အခန်း (၂၀၃-၂၀၄)
Vol. 21 Ch. 203-204
အခန်း ၂၀၃ - စျေးနှုန်းက တစ်ဘီလီယံနော် ဝယ်ချင်ရင်ဝယ်။
မျောက်ဝံနက်ကြီးက စပျစ်သီးအများစုကို ခူးဆွတ်ပြီးသောအခါ လုပေါင်သည် ၎င်းတို့ကို သူ၏ တွင်းနက်ကြီးအတွင်းသို့ သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် နဂါးဧရာ ကျွန်းမှ ထွက်ခွာခဲ့၏။
လုပေါင်သည် ဤစပျစ်သီးအားလုံးကို အပြင်သို့ တိုက်ရိုက်သယ်ထုတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
“ကြည့်ရတာ ဒီကျွန်းကို အဝင်အထွက်လုပ်နိုင်တဲ့ လုပ်ဆောင်ချက်က သက်ရှိသတ္တဝါတွေအတွက်ပဲ ထင်တယ်။”
ကံကောင်းထောက်မစွာဖြင့် သူ၏ ဟင်းလင်းပြင်သိုလှောင်မှု ရှိနေသဖြင့် ဤပြဿနာမှာ အထွေအထူးမဟုတ်ပေ။ မကြာမီမှာပင် လုပေါင်သည် ဗီလာသို့ ပြန်ရောက်လာပြီး ဟင်းလင်းပြင်အတွင်းမှ စပျစ်သီးအားလုံးကို အပြင်သို့ ထုတ်လိုက်၏။ ထို့နောက် တင်းလင်ကို အကြောင်းကြားကာ ဝိုင်ချက်စက်ရုံ၏ မြေအောက်ခန်းသို့ ရွှေ့ပြောင်းစေပြီး ဝိုင်ချက်လုပ်ခြင်းကို ချက်ချင်းစတင်ရန် ညွှန်ကြားလိုက်လေသည်။
“ဥက္ကဋ္ဌလု ဒီစပျစ်သီးတွေကို ဘယ်ကရတာလဲဟင်။”
ဗီလာတစ်ခုလုံး စပျစ်သီးများဖြင့် ပြည့်နှက်နေသည်ကို မြင်သောအခါ တင်းလင်က သံသယဖြင့် မေးမြန်းလာ၏။
“ဪ... သူငယ်ချင်းတစ်ယောက်ဆီကနေ အထူးမျိုးစိတ်ကို ရထားတာပါ အခုလေးတင် လာပို့သွားတာ။”
လုပေါင်၏ စကားကို ကြားသောအခါ တင်းလင်၏ မျက်နှာတွင် သံသယများ ပိုမိုတိုးပွားလာ၏။ သူမအနေဖြင့် မည်သည့်လှုပ်ရှားသံကိုမျှ မကြားမိပါဘဲလား။ သို့သော်လည်း မကြာမီမှာပင် သူမ၏ အာရုံမှာ အခြားသို့ ရောက်သွားတော့သည်။
“ဥက္ကဋ္ဌလု ဝိုင်ချက်ဖို့ဆိုတာ ဘယ်စပျစ်မျိုးနဲ့မဆို ရတာမဟုတ်ဘူးရှင့်။ တချို့မျိုးစိတ်တွေက ဝိုင်ချက်ဖို့ လုံးဝမသင့်တော်ဘူး။”
သူမကကျွမ်းကျင်သူပီပီ သတိပေးလိုက်၏။
သို့သော် လုပေါင်မှာမူ ဂရုမစိုက်ဘဲ လက်ဟန်ခြေဟန်ဖြင့်သာ ဆိုလေသည်။
“ဒီစပျစ်သီးတွေကို မြည်းကြည့်လိုက်ပါဦးဒါက မျိုးစိတ်သစ်ပဲ။ ဒါနဲ့ ငါ့အတွက် စပျစ်မျိုးစေ့တွေ ထပ်ဝယ်ပေးဖို့ မမေ့နဲ့ဦးနော်။”
