ကောင်းကင်အမတ ကပ်ဘေး ကျရောက်လာခြင်း ( Part – 2)
Vol. 66 Ch. 858
တစ်ချိန်တည်းမှာပင် ဤကဲ့သို့ ကောင်းကင်ပြင် တစ်ခုလုံးကို လွှမ်းခြုံထားသည့် ကြောက်ခမန်းလိလိ ကပ်ဘေးတိမ်တိုက်ကြီးသည် ဟွမ်ကျီအမတနယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းသွားလေရာ ၊ ၎င်း၏ သက်ရောက်မှုသည် အလွန် ကြီးမားခဲ့သည်။
တားမြစ် စူးမိသားစုဝင်များသာမက ဟွမ်ကျီအမတနယ်မြေရှိ စွမ်းအားရှင်များကလည်း ဤနေရာ၏ အပြောင်းအလဲကို သတိပြုမိခဲ့ကြသည်။
“အဲဒီအရပ်က တားမြစ် စူးမိသားစုဘက်က မဟုတ်လား….ဘာဖြစ်လို့ ဒီလောက်ကြီးမားတဲ့ ကပ်ဘေးတိမ်တိုက်ကြီး ပေါ်လာရတာလဲ”
“ငါသာ မမှားဘူးဆိုရင်….. ဒီကပ်ဘေးတိမ်တိုက်ကနေ ဖြာထွက်လာတဲ့ အရှိန်အဝါက…. ကောင်းကင်အမတ နယ်ပယ် ရဲ့ ကပ်ဘေးတိမ်တိုက်ပဲ!”
“ ကောင်းကင်အမတ နယ်ပယ် ? ဒါဆိုရင် တားမြစ် စူးမိသားစုက ပါရမီရှင် လူငယ်တစ်ယောက်ယောက် အဆင့်တက်တော့မှာလား”
“မဟုတ်သေးဘူး….. ဒေဝလောက ပြန်လည်စတင်ရာခေတ်က အခုမှ စတာ ဘယ်လောက်ရှိသေးလို့လဲ”
“စစ်မှန်အမတနယ်ပယ် အဆင့်ကိုးမှာ ရှိနေတဲ့ ပါရမီရှင်တွေတော့ ရှိပေမယ့် ဒါပေမဲ့ အခုထိ ကောင်းကင်အမတ နယ်ပယ် ကို အောင်မြင်အောင် တက်လှမ်းနိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူးလေ!”
“ဒီလူက တကယ်ပဲ ဘယ်သူများလဲ…ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ကြီး ကောင်းကင်အမတ နယ်ပယ် ကို တက်လှမ်းနိုင်ရတာလဲ”
အင်အားစုအသီးသီးမှ ပုဂ္ဂိုလ်များသည် တစ်ယောက်တစ်မျိူး ဝေဖန်ဆွေးနွေးနေကြပြီး ၊ သူတို့၏ မျက်နှာထက်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
အမတလမ်းစဉ်သည် လူသားလမ်းစဉ်နှင့် မတူပေ။ ကျင့်ကြံအရင်းအမြစ်များစွာ ပုံအောပေးထားပြီး ရှားပါးသော မိုးမြေရတနာများကို စုပ်ယူရုံဖြင့် ကျင့်ကြံမှုအဆင့်ကို ဤမျှ လျင်မြန်စွာ ချိုးဖျက်နိုင်မည် မဟုတ်။
စစ်မှန်အမတနယ်ပယ်မှ ကောင်းကင်အမတသို့ တက်လှမ်းရန်အတွက် အမတစွမ်းအား သိပ်သည်းမှုသည် သတ်မှတ်ချက်အတိုင်း ပြည့်မီရမည့်အပြင် အမတလမ်းစဉ်အပေါ် ပိုမိုမြင့်မားသော နားလည်နိုင်စွမ်းလည်း ရှိထားရမည် ဖြစ်သည်။
