မဟာလမ်းစဉ် အဆင့်သတ်မှတ်ချက် ပြန်လည် ထွက်ပေါ်လာခြင်း
Vol. 66 Ch. 861
ဝီ!!
ဟင်းလင်းပြင်အတွင်း လှိုင်းဂယက်များ ထသွားပြီးနောက် ၊
ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် ကျောက်စိမ်းပြား တစ်ခုသည် စူးချန်ကဲ၏ လက်ဖဝါးပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းလာသည်။
“ဒါက ငါတို့ တားမြစ်စူးမိသားစုရဲ့ ရှန်းယွမ်ရှေးဟောင်းမျှော်စင် ရဲ့ အမိန့်ပေးတံဆိပ်ပဲ… မင်း ဒီတံဆိပ်ကိုသုံးပြီး ကြိုက်တဲ့ အမတအတတ်ပညာတွေကို ရွေးချယ်လေ့ကျင့်နိုင်တယ်”
“တကယ်တော့ ငါတို့ကိုယ်တိုင် မင်းကို ရှေးဟောင်း အမတအတတ်ပညာတွေ သင်ပေးချင်တာပါ..ဒါပေမဲ့ ချန်ကဲ မင်းရဲ့ ပါရမီက သာမန်ထက်ထူးကဲလွန်းတော့ ငါတို့လေ့ကျင့်ထားတဲ့ ပညာတွေက မင်းနဲ့ ကိုက်ညီချင်မှ ကိုက်ညီမယ်”
“ငါတို့ သေချာ စဉ်းစားပြီးတဲ့နောက်တော့ မင်း ဒီတံဆိပ်ကို ယူပြီး ရှန်းယွမ်ရှေးဟောင်းမျှော်စင်မှာ မင်းနဲ့ အသင့်တော်ဆုံးဖြစ်မယ့် ပညာရပ်တွေကို ကိုယ့်ဟာကို သွားရွေးလိုက်တာက ပိုကောင်းမယ်လို့ ငါတို့ ထင်မယ်”
ရှန်းယွမ် ရှေးဟောင်းမျှော်စင်ဆိုသည်မှာ ဂိုဏ်းအဖွဲ့အစည်းများ၏ စာကြည့်တိုက်နှင့် တူပြီး ၊ မကုန်ခမ်းနိုင်သော ရှေးဟောင်း အမတအတတ်ပညာများကို စုဆောင်းထားသည့် နေရာတစ်ခု ဖြစ်ပေသည်။ယင်းတို့အနက် အချို့သော ပညာရပ်များမှာ ကမ္ဘာဦးကာလကိုပင် ခြေရာကောက်ခံနိုင်သည်။
ရွှမ်ယွမ်အမတဧကရာဇ်မင်း ပေးသော ဤတံဆိပ်ပြားဖြင့် စူးချန်ကဲသည် ရှန်းယွမ် ရှေးဟောင်းမျှော်စင်အတွင်း လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ပြီး ၊ အဓိကအကျဆုံးသော နေရာကိုပင် ဝင်ရောက်ခွင့်ရှိသည်။
“ဟားဟား... ချန်ကဲ၊ ရှန်းယွမ် ရှေးဟောင်းမျှော်စင်အကြောင်း မင်းလည်း ကြားဖူးမှာပါ …မင်းမှာက စွမ်းဆောင်ရည်ရှိတော့ မိသားစုရဲ့ အမတအတတ်ပညာအားလုံးကို သင်ယူသွားရင်တောင် ဘာမှမဖြစ်ဘူး”
ဘေးနားရှိ တားမြစ်စူးမိသားစု၏ ဘိုးဘေးအချို့ကလည်း ရယ်မောကာ ပြောဆိုလိုက်ကြသည်။
“ဟုတ်တယ်၊ နားမလည်တာရှိရင် ငါတို့ဆီ တိုက်ရိုက်အသံလွှင့်ပြီး မေးလို့ရတယ်၊ ငါတို့ အမြန်ဆုံး ရှင်းပြပေးမယ်”
ထိုစကားများကို နားထောင်ရင်း စူးချန်ကဲမှာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ မိသားစုဝင်များက သူ့ကို အတော်လေး အထင်ကြီးကြသည်။
သူ သိထားသလောက် တားမြစ်စူးမိသားစု၏ ရှန်းယွမ် ရှေးဟောင်းမျှော်စင်အတွင်း စုဆောင်းထားသော အမတအတတ်များမှာ မရေမတွက်နိုင်အောင်ပင် များပြားကာ ၊ လောကကြီးတစ်ခုလုံးကို လွှမ်းခြုံထားနိုင်သည်။
အားလုံးကို သင်ယူဖို့လား…အမှောင်ထု ပြန်လည် နိုးထလာတဲ့အချိန်ထိ သူ မျှော်စင်ထဲကနေ ထွက်လာနိုင်ပါ့မလား!
