အခန်း (၂၀၁-၂၀၂)
Vol. 21 Ch. 201-202
အခန်း ၂၀၁ - လူထုကြားမှ ပါရမီရှင်ကြီးပေါ်လာခြင်းနှင့် နှာဘူးကျခြင်းကိုဖုံးကွယ်ထားခြင်း။
လုမင်ယောင်၏ မျက်ဝန်းအစုံသည် တဖြည်းဖြည်း ပိုမိုခိုင်မာပြတ်သားလာ၏။
ရိုက်ကူးရေးများ ဆက်လက်လုပ်ဆောင်လာသည်နှင့်အမျှ စင်နောက်ဘက်တွင် စောင့်ဆိုင်းနေသော ပြိုင်ပွဲဝင်များမှာလည်း တစ်ဦးပြီးတစ်ဦး စင်ပေါ်သို့ တက်ရောက်ကြလေသည်။ နောက်ဆုံးတွင် လုမင်ယောင်၏ အလှည့်သို့ ရောက်ရှိလာသောအခါ သူမသည် စင်ပေါ်သို့ မတက်လှမ်းမီ အသက်ကို မှန်မှန်ရှူသွင်းကာ စိတ်ကို ပြင်ဆင်လိုက်၏။
စင်အောက်ရှိ ဒါရိုက်တာဖြစ်သူသည် ရိုက်ကူးရေးအခြေအနေအရပ်ရပ်ကို စောင့်ကြည့်စစ်ဆေးလျက် ရှိပေသည်။ သူ၏ဘေးတွင်ရှိသော ဝန်ထမ်းတစ်ဦးက ပြိုင်ပွဲဝင်များ၏ အချက်အလက်များကို ရှင်းပြနေ၏။
"သူမက လုမင်ယောင်ပါ။ သူမရဲ့ ရုပ်ရည်အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ပေါက်က အတော်လေး ကောင်းမွန်ပေမဲ့ ကံဆိုးတာက သူမရဲ့ အဆိုစွမ်းရည်က တကယ်ကို ဆိုးလွန်းပါတယ်။အသံပြုပြင်တဲ့ ဆော့ဖ်ဝဲလ်နဲ့တောင် ပြင်ရခက်မယ့် အနေအထားမို့လို့ ပြိုင်ပွဲအဆုံးထိ တောင့်ခံနိုင်မယ်မထင်ဘူး။"
ထိုစကားကို ကြားသောအခါ ဒါရိုက်တာက အေးစက်စက်ပင် ဆိုလေသည်။
"ဒါဆိုရင်လည်း သူမရဲ့ အခန်းကဏ္ဍတွေကို အကုန်ဖြတ်ထုတ်လိုက်။ ငါတို့ပွဲမှာ ရုပ်ချောတဲ့သူတွေ အများကြီး ရှိတယ်။"
ဒါရိုက်တာ၏ စကားအဆုံးမှာပင် လုမင်ယောင်သည် စင်ထက်တွင် သူမ၏ စွမ်းရည်ကို စတင်ပြသတော့၏။ သူမ သီဆိုလိုက်သည့် သီချင်းမှာ လုပေါင် သင်ကြားပေးခဲ့သော အလင်းတန်းများဆီသို့ ပင် ဖြစ်ပေသည်။
"အလင်းရောင်ရှိရာကို မျက်နှာမူရင်း... နင့်ကို မေ့ပစ်ဖို့ ကြိုးစားတယ်...အတိတ်က အမှတ်တရတွေဟာ ငါ့ရဲ့ ခေါင်းမာတဲ့ ပုံရိပ်တွေအဖြစ် ပြိုကွဲပျက်စီးလို့..."
