အခန်း (၂၀၅-၂၀၆)
Vol. 21 Ch. 205-206
အခန်း ၂၀၅ - နောက်ဆုံးအရစ်တောင် မချေရသေးဘူး သူတို့က အလုပ်စလုပ်နေပြီလား
သူမ၏ အစ်ကိုအရင်းမှာ မည်သို့သော လူစားမျိုးဖြစ်သည်ကို သူမ အသိဆုံးပင် ဖြစ်၏။
ငယ်စဉ်ကတည်းက အသံမမှန်ရုံတင်မကဘဲ အနုပညာနှင့် ပတ်သက်လျှင် အဝေးကြီးမှ ဝေးသူဖြစ်၏။ အခုကျမှ အဆိုပညာမှာ အဆင့်မြင့်ပါသည်ဟု ပြောနေခြင်းကို လုပေ့ တစ်ယောက် လုံးဝ မယုံကြည်နိုင်ဘဲ ရှိတော့သည်။
“ဟေ့... ကလေးမ သူစိမ်းတွေရှေ့မှာ အစ်ကို့ကို ဒီလောက်တောင် မယုံကြည်ဘူးလား။”
လုပေါင်ကဒေါသတကြီး အော်လိုက်၏။
“ပေ့အာ နင်သာ ဆရာကြီးလုဆီမှာ အစောကြီးကတည်းက သင်ခဲ့ရင် ပြီးခဲ့တဲ့ အကဲဖြတ်ပွဲမှာ Class Fထိ ကျမှာမဟုတ်ဘူး။”
ဘေးမှလုမင်ယောင်နှင့် အာယွင်တို့ကပါ ဝင်ရောက်ပြောဆိုရင်း လုပေ့ကို ဆွဲခေါ်သွားကြသည်။
ခုနက ကြွားဝါချင်နေသော လုပေ့တစ်ယောက် ထိုစကားကြောင့် အိုးတိုးအောင့်တေး ဖြစ်သွားရ၏။ ၎င်းကို ကြားလိုက်ရသော လုပေါင်၏ မျက်နှာမှာ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် တောက်ပလာတော့သည်။
သူ သိထားသလောက်ဆိုလျှင် Class F ဆိုသည်မှာ တစ်ပွဲလုံးတွင် အဆင့်အနိမ့်ဆုံး မဟုတ်ပါလော။ ထို့ပြင် လုပေါင် ရုတ်တရက် သတိရလိုက်သည်မှာ လုပေ့သည် မိဘများ၏ ရုပ်ရည်ကောင်းများကို အမွေရထားသော်လည်း သူတို့နှစ်ဦး မောင်နှမအရင်းဖြစ်ကြောင်း သက်သေပြနေသည့် အချက်တစ်ခု ရှိသေးသည်။
၎င်းမှာ လုပေ့သည်လည်း ငယ်စဉ်ကတည်းက သူထက်ပင် အသံပိုမို လွဲချော်တတ်ခြင်းပင် ဖြစ်၏။ ထိုအချက်ကို တွေးမိရင်း လုပေါင်က ပြုံးကာ ဆိုလိုက်သည်။
“နင်က ငါ့ကို ဝေဖန်နေသေးတယ်ပေါ့။ နင့်ရဲ့ အဆိုအဆင့်နဲ့ဆိုရင်တော့ ဒါရိုက်တာကို လာဘ်ထိုးပြီး ပွဲထဲဝင်လာတာ ဖြစ်ရမယ်။ အနောက်ပေါက်က ဝင်ဖို့ ပိုက်ဆံရှိပြီးတော့ အခုကျမှ အစ်ကို့ကို အကြွေးလာတောင်းနေတာလား။”
“လျှောက်မပြောနဲ့နော် ဒီမိန်းကလေးက ရုပ်ရည်ရော အရည်အချင်းပါ ရှိလို့ ဝင်လာတာပါ။”
လုပေ့ကပြန်ပြောသော်လည်း Class F ရထားသည့်အတွက် သူမ၏ လေသံမှာ အနည်းငယ် ပျော့ခွေနေ၏။