စစ်မှန်အမတနယ်ပယ်သည် မိုးမြေ၏ အမတစွမ်းအင်များကို နားလည်သဘောပေါက်ကာ အမတဆန္ဒများကို စုစည်းခြင်းဖြင့် အချိန်မြစ်၏ အစိတ်အပိုင်းတစ်ခုနှင့် ဆက်သွယ်နိုင်သည်။
ကောင်းကင်အမတ နယ်ပယ် မှာမူ ၊ မိုးမြေ၏ အမတစွမ်းအင်များကို ထိန်းချုပ်ကာ ပိုမို မြင့်မားသော အတိုင်းအတာရှိသည့် အမတဆန္ဒများကို စုစည်းခြင်းဖြစ်ပြီး ၊ မိမိ၏ မူလရင်းမြစ် စွမ်းအားဖြင့် အချိန်မြစ်၏ စွမ်းအား အနည်းငယ်ကို ငှားရမ်း အသုံးပြုနိုင်သည်။
ဤနှစ်ခုကြားရှိ ကွာခြားချက်မှာ အလွန်ကြီးမားပြီး ၊ အချိန်အတော်ကြာအောင် အခြေခိုင်အောင် မလုပ်ဆောင်ထားပါက စစ်မှန်အမတနယ်ပယ်မှ ကောင်းကင်အမတသို့ တက်လှမ်းရန် အနည်းဆုံး တစ်နှစ်ခန့် အချိန်ယူရမည် ဖြစ်သည်။
သို့သော်ငြား ၊ အမတနယ်မြေ၏ ထိပ်တန်းအင်အားစုများမှ ဆက်ခံသူအချို့မှာ ခြောက်လအတွင်း ကောင်းကင်အမတသို့ တက်လှမ်းနိုင်ခြင်းမှာ မဖြစ်နိုင်သည့်အရာတော့ မဟုတ်ချေ။
သို့သော် ယခု ဒေဝလောက ပြန်လည်စတင်ရာခေတ်သို့ ရောက်ရှိလာသည်မှာ မည်မျှကြာသေးသနည်း။
ဤမျှလောက် မြန်မြန် ကောင်းကင်အမတသို့ တက်လှမ်းနိုင်ခြင်းမှာ မယုံကြည်နိုင်လောက်အောင်ပင် ထူးဆန်းလွန်းပေ၏။
……….
လူတိုင်း ဝေဖန်ဆွေးနွေးနေကြစဉ်မှာပင်။
ဟွမ်ကျီအမတနယ်မြေ၏ အထက်တွင် စုဝေးနေသော ကပ်ဘေးတိမ်တိုက်မှာ မိုးမြေတစ်ခွင်ကို ဖျက်ဆီးတော့မည့်အလား ပြင်းထန်သော ဖိအားများဖြင့် တလိပ်လိပ် ကျဆင်းလာသည်။
သို့သော်လည်း ဤသည်မှာ ဘာမှ အသုံးမဝင်ချေ။
အကြောင်းမှာ ဟွမ်ကျီအမတနယ်မြေသည် တားမြစ် စူးမိသားစု၏ မျိုးနွယ်စုနယ်မြေ တည်ရှိရာ နေရာဖြစ်သောကြောင့်ပင်။
မြို့တော်အတွင်း၌ မရေတွက်နိုင်သော မဟာလမ်းစဉ် အစီအရင် အမှတ်အသားများကို ထွင်းထုထားသောကြောင့် ကောင်းကင်အမတအဆင့်ရှိ ကပ်ဘေးတိမ်တိုက်ကို ထည့်မဆိုနှင့် ၊ အမတဧကရာဇ် အဆင့်ရှိ ကပ်ဘေးတိမ်တိုက် ပင်လျှင် ဤနေရာအပေါ် မည်သည့်သက်ရောက်မှုမှ မရှိနိုင်ချေ။
ထို့ကြောင့် ဤမြင်ကွင်းမှာ အနည်းငယ် ထူးဆန်းနေ၏။