လုမင်ယောင်၏ ကြည်လင်သော အသံသည် ဟိန်းထွက်လာသောအခါ ရိုက်ကူးရေးကွင်းအတွင်းရှိ လူအများအပြား၏ မျက်နှာရိပ်မျက်နှာကဲများမှာ ပြောင်းလဲသွားကြ၏။
ဒါရိုက်တာအား လုမင်ယောင်၏ အကြောင်းကို ရှင်းပြခဲ့သော ဝန်ထမ်းမှာမူ အလွန်ပင် အနေရခက်သွားတော့သည်။ အမှန်စင်စစ် ယခုသီဆိုနေသော လုမင်ယောင်၏ အသံမှာ နည်းစနစ်ပိုင်းအရ အားနည်းချက်များ ရှိနေသေးသလို အသံအနိမ့်အမြင့်မှာလည်း အနည်းငယ် လွဲချော်မှု ရှိနေသေးပေသည်။
သို့သော်လည်း ထူးဆန်းသည်မှာ လုမင်ယောင်သည် အသံချော်တော့မည့် အခြေအနေတိုင်းတွင် အသံကို မှန်ကန်အောင် ပြန်လည်ဆွဲယူနိုင်ခဲ့ခြင်းပင် ဖြစ်၏။ ယင်းကပင် သူမ၏ သီဆိုမှုအား ထူးခြားသော ဟန်ပန်တစ်ခု ဖြစ်စေခဲ့သည်။ ထို့ပြင် သူမ၏ အသံအကူးအပြောင်း ပြုလုပ်ပုံများမှာလည်း အတော်လေး ရသမြောက်လှပေသည်။
လုံးဝ ပြည့်စုံလွန်းသော အဆင့်အတန်းမျိုး မဟုတ်သော်လည်း အခန်းကဏ္ဍတစ်ခုလုံးကို ဖြတ်ထုတ်ပစ်ရမည့် အဆင့်မျိုးတော့ အမှန်တကယ် မဟုတ်ချေ။ ဒါရိုက်တာ၏ အကြည့်များ မိမိထံသို့ ရောက်ရှိလာသည်ကို မြင်သောအခါ ဝန်ထမ်းဖြစ်သူမှာ ထိတ်လန့်သွားပြီး အမြန်ပင် ပြောလိုက်ရ၏။
"ဒါရိုက်တာ... လုမင်ယောင်ရဲ့ အဆိုအဆင့်အတန်းက လူရွေးပွဲတုန်းက တကယ်ကို အသံမမှန်ခဲ့တာပါ။ မဟုတ်ဘူး... မနေ့ကအထိတောင် ကျွန်တော်တို့ရဲ့ အဆိုနည်းပြက ဒီအကြောင်းကို အစီရင်ခံခဲ့သေးတယ်။"
ဒါရိုက်တာသည် စိတ်ဝင်စားဖွယ်ကောင်းသော မျက်နှာထားဖြင့် အမိန့်ပေးလိုက်လေသည်။
"ဘာတွေဖြစ်ခဲ့လဲဆိုတာ သွားပြီး စုံစမ်းကြည့်စမ်း။"
ဝန်ထမ်းဖြစ်သူမှာလည်း ချက်ချင်းပင် ထွက်ခွာသွားတော့၏။
စင်မြင့်ထက်တွင် လုမင်ယောင် သီချင်းဆိုပြီးနောက် နည်းပြများ၏ ဝေဖန်အကြံပြုချက်များကို ခံယူခဲ့သည်။ နောက်ဆုံးရလဒ်ကိုမူ ပြိုင်ပွဲဝင်အားလုံး ပြီးဆုံးမှသာ တစ်ပြိုင်နက် ထုတ်ပြန်မည် ဖြစ်ပေသည်။
မကြာမီမှာပင် လုမင်ယောင်သည် စင်အောက်သို့ ပြန်လည်ရောက်ရှိလာ၏။ ဆံပင်နှစ်ဖက်ချည်ထားသော အာယွင်က စိတ်လှုပ်ရှားစွာဖြင့် ပြေးလာပြီး ပြောလိုက်သည်။
"မင်ယောင် နင် ဘယ်လိုလုပ်လိုက်တာလဲ။ နင် သီချင်းဆိုတာ အရမ်းကောင်းသွားတာပဲ။ မနေ့ကနဲ့ ယှဉ်ရင် တခြားလူတစ်ယောက်လိုပဲ။"
အာယွင်၏ စကားကြောင့် လုမင်ယောင်လည်း အလွန်ဝမ်းမြောက်သွားရ၏။ သူမ၏ စိတ်ထဲတွင် ထူးဆန်းသော လူတစ်ယောက်၏ ပုံရိပ်မှာ အလိုလို ပေါ်ပေါက်လာတော့သည်။ ထိုအချိန်တွင် ဒါရိုက်တာသည် ဝန်ထမ်းများ ယူဆောင်လာသော ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုနေ၏။
"ဒါက ကမ်းခြေမှာ တပ်ဆင်ထားတဲ့ ကင်မရာကနေ ရိုက်ကူးမိထားတဲ့ မှတ်တမ်းပါ။ ဒါရိုက်တာ ကြည့်ကြည့်လိုက်ပါဦး။"
