← Chapters

ပညာရပ်တွေသုံးပြီး ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ သိလား ...

Vol. 19 Ch. 255

ပညာရပ်တွေသုံးပြီး ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ သိလား ...

Vol. 19 Ch. 255

စုမင်သည် ထိုပန်းချီကားကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ပြီးမှ ၎င်းပန်းချီကို သိမ်းဆည်းထားရန်အတွက် ပုံဆွဲကားချပ်ကို ကောက်ကိုင်လိုက်ပြီး တစ်ဖက်သို့လှည့်လိုက်သည်။

ပန်းချီကားအတွင်းမှလူသည် သူ့ခြေထောက်ကိုမြှောက်ကာ မြက်ပင်ကို မဖျက်ဆီးပစ်ခင်မှာပင် စုမင်သည် ပုံဆွဲကားချပ်၏ ထိုမျက်နှာစာဖက်တွင် ဆက်လက်ဆွဲသားခြင်း မပြုတော့ပဲ ပုံဆွဲကားချပ်ကို ကျောဘက်သို့လှန်လိုက်ခြင်း ဖြစ်သည်။

ဤတိုက်ပွဲတွင် စစ်မာရှင်းအား မည်ကဲ့သို့ တိုက်ခိုက်ရမည်၊ ခြိမ်းခြောက်ခံရမှုကို မည်ကဲ့သို့ဖြေရှင်းရမည် ဆိုသည်နှင့် ... သူ မည်ကဲ့သို့ပြုလုပ်မှ အနိုင်ရလိမ့်မည်တို့ကို သူရှင်းရှင်းလင်းလင်း မသိသေးပေ။ ဤတိုက်ပွဲသည် သူကောင်းကင်မြူခိုး လူရိုင်းအမဲလိုက်ပွဲသို့ ဝင်ရောက်မဆင်နွှဲခင် အေးခဲကောင်းကင်ကလန်အတွင်း သူနှင့် စစ်မာရှင်းတို့၏ နောက်ဆုံးတိုက်ပွဲလည်း ဖြစ်ကောင်းဖြစ်နိုင်၏။

တိတ်ဆိတ်ငြိမ်သက်သော ညတစ်ညသည် ထိုပုံစံအတိုင်းပင် တဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။ ဤညတွင် စုမင်ပုံဆွဲသားခြင်း မပြုခဲ့ပေ။ လိုဏ်ဂူအတွင်းတွင် မျက်လုံးများကိုသာ အသာအယာပိတ်လျက် ထိုင်နေခဲ့သည်။ သူအသက်ရှူလိုက်ချိန်တိုင်းတွင် သူ့အမှတ်တရများထဲတွင်ရှိသော ဆီးနှင်းများအတွင်းမှလူတစ်ဦးသည် သူ့ခေါင်းထဲ၌ ဖြစ်ပေါ်လာတတ်သည်။

တဖြည်းဖြည်းနှင့် စုမင် နှလုံးသားထဲတွင် ဝိုးတဝါးနားလည် သဘောပေါက်မှုတစ်ခုကို ရရှိလာခဲ့သည်။ ဤတစ်ကြိမ် စစ်မာရှင်းနှင့်တိုက်ပွဲသည် အရေးကြီးသောအရာမဟုတ်ဟု သူခံစားနေရ၏။ သော့ချက်သည် ပိုင်စုဟုခေါ်သော မိန်းကလေးထံတွင်ဖြစ်ပြီး အဓိကအချက်မှာ သူမထံတွင် ပိုင်လင်း၏ အရိုင်းဆန်ဆန်အလှနှင့် ပိုင်လင်းနှင့် ချွတ်စွပ်တူသော မျက်နှာလေး ရှိနေခြင်းဖြစ်သည်။

အရေးကြီးသော အရာမှာ စုမင်သာ သူ့ကိုသူမ ပြင်ဆင်ထားခဲ့လျှင် ဤမိန်းကလေးအား ပိုင်လင်းဟု ခဏတာအထင်မှားမိခြင်းများ ဖြစ်နေပေလိမ့်မည် ...

