← Chapters

အခန်း (၈၄၉-၈၅၀)

Vol. 58 Ch. 849-850

အခန်း (၈၄၉-၈၅၀)

Vol. 58 Ch. 849-850

အပိုင်း (၈၄၉) အစီအစဉ်

ညဉ့်ဦးယံကို လှမ်းမျှော်ကြည့်လိုက်ပါက နူးညံ့သောလရောင်သည် တောအုပ်ကြီးပေါ်သို့ ဖြာကျနေလေသည်။ လူမျက်နှာများသည် သစ်သီးများအဖြစ်သို့ ပြောင်းလဲသွားပြီး ရှည်လျားတွန့်လိမ်နေသော ဆံပင်များမှာမူ တစ်နှစ်ထက်တစ်နှစ် ပိုမိုကြီးထွားလာသည့် သစ်ပင်ကွင်းများကို ဖြစ်ပေါ်နေစေသည်။

ဒေါက်တာကောင်းက ဘာမှထပ်မပြောတော့သော်လည်း အစည်းအဝေးခန်းမထဲရှိ အဖွဲ့ဝင်များမှာမူ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရပြီး ကျောပြင်တွင် ချွေးအေးများ ထွက်လာကြသည်။

ကျင့်ဝတ်စံနှုန်း၏ စည်းတစ်ဖက်တစ်ချက်တွင် လှုပ်ရှားနေကြသော ကြီးကြပ်ရေးအဖွဲ့ဝင်များပင်လျှင် စိတ်မသက်မသာ ဖြစ်လာကြပြီး ဒေါက်တာကောင်း၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း မတွေးရဲကြပေ။

“ခင်ဗျားက အဲ့ဒီသစ်ပင်တွေကို အကုန်ခုတ်လှဲပစ်ချင်တာလား”

အစည်းအဝေးခန်းမ၏ ထောင့်စွန်းမှ လူငယ်အဖွဲ့ဝင်တစ်ဦးက ထမေးလိုက်သည်။ လူတိုင်း၏ အာရုံမှာ ထိုလူ့ထံသို့ ရောက်ရှိသွားတော့သည်။

ပါမောက္ခအိုကြီးက ချောင်းတစ်ချက်ဟန့်ပြီး သူ့စာအုပ်ကို ပိတ်လိုက်သည်။

“ငါတို့ ဒါကို ဆွေးနွေးနေတာ ကြာလှပြီ၊ ဒီမှာပဲ စိတ်ပျက်အားလျော့နေပြီး လက်တွေ့မကျတဲ့ အကြံဉာဏ်တွေ ပေးနေလို့လည်း တောအုပ်ပြဿနာက ပြေလည်သွားမှာမဟုတ်ဘူး၊ ဒီညတော့ မူလအစီအစဉ်အတိုင်းပဲ တောအုပ်ဆီ သွားပြီးစစ်ဆေးကြမယ်”

“ကျုပ်က ခုမှရောက်တာကို ခင်ဗျားတို့က ထွက်သွားကြတော့မလို့လား”

“ဒါမှမဟုတ်ရင် ဘာလုပ်ရမှာလဲ၊ ခင်ဗျားအဓိပ္ပာယ်မရှိတာတွေ ပြောနေတာကို ကျုပ်က ထိုင်နားထောင်နေမှာလား”

ဒေါက်တာပု၏ လက်ထောက်မှာ ဒေါက်တာကောင်းအပေါ် ရန်လိုမှု အပြည့်ရှိနေလေသည်။ ဒေါက်တာပု ပျောက်ဆုံးသွားပြီးနောက် သူသည်သာ အထိုက်တန်ဆုံး ဆက်ခံသူဖြစ်သည်ဟု သူ ခံစားနေရပုံပေါ်ပြီး ဒေါက်တာကောင်း ပေါ်လာခြင်းက သူ၏ လှပသောအိပ်မက်များကို ရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

“ငါတို့က မင်းကို ရည်ရွယ်ပြောတာမဟုတ်ပါဘူး၊ အခြေအနေက အရေးကြီးနေလို့ပါ”

ရှေ့ဆုံးတွင် ထိုင်နေသောနည်းပြက ဒေါက်တာကောင်းကို ပစ်မှတ်ထားခြင်းမဟုတ်ဟု ဆိုသော်လည်း သူ့လုပ်ရပ်များမှာမူ ဒေါက်တာကောင်းကို လုံးဝချန်လှပ်ထားခဲ့သည်။ လူအချို့က ထိုင်ရာမှထ၍ အစည်းအဝေးခန်းမထဲမှ ထွက်သွားကြသည်။

ဒေါက်တာကောင်းက ဘယ်သူ့ကိုမှ မတားမြစ်ခဲ့ပေ။ အခန်းထဲတွင် သူနှင့် ပန်ပန်သာ ကျန်ရစ်တော့သည့် အချိန်မှသာ ချန်ပင်းက အနားသို့ တိုးကပ်လာ၏။

“ရှေ့လျှောက်ရမယ့်လမ်းက ရှည်လျားပြီး ပင်ပန်းလိမ့်မယ်၊ မင်း ဒီမှာ ခြေကုပ်ယူနိုင်ဖို့က တော်တော်လေး ခက်ခဲလိမ့်မယ်”

ရဲတပ်ဖွဲ့ဘက်က လုပ်ပေးနိုင်သမျှ လုပ်ပေးပြီးပြီဖြစ်ရာ ယခုမှာ ဒေါက်တာကောင်း ကိုယ်တိုင်ပေါ်သာ မူတည်တော့သည်။