“ကျေးဇူးတင်ပါတယ် ဦးလေးနဲ့ ဘိုးဘေးတို့”
စူးချန်ကဲသည် ဦးညွတ်ဂါရဝပြုပြီးနောက် ၊ တံဆိပ်ကို ကိုင်ကာ ရှန်းယွမ် ရှေးဟောင်းမျှော်စင်သို့ သွားရန် ပြင်ဆင်လိုက်သည်။
ဝုန်း!!
သို့သော် ထိုအခိုက်အတန့်တွင် ၊
နယ်မြေတစ်ခုလုံး တုန်ခါသွားပြီး ကောင်းကင်မှ တောက်ပသော နတ်ဘုရားအလင်းစက်များ ကျဆင်းလာသည်။
မရေမတွက်နိုင်သော ဖရိုဖရဲအလင်းတန်းများနှင့် ရှေးဦးခရမ်းရောင် စွမ်းအင်များသည် ဝေးလံသော စကြဝဠာအနက်မှ ထွက်ပေါ်လာပြီး ၊ ကြီးကျယ်ခမ်းနားသော စကြဝဠာဖြစ်စဉ်တစ်ခုကို ဖန်တီးခဲ့လေ၏။
“ဒါက... မဟာလမ်းစဉ်ရဲ့ စွမ်းအားလား”
ထိုအရှိန်အဝါကို အာရုံခံစားမိသော တားမြစ်စူးမိသားစုမှ စွမ်းအားရှင်တစ်ဦးက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။
“အရင်က ပျောက်ကွယ်သွားတဲ့ မဟာလမ်းစဉ်အဆင့်သတ်မှတ်ချက် ပြန်ပေါ်လာပြီလား ”
ဤအခိုက်အတန့်တွင် အမတနယ်မြေရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် သက်ရှိအပေါင်းတို့က ကောင်းကင်ပေါ်သို့
မော့ကြည့်လိုက်ကြသည်။
မျက်လုံးပေါင်းများစွာ၏ ကြည့်ရှုမှုအောက်တွင် ပျောက်ကွယ်နေသော မဟာလမ်းစဉ်အဆင့် သတ်မှတ်ချက်သည် လူအများရှေ့တွင် တစ်ဖန်ပြန်လည် ပေါ်ထွက်လာခဲ့သည်။
သို့သော် ယခင်ကကဲ့သို့ ဗလာစာမျက်နှာများ မဟုတ်တော့ဘဲ ယခုအခါ မဟာလမ်းစဉ်လိပ်စာ သုံးခုစလုံးပေါ်တွင် ရွှေရောင်များဖြင့် တောက်ပသော နာမည်များစွာကို ရေးထိုးထားပြီး ဖြစ်သည်။
သံသယဖြစ်စရာပင် မလိုချေ။ ဤနာမည်များမှာ မဟာလမ်းစဉ်စာရင်းဝင် ထိပ်တန်းပါရမီရှင်များ ဖြစ်ကြပြီး ၊ သူတို့၏ အမည်နာမသည် နောင်နှစ်ပေါင်းထောင်ချီအောင် ကျော်ကြားနေပေလိမ့်မည်။
လူတိုင်း ထိုစာရင်းကို ကြည့်ရှုနေစဉ်မှာပင်…
ရုတ်တရက်၊ ခန့်ညားထည်ဝါသော နတ်ဘုရားအသံတစ်ခုသည် အဆုံးမရှိသော နယ်မြေပေါင်းများစွာကို ဖြတ်သန်းကာ မိုးနှင့်မြေကြား အဆက်မပြတ် ပဲ့တင်ထပ်သွားသည်။
“ယနေ့၊ မဟာလမ်းစဉ် အဆင့်သတ်မှတ်ချက် စာရင်းကို အမတနယ်မြေတစ်ခွင် ကြေညာလိုက်တယ်”
“ စူးချန်ကဲဟာ ကောင်းကင်အမတနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ခဲ့ပြီး၊ ဒေဝလောက ပြန်လည်စတင်ရာခေတ်မှာ ပထမဆုံးသော ကောင်းကင်အမတ ပါရမီရှင် တစ်ဦး ဖြစ်လာခဲ့တယ်”
“ယနေ့ကစ မဟာလမ်းစဉ် အဆင့်သတ်မှတ်ချက်ဟာ ဒုတိယအဆင့် အဖြစ် တရားဝင် ကူးပြောင်းလိုက်ပြီ”
မဟာလမ်းစဉ်၏ နတ်ဘုရားအသံ ပျောက်ကွယ်သွားသည်နှင့်အမျှ ၊ အမတနယ်မြေကြီးတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားဟန် ရှိသည်။
ဤစကားကို ကြားလိုက်ရသူတိုင်း မျက်လုံးများ ပြူးကျယ်ကာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
ကောင်းကင်အမတနယ်ပယ်ကို ချိုးဖျက်သွားပြီလား … စူးချန်ကဲကလား?
