← Chapters

တစ်ပုံစံတည်းထွက်ပေါ်လာသော သံသရာ

Vol. 66 Ch. 856

တစ်ပုံစံတည်းထွက်ပေါ်လာသော သံသရာ

Vol. 66 Ch. 856

“ရှင်က ဘယ်သူလဲ……”

ဤအခိုက်အတန့်တွင် လော့ရန်ယွီသည် မိန်းမောတွေဝေနေရာမှ ပြန်သတိဝင်လာကာ မေးမြန်းလိုက်သည်။

တစ်ဖက်လူ၏ ကိုယ်ပေါ်တွင် မိမိနှင့် ရင်းနှီးသော အအငွေ့အသက်များ ရှိနေသော်လည်း သို့သော် တဖက်လူ၏ ထွက်ပေါ်လာမှုသည် ထူးဆန်းလွန်းလှသဖြင့် ယင်းကြောင့် လော့ရန်ယွီသည် သတိထားလိုက်သည်။

လော့ရန်ယွီ၏ သံသယကို မြင်သော်လည်း ထိုအမျိုးသမီးသည် အရေးမစိုက်ပုံရသည်။

သူမ၏ လှပသော မျက်ဝန်းများဖြင့် လော့ရန်ယွီကို အထက်အောက် အကဲခတ်ကြည့်နေလေ၏။

စက္ကန့်အနည်းငယ်အတွင်းမှာပင် လော့ရန်ယွီသည် သူမ၏ အရာအားလုံးမှာ တစ်ဖက်လူ၏ ထိုးဖောက်မြင်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ၊ မိမိ၏ လျှို့ဝှက်ချက်အားလုံးမှာလည်း ဖော်ထုတ်ခံလိုက်ရပုံပေါ်သည်။

“အင်း…. ကြည့်ရတာ မင်းက ဒီခေတ်ကာလရဲ့ ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းကို နိုးထစေခဲ့တဲ့သူပဲ…..”

“ဒါနဲ့ စကားမစပ်၊ ငါတို့နှစ်ယောက်က အတော်လေး ရေစက်ရှိတယ်လို့ ပြောလို့ရတယ်”

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက တီးတိုး ရေရွတ်လိုက်သည်။

“ ပြီးတော့လည်း ငါတို့နှစ်ယောက်လုံးက သိပ်မကွာတဲ့ လူတစ်ယောက်တည်းကိုပဲ ချစ်မိခဲ့ကြတယ်…. ပြီးတော့…. နောက်ဆုံးမှာတော့ ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းထဲက ပုံမှန်မဟုတ်တဲ့ တည်ရှိမှုတွေကို နိုးထလာစေခဲ့တယ်…..”

ဤစကားကို ကြားလိုက်ရချိန်တွင် လော့ရန်ယွီမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားကာ ၊ တစ်ဖက်လူ၏ ဆိုလိုရင်းကို နားမလည်နိုင်အောင် ဖြစ်သွား၏။

သို့သော် ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက အပိုစကားများ မပြောတော့ဘဲ ပြန်လည်ပြောဆိုလိုက်သည် ။

“ငါ့နာမည်က ယောင်ကွမ် ပါ၊ ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းကို ပထမဆုံး ပိုင်ဆိုင်ခဲ့သူ ဖြစ်သလို၊ ယောင်ကွမ် အမတဂိုဏ်းကို တည်ထောင်ခဲ့သူဆိုလည်း ဟုတ်တယ်”

“မျိုးဆက်အရဆိုရင် မင်း ငါ့ကို ဘိုးဘွား…. မဟုတ်သေးဘူး…. ဒီခေါ်ဝေါ်မှုက အရမ်းကြီး အိုစာလွန်းတယ်မလား”

ယောင်ကွမ်သည် စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်သည်။

“မျိုးဆက်အရဆိုရင် မင်းငါ့ကို အစ်မလို့ပဲ ခေါ်ရမယ်!”

“ယောင်ကွမ်…..?”

“အစ်မ…..?”