“ကိုယ်ကျင့်တရားလေ့လာရေးသိပ္ပံကျောင်းမှာ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ရဲ့ အကြီးဆုံး ဓာတ်ခွဲခန်းနဲ့ ဆေးသိုလှောင်ခန်း ရှိတယ်၊ ဒေါက်တာပုရော၊ သော့တွေရော ပျောက်နေတယ်၊ အပိုသော့ကတော့ ဟိုပါမောက္ခအိုကြီးဆီမှာ ရှိတယ်၊ အရင်ဆုံး သော့ကို ရအောင်ယူဖို့ ကြိုးစားပါ၊ ပြီးမှ နောက်တစ်ဆင့်ကို စဉ်းစားတာပေါ့”

ချန်ပင်း၏ စကားများထဲတွင် လောဘရိပ်အချို့ ပါဝင်နေခဲ့သည်။

“ကြားရသလောက်တော့ အဲ့ဒီသိုလှောင်ခန်းထဲမှာ ရဲတွေဆီမှာထက်တောင် ပိုများပြီး ပိုတန်ဖိုးရှိတဲ့ တားမြစ်ဆေးဝါးမျိုးစုံ ရှိနေတယ်တဲ့”

ချန်ပင်းသည် ဒေါက်တာကောင်းကို ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့၏ အခြားအဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးပြီးပြီ ဖြစ်သည်။ ဒေါက်တာကောင်းကို ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့ပြီးပြီဖြစ်ရာ သူ့တာဝန်မှာ ပြီးဆုံးသွားပြီဖြစ်သည်။

မထွက်ခွာမီ သူသည် ဒေါက်တာကောင်းအနားသို့ တိုးကပ်ကာ အသံကိုနှိမ့်၍ အလေးအနက် ပြောလိုက်သည်။

“မင်းကတော့ မုန်တိုင်းဗဟိုချက်ထဲ ရောက်သွားပြီ၊ ကိုယ်ကျင့်တရားလေ့လာရေးသိပ္ပံကျောင်းမှာ နေတာက အလုံခြုံဆုံးပဲ၊ အနည်းဆုံးတော့ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့က မင်းကို ဒီမှာ အသေခံရဲမှာ မဟုတ်ဘူး၊ အဲ့ဒါက ငါတို့ကို ဒီကျောင်းကို ဝင်ရောက်စစ်ဆေးဖို့ အကြောင်းပြချက် ပေးလိုက်သလို ဖြစ်သွားမှာမို့လို့ပဲ၊ ဒါပေမဲ့ မင်း တခြားနေရာမှာ ရှိနေရင်တော့ မင်းက သူတို့ရဲ့ ပစ်မှတ် ဖြစ်သွားနိုင်သလို မင်းရဲ့ မိသားစုကိုပါ ထိခိုက်လာနိုင်တယ်”

မှာကြားစရာရှိသည်များကို မှာကြားပြီးနောက် ချန်ပင်းက ပြုံးလိုက်သည်။ သူသည် ပန်ပန်၏ ပုခုံးကို ဖက်ကာ သူ့ကို ချီးကျူးစကားဆိုလိုက်ရင်း ဒေါက်တာကောင်းထံမှ သင်ယူရန် တိုက်တွန်းလေသည်။ ထို့နောက် ဒေါက်တာကောင်း အလုပ်သွားလျှင် အမြဲလွယ်လေ့ရှိသော ကျောပိုးအိတ်အပါအဝင် သူ၏ ပုဂ္ဂိုလ်ရေးပစ္စည်းများကို ကျောင်းသို့လာပို့ပေးရန် စီစဉ်ပေးခဲ့သည်။ အရာအားလုံးကို စီစဉ်ပြီးနောက် သူထွက်ခွာသွားတော့သည်။

“အရာရှိချန်က ကျွန်တော်တွေ့ဖူးတဲ့ တခြားရဲတွေနဲ့ မတူဘူး၊ သူက အရမ်းကြင်နာတတ်တာပဲ၊ မိသားစုဝင်တစ်ယောက်လိုပဲ”

ချန်ပင်းအပေါ် အထင်ကြီးလေးစားနေသော ပန်ပန်က ပြောလိုက်သည်။

“သူက မင်းတို့လို ပုံပျက်ပန်းပျက်ဖြစ်နေတဲ့သူတွေကို သူ့နှလုံးသားအောက်ခြေကနေ လုံးဝ ရွံရှာမုန်းတီးနေတာ၊ ဒါပေမဲ့ သူက အဲ့ဒါကို ဘယ်တော့မှ ထုတ်မပြဘူး၊ အဲ့ဒီလို လူမျိုးက ပိုကြောက်ဖို့ကောင်းတယ်လို့ မင်းမထင်ဘူးလား”

ဒေါက်တာကောင်းက ပြတင်းပေါက်နားတွင် ရပ်ရင်း တောအုပ်ကြီးကို ငေးကြည့်လိုက်သည်။

“ခင်ဗျားက စိတ်ကို ဖတ်နိုင်လို့လား၊ အရာရှိချန် ဘာတွေးနေလဲဆိုတာ ခင်ဗျားဘယ်လိုသိတာလဲ”

“သူ့မှာ သူတစ်ပါးကို အလိုလိုက်တတ်တဲ့ စိတ်ဝေဒနာရှိတယ်၊ သူက ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဒီလောကမှာရှိတဲ့ လူတိုင်းကို စိတ်ချမ်းသာအောင် ထားချင်နေတာ၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးနေတဲ့လူတစ်ယောက်က မင်းကို တကယ်ခင်တွယ်လိမ့်မယ်လို့ မင်းမျှော်လင့်လို့ရပါ့မလား”

ဒေါက်တာကောင်းက အစည်းအဝေးခန်းမ ကြမ်းပြင်ပေါ်ရှိ စာရွက်မူကြမ်းများကို ကောက်ယူလိုက်သည်။ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့သည် သူမရောက်လာခင်ကတည်းက ဤစာရွက်များပေါ်တွင် အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြပုံရသည်။ ကြမ်းပြင်ပေါ်တွင် သူတို့ လွှင့်ပစ်ထားသော အဆိုပြုချက်များ ပျံ့ကြဲနေလေသည်။

ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့အတွင်း၌လည်း အမြင်ချင်း ကွဲပြားနေကြသည်။ လူသားဆန်သော အုပ်စုက တောအုပ်ကြီးတည်ရှိခြင်းသည် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းနိုင်သည်ဟု ယုံကြည်ကြပြီး တောအုပ်ပျံ့နှံ့လာခြင်းမှာ မြို့တော်ကို ဝါးမျိုခြင်းမဟုတ်ဘဲ ရှင်းလုကို သဘာဝတရားနှင့် ပိုမိုနီးကပ်စေခြင်းသာဖြစ်သည်ဟု ယူဆကြသည်။ လူသားဖြစ်တည်မှုကို စွန့်လွှတ်ပြီး သစ်ပင်တစ်ပင် ဖြစ်လာခြင်းသည် စိတ်ပိုင်းဆိုင်ရာ လွတ်လပ်သော ရွေးချယ်မှုဖြစ်ရာ မည်သူမျှ တားဆီးနှောင့်ယှက်ခြင်း မပြုသင့်ဟု ဆိုကြသည်။

သူတို့သည် တောအုပ်ကို ဖျက်ဆီးခြင်းကို ဆန့်ကျင်ကြပြီး လူသားတို့၏ လုပ်ဆောင်မှုများကြောင့် တောအုပ်ကို မထိခိုက်စေရန် ဘေးမဲ့တောများ သတ်မှတ်ပေးရန်နှင့် ဂေဟစနစ်ခရီးသွားလုပ်ငန်းနှင့် ရေရှည်တည်တံ့သော သစ်တောလုပ်ငန်းကို ဖော်ဆောင်ရန် တောင်းဆိုကြသည်။ အဆင့်မြင့် နည်းပညာများဖြစ်သော အဝေးထိန်းအာရုံခံစနစ်နှင့် ပထဝီဝင်သတင်းအချက်အလက်စနစ် (GIS) တို့ကို သုံး၍ တောအုပ်ကို စောင့်ကြည့်ရုံဖြင့် လုံလောက်သည်ဟု ငြင်းခုံခဲ့ကြသည်။

ယုတ္တိဗေဒ အုပ်စုကမူ တောအုပ်ကြီး၏ ထိန်းချုပ်မရသော ပျံ့နှံ့မှုသည် ရှင်းလုကို ဆိုးရွားစွာ ထိခိုက်စေသဖြင့် ကန့်သတ်ရန် လိုအပ်သည်ဟု ယုံကြည်ကြသည်။ သူတို့က ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုများဖြစ်သည့် သစ်ပင်ထိပ်ဖျားများကို ဖြတ်ပစ်ခြင်း၊ အညွန့်သစ်များကို ဆိတ်ပစ်ခြင်း၊ ပိုးကျနေသော သစ်ကိုင်းနှင့် သစ်ရွက်များကို ခုတ်ပစ်ခြင်း၊ ပုံမှန် အကိုင်းအခက် ရှင်းလင်းခြင်းနှင့် တောအုပ်နယ်နိမိတ်သတ်မှတ်ခြင်း စသည့်နည်းလမ်းများကို အဆိုပြုခဲ့ကြသည်။

အချို့ကမူ ကြီးထွားမှုထိန်းညှိဆေးများ၊ သစ်ပင်ငယ်စေသော ဆေးဝါးများနှင့် အရွက်ကြွေဆေးများ ထိုးသွင်းခြင်းကဲ့သို့သော ဓာတုဗေဒနည်းလမ်းများကို အသုံးပြုရန် စီစဉ်ကြသည်။

အလယ်အလတ်လမ်းစဉ်သမားများကမူ အပင်ကြီးများကို အိုးဖြင့်စိုက်သကဲ့သို့ ဧရာမအာဟာရကန်များ ဖန်တီးကာ တောအုပ်ထဲရှိ ‘အပင်’ အားလုံးကို ခွဲထုတ်၍ ကျွမ်းကျင်စွာ ကုသရန် လိုလားကြသည်။

အစွန်းရောက်အုပ်စုကမူ တောအုပ်ထဲတွင် ကူးစက်ရောဂါများ ပျံ့နှံ့စေရန် ဗိုင်းရပ်စ်များကို လွှတ်ပစ်ချင်နေကြသည်။

“ပန်ပန်... သူတို့ရဲ့ အဆိုပြုချက်တွေကို မင်းဘယ်လိုထင်လဲ၊ မင်း သဘောကျတာ ရှိလား”

ဒေါက်တာကောင်းက စာရွက်များကို စားပွဲပေါ်သို့ တင်လိုက်သည်။

“မရှိပါဘူး”

ပန်ပန်လည်း ဘာလုပ်ရမှန်း မသိပေ။ တောအုပ်ကြီးမှာ ထိန်းချုပ်ရခက်သည့်အထိ ကြီးထွားလာခဲ့ပြီဖြစ်သည်။

“တကယ်လို့ ကျွန်တော်တို့ တောအုပ်ကို မဖျက်ဆီးရင် ရှင်းလုဟာ ဝါးမျိုခံရနိုင်တယ်၊ ဒါပေမဲ့ တောအုပ်ကို ဖျက်ဆီးလိုက်ရင်လည်း လူတွေအများကြီး သေဆုံးကုန်လိမ့်မယ်၊ လူနေဧရိယာထဲမှာ လရောင်အောက်က ခြောက်သွေ့တဲ့ သစ်ပင်တွေအဖြစ် ပြောင်းလဲသွားကြတဲ့ အိမ်ခြေရာမဲ့တွေကို ကျွန်တော်တွေ့ဖူးတယ်၊ သူတို့က မြို့ထဲမှာ ဆက်ပြီး ရှင်သန်နေထိုင်ရတာထက်စာရင် တောအုပ်ကြီးအတွက် အာဟာရဖြစ်သွားဖို့ကိုပဲ ရွေးချယ်ခဲ့ကြတာ၊ အဲ့ဒီတောအုပ်ဟာ လူအများအပြားအတွက် ခိုနားရာနေရာ ဖြစ်နေတာတော့ အမှန်ပဲ”

