အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
အခန်း ၂၀၇ - တေးရေးဆရာလမ်းစဉ်ပေါ်သို့ အတင်းတွန်းပို့ခံရခြင်း။
နဂါးဧရာကျွန်းပေါ်ရှိ စပျစ်သီးများနှင့် ပတ်သက်၍လည်း လုပေါင်သည် အချိန်ပေးကာ တစ်ချက်ဝင်ကြည့်ခဲ့သေးသည်။ ထိုစပျစ်သီးများသည် တစ်ကြိမ်ခူးဆွတ်ပြီးနောက် နောက်တစ်ရက်မှာပင် ပြန်လည်ကြီးထွားလာခဲ့၏။ စပျစ်သီးပြတ်လပ်မည်ကို စိုးရိမ်ရန် လုံးဝမလိုတော့ချေ။
“ဒါဆို ငါ့ဝိုင်ချက်စက်ရုံအတွက် ကုန်ကြမ်းကတော့ ဘာမှပူစရာမလိုတော့ဘူးပေါ့။”
ထိုနေ့ညနေတွင် လုပေါင်သည် ထူးထူးခြားခြားပင် ဗီဒီယိုဝက်ဘ်ဆိုက်တစ်ခုကို ဖွင့်ကြည့်လိုက်၏။ အခြားကြောင့်မဟုတ်ဘဲ ဘေးကဗီလာတွင် ရိုက်ကူးနေသည့် စွမ်းရည်ပြိုင်ပွဲ၏ ပထမဆုံးအပိုင်းကို ယနေ့ညတွင် စတင်ပြသမည်ဖြစ်သောကြောင့် ဖြစ်သည်။ သူကိုယ်တိုင် လုမင်ယောင်ကို အသံပိုင်းဆိုင်ရာ သင်ကြားပေးထားခဲ့သဖြင့် ရလဒ်ကို သူကိုယ်တိုင် သိချင်နေမိသည်။
သို့သော်လည်း တစ်ပိုင်းလုံးကို ကြည့်ပြီးနောက်တွင် လုပေါင်သည် သူ၏ ငှက်သိုက်နှင့်တူသော ဆံပင်များကို ကုတ်ရင်း ထူးဆန်းသော မျက်နှာပေး ဖြစ်သွားရ၏။ သူ၏ ပရိသတ်များမှာ အမှတ်ပေးလွန်းသဖြင့် ရိုက်ကူးရေးအဖွဲ့ကိုပင် မှင်တက်သွားစေခဲ့ပုံရသည်။
ပုံမှန်ဆိုလျှင် မျက်နှာဝိုင်းလေး ကဲ့သို့ အဆင့်မျိုးမှာ ဗီဒီယိုတည်းဖြတ်ရာတွင် အမြန်ဖြတ်သွားမည့် အခန်းမျိုးသာ ဖြစ်သင့်သော်လည်း သူမက Popularity Chart ၏ ထိပ်ဆုံးတွင် အမြဲရှိနေသဖြင့် အဖွဲ့သားများက သူမ၏ အကဲဖြတ်ခံရမှု ဖြစ်စဉ်တစ်ခုလုံးကို အဓိကဇာတ်လမ်းအဖြစ် ထည့်သွင်းပြသခဲ့ကြသည်။
ယခုအခါတွင်မူ လုပေ့၏ နာမည်မှာ ပို၍ပင် ဆိုးဝါးသွားတော့၏။ ဝေဖန်မှုများမှာ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ်လာတော့သည်။
“ဒီ လုမင်ယောင် ဆိုတဲ့တစ်ယောက်ကတော့ ဆိုတာ မဆိုးဘူးပဲ။ အသံအကူးအပြောင်းတွေက ဆရာတစ်ယောက်ယောက် သင်ပေးထားတာ သိသာတယ်။”
“ရွှမ်မေ့က အတော်ဆုံးပဲ ငါ့မိန်းကလေးကို ဖက်ထားပေးမယ်။”
“ဒီ လုပေ့ ဆိုတာက ဘယ်ကနေ ရောက်လာတာလဲ။ ဒီလိုလူမျိုးက Popularity list ရဲ့ ထိပ်ဆုံးမှာ ရောက်နေတာလား။”
