← Chapters

အခန်း (၈၄၅-၈၄၆)

Vol. 58 Ch. 845-846

အခန်း (၈၄၅-၈၄၆)

Vol. 58 Ch. 845-846

အပိုင်း (၈၄၅) တရားမျှတမှုအတွက်

ဖုန်းထဲမှ တစ်ဖက်လူ၏အသံက အရာရှိရွှယ်ကို အမြန်ပြန်လာရန် တိုက်တွန်းနေသည်။ အမှန်တရားကို ထာဝရ ဖုံးကွယ်ထား၍မရနိုင်ပေ။ ယမန်နေ့ညက ဖြစ်ရပ်များသည် နောက်ဆုံးတွင် လူသိရှင်ကြား ပေါက်ကြားသွားခဲ့ပြီ ဖြစ်သည်။

အရာရှိရွှယ်အနေဖြင့် သူ့ရာထူးကို မဆုံးရှုံးချင်လျှင် အပြစ်ကို တစ်စုံတစ်ယောက်အပေါ် ပုံချရန် လိုအပ်ပေသည်။ ပျောက်ဆုံးနေသော ဒေါက်တာပုမှာ အကောင်းဆုံး ရွေးချယ်စရာပင်။ အထူးသဖြင့် ရဲတပ်ဖွဲ့နှင့် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့တို့မှာ အမြဲတမ်း အဆင်မပြေဖြစ်နေကြသည် မဟုတ်ပါလား။

“အရာရှိရွှယ်... ဒေါက်တာပုရဲ့ အစီအစဉ်က အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ကိုတော့ မဖြစ်မနေ တားဆီးမှရမယ်၊ ခင်ဗျားရဲ့ ရန်သူအစစ်က သူတို့ပဲ၊ သူတို့က ကျင့်ဝတ်အသစ်ဆိုတဲ့ခေါင်းစဉ်နဲ့ ရှင်းလုရဲ့ စည်းမျဉ်းတွေကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေတဲ့ အရူးတွေပဲ၊ သူတို့က တရားရေးစနစ်ထဲကနေ အာဏာကို မတရားရယူချင်နေကြတာ၊ တစ်နေ့ကျရင် သူတို့သာ တောအုပ်ကြီးကို တကယ်ထိန်းချုပ်သွားနိုင်ရင် ခင်ဗျားတို့ သူတို့ကို ဘယ်လိုမှ ယှဉ်နိုင်တော့မှာ မဟုတ်ဘူး”

ဒေါက်တာကောင်းက အလေးအနက် တိုက်တွန်းလိုက်သည်။ သို့သော်လည်း အရာရှိရွှယ်တွင် သူ့ကိုယ်ပိုင် စဉ်းစားချက်များ ရှိနေခဲ့သည်။

“မင်း ဒီမှာပဲနေခဲ့၊ ငါ့သတင်းကို စောင့်နေပါ”

အရာရှိရွှယ်သည် ယိုင်နဲ့နေသော အဆောက်အအုံထဲမှ ထွက်လာပြီး ညစ်ပတ်ပေရေနေသော အိမ်ရာဝင်းထဲ လျှောက်လှမ်းသွားလိုက်သည်။သူ့ဖုန်းထဲမှ မက်ဆေ့ချ်များကို စစ်ဆေးလိုက်သည်။

သူသည် လုံးဝဥဿုံ လူကောင်းတစ်ယောက်မဟုတ်သလို လုံးဝဆိုးသွမ်းသော လူယုတ်မာတစ်ယောက်လည်း မဟုတ်ပေ။ သူသည် သူယုံကြည်ထားသော စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရန်သာ စွဲကိုင်ထားပြီး သူမှန်ကန်သည်ဟု ယူဆသော တရားမျှတမှုအတွက်ဆိုပါက ဘာမဆိုပေးဆပ်ရန် ဝန်မလေးသူဖြစ်သည်။သူသည် သူ့ရည်မှန်းချက် အောင်မြင်ရန်အတွက်လည်း မည်သည့်နည်းလမ်းကိုမဆို သုံးမည့်လူစားမျိုး ဖြစ်သည်။

အရာရှိရွှယ်၏ အတိတ်မှတ်ဉာဏ်များမှာ ဝေဝါးနေသည်။ သူငယ်စဉ်က ဤနေရာထက် အဆပေါင်း ရာနှင့်ချီ၍ ဆိုးရွားသော နေရာတစ်ခုတွင် နေထိုင်ခဲ့ရသည်ကို မရေမရာမှတ်မိနေသည်။ သူတို့သည် အသက်ရှင်သန်ရန်အတွက် တစ်ဦးကိုတစ်ဦး ဝါးမျိုခဲ့ကြရ၏။ ဖယောင်းတိုင်မီး အလင်းရောင်ကလေး တစ်စက်အတွက်ပင် အသေအလဲ တိုက်ခိုက်ခဲ့ကြရသည်။ နောက်ဆုံးတွင် မိသားစု ၁၃ စုသာ ကျန်ရစ်ခဲ့ကြသည်။ ထိုမိသားစုများက စည်းမျဉ်းများကို သတ်မှတ်ခဲ့ကြပြီး ၎င်းကပင် သူတို့၏ မျိုးဆက်ကို ဆက်လက်ရှင်သန်စေခဲ့ခြင်း ဖြစ်သည်။

“သူတို့တွေအားလုံး ဇာတ်တူသားစားတဲ့သူတွေရဲ့ မျိုးဆက်တွေ ဖြစ်နေစေဦးတော့... စည်းမျဉ်းတွေကို လိုက်နာနေသရွေ့တော့ သူတို့ဟာ ယဉ်ကျေးမှုဆိုတဲ့ဝတ်ရုံကို ဆင်မြန်းနိုင်ပြီး မိုးမလင်းခင်မှာ ဘဝသစ်ကို စတင်နိုင်ကြမှာပဲ”