ထိုဗီဒီယိုမှာ ယနေ့နံနက်က လုပေါင်သည် လုမင်ယောင်အား သီချင်းသင်ကြားပေးနေသည့် မြင်ကွင်းပင် ဖြစ်ပေသည်။
ဒါရိုက်တာသည် ဗီဒီယိုကို ကြည့်ရင်း အလွန်ပင် စိတ်ဝင်စားသွားလေ၏။ ရိုက်ကူးထားသည့် ရှုထောင့်ကြောင့် လူရိပ်ကိုသာ မြင်ရသော်လည်း ဖျော်ဖြေရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော သူသည် ဗီဒီယိုထဲမှ လူ၏ အဆိုစွမ်းရည်မှာ အံ့မခန်း မြင့်မားကြောင်းကို ချက်ချင်း သိလိုက်ပေသည်။ အသံနေအသံထားရော အသံအနိမ့်အမြင့်ပါ လုံးဝ ပြည့်စုံလွန်းလှ၏။
ဤသို့ဆိုလျှင် လုမင်ယောင်၏ အဆိုစွမ်းရည်မှာ အဘယ်ကြောင့် ရုတ်တရက် တိုးတက်လာရသနည်းဟူသော အချက်မှာ အဖြေပေါ်သွားချေပြီ။
"မြန်မြန်လုပ် ဒီဗီဒီယိုကို တည်းဖြတ်ပြီး ငါတို့ပွဲရဲ့ ကြော်ငြာဗီဒီယိုအဖြစ် ထုတ်လိုက်။ ပြီးတော့ လုမင်ယောင်ရဲ့ အရင်က အဆိုနဲ့ အခုအဆိုကို နှိုင်းယှဉ်ပြတဲ့ ဗီဒီယိုကိုလည်း တင်လိုက်။ အားနည်းချက်ကနေ အောင်မြင်မှုဆီ တက်လှမ်းတဲ့ ဇာတ်လမ်းမျိုးကို ဘယ်သူက မကြိုက်ဘဲ နေမှာလဲ။"
ဒါရိုက်တာကစိတ်လှုပ်ရှားစွာ ဆိုလေသည်။
လုပ်ငန်းခွင်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်ရာ လူစိတ်ဝင်စားအောင် မည်သို့ဖန်တီးရမည်ကို သူသည် အလွန်ကျွမ်းကျင်လှပေသည်။ ဤဗီဒီယိုလေးတစ်ခုတည်းနှင့်ပင် သူသည် လူအများအကြား ရေပန်းစားလာမည့် အချက်ကို ဆုပ်ကိုင်မိသွားချေပြီ။
ထိုအချိန်တွင် ကာယကံရှင်ဖြစ်သော လုပေါင်မှာမူ နဂါးဧရာကျွန်းပေါ်တွင် အေးအေးလူလူ နေပူဆာလှုံနေဆဲပင် ဖြစ်၏။ တင်းလင် ဝယ်ယူပေးခဲ့သော စပျစ်မျိုးစေ့ အမြောက်အမြားကိုလည်း မျောက်ဝံနက် လုပ်သားတပ်ဖွဲ့က စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပေသည်။
လုပေါင် သွားရောက်ကြည့်ရှုလိုက်သောအခါ ထိုနက်နဲဆန်းကြယ်သော ကျောက်စာတိုင်၏ အစွမ်းကြောင့် စပျစ်မျိုးစေ့များမှာ အညှောက်များပင် စတင်ထွက်ပေါ်နေပြီ ဖြစ်၏။ဤကြီးထွားနှုန်းမှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။ သို့သော် လုပေါင်အတွက်မူ ဤသည်မှာ သတင်းကောင်းပင် ဖြစ်၏။
စပျစ်နွယ်ပင်များသည် မျောက်ဝံနက်များ ဆောက်လုပ်ထားသော စပျစ်စင်များပေါ်သို့ လျင်မြန်စွာ နွယ်တက်နေကြတော့သည်။
"ဒီနှုန်းအတိုင်းဆိုရင် နောက်နှစ်ရက်လောက်နေရင် စပျစ်သီးတွေ စသီးတော့မယ် ထင်တယ်။"
ကျောက်စာတိုင်သည် သာမန်ဆေးဖက်ဝင်အပင်များကို အစွမ်းထက်စေသကဲ့သို့ပင် ထွက်ရှိလာမည့် စပျစ်သီးများ၏ အရည်အသွေးမှာလည်း မည်မျှအထိ ကောင်းမွန်မည်ကို လုပေါင် မျှော်လင့်နေမိတော့၏။