ဒေဝလောက ပြန်လည်စတင်ရာခေတ်မှာ အမတနယ်မြေ တစ်ခွင် ကျင်လည်နေတဲ့ ပါရမီရှင်များအနက် ပထမဆုံးသော ကောင်းကင်အမတ ကျင့်ကြံသူတဲ့လား?
ပြီးတော့ မဟာလမ်းစဉ် အဆင့်သတ်မှတ်ချက်က ဒုတိယအဆင့်ကိုတောင် ကူးပြောင်းသွားပြီလား?
အမတနယ်မြေ တစ်ခွင်လုံး ဆယ်စက္ကန့်ခန့် တိတ်ဆိတ်နေပြီးနောက်၊ ရေကန်ထဲသို့ ဥက္ကာခဲကြီးတစ်ခု ကျလာသကဲ့သို့ တစ်ဟုန်ထိုး ဆူညံပွက်လောရိုက်သွားတော့သည်။
“ဒါ... ဒါ... ငါ ခုနက နားကြားမှားတာတော့ မဟုတ်ဘူးမလား ၊ စူးချန်ကဲတဲ့လား…အရင်က တားမြစ် စူးမိသားစုဆီ ကောင်းကင်အမတကပ်ဘေးတွင် ဆင်းလာတယ်ဆိုတာက တကယ်တော့ စူးချန်ကဲ က ကောင်းကင်အမတနယ်ပယ်ကို အဆင့်တတ်သွားတာကိုးး”
“အမ်... စူးချန်ကဲက အောက်ကမ္ဘာကနေ ငါတို့အမတနယ်မြေကို ရောက်လာတာ ဘယ်လောက်မှ မကြာသေးဘူးလေ…ဒါကို ကောင်းကင်အမတနယ်ပယ်ကိုတောင် တက်သွားပြီတဲ့လား”
“ငါတို့ အမတနယ်မြေရဲ့ လက်ရှိ ထိပ်တန်းပါရမီရှင်တွေက ဘာလုပ်နေကြတာတုန်း …အမတနယ်မြေလို ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ ကျင့်ကြံနေပြီးတော့ အောက်ကမ္ဘာကနေ တက်လာတဲ့လူကိုတောင် မယှဉ်နိုင်ဘူးလား”
“စူးချန်ကဲက ဒေဝလောက ပြန်လည်စတင်ရာခေတ်ရဲ့ ပထမဆုံး ကောင်းကင်အမတအဆင့်ရှိ ပါရမီရှင်တစ်ဦး ဖြစ်လာတယ်တဲ့လား … ဘုရားရေ! ငါတို့ အမတနယ်မြေရဲ့ ပါရမီရှင်တွေက အောက်ကမ္ဘာကနေ တတ်လာတဲ့လူကိုတောင် မကျော်နိုင်ကြဘူးလား”
“………..”
လူတိုင်း တအံ့တဩ ဆွေးနွေးနေကြပြီး သူတို့၏ စကားလုံးတိုင်းတွင် အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
အကြောင်းမှာ စူးချန်ကဲ တက်လှမ်းထားသည့် စာရင်းမှာ ‘ ဒေဝလောကတစ်ခွင်မှ ပါရမီရှင်စာရင်း’ ဖြစ်ပြီး ၊ သူသည် အမတနယ်မြေတွင် မွေးဖွားကြီးပြင်းလာသူ မဟုတ်ပေ။
သူသည် တိုက်မြေသုံးထောင် ကဲ့သို့သော ခေါင်းပါးသော အောက်ကမ္ဘာမှ တက်လှမ်းလာသူဖြစ်သည်။ ထိုကဲ့သို့ ဝိညာဉ်စွမ်းအင်များ မလုံလောက်သည့်အပြင် နိယာမတရားများပင် မပြည့်စုံသော အောက်ကမ္ဘာသည် နိယာမတရားများ ပြည့်စုံကာ အမတစွမ်းအင်များ ကြွယ်ဝသော အမတနယ်မြေနှင့် လုံးဝ နှိုင်းယှဉ်၍မရပေ။
သို့သော် စူးချန်ကဲသည် မဖြစ်နိုင်သောအရာကို ဖြစ်အောင် လက်တွေ့ လုပ်ပြခဲ့သည်။
ထိုကဲ့သို့ ခေါင်းပါးသောနေရာမှ ထွက်ပေါ်လာသော ကျင့်ကြံသူတစ်ဦးသည် အမတနယ်မြေရှိ ကျင့်ကြံသူများထက် ပိုမိုအားကောင်းနေပြီး ၊ ပထမဆုံးသော ကောင်းကင်အမတ အဆင့်ရှိ ပါရမီရှင်တစ်ဦး ဖြစ်လာခဲ့သည်။
ဒါ အမတနယ်မြေက ကျင့်ကြံသူတွေ အားလုံးကို ‘အရည်အချင်းမရှိတဲ့လူတွေ’ လို့ သွယ်ဝိုက်ပြီး ပြောလိုက်တာပဲ မဟုတ်လား?