“ဒါပေမဲ့ ဘယ်သူမဆို သူတို့ကို ဖြုတ်ချချင်တယ်ဆိုရင်တော့ နာကျင်စရာကောင်းတဲ့ တန်ဖိုးတစ်ခု ပေးဆပ်ရလိမ့်မယ်”

ကျန်ရှိနေသော မိသားစု ၁၃ စုထဲမှ မိသားစုတစ်စုမှာ စည်းမျဉ်းဖောက်ဖျက်မှုကြောင့် အခြားသူများ၏ သုတ်သင်ခြင်းခံခဲ့ရသည်ကို အရာရှိရွှယ်မှတ်မိနေသည်။ သွေးမြစ်ထဲတွင် ဦးခေါင်းများ ပြတ်ကျနေခဲ့ပြီး ထိုသွေးနီရောင်များသည် လမ်းဘေးရှိ ပန်းပွင့်များနှင့် ပျံသန်းနေသော လိပ်ပြာများကိုပင် စွန်းထင်းစေခဲ့သည်။

ရဲစခန်းသို့ ပြန်ရောက်သောအခါ အရာရှိရွှယ် ကားပေါ်မှပင် မဆင်းရသေးမီ လမ်းကို ဝိုင်းထားသော သတင်းထောက်များကို တွေ့လိုက်ရသည်။ ၎င်းမှာ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့၏ ထုံးစံအတိုင်းပင်။ အသံကျယ်ကျယ် အော်နိုင်သူကသာ အမှန်ဖြစ်သည်ဟူသော ပုံစံမျိုးသာ။

ယာဉ်မောင်းနှင့် အပေါ်အင်္ကျီချင်း လဲလှယ်ဝတ်ဆင်ပြီးနောက် အရာရှိရွှယ်က ဘေးတံခါးမှတစ်ဆင့် ရဲစခန်းထဲသို့ တိတ်တဆိတ် ဝင်သွားလိုက်သည်။ သူ၏အထက်လူကြီးများက ဒေါသထွက်နေကြပြီး အဖွဲ့ခေါင်းဆောင် အချို့မှာလည်း အဆူခံနေရသည်ကို တွေ့လိုက်ရသည်။

“ဟေး... ငါတို့ရဲ့ သူရဲကောင်းကြီး ပြန်လာပြီပဲ၊ လာပါ၊ ထိုင်ပါဦး”

ရဲချုပ်မှာ သပ်ရပ်သော ယူနီဖောင်းကို ဝတ်ဆင်ထားသည်။ သူ့လည်ပင်းတွင် မီးလောင်ဒဏ်ရာ အမာရွတ်များ ရှိနေပြီး ညာဘက်လက်မှာ တံတောင်ဆစ်အောက်ပိုင်းမှစ၍ စက်ရုပ်လက်တု တပ်ဆင်ထား၏။ သူ၏ဘယ်ဘက်လက်မှာမူ ဇီဝလက်တုဖြစ်သည်။ သူ့ရင်ဘတ်အောက်ပိုင်းမှ အရေပြားများကလည်း အရောင်အမျိုးမျိုးကွဲပြားနေပြီး အမာရွတ်မျိုးစုံကို မြင်နေရလေသည်။

ဤ ရှင်းလုမြို့တော်၏ ရဲချုပ်သည် နာကျင်မှုကိုမသိသလို စိတ်ပိုင်းဆိုင်ရာပူပန်မှုကိုလည်း မခံစားရသူ ဖြစ်သည်။ မည်မျှအန္တရာယ်ရှိသော အခြေအနေမျိုးတွင်မဆို သူသည် အမြဲတမ်း ပထမဦးဆုံး ပြေးဝင်တတ်သူ ဖြစ်သည်။ သူသည် အသက် ၄၀ သာ ရှိသေးသော်လည်း စစ်ဆင်ရေးပေါင်းများစွာတွင် ပါဝင်ခဲ့ဖူးပြီး သေနတ်ဒဏ်ရာ ၄ ချက် ရခဲ့ဖူးသည်။ တစ်ခါက သူသည် ရဲဘော်ရဲဘက်များကို ကယ်တင်ရင်း သူခိုးဓားပြများ၏ ဖမ်းဆီးနှိပ်စက်မှုကို ခံခဲ့ရသော်လည်း မည်သည့်လျှို့ဝှက်ချက်ကိုမှ ထုတ်မပြောခဲ့ပေ။ သူ့လည်ပင်းမှ ဒဏ်ရာသည် မီးဘေးတွင် လူကယ်ရင်း ရခဲ့ခြင်းဖြစ်ပြီး လက်နှစ်ဖက်မှာမူ ဗုံးဖြုတ်ရင်း ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးသည် ဒဏ်ရာများဖြင့် ပြည့်နှက်နေသော်လည်း ထိုဒဏ်ရာတစ်ခုချင်းစီမှာ စကားမပြောတတ်သော ဂုဏ်ထူးဆောင်တံဆိပ်များပင် ဖြစ်ကြသည်။

“ရဲချုပ်၊ ဘာလို့ ကိုယ်တိုင်ရောက်လာတာလဲ”

“ငါ့ညီအစ်ကိုတွေရဲ့ ဝိညာဉ်တွေက ငါ့နားထဲမှာ အမြဲအော်ဟစ်နေကြတယ်၊ သူတို့ရဲ့ အလောင်းတွေကို လာသိမ်းပေးပါဦးဆိုပြီး တောင်းပန်နေကြတယ်”

