အခန်း (၈၄၇-၈၄၈)
Vol. 58 Ch. 847-848
အပိုင်း (၈၄၇) ထူးဆန်းထွေလာစားသောက်ဆိုင်
“အရာရှိရွှယ်... သူ ဖိအားစမ်းသပ်ခန်းထဲမှာ အချက်အလက်တွေ လေ့လာနေတာ ခြောက်နာရီတောင် ရှိနေပြီ”
ရဲအရာရှိတစ်ဦးက အရာရှိရွှယ်၏ ရုံးခန်းတံခါးကို လာခေါက်သည်။ သူက ချွေးသုတ်ရင်း အစီရင်ခံလိုက်သည်။
“အဲ့ဒီအခန်းက ပြတင်းပေါက်မရှိဘူး၊ လေထုကလည်း အရမ်းမွန်းကျပ်နေတာ၊ ပြီးတော့ အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေပါ လွှတ်ထားတာတောင် သူ့အပေါ် ဘာသက်ရောက်မှုမှ မရှိသလိုပဲ၊ သူက အရမ်းအာရုံစိုက်နေတာ”
“နားလည်ပြီ၊ စမ်းသပ်မှုကို ရပ်လိုက်တော့၊ အရာရှိချန်ကို သူ့ကို ထမင်းကျွေးဖို့ ခေါ်သွားခိုင်းလိုက်”
“အရာရှိချန်လား”
ထိုရဲအရာရှိက တုံ့ဆိုင်းသွားသည်။
“အရာရှိချန်ပင်းက တားမြစ်ပစ္စည်းတွေ မှောင်ခိုသွင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆိုင်းငံ့ခံထားရတာ မဟုတ်လား”
“မင်းမမေးသင့်တဲ့ မေးခွန်းတွေကို မမေးနဲ့”
အရာရှိရွှယ်က ရှင်းပြမနေတော့ပေ။ ချန်ပင်းသည် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့နှင့် ဆက်ဆံရေးကောင်းမွန်သူဖြစ်သည်။ သူ ရဲစခန်းတွင် ခံခဲ့ရသော မတရားစွပ်စွဲချက်များနှင့် အကွက်ဆင်ခံရမှုများသည် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့အတွင်း အလုပ်လုပ်ဖို့ လွယ်ကူစေရန်အတွက်သာ ဖြစ်သည်။
“ငါတို့ ထပ်ဝင်မစွက်တော့ဘူး၊ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့က သူ့ကို လာခေါ်သွားမယ့်အချိန်ကိုပဲ စောင့်ကြရအောင်”
ဖိအားစမ်းသပ်ခန်း၏ သံမဏိတံခါးကြီးပွင့်လာပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသားရဲအရာရှိတစ်ဦး လျှောက်ဝင်လာသည်။ သူသည် အရာရှိရွှယ်နှင့် ရာထူးအတူတူဖြစ်ပြီး လူတိုင်းနှင့်အဆင်ပြေနေသကဲ့သို့ မျက်နှာက အမြဲတမ်းပြုံးရွှင်နေတတ်သည်။
“မင်္ဂလာပါ၊ ငါ့နာမည် ချန်ပင်းပါ၊ ငါ့မှာ သူတစ်ပါးကို အလိုလိုက်တတ်တဲ့ စိတ်ရောဂါရှိတယ်၊ ငါ့ကို လူကောင်းတစ်ယောက်လို့ သတ်မှတ်ထားလို့ရပါတယ်”
“မိတ်ဆက်ပုံက တော်တော်ထူးဆန်းတာပဲ၊ အလိုလိုက်တတ်တဲ့ စိတ်ရောဂါရှိတဲ့သူက ရဲလုပ်လို့ရလို့လား”
ဒေါက်တာကောင်းသည် လူကောင်းတစ်ယောက်က ရှင်းလုရဲစခန်း၏ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဖြစ်လာနိုင်သည်ဟု မယုံကြည်ပေ။
“မဖြစ်နိုင်တာ မရှိပါဘူး၊ ရှင်းလုရဲ့ လက်ရှိအခြေအနေ အချက်အလက်တွေကို မင်းဖတ်ပြီးပြီမလား၊ အခု လူ့အခွင့်အရေးကော်မတီနဲ့ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့တွေက အရမ်းအာဏာကြီးနေပြီ၊ သူတို့ကို ဒီအတိုင်း လွှတ်ထားပေးလိုက်ရင် ဒီမြို့ကြီး ပျက်စီးသွားလိမ့်မယ်၊ အဲ့ဒီကောင်တွေက အပေါ်ယံကြည့်ရင်တော့ ကြည်ညိုစရာကောင်းပေမဲ့ တကယ်တမ်းကျတော့ အားလုံးက ပုံမှန်မဟုတ်တဲ့ စိတ္တဇအရူးတွေပဲ၊ သူတို့အားလုံးကို စိတ်ကျန်းမာရေးဆေးရုံမှာပဲ ပိတ်ထားသင့်တာ”
ချန်ပင်းက ဒေါက်တာကောင်း၏ ခေါင်းကို အနက်ရောင်ခေါင်းစွပ်ဖြင့် အုပ်ချလိုက်သည်။
“ခင်ဗျားက အရမ်းဒေါသထွက်နေပြီးတော့ ကျွန်တော့်ကိုကျ ဒါကြီးစွပ်ပေးနေတုန်းပဲ၊ ဒါက ရှေ့နောက်မညီဘူးလို့ မထင်ဘူးလား”