ထိုသို့ပြောပြီးနောက် လုပေါင်သည် စပျစ်သီးတစ်တွဲကို ကိုင်ကာ ဗီလာမှ ထွက်လာခဲ့၏။ သူသည် စိုက်ပျိုးရန်သာ တာဝန်ယူမည်ဖြစ်ပြီး ကျန်ရှိသော ဝိုင်ချက်လုပ်ခြင်းလုပ်ငန်းစဉ်များကိုမူ တင်းလင်ကဲ့သို့ ကျွမ်းကျင်သူကိုသာ လွှဲထားလိုက်တော့မည်။ စပျစ်မျိုးစေ့များကိုလည်း ထပ်မံဝယ်ယူရန် လိုအပ်ပေသည်။ သူသည် နဂါးဧရာ ကျွန်းပေါ်ရှိ မြေလွတ်များကို အသုံးချကာ စိုက်ခင်းကို ချဲ့ထွင်ရန် ရည်ရွယ်ထား၏။
“နောက်ကျရင် ဘာတွေ ထပ်စိုက်ရမလဲ။ ချမ်းသာတဲ့သူတွေကို အမြတ်ထုတ်လို့ရမယ့် အရာတွေကိုပဲ စိုက်ရမယ်။ချမ်းသာတဲ့သူတွေကိုပဲ လိမ်စားမယ်။ ဆင်းရဲသားတွေကိုတော့ မလိမ်ဘူး။”
လုပေါင်ကချိုမြိန်လှသော စပျစ်သီးများကို စားရင်း ပျော်ရွှင်စွာ တွေးနေမိသည်။
ဗီလာအတွင်း၌မူ တင်းလင်သည် စပျစ်သီးတစ်လုံးကို စမ်းသပ်မြည်းစမ်းကြည့်လိုက်ရာ သူမ၏ ချောမောသော မျက်နှာလေးမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့၏။ ဝိုင်ချက်စက်ရုံ လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ဤစပျစ်သီး၏ အရည်အသွေးမှာ ကမ္ဘာပေါ်ရှိ ထိပ်တန်းစပျစ်ဝိုင်များကိုပင် အနိုင်ယူနိုင်စွမ်းရှိကြောင်း သူမ ချက်ချင်း သိလိုက်ပေသည်။
လုပေါင်သည် ဗီလာမှထွက်ကာ ပရိသတ်များအတွက် အချောအလှလေးများကို ပြသရန် Live လွှင့်ရန် ပြင်ဆင်နေစဉ် ဖုန်းဝင်လာ၏။ ကြည့်လိုက်ရာ ဆရာကြီးကျောက်ပင် ဖြစ်ပေသည်။
“မစ္စတာလု ဝူလျန်ဖူရဲ့ စမ်းသပ်ချက် အချက်အလက်တွေ ထွက်လာပြီ။ သက်ဆိုင်ရာ ဌာနတွေက အတော်လေး ကျေနပ်နေကြတယ်ဗျ။”
ဆရာကြီးကစိတ်လှုပ်ရှားစွာ ဆို၏။
လုပေါင်မှာမူ မျိုးရိုးဗီဇမြှင့်တင်ဆေး၏ အစွမ်းကို သိပြီးဖြစ်ရာ အံ့ဩခြင်းမရှိပေ။ သို့သော် ဆရာကြီးကျောက်၏ နောက်ထပ်စကားတစ်ခွန်းက သူ့ကို တုန်လှုပ်သွားစေသည်။
“မစ္စတာလုရဲ့ ကျေးဇူးကြောင့် ကျွန်တော့်ရဲ့ စိတ်ကူးတချို့ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး အကျိတ်ဝေဒနာရှင် တချို့ကတော့ စမ်းသပ်နေပါတယ်။ အခုထိတော့ ရလဒ်တွေက အတော်လေး ကောင်းမွန်နေတယ်ဗျ။”
‘တောက်... ဆရာကြီးကျောက်ကတော့ တကယ်ကို လန်းတာပဲ။ ‘
ဤအချိန်တွင်လုပေါင်၏ စိတ်ထဲ၌ ဤစကားတစ်ခွန်းသာ ရှိတော့၏။ Live ထဲရှိ ပရိသတ်များကလည်း ဆရာကြီးကတော့ ရှယ်ပဲဂုဏ်ပြုပါတယ် ဆရာကြီး ဟူ၍ မှတ်ချက်များဖြင့် ဝိုင်းဝန်းချီးကျူးနေကြတော့သည်။