ပန်ပန်က မတတ်သာသည့်ပုံစံဖြင့် ခေါင်းခါရင်း သက်ပြင်းအရှည်ကြီး ချလိုက်သည်။

“ဒီတောအုပ်ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့သူဟာ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ရဲ့ ဒုတိယအကြီးအကဲ၊ ကျွန်တော့်အဖေလိုမျိုး အာဏာရှိတဲ့လူတစ်ယောက် သေချာပေါက် ဖြစ်လာမှာပဲ”

“ငါ့မှာတော့ အကောင်းဆုံး ဖြေရှင်းနည်းတစ်ခု ရှိတယ်”

ဒေါက်တာကောင်းက ပန်ပန်၏ရှေ့တွင် ရပ်လိုက်ရာ ပြတင်းပေါက်မှ လရောင်ကို ကွယ်သွားသည်။

“တောအုပ်ရဲ့ ဗဟိုချက်မှာ ပြင်းထန်တဲ့ ကူးစက်ရောဂါ ခံစားနေရတဲ့ လူနာတစ်ယောက် ရှိနေတယ်၊ တောအုပ်ကြီးက ဒီလို စည်းမဲ့ကမ်းမဲ့ ပျံ့နှံ့နေတာဟာ သူ့ကြောင့်ပဲ၊ တကယ်လို့ တစ်ယောက်ယောက်က သူနဲ့ ဦးနှောက်ချင်း အောင်အောင်မြင်မြင်ချိတ်ဆက်နိုင်ပြီး သူ့ရဲ့ အတွေးတွေ၊ ဆန္ဒတွေနဲ့ မှတ်ဉာဏ်တွေကို ခိုးယူနိုင်မယ်ဆိုရင် သူဟာ တောအုပ်ကြီးရဲ့ သခင် ဖြစ်လာလိမ့်မယ်၊ အဲ့ဒီအခါကျမှ လူသားတွေနဲ့ တောအုပ်ဟာ အစစ်အမှန်သာယာဝပြောတဲ့ အတူယှဉ်တွဲနေထိုင်မှုကို ရနိုင်မှာ”

“ဒါပေမဲ့ တောအုပ်ရဲ့ ဗဟိုချက်ကို ဘယ်သူမှ မဝင်နိုင်ဘူးလေ၊ ကျွန်တော့်အဖေတောင်မှ အပြင်ဘက် နယ်မြေတွေမှာပဲ တောရိုင်းဟင်းသီးဟင်းရွက်တွေ ရှာရဲတာ”

ပန်ပန်က သူ၏ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်၍ လှပသောစိတ်ကူးယဉ်မှုများကို ရပ်တန့်လိုက်သည်။

“ဒါကြောင့်လည်း ငါအခုထိ ဘာမှမလုပ်သေးတာပေါ့၊ တောအုပ်ရဲ့ စိတ်ဆန္ဒက တခြားအရာတစ်ခုခုကြောင့် ပိတ်မိနေမယ့် အခွင့်အရေးကို ငါစောင့်နေတာ”

ဒေါက်တာကောင်းက အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

“ပဋိပက္ခတွေ ပြင်းထန်လာလေလေ လူတွေရဲ့ ဒေါသက ပိုတောက်လောင်လာလေလေပဲ၊ အဲ့ဒီအခွင့်အရေးက မကြာခင် ရောက်လာတော့မယ်”

ပန်ပန် နောက်ဆုတ်သွားသည်။ သူသည် ဂုဏ်သရေရှိသော လူကြီးလူကောင်းတစ်ယောက် ဖြစ်သော်လည်း ဖခင်ဖြစ်သူကမူ သူ့အား ကြောက်မက်ဖွယ်ကောင်းသော အရူးတစ်ယောက်ထံမှ သင်ယူရန် လွှတ်လိုက်ခြင်းပင်။

“အခုရှိနေတဲ့ ဦးနှောက်ချိတ်ဆက်တဲ့ ကိရိယာက အရမ်းရှုပ်ထွေးလွန်းပြီး ရွှေ့လို့မရဘူး၊ တချို့နေရာတွေ ပြင်ဆင်ဖို့ လိုတယ်၊ ငါတို့ ဓာတ်ခွဲခန်းကို အတူတူသွားရအောင်”

“သူတို့အားလုံးက တောအုပ်ကို စုံစမ်းဖို့ သွားကြပြီလေ၊ ကျွန်တော်တို့ရော မလိုက်ရဘူးလား”

ပန်ပန်မှာ အနည်းငယ် ကြောက်လန့်နေသည်။ သူသည် မှောင်မည်းနေသော ကော်ရစ်ဒါလမ်းအတိုင်း ဒေါက်တာကောင်းနောက်မှ လိုက်ပါလာခဲ့သည်။ အချိန်က ညဉ့်နက်နေပြီဖြစ်ရာ ဒေါက်တာကောင်းက သူ့ကို တစ်ခုခုလုပ်လေမလားဟု စိုးရိမ်နေမိသည်။

သူတို့ ဓာတ်ခွဲခန်းထဲသို့ အလွယ်တကူ ဝင်နိုင်ခဲ့ကြသည်။ မစ္စတာရှစ်ရှစ်၏ ထောက်ခံစာကို ရရှိထားပြီးဖြစ်သဖြင့် စီမံခန့်ခွဲသူအများအပြားက ဒေါက်တာကောင်းသည် ဒေါက်တာပု၏ ဆက်ခံသူဖြစ်ကြောင်းကို တိတ်တဆိတ် လက်ခံထားကြပြီး ဖြစ်သည်။

ဘယ်သူမှ စောင့်ကြည့်နေခြင်း မရှိတော့သဖြင့် ဒေါက်တာကောင်းသည် နောက်ဆုံးတွင် ဦးနှောက်ချိတ်ဆက်ခြင်း စမ်းသပ်မှုများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်နိုင်တော့မည် ဖြစ်သည်။