“ရဲစခန်းက မင်းအတွက် လမ်းခင်းပေးထားပြီးသားပါ၊ မင်းသာ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မင်းရဲ့အနာဂတ်က တောက်ပနေမှာပါ”
ချန်ပင်းက ဒေါက်တာကောင်းကို စမ်းသပ်ခန်းထဲမှ ခေါ်ထုတ်လာပြီး ကားပေါ်သို့ တက်စေလိုက်သည်။
ခရီးက ရှည်လျားပြီး လမ်းကလည်း ကြမ်းတမ်းလှသည်။ အချိန်အတော်ကြာသွားပြီဟု ခံစားရချိန်တွင် ခေါင်းစွပ်ကို ပြန်ချွတ်လိုက်ရာ ဒေါက်တာကောင်းသည် ဗီလာအိမ်ကြီးတစ်ခု၏ နောက်ဖေးတံခါးဝသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။
“ထူးဆန်းထွေလာစားသောက်ဆိုင်မှ ကြိုဆိုပါတယ်”
သွားများစီတန်းနေသော တံခါးကြီးက ဖြည်းညှင်းစွာ ပွင့်ဟလာ၏။ သစ်ကိုင်းတစ်ခုပေါ်တွင် လျှာအရှည်ကြီးတစ်ခု တွဲလောင်းကျနေလေသည်။ နံရံများတွင် ချောမောလှပသော အမျိုးသား၊ အမျိုးသမီးများ၏ မျက်နှာများကို ကပ်ထားပြီး ကြမ်းပြင်ကြွေပြားကြားများတွင် လက်သည်းများ၊ လက်ချောင်းများဖြင့် ပြည့်နှက်နေလေသည်။ အဝေးမှ ဖွင့်ထားသော ပြတင်းပေါက်တစ်ခုမှာ မျက်လုံးတစ်လုံးကဲ့သို့ဖြစ်နေပြီး ဧရာမပါးစပ်ကြီးတစ်ခုထဲမှ ဆံပင်များဖြင့် ရက်လုပ်ထားသည့် အနက်ရောင်ကော်ဇောကြီးကို ထွေးထုတ်လိုက်သည်။
ကျီးကန်းများက နှာခေါင်းပြတ်များကို ထိုးဆိတ်နေကြပြီး လှပစွာဝတ်ဆင်ထားသော အစေခံများသည် ပန်းပင်များကြားတွင် ရပ်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့မှာ ကြည်လင်နေသော သေတ္တာများထဲတွင် ရှိနေပြီး အစေခံရော၊ အစားအစာပါ ဖြစ်နေပုံရသည်။
တတိယထပ်ရှိ တိုင်ကပ်နာရီကြီးသည် လူ့နှလုံးပုံစံဖြစ်ပြီး ထိုနှလုံးနာရီကြီး မြည်လာသည့်အခါ လူတိုင်းက ဆံပင်ကော်ဇောကြီး၏ အဆုံးသို့ လှမ်းကြည့်လိုက်ကြသည်။
မျက်တွင်းအိမ်များထဲမှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာ၏။ ကြမ်းပြင်ပေါ်တွင် တံတောင်ဆစ်ဖြင့် ထောက်ကာ လဲလျောင်းနေသော အမျိုးသားနှစ်ဦးကို မြင်လိုက်ရသည်။ သူတို့၏ ကျောရိုးများက ချိုင့်ဝင်နေပြီး ခန္ဓာကိုယ်များက ပိန်ချုံးနေကြသည်။ သူတို့မျက်နှာများတွင် နှုတ်သီးစွပ်များတပ်ထားပြီး လည်ပင်းတွင်လည်း အဖိုးတန်လည်ပတ်များကို ပတ်ထားကြသည်။
ညည်းသံတစ်ခုနှင့်အတူ လှပထည်ဝါဖိနပ်တစ်စုံက နူးညံ့သော ကော်ဇောပေါ်သို့ နင်းလျှောက်လာလေသည်။ ဖိနပ်မှတစ်ဆင့် အပေါ်သို့ ကြည့်လိုက်ရာ ထူးဆန်းသော အထက်တန်းစားဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူတွင် ခြေထောက်တစ်ဖက်၊ လက်တစ်ဖက်၊ မျက်လုံးတစ်လုံးနှင့် နားတစ်ဖက်သာရှိပြီး ပါးစပ်ပင်လျှင် တစ်ဝက်ချုပ်ခြင်း ခံထားရသည်။
“ပန်ပန်... ချန်ပင်းနဲ့ နည်းပြအသစ် ရောက်ပြီလို့ မင်းအဖေကို သွားပြောလိုက်ပါ”