“မစ္စတာလု အချိန်တန်ရင် ဒီဆေးနည်းတွေကို မူပိုင်ခွင့် လှူဒါန်းဖို့ ကျွန်တော် စဉ်းစားထားတယ်။ ဒါပေမဲ့ ဒီဂုဏ်ပြုမှုရဲ့ တစ်ဝက်က ခင်ဗျားပိုင်တာပါ။ စိတ်မပူပါနဲ့ ကျွန်တော့်ဝေစုကိုပဲ ကျွန်တော် လှူမှာပါ။”
ဆရာကြီးကျောက်၏ ဆိုလိုရင်းကို လုပေါင် နားလည်လိုက်၏။
“ဆရာကြီးရဲ့ စိတ်ထားက ဒီလောက် မြင့်မြတ်နေတာ ကျွန်တော်လည်း နောက်ကနေ လိုက်ပေးရမှာပေါ့။ ဆရာကြီး စိတ်ကြိုက်သာ စီစဉ်လိုက်ပါ။”
လုပေါင်၏ စကားကြောင့် ဆရာကြီးကျောက်မှာ များစွာ ကျေနပ်သွားရသည်။ Live မှ ပရိသတ်များကလည်း လုပေါင်၏ ရက်ရောမှုကို ချီးမွမ်းကြပြန်သည်။
ဆရာကြီးကျောက်နှင့် ဖုန်းချလိုက်သည်နှင့် ဖုန်းထပ်ဝင်လာပြန်၏။ ကြည့်လိုက်ရာ Ocean Live platform မှ လုလင်းဟွာ ဖြစ်နေသည်။
“ဟို... ရတနာနတ်ဘုရား ခင်ဗျားဆီမှာ အကျိတ်ကုဆေး အံ့ဖွယ်ဆေး ရှိသေးလားလို့ မေးချင်လို့ပါ။ အခုတလော လူကုံထံကြီးတွေက ကျွန်တော်တို့ platform မှာ လာပြီး ရင်းနှီးမြှုပ်နှံချင်လွန်းလို့ ဝိုင်းအုံနေကြတာကျွန်တော်လည်း မတတ်နိုင်တော့လို့ပါ။”
သူကဖားယားသော လေသံဖြင့် ဆို၏။
Live မှ ပရိသတ်များကမူ လုလင်းဟွာအား “ခင်ဗျားကတော့ ကြွားတာ လွန်နေပြီ” ဟူ၍ ဝိုင်းဝန်းစနောက်နေကြသည်။
လုပေါင်သည် ထိုသူဌေးကြီးများမှာ တစ်ခါကုလျှင် ငွေသန်းပေါင်းများစွာ ပေးရသည်ကိုပင် မျက်တောင်မခတ်ကြကြောင်း သိရှိထားရာ သူက တစ်ချက်စဉ်းစားပြီး ပြန်ပြောလိုက်၏။
“ဒီလိုလုပ်ဗျာ သူတို့ကို ပြောလိုက်... စျေးနှုန်းက ဆယ်ဆ တက်သွားပြီလို့။”
ဤစကားကြောင့် Live ထဲတွင် ဆူညံသွားတော့၏။
“တောက်... ရတနာနတ်ဘုရားကတော့ ပွင့်ပွင့်လင်းလင်းကို အမြတ်ထုတ်တော့တာပဲ။”
“ဒီလိုပဲ ဖြစ်သင့်တယ် အဲဒီသူဌေးကြီးတွေကို ရှယ်လိမ်စားပစ်။”
“ငါတို့ရဲ့ ပေါင်လေးကတော့ သူဌေးတွေကို ကုဋေနဲ့ချီပြီး အမြတ်ထုတ်နေပြီဟေ့။”
လုပေါင်သည် မှတ်ချက်များကို ကြည့်ကာ ပြုံးလိုက်ပြီး ဖုန်းထဲမှ လုလင်းဟွာကို တိုက်ရိုက်ပင် မှာကြားလိုက်လေတော့သည်။
“စျေးနှုန်းကို တစ်ဘီလီယံ လို့သာ ပြောလိုက်။ ဝယ်ချင်ရင်ဝယ် မဝယ်ချင်ရင် နေပေါ့ဗျာ။”
အခန်း ၂၀၄ - မိန်းကလေးက အတင်းတိုးကပ်လာရင်တောင် လူပျိုကြီးဘဝက လွတ်မြောက်ဖို့ မလွယ်ဘူး။
ဆယ်ဆဆိုသည်မှာ ၁ ဘီလီယံပင် ဖြစ်၏။ ဤစျေးနှုန်းမှာ လူအများစုကို နောက်တွန့်သွားစေရန် လုံလောက်လှပေသည်။