ရဲချုပ်က ဒေါသတကြီးဖြင့် အရာရှိရွှယ်၏ အင်္ကျီကော်လံကို ဆွဲဆုပ်ကာ ထိုင်ခုံပေါ်သို့ တွန်းချလိုက်သည်။

“ပြောစမ်း၊ အခြေအနေကို သေချာမလေ့လာဘဲ မင်းရဲ့ ညီအစ်ကိုတွေကို ဘာလို့ တောအုပ်ထဲ လွှတ်လိုက်တာလဲ”

ရဲအရာရှိ အတော်များများ ပျောက်ဆုံးနေပြီး ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ကလည်း ထိုအချက်ကို အကြောင်းပြကာ အရာအားလုံးကို ရဲတပ်ဖွဲ့အပေါ် အပြစ်ပုံချနေခြင်းဖြစ်သည်။ အရာရှိရွှယ်သာ အလျှော့ပေးလိုက်ပါက သူသည် အရာအားလုံးတာဝန်ခံရမည့်အပြင် အလုပ်လည်း သေချာပေါက် ပြုတ်ပေလိမ့်မည်။

ဥယျာဉ်မှူးအမှုကို စုံစမ်းစစ်ဆေးစဉ်ကတည်းက အရာရှိရွှယ်သည် ယုတ္တိမတန်သော အချက်များစွာကို တွေ့ရှိခဲ့ပြီး ဤကမ္ဘာကြီးအပေါ် သူ့သံသယများ ပိုမိုနက်ရှိုင်းလာခဲ့သည်။ ယခုကား အလွန်အရေးကြီးသော အခိုက်အတန့်ဖြစ်သည်။ အကယ်၍ သူအလုပ်ပြုတ်ပြီး ထောင်ထဲရောက်သွားမည်ဆိုပါက သူလုံးဝ လက်ခံနိုင်မည်မဟုတ်ပေ။

အသေအချာစဉ်းစားပြီးနောက် အရာရှိရွှယ်သည် အမှန်တရားအားလုံးကို မပြောတော့ဘဲ အပြစ်ကို ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ဘက်သို့ ပုံချရန် ဆုံးဖြတ်လိုက်သည်။

“ကျုပ် လူလွှတ်စုံစမ်းကြည့်တော့ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ရဲ့ နည်းပြ ပုချွန်ကျိုက်ဟာ ဦးနှောက်ချိတ်ဆက်တဲ့ကိရိယာကိုသုံးပြီး တောအုပ်ရဲ့ ဗဟိုချက်မှာရှိနေတဲ့ လူနာနဲ့ ဦးနှောက်ချင်း လဲလှယ်ဖို့ ကြိုးစားနေတာကို သိရတယ်၊ ဒါဟာ တောအုပ်ကြီးတစ်ခုလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ၊ အရူးတစ်ယောက်က တောအုပ်ကြီးကို ထိန်းချုပ်သွားရင် ဘာဖြစ်လာမလဲဆိုတာ ဆရာသိမှာပါ၊ အဲ့ဒီတောအုပ်က မြို့တော်တစ်ခုလုံးကို ဝါးမျိုသွားတဲ့အထိ ဆက်ပြီး ကြီးထွားလာလိမ့်မယ်၊ ရှင်းလုမှာ သက်ရှိဆိုလို့ ဘယ်သူမှကျန်တော့မှာမဟုတ်ဘဲ အားလုံး သစ်ပင်တွေ ဖြစ်ကုန်ကြလိမ့်မယ်”

အရာရှိရွှယ်၏ စကားများသည် ရဲအရာရှိများအတွက် မျှော်လင့်မထားသော အချက်ဖြစ်နေသည်။ တောအုပ်သည် ရှင်းလုတွင် အလွန်ထိရှလွယ်သော ခေါင်းစဉ်တစ်ခုဖြစ်ပြီး ပတ်သက်ဆက်နွှယ်မှုများစွာ ရှိနေပေသည်။

“ရဲချုပ်၊ တောအုပ်က အရမ်းအန္တရာယ်များပါတယ်၊ မနေ့ညက မျက်စိတစ်မှိတ်အတွင်း ကျုပ်တို့ ညီအစ်ကိုတွေအများကြီးကို ဝါးမျိုသွားခဲ့တယ်၊ ဒါဟာ ပြဿနာက ဘယ်လောက်ကြီးနေလဲဆိုတာ ပြနေတာပဲ မဟုတ်လား”

“ပုချွန်ကျိုက်ရဲ့ အစီအစဉ်ကို မင်းဘယ်လိုသိတာလဲ”

“ကျုပ်မှာ သတင်းပေးတစ်ယောက် ရှိပါတယ်”

အရာရှိရွှယ်က ခေတ္တတုံ့ဆိုင်းသွားပြီးနောက် ရဲချုပ်ကို အချက်ပြလိုက်သည်။ ဘေးမှ အရာရှိများ တစ်ပြိုင်နက်ထွက်သွားကြပြီး ရုံးခန်းတံခါးကို ပိတ်လိုက်ကြရာ အဖွဲ့ခေါင်းဆောင် အနည်းငယ်သာ ကျန်ရစ်တော့သည်။

“ပြော”

“ဥယျာဉ်မှူးအမှုရဲ့ သက်သေ ဒေါက်တာကောင်းဟာ ပုချွန်ကျိုက်နဲ့ ဆေးရုံတစ်ခုတည်းက လုပ်ဖော်ကိုင်ဖက်တွေပါ၊ သူက ပုချွန်ကျိုက်ဆီကနေ ဥယျာဉ်မှူးရဲ့ ကုသမှုကို လွှဲပြောင်းယူခဲ့သူလည်း ဖြစ်ပါတယ်၊ ကျုပ်က သူ့ကို ပုချွန်ကျိုက်နဲ့ တိတ်တဆိတ် ဆက်သွယ်ခိုင်းပြီး ကိုယ်ကျင့်တရားလေ့လာရေးသိပ္ပံကျောင်းကို လွှတ်ခဲ့တယ်၊ ပြီးတော့ သူ့ကို ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ထဲ ဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်...”