ပန်ပန်ဟုခေါ်သော ခြေတစ်ဖက်တည်းပါသည့် မကောင်းဆိုးဝါးသည် အခန်းထဲတွင် ခုန်ဆွခုန်ဆွ လျှောက်သွားလိုက်သည်။ ၎င်းက မီးများကို တစ်လုံးချင်း လိုက်ဖွင့်ရာ ဤထူးဆန်းကြောက်မက်ဖွယ်ကောင်းသော ဗီလာကြီးမှာ လင်းထိန်သွားတော့သည်။ ထူးဆန်းသောအရာများက ထောင့်တိုင်းတွင် ပုန်းကွယ်နေကြသည်။ လူ့အရိုးများဖြင့် ပြုလုပ်ထားသော ဓာတ်ပုံဘောင်မှာ အပေါ်မှ တွဲလောင်းကျနေပြီး ဖောက်ထွင်းမြင်ရသော အရေပြားဖြင့် ဖုံးအုပ်ထားသည်။ ခေါင်းအကြီးကြီးနှင့် ခြေလက်တိုတိုလေးများရှိသည့် လူပုလေးတစ်ဦးက ဂီတတူရိယာအား တီးခတ်နေ၏။ အခန်းအလယ်ရှိ တိုင်ကြီးက ဘေးသို့စောင်းကာ လက်ခုပ်တီးနေ၏။ ထိုတိုင်ကြီးတွင် ခြေထောက်များကို အသေတပ်ဆင်ထားသော အလွန်အရပ်ရှည်သည့် အမျိုးသမီးတစ်ဦး ရှိနေပေသည်။ သူမ၏ ခန္ဓာကိုယ်ထဲတွင် ပြွန်ပိုက်များစွာ ထိုးသွင်းထားပြီး သူမအသက်ရှူလိုက်တိုင်း တုန်ယင်နေခဲ့သည်။
“ငေးမနေနဲ့၊ ဒါက ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ရဲ့ ဒုတိယအကြီးအကဲ မစ္စတာရှစ်ရှစ်ရဲ့ အိမ်ပဲ၊ ဒေါက်တာပုက သူ့ရဲ့ လက်ထောက်ပေါ့”
“ဒီအခန်းထဲမှာ ငေးမနေဖို့ဆိုတာ ခက်တယ်”
ရှည်လျားသော ထမင်းစားစားပွဲကြီးပေါ်တွင် ဖယောင်းတိုင်များ ထွန်းထားသည်။ လှပသော ပန်းကန်ပြားများ၏ ဘေးတစ်ဖက်စီတွင် ထက်မြက်သော ဓားများနှင့် ခက်ရင်းများကို ချထားသည်။ သူမလက်ထဲတွင် ခေါင်းလောင်းလေးတစ်ခု အသံမြည်လာ၏။ မီးဖိုချောင်လိုက်ကာပွင့်သွားပြီး မျက်လုံးကို အဖြူရောင်ပိတ်စဖြင့် စည်းထားသော အဖြူရောင်ဝတ်စုံဝတ် မိန်းကလေးများ လင်ဗန်းများကိုင်ကာ ထွက်ပေါ်လာကြသည်။
ဂီတသံ ပြောင်းလဲသွားပြီး မိန်းကလေးများက လင်ဗန်းများကို ချလိုက်ကြသည်။ သူတို့သည် လျှောက်လမ်းအဆုံးရှိ အခန်းဘက်သို့ ရိုသေစွာ လှည့်ကြည့်ရင်း ဘေးတစ်ဖက်စီတွင် ရပ်လိုက်ကြလေသည်။
မှောင်ရိပ်ထဲမှ တည်ငြိမ်သောခြေသံများ ထွက်ပေါ်လာပြီး အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနှင့် အသားအရေဖြူဖျော့နေသော ပုံပျက်ပန်းပျက်ဖြစ်နေသည့် အမျိုးသားတစ်ဦး ထွက်လာခဲ့သည်။
သူ့ခြေလက်များသည် ကလေးတစ်ယောက် ကစားစရာအရုပ်ကို စိတ်ကြိုက်ပုံဖော်ထားသကဲ့သို့ တွန့်လိမ်နေပြီး လူနှင့်ပင် သိပ်မတူတော့ပေ။ သူ့မျက်နှာတွင် ဖွင့်ပိတ်၍ရသော အဖြူရောင် မျက်နှာဖုံးတစ်ခုကို တပ်ထားပြီး အပေါ်ပိုင်းက ဖြူဖွေးနေကာ အောက်ပိုင်းတွင်မူ ဖြဲထားသော ပါးစပ်ပုံကို ရေးဆွဲထားသည်။
“မစ္စတာရှစ်ရှစ်ဟာ ရှင်းလုရဲ့ နာမည်ကြီး အလှူရှင်တစ်ယောက်ပဲ၊ သူ့ဘဝဇာတ်လမ်းက အရမ်းကို အတုယူစရာကောင်းပါတယ်၊ လှောင်ပြောင်ခံခဲ့ရတဲ့ ခန္ဓာကိုယ်ချို့ယွင်းနေတဲ့ ကလေးဘဝကနေ ရှင်းလုရဲ့စည်းမျဉ်းတွေကို သတ်မှတ်ပေးတဲ့ လူတစ်ယောက်ဖြစ်လာတဲ့အထိ တစ်ဆင့်ချင်း တက်လှမ်းလာခဲ့တာ၊ သူ့ရဲ့ တည်ရှိမှုက မရေမတွက်နိုင်တဲ့ ပြည်သူတွေကို ခွန်အားရစေတယ်လေ”
ချန်ပင်းက ပြုံးရင်း ဒေါက်တာကောင်းကို မိတ်ဆက်ပေးလိုက်သည်။
ထိုလူက စားပွဲ၏ထိပ်ဆုံးတွင် ဝင်ထိုင်လိုက်သည်။ ပြီးနောက် မိန်းကလေးက မျက်နှာဖုံးစွပ်ထားသော ထိုလူကို စတင်ပြုစုပေးတော့သည်။
စကျင်ကျောက်မီးဖိုထဲမှ မီးတောက်များ ထွက်ပေါ်လာပြီး ဖန်ဆိုင်းဘုတ်ကြီးမှာ တလက်လက် တောက်ပနေခဲ့သည်။ အရာအားလုံးမှာ ခန့်ညားထည်ဝါလှပြီး ဝန်ဆောင်မှုတိုင်းက အလွန်ပင် စေ့စပ်သေချာလှသည်။
ဤနေရာတွင် စားသောက်ခြင်းသည် အရေးကြီးဆုံးအရာ ဖြစ်ပုံရသည်။
အုပ်ထားသော ပန်းကန်လုံးများကို မလိုက်သောအခါ သွေးစက်လက်ကျနေသော အမည်မသိတိရစ္ဆာန်တစ်ကောင်၏ အသားတုံးကြီးများကို တွေ့လိုက်ရသည်။