“တောက်... ဒါကတော့ ပွင့်ပွင့်လင်းလင်းကို လိမ်နေတာပဲ မဟုတ်လား။ Bot တွေသုံးပြီး Vote ပေးနေတာလား။”
“ငါ့အိမ်က ခွေးတက်ဆိုရင်တောင် ဒါထက် ကောင်းဦးမယ်။”
ဤအချက်မှာ လုပေါင်အတွက် ခေါင်းခဲစရာ ဖြစ်လာတော့သည်။ မိမိသည်သာ ဤကိစ္စအားလုံး၏ တရားခံဖြစ်ကြောင်း မျက်နှာဝိုင်းလေးကို လုံးဝ သိစေ၍မဖြစ်ပေ။
“ဒီကောင်မလေး ကလဲ့စားချေပြီဆိုရင် မောင်နှမအရင်းဆိုတာလည်း ကြည့်မှာမဟုတ်ဘူး။”
လုပေါင်ကရေရွတ်နေစဉ်မှာပင် စနစ်ထံမှ အကြောင်းကြားစာ ထွက်ပေါ်လာ၏။
“ဂုဏ်ယူပါတယ် တာဝန်ပြီးမြောက်ပါပြီ။ ဆုလာဘ်များကို ထုတ်ပေးလိုက်ပါပြီ။”
“ဟင်... တာဝန်က ပြီးသွားပြီလား။ “
လုပေါင်ကြောင်သွားရသည်။ သို့သော် မကြာမီမှာပင် သူ နားလည်သွား၏။
“တောက်... မျက်နှာဝိုင်းလေး ဆဲခံရပြီး Hot Search ထဲ ရောက်သွားတာကပဲ ဒီလောက်အထိ ထိရောက်သွားတာလား။”
ဤအပိုင်း ထုတ်လွှင့်ပြီးနောက်တွင် သူမ၏ ညံ့ဖျင်းလှသော အဆိုစွမ်းရည်နှင့် မြင့်မားလွန်းသော အမှတ်များမှာ ကြီးမားသော နှိုင်းယှဉ်ချက်ဖြစ်သွားပြီး ပြိုင်ပွဲတစ်ခုလုံးကို လူပြောသူပြော အများဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် ရိုက်ကူးရေးလုပ်ဆောင်သည့် ရွှေရောင်ကမ်းခြေ၏ နာမည်ကျော်ကြားမှုမှာလည်း သိသိသာသာ တိုးတက်သွားခဲ့ပြီး စနစ်ကပေးသော တာဝန်မှာ အလိုလို ပြီးမြောက်သွားခြင်း ဖြစ်၏။
လုပေါင်သည် ရယ်ရခက် ငိုရခက် ဖြစ်သွားသော်လည်း သူ၏ အချက်အလက် ကို အမြန်ဖွင့်ကြည့်လိုက်ရာ ပါရမီတွင် စနစ်ကပေးသော ဖန်တီးမှုပါရမီရှင် ဆိုသည့် အစွမ်းကို တွေ့ရှိလိုက်ရသည်။
ထိုအစွမ်းမှာ ဘာလဲဟု သူ စဉ်းစားမရသေးခင်မှာပင် စနစ်က နောက်ထပ် တာဝန်တစ်ခု ထပ်ပေးပြန်၏။
“တင် အသစ်ရောက်ရှိကြောင်း တာဝန် စတင်ပါပြီ။ နေရာမှာ နဂါကျားတောင် ဖြစ်သည်။ လဝက်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်ရမည်။ မဟုတ်ပါက တာဝန်ကျရှုံးသည်ဟု သတ်မှတ်မည်။”
ထိုစကားကို ကြားလိုက်ရသောအခါ လုပေါင်၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားတော့သည်။ သူ မျှော်လင့်နေသော တာဝန်ပင် ဖြစ်၏။ သူ၏ ပရိသတ်များကို ကတိပေးထားသဖြင့် Live လွှင့်ရန်အတွက် အကြောင်းအရာအသစ် ရရှိသွားပြီ မဟုတ်ပါလော။