ကိစ္စအရပ်ရပ်ကို စီစဉ်ပြီးနောက် လုပေါင်သည် နဂါးဧရာကျွန်းမှ ထွက်ခွာကာ ဗီလာသို့ ပြန်လာခဲ့သည်။ သို့သော်လည်း သူ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် အိတ်ကပ်အတွင်းရှိ ဖုန်းမှာ တုန်ခါမှုများ အဆက်မပြတ် ဖြစ်ပေါ်လာ၏။
လုပေါင် ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု ပလလက်ဖောင်းမှ မက်ဆေ့ချ်များမှာ ပြည့်လျှံလုနီးပါး ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ သူသည် မက်ဆေ့ချ်အချို့ကို ဖွင့်ကြည့်လိုက်ရာ မျက်နှာတွင် ဝေခွဲမရသော အမူအရာများ ဖြစ်ပေါ်လာတော့၏။
"ရတနာနတ်ဘုရားရေ ခင်ဗျားကတော့ ညီအစ်ကိုတွေအတွက် Live မလွှင့်ဘဲ စွမ်းရည်ပြိုင်ပွဲထဲ သွားနေတာလား။"
"ငါ့ရဲ့ ပေါင်ရေ မိန်းကလေးပိုးပန်းချင်ရင်လည်း အမှန်အတိုင်း ပြောပါဦး။ ဘာလို့ ဒီလောက်တောင် လျှို့ဝှက်ထားရတာလဲ။"
"ညီအစ်ကိုတွေကိုတော့ နားဦးမယ်လို့ ပြောပြီး လက်တွေ့မှာတော့ မိန်းကလေးပိုးပန်းဖို့ ပွဲထဲ ရောက်နေတာပဲ။ မင်းက ငါတို့သိတဲ့ ရတနာနတ်ဘုရား မဟုတ်တော့ဘူး။"
"တကယ်ပြောတာ ပေါင်ရေခင်ဗျား အသံက တော်တော်ကောင်းတာပဲ။ ညီအစ်ကိုတွေ ရှေ့မှာတော့ တစ်ခါမှ မဆိုပြဘဲ မိန်းကလေးပိုးဖို့အတွက်ပဲ ဖုံးကွယ်ထားတာပေါ့လေဟုတ်လား။"
ဤမက်ဆေ့ချ်များကြောင့် လုပေါင်မှာ ကြောင်တောင်တောင် ဖြစ်သွားရ၏။ ကံကောင်းထောက်မစွာဖြင့် ပရိသတ်အချို့က ဗီဒီယိုလင့်ခ်များကိုပါ ပေးပို့ထားသဖြင့် သူ ဖွင့်ကြည့်လိုက်သောအခါ မျက်ခုံးများပင် ပင့်တက်သွားရလေတော့သည်။
၎င်းမှာ ဘေးက ဗီလာတွင် ရိုက်ကူးနေသော အစီအစဉ်၏ တရားဝင်အကောင့်မှ တင်လိုက်သည့် ကြော်ငြာဗီဒီယိုပင် ဖြစ်ပေသည်။ ဗီဒီယိုထဲမှ လူမှာ အခြားသူမဟုတ်ဘဲ သူကိုယ်တိုင်ပင် ဖြစ်နေချေပြီ။
မှတ်ချက်ကဏ္ဍသို့ ကြည့်လိုက်သောအခါ သူ၏အမည်ကိုပင် ရေးသားထားသည်ကို တွေ့လိုက်ရ၏။
"ရတနာနတ်ဘုရား ဘေးတိုက်ပုံစံပဲ ပြထားပေမဲ့ ညီအစ်ကိုတွေက ခင်ဗျားကို မမှတ်မိဘူးလို့ မထင်နဲ့နော်။"
ထိုမှတ်ချက်ကို မြင်သောအခါ လုပေါင်သည် ခါးသီးစွာ ပြုံးလိုက်မိပြီး ဘာတွေဖြစ်ပျက်နေသည်ကို နားလည်သွားတော့၏။
ကြည့်ရသည်မှာ ယခုတစ်ခေါက်တော့ သူ အေးအေးဆေးဆေး နေရတော့မည် မဟုတ်ပေ။ နံနက်ပိုင်းက ကမ်းခြေတွင် လမ်းလျှောက်ခဲ့ရုံမျှဖြင့် ဤမျှအထိ ပြဿနာတက်လိမ့်မည်ဟု လုပေါင် လုံးဝ ထင်မှတ်မထားခဲ့ပေ။
အခန်း ၂၀၂ - ချမ်းသာတဲ့သူတွေကို အမြတ်ထုတ်ရတာက အားရကျေနပ်စရာ အကောင်းဆုံးပဲ။
မူလက လုပေါင်သည် ရိုက်ကူးရေးအဖွဲ့နှင့် စာရင်းရှင်းရန် ကြံစည်ထားခြင်း ဖြစ်ပေသည်။ သူ၏မျက်နှာကို အပြည့်အဝ မပြဘဲ ဘေးတိုက်ပုံရိပ်ကိုသာ ပြသခဲ့သည်ဆိုသော်လည်း ဤကဲ့သို့ ခွင့်ပြုချက်မရှိဘဲ ဗီဒီယိုကို အများပြည်သူသို့ ထုတ်လွှင့်လိုက်ခြင်းမှာ မည်သို့မျှ မသင့်တော်လှချေ။