ထိုအချိန်တွင် လုပေါင်၏ Live ထဲမှ မှတ်ချက်များမှာ ဆူညံလာတော့သည်။
“ဟဲဟဲ... ဒါ ရတနာနတ်ဘုရားရဲ့ ညီမလေးပေါ့လေ။ ညီအစ်ကိုတို့ ဘာစောင့်နေကြတာလဲ ဝိုင်းဝန်းပြီး Support လုပ်ကြစမ်းပါ။ ငါ အရင်ဆုံး ဂုဏ်ပြုတဲ့အနေနဲ့ Virtual Currency တစ်ရာ ထည့်လိုက်ပြီ။”
“အပေါ်က အစ်ကိုရေ။ဂုဏ်ပြုတယ်ဆိုတဲ့ စကားလုံးက ရှယ်ပဲဗျာ။ ငါလည်း ငါးရာ ထည့်မယ်။ ငါတို့ရဲ့ ညီမလေးကို Popularity Chart ရဲ့ ထိပ်ဆုံးရောက်အောင် ပို့ရမယ် မဟုတ်လား။”
“ဝူးဟူး... တက်လာပြီဟေ့ ပုံမှန်ဆို ရတနာနတ်ဘုရားက လက်ဆောင်ပေးခွင့်မပြုလို့ ငါတို့တွေက အလကားပဲ ကြည့်နေရတာ။ အခုတော့ ပိုက်ဆံကို စနစ်တကျ သုံးလို့ရမယ့် နည်းလမ်းတွေ့ပြီ။”
ယခုကဲ့သို့ စွမ်းရည်ပြိုင်ပွဲများမှာ ပရိသတ်၏ ထောက်ခံမှုအမှတ်ကို ငွေပေး၍ ဝယ်ယူရသည့် စနစ်ရှိပေသည်။ လုပေါင်၏ ပရိသတ်များမှာ ကမ္ဘာပျက်လျှင် ဘေးက ထိုင်ကြည့်ချင်သူများ ဖြစ်ကြရာ
“ပေ့အာ နင် လူကြိုက်အများဆုံးစာရင်း မှာ ထိပ်ဆုံး ၁၀ ယောက်ထဲ ရောက်နေပြီ။”
အာယွင်ကသူမ၏ ဖုန်းကို ကြည့်ရင်း အော်ဟစ်လိုက်သည်။
လုမင်ယောင်နှင့် လုပေ့တို့လည်း အပြေးအလွှား သွားကြည့်ကြ၏။ Popularity Chart ၏ ထိပ်ပိုင်းတွင် ရှိနေခြင်းမှာ Class F ရထားသည့်တိုင် သူမ ချက်ချင်း ထွက်သွားရမည် မဟုတ်ကြောင်း သက်သေပင် ဖြစ်သည်။ ပွဲစီစဉ်သူများအနေဖြင့် ငွေသုံးထားသော ပရိသတ်များ၏ မျက်နှာကို ကြည့်ရမည် မဟုတ်ပါလော။
သို့သော်လည်း လုပေ့၏ မျက်နှာမှာ ထူးဆန်းနေပြီး တိုးတိုးလေး ရေရွတ်လိုက်၏။
“ငါ နောက်ဆုံးအရစ်တောင် မချေရသေးဘူး သူတို့က ဘယ်လိုဖြစ်ပြီး အလုပ်စလုပ်နေကြတာလဲ။ ပြီးတော့ ဘာလို့ အဆင့် ၆ တောင် ရောက်နေရတာလဲ။ ငါ့ဆီက ပိုက်ဆံကို လိမ်ချင်လို့ များလား။”
ထိုစကားကို ကြားလိုက်ရသော လုပေါင်မှာ ချွေးစေးများပင် ထွက်လာရ၏။ ပိုက်ဆံသုံးပြီး အဆင့်မြှင့်ခြင်းမှာ လုပေ့ လုပ်လေ့လုပ်ထရှိသော အရာပင် ဖြစ်ပေသည်။ လုပေ့က သူမ၏ စကားကို လူကြားသွားသဖြင့် ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောလိုက်သည်။