မစ္စတာရှစ်ရှစ်သည် ဓားနှင့် ခက်ရင်းကို သပ်ရပ်စွာကိုင်၍ စတင်စားသောက်တော့သည်။ ချန်ပင်းသည်လည်း အငမ်းမရ စားသောက်လိုက်သော်လည်း ဒေါက်တာကောင်းကမူ လုံးဝ စားသောက်လိုစိတ် မရှိပါပေ။
ကိုးခုမြောက် ဟင်းပွဲအထိ စားသောက်ပြီး စားပွဲကို ရှင်းလင်းလိုက်မှသာ မစ္စတာရှစ်ရှစ်က ချန်ပင်းနှင့် ဒေါက်တာကောင်းကို လှည့်ကြည့်လာသည်။
“ဒေါက်တာပုဟာ ရှင်းလုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့အမှုတွေကို စုံစမ်းရင်း ရဲတပ်ဖွဲ့ကို အများကြီး ကူညီပေးခဲ့တယ်၊ အခုဒေါက်တာပု ပျောက်သွားပြီဆိုတော့ သူ့လုပ်ဖော်ကိုင်ဖက် ဒေါက်တာကောင်းက သူ့နေရာကို ဆက်ခံလိမ့်မယ်”
ချန်ပင်းက ပါးစပ်မှဆီများကို သုတ်လိုက်ပြီး ဒေါက်တာကောင်း၏ အစားအစာများကိုပါ ဘာမှမကျန်အောင် စားသောက်ပစ်လိုက်သည်။
“ရှင်းလုရဲတပ်ဖွဲ့က သဘောတူတယ်ဆိုရင်တော့ ငါလည်း ကန့်ကွက်စရာ မရှိပါဘူး၊ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ဆိုတာ ရှင်းလုရဲ့ ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်အတွက် အစကတည်းက ပြည်သူတွေရဲ့အဖွဲ့အစည်းပဲ မဟုတ်လား”
မျက်နှာဖုံးနောက်ကွယ်မှ မျက်လုံးများက ဒေါက်တာကောင်းကို တစ်နေရာရာတွင် တွေ့ဖူးသကဲ့သို့ ထူးဆန်းစွာ စိုက်ကြည့်နေလေသည်။
“ဒါပေမဲ့ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ထဲမှာ ဒေါက်တာပုရဲ့ နေရာကို မျက်စိကျနေတဲ့သူတွေ အများကြီးပဲလေ၊ ဒေါက်တာကောင်းရဲ့ နည်းပြရာထူးက သိပ်လုံခြုံပါ့မလားပဲ”
“မစ္စတာရှစ်ရှစ်သာ ခွင့်ပြုပေးမယ်ဆိုရင် သူတို့ရမ်းကားရဲကြမှာလား”
“ငါလည်း အိုနေပါပြီ၊ ငါ့စကားတွေက အရင်လို အရာမထင်တော့ဘူးလေ၊ ပန်ပန်ကို ဒေါက်တာကောင်းရဲ့ လက်ထောက်အဖြစ် ထည့်ပေးလိုက်မှပဲ ငါ့သဘောထားကို သိကြတော့မယ် ထင်တယ်”
“ပြဿနာမရှိပါဘူး”
ချန်ပင်းက အလွယ်တကူပင် သဘောတူလိုက်သည်။
“ဒေါက်တာကောင်း၊ မစ္စတာရှစ်ရှစ်ကို အမြန်ကျေးဇူးတင်လိုက်လေ”
ဒေါက်တာကောင်းသည် ကျေးဇူးတင်စကားလည်း မပြော၊ အပိုစကားလည်းမဆိုဘဲ ပန်ပန်ဘေးတွင်သာ သွားရပ်လိုက်သည်။ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့၏ အစစ်အမှန်ခေါင်းဆောင်ကြီးများ ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ အခြေအနေမှာ ပိုမိုစိုးရိမ်စရာ ကောင်းလာတော့သည်။ သူသည် သေမင်းနှင့် ပိုပို၍ နီးကပ်လာနေသည်ဟု ခံစားနေရသည်။ သေမင်း၏ တံစဉ်ကြီးမှ သံချေးနံ့ကိုပင် သူ အနံ့ရနေပြီဖြစ်သည်။
“ကျေးဇူးတင်နေဖို့ မလိုပါဘူးကွာ၊ ငါ့ဘဝမှာ ကလေးတွေအများကြီး မွေးစားခဲ့ဖူးတယ်၊ ပန်ပန်လို လိမ္မာတဲ့ကလေးတွေရှိသလို အရမ်းဆိုးတဲ့ ကလေးတွေလည်း ရှိခဲ့တယ်၊ အဲ့ဒီထဲက တချို့က ရဲတွေ ဖြစ်လာကြသလို တချို့ကတော့ ဆေးရုံလေးတွေမှာ ကလေးအထူးကုဆရာဝန်တွေ ဖြစ်လာကြတယ်၊ တကယ်လို့ ဒေါက်တာကောင်းသာ ငါ့ရဲ့ မွေးစားသားလေးကို အိမ်ပြန်လာပြီး ထမင်းအတူစားဖို့ ဖျောင်းဖျပေးနိုင်မယ်ဆိုရင်တော့ ငါ့အတွက် အများကြီး အထောက်အကူဖြစ်မှာပါ”
အပိုင်း (၈၄၈) သက်သက်လွှတ်စားသူ
မစ္စတာရှစ်ရှစ်ပြောသော မွေးစားသားသည် လူသားဖြစ်တည်မှုအဝင်ဝဆေးရုံမှ ကလေးအထူးကုဆရာဝန် ဒေါက်တာချီပင် ဖြစ်ရပေမည်။ သူသည်လည်း ကိုယ်အင်္ဂါချို့ယွင်းနေသော ကလေးတစ်ဦး ဖြစ်သည်။