လော့ရန်ယွီမှာ အမှန်တကယ်ပင် ဆွံ့အသွားသည်။ သူမ ရှေ့မှ အမျိုးသမီးသည် ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်း၏ မူလပိုင်ရှင် ဖြစ်ရုံသာမက သူမ၏ ယောင်ကွမ် အမတဂိုဏ်းကို တည်ထောင်ခဲ့သူလည်း ဖြစ်သည်။

အချိန်ကာလအရ တွက်ချက်ကြည့်လျှင် ၊ ယောင်ကွမ်အမတဂိုဏ်း တည်ရှိခဲ့သော ခေတ်ကာလမှာ အလွန်ပင် ရှေးကျလှပြီး ရှေးဟောင်းကျမ်းစာများတွင် ဖော်ပြထားသော အမတစိုးစံရာ ခေတ်ထက်ပင် ပိုမို ရှေးကျနိုင်သည်။

ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီး၏ နတ်အသိစိတ် ရောက်ရှိလာခြင်းကြောင့် လော့ရန်ယွီ၏ စိတ်ထဲတွင် ခံစားချက်လှိုင်းတံပိုးများ ထကြွလာခဲ့သည်။

အချိန်အတော်ကြာပြီးမှသာ သူမသည် သတိပြန်ဝင်လာကာ အလျင်အမြန်ပင် အရိုအသေပြုလိုက်သည်။

“ရန်ယွီ စီနီယာ ယောင်ကွမ်ကို ဂါရဝပြုပါတယ်”

“စီနီယာ ယောင်ကွမ် ဒီနေရာကို ဘယ်လိုဖြစ်ပြီး ရောက်လာတယ်ဆိုတာ သိပါရစေ”

“ပြီးတော့ စီနီယာ ခုနက ပြောသွားတဲ့ စကားတွေက ဘာကို ဆိုလိုတာလဲ”

လော့ရန်ယွီသည် ဤကဲ့သို့ တိုက်ရိုက်မေးမြန်းခြင်းမှာ ယဉ်ကျေးမှု မရှိရာရောက်မှန်း သိသော်လည်း ၊ ယခုအချိန်တွင် သူမ၏ စိတ်အခြေအနေမှာ အလွန် ရှုပ်ထွေးနေပြီး သိချင်သော အရာများစွာ ရှိနေခဲ့သည်။

အကယ်၍ စောစောက မြင်တွေ့ခဲ့ရသော မြင်ကွင်းများမှာ အနာဂတ်၏ ပုံရိပ်များ ဖြစ်နေပါက ၊ မိမိအနေဖြင့် မည်သို့ ပြောင်းလဲရမည်နည်း။

“အင်း….. အဲဒီထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေက အတော်လေး ရှုပ်ထွေးတယ်……”

ခဏမျှ စဉ်းစားပြီးနောက် ယောင်ကွမ်က ဆက်လက်ပြောကြားသည်။

“ပထမအချက်ကနေ စပြောရအောင်”

“တကယ်တော့ ငါကိုယ်တိုင် ရောက်လာချင်လို့ ရောက်လာတာ မဟုတ်ဘဲ မင်းမှာ နိုးထလာတဲ့ အထူးစွမ်းအားက လောကထဲမှာ ကျန်ရစ်နေတဲ့ ငါ့ရဲ့ နတ်အသိစိတ်ကို နိုးထလာစေခဲ့တာပဲ”

“ရန်ယွီ နိုးထလာတဲ့ စွမ်းအားက စီနီယာကို နိုးထစေတာလား….အဲဒါက ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းလား”

လော့ရန်ယွီက နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။

“စီနီယာက ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းရဲ့ မူလပိုင်ရှင် မဟုတ်လား…ဘာဖြစ်လို့ ရန်ယွီရဲ့ စွမ်းအားကို ထူးခြားတယ်လို့ ထင်ရတာလဲ”

“ထူးခြားတာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ မိုးမြေလောက တစ်ခုလုံးမှာရှိတဲ့ ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်း ပိုင်ဆိုင်သူတွေထဲမှာ မင်း နိုးထလာတဲ့ စွမ်းအားက အရင်က ငါနဲ့ တစ်ပုံစံတည်း ဖြစ်နေလို့ပဲ”

“ဒါ့အပြင် အဲဒီလို စွမ်းအားမျိုး နိုးထလာဖို့အတွက် အလွန်ကို ခက်ခဲတဲ့ သတ်မှတ်ချက် တစ်ခု ရှိနေသေးတယ်”

ထိုသို့ပြောနေစဉ်မှာပင် ယောင်ကွမ်သည် သူမ၏ လက်ကို တစ်ဖန် ဝှေ့ယမ်းလိုက်သည်။

ဝုန်း!