အဓိကအချက်မှာ စုမင်၏စိတ်နှလုံးသည် အသွင်ပြောင်းလဲမှုတစ်ခုကို တွေ့ကြုံရန် အဆင်သင့်ဖြစ်နေပုံပေါ်ခြင်းပင် ဖြစ်သည်။ ဤပြောင်းလဲမှုသည် ရုတ်တရက်ဖြစ်ပေါ်လာခဲ့ခြင်း မဟုတ်ပေ။ ၎င်းသည် သူ့ထံတွင် အစက အိပ်မောကျနေခဲ့ပြီး ဖြည်းဖြည်းချင်း တည်ဆောက်လာခဲ့ပုံ ပေါ်သည်။ ယခုတော့ ထိုအရာသည် စွမ်းအားလုံလောက်စွာ စုဆောင်းပြီးဖြစ်၍ ပြောင်းလဲမှုကို ချိုးဖျက်ရုံသာ လိုတော့ချေသည်။

နံနက်ခင်းနေရောင်ခြည်သည် ဝင်ပေါက်ကိုဖြတ်သန်းလျက် လိုဏ်ဂူအတွင်းမှ စုမင်အရှေ့နေရာသို့ ဖုံးအုပ်ဖြာကျနေခဲ့သည်။ နေရောင်ခြည်နှင့်အတူ မိန်းကလေးတစ်ဦး၏ အသံကကလည်း လိုဏ်ဂူအပြင်မှ ပျံ့လွင့်လာခဲ့သည်။

“ရှင် ကျွန်မကို ဒီနေ့နှင်ထုတ်ရင်တောင်၊ ကျွန်မကဆက်လာနေဦးမှာပဲ။ နေ့တိုင်းကို လာနေမှာ”

ထိုအသံသည် လိုဏ်ဂူအတွင်းသို့ ပျံ့လွင့်လာပြီးသည်နှင့် အလျင်အမြန်ပင် ပြန်လည်တိတ်ဆိတ်သွားသည်။ ကျီချဲတစ်ယောက် သူမကို နဝမတောင်ထွတ်အပြင်သို့ နောက်တစ်ကြိမ် မောင်းထုတ်လိုက်ပြန်ပြီဖြစ်ကြောင်း စုမင်သိလိုက်သည်။

သို့သော် ခဏအကြာမှပင် ပိုင်စုအသံက ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။

“စုမင်၊ ရှင် ကျွန်မကို မရင်ဆိုင်ရဲရင်၊ ရှင့်နှလုံးသားထဲမှာ တစ်စုံတစ်ရာက အမြဲတမ်းကင်းမဲ့နေလိမ့်မယ်”

တစ်နေ့တာလုံးတွင် ဤအဖြစ်အပျက်များသာ ထပ်ခါထပ်ခါဖြစ်ပွားခဲ့ပြီး တဖြည်းဖြည်းနှင့် ညနေခင်းသို့ ရောက်ရှိလာခဲ့သည်။ ပိုင်စုသည် ကျီချဲထံမှ နောက်တစ်ကြိမ် မောင်းထုတ်ခံလိုက်ရသောအခါ ဤတိုက်ခိုက်မှုများကို သူမဆက်တောင့်ခံနိုင်တော့မည် မဟုတ်မှန်း သိလိုက်ရပြီး ပါးစပ်အပြည့်သွေးများ အန်ထုတ်လိုက်ရသည်။

ကျီချဲ တွန့်ဆုတ်သွားမိသည်။

ဤမျှလောက် ဇွဲရှိသူတစ်စုံတစ်ဦး ရှိနေလိမ့်မည်ဟု သူဘယ်တုန်းကမှ ထင်မထားခဲ့မိပေ။ ဤတစ်နေ့လုံးတွင် ပိုင်စုသည် တောင်ပေါ်သို့ ၁၇ကြိမ်ခန့်တက်လာခဲ့ခြင်း ဖြစ်သည်။

ဖိအားပေးမောင်းထုတ်ခံရသဖြင့် သူမဒဏ်ရာရပြီး သွေးများအန်ထုတ်လိုက်ရချိန်တွင် ... ကျီချဲသည် ရေခဲပြင်ပေါ်မှ သွေးများကိုကြည့်လိုက်ပြီးနောက် စုမင်၏လိုဏ်ဂူဆီသို့ လှည့်ကြည့်လိုက်မိ၏။