“ငါ့ရဲ့ အဆင့်က F ဖြစ်နေတာလေ။ လူကြိုက်များမှုကလည်း မရှိရင် ချက်ချင်း အထုတ်ခံရမှာပေါ့။ အဲဒါက တကယ်ကို အရှက်ကွဲစရာကြီးလေ။”
Live ထဲမှ ပရိသတ်များမှာလည်း ထိုစကားကို ကြားပြီး
“ဟားဟား... ငါတို့ ညီမလေးကတော့ တကယ်ကို ပွင့်လင်းလွန်းတယ်။ ရှယ်ပဲconfirms ဖြစ်သွားပြီ။Rich Lady လေးက အဆင့်ကို ပိုက်ဆံနဲ့ ဝယ်နေတာပေါ့။”
ဝိုင်းဝန်းစနောက်နေကြတော့သည်။
မကြာမီမှာပင် အာယွင်တို့က ထပ်မံအော်ဟစ်ကြပြန်သည်။
“ပေ့အာ နင့်ရဲ့ အမှတ်တွေက ထပ်တက်လာပြန်ပြီ။ အခု အဆင့် ၁ ကို ရောက်တော့မယ်။”
ယခုတစ်ခေါက်တွင်မူ လုပေ့ပင် မှင်တက်သွားရပြီး
“ငါ တကယ်ပဲ ပိုက်ဆံ မသုံးရသေးပါဘူး”
အူကြောင်ကြောင်ဆိုရှာလေသည်။
သို့သော် လုပေါင် ကြိုတင်တွေးတောထားသော ပြဿနာမှာ ရောက်ရှိလာချေပြီ။ လုပေ့၏ အဆင့်မှာ မြန်ဆန်လွန်းသဖြင့် အခြားသော ပရိသတ်များ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရ၏။
“ဒီ လုပေ့ ဆိုတာ ဘယ်သူလဲ။ ဘာလို့ ရုတ်တရက်ကြီး အဆင့် ၁ ရောက်သွားတာလဲ။ ကုမ္ပဏီကြီးတစ်ခုခုက ကျောထောက်နောက်ခံ ပေးထားတာလား။”
“သူ့ရဲ့ ရုပ်ကတော့ ချောပါတယ်။ ဒါပေမဲ့ အရည်အချင်းကရော ဘယ်လိုလဲ။ အချက်အလက်တွေက ထူးဆန်းနေတယ် နာရီဝက်အတွင်းမှာ အမှတ်တွေ သန်းနဲ့ချီ တက်လာတာပဲ။”
လူအများက စူးစမ်းရှာဖွေကြရာတွင် ရိုက်ကူးရေးအဖွဲ့က တင်လိုက်သော အစမ်းဗီဒီယိုများမှ လုပေ့၏ သီဆိုမှုကို တွေ့ရှိသွားကြတော့သည်။ သူမ၏ ဆိုးဝါးလှသော အဆိုစွမ်းရည်မှာ လူအများ၏ လှောင်ပြောင်မှုကို ခံလိုက်ရ၏။
“ဟားဟား... အရည်အချင်းရှိတယ် ထင်နေတာ ဒါပဲလား။”
“ဒီအဆင့်နဲ့ အဆင့် ၁ ရနေတာကတော့ လိမ်လည်မှုပဲ။ ပိုက်ဆံရှိပေမဲ့ ဦးနှောက်မရှိတဲ့သူပဲ ဖြစ်ရမယ်။ ဒီလို အဆိုမျိုးနဲ့ အဆင့် ၁ ဝယ်ထားတာ လူတွေကို ငတုံးလို့ ထင်နေတာလား။”
လုပေါင်သည်လည်း ထိုဗီဒီယိုကို ကြည့်ကာ။
“တကယ်ကို ဆိုးဝါးလွန်းတာပဲ။”
လုပေ့မှာမူ ထိုမှတ်ချက်များကို မြင်သောအခါ ဝမ်းနည်းသွားရ၏။
“ငါ့ကို ဘယ်သူက ဒုက္ခပေးနေတာလဲ မသိဘူး။ ငါ့ကို အဆင့် ၁ အတင်းတင်ပေးတာက ငါ့ကို ပိုပြီးတော့ အရှက်ကွဲအောင် လုပ်နေတာပဲ။”
ငိုမဲ့မဲ့ဖြင့်ဆိုလေတော့သည်။