သူ၏ ပရိသတ်များကိုရော မည်သို့ ရှင်းပြရမည်နည်း။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် လုပေါင်သည် ထိုအကြံကို လက်လျှော့လိုက်တော့၏။ အခြားကြောင့်မဟုတ်ဘဲ စနစ် က ပေးအပ်ထားသော တာဝန်ကို ပြီးမြောက်အောင်မြင်ရန်အတွက် ထိုရိုက်ကူးရေးအဖွဲ့၏ အကူအညီကို သူ လိုအပ်နေသေးသောကြောင့် ဖြစ်ပေသည်။
ထို့ပြင် သူ၏ ဘေးတိုက်ပုံရိပ်မှာ မျက်နှာကို ရှင်းလင်းစွာ မမြင်ရသဖြင့် သူတို့အား အပြစ်တင်ရန် ခက်ခဲလှ၏။ သူ၏ ပရိသတ်များ မျက်စိစူးလွန်းလှသည်ဟုသာ ဆိုရပေလိမ့်မည်။
ထို့နောက် လုပေါင်သည် ဗီဒီယို၏ ကြည့်ရှုနှုန်းကို တစ်ချက်ကြည့်လိုက်ရာ
“ဟား... တစ်သန်းတောင် ကျော်နေပြီလား။”
ဤသည်မှာဆယ်လီဖြစ်နေခြင်း မဟုတ်ပါလော။
စနစ်၏ တာဝန်ထဲတွင် မြေကွက်အမှတ် (၂) ၏ နာမည်ကျော်ကြားမှုကို မြှင့်တင်ရန်ဟူသော အချက် ပါဝင်နေသည်ကို မမေ့သင့်ပေ။ ဤစွမ်းရည်ပြိုင်ပွဲမှာ အတော်လေး လူသိများနေသဖြင့် ယခုအချိန်တွင် သူ သွားရောက်ပြဿနာရှာမည်ဆိုပါက မိမိကိုယ်ကိုယ် ဒုက္ခရှာခြင်းနှင့်သာ တူပေလိမ့်မည်။
ထို့ကြောင့် လုပေါင်သည် ဤအရှုံးကို အသာတကြည်ပင် မြိုသိပ်လိုက်ရတော့၏။ သို့သော်လည်း ပရိသတ်များ၏ ဆူညံပွက်လောရိုက်နေမှုကိုမူ ငြိမ်သက်သွားအောင် လုပ်ဆောင်ရန် လိုအပ်ပေသည်။အရှင်လတ်လတ်ဖမ်းမိသွားခြင်းမှာ မိမိ၏အမှားသာ ဖြစ်သည် မဟုတ်ပါလော။
အခြားနည်းလမ်းမရှိသဖြင့် လုပေါင်သည် ဗီလာအတွင်းမှ ထွက်လာကာ ရိုက်ကူးရေးလုပ်ငန်းခွင်အတွင်းသို့ ဝင်ရောက်လာခဲ့၏။ ထို့နောက် ဗီဒီယိုတိုတစ်ခုကို အလွယ်တကူပင် ရိုက်ကူးကာ သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု အကောင့်တွင် တင်လိုက်လေသည်။
“ညီအစ်ကိုတို့ရေ သောင်းကျန်းမနေကြပါနဲ့။ ရိုက်ကူးရေးအဖွဲ့က ငါ့မြေနေရာကို ငှားပြီး ရိုက်ကူးနေကြတာပါ။ ငါ တကယ်ပဲ ဘယ်ပြိုင်ပွဲမှာမှ လျှို့ဝှက်ပြီး ဝင်မပြိုင်ထားပါဘူး။”
လုပေါင် ဤသို့ တင်လိုက်သည်နှင့် ပရိသတ်များထံမှ မှတ်ချက်များမှာ ချက်ချင်းပင် ရောက်ရှိလာတော့၏။
“ရတနာနတ်ဘုရား ရေ မာနကြီးမနေပါနဲ့တော့။ ဝန်ခံလိုက်ရင် ပြီးနေတာပဲကို။”
“ရှက်စရာမှ မဟုတ်တာပဲဗျာ။ မိန်းကလေးတွေကို ပိုးပန်းနေတာပဲလေ တို့ညီအစ်ကိုတွေ နားလည်ပေးနိုင်ပါတယ်။”
“ငါ့ရဲ့ ပေါင်လေး လူလားမြောက်သွားပြီပဲ။ မိန်းကလေး ပိုးတတ်လာတာ ကောင်းတဲ့အချက်ပဲ။”
“တကယ်ပြောတာနော် ခင်ဗျားရဲ့ ဒီလုပ်ရပ်က တော်တော်လေးကို ဟိုးလေးတကျော် ဖြစ်နေပြီ။ သီချင်းဆိုပြီး မိန်းကလေး ပိုးတာကတော့ တကယ့်ကို အထာကျလွန်းတယ်။”
မှတ်ချက်များကို ကြည့်ရင်း လုပေါင် ဆွံ့အလို့နေစဉ်မှာပင် အော်ဟစ်သံတစ်ခုကို ကြားလိုက်ရ၏။