“ဒေါက်တာ... ခင်ဗျား အခုစက်ကို စတင်တော့မလို့လား၊ ဒီမှာ ဦးနှောက်ချိတ်ဆက်ဖို့ လူမှမရှိတာ”

ဒေါက်တာကောင်း၏ စိုက်ကြည့်မှုကို ခံလိုက်ရသောအခါ ပန်ပန်သည် ကျောရိုးထဲအထိ စိမ့်တက်သွားပြီး မသိစိတ်ဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။

အပိုင်း (၈၅၀) ကမ္ဘာသစ်ကို လောင်ကျွမ်းမယ့် မီးတောက်များ

“မကြောက်ပါနဲ့၊ ဒီကိရိယာရဲ့ ဘယ်အပိုင်းတွေကို ဖြုတ်ပစ်လို့ရမလဲဆိုတာ ငါစစ်ဆေးကြည့်ရုံပါ”

ဒေါက်တာကောင်းက လှည့်မကြည့်ဘဲ ပြောလိုက်သည်။

“လူ့အခွင့်အရေးကော်မတီနဲ့ တရားစီရင်ရေးဌာနရဲ့ ခွင့်ပြုချက်ရဖို့အတွက် ကိုယ်ကျင့်တရားကြပ်ရေးအဖွဲ့က ဒီထဲမှာ ဘေးကင်းလုံခြုံရေးပစ္စည်းတွေ အများကြီး ထည့်ထားတာလေ၊ ငါ့အမြင်မှာတော့ ဒါတွေက မလိုပါဘူး၊ ဦးနှောက်ဆေးတယ်ဆိုတာ ကိုယ့်အသက်နဲ့ လောင်းကစားလုပ်နေတာပဲ၊ ဘယ်လောက်ပဲ အာမခံချက်တွေရှိရှိ အလကားပဲ”

ဂလောက်ခနဲ အသံနှင့်အတူ ဒေါက်တာကောင်းသည် ဦးနှောက်ဆေးခံရမည့်လူကို ထိန်းထားပေးသည့် ကိရိယာ၏ အောက်ခြေအပိုင်းကို ဖြုတ်ပစ်လိုက်သည်။

“ဒီအထောက်အပံ့တွေကလည်း အပိုတွေပဲ၊ မင်းရဲ့ စိတ်ဓာတ်ကသာ လုံလောက်အောင် ခိုင်မာနေမယ်ဆိုရင် ဘာအကူအညီမှ မလိုဘူး”

သူသည် ဤမြို့တွင် ဦးနှောက်ချိတ်ဆက်ခြင်းလုပ်ငန်းကို အများဆုံးလုပ်ဖူးသူဖြစ်ရာ ဤကိစ္စနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်အရှိဆုံးပုဂ္ဂိုလ်ပင် ဖြစ်သည်။

သူ့လက်ချောင်းများက ဆားကစ်ပတ်လမ်းကြောင်းများကို ထိတွေ့မိလိုက်သည်။ ဒေါက်တာကောင်း၏ ခန္ဓာကိုယ်သည် ဦးနှောက်ချိတ်ဆက်စဉ်က ခံစားခဲ့ရသည့် နာကျင်မှုကို ပြန်လည်အမှတ်ရနေသော်လည်း သူ့ဦးနှောက်ကမူ ဘာမှမမှတ်မိတော့ပေ။ သူ့စိတ်သည် နာရီနှင့်အမျှ အရာရာတိုင်းကို မေ့လျော့နေခြင်းဖြစ်သည်။ ဖခင်ဖြစ်သူ အိမ်ကထွက်သွားပြီးနောက်ပိုင်း သူ့ကို ဦးနှောက်ပြန်ချိတ်ဆက်ပေးပြီး အမှန်တရားတွေကို မှတ်မိအောင် ကူညီပေးမည့်သူ မရှိတော့ပေ။

“တကယ်လို့ တစ်နေ့မှာ တစ်လောကလုံးက ငါ့ကို မိစ္ဆာတစ်ကောင်လို့ ထင်ကြရင် သူ ငါ့ဘက်ကနေ ကာကွယ်ပေးပါ့မလား၊ သူ့စရိုက်အရဆိုရင်တော့ မဖြစ်နိုင်ပါဘူး၊ အလွန်ဆုံးရှိလှ ငါ့အုတ်ဂူပေါ်ကို ပန်းလာတင်ပေးရုံပဲ ရှိမှာပါ”

ကလစ်ဟူသော အသံနှင့်အတူ ဦးနှောက်ချိတ်ဆက်ခြင်း ကိရိယာ၏ အသက်အန္တရာယ် စောင့်ကြည့်စက်ကိုလည်း ဖြုတ်ပစ်လိုက်သည်။ ဦးနှောက်ချိတ်ဆက်ဝေမျှဖို့ ကြိုးစားတာသာ မအောင်မြင်ရင် သေဖို့ပဲ ရှိတယ်၊ စမ်းသပ်စစ်ဆေးနေလို့ ဘာထူးမှာလဲ။

ပန်ပန်၏ တုန်လှုပ်ခြောက်ခြားပြီး အံ့ဩမှင်သက်နေသော အကြည့်အောက်တွင် ဒေါက်တာကောင်းသည် ဓာတ်ခွဲခန်းရှိ ဦးနှောက်ချိတ်ဆက်ခြင်း ကိရိယာ၏ အစိတ်အပိုင်း ထက်ဝက်ကျော်ကို ဖြုတ်ပစ်လိုက်တော့သည်။