သို့သော်လည်း လုလင်းဟွာသည် ထိုစကားကို ကြားပြီးနောက်တွင် တစ်ခွန်းမျှ ငြင်းဆန်ခြင်းမရှိဘဲ ရတနာနတ်ဘုရား၏ ဆန္ဒကို လိုက်လံအကောင်အထည်ဖော်ရန် ထွက်ခွာသွားတော့သည်။ အကြောင်းမှာ သူကိုယ်တိုင်ပင်လျှင် ရတနာနတ်ဘုရား၏ အံ့ဖွယ်ဆေးမှာ ထိုစျေးနှုန်းနှင့် ထိုက်တန်သည်ဟု ခံစားနေရသောကြောင့် ဖြစ်၏။ အမှန်အတိုင်းပြောရလျှင် တစ်ဘီလီယံဆိုသည်မှာ အလွန်ရိုးသားသော စျေးနှုန်းပင် ဖြစ်သည်။ အကယ်၍ သူသာဆိုလျှင် ဆင်းရဲသားများကို အခမဲ့ပေးပြီး ချမ်းသာသူများကို အဆရာချီ၍ ရောင်းချမိပေလိမ့်မည်။
ဤကိစ္စများကို ရှင်းလင်းပြီးနောက်တွင် လုပေါင်သည် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု ကိုသာ အာရုံစိုက်တော့၏။ ထိုသူဌေးကြီးများနှင့် ဆက်ဆံရသည့်ကိစ္စမှာ သူကိုယ်တိုင်ထက်စာလျှင် Livestream platform ၏ စီအီးအိုဖြစ်သူ လုလင်းဟွာက ပို၍ သင့်တော်သည် မဟုတ်ပါလော။
Livestream ကင်မရာသည် ဗီလာဝန်းအတွင်း လျှောက်သွားနေစဉ် ဘောင်းဘီတို စကတ်တိုလေးများ ဝတ်ဆင်ထားသော ပြိုင်ပွဲဝင် အချောအလှလေးများကို မကြာခဏ မြင်တွေ့နေရ၏။ ဤသည်မှာ Livestream ထဲရှိ ပရိသတ်များအတွက် မျက်စိပဒေသာ ဖြစ်စေတော့သည်။
“တောက်... ဘယ်သူကများ ရတနာနတ်ဘုရားကို အပြင်ထွက်ပြီး Live လွှင့်ခိုင်းတာလဲ။ ဒီခြေတံရှည်ရှည်လေးတွေက မိုက်လွန်းတယ်။”
“ညီအစ်ကိုတို့ဖက်ရှင်ကိုပဲ ကြည့်ကြစမ်းပါ။ ဘယ်သူကမှ မိန်းကလေးတွေရဲ့ ခြေထောက်ကိုပဲ စိုက်ကြည့်မနေသင့်ဘူး မဟုတ်လား။”
“ငါတော့ အခုကစပြီး ရတနာနတ်ဘုရားရဲ့ Live ကိုပဲ ကြည့်တော့မယ်။ တခြားဟာတွေ ကြည့်ရင် ချောင်းဆိုးတတ်လို့ပါ။”
မှတ်ချက်များမှာ ဆူညံပွက်လောရိုက်နေစဉ်မှာပင် လုပေါင်သည် မလှမ်းမကမ်းမှ ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ ၎င်းမှာ လုမင်ယောင် ပင် ဖြစ်သည်။ လုမင်ယောင်သည် လုပေါင်ကို မြင်သည်နှင့် သူမ၏ သူငယ်ချင်းကို ဆွဲကာ စိတ်လှုပ်ရှားစွာဖြင့် ပြေးလာတော့သည်။
“ဆရာကြီးလု။”
သူမသည် လုပေါင်အား ဆရာကြီးဟု ဝန်မလေးဘဲ အော်ခေါ်လိုက်တော့၏။ ထိုအခါ လုပေါင်မှာ သက်ပြင်းချရုံမှတစ်ပါး အခြားမရှိတော့ပေ။ ဤမိန်းကလေးမှာ လူကပ်တတ်လွန်းလှသည်။ လုမင်ယောင်နှင့်အတူ ဆံပင်နှစ်ဖက်ချည်ထားသော အာယွင် ဆိုသည့် မိန်းကလေးလည်း ပါလာပြီး လုပေါင်အား စူးစမ်းစွာ ကြည့်နေ၏။