“ဟေး... ဟေး... ခင်ဗျား ဒါက ရိုက်ကူးရေးနယ်မြေဗျ။ ဓာတ်ပုံရိုက်ခွင့်မရှိဘူးဆိုတာ မသိဘူးလား။”
လုပေါင် မော့ကြည့်လိုက်သောအခါ အပေါ်ဝတ်အင်္ကျီ ဝတ်ဆင်ထားသော ဝန်ထမ်းတစ်ဦးသည် သူ၏ထံသို့ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ လုပေါင်မှာ မိမိ၏ ခွင့်ပြုချက်မရဘဲ ဗီဒီယိုတင်ခဲ့သည့်အတွက် စိတ်တိုနေစဉ်မှာပင် တစ်ဦးဦးက လာရောက်ရန်စနေသဖြင့် အသေအချာပင် စကားပြောရတော့မည် ဖြစ်၏။
အစပိုင်းတွင် ဒေါသထွက်နေသော ဝန်ထမ်းမှာ လုပေါင်က ဗီဒီယိုကို ပြသလိုက်သောအခါတွင်မူ ချက်ချင်းပင် အရှိန်သေသွားတော့သည်။ ထို့နောက် လုပေါင်သည် သူအလိုရှိသည့်အတိုင်း ဒါရိုက်တာ ဝမ်ဟောက်နှင့် တွေ့ဆုံခွင့်ရခဲ့၏။ နှစ်ဦးသား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီးနောက် သဘောတူညီချက်တစ်ခု ရရှိခဲ့လေသည်။
လုပေါင်သည် ရိုက်ကူးရေးအဖွဲ့၏ တာဝန်ရှိမှုကို ဆက်လက်မစွဲကိုင်တော့ဘဲ အပြန်အလှန်အားဖြင့် သူသည် ရိုက်ကူးရေးနယ်မြေအတွင်း အချိန်မရွေး လွတ်လပ်စွာ တိုက်ရိုက်ထုတ်လွှင့်မှု ရရှိမည် ဖြစ်ပေသည်။
အထူးသဖြင့် ဝမ်ဟောက်သည် လုပေါင်၏ နာမည်ကျော် အွန်လိုင်း streamer အမှတ်အသားနှင့် သူ၏ ပရိသတ်ဦးရေကို သိရှိလိုက်ရသောအခါ ဤသဘောတူညီချက်ကို ဝမ်းမြောက်ဝမ်းသာပင် လက်ခံလိုက်၏။ ၎င်းမှာ သူတို့၏ အစီအစဉ်အတွက်လည်း နာမည်ကျော်ကြားမှု တိုးပွားစေမည် မဟုတ်ပါလော။
သို့သော်လည်း အဓိကပြိုင်ပွဲ ရိုက်ကူးချက်များကိုမူ ကြိုတင်ပေါက်ကြားခွင့် မရှိပေ။ မည်သို့ပင်ဖြစ်စေ လုပေါင်သည် ရိုက်ကူးရေးကွင်းအတွင်း အဝင်အထွက် ပြုလုပ်ခွင့် ရရှိသွားပြီ ဖြစ်၏။
ဤသည်မှာ လုပေါင် အလိုရှိနေသောအရာပင် ဖြစ်သည်။ မိမိဖမ်းမိသွားပြီဖြစ်ရာ ပွင့်ပွင့်လင်းလင်းပင် Live လွှင့်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ ၎င်းမှာ ပရိသတ်များကို နှစ်သိမ့်ပေးနိုင်သလို မြေကွက်အမှတ် (၂) ကို ကြော်ငြာရန်အတွက်လည်း အခွင့်ကောင်းတစ်ခု မဟုတ်ပါလော။
ထို့ကြောင့် လုပေါင်သည် ချက်ချင်းပင် အခြေအနေကို တင်လိုက်၏။
“ညီအစ်ကိုတို့ရေ စွမ်းရည်ပြိုင်ပွဲက မိန်းကလေးချောလေးတွေကို မြင်ချင်ကြလား။ မြင်ချင်ရင် 1 ကို နှိပ်ပါ။ ရိုက်ကူးရေးကွင်းထဲကနေ တိုက်ရိုက်ပြပေးမယ်။”
ထိုသို့ တင်လိုက်ပြီး တစ်မိနစ်အတွင်းမှာပင် မှတ်ချက်များ၌ 1 ဆိုသည့်စာလုံးများမှာ ဖန်သားပြင်ထက်တွင် ပျံလွင့်နေတော့၏။ ခုနကပင် မိန်းကလေးပိုးသည်ဟု ကဲ့ရဲ့နေသော ပရိသတ်များမှာ အချောအလှလေးများကို မြင်ရမည်ဆိုသည်နှင့် သူတို့၏ ပင်ကိုယ်ဗီဇစစ်စစ်မှာ ပေါ်ထွက်လာတော့သည်။
“မင်းတို့ကတော့ တကယ်ကိုပဲ...”