ဒေါက်တာကောင်းသည် ဒေါက်တာချီကို ကောင်းကောင်းသိသည်။ သူသည် ဒေါက်တာကောင်း လူသားဖြစ်တည်မှုအဝင်ဝဆေးရုံတွင် ပထမဆုံးရရှိခဲ့သည့် မိတ်ဆွေဖြစ်သည်။ သူတို့နှစ်ဦးလုံး ဆေးရုံအုပ်ကြီးထံတွင် ကုသမှုခံယူခဲ့ဖူးသူများ ဖြစ်ကြသည်။
ဒေါက်တာချီကို သူ့အဖေဖြစ်သူက ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာကောင်း မှတ်မိနေသည်။ သူ၏ ပိုင်ကာရောဂါ (Pica - အစားမဟုတ်သောအရာများကို စားချင်သည့်ရောဂါ) ကို ကုသရန်အတွက် ဆေးရုံအုပ်ကြီးသည် သူ့ကို နေ့စဉ် ဆေးဝါးမျိုးစုံသာ ကျွေးခဲ့ပြီး ပုံမှန်အစားအစာအချို့ကို တိတ်တဆိတ် ထည့်ပေးခဲ့သည်။
ဒေါက်တာကောင်း၏ အမြင်အရ ဒေါက်တာချီသည် လုံးဝဖျားနာနေသူ မဟုတ်ပေ။ အစားအသောက်လည်း ပုံမှန်စားပြီး ဥယျာဉ်မှူးထက်ပင် ကိုယ်ကျင့်တရား ပိုမိုခိုင်မာသူဖြစ်သည်။ သို့သော် သူ့ဖခင်ကမူ သူ့အား အပြင်းအထန် ဖျားနာနေသူဟု ထင်မြင်ခဲ့သည်။
နောက်ပိုင်း ထပ်မံစုံစမ်းကြည့်သောအခါ ဒေါက်တာချီ၏ ဖခင်ဖြစ်သူမှာ ‘သက်သက်လွတ်စားသူ’ တစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် ‘တောအုပ်’ ထဲမှ လတ်လတ်ဆတ်ဆတ် ဆွတ်ခူးလာသော ‘သက်သက်လွတ် ဟင်းသီးဟင်းရွက်’ များကိုသာ စားသုံးသူ ဖြစ်သည်။
ဒေါက်တာချီသည် ထိုဟင်းသီးဟင်းရွက်များကို မစားရုံသာမက သူ့ဖခင်ကိုလည်း ဗြောင်ကျကျ ဆန့်ကျင်ခဲ့ပြီး အယူအဆအချို့ကို ဖြန့်ဝေခဲ့သောကြောင့် လူသားဖြစ်တည်မှုအဝင်ဝသို့ အပို့ခံခဲ့ရခြင်း ဖြစ်သည်။
ဒေါက်တာချီ၏ ပြောပြချက်အရ သူ့ဖခင်သည် စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွား ပျက်ယွင်းနေသော နတ်ဆိုးတစ်ကောင် ဖြစ်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ပုံပျက်မှုသည် အပေါ်ယံသာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပျက်ယွင်းမှုက အဆပေါင်းသန်းချီ၍ ပိုဆိုးရွားလေသည်။
သို့သော် ထိုကဲ့သို့သောလူသည်ပင် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့၏ ဒုတိယအကြီးအကဲတစ်ဦး ဖြစ်လာခဲ့ပြီး မြို့သားပေါင်းများစွာကို ကယ်တင်ခဲ့သည်။ ရဲတပ်ဖွဲ့ကပင် သူ့ကို ရိုရိုသေသေ ဆက်ဆံကြရသည်။
ဒေါက်တာကောင်းသည် ယခင်က ထိုအချက်ကို နားမလည်နိုင်ခဲ့ပေ။ သို့သော် မစ္စတာရှစ်ရှစ်၏ ယုတ္တိဗေဒအရဆိုပါက သူသည် မည်သည့်အမှားမျှ မလုပ်ခဲ့ပေ။ သူသည် ‘ကောင်းမှုကုသိုလ်’ များ လုပ်နေပြီး ‘အစားအစာ’ များကို ထောက်ပံ့ပေးနေခြင်းသာ ဖြစ်သည်။
မစ္စတာရှစ်ရှစ်သည် ထိုခန့်မှန်းရခက်သော ဖြစ်တည်မှု ၈ ခုနှင့် ဆက်စပ်မှုရှိမရှိကို ဒေါက်တာကောင်း မသေချာပေ။ အကယ်၍ မစ္စတာရှစ်ရှစ်သာ ထို ၈ ကောင်နှင့် မသက်ဆိုင်ပါက ဤစိတ်ဖောက်ပြန်ခြင်းကမ္ဘာကြီးသည် ပိုမိုနက်ရှိုင်းသော ပုံပျက်ယွင်းမှုများဆီသို့ ဦးတည်နေပြီဖြစ်သည်။ ရှင်းလုတွင် အစစ်အမှန်မူမမှန်မှုတစ်ခု ထွက်ပေါ်လာနေပြီဟု အဓိပ္ပာယ်ရသည်။ ၎င်းမှာ ကောင်းမလား၊ ဆိုးမလားကို သူလည်း မသိပေ။
“နံပါတ် ၁ ရဲ့ အခြေအနေက ငါ့ထက် ပိုရှုပ်ထွေးပြီး ပိုအန္တရာယ်များနေနိုင်တယ်”