“နဂါးကျားတောင်လား။ဘယ်လိုနေရာမျိုးပဲဖြစ်ဖြစ် အတင်းတိုးဝင်ရမှာပဲ။”
သူကရေရွတ်လိုက်သည်။သူသည် နဂါးကျတောင် မှ ဆရာကြီးများနှင့်လည်း ရင်းနှီးမှုရှိထားသဖြင့် ပြဿနာမရှိနိုင်ဟု ယူဆကာ ထိုညက နှစ်ခြိုက်စွာ အိပ်စက်လေတော့သည်။
နောက်တစ်နေ့တွင် သူသည် လုပေ့ လုမင်ယောင်နှင့် အာယွင်တို့ကို ခေါ်ယူလိုက်၏။ နဂါးကျားတောင်သို့ မသွားမီ သူတို့သုံးဦးကို အသံပိုင်းဆိုင်ရာ သင်ကြားပေးရန် ကတိတည်ရမည် ဖြစ်သည်။ သို့သော် လုပေ့ကို မြင်လိုက်သောအခါ သူမ၏ မျက်လုံးများမှာ ဖောင်းအစ်နေပြီး တစ်ညလုံး ငိုထားကြောင်း သိသာလှ၏။
လုပေါင်က နှစ်သိမ့်စကား ပြောရန် ပြင်လိုက်သော်လည်း လုပေ့က အရင်ဦးအောင် ဒေါသတကြီး ပြောလိုက်သည်။
“ငါ့ကို ဘယ်သူက ဒုက္ခပေးနေတာလဲဆိုတာသာ သိကြည့်စမ်းပါ သူတို့ကို နောင်တရအောင် လုပ်ပစ်မယ်။”
လုပေါင် ချက်ချင်းပင် ခေါင်းငုံ့ကာ ချောင်းဟန့်ပြီး ဘာမှမသိသလို ဟန်ဆောင်လိုက်ရတော့သည်။
“ဟမ်း... ကဲ မျက်နှာဝိုင်းလေး၊ အရင်ဆုံး သီချင်းတစ်ပုဒ် ဆိုပြစမ်း။ နင့်ရဲ့ အဆင့်ကို ငါ စစ်ဆေးကြည့်ရမယ်။”
လုပေ့သည် သူမ၏ လည်ချောင်းကိုဖွင့်ကာ အမေ့စကား နားထောင်ပါ ဆိုသည့် သီချင်းကို ကျယ်လောင်စွာ သီဆိုတော့၏။ ရလဒ်မှာမူ အံ့ဩစရာ မရှိပေ။ လုပေါင်သည် နတ်ဆိုး၏တေးသံကို ခံစားလိုက်ရသလိုပင်။ သူမ ဆိုလိုက်သည့် သီချင်းမှာ အမေက အိမ်တွင်းအကြမ်းဖက်မှု လုပ်နေသလိုမျိုး ခံစားရစေသည်။ သူမ၏ အဆိုမှာ အစမှအဆုံးအထိ အားလုံး မှားယွင်းနေသောကြောင့် အပြစ်တင်ရန်ပင် နေရာရှာမရတော့ပေ။
လုပေါင်သည် ဝေဖန်မနေတော့ဘဲ သူကိုယ်တိုင်ပင် ထိုသီချင်းကို သီဆိုပြလိုက်၏။
“အမေ့စကားကို နားထောင်ပါ သူမကို နာကျင်အောင် မလုပ်နဲ့ မြန်မြန်လေး လူလားမြောက်ချင်တယ် ခသူမကို ကာကွယ်ပေးနိုင်ဖို့”
လုပေါင် စတင်ဆိုလိုက်သည်နှင့် လုပေ့၏ မျက်နှာမှာ လူတစ်ယောက်ကို စားတော့မည့်အလား ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားပြီး မျက်လုံးများမှာလည်း ပြူးထွက်သွားတော့သည်။