အခန်း ၂၀၆ - ဇယားများကို ရိုက်ချိုးခြင်း။
ထိုစကားကို ကြားလိုက်ရသောအခါ လုပေါင်သည် အကြောင်းရင်းမရှိဘဲ နှာချေချင်စိတ် ပေါက်သွားတော့၏။ မူလက မိမိ၏ ဂုဏ်ကျေးဇူးဖြစ်ကြောင်း ဝန်ခံချင်နေသော်လည်း ယခုမူ ပါးစပ်ထဲရောက်ခါနီး စကားလုံးများကို ပြန်မြိုချလိုက်ရသည်။
Live ထဲမှ ပရိသတ်များမှာလည်း အလွန်ပင် အနေရခက်နေကြချေပြီ။
“သွားပြီ ညီအစ်ကိုတို့ရေ ငါတို့က စေတနာနဲ့ လုပ်ပေးတာကို ငရဲလမ်းခင်းပေးသလို ဖြစ်သွားပြီ။”
“တကယ်ကို အိုးတိုးအောင့်တေး ဖြစ်စရာကြီးပဲ။”
“အဲဒီလူတွေက မနာလိုလို့ ပြောနေတာပါ။ ငါတို့ ပရိသတ်တွေက ရတနာနတ်ဘုရားရဲ့ ညီမလေးကို လက်ဆောင်ပေးတာ ဘာမှားလို့လဲ။ သူတို့ တတ်နိုင်ရင် သူတို့လည်း ပေးကြပေါ့။”
“ညီအစ်ကိုတို့ ဂရုမစိုက်နဲ့။ ဆဲခံနေရမှတော့ ငါတို့ ညီမလေးကို သူတို့ အိပ်မက်တောင် မမက်နိုင်တဲ့ အဆင့်ထိ ပို့ပေးလိုက်ရအောင်။”
“တခြား ပြိုင်ပွဲဝင်တွေရဲ့ ပရိသတ်တွေက သူတို့လူတွေ ကနိုင် ဆိုနိုင်တယ်ဆိုပြီး ကြွားနေကြတာ မဟုတ်လား။ ငါတို့ ညီမလေးမှာတော့ အစွမ်းတစ်ခုပဲ ရှိတယ်လို့ သူတို့ကို ပြလိုက်စမ်းပါ။ အဲဒါက ငွေစွမ်းအား ပဲ။”
“တောက်... အပေါ်က အစ်ကို ပြောတာ ရှယ်ပဲဗျာ။ ငါလည်း ငါ့အဘွားရဲ့ ပင်စင် ပိုက်ဆံလေး ခဏချေးပြီး ငါတို့ ညီမလေးကို အားပေးလိုက်ဦးမယ်။”
“လုပ်လိုက်ကြစမ်း ညီအစ်ကိုတို့ ဘာစောင့်နေတာလဲ။ အမှတ်တွေ ထပ်ဖြည့်ပြီး ဇယားတွေကို ရိုက်ချိုးပစ်လိုက်ကြ။”
လုပေါင်သည် Live မှ မှတ်ချက်များကို ကြည့်ရင်း မျက်နှာမှာ တောင့်တင်းလာတော့၏။ သူ၏ဘေးတွင် ရှိနေသော လုမင်ယောင်နှင့် အာယွင်တို့မှာမူ လုပေ့၏ အဆင့်ကို ကြည့်ကာ ထပ်မံအော်ဟစ်ကြပြန်သည်။
“ပေ့အာ... နင့်ရဲ့ အမှတ်တွေက ဒုတိယနေရာက ရွှမ်မေ့ထက် ငါးသန်းတောင် ပိုများသွားပြီ။”
အမှတ်ငါးသန်းဆိုသည်မှာ ငွေသောင်းနှင့်ချီသော ပမာဏပင် ဖြစ်ပေသည်။ အချိန်တိုအတွင်းမှာပင် လုပေါင်၏ ပရိသတ်များသည် ဇယားတစ်ခုလုံးကို လွှမ်းမိုးထားလိုက်ပြီ ဖြစ်၏။
လုပေါင်၏ မျက်နှာမှာ ပို၍ပင် မဟန်တော့ပေ။ ထိုအခါ ပရိသတ်များက ဝိုင်းဝန်းစနောက်ကြပြန်သည်။