ဒေါက်တာကောင်း တိတ်ဆိတ်နေစဉ် ချန်ပင်းက ဒေါက်တာကောင်းကိုယ်စား သဘောတူလိုက်သည်။
“ဒါက ဒေါက်တာကောင်းအတွက်တော့ ရိုးရှင်းတဲ့ကိစ္စလေးပါ၊ မစ္စတာရှစ်ရှစ် စိတ်ချထားလို့ရပါတယ်”
“ငါ အိမ်ကနေ မင်းတို့ရဲ့ သတင်းကောင်းကို စောင့်နေမယ်”
မစ္စတာရှစ်ရှစ်က လက်သုတ်ပုဝါကို ချလိုက်ပြီး ထိုင်ရာမှထကာ လျှောက်လမ်းအတွင်းပိုင်းသို့ လျှောက်သွားလိုက်သည်။ အိမ်အောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခု ပုန်းအောင်းနေသကဲ့သို့ သူခြေလှမ်းလှမ်းတိုင်းတွင် ကြမ်းပြင်အောက်မှ ထူးဆန်းသောအသံများ ထွက်ပေါ်နေခဲ့သည်။
အခြားတစ်ဖက်တွင်မူ ပန်ပန်မှာ အသင့်ပြင်ထားပြီးဖြစ်သည်။ အစေခံနှစ်ဦးက အထုပ်အပိုးများဖြင့် နောက်မှ လိုက်ပါလာကြသည်။ ဒေါက်တာကောင်းကို နည်းပြတစ်ဦး ဖြစ်လာစေခြင်းမှာ အပေါ်ယံ ဟန်ပြမျှသာ ဖြစ်ပုံရပြီး နှစ်ဖက်စလုံးမှာ တိတ်တဆိတ် သဘောတူညီမှု ရထားပြီးပုံရသည်။
“ပေါ့ပေါ့ပါးပါးပဲ သွားရအောင်၊ ဒီလောက်အလုပ်ရှုပ်ခံနေစရာ မလိုပါဘူး”
ဒေါက်တာကောင်းသည် မစ္စတာရှစ်ရှစ်ထံမှ ထောက်ခံစာကို လက်ခံလိုက်သည်။ ၎င်းမှာ သူ၏ နောက်ထပ်အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် အရေးကြီးဆုံးလက်နက် ဖြစ်သည်။
“ဒေါက်တာကောင်း... ကျွန်တော့်အဖေက ခင်ဗျားဆီကနေသင်ယူဖို့ ကျွန်တော့်ကို လိုက်ခိုင်းလိုက်တာပါ”
ခြေတစ်ဖက်တည်းရှိသော ပန်ပန်က ဒေါက်တာကောင်းဘေးသို့ ခုန်ဆွခုန်ဆွနှင့် လျှောက်လာလေသည်။
“မင်းအဖေကသာ သင်ယူဖို့ အကောင်းဆုံးသူပါ၊ ငါ့နောက်လိုက်ရင်တော့ ပျက်စီးဖို့ပဲ ရှိမယ်”
နှစ်ဦးသား ဗီလာအိမ်ကြီးမှ ထွက်လာပြီး နောက်ဆုံးတွင် ကားပေါ် တက်လိုက်ကြသည်။
ပန်ပန်ပါလာသဖြင့် ချန်ပင်းသည် ရဲစခန်းနှင့်ပတ်သက်သော ကိစ္စများကို မပြောတော့ဘဲ အသေးအဖွဲ ကိစ္စများကိုသာ ပြောဆိုနေတော့သည်။
ဒေါက်တာကောင်းက ကြားဖြတ်မပြောဘဲ ကားပြတင်းပေါက်အပြင်ဘက်သို့သာ လှည့်ကြည့်နေမိသည်။ သူလာစဉ်က ခေါင်းစွပ်စွပ်ပြီး လာခဲ့ရခြင်းမှာ သူ့ကို မယုံကြည်သေးသဖြင့် မစ္စတာရှစ်ရှစ်ရှိရာနေရာကို မသိစေချင်သောကြောင့် ဖြစ်နိုင်သည်။ သို့သော်လည်း သူ ပြန်ထွက်လာသည့်အချိန်တွင်မူ သူသည် သူတို့လူတစ်ယောက်ကဲ့သို့ ဖြစ်နေပြီဖြစ်သည်။
မစ္စတာရှစ်ရှစ်၏ ဗီလာကြီးသည် ရှင်းလု၏ အကြီးဆုံးအိမ်ရာစီမံခန့်ခွဲမှုနယ်မြေထဲတွင် ဝှက်ထားခြင်း ဖြစ်သည်။ ထိုနေရာမှာ ရေသောက်ခြင်းနှင့် အပေါ့အပါးသွားခြင်းကိုပင် သတ်မှတ်ထားသော အချိန်အတိုင်း လုပ်ဆောင်ရသည့် နေရာမျိုး ဖြစ်သော်လည်း မစ္စတာရှစ်ရှစ်အတွက်မူ မည်သည့်ကန့်သတ်ချက်မျှ မရှိပေ။
“အခုထိ လုံလောက်တဲ့ လွတ်လပ်မှု မရှိသေးဘူးပဲ”
“ဒေါက်တာ... ဘာပြောလိုက်တာလဲ”
ပန်ပန်က ဒေါက်တာကောင်းကို အလွန်စိတ်ဝင်စားနေ၏။
“မင်းအဖေက မင်းကို ငါ့နေရာမှာ ဆက်ခံစေချင်ပုံရတယ်၊ အဲ့ဒါက မင်းကို သူတန်ဖိုးထားတယ်ဆိုတာ ပြနေတာပဲ”
ဒေါက်တာကောင်းက စကားလမ်းကြောင်းကို ပေါ့ပေါ့ပါးပါး လွှဲပြောလိုက်သည်။
“သူ့ဘဝမှာ မွေးစားသားသမီး ဘယ်နှယောက်ရှိလဲ၊ ဘာလို့ တခြားလူတွေကို အဲ့ဒီဗီလာထဲမှာ မတွေ့ရတာလဲ”