“ခဏလေး”

အဖွဲ့ခေါင်းဆောင်တစ်ဦးက အရာရှိရွှယ်၏ စကားကို ဖြတ်ပြောလိုက်သည်။

“ငါသိသလောက်တော့ ဒေါက်တာကောင်းက ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ဝင် မဟုတ်ပါဘူး”

“အဆင့်ဆင့် လုပ်ဆောင်နေတုန်းပါပဲ၊ ကျုပ်တို့ ပုချွန်ကျိုက်ရဲ့ ယုံကြည်မှုကိုရအောင် အများကြီး ကြိုးစားခဲ့ရတယ်၊ ဒေါက်တာကောင်းကနေတစ်ဆင့် ပုချွန်ကျိုက်ဆီကနေ ဒီအချက်ကို သိခဲ့ရတာပါ”

အရာရှိရွှယ်သည် အရာအားလုံး အစီအစဉ်အတိုင်း ဖြစ်နေသကဲ့သို့ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“တောအုပ်ရဲ့ ဗဟိုချက်နဲ့ ဦးနှောက်ချင်းချိတ်ဆက်တာလား... ဒါက ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့က လုပ်လေ့လုပ်ထရှိတဲ့ ပုံစံမျိုးပဲ”

ရဲချုပ်သည်လည်း ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ကို သဘောမကျပေ။

“ဒေါက်တာပုကို အခုထိ ရှာမတွေ့သေးဘူးလား”

“မတွေ့သေးပါဘူး”

အဖွဲ့ခေါင်းဆောင်တစ်ဦးက ခေါင်းခါပြလိုက်သည်။ သူသည် လက်ထဲမှ စာရွက်စာတမ်းများကို ဖွင့်ကြည့်ရန် စိတ်ကူးမရှိသလို ကိုင်ဆောင်ထားသည်။

“ရဲချုပ်၊ ပုချွန်ကျိုက် ဘယ်မှာလဲဆိုတာ အရေးမကြီးပါဘူး၊ အရေးကြီးတာက သူဟာ တောအုပ်ရဲ့ ဗဟိုချက်နဲ့ ဦးနှောက်ချင်းချိတ်ဆက်လိုက်ပြီး တောအုပ်ရဲ့ စုပေါင်းအသိစိတ်မှာ ဦးနှောက်အသစ်တစ်ခု ဖြစ်သွားပြီလို့ ကျုပ်တို့ အခိုင်အမာ ယုံကြည်နေဖို့ပဲ၊ ဒီနည်းနဲ့မှ လူထုရဲ့ အမြင်ကို ပြောင်းလဲနိုင်မှာ၊ ဒီကောင်တွေဟာ မကောင်းဆိုးဝါးတွေပဲဆိုတာ ပြည်သူတွေ သိသွားကြလိမ့်မယ်၊ သူတို့ဟာ ပြည်သူတွေရဲ့ ကျင့်ဝတ်နဲ့ လူမှုစည်းကမ်းတွေကို ကြီးကြပ်ဖို့ မထိုက်တန်ဘူးဆိုတာကိုပေါ့”

ရှင်းလုရဲတပ်ဖွဲ့သည် မည်သည့်အခါမျှ မဟုတ်မမှန် လုပ်ကြံခြင်း မပြုလုပ်ပေ။ သူတို့သည် လိုအပ်သော ရလဒ်များရရှိရန်အတွက်သာ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ကြခြင်း ဖြစ်သည်။

“ဟုတ်တယ်၊ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့တွေက နယ်ကျွံလာတာ အရမ်းများနေပြီ၊ သူတို့ကို ကန့်သတ်ပစ်ရမယ်”

“ဒီကိစ္စကို ငါတို့ကို ပြန်တိုက်ခိုက်ဖို့ လက်နက်အဖြစ် အသုံးချခွင့်မပေးနိုင်ဘူး”

“ငါတို့ ညီအစ်ကိုတွေ အများကြီး ဆုံးရှုံးခဲ့ရပြီးပြီ၊ သူတို့ရဲ့ သေဆုံးမှုက အလကားမဖြစ်စေရဘူး”

လူတိုင်းက ဆူညံစွာ ဝိုင်းဝန်းပြောဆိုနေကြသော်လည်း ရဲချုပ်မှာမူ တိတ်ဆိတ်နေပြီး ရုံးခန်းထဲရှိ ရှုပ်ပွနေသောအခြေအနေနှင့် စားပွဲပေါ်မှ ဒေါက်တာကောင်း၏ ဖိုင်ကိုသာ စိုက်ကြည့်ရင်း အတွေးနက်နေလေသည်။

“ရဲချုပ်၊ အခြေအနေကို လိုက်လျောညီထွေဖြစ်အောင်လုပ်ရင်းနဲ့ ကျုပ်ရဲ့ သတင်းပေးကို ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ထဲ ထည့်လိုက်ရင်ရော ဘယ်လိုလဲ၊ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့က ဘာအမှားမှ မလုပ်ခဲ့ရင်တောင် ဒေါက်တာကောင်းကို သုံးပြီး သူတို့မှာ အပြစ်ရှိတယ်ဆိုတာကို ခိုင်မာအောင် လုပ်လို့ရပါတယ်”