“ငါ့ရဲ့ ပေါင်လေးရေ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ Live လွှင့်ထားတာဆိုတော့ မပင်ပန်းဘူးလား။ ကျန်းမာရေးကိုလည်း ဂရုစိုက်ဦးနော်။ ဒါပေမဲ့ မသေသေးရင်တော့ အခုပဲ ထပြီး အချောအလှလေးတွေကို Live လွှင့်ပြပေးပါဦး။”
“အပေါ်က အစ်ကိုကြီး ပြောတာ မှန်တယ်ထောက်ခံတယ်။”
လုပေါင်သည် စိတ်အားထက်သန်နေသော ပရိသတ်များကို ကြည့်ကာ တိုက်ရိုက်ထုတ်လွှင့်မည့် အချိန်ကို နောက်နှစ်ရက်အကြာသို့ သတ်မှတ်လိုက်၏။
‘မင်းတို့ကသာကြည့်ချင်ဇောနဲ့ အလောတကြီး ဖြစ်နေတာ ငါနဲ့ ဘာဆိုင်လို့လဲ။’
သူ့မှာ စပျစ်ဝိုင်ချက်လုပ်ရန်အတွက် အလုပ်များနေသေးသည် မဟုတ်ပါလား။ Live လွှင့်မည့်အကြောင်းကို တင်ပြီးနောက်တွင် လုပေါင်သည် ဖုန်းကိုပိတ်ကာ မြေကွက်အမှတ် (၁) ရှိ ဝိုင်ချက်စက်ရုံသို့ ပြန်လာခဲ့သည်။
စက်ရုံအတွင်းရှိ ဝိုင်ချက်စက်ကိရိယာများမှာ ကောင်းမွန်နေဆဲ ဖြစ်ကြောင်း သူ စစ်ဆေးကြည့်လိုက်၏။ ထို့နောက် လုပေါင်သည် အကြောင်းပြချက်တစ်ခု ပေးကာ စက်ရုံမှ ထွက်လာပြီး တင်းလင်အား ဗီလာအိမ်တစ်လုံးကို ရှင်းလင်းပေးရန် ခိုင်းလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ အိမ်မှာနေလျှင်လည်း သူသည် ကြိုဆိုခြင်း မခံရသဖြင့် ဤဗီလာအိမ်ရာများတွင်သာ နေထိုင်ခြင်းက ပို၍ကောင်းပေလိမ့်မည်။ စုန့်ခွန်လင်းသည် ဤဗီလာများအတွက် ငွေအမြောက်အမြား အသုံးပြုထားသည်မှာ သိသာလှပေသည်။ အပြင်အဆင်များမှာ အလွန်ပင် ခမ်းနားထည်ဝါလှ၏။
လုပေါင်သည် နဂါးဧရာကျွန်းပေါ်တွင် တစ်နေ့ကုန် နီးပါး အချိန်ဖြုန်းခဲ့ပြီး ရိုက်ကူးရေးအဖွဲ့နှင့်လည်း စကားပြောထားရသဖြင့် အတော်လေး ပင်ပန်းနေချေပြီ။ သူသည် အိပ်ရာပေါ်တွင် လဲလျောင်းကာ နှစ်ခြိုက်စွာ အိပ်စက်လေတော့သည်။
နောက်တစ်နေ့ နံနက်တွင် လုပေါင် နိုးနိုးချင်းမှာပင် ကျွန်းပေါ်တွင် စိုက်ပျိုးထားသော စပျစ်ပင်များကို သတိရလိုက်၏။ သူသည် စိတ်အာရုံဖြင့် ထိုကျွန်းသို့ ချက်ချင်းပင် ဝင်ရောက်ခဲ့လေသည်။ ချပ်ဝတ်နဂါးကို စီးနင်းကာ သူ၏ စိုက်ခင်းရှိရာသို့ ဦးတည်သွားလိုက်၏။
ယခုတစ်ခေါက် ကျောက်စာတိုင် အနီးသို့ ရောက်ရှိသောအခါ လုပေါင်မှာ မှင်တက်သွားရတော့သည်။ စပျစ်နွယ်ပင်များမှာ ပြည့်နှက်နေပြီး အရည်အသွေး ကောင်းမွန်လှသော စပျစ်သီးများမှာ တွဲလောင်းကျလျက် ရှိနေချေပြီ။