ကျင့်ကြံသူတစ်ဦး အဆင့်တက်သည့်အခါတိုင်း ကပ်ဘေးတိမ်တိုက်၏ အတိုင်းအတာအတွင်းရှိ အခြားကျင့်ကြံသူများလည်း ရိုက်ခတ်မှု ခံရတတ်သည်။
ထို့အပြင် ကပ်ဘေးမိုးကြိုး၏ တိုက်ခိုက်မှုကိုပါ ခံရနိုင်သဖြင့် အတတ်နိုင်ဆုံး ဝေးဝေးသို့ ရှောင်ရှားကြရသည်။
သို့သော် တားမြစ် စူးမိသားစုသည် လုပ်ရိုးလုပ်စဉ်အတိုင်း မလုပ်ဆောင်ခဲ့ပေ။
မည်သူတစ်ဦးတစ်ယောက်မှ ဝေးရာသို့ မရှောင်ရှားသည့်အပြင် တားမြစ် စူးမိသားစုဝင်တိုင်း ဤမြင်ကွင်းကို စိတ်ဝင်တစားဖြင့် ကြည့်ရှုနေလေ၏။
လူတိုင်း မိမိတို့၏ ကျင့်ကြံဂူထဲမှ ထွက်လာကြပြီး စူးချန်ကဲ ကျင့်ကြံနေသည့် နေရာသို့ တစ်သုတ်ပြီး တစ်သုတ် ရောက်ရှိလာကြသည်။
ဇာတ်ပွဲကြည့်ရန် ချီတတ်လာလေသလား အောက်မေ့ရသည်။
သို့သော် ဤအတွက် သူတို့ကို အပြစ်တင်လို့မရချေ။
ဟွမ်ကျီအမတနယ်မြေ တစ်ခုလုံးသည် တားမြစ် စူးမိသားစု၏ အချက်အချာ နေရာ ဖြစ်သည်ကို ထည့်စဉ်းစားပါက ၊ ပြောစရာပင် မလိုတော့ချေ။
သာမန် ကပ်ဘေးတိမ်တိုက်ပင် မဆိုနှင့်၊ အမတဧကရာဇ်အဆင့် အထက်ရှိ တည်ရှိမှုများ ဆင်းသက်လာရင်တောင်မှ ငြိမ်ဝပ်ပိပြားနေပေလိမ့်မည်။
“ကြည့်ကြဦး! ချန်ကဲ သခင်လေးထွက်လာပြီ!”
စူးချန်ကဲသည် ထျန်းယန် နတ်ဘုရားမျှော်စင်ထဲမှ လမ်းလျှောက် ထွက်လာသည်နှင့်၊ တားမြစ် စူးမိသားစုဝင်တိုင်းက အံ့အားသင့်စွာဖြင့် ဟစ်အော်ကြလေသည်။
ဝုန်း… ဝုန်း… ဝုန်း! !
စူးချန်ကဲ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံထက်မှ ထူထပ်သော ကပ်ဘေးတိမ်တိုက်ကြီးသည် ပို၍ ကြီးမားလာပြီး ကြောက်စရာကောင်းလာသည်။
ပေါက်ကွဲထွက်ပေါ်နေသော မဟာလမ်းစဉ် မိုးကြိုးများသည် ကောင်းကင်ထက်တွင် တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်ကာ ရှုပ်ယှက်ခတ်နေပြီး လှိုင်းထန်နေသော သမုဒ္ဒရာကြီးအလား ပြောင်းလဲသွားသည်။
မိုးကြိုးများက ပိုပို၍ စုစည်းလာသည်။
ယခင်က ဖြူစင်တောက်ပသော မိုးကြိုးမျာသည် ငရဲပြည်မှ သွေးများကဲ့သို့ တဖြည်းဖြည်း နီမြန်းလာကာ ၊ ယင်း၌ အဆုံးစွန်သော အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
ဂျိန်း ! !