အရာရှိရွှယ်သည် တရားမျှတမှုအတွက်ဆိုလျှင် ဒေါက်တာကောင်းကိုပါ စတေးရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။

အပိုင်း (၈၄၆) လူရှစ်ယောက်

အရာရှိရွှယ် စိတ်လှုပ်ရှားနေပြီး သူ့လူများ ဒေါက်တာကောင်းကို သတ်လိုက်ရမည်ကို စိုးရိမ်နေခဲ့သည်။ ရဲစခန်းတွင် အစည်းအဝေးပြီးသည်နှင့် သူသည် ဒေါက်တာကောင်းထံသို့ ချက်ချင်း ဖုန်းဆက်လိုက်တော့သည်။

“ခေါင်းကြီး... သူ အသက်ရှူနေသေးလား”

အရာရှိရွှယ်သည် သူ့လူများအကြောင်းကို ကောင်းကောင်းသိသည်။ သူတို့အားလုံးမှာ ပြုပြင်ထိန်းသိမ်းရေးစခန်းမှ သူကိုယ်တိုင် ခေါ်ထုတ်လာခဲ့သည့် အကြမ်းဖက်သမားများဖြစ်ပြီး သူ့အမိန့်ကိုသာ နာခံကြသူများ ဖြစ်သည်။

“ဆရာ... ဒီလူက ပုံမှန်မဟုတ်ဘူး၊ မြန်မြန်ပြန်လာကြည့်ပါဦး”

မိနစ် ၄၀ ခန့် မောင်းရမည့်လမ်းကို အရာရှိရွှယ်က မိနစ် ၂၀ နှင့် ရောက်အောင် မောင်းနှင်လိုက်သည်။ သူသည် ယိုင်နဲ့နေသော အဆောက်အအုံထဲသို့ ပြေးဝင်သွားရာ သူ့လူများမှာ ဘေးတွင် ဝိုင်းရပ်နေကြသည်ကို တွေ့လိုက်ရသည်။ အခန်းထဲတွင် အနံ့အသက်များ အလွန်ဆိုးရွားနေပြီး အိမ်ရာဝင်းအတွင်းရှိ နေထိုင်သူအချို့မှာလည်း တစ်စုတစ်ဝေးတည်း ရောက်ရှိနေကြသည်။ ဒေါက်တာကောင်းမှာမူ ထိုလူများကြားတွင် ရပ်နေလေ၏။

“ဘာဖြစ်တာလဲ”

“ဆရာထွက်သွားပြီး သိပ်မကြာခင်မှာပဲ ဒီမှာနေတဲ့လူတွေက ကျုပ်တို့ဆီ အစားအစာ လာတောင်းကြတယ်၊ ကျုပ်တို့ သူတို့ကို မောင်းထုတ်လိုက်တော့ ကလေးတစ်ယောက် လှေကားပေါ်ကနေ လိမ့်ကျသွားတာ”

ခေါင်းကြီးဟု ခေါ်သော လူထွားကြီးက လက်ထိပ်များကို ကိုင်ထားရင်း ပြောသည်။

“အဲ့ဒီကလေးကို သူကုပေးနေတာပါ”

“သူ့လက်ထိပ်ကို ဖြုတ်ပေးဖို့ မင်းကိုဘယ်သူပြောခဲ့လို့လဲ”

အရာရှိရွှယ်က ခေါင်းကြီးကို ဘေးသို့ တွန်းဖယ်လိုက်ပြီး လူအုပ်ကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ဒေါက်တာကောင်းသည် လူအုပ်ကြီး၏ ဝိုင်းရံခြင်းခံထားရသော်လည်း သူတို့ထံမှ ထွက်ပေါ်နေသော ရွှံ့နံ့နှင့် အပုပ်နံ့များကို ဂရုမစိုက်ပေ။ သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကောင်လေး၏ ဒဏ်ရာများကို စိတ်ရှည်လက်ရှည်ပတ်တီးစည်းပေးနေပြီး ပြတ်လုနီးပါးဖြစ်နေသော လက်မောင်းကိုလည်း ပြန်ဆက်ပေးနေ၏။

“မာသာထရီဆာဂိမ်း ပြီးပြီ”

အရာရှိရွှယ်က ဒေါက်တာကောင်းကို ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူအနားသို့ တိုးသွားသည်နှင့် ပုံမှန်ဆိုလျှင် သူရဲဘောကြောင်ပြီး အတ္တကြီးလှသော အိမ်ရာဝင်းအတွင်းရှိ နေထိုင်သူများမှာ သူတို့လက်ထဲရှိ တံမြက်စည်းများ၊ ဖန်ကွဲစများ၊ ခဲလုံးများကိုကိုင်ကာ အရာရှိရွှယ်ကို ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။

“ဒီဆင်းရဲသားတွေကို မင်းဘာလုပ်လိုက်တာလဲ၊ စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုလား၊ ဟစ်ပ်နိုဆစ် (Hypnosis) လား၊ စိတ်ကို ထိန်းချုပ်လိုက်တာလား”

အရာရှိရွှယ် ရပ်တန့်သွားသည်။ သူသည် အားနည်းသူများအား အမြတ်ထုတ်ခြင်းကို အမုန်းဆုံး ဖြစ်သည်။

“ကျွန်တော်က အသက်ကယ်နေတာပါ”

ဒေါက်တာကောင်းက ခေါင်းမော့မကြည့်ဘဲ ပြောလိုက်သည်။

“ခင်ဗျားတို့က သာတူညီမျှမြို့ကြီးကို တည်ဆောက်ထားတယ်လို့ ကြွေးကြော်နေပေမဲ့ တကယ်တမ်းကျတော့ သူတို့ကို ပစ်ထားပြီး ကိုယ့်ဖာသာကိုယ် ရုန်းကန်ခိုင်းနေတာပဲ”

“သူတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားချက်က အရမ်းကြီးလွန်းတယ်၊ ငါတို့သာ ဒီလိုမလုပ်ပေးရင် သူတို့တွေဟာ အထက်တန်းစားတွေရဲ့ ကျွန်တွေ ဖြစ်ကုန်ကြလိမ့်မယ်၊ အခုလိုမျိုးပေါ့၊ မင်းလည်း မင်းရဲ့ ရှင်သန်မှုနဲ့အာဏာအတွက် သူတို့ကို အသုံးချနေတာမဟုတ်ဘူးလား”

အရာရှိရွှယ်သည် ကြောင်သူတော်များကို မုန်းတီးသည်။ သူသည် ညဉ့်နက်ပိုင်းကို ဖြတ်တောက်ပြီး ရှင်းလုထဲသို့ ကြယ်ရောင်များ ဝင်လာအောင် လုပ်ပေးချင်သည့် ထက်ရှသော ကတ်ကြေးတစ်စုံကဲ့သို့ လူစားဖြစ်သည်။

“လူတိုင်းမှာ ကိုယ့်ကံကြမ္မာကိုယ် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ ဘယ်လိုဘဝမျိုးနဲ့ ရှင်သန်မလဲဆိုတာ သူတို့အပေါ်မှာပဲ မူတည်တယ်၊ အဲ့ဒါမှ တကယ့်လွတ်လပ်မှုနဲ့ ရှင်သန်ခြင်းပဲ”

“ကြားဝင်ကူညီတာက ကျွန်ပြုတာမဟုတ်ဘူး၊ ငါက တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာကို ထိန်းချုပ်မှာ မဟုတ်ပေမဲ့ သက်ရှိအားလုံးအတွက် လုံခြုံရေးပိုက်ကွန်အဖြစ်တော့ ဆောင်ရွက်ပေးသွားမှာပဲ”

ဒေါက်တာကောင်းက ကောင်လေး၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။

“ကောင်းပြီ... ကလေးက အဆင်ပြေသွားပါပြီ၊ အားလုံးပဲ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြပါတော့၊ နောက်နောင် တစ်ခုခုနေမကောင်းဖြစ်ရင် လူသားဖြစ်တည်မှုအဝင်ဝဆေးရုံမှာ ငါ့ကို လာရှာလို့ရပါတယ်”

“ဆေးရုံမှာတော့ မင်းကိုတွေ့ရမှာ မဟုတ်တော့ပါဘူး”

အရာရှိရွှယ် အချိန်မဖြုန်းချင်တော့ပေ။ မသက်ဆိုင်သောလူများကို မောင်းထုတ်ပြီးနောက် သူက အဓိကအချက်ကို တဲ့တိုးပြောလိုက်သည်။

“ရဲချုပ်က ဒါကို ဆွေးနွေးပြီးပြီ၊ မင်းကို ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ထဲ ဝင်နိုင်အောင် ကူညီပေးဖို့ ပြင်ဆင်နေတယ်”

“ခင်ဗျားတို့နဲ့ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့က ဆက်ဆံရေးမကောင်းဘူး မဟုတ်လား”

“ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ရဲ့ နည်းပြတွေက ရှင်းလုမှာ အရမ်းလေးစားခံရတဲ့ ပုဂ္ဂိုလ်တွေပဲ၊ ဥပမာ ပုချွန်ကျိုက်ဆိုရင် အမှုကြီးတော်တော်များများကို ဖြေရှင်းပေးခဲ့လို့ ရဲတပ်ဖွဲ့နဲ့ လူထုရဲ့ အားကိုးမှုကို ရထားတဲ့သူ ဖြစ်တယ်၊ မီဒီယာတွေမှာလည်း ခေါင်းစည်းဆောင်းပါးနဲ့ ဖော်ပြခံရတဲ့လူ၊ ပြီးတော့ ဆေးရုံကြီးတစ်ခုရဲ့ ထိပ်တန်းဆရာဝန်လည်း ဟုတ်တယ်၊ ဒါပေမဲ့ သူတောင်မှ လူ့အခွင့်အရေးကော်မတီရဲ့ စာမေးပွဲကိုဖြေပြီး တရားစီရင်ရေးဌာနရဲ့ အသိအမှတ်ပြုမှုကို ရယူရသေးတာပဲ၊ နည်းပြတွေရဲ့ ကြီးကြပ်ပိုင်ခွင့်အာဏာကို ရှင်းလုက ပေးထားတာ၊ ငါတို့ဘက်က တခြားလမ်းကြောင်းတွေကို ပိတ်လိုက်ရင် သူတို့ မင်းကိုပဲ ရွေးချယ်စရာရှိတော့မယ်”

အရာရှိရွှယ်က သူ့လူများကို အချက်ပြကာ သာမန်နေထိုင်သူများကို ပြန်လွှတ်လိုက်သည်။

“မင်းက လူသားဖြစ်တည်မှုအဝင်ဝဆေးရုံကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ခဲ့တယ်၊ ပြီးတော့ ဥယျာဉ်မှူးကိစ္စကိုလည်း သတ္တိရှိရှိ သက်သေထွက်ဆိုခဲ့တယ်၊ နာမည်ဂုဏ်သတင်းအရဆိုရင် မင်းက အပြစ်ပြောစရာ မရှိပါဘူး၊ တခြားကိစ္စတွေအတွက်တော့ မင်းစိတ်ပူမနေနဲ့၊ ငါတို့ပဲ အကုန်စီစဉ်လိုက်မယ်”