တစ်ချိန်တည်းမှာပင်။
တိုက်မြေ သုံးထောင်၊ ဝူကျိမြင့်မြတ်နယ်မြေ။
စူးချန်ကဲ၏ နောက်လိုက်ဟောင်းများ ဖြစ်ကြသော လီဟောက်ထျန်း၊ ယဲ့လင်ထျန်း၊ ယွင်ရှင်းယန်တို့မှာလည်း ထိုအရှိန်အဝါကြောင့် အံ့ဩတုန်လှုပ်နေကြသည်။
သူတို့သည် ကျင့်ကြံရာနေရာမှ အသီးသီး ထွက်လာကြပြီး ကောင်းကင်ထက်ရှိ မဟာလမ်းစဉ် အဆင့်သတ်မှတ်ချက်ကို မော့ကြည့်လိုက်ကြသည်။
“ဒါ ချန်ကဲထျန်းတိ့ပဲ!”
“ချန်ကဲထျန်းတိ့က မဟာလမ်းစဉ်စာရင်းမှာ နောက်တစ်ကြိမ် တတ်ရောက်သွားပြန်ပြီ”
“ဟားဟားဟား! အမတနယ်မြေရဲ့ ပထမဆုံးသော ကောင်းကင်အမတပါရမီရှင်… ချန်ကဲထျန်းတိ့ကတော့လေ အရင်အတိုင်း ထူးချွန်နေတုန်းပဲ”
ကောင်းကင်ယံရှိ တောက်ပသော စာရင်းကို ကြည့်ရင်း ၊ စူးချန်ကဲ၏ နောက်လိုက်ဟောင်းများမှာ တောက်ပသော မျက်လုံးများဖြင့် ဝမ်းသာအားရ ဖြစ်နေကြသည်။
ဝူကျီမြင့်မြတ်နယ်မြေမှ ဘိုးဘေးများမှာ ကွေးယွမ်အမတဂိုဏ်း သို့ ပြန်သွားကြပြီ ဖြစ်သော်လည်း၊ သို့သော် သူတို့၏ ကျင့်ကြံအရင်းအမြစ်များမှာ လျော့နည်းမသွားဘဲ ယခင်ကထက်ပင် ပို၍ များပြားလာသည်။
သူတို့၏ ကျင့်ကြံဆင့်မှာလည်း စစ်မှန်အမတ နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အထူးသဖြင့် သူတော်စင်ခန္ဓာပိုင်ရှင် ပါရမီရှင် သုံးဦးနှင့် အရိုးဖြူ ပင်လယ် ဘုရင်မတို့မှာ စစ်မှန်အမတနယ်ပယ် အဆင့် (၇) သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့သည် အဘယ်ကြောင့် အမတနယ်မြေသို့ မသွားကြသနည်း။
အမှန်အားဖြင့် ဝူကျီမြင့်မြတ်နယ်မြေတွင် သူတို့အတွက် အခြားအစီအစဉ်များ ရှိနေသေးသောကြောင့် ဖြစ်သည်။
ထို့အပြင် သူတို့၏ ကျင့်ကြံမှုမှာ မလုံလောက်သေးသလို စူးချန်ကဲအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်လိုပေ။
သူတို့သည် စူးချန်ကဲ၏ လက်ထဲမှ ဓားများအဖြစ်၊ သူတို့ အမြတ်နိုးဆုံး ထျန်းတိ့နှင့်အတူ လောကကြီးကို သိမ်းပိုက်လိုသည်။
အထက်ကောင်းကင်ယံတွင် တောက်ပနေသော စာရင်းများကို ကြည့်ရင်း သူတို့၏ မျက်ဝန်းများမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည် ။
“မကြာခင်မှာ ကျွန်တော်တို့လည်း ချန်ကဲထျန်းတိ့ရဲ့ ခြေရာကို တစ်ဖန် ပြန်လိုက်နိုင်မယ်လို့ ယုံကြည်ပါတယ်...”
“ချန်ကဲထျန်းတိ့ရဲ့ ဦးဆောင်မှုအောက်မှာ ကြယ်ပင်လယ်ကြီးကို သွားပြီး တိုက်ခိုက်ကြမယ်”