လိုဏ်ဂူသည် တိတ်ဆိတ်နေပြီး မည်သည့်အသံမှ ထွက်ပေါ်မလာခဲ့ပေ။ ကျီချဲ ခဏတာငြိမ်သက်နေပြီးမှ အနီးအနားတွင်ထိုင်ချလိုက်သည်။

နောက်တစ်နေ့တွင်လည်း ပိုင်စုနောက်တစ်ကြိမ် ရောက်လာပြန်သည်။

ဤနေ့တွင်တော့ သူမသည် နောက်ဆုံးတွင် ဖြူဖျော့သော မျက်နှာလေးနှင့် သွေးအန်လိုက်ရပြီး တောင်ပေါ်သို့ ဆက်မတက်နိုင်တော့သည့် အချိန်မတိုင်ခင်အထိ တောင်ပေါ်သို့ ၁၉ကြိမ်ခန့်ရောက်လာခဲ့လေသည်။

ဤအရာသည် တတိယမြောက်နေ့၏ ညနေစောင်းအချိန်အထိ တိုင်အောင်ပင် ဆက်လက်ဖြစ်ပျက်နေခဲ့သည်။ ပိုင်စုသည် စုမင်လိုဏ်ဂူဆီသို့ အကြိမ်၂၀မြောက် ရောက်လာခဲ့ပြီး ကျီချဲအရှေ့၌ ရပ်လိုက်ချိန်တွင်တော့၊ ကျီချဲသည် ညာလက်ကိုမြှောက်လိုက်သော်လည်း ဝှေ့ယမ်းနိုင်ခြင်း မရှိတော့ပေ။

သူ့မျက်စိရှေ့မှ မိန်းကလေးသည် မယုံနိုင်လောက်အောင်ပင် ဖြူရော်နေပြီး သူမခန္ဓာကိုယ်သည်လည်း ယိမ်းထိုးနေခဲ့သော်ငြား သူမမျက်လုံးများအတွင်းမှ ဇွဲကြီးမှုများနှင့် သူမအရိုးများအတွင်းမှ ခိုင်မာမှုများသည် ကျီချဲကို တွန့်ဆုတ်သွားစေခဲ့သည်။

သူတို့သည် ရပ်တည်ချက်ခြင်းမတူသော်လည်း ကျီချဲတစ်ယောက် သူ့ရှေ့တွင်ရပ်နေသော ပိုင်စုအား ပိုမိုလေးစားလာခဲ့ရပေသည်။ ဤသုံးရက်အတွင်းတွင် သူမသည်တောင်ပေါ်သို့ အကြိမ်၅၀မက တက်လာခဲ့ပြီး အကြိမ်၅၀မက မောင်းထုတ်ခံခဲ့ရသော်လည်း ဇွဲနပဲကြီးနေဆဲပင် ဖြစ်သည်။

ပိုမိုမောင်းထုတ်ခံရလေလေ၊ သူမမျက်လုံးများအတွင်းရှိ ဇွဲရှိမှုများက ပိုမိုသန်မာလာလေလေပင်။ အကယ်၍ သူ သူမကိုနောက်တစ်ကြိမ် မောင်းထုတ်လိုက်ပြီး သူမထံတွင် ဤနေ့ တောင်ပေါ်သို့ ကုပ်တွယ်တက်နိုင်သော အားမကျန်တော့ဘူးဆိုလျှင်ပင်၊ သူမသည် ဒဏ်ရာရနေသော်လည်း နောက်တစ်နေ့တွင် ဆက်လာလိမ့်ဦးမည်ဖြစ်ကြောင်း ကျီချဲနည်းနည်းလေးတောင် သံသယမဝင်မိပေ။

ဤကဲ့သို့သာ အချိန်ကြာမြင့်စွာဆက်ဖြစ်နေဦးမည်ဆိုလျှင်၊ ဤမိန်းကလေး၏ ခန္ဓာကိုယ်သည် မည်မျှကောင်းမွန်နေပါစေ ထိုအရာကအရေးမပါတော့ချေ။ သူမ အချိန်ကြာကြာဆက်အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် သူမသည် ရုပ်နယ်လွန်နယ်ပယ်တွင်သာ ရှိသေးပြီး ဤပုံအရဆိုလျှင် သူမကိုယ်ပိုင်ရုပ်နယ်လွန် မာန်အမှတ်အသားကိုပင် ရေးဆွဲရသေးသည့်ပုံ မပေါ်ပေ။

ကျီချဲသည် ပိုင်စုကိုကြည့်လျက် ခြောက်ကပ်ကပ်ရယ်မောရင်း မေးလိုက်မိသည်။ “ဘာလို့လဲ ...”