ယခင်ကိရိယာသည် လုပ်ဆောင်ချက်အစုံအလင်ပါဝင်ပြီး အသုံးပြုစဉ်အတွင်း မတော်တဆမှုဖြစ်နိုင်ခြေ အလွန်နည်းပါးသည်။ ယခု ဒေါက်တာကောင်း ပြင်ဆင်လိုက်သော ကိရိယာမှာမူ ဘေးကင်းလုံခြုံမှု လုံးဝမရှိတော့ပေ။ အမှန်အတိုင်းပြောရလျှင် ဦးနှောက်ချိတ်ဆက်မျှဝေရန် ရွေးချယ်လိုက်သော လူနှစ်ဦးလုံးသည် စမ်းသပ်မှုအပြီးတွင် အရူးဖြစ်သွားရန် အခွင့်အလမ်းအလွန်များနေသည်။

“အောင်မြင်သွားပြီ”

“ဒါက ဘယ်လိုမျိုး အောင်မြင်တာလဲ”

ပန်ပန်၏ ချုပ်ထားသောပါးစပ်တစ်ခြမ်းမှာ ထိတ်လန့်လွန်းသဖြင့် ပြဲထွက်လုမတတ် ဖြစ်နေတော့သည်။ သူသည် ရုပ်ပိုင်းဆိုင်ရာအရသာ ထူးဆန်းနေခြင်းဖြစ်သော်လည်း သူ့ရှေ့မှ ဆရာဝန်ကမူ စိတ်ပိုင်းဆိုင်ရာပါ လုံးဝပုံမှန်မဟုတ်တော့ပေ။

ဤကဲ့သို့ ကျစ်လျစ်သွားသော ဦးနှောက်ချိတ်ဆက်ခြင်း ကိရိယာကို လူနှစ်ယောက်တည်းနှင့် သယ်ဆောင်နိုင်ပြီဖြစ်သည်။ ဦးနှောက်ချိတ်ဆက်သည့် ဆေးဝါးများကိုသာ အသင့်ပြင်ထားမည်ဆိုပါက အချိန်နေရာမရွေး စမ်းသပ်မှုများ ပြုလုပ်နိုင်တော့မည် ဖြစ်သည်။

“တကယ်လို့ ကျောင်းက တခြားအဖွဲ့ဝင်တွေ ဒါကို မြင်သွားရင် ခင်ဗျားကို အထက်လူကြီးတွေဆီ တိုင်ကြလိမ့်မယ်နော်”

“သူတို့ မသိအောင်လုပ်ထားရင် ရပြီမဟုတ်လား”

ဒေါက်တာကောင်းက သယ်ယူပို့ဆောင်ရေး နည်းလမ်းများကို စဉ်းစားရင်း အနက်ရောင် အလောင်းအိတ်တစ်ခုထဲတွင် မွှေနှောက်ရှာဖွေလိုက်သည်။

ပန်ပန်သည် ဒေါက်တာကောင်းထံမှ အရာများစွာကို သင်ယူမိနေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ ထိုအရာတိုင်းသည် သူ၏တန်ဖိုးထားမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသဖြင့် သူ၏ကိုယ်ကျင့်တရားက လှုပ်ခတ်နေရသည်။

ဒေါက်တာကောင်းသည် အလွန်အလျင်လိုနေပုံရသည်။ သူသည် အိပ်ပင်မအိပ်ဘဲ ဆေးဝါးမျိုးစုံကို ပြင်ဆင်ကာ သူ့အိတ်ထဲသို့ ထိုးထည့်နေခဲ့သည်။

ညတာကုန်လွန်သွားပြီးနောက် ပန်ပန်တစ်ယောက် ဓာတ်ခွဲခန်းထဲတွင် အိပ်ချင်မူးတူးနှင့် နိုးလာလေသည်။ ဒေါက်တာကောင်းမှာ ဦးနှောက်နှင့် ကွန်ပျူတာချိတ်ဆက်ထားသည့် စက်အနားတွင် ထိုင်နေဆဲဖြစ်ပြီး သူအမြဲလွယ်လေ့ရှိသော အိတ်ကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

“ခင်ဗျားက လူကြီးဖြစ်နေပြီကို အခုထိ ဒီကျောင်းလွယ်အိတ်ကို နေ့တိုင်းလွယ်နေတုန်းပဲလား”

“ဒါက ငါ့အဖေ ငါ့ကို ပေးခဲ့တာလေ၊ ဒီထဲမှာ ငါ့အပေါ်ထားတဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ မျှော်လင့်ချက်တွေအားလုံး ပါတယ်”

ဒေါက်တာကောင်း၏ မျက်ကွင်းများ ညိုမည်းနေပြီး သူ့လေသံမှာ နှုတ်ဆက်စကား ပြောနေသကဲ့သို့ ထူးဆန်းနေ၏။

“ဒါပေမဲ့ အခု ငါသူ့ကို ရှာမတွေ့တော့ဘူး၊ နောက်နောင်လည်း ထပ်တွေ့ရတော့မှာ မဟုတ်ဘူး ထင်တယ်”

ပန်ပန်သည် ဒေါက်တာကောင်း၏ လေသံပြောင်းလဲသွားသည်ကို သတိထားမိလိုက်သဖြင့် ချက်ချင်းတောင်းပန်လိုက်သည်။

“စိတ်မရှိပါနဲ့ဗျာ၊ ဒီအိတ်က ခင်ဗျားအတွက် ဒီလောက်အရေးကြီးမှန်း ကျွန်တော်မသိလိုက်ဘူး”

ဒေါက်တာကောင်းက ပန်ပန်ကို မော့ကြည့်လိုက်သည်။ သူ၏ ရိုးသားမှုကို အတည်ပြုပြီးနောက် ဒေါက်တာကောင်း၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာလေသည်။

“မင်းက ပုံပျက်ပန်းပျက်ဖြစ်နေပေမဲ့ မင်းရဲ့နှလုံးသားကတော့ အရမ်းကြင်နာတာပဲ၊ ကြည့်ရတာ အံ့ဖွယ်ဖြစ်ရပ်တွေကို မင်းလက်ထဲမှာပဲ ဖန်တီးနိုင်မယ်ထင်တယ်”