“ကျွန်တော့်အဖေရဲ့ သားသမီးတွေက ရှင်းလုတစ်မြို့လုံးမှာ ပျံ့နှံ့နေတာပါ၊ လူတွေအများကြီး သူ့ရဲ့ ကူညီစောင့်ရှောက်မှုကို ခံခဲ့ရတယ်၊ သူတို့တွေက အလုပ်မျိုးစုံ လုပ်ကိုင်နေကြပြီး တစ်ယောက်နဲ့တစ်ယောက် ဝင်မစွက်ဘဲ မြင့်မြတ်တဲ့ ရည်မှန်းချက်တစ်ခုအတွက် တိတ်တဆိတ် ကြိုးစားနေကြတာပါ”
ပန်ပန်၏ မျက်နှာမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး သူ့ရည်မှန်းချက်အကြောင်း ပြောသည့်အခါ သူ၏မျက်လုံးတစ်ဖက်က တောက်ပနေခဲ့သည်။
“ဘယ်လို ရည်မှန်းချက်လဲ”
“မပြည့်စုံတဲ့သူတွေ၊ ပုံပျက်ပန်းပျက်ဖြစ်နေတဲ့သူတွေနဲ့ အသိအမှတ်မပြုခံရတဲ့ ဝိညာဉ်တွေအားလုံးကို နေရောင်အောက်မှာ ခေါင်းမော့ရင်ကော့ လျှောက်လှမ်းနိုင်စေဖို့၊ လောကကြီးမှာရှိတဲ့ ထူးဆန်းတဲ့ အကြည့်တွေကို ဖယ်ရှားပစ်ဖို့၊ ဒီမြို့ကြီးမှာ ခွဲခြားဆက်ဆံမှုနဲ့ မထေမဲ့မြင်ပြုမှုတွေ မရှိတော့အောင် လုပ်ပြီး အရာအားလုံးကို မျှတအောင်လုပ်ဖို့ပါပဲ”
“ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ကိုယ်တိုင်က ဟန်ချက်မညီဘူးလေ၊ ဒီလောကမှာ လုံးဝဥဿုံမျှတမှုဆိုတာ ဘယ်နေရာမှာ ရှိလို့လဲ”
“ဒေါက်တာကောင်း... ကျေးဇူးပြုပြီး အဲ့ဒီစကားကို ပြန်ရုပ်သိမ်းပေးပါ၊ ခင်ဗျားရဲ့ စော်ကားမှုကို ကျွန်တော် ခွင့်လွှတ်ပေးနိုင်ပါတယ်”
ပန်ပန်သည် လိပ်ပြာပုံလည်စည်းကို ဝတ်ဆင်ထားပြီး လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ပြုမူနေလေသည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် ခေါင်းမာသော ဒေါက်တာကောင်းနှင့် တိုးနေခြင်းပင်။
“ကောင်းပြီ... ငါ ပြန်ရုပ်သိမ်းလိုက်ပါ့မယ်”
ဒေါက်တာကောင်းက ထောက်ခံစာကို ထုတ်ယူပြီး အကြိမ်ကြိမ် ဖတ်ကြည့်လိုက်သည်။ နည်းပြတစ်ဦးဖြစ်ရန် အနည်းဆုံး ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့၏ ဒုတိယအကြီးအကဲတစ်ဦး၏ ထောက်ခံမှု လိုအပ်ပေသည်။
“အရာရှိချန်... နောက်ထပ် ဘယ်သွားကြမလဲ၊ မှောင်တောင် မှောင်နေပြီ”
ဒေါက်တာကောင်း၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်မှာ “ငါဒီလောက် ပူးပေါင်းဆောင်ရွက်နေတာ၊ အိမ်ပြန်ပြီး ခဏလောက်ကြည့်ခွင့်ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလား” ဟူ၍ ဖြစ်သည်။
“ရှင်းလုကလူတွေက အခုဆိုရင် စိုးရိမ်ကြီးနေကြတာ၊ လူပျောက်မှုတွေ မပြတ်မချင်း မင်းမှာ အားလပ်ချိန် သိပ်ရှိမှာမဟုတ်ဘူး”
ချန်ပင်းက ယာဉ်မောင်းကို ကိုယ်ကျင့်တရားလေ့လာရေးသိပ္ပံကျောင်းသို့ မောင်းခိုင်းလိုက်သည်။ လုံခြုံရေးဝန်ထမ်းက ချန်ပင်းကို မြင်သည်နှင့် ကားကို တားလိုက်သော်လည်း ဒေါက်တာကောင်းက ထောက်ခံစာကို ပြလိုက်မှသာ လွှတ်ပေးလိုက်တော့သည်။
“ကိုယ်ကျင့်တရားကြပ်ရေးအဖွဲ့ထဲမှာလည်း ဒေါက်တာပုရဲ့ နေရာကို မျက်စိကျနေတဲ့လူတွေ အများကြီးပဲ၊ အဲ့ဒီနေရာကို ငါတို့ အမြန်ဆုံးအပိုင်ရအောင် လုပ်ရမယ်”
ချန်ပင်းက ရှေ့မှ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ ဘေးမှ ကျောင်းသားများက ပန်ပန်နှင့် ဒေါက်တာကောင်းကို စူးစမ်းစွာ ကြည့်ရှုနေကြသည်။ ဤပေါင်းစပ်မှုမှာ တကယ်ပင် ထူးဆန်းလှသည်။
မီးများလင်းထိန်နေသော အစည်းအဝေးခန်းမတံခါးဝသို့ ရောက်သောအခါ ချန်ပင်းက သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်သည်။