“ဟားဟား... ရတနာနတ်ဘုရားကတော့ ငါတို့ကို ကျေးဇူးတင်လွန်းလို့ စကားတောင် မပြောနိုင်တော့ဘူး ထင်တယ်။”
“ရတနာနတ်ဘုရားရေ အမှန်အတိုင်း ပြောစမ်းပါ။ ငါတို့ ညီအစ်ကိုတွေက သစ္စာရှိတယ် မဟုတ်လား။”
လုပေါင်ကမူ စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်၏။
“ဘာ သစ္စာရှိတာလဲ ငါက ဒီကလေးမဆီက တစ်သိန်းပဲ ချေးထားတာပါ။ အခု မင်းတို့က သိန်းနဲ့ချီပြီး အမှတ်တွေ ပေးလိုက်တော့ ငါက အရင်းပြုတ်နေပြီ မဟုတ်လား။”
ထိုစကားကြောင့် Live ထဲတွင် ရယ်သံများ ဖုံးလွှမ်းသွားတော့သည်။ ဤသို့သော အလွဲလေးများမှာ လုပေါင်၏ အနှစ်သာရပင် ဖြစ်ပေသည်။
စနောက်နေသော်လည်း လုပေါင်သည် မျက်နှာဝိုင်းလေး၏ မျက်ဝန်းများ နီမြန်းလာသည်ကို သတိပြုမိလိုက်၏။ မျက်ရည်များမှာ အချိန်မရွေး ကျလာတော့မည့် အသွင်ရှိသည်။ လုမင်ယောင်တို့က ဘေးမှ ဝိုင်းဝန်းနှစ်သိမ့်နေကြသော်လည်း သူမ၏ စိတ်ဓာတ်မှာ အွန်လိုင်းမှ ဝေဖန်မှုများကြောင့် ပြိုလဲနေချေပြီ။
ထိုအခါ လုပေါင်က ဒေါသတကြီးဖြင့် ဟောက်လိုက်၏။
“ဘာလို့ ငိုနေတာလဲ။ ငါကိုယ်တိုင် နင့်ကို သီချင်းသင်ပေးမယ်။ ငါ လုပေါင်ရဲ့ ညီမက သူများရဲ့ ဆဲဆိုမှုကို ခံနေရရအောင် ငါက ခွင့်ပြုလိမ့်မယ် ထင်လို့လား။”
လုပေ့က သူမ၏ အစ်ကိုကို မယုံသင်္ကာဖြင့် ကြည့်ကာ
“ဒီလိုအချိန်မှာတောင် လာနောက်နေသေးတာလား။ အစ်ကိုတစ်ယောက်ပီသရဲ့လား။”
ရန်ပြန်တွေ့လေသည်။
သူမ မယုံကြည်သဖြင့် လုပေါင်သည် ယနေ့နံနက်က ပရိသတ်များ ပို့ထားသော ဗီဒီယိုကို ဖွင့်ကာ သူမ၏ရှေ့တွင် ပြလိုက်၏။
“ကြည့်လိုက်စမ်း။ နင့်အစ်ကိုရဲ့ အစွမ်းက နင့်ကို သင်ပေးဖို့ လောက်လား မလောက်ဘူးလားဆိုတာ။”
လုပေ့သည် ဗီဒီယိုကို သေချာကြည့်ရင်း သူမ၏ မျက်နှာမှာ တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။ ဗီဒီယိုထဲမှ အဆိုရှင်မှာ သူမ၏ အစ်ကိုဖြစ်ကြောင်း ဘေးတိုက်ပုံရိပ်ကို ကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။
“ဘယ်လိုလဲ။ ငါ နင့်ကို သင်ပေးမယ်ပြီးရင် အကြွေးတစ်သိန်းကို ကျေလိုက်တော့။ သဘောတူလား။”