“ဒါဆို ကျွန်တော်ဘာလုပ်ပေးရမလဲ”

“ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့နဲ့ တောအုပ်ကြားက ဆက်စပ်မှုကို ရှာပါ၊ အခု အထက်လူကြီးတွေ စိုးရိမ်နေတာ တစ်ခုရှိတယ်၊ အဲ့ဒါက တောအုပ်ဟာ လူလုပ်စိုက်ပျိုးထားတာလား ဆိုတာပဲ”

အရာရှိရွှယ်၏ လူသေကဲ့သို့ အေးစက်သောမျက်နှာတွင် မည်သည့်ခံစားချက်မျှ မတွေ့ရပေ။

“ဘာလုပ်ရမလဲဆိုတဲ့ ညွှန်ကြားချက်ကို စောင့်နေပါ၊ ငါတို့လူတွေ မင်းကို ဆက်သွယ်လာလိမ့်မယ်”

လက်ထိပ်များကို သိမ်းဆည်းလိုက်ပြီး သေနတ်ကိုလည်း ဝတ်စုံအောက်တွင် ဝှက်လိုက်သည်။ အရာရှိရွှယ်၏လုပ်ရပ်များအရ ဒေါက်တာကောင်းမှာ ယာယီအားဖြင့် ဘေးကင်းသွားပြီဖြစ်သည်။

“မင်းကို အရေးကြီးတဲ့ သက်သေတစ်ယောက်အနေနဲ့ ငါတို့ ယာယီကာကွယ်ပေးထားမယ်၊ ဒီအတောအတွင်းမှာ ပြင်ပလူတွေနဲ့ ဆက်သွယ်တာကို တားမြစ်တယ်၊ ဒါက မင်းကို အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးတာလည်း ဖြစ်တယ်”

ဖုန်းကို သိမ်းဆည်းလိုက်နောက် လူထွားကြီးနှစ်ဦးက ဒေါက်တာကောင်းကို ကားထဲ ဝင်ခိုင်းလိုက်သည်။

ကားတံခါးပြန်ပွင့်လာသောအခါ သူသည် ပြတင်းပေါက်မရှိသော အခန်းတစ်ခုထဲသို့ ရောက်ရှိသွား၏။ သူ့ရှေ့တွင် တောင်ငယ်လေးတစ်ခုစာမျှ ပုံနေသော စာရွက်စာတမ်းပုံကြီးတစ်ပုံ ရှိနေလေသည်။

“မင်းမှတ်နိုင်သလောက် မှတ်ထားပါ၊ မင်းမှာ နေ့ခင်းဘက်ပဲ အချိန်ရမယ်”

အရာရှိရွှယ်က သံမဏိတံခါးအထူကြီးကို ပိတ်လိုက်ပြီး ဒေါက်တာကောင်းကို ထိုအခန်းထဲတွင် တစ်ဦးတည်း ထားခဲ့လေသည်။

ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်နေရင်း ဒေါက်တာကောင်း သိပ်မစိုးရိမ်မိပေ။ ရဲတွေက သူ့ဖုန်းကိုသာ သိမ်းသွားခြင်းဖြစ်ပြီး အခြားပုဂ္ဂိုလ်ရေးပစ္စည်းများမှာ သူနှင့်အတူ ရှိနေဆဲဖြစ်သည်။ ဒေါက်တာကောင်းအတွက် ဖုန်းက အရေးမကြီးပေ။ သူ့မှာ မည်သည့်အကူအညီမှလည်း မရှိသည် မဟုတ်ပါလား။ အရေးကြီးဆုံးအရာမှာ သူ့အိတ်ကပ်ထဲရှိ ဆေးထိုးအပ်များနှင့် ဆေးဝါးများသာ ဖြစ်သည်။

ဒေါက်တာကောင်းသည် စာရွက်စာတမ်းများကို စိတ်ဝင်တစား ဖတ်ရှုနေလိုက်သည်။ ထိုစာရွက်စာတမ်းများထဲတွင် ရဲတွေ သူ့ကိုလုပ်ခိုင်းချင်သည့် အရာများ အကုန်ပါဝင်နေ၏။ ရဲတပ်ဖွဲ့သည် လွန်ခဲ့သော အချိန်ကတည်းက ဤစက်ဆုပ်ဖွယ်အမှုများကို ကျူးလွန်သူများမှာ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့နှင့် လူ့အခွင့်အရေးကော်မတီအတွင်းတွင် ပုန်းအောင်းနေကြသည်ဟု သံသယရှိခဲ့ကြခြင်းဖြစ်သည်။ အကြောင်းမှာ ထိုအမှုအခင်းများကြောင့် တရားစီရင်ရေးဌာနကို ယုံကြည်ကိုးစားမှုကျဆင်းသွားသည့်အခါ အကျိုးအမြတ်အများဆုံး ရရှိသူများမှာ ထိုအဖွဲ့အစည်းနှစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။

ရဲတပ်ဖွဲ့သည် သူတို့ကို တိတ်တဆိတ် စုံစမ်းစစ်ဆေးနေခဲ့ခြင်းဖြစ်ပြီး အချက်အလက်အချို့ကိုလည်း စုဆောင်းမိထားကြသည်။

အခြားလူများသာဆိုပါက ရဲတွေက သူတို့ကို မဟုတ်မမှန် လုပ်ကြံနေသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း ဒေါက်တာကောင်းကမူ ထိုသို့မဟုတ်ပေ။ ဤစက်ဆုပ်ဖွယ် အမှုအခင်းများသည် သူနှင့်မကင်းသည်မှာ အသေအချာပင်။ အချို့အမှုများတွင် သူကိုယ်တိုင်ပင် နောက်ကွယ်မှ ပါဝင်ခဲ့သည်ဟုဆိုနိုင်ပြီး သူပြစ်မှုကျူးလွန်နေစဉ်အတွင်း သူ့ကို ကူညီပေးနေသော အင်အားစုအချို့ကိုလည်း သူခံစားမိနေခဲ့သည်။

