သူရဲကောင်းတို့၏ အားပြိုင်ပွဲ
Vol. 66 Ch. 862
အချို့သော ကျင့်ကြံသူများမှာ ကိုယ့်ကိုယ့်ကိုယ် သံသယဝင်နေကြစဉ်၊
သို့သော်လည်း အမတ နယ်မြေရှိ ကျင့်ကြံသူအချို့မှာ အခြားကိစ္စတစ်ခုကို စိတ်ဝင်တစား ရှိနေကြသည်။
“မဟာလမ်းစဉ်အဆင့်သတ်မှတ်ချက် ဒုတိယအဆင့်ကို ကူးသွားပြီလား…ဒါ မဟာလမ်းစဉ် စီးရီးပြိုင်ပွဲတွေ စတော့မယ်ဆိုတဲ့ သဘောလား”
“ဒါပေမဲ့ ဖုန်းကွယ်ပြီး နေနေကြတဲ့ ပါရမီရှင်တွေက ထွက်မလာသေးဘူးလေ၊ ငါတို့ အမတနယ်မြေမှာ အိပ်စက်နေတဲ့ ရှေးဟောင်း ပါရမီရှင်တွေလည်း အများကြီး ရှိသေးတယ် …စာရင်းကလည်း အပြည့်အစုံ မကောက်ရသေးဘူး... အခု စီးရီးပြိုင်ပွဲ စဖို့ ဆိုတာက စောလွန်းနေသလိုပဲ”
လူတစ်ယောက်က ထောက်ခံလိုက်သည်။
“ဟုတ်တယ်၊ အခု စီးရီးပြိုင်ပွဲ စဖို့ ဆိုတာကတော့ စောလွန်းသေးတယ်”
မဟာလမ်းစဉ် စီးရီးပြိုင်ပွဲဆိုသည်မှာ နာမည်အတိုင်းပင် မဟာလမ်းစဉ် စာရင်းဝင် ထိပ်တန်းပါရမီရှင်များ အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ကြမည့် ပြိုင်ပွဲတစ်ခု ဖြစ်ပေသည်။
အချင်းချင်း ယှဉ်ပြိုင်ကြရင်း ခေတ်တစ်ခေတ်ကို ဦးဆောင်နိုင်မည့် အနှိုင်းမဲ့ပုဂ္ဂိုလ် တစ်ဦးကို ရွေးချယ်ခြင်းပင် ဖြစ်သည်။
နောက်ဆုံး စာရင်းတွင် ပါရမီရှင်အားလုံး၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိသူသည် သက်ရှိသတ္တဝါအားလုံး၏ လေးစားမှုကို ခံရမည့် ‘အမြင့်ဆုံး’ဘွဲ့ထူးကို ရရှိရုံသာမက ၊ မဟာလမ်းစဉ်ထံမှ ထူးခြားသော ဆုလာဘ်များကိုလည်း ရရှိမည် ဖြစ်သည်။
လူတိုင်း ဆွေးနွေးနေကြစဉ်မှာပင်…
ဝုန်း!
ကောင်းကင်ကြီးသည် တစ်ဖန် ပြင်းထန်စွာ တုန်ခါသွားပြီး ၊ နေမင်းအလား တောက်ပသော နတ်ဘုရားစွမ်းအားများ ထွက်ပေါ်လာခဲ့သည်။
ရှေးဦးခရမ်းစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ‘မဟာလမ်းစဉ် နတ်ဘုရားစုတ်တံ’ တစ်ခုသည် ဟင်းလင်းပြင်တွင် ပေါ်ထွက်လာ၏။
ထို့နောက် လောကတစ်ခုလုံးကို ထင်ဟပ်နိုင်စွမ်းရှိသော ခန့်ညားထည်ဝါသည့် ပုံရိပ်တစ်ခု၏ ထိန်းချုပ်မှုအောက်တွင်၊ ကောင်းကင်ယံကို စက္ကူအဖြစ် အသုံးချကာ ၎င်းပေါ်တွင် ဖြည်းညှင်းစွာ ရေးသားလိုက်သည်။
လူတိုင်း အသက်ပင် မရှုဝံ့ကြဘဲ ကောင်းကင်ယံတွင် ပေါ်ထွက်လာသော ရွှေရောင်စာလုံးများကို မျက်တောင်မခတ် စိုက်ကြည့်နေကြသည်။
သို့သော် ကြည့်လေလေ ၊ သူတို့၏ စိတ်နှလုံးထဲမှ တုန်လှုပ်မှုမှာ ပို၍ ပြင်းထန်လာလေလေ ဖြစ်သည်။
…………
ခဏအကြာတွင်…
ကောင်းကင်ယံ၌ လှုပ်ရှားနေသော နတ်ဘုရားစုတ်တံမှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