လွင့်မျောနေသော အမတအလင်းများသည် အရပ်ရှစ်မျက်နှာ တစ်ခွင်လုံးသို့ ပျံ့နှံ့သွားပြီး ၊ ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေ၏။

မူလက မှောင်မိုက်နေသော အခြေအနေမှာ လုံးဝ ပျောက်ကွယ်သွားပြီး ယင်းအစား ဖြူစင်တောက်ပသော ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဤအသိစိတ် နယ်ပယ်ကို ဖုံးကွယ်ရန်အတွက် ထူးခြားသော အကာအကွယ် အတားအဆီးတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ပင်။

အဘယ်ကြောင့်ဆိုသော် ထိုစွမ်းအားမှာ ဒေဝလောကတစ်ခွင်ရှိ ထောင်ပေါင်းများစွာသော နယ်မြေများတွင် တားမြစ်ထားသော အရာဖြစ်ပြီး ၊ သူမသည် ထိုစွမ်းအား၏ အကျိုးကျေးဇူးကို ခံစားရသူသာဖြစ်ပြီး ၎င်းကို ထိန်းချုပ်နိုင်သူ မဟုတ်ပေ။

အကယ်၍ ဤကိစ္စကို စိတ်အလိုရှိတိုင်း ပြောဆိုနေပါက တစ်စုံတစ်ယောက်က ခိုးယူနားထောင်မိလျှင် မကောင်းသော ရလဒ်များ ဖြစ်လာနိုင်သည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက်မှသာ ယောင်ကွမ်က ဆက်လက် ပြောဆိုလိုက်သည် ။

“မင်းနဲ့ငါ နိုးထလာတဲ့ ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းထဲမှာ ပိုမိုအစွမ်းထက်တဲ့ အစွမ်းတစ်ခု ပိုပါလာတယ်”

“အဲဒီ စွမ်းအားက မူလရင်းမြစ်ကို လိုက်ရှာနိုင်သလို၊ အချိန်နှင့်အာကာသကိုလည်း ပြောင်းပြန်လှန်နိုင်တယ်၊ အဲဒီအရာရဲ့ နာမည်ကတော့ ဗလာနိတ္ထိ ပဲ”

“ဗလာနိတ္ထိ…..?”

လော့ရန်ယွီ၏ စိတ်ထဲတွင် သံသယများက ပို၍ ကြီးထွားလာသည်။

သူမသည် ဗလာနိတ္ထိ ဆိုသည်မှာ မည်သည့်အရာ ဖြစ်မှန်း အမှန်တကယ်ပင် မသိထားသလို ၊ ၎င်းမှာ မည်ကဲ့သို့သော စွမ်းအားမျိုး ဖြစ်သည်ကိုလည်း မသိပေ။

ထို့အပြင် မိမိသည် အန္တိမ ဖရိုဖရဲခန္ဓာကိုသာ ပိုင်ဆိုင်ထားခြင်း ဖြစ်သဖြင့် ဖရိုဖရဲ စွမ်းအားများကိုသာ ကျွမ်းကျင်သင့်သည် မဟုတ်လော။

အဘယ့်ကြောင့် ဗလာနိတ္ထိ ဆိုသည့် စွမ်းအားတစ်ခုက အပိုပါလာရသနည်း။

လော့ရန်ယွီ၏ စိတ်ထဲရှိ သံသယများကို ရိပ်မိပုံရကာ ၊ ယောင်ကွမ်သည် လော့ရန်ယွီ၏ အနားသို့ တိုးကပ်လာပြီး သူမ၏ နားနားတွင် စကားအချို့ကို တိုးတိုးလေး ပြောလိုက်သည်။

ထိုစကားအချို့ကြောင့် လော့ရန်ယွီ၏ ဖြူဝင်းသော နားရွက်လေးများမှာ ချက်ချင်းပင် ရဲတက်သွားတော့၏။

အမှန်တရားကို နောက်ဆုံးတော့ သိလိုက်ရချေပြီ။

အကြောင်းရင်းမှာ သူမသည် စူးချန်ကဲနှင့် ထိုကိစ္စကို ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ပြီး ၊ ပထမဆုံးအကြိမ်မှာပင် အလွန် ရူးသွပ်ခဲ့၏…

စူးချန်ကဲသည် သူမ၏ ကိုယ်ထဲတွင် ထူးခြားသော “မူလရင်းမြစ် အငွေ့အသက်” များကို ချန်ထားခဲ့ခြင်း ဖြစ်သည်။

ထိုစွမ်းအားကြောင့် သူမ၏ ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းသည် စောစီးစွာ နိုးထလာခဲ့ရုံသာမက ဗလာနိတ္ထိစွမ်းအား အချို့ကိုပါ ဆက်ခံမိသွား၏။