ပရိသတ်တွေကငွေသိန်းချီ အမှတ်ပေးထားသည်ကိုမူ သူ မပြောရဲပေ။ ပြောလိုက်လျှင် ပြဿနာပိုတက်မည် မဟုတ်ပါလော။
“သဘောတူတယ်။”
လုပေ့ကချက်ချင်းပင် မျက်ရည်သုတ်ကာ ပြတ်သားစွာ ပြောလိုက်သည်။ ထို့နောက် သူမက ဆက်ပြောပြန်၏။
“ဒါပေမဲ့ လုမင်ယောင်နဲ့ အာယွင်ကိုပါ သင်ပေးရမယ်။ မဟုတ်ရင် လူတစ်ယောက်တည်းကို တစ်သိန်းယူပြီး သင်ပေးတာက လိပ်ပြာမလုံတဲ့ အမြတ်ကြီးစား လုပ်ရပ်ဖြစ်လိမ့်မယ်။”
လုမင်ယောင်တို့၏ မျှော်လင့်တကြီး အကြည့်များကို မြင်သောအခါ လုပေါင် သက်ပြင်းချကာ
“အေးပါ... သုံးယောက်လုံးကို သင်ပေးမယ်။ ငါ မင်းတို့ကို တကယ်ပဲ အကြွေးတင်နေတာပါ။”
ဝန်ခံလိုက်ရတော့သည်။
သူ သဘောတူလိုက်သည်နှင့် မိန်းကလေးများမှာ ဝမ်းသာအားရ ခုန်ပေါက်နေကြ၏။
“ဒါပေမဲ့ ကြိုပြောထားမယ်။ ငါက တစ်နေကုန် မင်းတို့နောက် လိုက်သင်ပေးနေမှာ မဟုတ်ဘူး။ အကဲဖြတ်ပွဲတွေ ရှိတဲ့အခါကျမှ ငါ့ဆီလာခဲ့ကြ။”
လုပေါင်ကကန့်သတ်ချက် ထားလိုက်ရသည်။ မဟုတ်လျှင် သူ၏ လွတ်လပ်ခွင့်မှာ ကုန်ဆုံးသွားပေလိမ့်မည်။
“ကပ်စေးနှဲလိုက်တာ အပြင်သွားပြီး လျှောက်သွားချင်လို့ မဟုတ်လား။ သတိထားနော်ဖေဖေနဲ့ မေမေ့ကို တိုင်လိုက်မှာ။ ဒီနေ့ ငါတို့ ကပွဲလေ့ကျင့်စရာရှိလို့ လွှတ်ပေးလိုက်မယ်။”
လုပေ့ကခြိမ်းခြောက်ကာ ပြောင်ပြပြီး ထွက်သွားကြလေသည်။
လုပေါင်လည်း သက်ပြင်းချကာ Live ကို ဆက်လက်လွှင့်ရင်း ဗီလာဝန်းအတွင်း လှည့်လည်နေ၏။ ပရိသတ်များကလည်း နောက်ထပ် ဖျော်ဖြေမှုများ တောင်းဆိုနေကြပြန်သည်။
“ညီအစ်ကိုတို့ရေ... တောင်းဆိုမှုတွေက များလွန်းနေပြီ။ မကြာခင်မှာ အစီအစဉ်အသစ်တစ်ခု လုပ်ပေးမယ် ဟုတ်ပြီလား။”
ကတိပေးကာသူ Live ကို ပိတ်လိုက်တော့သည်။
ထို့နောက် သူသည် ဝိုင်ချက်စက်ရုံသို့ သွားရောက်ကြည့်ရှုလိုက်၏။နဂါးဧရာကျွန်းမှ စပျစ်သီးများမှာ ယခုအခါ စိမ်ရည်ပြုလုပ်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မကြာမီတွင် အဆင့်မြင့် စပျစ်ဝိုင်များ ထွက်ရှိလာတော့မည်ဖြစ်ရာ သူဌေးကြီးများကို အမြတ်ထုတ်ရန် အခွင့်အရေးကို တွေးမိရင်း လုပေါင်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် တုန်ရင်နေမိတော့သတည်း။