“ရှင် ကျွန်မကို ဆက်ပြီးမောင်းထုတ်လို့ရတယ်။ ဒါပေမဲ့ ကျွန်မကတော့ ဆက်ကြိုးစားနေဦးမှာပဲ”

စကားပြောလိုက်ချိန်တွင် ပိုင်စုအသံသည် အလွန်အမင်းအားနည်းနေခဲ့ချေပြီ။ ထို့နောက် သူမသည် ခေါင်းလှည့်လိုက်ပြီး ပထမတောင်ထွတ်တည်ရှိရာ အရပ်ဆီသို့လှမ်းကြည့်လိုက်သည်။

“မင်း အဲဒီကို အကြိမ်များများသွားလေလေ၊ သူပိုပြီး စိုးရိမ်ကြောင့်ကြလေပဲ။ ပြီးတော့ မင်းပိုပြီး ထိခိုက်ဒဏ်ရာရလေ၊ သူပိုနာကျင်ရလေပဲ ... သူက ဒါကို သနားကရုဏာမသက်ပဲ မနေနိုင်သလို၊ မေ့ပျောက်ပစ်နိုင်မှာလည်း မဟုတ်ဘူး။ ငါ သေချာသိတယ်”

“ဒါပေမဲ့ ပိုင်စု၊ ငါ မင်းကို အဲလို မလုပ်စေချင်ဘူး။ ဘာလို့ဆိုတော့ အဲလိုလုပ်ရင် ငါ့နှလုံးသားက ပိုပြီးနာကျင်ရတယ် ...”

စစ်မာရှင်း၏ နူးညံ့ညင်သာသောအသံသည် ပိုင်စု၏ နှလုံးသားအတွင်း ပဲ့တင်ထပ်နေခဲ့သည်။

သူမမျက်လုံးများအတွင်းရှိ စိတ်ပိုင်းဖြတ်ဟန်နှင့် ခေါင်းမာမှုများက ပိုမိုပြင်းထန်သန်မာလာခဲ့သည်။

ကျီချဲ သက်ပြင်းရှည်ကြီးချလိုက်မိပြီး ညာလက်ကိုမြှောက်လိုက်သည်။ သူသည် စုမင်၏ တောင်အစောင့်အကြပ်ဖြစ်နေသဖြင့် စုမင်အမိန့်များကို နာခံရပေမည်။ စုမင်၏ စကားလုံးများကို သူမနာခံပဲ မနေဝံ့ပါချေ။

ဤခေါင်းမာသော မိန်းကလေးကို သူနောက်တစ်ကြိမ်မောင်းထုတ်တော့မည့် အချိန်မှာပင် တည်ငြိမ်အေးဆေးသော အသံတစ်သံသည် လိုဏ်ဂူအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

“မင်း တောင်ပေါ်ကို အကြိမ်ပေါင်းများစွာ လာနေရတဲ့ရည်ရွယ်ချက်က ဘာလဲ။ ငါတို့ သိပါရစေ”

သူတို့ထံသို့ စုမင်စကားသံ ရောက်ရှိလာသောအခါမှပင် ကျီချဲ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သူ အများကြီး မသိသော်လည်း ဤကောင်မလေးသည် ဤနေရာသို့ စစ်မာရှင်းကြောင့် လာနေခြင်းဖြစ်ကြောင်းကိုတော့ သူသိပေသည်။

ပိုင်စုသည် စုမင်ရှိနေရာ လိုဏ်ဂူဆီသို့လှမ်းကြည့်လိုက်ပြီး ခိုင်မာစွာ ပြန်ဖြေလိုက်သည်။ “ဘယ်လိုပုံဆွဲရမလဲဆိုတာ ကျွန်မသင်ချင်တယ်”

“ရှင် သင်မပေးရင်၊ ဒီကိုနေ့တိုင်း လာနေမှာ။ ကျွန်မ သေရင်သေ မသေရင်တော့ ရှင် တစ်နေ့နေ့မှာ အဲဒါကို လက်ခံမှာပဲ”