ပန်ပန်၏ အမူအရာက ထူးဆန်းသွား၏။ တစ်စုံတစ်ယောက်က သူ့ကို ‘ပုံပျက်ပန်းပျက်’ ဟု ခေါ်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သော်လည်း သူ့နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ အကြောင်းမှာ ဒေါက်တာကောင်းသည် သူ့ကို နှိမ်ချခြင်းမဟုတ်ဘဲ အရှိကိုအရှိအတိုင်း ပြောဆိုခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

“နောက်ထပ် ဘာဆက်လုပ်ကြမလဲ”

“စောင့်မယ်”

နှစ်ရက်အကြာတွင် တောအုပ်ကြီးနှင့်ပတ်သက်သော ဆွေးနွေးမှုများမှာ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပြင်းထန်လာခဲ့သည်။ ၎င်းမှာ ရှင်းလုဖွံ့ဖြိုးတိုးတက်ရေးတွင် ရှောင်လွှဲမရသော အဓိက ပြဿနာကြီးတစ်ခု ဖြစ်လာတော့သည်။

ပြည်သူအများစုက တောအုပ်ကို ဖျက်ဆီးပစ်ချင်ကြသော်လည်း အချို့က ကန့်ကွက်ကြသည်။ ထိုသို့ ကန့်ကွက်သူအများစုမှာ သစ်ပင်အဖြစ် ပြောင်းလဲသွားကြသူများနှင့် ဆွေမျိုးတော်စပ်သူများ ဖြစ်ကြသည်။

နှုတ်ဖြင့် ငြင်းခုံမှုများမှသည် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုများအထိ ဖြစ်ပွားလာခဲ့ပြီး ညဘက် ကင်းလှည့်မှုများလည်း တဖြည်းဖြည်း တိုးလာခဲ့သည်။ ရှင်းလုအာဏာပိုင်များမှာမူ ထိန်းချုပ်မရသော ဖြစ်ရပ်များအတွက် အလွန်စိုးရိမ်နေကြပေသည်။

တရားစီရင်ရေးဌာန၊ လူ့အခွင့်အရေးကော်မတီနှင့် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့တို့မှာ ယခုထိတိုင် ဘုံသဘောတူညီချက်တစ်ခု မရရှိသေးပေ။ သူတို့တွေ တွေဝေနေကြစဉ်မှာပင် တောအုပ်ကြီးက ပိုမိုပျံ့နှံ့လာပြီး လူပေါင်းများစွာ ထပ်မံပျောက်ဆုံးသွားခဲ့သည်။ ယခုအခါ ရုပ်မြင်သံကြား သတင်းများတွင် တောအုပ်အကြောင်းကိုသာ အဓိကဖော်ပြနေတော့သည်။ ပြည်သူများ၏ သည်းခံနိုင်စွမ်းမှာ ကုန်ဆုံးခါနီးဖြစ်နေပြီး လှုံ့ဆော်သံများနှင့် အစွန်းရောက်သော ကြေညာချက်များမှာလည်း ပိုမိုကျယ်လောင်လာခဲ့သည်။

လူ့အခွင့်အရေးကော်မတီကမူ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် လွတ်လပ်ပြီး ယဉ်ကျေးကာ အားလုံးကို လက်ခံပေးနိုင်သော မြို့တော်အဖြစ် တည်ဆောက်ခဲ့သည့် ဤနေရာကို ရှေးဦးလူရိုင်းခေတ်နှင့် အကြမ်းဖက်မှုများဆီသို့ ပြန်မရောက်စေရန် ထပ်တလဲလဲ တောင်းဆိုနေခဲ့သည်။ လူသားတို့၏ မွန်မြတ်သော စိတ်ဓာတ်ဖြင့် အခက်အခဲများကို ကျော်လွှားရန် တိုက်တွန်းနေကြသည်။ တောအုပ်ပြဿနာသည် ယဉ်ကျေးမှုတိုးတက်မှုကို စမ်းသပ်သည့် စာမေးပွဲတစ်ခု ဖြစ်လာနိုင်ပြီး ထိုအတားအဆီးကို ကျော်လွှားနိုင်ပါက ရှင်းလုသည် ပိုမိုမြင့်မားသော စိတ်ပိုင်းဆိုင်ရာအသွင်ကူးပြောင်းမှုကို ရရှိလိမ့်မည်ဟု ဆိုကြသည်။

ရှင်းလုသည် စံပြမြို့တော်တစ်ခု ဖြစ်သော်လည်း မတူညီသော အမြင်ရှိသည့် လူများအားလုံးက သူတို့၏ စံပြအိပ်မက်များကို အကောင်အထည်ဖော်ချင်ကြသည့်အခါ ပဋိပက္ခများ ပေါက်ကွဲထွက်လာတော့သည်။

လက်ရှိတွင် ရှင်းလုသည် အင်အားစုလေးခုအဖြစ် ပြတ်ပြတ်သားသား ကွဲပြားလျက်ရှိသည်။ ၎င်းတို့မှာ ‘တောအုပ်’ ကို လက်ခံရန် တိုက်တွန်းနေသော လူ့အခွင့်အရေးကော်မတီ၊ ရှေ့နောက်မညီ ဖြစ်နေသော ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့၊ ကြားနေနေသော တရားစီရင်ရေးဌာနနှင့် အစွန်းရောက် NGO အဖွဲ့အစည်းများ ဖြစ်ကြသည်။

လူ့အခွင့်အရေးကော်မတီက တောအုပ်ထဲရှိ သစ်ပင်တိုင်းသည် တစ်ချိန်က လူသားများဖြစ်ခဲ့သဖြင့် ၎င်းတို့ကို သာမန်သစ်ပင်များဟု မယူဆသင့်ဘဲ စိတ်ပိုင်းဆိုင်ရာ ကမ္ဘာကြီး၏ အိုအေစစ်အဖြစ် သတ်မှတ်သင့်သည်ဟု ငြင်းခုံကြသည်။