ကျောက်စာတိုင်၏ ကြီးထွားမှုကို အရှိန်မြှင့်ပေးသော စွမ်းရည်မှာ တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ တစ်ရက်အတွင်းမှာပင် သူစိုက်ခဲ့သော မျိုးစေ့များမှာ ရင့်မှည့်နေသည့် စပျစ်သီးများအဖြစ်သို့ ပြောင်းလဲသွားချေပြီ။ အကယ်၍ သူသာ နောက်ကျပြီး ရောက်လာခဲ့လျှင် ထိုစပျစ်သီးများမှာ ပုပ်သိုးကုန်တော့မည်ဟုပင် လုပေါင် သံသယဝင်မိ၏။
နဂါးဧရာကျွန်းပေါ်ရှိ နှစ်ပေါင်း ရာနှင့်ချီသော ဆေးဖက်ဝင်အပင်များကို ကြည့်ခြင်းဖြင့် ဤစပျစ်သီးများ၏ ကြီးထွားနှုန်းမှာ ပုံမှန်သာ ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် မျောက်ဝံနက် လုပ်သားတပ်ဖွဲ့မှာ အနီးအနားတွင် အနားယူနေသဖြင့် လုပေါင်သည် ၎င်းတို့အား ခေါ်ယူကာ စပျစ်သီးများကို ခူးဆွတ်စေ၏။
မျောက်ဝံနက်များ၏ ကြိုးစားအားထုတ်မှုကြောင့် ရင့်မှည့်နေသော စပျစ်သီး အမြောက်အမြားကို ရရှိခဲ့လေသည်။ လုပေါင်သည် စပျစ်သီးတစ်တွဲကို ယူကာ မြည်းစမ်းကြည့်လိုက်၏။ ကျောက်စာတိုင်၏ အစွမ်းကြောင့် ထွက်ပေါ်လာသော စပျစ်သီးကို မြည်းစမ်းလိုက်သည်နှင့် သူ၏ ပါးစပ်အတွင်းတွင် အလွန်ထူးကဲသော အရသာမှာ ပေါက်ကွဲထွက်လာတော့သည်။
“ဟား... ဈေးကွက်ထဲက ဘယ်စပျစ်သီးကမှ ဒါကို မယှဉ်နိုင်ဘူးပဲ။”
လုပေါင်သည် အတွေ့အကြုံ အနည်းငယ် ရှိထားသူဖြစ်ရာ ဤစပျစ်သီး၏ အရည်အသွေးမှာ အကောင်းဆုံးဆိုသည့် အရာများထက်ပင် သာလွန်နေကြောင်း သိလိုက်၏။ ဤအရာကိုသာ ဈေးကွက်ထဲတွင် ရောင်းမည်ဆိုလျှင် အနည်းဆုံး တစ်ပိဿာလျှင် ငွေအမြောက်အမြား ရရှိနိုင်ပေလိမ့်မည်။
သို့သော်လည်း သူသည် ထိုမျှအထိ မိုက်မဲသူ မဟုတ်ပေ။ အလေးချိန်နှင့် ရောင်းချခြင်းမှာ အဖိုးတန်သော အရာကို ဖြုန်းတီးခြင်းသာ ဖြစ်ပေလိမ့်မည်။ ထိုနည်းလမ်းမှာ အနိမ့်ကျဆုံး နည်းလမ်းပင် ဖြစ်၏။
အကောင်းဆုံးမှာ ဝိုင်ချက်လုပ်ပြီး တစ်ပုလင်းလျှင် ငွေသောင်းချီ သိန်းချီ၍ ရောင်းချခြင်းပင် ဖြစ်ပေသည်။ ချမ်းသာတဲ့သူတွေကို အမြတ်ထုတ်ရတာက ပိုပြီးတော့ အနှစ်သာရ ရှိလှသည် မဟုတ်ပါလော။ ထိုသို့မဟုတ်လျှင် သူ တည်ဆောက်ထားသော ဝိုင်ချက်စက်ရုံမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။