မဟာလမ်းစဉ် စာရင်းပေါ်တွင် မိုးမြေ စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ရွှေရောင်စာတန်းအချို့ ကို ဤသို့ ထွင်းထုထားလေ၏။
[မဟာလမ်းစဉ် အဆင့်သတ်မှတ်ချက် ဒုတိယအဆင့် - သူရဲကောင်းတို့၏ အားပြိုင်ပွဲ]
[ဤအဆင့်တွင်၊ မဟာလမ်းစဉ် စာရင်းဝင်သူတစ်ဦးကို အနိုင်ယူနိုင်ပါက ထိုသူ၏ မဟာလမ်းစဉ်ကံတရားကို တိုက်ရိုက် လုယူနိုင်မည်]
[အနိုင်ရရှိသူသည် မဟာလမ်းစဉ်၏ ဆုလာဘ်ကို ရရှိမည် ၊ ထိုဆုလာဘ်သည် အမတရင်းမြစ်ကို သန့်စင်ပေးနိုင်ပြီး၊ ခန္ဓာကိုယ်နှင့် အသွေးအသားကို သန်မာစေကာ ကျင့်ကြံမှုကိုပင် တိုးမြင့်ပေးနိုင်သည်]
[အနိုင်ရရှိသော ပွဲအရေအတွက်ကို စုဆောင်းထားနိုင်ပြီး ၊ ပွဲအရေအတွက် များလေလေ၊ ဒုတိယအဆင့် ပြီးဆုံးသည့်အခါ ရရှိမည့် နောက်ဆုံးဆုလာဘ်မှာ ပိုမိုကြီးမားလေလေ ဖြစ်သည် ]
[နောက်ဆုံး မဟာလမ်းစဉ် ဆုလာဘ်မှာ “ကနဦးစွမ်းအင်” ဖြစ်သည်၊ စုဆောင်းထားသော နိုင်ပွဲများလေလေ၊ မဟာလမ်းစဉ်မှ ချီးမြှင့်မည့် ကနဦးစွမ်းအင်မှာ ပို၍ များပြားလေလေ ဖြစ်သည်]
စက္ကန့်အနည်းငယ် ကြာပြီးနောက်၊ အမတနယ်မြေ တစ်ခွင်လုံးသို့ ကြေညာပြီးသော မဟာလမ်းစဉ်စာရင်းသည် အလင်းစက်များအဖြစ် ပျောက်ကွယ်သွားသည်။
မဟာလမ်းစဉ် စွမ်းအားရှင်များမှာ ထိုမြင်ကွင်းကို ငေးကြည့်နေကြပြီး အတန်ကြာမှသာ သတိပြန်ဝင်လာကြသည်။
“သူရဲကောင်းတို့ရဲ့ အားပြိုင်ပွဲလား…ဒါဟာ အရင်က မဟာလမ်းစဉ်စာရင်းတွေမှာတောင် တစ်ခါမှ မရှိခဲ့တဲ့အရာပဲ”
“ကြည့်ရတာ ဒီတစ်ခေါက် ဒေဝလောက ပြန်လည်စတင်ရာခေတ်ကတော့ မတူဘူးပဲ… ပြိုင်ပွဲမစခင် ဒီလိုအဆင့်တစ်ခုတောင် ထပ်တိုးလာသေးတယ်!”
“ခုနက ကြားလိုက်တယ်မလား…
နောက်ဆုံးဆုလာဘ်က ကနဦးစွမ်းအင်တဲ့”
ထိုသူ၏ အော်ဟစ်သံနှင့်အတူ ၊ ကျင့်ကြံသူများစွာ၏ မျက်နှာထက်တွင် အလိုလောဘနှင့် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာကြသည်။
ကနဦးစွမ်းအင် ဆိုသည်မှာ အမတနယ်မြေ၏ ရှေးဟောင်းမှတ်တမ်းများတွင်သာ ပါရှိသော ဒဏ္ဍာရီလာ အရာတစ်ခု ဖြစ်သည်။ ယင်းတွင် ပါဝင်သော စွမ်းအားသည် ဒေဝလောကတစ်ခွင်ရှိ ထောင်ပေါင်းများစွာသော နယ်မြေများနှင့် ဆက်သွယ်နိုင်ပြီး အရာအားလုံးကို ဖန်တီးနိုင်သည်။
အကယ်၍ လုံလောက်အောင် စုပ်ယူနိုင်ပါက အဆင့်တူပြိုင်ဘက်များကြားတွင် အနှိုင်းမဲ့ ဖြစ်လာစေရုံသာမက၊ နောင်တွင် ဒဏ္ဍာရီလာ အမတဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့ပါက တစ်ယောက်တည်းနှင့် နှစ်ယောက်၊ သုံးယောက်ကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေလိမ့်မည်။