ပိုင်စုအသံသည် အားနည်းဖျော့တော့နေသော်ငြား အသံအတွင်း၌ စိတ်ဓာတ်ကြံ့ခိုင်မှုများ ပါဝင်နေခဲ့သည်။ သူမသည် ပြောသည့်အတိုင်းလုပ်ပေလိမ့်မည်။

လိုဏ်ဂူသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ သက်ပြင်းချရင်း စကားပြောဆိုလိုက်သည့်ပုံစံမျိုးဖြင့် စုမင်အသံက ပြန်လည်ထွက်ပေါ်လာခဲ့သည်။ “အဲဒါက ထိုက်တန်လို့လား ... အဲဒါက မင်းနဲ့ ဘာမှမဆိုင်ဘူးလေ”

ပိုင်စုသည် ပြန်မပြောခဲ့သော်လည်း သူမမျက်လုံးအတွင်းမှ စိတ်ဓာတ်ခိုင်မာမှုများသည်တော့ အနည်းငယ်မျှပင် လျော့နည်းသွားခဲ့ခြင်း မရှိချေ။

“အမှန်တော့ ငါ့အမှတ်တရတွေထဲမှာ မင်းနဲ့မယုံနိုင်လောက်အောင်ကိုတူတဲ့ မိန်းကလေးတစ်ယောက် ရှိခဲ့ဖူးတယ် ... မင်းက အကြိမ်ကြိမ်ပေါ်လာပြီး ငါ့အမှတ်တရတွေထဲက အနာဒဏ်ရာတွေကို စုတ်ဖြဲနေတာပဲ။ ဒါက စစ်မာရှင်းကိုကူညီဖို့ မင်းလုပ်နေတဲ့အရာလား ...” စုမင်အသံသည် လိုဏ်ဂူအပြင်သို့ ပျံ့လွင့်လာခဲ့သည်။

ပိုင်စု ငြိမ်ကျသွားပြီး သူမမျက်လုံးအတွင်းမှ စိတ်ဓာတ်ခိုင်မာမှုများထဲတွင်လည်း တွန့်ဆုတ်မှုများ အနည်းငယ်ဖြစ်ပေါ်လာခဲ့သည်။ သို့သော် မကြာမီမှာပင် ထိုတွန့်ဆုတ်မှုများက ပြန်လည်ပျောက်ကွယ် သွားခဲ့ချေသည်။

“ရှင်ကသာ အစ်ကိုကြီးစစ်မာရဲ့ ရတနာကို အရင်လုယူသွားတဲ့လူ..”

ပိုင်စုသည် အံကြိတ်ကာပြောဆိုလိုက်သည်။ သို့သော် သူမစကားမဆုံးသေးခင်မှာပင် သန်မာသော လေပြင်းတစ်ခုသည် လိုဏ်ဂူအတွင်းမှ ထွက်ပေါ်လာပြီး သူမကို တောင်ပေါ်မှလွင့်ထွက်သွားစေခဲ့သည်။

စုမင် သူ့ရှေ့မှ ပုံဆွဲကားချပ်ကို ငေးကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ညာလက်ကိုအောက်ပြန်ချလိုက်သည်။

ညအချိန်ရောက်သည်အထိ အပြင်ဘက်မှကောင်းကင်သည် တဖြည်းဖြည်း မည်းမှောင်သွားခဲ့သည်။ ဤညတွင် နဝမတောင်ထွတ်တစ်ခုလုံး၌ တိတ်ဆိတ်မှုများသာ လွှမ်းခြုံထားလေသည်။ စုမင်၏ အစ်ကိုနှစ်သည် တောင်တစ်ဝိုက်တွင် တစ္ဆေတစ်ကောင်သဖွယ် လျှောက်သွားနေပြီး သူထင်နေသည့် သူ့အပင်များအားခိုးနေသူကို လိုက်ရှာနေပေလိမ့်မည်။

သူ့အစ်ကိုသုံးသည်လည်း ထောင့်တစ်နေရာတွင် ပုန်းလျက် တစ်စုံတစ်ရာကို ချောင်းနေရင်း လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုဖြင့် ဤနေရာတစ်ဝိုက်တွင် သူသာ ဉာဏ်အကောင်းဆုံးသူဟု တွေးတောနေပေလိမ့်မည်။