“အာယွင် ဒါ ငါပြောပြတဲ့ ဆရာကြီးလုလေ။”
လုမင်ယောင်ကမိတ်ဆက်ပေးလိုက်ရာ အာယွင်၏ မျက်ဝန်းများမှာ အထင်ကြီးလေးစားမှုများဖြင့် ပြည့်နှက်သွားတော့သည်။
“ဟူး... စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ရတနာနတ်ဘုရားက လူပျိုကြီး စတိုင်ဖမ်းနေတာတောင် မိန်းကလေးတွေက အတင်းတိုးကပ်နေကြတာပဲ။”
“ညီအစ်ကိုတို့ စိတ်မပူပါနဲ့။ ရတနာနတ်ဘုရားရဲ့ သံမဏိလို ခိုင်မာတဲ့ လူပျိုကြီး စိတ်ဓာတ်နဲ့ဆိုရင် မိန်းကလေးက အတင်းတိုးကပ်လာရင်တောင် သူ လွတ်မြောက်ဖို့ မလွယ်ပါဘူး။”
ပရိသတ်များကမှတ်ချက်ပေးနေကြစဉ် လုပေါင်က အိုးတိုးအန်းတန်းဖြင့် ဆိုလေသည်။
“ငါ့ကို ဆရာကြီးလို့ ခဏခဏ မခေါ်ပါနဲ့ ငါတို့က အဲဒီလောက်အထိ မရင်းနှီးသေးပါဘူး။”
လုပေါင် ဤသို့ ပြောလိုက်သည်နှင့် Live ထဲရှိ ပရိသတ်များမှာ ရယ်မောပျော်ရွှင်ကုန်ကြ၏။
“ရင်းနှီးတာ မဟုတ်ဘူးတဲ့ ရတနာနတ်ဘုရားရဲ့ လူပျိုကြီး စကားလုံး +၁”
ဝိုင်းဝန်းစနောက်နေကြတော့သည်။
လုမင်ယောင်မှာလည်း အနည်းငယ် မျက်နှာပျက်သွားပြီး ကြောင်တောင်တောင် ဖြစ်သွားစဉ်မှာပင် သူမသည် တစ်စုံတစ်ဦးကို မြင်လိုက်ရသဖြင့် လှမ်းအော်လိုက်၏။
“ပေ့အာ ဒီမှာ... အာယွင်နဲ့ ငါ ဒီမှာရှိတယ်။”
ပေ့အာဆိုသည့် အမည်ကို ကြားလိုက်ရသောအခါ လုပေါင်မှာ အလိုလို ခေါင်းမော့ကြည့်လိုက်မိသည်။ လျှောက်လှမ်းလာသော ထိုသူကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာမှာ ထူးဆန်းသွားတော့၏။
“မင်ယောင် ရိုက်ကူးရေးအဖွဲ့ထဲက လူတွေပြောနေတာ ကြားတယ်။ ဒီဗီလာဝန်းထဲမှာ မိန်းကလေးတွေကိုပဲ စိုက်ကြည့်နေတဲ့ သံသယဖြစ်ဖွယ် ကာမရူးတစ်ယောက် ရှိတယ်တဲ့။ နင်တို့ သတိထားဦးနော်ဘယ်သူနဲ့မဆို စကားမပြောနဲ့။”
ထိုမိန်းကလေးကပြောဆိုရင်း ရောက်ရှိလာသည်။
လုပေါင်၏ မျက်နှာမှာ ပို၍ပင် အနေရခက်သွားတော့၏။ ထိုသံသယဖြစ်ဖွယ်လူဆိုသည်မှာ မိမိကို ပြောနေခြင်း မဟုတ်ပါလော။ မိမိက ညီအစ်ကိုတွေအတွက် Live လွှင့်ပေးနေခြင်းသာ။
“မျက်နှာဝိုင်းလေး နင် ဘယ်သူ့ကို ပြောနေတာလဲ”
လုပေါင်ကအားမနာတမ်းပင် အော်လိုက်တော့သည်။