“ခန့်မှန်းရခက်တဲ့ဖြစ်တည်မှု ၈ ခု၊ သူတို့ တစ်ယောက်စီချင်းက သူ့တို့ရဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာတွေအရ လူအမျိုးမျိုး ဖြစ်လာကြတယ်၊ သူတို့ လုံးဝရူးသွပ်သွားရင်တောင် တစ်ခုတော့ ကျန်နေခဲ့တယ်၊ အဲ့ဒါကတော့ ကံကြမ္မာတောင် ဖျက်ဆီးလို့မရတဲ့ စည်းမျဉ်းတွေပဲ...”

ဒေါက်တာကောင်းက ဘောပင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း သူနောက်တစ်ကြိမ် ထပ်မံ မေ့လျော့တော့မည်ကို ခံစားနေရသည်။

“တစ်ယောက်က တောအုပ်ကိုဖန်တီးခဲ့တယ် ၊ တစ်ယောက်က လူသားစားအိမ်တစ်လုံးဖြစ်လာခဲ့တယ်၊ တစ်ယောက်က အသတ်ခံခဲ့ရပြီး ပြန်ပေါ်လာတယ်၊ တစ်ယောက်က ပျောက်နေတုန်းပဲ ၊ အရာရှိရွှယ်က ဝိညာဉ်တွေကို မြင်နိုင်တယ်၊ဥယျာဉ်မှုးကတော့ အသိစိတ်ရှိနေဖို့နဲ့ ကျိုးကြောင်းဆင်ခြင်မှုရှိနေဖို့ ရွေးချယ်ခဲ့တယ်၊ ကျန်တဲ့နှစ်ယောက်ကတော့ ပြဿနာအများဆုံးပဲ…”

သူ့ခေါင်းကိုထုရိုက်လိုက်သည် ။ပြန်လည်စုဆောင်းမှုတစ်ခုစီတိုင်းသည် သူ့မှတ်ဉာဏ်များကို တဖြည်းဖြည်းလျော့ပါးနေစေလေသည်။

“ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး”

ရူးသွပ်ခြင်းက လူတစ်ယောက်၏ ကျိုးကြောင်းဆင်ခြင်တုံတရားဆိုသည့် ဟန်ဆောင်မှုကို ဖျက်ဆီးပစ်တတ်သည်။ ထိုခန့်မှန်းရခက်သော ဖြစ်တည်မှု ၈ ခုသည် ရှင်းလုတွင် သူတို့ကိုယ်တိုင်ပင် မေ့လျော့နေခဲ့ကြသော သူတို့၏ တကယ့်ပင်ကိုယ်စရိုက်အမှန်များကို ထုတ်ပြလာကြပေလိမ့်မည်။

“သူတို့အားလုံးက လူဆိုးတွေတော့ မဟုတ်ကြပါဘူး၊ ဒါပေမဲ့ သူတို့က ငါ့ရဲ့ ရန်သူတွေ ဖြစ်နေရုံပဲ၊ ငါနဲ့ နံပါတ် ၁ မှာ သူတို့ကို သတ်နိုင်တဲ့အစွမ်းမရှိဘူး၊ ငါတို့ လုပ်နိုင်တာက သူတို့ကို တတ်နိုင်သမျှ အချိန်ဆွဲထားဖို့ပဲ”

စားပွဲပေါ်မှ စာရွက်စာတမ်းများက ဒေါက်တာကောင်းကို ပိုမိုသတိထားမိသွားစေသည်။ ပုံပျက်နေသော စည်းမျဉ်းများနှင့် ရူးသွပ်နေသည့် ဤမြို့တော်ကြီးတွင် ရဲတပ်ဖွဲ့သည် စက်ဆုပ်ဖွယ်အမှုအခင်းများ၏ နောက်ကွယ်မှ အမှန်တရားကို ဖော်ထုတ်နိုင်ခါနီး ဖြစ်နေပြီဖြစ်သည်။ သို့သော် ထိုကိစ္စတွင် လူ့အခွင့်အရေးကော်မတီနှင့် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့တို့ ပါဝင်ပတ်သက်နေသဖြင့် အရာအားလုံးကို လူသိရှင်ကြား ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။

“ဘယ်လိုမှ ဆက်ဖုံးကွယ်ထားလို့ မရတော့ဘူးပဲ၊ ဒီတစ်ခါ ငါသာအဖော်ခံရရင်တောင် သူတို့ ငါ့ကို မကြာခင် ရှာတွေ့သွားကြတော့မယ်”

ဒေါက်တာကောင်းအတွက် ယခုရှိနေသည့် သတင်းကောင်းတစ်ခုမှာ ရဲတပ်ဖွဲ့သည် သူ့တစ်ယောက်တည်းကို တရားစွဲချင်နေခြင်းမဟုတ်ဘဲ လူ့အခွင့်အရေးကော်မတီနှင့် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့တစ်ခုလုံးကိုပါ အမြစ်ပြတ် သုတ်သင်ချင်နေခြင်း ဖြစ်သည်။

သို့သော်လည်း အရာရှိရွှယ်က သူ့ကို ဤအရာများ ပြသရခြင်းသည် သူ့ကို အသက်ရှင်စေချင်သောကြောင့် မဟုတ်သည်တော့ သေချာလှပေသည်။

All Chapters