သူ၏ အကြီးဆုံးအစ်ကိုကြီးသည်မူ နေ့နှင့်ည မပြောနိုင်သော ရေခဲမြစ်ထဲတွင်သာ ရှိနေပြီး သူ၏ သီးခြားနေရာ၌ တိတ်ဆိတ်ငြိမ်သက်စွာ တရားထိုင်နေပေလိမ့်မည်။

စုမင် မျက်လုံးများကို မှိတ်လိုက်ပြီး သူ့ရင်ဘတ်အတွင်းရှိ သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းထားသော အရိုးဖြင့်ပြုလုပ်ထားသည့် ကျိုးပဲ့နေသော ရွှင်းတူရိယာလေးကို ထုတ်ယူလိုက်သည်။ ဤရွှင်းသည် ပြန်လည်ပြုပြင်နိုင်ရန်ခက်ခဲပြီး ၎င်းသည်မည်သည့်အသံကိုမှ မပြုလုပ်နိုင်တော့ပေ။ ထို ရွှင်းတူရိယာကို ပါးစပ်တွင်တေ့လိုက်ပြီး စုမင်ငြိမ်သက်စွာ တီးမှုတ်လိုက်သည်။

တိတ်ဆိတ်မှု ....

သို့သော် စုမင်နားများထဲတွင်မူ ထိုတီးတိုးညည်းနေသော တေးသွားကို ကြားနေရဆဲပင်ဖြစ်သည်။ အသံသည် သူ့ခန္ဓာကိုယ်ကို ဝန်းရံနေပြီး သူ့နှလုံးသားကို ဖုံးအုပ်လျက် ထိုနေရာတွင် အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သည်။

အချိန်တို့ မည်မျှ ကုန်ဆုံးသွားမှန်း သူမသိခဲ့ပေ။ လိုဏ်ဂူအပြင်မှ လသည် သိမ်မွေ့သော အလင်းတဖြာဖြင့် တောက်ပနေပြီး ရေခဲတောင်ကြီးသည် အလင်း၏ရောင်ပြန်ဟပ်မှုကြောင့် အရောင်မျိုးစုံဖြင့် လင်းလက်တောက်ပ နေခဲ့သည်။ ဤတိတ်ဆိတ်သောညတွင် စုမင်သည် အသံမဲ့ရွှင်းအား တီးမှုတ်နေရင်းဖြင့် ပုံဆွဲခြင်းနှင့်မတူသော ငြိမ်းချမ်းမှုအား တိတ်ဆိတ်စွာ တွေ့ကြုံခံစားလာရလေသည်။

သူ၏ သီချင်းတီးခတ်နေခြင်း ပြီးဆုံးသွားချိန်တွင် အိုမင်းသောအသံတစ်ခုက သူ့နားထဲသို့ရောက်လာခဲ့သည်။

“မဆိုးပါဘူး”

ထိုအသံကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် စုမင် မျက်လုံးများကို အလျင်အမြန်ပြန်ဖွင့်လိုက်မိပြီး သူ့နှလုံးသားသည်လည်း ရင်ဘတ်မှပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်သွားရ၏။ လိုဏ်ဂူထဲတွင် မည်သည့်အချိန်တည်းက ရောက်နေခဲ့မှန်းမသိသော လူတစ်ဦးရှိနေပြီး သူကလည်း ထိုအရာနှင့်ပတ်သက်၍ ဘာမှမသိခဲ့ပေ။

ထိုလူသည် ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး စုမင်ထံကျောပေးလျက် ရပ်နေချေသည်။ သူ့အပေါ်သို့ လရောင်အချို့ဖြာကျနေသဖြင့် သူ့ဝတ်ရုံများပေါ်မှ ခရမ်းရောင်သည်ပင် တောက်ပစွာဖြာထွက်နေပုံပေါ်၏။ ထိုအရာသည် ထူးဆန်းသော ဖိအားတစ်မျိုးအသွင် ဖြစ်ပေါ်နေပြီး လိုဏ်ဂူတစ်ခုလုံးကို ဖုံးလွှမ်းထားရုံသာမက စုမင်၏မျက်လုံးများထဲမှာပင် ထိုအရောင်များ ပြည့်နေခဲ့လေသည်။

ခရမ်းရောင် ဝတ်ရုံရှည်၊ ခရမ်းရောင် ဆံပင်၊ ခရမ်းရောင်ပုံရိပ်နှင့် ရင်းနှီးနေသော အသံ ...