“အချိန်ကတော့ ကွက်တိပဲ ဒေါက်တာကောင်း၊ အဆင်သင့်ဖြစ်ပြီလား”
“ဘာအတွက် အဆင်သင့်ဖြစ်ရမှာလဲ”
ချန်ပင်းက အစည်းအဝေးခန်းမတံခါးကို တွန်းဖွင့်လိုက်သည်။ အတွင်း၌ လူ ၂၀ ခန့် ရှိနေသည်ကို တွေ့လိုက်ရသည်။
သူတို့၏ ဝတ်စုံများမှာ အမျိုးမျိုးဖြစ်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းစုံမှ လာကြသူများ ဖြစ်ပုံရသည်။ သူတို့၏ စိတ်အခြေအနေများသည်လည်း မတည်မငြိမ်ဖြစ်နေပြီး ယခုလေးတင်မှ အခြေအတင် ငြင်းခုံထားကြသည့်ပုံပင်။
“လေးစားရပါသော ဆရာကြီးများ၊ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် နည်းပြကြီးများခင်ဗျား”
ချန်ပင်းက အစည်းအဝေးခန်းမ၏ ရှေ့ဆုံးတန်းတွင် ထိုင်နေသော ပုဂ္ဂိုလ် ၄ ဦးကို ကြည့်ကာ ဦးထုပ်ကို ချွတ်၍ နှုတ်ဆက်လိုက်သည်။
“ဒါကတော့ နာမည်ကြီးလူသတ်သမား ‘ဥယျာဉ်မှူး’ နဲ့ ဒေါက်တာပုတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း ဒေါက်တာကောင်း ဖြစ်ပါတယ်၊ သူဟာ ဥယျာဉ်မှူးကို တိုင်ကြားခဲ့သူဖြစ်သလို ရဲတပ်ဖွဲ့ရဲ့ အသိအမှတ်ပြုမှုနဲ့ မစ္စတာရှစ်ရှစ်ရဲ့ ယုံကြည်မှုကို ရရှိထားသူလည်း ဖြစ်ပါတယ်၊ ရှေ့လျှောက် အချိန်အတောအတွင်းမှာ သူဟာ ဒေါက်တာပုရဲ့နေရာမှာ ရင်ခွဲရုံရိပ်သာလမ်းရဲ့ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ နည်းပြအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”
သူ စကားဆုံးသွားသည့်အခါ အစည်းအဝေးခန်းမတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။
“တောအုပ်ကြီးက ဆက်ပြီး ပျံ့နှံ့နေတုန်းပဲ၊ ဒီလိုအချိန်မှာ ရာထူးဆက်ခံတယ်ဆိုတာ အဆုံးသတ် ကောင်းမှာမဟုတ်ဘူး”
အသက်အကြီးဆုံး နည်းပြက သူ့စာအုပ်ကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။ သူသည် ကိုယ်ကျင့်တရားလေ့လာရေးသိပ္ပံကျောင်းမှ ပါမောက္ခအိုကြီးတစ်ဦးဖြစ်ပြီး မျက်မှန်အထူကြီး တပ်ဆင်ထားကာ အလွန်လေးစားခံရသူ ဖြစ်သည်။
“နည်းပြတစ်ယောက်ဆိုတာ လေးစားခံရဖို့ လိုတယ်၊ မဟုတ်ရင်တော့ သူဟာ သူများဖင်ကနေ ခွာယူလာပြီး ကိုယ့်မျက်နှာပေါ် လာကပ်ထားတဲ့ မျက်နှာဖုံးတစ်ခုလိုပဲ ဖြစ်နေမှာပေါ့”
ဒေါက်တာပု၏ လက်ထောက်ဟောင်းက ထရပ်လိုက်သည်။ သူသည် အစည်းအဝေးကို ဦးဆောင်နေသူဖြစ်ပြီး ဒေါက်တာကောင်းကို လုံးဝ သဘောမကျပေ။
“တောအုပ်ကြောင့် လူတိုင်းအလုပ်တွေထဲ နစ်မြုပ်နေကြတာ၊ ခင်ဗျားက ဒေါက်တာပုရဲ့ နေရာကို ဆက်ခံမှာဆိုတော့ တောအုပ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကပ်ဆိုးတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ပြောပြပါဦး”
အစည်းအဝေးခန်းမထဲရှိ လူတိုင်းက အခန်းထဲသို့ ဖြည်းညှင်းစွာ လျှောက်ဝင်လာသော ဒေါက်တာကောင်းကို စိုက်ကြည့်လိုက်ကြသည်။
“ဥယျာဉ်မှူးက ပန်းပင်တွေကို လူတွေလို ဆက်ဆံခဲ့လို့ စက်ဆုပ်ဖွယ်အကောင်းဆုံး စိတ္တဇလူသတ်သမား ဖြစ်ခဲ့ရတယ်”
“တောအုပ်ဆိုတာကတော့ သစ်ပင်တွေ စုစည်းနေရုံပဲ မဟုတ်လား၊ သူက သစ်ပင်လိုပဲ မြင်ရတဲ့အတွက်... သစ်ပင်တွေပေါ့... သစ်ပင်တွေကို ကိုင်တွယ်ရတာကတော့ လွယ်ကူပါလိမ့်မယ်”