NGO အဖွဲ့များက ထိုသို့ နားမလည်နိုင်ကြပေ။ သူတို့အမြင်တွင် လူဆိုသည်မှာ လူဖြစ်ပြီး သစ်ပင်ဆိုသည်မှာ သစ်ပင်သာ ဖြစ်သည်။ သစ်ပင်ဖြစ်ဖို့ ရွေးချယ်လိုက်ခြင်းသည် ထိုအကျိုးဆက်ကို ခံယူခြင်းဖြစ်ရာ အခြားသူများကို စိတ်ပူပန်အောင် မလုပ်သင့်ဟု ဆိုကြသည်။

တတိယမြောက်ညတွင် တောအုပ်ကြီးသည် ထပ်မံပျံ့နှံ့လာပြီး ရင်ခွဲရုံရိပ်သာလမ်းတွင် လူနေအထူထပ်ဆုံးဖြစ်သော၊ ဥယျာဉ်မှူး ယခင်ကနေထိုင်ခဲ့ဖူးသော အစာအိမ်အိမ်ရာထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့တော့သည်။

ထိုအိမ်ရာဝင်းအတွင်းရှိ အဆောက်အအုံခြောက်ခုတွင် နေထိုင်သူများဖြစ်ကြသော အစာဟောင်း၊ အစာအိမ်အချဉ်ပေါက်၊ သွေးဝမ်း၊ ဝမ်းအမည်း၊ အစာအိမ်ကျောက် နှင့် အစာအိမ်အနာ အဖွဲ့ဝင်များသည် သူတို့ကိုယ်ပိုင်ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းကာ အိမ်ရာဝင်းအတွင်း ကျူးကျော်လာသော ‘သစ်ပင်’ အားလုံးကို ‘ဖျက်ဆီး’ ၍ လမ်းမပေါ်သို့ လွှတ်ပစ်လိုက်ကြသည်။

ကာကွယ်ရေးအဖွဲ့အစည်းများက သူတို့ကို တားဆီးရန် ကြိုးစားသော်လည်း ပြန်လည်တိုက်ခိုက်ခြင်းကိုသာ ခံခဲ့ရသည်။ လူ့အခွင့်အရေးကော်မတီက ရဲတပ်ဖွဲ့ထံ အကူအညီတောင်းသော်လည်း တရားစီရင်ရေးဌာနက ငြင်းပယ်ခဲ့သည်။

သစ်ပင်များသည် နာကျင်မှုကို မခံစားရပေ။ အိပ်မက်ထဲက တောအုပ်များသည် လူသားတို့၏ ဖျက်ဆီးမှုနှင့် နှိပ်စက်မှုများကို တိတ်တဆိတ် ငြိမ်ခံနေကြရခြင်းဖြစ်သည်။ သို့သော် ရှင်းလု၏ ‘တောအုပ်’ မှာမူ ထိုသို့မဟုတ်ပေ။ နိုးထလာသော စုပေါင်းအသိစိတ်တစ်ခုက ‘သစ်ပင်’ များစွာကို အစာအိမ်အိမ်ရာဘက်သို့ ပိုမိုကြီးထွားလာအောင် တွန်းပို့နေခြင်းဖြစ်သည်။ အချို့နေထိုင်သူများမှာ ထို ‘သစ်ပင်’ များ၏ အကိုင်းအခက်များဖြင့် ဆွဲခေါ်သွားခံရပြီး လရောင်အောက်ရှိ တောနက်ထဲ၌ ပျောက်ကွယ်သွားကြသည်။

သာမန်ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းများက ‘တောအုပ်’ ကို ထိခိုက်စေခြင်း မရှိပေ။ ထို့ကြောင့် နေထိုင်သူများသည် အစာအိမ်အိမ်ရာအတွင်း မီးများ စတင်ရှို့လာကြပြီး ကြီးမားသော မီးတောက်အတားအဆီးများကို ပြုလုပ်လာကြသည်။

လရောင်က တောအုပ်ထဲသို့ ဖြာကျနေပြီး မီးရောင်က လူတို့၏ မျက်နှာများကို လင်းထိန်စေရာ နှစ်ဖက်စလုံးမှာ မတူညီသော လမ်းနှစ်ခုဆီသို့ ဦးတည်နေသကဲ့သို့ပင်။

မီးသည် တောအုပ်ကို တားဆီးနိုင်ကြောင်း သိသွားသောအခါ အခြားအိမ်ရာဝင်းများကလည်း ထိုအတိုင်း လိုက်လံလုပ်ဆောင်လာကြတော့သည်။ အချို့အစွန်းရောက်အခြေခံလူတန်းစား အဖွဲ့အစည်းများမှာမူ တောအုပ်ကို တစ်နေရာတည်းတွင် ကန့်သတ်ထားရန် မီးတံတိုင်းများ ဖန်တီးဖို့အထိပင် ကြိုးစားလာကြသည်။

ကျိုးကြောင်းဆင်ခြင်တုံတရားက မီးတောက်တစ်ခုကို စတင်လိုက်သည့်အခါ ပြင်းထန်သော မီးတောက်ကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိသည်။ သို့သော် ဤမြို့ကြီးတွင် ကျိုးကြောင်းဆင်ခြင်တုံတရားဆိုသည်မှာ အလွန်ပင် ရှားပါးလှပေသည်။

ပူပြင်းသော လေပူလှိုင်းများက ညဉ့်ယံကို ဖြတ်သန်းသွား၏။ လွင့်ပျံနေသော မီးပွားများမှာ မြို့ထဲသို့ ကြွေကျလာသော ကြယ်စုတန်းကြီးနှင့် တူနေခဲ့သည်။ လူများသည် မီးတောက်များကြားတွင် စိတ်လွတ်ကိုယ်လွတ် ကခုန်နေကြတော့သည်။

All Chapters