လုပေါင်၏ သင်ကြားပြသမှုအောက်တွင် လုပေ့၏ အားနည်းချက်များမှာ တိုးတက်လာသော်လည်း သူမ၏ အခြေခံမှာ အလွန်ညံ့ဖျင်းလွန်းလှ၏။ ထို့ပြင် ဤသီချင်းမှာ သူမနှင့် လုံးဝ မကိုက်ညီကြောင်း လုပေါင် သိလိုက်သည်။ သူမသည် ပင်ကိုယ်ကပင် အသံမမှန်သူဖြစ်ရာ နည်းစနစ်များလွန်းသော သီချင်းမျိုးကို ရွေးချယ်မိခြင်းက အမှားပင် ဖြစ်၏။
“ငါ မျက်နှာဝိုင်းလေးအတွက် သီချင်းပြောင်းပေးမှ ဖြစ်မယ်။”
ထိုသို့ တွေးလိုက်သည်နှင့် လုပေါင်၏ စိတ်ထဲတွင် ရိုးရှင်းပြီး သာယာသော သံစဉ်များစွာမှာ အလိုလို ပေါ်ပေါက်လာတော့သည်။ သူ အံ့ဩသွားရ၏။ ဤသံစဉ်များသည် သူ တစ်ခါမှ မကြားဖူးသော အရာများ ဖြစ်ပေသည်။ ၎င်းမှာ စနစ်ကပေးသော ဖန်တီးမှုပါရမီရှင် အစွမ်းကြောင့်ပင် ဖြစ်၏။
‘ဒါက ဖန်တီးမှုပါရမီရှင်ရဲ့ အစွမ်းပေါ့လေ။’
လုပေါင်က စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
ဤအစွမ်းသည် သူ့အား ဘက်စုံတော် အဆိုတော်နှင့် တေးရေးဆရာလမ်းစဉ်ပေါ်သို့ အတင်းအကျပ် တွန်းပို့နေခြင်းပင် ဖြစ်ပေသတည်း။
အခန်း ၂၀၈ - ဖန်သားပြင်တစ်ခုလုံး တိတ်ဆိတ်သွားခြင်း။
မျက်နှာဝိုင်းလေးကို သင်ကြားပြသပေးနေစဉ်မှာပင် လုပေါင်သည် Live လွှင့်ရန် မမေ့လျော့ခဲ့ပေ။ သို့သော်လည်း လုပေ့၏ အဆိုအဆင့်ကို ကြားလိုက်ရသောအခါ Live ထဲမှ ပရိသတ်များမှာ ဘာပြောရမှန်းမသိဘဲ ဖန်သားပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့၏။
“ငါတို့ ညီမလေးရဲ့ အသံကတော့... တကယ်လို့ သူသာ အသံချဲ့စက် ရှစ်လုံးဆယ်လုံးလောက် ဝါးစားထားတာမျိုး မဟုတ်ရင် ဒီလိုအသံမျိုး ထွက်လာဖို့ မဖြစ်နိုင်ဘူး။”
“တောက်... ရတနာနတ်ဘုရား တစ်လုံးချင်းစီ သင်ပေးနေတာတောင် ဒီလောက်ပဲ ရတာဆိုတော့ တကယ်ကို ပင်ပန်းရှာမှာပဲ။”
“ညီမလေး ပါးစပ်ဖွင့်လိုက်တာနဲ့ Jay Chou ရဲ့ ပရိသတ်တွေရော သူ့ကိုမုန်းတဲ့သူတွေရော အားလုံး ဆွံ့အသွားကြတာပဲ။”
“အမေ့စကားကို နားထောင်ပါဆိုတဲ့ သီချင်းကို အခုမှ လုံးဝနားမထောင်ချင်တော့တာ။”
လုပေါင် တစ်ယောက် ကြောင်တောင်တောင် ဖြစ်နေသည်ကို မြင်သောအခါ ပရိသတ်များက သူ စိတ်ပျက်သွားသည်ဟု ထင်နေကြသော်လည်း အမှန်စင်စစ် သူသည် သူ၏ ဦးနှောက်ထဲတွင် ပေါ်ပေါက်လာသော သံစဉ်များကို ခံစားနေခြင်း ဖြစ်၏။
