တာကောင်း၏ ပုခုံးကို ဖိထားလိုက်သည်။
“ကျွန်တော်ပြောတာတွေ အကုန်လုံး အမှန်တွေပဲ၊ ခင်ဗျားမယုံရင် ကျွန်တော်နဲ့ ဦးနှောက်ချင်း ချိတ်ဆက်ဖို့တောင် ရွေးချယ်လို့ရတယ်၊ ဒီနည်းပညာက အရမ်းအသုံးဝင်ပေမဲ့ ဦးနှောက်ချင်း ခဏခဏ ချိတ်ဆက်ဝေမျှမိရင်တော့ ခင်ဗျား ကိုယ့်လမ်းကိုယ်ပျောက်သွားနိုင်တယ်”
ဒေါက်တာကောင်းသည် သေနတ်နှင့် ချိန်ခံထားရသော်လည်း တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။
အရာရှိရွှယ်သည် သူ့ဆေးလိပ်ကုန်သွားသည်အထိ စဉ်းစားနေမိသည်။ သူသည် ဒေါက်တာကောင်းကို ပြင်းထန်သော နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်ရန်ပြင်ဆင်ပြီး ဤနေရာသို့ ခေါ်လာခဲ့ခြင်း ဖြစ်သည်။
ထိုစဉ် ဖုန်းမြည်သံတစ်ခု ထွက်ပေါ်လာသည်။ အရာရှိရွှယ်က ဖုန်းကို ငုံ့ကြည့်ပြီး လက်ခံလိုက်သည်။
ဖုန်းထဲမှ အမျိုးသားနှစ်ဦး၏ ဒေါသတကြီးအော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ ရှင်းလုရဲတပ်ဖွဲ့မှာ လူအင်အား မလောက်မငဖြစ်နေပြီး မနေ့ညက အဖွဲ့နှစ်ဖွဲ့လုံး ပျောက်ဆုံးသွားခဲ့ရာ ကွန်မန်ဒါဖြစ်သော အရာရှိရွှယ်တွင်သာ တာဝန်အရှိဆုံး ဖြစ်နေသည်။ ထို့ထက် ပိုအရေးကြီးသည်မှာ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့၏ နည်းပြ ပုချွန်ကျိုက်နှင့် အတွင်းဝန်ထမ်းများစွာ ပျောက်ဆုံးနေခြင်းက နှစ်ဖက်အကြား တင်းမာနေသော ဆက်ဆံရေးကို ပိုမိုဆိုးရွားသွားစေခြင်းပင်။
“ပုချွန်ကျိုက် ပျောက်နေတယ်”
“အကောင်းဆုံးရလဒ်ကတော့ သူအပြစ်ပေးခံရမှာကြောက်လို့ ထွက်ပြေးသွားတာပေါ့”
ဒေါက်တာကောင်းက သူ့ဘာသာရေရွတ်နေသကဲ့သို့ ပြောလိုက်သည်။
“အဆိုးဆုံးရလဒ်ကတော့ သူဟာ မနေ့ညက တောအုပ်ရဲ့ ဗဟိုချက်နဲ့ ဦးနှောက်ချင်းချိတ်ဆက် ဝေမျှတာကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပြီ၊ အခုဆိုရင် သူကိုယ်တိုင်က အဲ့ဒီတောအုပ်ကြီး ဖြစ်နေပြီဆိုတာပဲ”
“အရင်က အန္တရာယ်မရှိဘဲ ငြိမ်သက်နေတဲ့တောအုပ်ကြီးက မနေ့ညကမှ ရုတ်တရက် သောင်းကျန်းလာပြီး လူတွေအများကြီးကို ဝါးမျိုပစ်လိုက်တာ၊ အပြောင်းအလဲက အရမ်းမြန်လွန်းတော့ တစ်ခုခုကို သံသယမဝင်ဘဲနေဖို့ခက်တယ်”
ဒေါက်တာကောင်းသည် မနေ့ညက တောအုပ်ထဲတွင် သူကိုယ်တိုင် တပ်ဆင်ခဲ့သော သတိပေးကိရိယာများနှင့် သေနတ်သံများအကြောင်း၊ သူ့အဖေအကြောင်းတို့ကိုမူ တစ်လုံးမှ မဟခဲ့ပေ။ သို့သော် တောအုပ်ကြီးသောင်းကျန်းမှုနောက်ကွယ်တွင် သူ့အဖေ ပါဝင်ပတ်သက်နေလိမ့်မည်ဟု သူ တိတ်တဆိတ် သံသယဝင်မိသည်။
ဒေါက်တာကောင်းနှင့် မတူသည်က အရာရှိရွှယ်တွင် စဉ်းစားစရာကိစ္စများစွာ ရှိနေခြင်းပင်။ ရှင်းလုသည် အလွန်ထိရှလွယ်သော ဟန်ချက်တစ်ခုကို ထိန်းထားရခြင်းဖြစ်ရာ တောအုပ်ကြီး၏ ထွက်ပေါ်လာမှုက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ခြေ ရှိနေလေသည်။
ဥယျာဉ်မှူး၏ အမြင်ရှုထောင့်အရဆိုလျှင် တောအုပ်ကို ဖြစ်တည်စေသော သစ်ပင်များသည် သက်ရှိလူသားများ ဖြစ်ကြသည်။ သို့သော်လည်း ရှင်းလုတွင် နေထိုင်သူများအတွက်မူ ၎င်းတို့မှာ အထိန်းအကွပ်မဲ့စွာ ကြီးထွားလာနေသော သစ်ပင်အုပ်စုကြီးတစ်ခုမျှသာ ဖြစ်ပေတော့သည်။