ဗလာနိတ္ထိစွမ်းအားမှာ အလုံးစုံသော လမ်းစဉ်တို့၏ မူလအစနှင့် နောက်ဆုံး ပုံဖော်မှုဖြစ်ရာ အချိန်နှင့်အာကာသ မဟာလမ်းစဉ်မှာလည်း အလိုအလျောက် ပါဝင်နေသည်။

ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းသည် မူလကပင် အချိန်နှင့်အာကာသကို ကြိုတင်မြင်နိုင်စွမ်း ရှိရာ ၊ ဗလာနိတ္ထိစွမ်းအားနှင့် ပေါင်းစပ်လိုက်ချိန်တွင် သူ၏ အစွမ်းသတ္တိကို သိသိသာသာ မြင့်မားသွားစေခဲ့သည်။

ထိုအကြောင်းရင်းကြောင့် လော့ရန်ယွီသည် ပထမဆုံးအကြိမ် ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်း နိုးထလာစဉ်မှာပင် ၊ ထိုစွမ်းအားမှတစ်ဆင့် အနာဂတ်နှင့် သက်ဆိုင်သော အချိန်နှင့်အာကာသ အပိုင်းအစ မြင်ကွင်းများစွာကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

“ လတ်စသတ်တော့ ဒါကြောင့်ကိုး……”

လော့ရန်ယွီသည် တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး ထပ်မံ မေးမြန်းလိုက်သည် ။

“စီနီယာက လောကကြီး တစ်ခုလုံးမှာ ဗလာနိတ္ထိစွမ်းအားကို ကျွမ်းကျင်တဲ့သူ လက်ချိုးရေလို့ ရတယ်လို့ ပြောခဲ့တယ်….. ပြီးတော့ ကျွန်မတို့နှစ်ယောက်လုံးက သိပ်မကွာတဲ့ လူတစ်ယောက်တည်းကိုပဲ ချစ်မိခဲ့ကြတယ်လို့လည်း ပြောခဲ့တယ်…..”

“စီနီယာ ချစ်မြတ်နိုးရသူက….. ဒါဆိုရင်…..”

ကျန်ရှိသော စကားများကိုမူ လော့ရန်ယွီ ထုတ်မပြောတော့ပေ။

သို့သော် မျက်စိရှိသူတိုင်း မည်သို့ဖြစ်သည်ကို နားလည်ပြီးသား ဖြစ်ပေလိမ့်မည်။

မဟာလမ်းစဉ်ကို လိုက်စားသူများမှာ အခြေခံအားဖြင့် အတိတ်ဘဝနှင့် သံသရာ ရှိသည်ကို ယုံကြည်ကြသည်။

ထို့အပြင် စူးချန်ကဲတွင် ညီမတစ်ဦးရှိပြီး သူမ၏ အဆင့်အတန်းမှာ အလွန်တရာ မြင့်မားကြောင်းကိုလည်း လော့ရန်ယွီ သိထားသည်။

ထို့ကြောင့် သူမသည် ယောင်ကွမ်ပြောသော ထိုလူမှာ စူးချန်ကဲ၏ အတိတ်ဘဝ ဖြစ်နေမလားဟု သံသယဝင်မိသွားခြင်းပင်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ယောင်ကွမ်သည် ခဏမျှ မှင်သက်သွားပြီးနောက် အသာအယာ ပြုံးလိုက်သည် ။

“မင်းပြောတာကို ငါသိပါတယ်”

“မင်းရဲ့ ကိုယ်ထဲမှာရှိတဲ့ ဗလာနိတ္ထိစွမ်းအားက ငါသိတဲ့လူနဲ့ မူလရင်းမြစ် တူညီပေမယ့် ငါ ဟာ အဲဒီလူနဲ့ နှစ်ပေါင်းများစွာ အတူရှိခဲ့တာမို့ သူတို့နှစ်ယောက်ကြားက အငွေ့အသက်တွေက လုံးဝမတူဘူးဆိုတာ ငါသိတယ်”

“ပြီးတော့…. သူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့တာ၊ အခုထိ အသက်ရှင်နေသေးလား သေသွားပြီလားတောင် မသိရဘူး…..”

ဝမ်းနည်းစရာကောင်းသော အကြောင်းအရာကို စဉ်းစားမိသွားပုံရကာ ယောင်ကွမ်၏ လှပသော မျက်ဝန်းများမှာ အနည်းငယ် မှေးမှိန်သွားခဲ့သည် ။

“အဲဒီ အရူးကြီးရဲ့ ဆန္ဒကရော…. ပြည့်ဝသွားပြီလား မသိဘူး “

All Chapters