“ဆရာ့ကို နှုတ်ဆက်ပါတယ်”

စုမင် ချက်ချင်းထရပ်ပြီး သူ့ကိုကျောပေးထားသောလူအား ဦးညွှတ်လိုက်သည်။

စုမင်သည် ပုံမှန်အတိုင်းပြုမူနေပုံ ပေါ်ပြီး သူ့အပြုအမူများထဲတွင် ပုံမှန်မဟုတ်သည့်အရာမျိုး မတွေ့ရသော်ငြား သူ့နှလုံးသားထဲတွင်တော့ မုန်တိုင်းထန်နေပြီဖြစ်သည်။ ထိုမုန်တိုင်းသည် ထျန်းရှဲ့ကျီ၏ ရုတ်တရက်ရောက်လာမှုကြောင့် မဟုတ်သလို မကြာသေးခင်ကမှ စုမင်သူ့ကို သတိပြုမိခဲ့ခြင်းကြောင့်လည်း မဟုတ်ပေ။

ထိုအစား ထျန်းရှဲ့ကျီသည် ခရမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသောကြောင့်သာ ဖြစ်သည်၊

ထျန်းရှဲ့ကျီ ဤအခြေအနေမျိုးဖြစ်နေသည်ကို စုမင်တစ်ခါမှမမြင်ဖူးပေ။ ထိုနေ့က သူ၏အစ်ကိုနှစ်ပြောဆိုခဲ့သော ခရမ်းရောင်ဝတ်ရုံဖြင့် ဆရာ့အကြောင်းက စုမင်ခေါင်းထဲတွင် နောက်တစ်ကြိမ်ပြန်ပေါ်လာခဲ့သည်။ ထိုနေ့က အစ်ကိုနှစ်၏ မျက်နှာထက်ရှိ လေးနက်သောအမူအရာကိုလည်း သူသတိရမိသွားသည်။

ဤအရာတစ်ခုတည်းကြောင့်သာ စုမင် ထိတ်လန့်တုန်လှုပ် သွားခဲ့ရခြင်း မဟုတ်ပဲ ရွှင်းတူရိယာကြောင့်လည်း ဖြစ်သည်။ ဤအရာသည် မူလကမည်သည့်အသံမှမထွက်ပဲ စုမင်၏ မှတ်ဉာဏ်များထဲတွင်သာ ထိုအသံက ရှိနေခဲ့ခြင်းဖြစ်သော်လည်း ထျန်းရှဲ့ကျီ၏ စကားလုံးများသည် စုမင်၏ နှလုံးသားနှင့် အမှတ်တရများထဲမှ တေးသံပြီးဆုံးခါနီး အချိန်လေးမှာပင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဒါက တိုက်ဆိုင်မှု တစ်ခုလား၊ ဒါမှမဟုတ် ...

စုမင်သည် ခရမ်းရောင်ဝတ်ရုံနှင့် သူ့ဆရာ၏ နောက်ကျောကို ကြည့်နေရင်း အနောက်ဘက်သို့ ခြေတစ်လှမ်းအလိုလို ဆုတ်မိသွားချေသည်။

“မင်း ကြောက်နေတာလား”

ခရမ်းရောင်ဝတ်ရုံနှင့် ထျန်းရှဲ့ကျီသည် နောက်သို့ လှည့်ကြည့်မလာသေးပေ။ ထျန်းရှဲ့ကျီ၏အသံသည် အိုမင်းရင့်ရော်နေသော်ငြား တစ်ချိန်တည်းမှာပင် ထိုအသံထဲ၌ သွေးဆာနေသော အငွေ့အသက်များ ပါဝင်နေသည်ကို စုမင် ရှင်းရှင်းလင်းလင်း ခံစားမိပေသည်။

ထိုသွေးဆာမှုသည် လွန်ခဲ့သောနှစ်ပေါင်းများစွာ တည်းကပင် ဤဝတ်ရုံများပေါ်တွင် သွေးစွန်းခဲ့မှုကြောင့် ဖြစ်ပေါ်လာသော ခံစားချက်မျိုးဖြစ်သည်။