သူ၏ရှေ့မှ မိန်းကလေးမှာ အခြားသူမဟုတ်ဘဲ သူ၏ ညီမအရင်း လုပေ့ပင် ဖြစ်ပေသည်။ သူမသည် အိမ်တွင် သူထက် အဆရာချီ၍ အလိုလိုက်ခြင်း ခံရသူ ဖြစ်၏။ အစ်ကိုအရင်းကို ကာမရူးဟု ပြောဆိုနေသဖြင့် သူသည် အစ်ကိုတစ်ယောက်၏ အရှိန်အဝါကို ပြသရန် လိုအပ်ပေသည်။
လုပေ့သည် လုပေါင်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားပြီး လျှာလေးထုတ်ကာ ပြောင်ပြလိုက်၏။ သို့သော် သူမသည် ချက်ချင်းပင် လက်ဖြန့်ကာ
“ပိုက်ဆံပြန်ပေး။”
ထိုစကားကြောင့် လုပေါင်၏ အရှိန်အဝါမှာ ချက်ချင်းပင် လျော့ကျသွားတော့၏။ သူသည် ဤသူဌေးမလေး မျက်နှာဝိုင်းလေးထံမှ ငွေတစ်သိန်းချေးထားသည် မဟုတ်ပါလော။ ဤမိန်းကလေးမှာ မှတ်ဉာဏ်ကောင်းလွန်းလှသည်။
“ဟမ်း... စကားလမ်းကြောင်း မလွှဲနဲ့။ နင် ဘာလို့ ဒီကို ရောက်နေတာလဲ။”
“ညီမလေးက ဒီပြိုင်ပွဲမှာ ဝင်ပြိုင်နေတဲ့ သင်တန်းသူလေ။”
လုပေ့ကပုံမှန်အတိုင်းပင် ပြန်ဖြေ၏။
လုပေ့သည် ငယ်စဉ်က အစားအသောက် ချို့တဲ့သောရောဂါ ရှိခဲ့ဖူးသော်လည်း ယခုအခါတွင်မူ သူမ၏ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်မှာ အခြားသော ပြိုင်ပွဲဝင်များထက်ပင် သာလွန်နေချေပြီ။ သူမကဲ့သို့ အလှလေးတစ်ဦး ပြိုင်ပွဲဝင်ခြင်းမှာ မထူးဆန်းလှပေ။
ထိုစဉ် လုမင်ယောင်က အံ့ဩစွာဖြင့် မေးလာ၏။
“ဆရာကြီးလုနဲ့ ပေ့အာက သိနေကြတာလား။”
“သိရုံတင်မကဘူး ငါတို့က မောင်နှမအရင်းတွေပါ။”
လုပေါင်ကမြန်မြန်ပင် ဖြေလိုက်သည်။
သို့သော် လုပေ့မှာမူ ဂရုမစိုက်ဘဲ
“စကားလမ်းကြောင်း မလွှဲနဲ့။ ပြီးခဲ့တဲ့ အခေါက်က ရက်ပိုင်းအတွင်း ပြန်ပေးမယ်ဆိုပြီး အခု နှစ်လတောင် ပျောက်သွားတယ်။ အကြွေးကို ဒီလောက်တောင် ရှောင်ရသလား။”
လုမင်ယောင်တို့ဘက်လှည့်၍ ပြောလိုက်ပြန်သည်။
“နင်တို့လည်း ဒီလူနဲ့ ဝေးဝေးမှာနေကြ။ ကိုယ့်ညီမဆီက အကြွေးကိုတောင် ရှောင်တဲ့လူက ကာမရူးမဟုတ်ရင်တောင် လူကောင်းတော့ မဟုတ်ဘူး။”
လုမင်ယောင်ကမူ အံ့အားသင့်နေ၏။
“ပေ့အာ။ဆရာကြီးလုရဲ့ အဆိုပညာက အဆင့်မြင့်ကြီးပဲနော်။ နင့်မှာ ဒီလောက်တော်တဲ့ အစ်ကိုရှိတာကို ငါတို့ကို မပြောဘူး။ ငါတို့ကို သူငယ်ချင်းလို့ရော သဘောထားရဲ့လား။”
“ဘာ! အဆိုပညာ အဆင့်မြင့် သူလား။”
လုပေ့၏ မျက်နှာမှာ ဝေခွဲမရဖြစ်သွားတော့ပေသတည်း။