ထိုသံစဉ်များသည် လုပေ့ကဲ့သို့ အသံမမှန်သူတစ်ဦးအတွက် အလွန်ပင် သင့်တော်လှပေသည်။ အကြောင်းမှာ ထိုသံစဉ်များမှာ ရိုးရှင်းပြီး နည်းစနစ်ပိုင်း အများကြီးမလိုအပ်သောကြောင့် ဖြစ်၏။ လုပေ့၏ နုနယ်ပြီး နည်းစနစ်မရှိသော အသံမှာပင် ဤသံစဉ်၏ ထူးခြားချက်ကို ပိုမိုပေါ်လွင်စေနိုင်ပေသည်။
စာသားများနှင့် ပတ်သက်၍လည်း သူ စဉ်းစားလိုက်သည်နှင့် ဦးနှောက်ထဲတွင် အလိုလို ပေါ်ပေါက်လာတော့၏။ ဖန်တီးမှုပါရမီရှင် တစ်ဦးဖြစ်ရာ သံစဉ်ရှိပြီး စာသားမရှိပါက မည်သို့ဖြစ်နိုင်မည်နည်း။
လုပေါင်သည် သူ၏ဖုန်းကို ထုတ်ကာ မှတ်စု ထဲတွင် စာသားများကို ရေးချလိုက်သည်။ လုပေ့ လုမင်ယောင်နှင့် အာယွင်တို့လည်း စူးစမ်းစွာဖြင့် ချောင်းကြည့်ကြ၏။
“ငါတို့အတူတူ ကြောင်လေးလို အော်တတ်ဖို့ သင်ယူကြမယ် အတူတူ မြောင် မြောင် မြောင် မြောင် မြောင်။”
လုပေ့က လုပေါင်ရေးထားသည်ကို ဖတ်ရင်း ကြောင်တောင်တောင် ဖြစ်သွားကာ
“အစ်ကို ရူးနေတာလား။ ဘာတွေ လျှောက်ရေးနေတာလဲ။”
Live ထဲမှ ပရိသတ်များလည်း အူကြောင်ကြောင် ဖြစ်ကုန်ကြ၏။
“သွားပြီ... ရတနာနတ်ဘုရားတော့ စိတ်ညစ်လွန်းလို့ ရူးသွားပြီ ထင်တယ်။ ကလေးကလားတွေ လျှောက်လုပ်နေပြီ။”
“ငါ့တူ မူလတန်းကျောင်းသားတောင် ဒါထက် ကောင်းအောင် ရေးနိုင်ဦးမယ်။”
လုပေါင်ကမူ ဂရုမစိုက်ဘဲ စာသားအားလုံးကို တစ်ထိုင်တည်း ရေးချလိုက်ပြီး လုပေ့ကို ဆိုခိုင်းတော့သည်။
“ငါ တစ်ကြောင်းဆိုမယ် နင် တစ်ကြောင်းလိုက်ဆို။ တစ်ခါပဲ သင်ပေးမှာနော်။”
ပြောကာသူ၏ အကြွေးတစ်သိန်းအတွက် အစွမ်းကုန် ကြိုးစားတော့သည်။
ထို့နောက်တွင် Live တစ်ခုလုံးမှာ မြောင် မြောင် မြောင် ဆိုသည့် အသံများဖြင့် ပြည့်နှက်သွားတော့၏။ လုမင်ယောင်တို့ သုံးဦးစလုံးမှာ အစပိုင်းတွင် အံ့ဩနေသော်လည်း ထိုသံစဉ်ကို နားထောင်ရင်း သူတို့ကိုယ်တိုင်ပင် အလိုလို လိုက်၍ ညည်းတွဲမိလာကြသည်။
“တောက်... ဒီသီချင်းက အဆိပ်အတောက် ဖြစ်စေတာလား။ ငါကိုယ်တိုင်တောင် လိုက်ဆိုမိနေပြီ။”
“သွားပြီ... ငါက အသက် ၃၀ အရွယ် လူကြမ်းကြီးပါ။ အခု ကြောင်လေးလို လိုက်အော်နေတာကို အမေကြားသွားလို့ တံမြက်စည်းနဲ့ လိုက်ရိုက်နေပြီ။”