သူ့ဆရာခရမ်းရောင်ဝတ်ရုံများ၏ ပိတ်စ အနားသတ်နေရာမှလည်း သွေးနံ့များ ထွက်ပေါ်လျက်ရှိသည်။ ဤသွေးနံ့သည်တော့ စိတ်ခံစားချက်မဟုတ်ပေ။ စုမင် ထိုအရာကို အစတည်းက အနံ့ရနေခဲ့ခြင်းဖြစ်သည်။

ဤအရာသည် ထျန်းရှဲ့ကျီ၏ သွေးများမဟုတ်ပေ။ ထျန်းရှဲ့ကျီ ဤနေရာရောက်မလာခင်က သူ့အပေါ်သို့ တစ်စုံတစ်ဦး၏ သွေးများ စဉ်လာခဲ့ခြင်းဖြစ်သည်မှာ အသေအချာပင် ...

စုမင် ခဏတာ ငြိမ်သက်နေပြီးနောက် ရိုးရိုးသားသားပင် ပြန်ဖြေမိသည်။ “ဆရာအရင်က ခရမ်းရောင်ဝတ်ရုံတွေဝတ်တာကို ကျွန်တော်တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ ကျွန်တော် နည်းနည်းအသားမကျဖြစ်နေလို့ပါ ...”

“မကြောက်ပါနဲ့။ မင်း အဆင်ပြေသွားပါလိမ့်မယ်”

ထျန်းရှဲ့ကျီ၏ အသံအတွင်းမှ သွေးဆာမှုသည် ရုတ်ခြည်း ပိုမိုသန်မာလာခဲ့သည်။ သူသည် နောက်သို့   လောင်ကျွမ်းနေသော မီးရှူးမီးတိုင်များသဖွယ် မျက်လုံးများဖြင့် စုမင်ကိုကြည့်လာခဲ့သည်။

သူလှည့်လာချိန်တွင် ထျန်းရှဲ့ကျီ၏ မူလကကြင်နာတတ်သော မျက်နှာသည် ယခုရေခဲသဖွယ် အေးခဲနေသည်ကို စုမင် ချက်ချင်းမြင်လိုက်ရ၏။ သူ့အမူအရာသည် အေးခဲနေသော်လည်း သူ့မျက်လုံးများထဲတွင်မူ မည်သည့်မကောင်းသော စိတ်ဆန္ဒမျိုးမှ ရှိမနေပေ။

သူ့ဆရာနောက်တွင် ပုံရိပ်ယောင်သွေးပင်လယ်ကြီးတစ်ခုကိုပင် သူမြင်လိုက်ရသည်ဟု စုမင်ထင်လိုက်မိသည်။ ထိုသွေးပင်လယ်ထဲတွင် ကျောက်ရုပ်တု တစ်ခုရှိနေပြီး ၎င်းကျောက်ရုပ်တု၏လက်များသည် ရင်ဘတ်ပေါ်တွင် ပိုက်ထားချေသည်။ စုမင်ကိုကြည့်နေသော ၎င်း၏မျက်လုံးများထဲတွင်မူ မည်သည့်မကောင်းသော စိတ်ဆန္ဒမျိုးမှ ရှိမနေခဲ့ပေ။

“ငါ့ရဲ့ စတုတ္ထတပည့်လေး၊ မင်း တခြားသူတွေကို ပညာရပ်တွေသုံးပြီး ဘယ်လိုတိုက်ရမလဲ ဆိုတာသိလား” ထျန်းရှဲ့ကျီသည် စုမင်ကိုကြည့်နေရင်းမှ အက်ကွဲနေသောအသံဖြင့် မေးလာသည်။ စကားပြောလိုက်သည့်အချိန်မှာပင် ထျန်းရှဲ့ကျီ၏ နှုတ်ခမ်းများထက်တွင်လည်း ရက်စက်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

ထိုရက်စက်ကြမ်းကြုတ်မှုသည် စုမင်အား ရည်ရွယ်နေခြင်းမဟုတ်ပေ။ အဆိုပါ စကားသည် ထျန်းရှဲ့ကျီ၏ နှလုံးသားအပေါ်တွင် သက်ရောက်မှုရှိပြီး သူ့စိတ်ခံစားချက်များကိုပင် ပြောင်းလဲ သွားစေခဲ့သလိုမျိုး ဖြစ်သည်။

***

All Chapters