ရုတ်တရက်ဆိုသလို သွေးနီရောင် မိုးကြိုးများသည် ကောင်းကင်ယံကို ဖောက်ထွက်ကာ စူးချန်ကဲ ရှိရာအရပ်သို့ ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။
မိုးကြိုး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် ကောင်းကင်ပြင်တစ်ခုလုံးသည် ပင့်ကူအိမ်သဖွယ် သွေးနီရောင် မိုးကြိုးကွန်ရက်ကြီးဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အဖျက်စွမ်းအားများ ပါဝင်သော မိုးကြိုးများသည် စူးချန်ကဲကို လုံးလုံးလျားလျား ဝါးမြိုသွားလေ၏။
ဒီရေအလား ပြင်းထန်လှသော နာကျင်မှုကြောင့် စူးချန်ကဲသည် မျက်ခုံးတွန့်သွားပြီ ညည်းတွားသံ တစ်ချက် ပြုလိုက်သည်။
သို့သော် သူသည် ရှောင်တိမ်းခြင်းမပြုဘဲ ထိုမိုးကြိုးစွမ်းအားကို သူ၏ရုပ်ခန္ဓာဖြင့် ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်ခဲ့သည်။
ဤမိုးကြိုးသည် အဖျက်စွမ်းအားကို ဆောင်ကြဉ်းသော်လည်း ၊ ယင်နှင့်ယန် ပေါင်းစပ်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း စသော အသက်စွမ်းအင်ကိုလည်း ပေးစွမ်းနိုင်သည်။
အကယ်၍ သူသည် ဤမိုးကြိုးစွမ်းအားကို အပြည့်အဝ စုပ်ယူနိုင်မည်ဆိုပါက သူ၏ ရုပ်ခန္ဓာမှာ ပိို၍ ပြီးပြည့်စုံပြီး အပြစ်အနာအဆာ ကင်းစင်လာနိုင်သည်။
ဝုန်း… ဝုန်း… ဝုန်း…
ပထမဆုံး ကပ်ဘေးမိုးကြိုး ပျောက်ကွယ်သွားပြီးနောက် ချက်ချင်းဆိုသလိုပင် နောက်တစ်ကြိမ် ထပ်မံ ရောက်ရှိလာသည်။
ယခုတစ်ကြိမ်တွင် ပါဝင်သော အဖျက်စွမ်းအားများသည် ပို၍ ပြင်းထန်ကာ ပထမအကြိမ်ထက် အဆပေါင်းများစွာ ပိုကြီးမားသည်။
ထိုတစ်ချက်တည်းနှင့်ပင် စူးချန်ကဲကို ဒူးတစ်ဖက် ထောက်သွားစေခဲ့သည်။
ယခင်က အပြစ်အနာအဆာကင်းသော အသားအရေပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လျက်ရှိကာ ပူနွေးသော သွေးများ စီးကျလာသည်မှာ မြင်ရသူအဖို့ ထိတ်လန့်စရာ ကောင်းလှသည်။
ရရှိသော ဒဏ်ရာမှာ ပြင်းထန်သော်လည်း ၊ သူ၏ ခန္ဓာကိုယ် ပြန်လည်ကုသနှုန်းမှာ ပို၍ မြန်ဆန်သည်။
ဝါးမြိုအပျက်အစီး ခန္ဓာသည် ယခင်က ယွမ်ချန်းဟုန် ပိုင်ဆိုင်ခဲ့သော ထိုက်ချင်း တာအိုရွှမ်ခန္ဓာ၏ အဆင့်မြင့်ဗားရှင်းနှင့် တူသည်ဟု ဆိုရမည်။
မိုးမြေ၏ အသက်စွမ်းအားကို စုပ်ယူနိုင်ရုံသာမက မိုးကြိုးထဲတွင် ပါဝင်သော အသက်စွမ်းအင်ကိုပါ ဆွဲယူနိုင်သည်။
မိုးကြိုများက သူ၏ သွေးကြောများကို ဖျက်ဆီးနေပြီး ၊ တစ်ချိန်တည်းမှာပင်
သူ စုပ်ယူလိုက်သော အသက်စွမ်းအင်များက သူ့ကို လျင်မြန်စွာ ပြန်လည်ကောင်းမွန်စေခဲ့သည်။