“ဒါက ဦးနှောက်ကို ဆေးကြောပစ်တဲ့ သီချင်းပဲ နှစ်ခါပဲ ကြားရသေးတယ်၊ ခေါင်းထဲက ထွက်မသွားတော့ဘူး။”
လုပေါင်သည် Live မှ မှတ်ချက်များကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်၏။ ဤသည်မှာ သူ အလိုရှိသော ရလဒ်ပင် ဖြစ်သည်။ ဤသီချင်း၏ သံစဉ်မှာ လူတို့၏ ဦးနှောက်ထဲတွင် စွဲထင်ကျန်ရစ်စေမည် ဖြစ်ပြီး လုပေ့၏ အသံနှင့်ဆိုလျှင် ပို၍ပင် ထိရောက်လှပေသည်။
“ကဲ... နောက်တစ်ခါ အကဲဖြတ်ပွဲကျရင် ဒါကိုပဲ ဆိုလိုက်။ အဆင့်ကောင်းကောင်း ရမယ်လို့ အာမမခံနိုင်ပေမဲ့ အထုတ်ခံရဖို့တော့ မရှိတော့ဘူး။”
လုပေါင်ကသက်ပြင်းချကာ ဆိုလိုက်သည်။
လုပေ့သည်လည်း ပြုံးပျော်သွားကာ
“အစ်ကိုက အစ်ကိုတစ်ယောက်အနေနဲ့တော့ အသုံးဝင်သားပဲ။”
ဂုဏ်ယူစွာဆိုလေသည်။
လုမင်ယောင်နှင့် အာယွင်တို့ကမူ အားကျသော မျက်လုံးများဖြင့် ကြည့်နေကြသဖြင့် လုပေါင်သည် သူတို့၏ အသံနှင့် လိုက်ဖက်မည့် သီချင်းများကိုပါ ဖန်တီးမှုပါရမီကို သုံး၍ ချက်ချင်း ရေးပေးလိုက်ပြန်သည်။
“တောက်... ရတနာနတ်ဘုရားက သီချင်းရေးတာ ရေသောက်တာထက်တောင် ပိုလွယ်နေသေးတယ်။”
“ဘယ်သူက ထင်မှာလဲ... လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ငါက မင်းရဲ့အဖေပါ တကယ့်ကို ကြီးမြတ်သူပါ ဆိုတဲ့ သီချင်းကို ဆိုနေတဲ့သူက အခု ဒီလို သီချင်းကောင်းတွေ ရေးနိုင်နေပြီဆိုတာ။”
ပရိသတ်များမှာ လုပေါင်အား အယ်လ်ဘမ်ထုတ်ရန် တောင်းဆိုနေကြပြီး လုမင်ယောင်တို့၏ Popularity ကိုလည်း ဝိုင်းဝန်းမြှင့်တင်ပေးရန် ဆော်ဩနေကြတော့သည်။
လုပေါင်သည် မိန်းကလေးသုံးဦးကို ကျေနပ်စွာဖြင့် ပြန်လွှတ်လိုက်ပြီးနောက် ပရိသတ်များကို အသိပေးလိုက်၏။
“ညီအစ်ကိုတို့ရေ... နောက်ထပ် အစီအစဉ်အကြီးကြီး တစ်ခု ရှိဦးမယ်။ စောင့်ကြည့်နေကြဦး။”
ပရိသတ်များမှာ စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေကြစဉ်မှာပင် လုပေါင်သည် Live ကို ပိတ်ကာ ကျားနဂါးတောင်သို့ သွားရန် လေယာဉ်လက်မှတ်ကို ချက်ချင်းပင် မှာယူလိုက်တော့သည်။ စနစ်၏ လက်မှတ်ထိုးဝင်ရန်တာဝန်မှာ သူ၏ အဓိက ဦးစားပေး မဟုတ်ပါလော။