ထိုကဲ့သို့သော ကနဦးစွမ်းအင်ကို ရှာဖွေရန် အလွန်ခက်ခဲပြီး မဟာလမ်းစဉ်၏ အနက်ရှိုင်းဆုံးနေရာတွင်သာ ရှိပေသည်။ ယခုအခါ မဟာလမ်းစဉ်စာရင်းမှတစ်ဆင့် ရရှိနိုင်မည်ကို သူတို့ မည်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။
သို့သော် မဟာလမ်းစဉ်၏ ဒုတိယအဆင့်တွင် ပါဝင်လိုပါက အနည်းဆုံး ကောင်းကင်အမတ အဆင့်သို့ ရောက်ရှိရန် လိုအပ်ပေသည်။
ထိုအချက်ကို ဆွေးနွေးတိုင်း ၊ လူတိုင်း စူးချန်ကဲကို တစ်ဖန် သတိရသွားကြပြန်သည်။
ပထမဆုံး မဟာလမ်းစဉ်စာရင်းဝင်ခဲ့သူမှာ စူးချန်ကဲ ဖြစ်သည်။ ယခုလည်း စူးချန်ကဲကပင် ပထမဆုံးသော ကောင်းကင်အမတ ပါရမီရှင်တစ်ဦး ဖြစ်လာကာ မဟာလမ်းစဉ်၏ ဒုတိယအဆင့်ကို စတင်ခဲ့သည်။
“ဟူးးး... လူတိုင်းရဲ့ အာရုံကို စူးချန်ကဲကပဲ အကုန်ယူသွားတာပဲ”
“နောက်ခံကလည်း အနှိုင်းမဲ့၊ ပါရမီနဲ့ ခွန်အားကလည်း ဒီလောက်တောင် ကြီးတော့… မကြာခင်မှာ ငါတို့ အမတနယ်မြေရဲ့ လူငယ်မျိုးဆက်တွေ သူ့ကို ယှဉ်နိုင်တော့မယ် မထင်ဘူး...”
“ဒီလိုခေတ်မှာ မွေးဖွားလာတာဟာ ကောင်းတဲ့အချက် ဆိုပေမဲ့၊ စူးချန်ကဲလို လူ့ဘီလူးတစ်ယောက်နဲ့ တွေ့ရတာကတော့ ငါတို့ အမတနယ်မြေက လူငယ်တွေအတွက်တော့ တကယ်ကို မျှော်လင့်ချက်မဲ့စေတာပဲ”
အမတနယ်မြေရှိ ဂိုဏ်းအသီးသီးမှ လူကြီးများမှာ သက်ပြင်းချရင်း ၊ မိမိတို့ဂိုဏ်းမှ ပါရမီရှင်များကို ကောင်းကင်အမတအဆင့်သို့ အမြန်ဆုံး ချိုးဖျက်နိုင်ရန် တိုက်တွန်း နှိုးဆော်ကြတော့သည်။
ဤခေတ်ရေစီးကြောင်းတွင် နောက်ကျ မကျန်ရစ်ခဲ့စေရန် အင်အားကြီးမားခြင်းသည်သာ အဓိက ဖြစ်သည်။
“မဟာလမ်းစဉ်အဆင့် သတ်မှတ်ချက် ဒုတိယအဆင့်... သူရဲကောင်းတို့ရဲ့ အားပြိုင်ပွဲ...”
သတိပြန်ဝင်လာသော စူးချန်ကဲသည် အေးဆေးစွာ ပြုံးလိုက်ပြီး သူ၏ မျက်ဝန်းများသည် တိုက်ခိုက်လိုစိတ်များဖြင့် တောက်လောင်နေခဲ့သည်။
သူ့အတွက်တော့ ကိစ္စရပ်များသည် စိတ်ဝင်စားစရာ ကောင်းလာ၏။
အင်အားကြီးသူများနှင့် အားရပါးရ တိုက်ခိုက်ရခြင်းမှာ သူ အလိုရှိသော အရာပင် မဟုတ်လော။
ဝီ!
ရုတ်တရက်၊ လော့ရန်ယွီ ကျင့်ကြံနေသော နေရာမှ ကြီးကျယ်ခမ်းနားသော အမတစွမ်းအား မုန်တိုင်းများ ထွက်ပေါ်လာသည်။
ကြည်လင်နေသော ကောင်းကင်ယံမှာ တစ်ဖန် မှောင်မိုက်လာပြီး ၊ မဟာလမ်းစဉ်၏ မိုးကြိုးတိမ်တိုက်များ ပြန်လည် စုစည်းလာပြန်၏။ တစ်ဖန် ကြီးမားသော ဖိအားတစ်ခုကလည်း ထိုနေရာကို ဦးတည်ကာ ကျဆင်းလာသည်။
“ဒါ... ကောင်းကင်အမတ ကပ်ဘေးလား”
စူးချန်ကဲသည် ကောင်းကင်ယံရှိ တိမ်တိုက်များကို ကြည့်ရင်း ပြုံးလိုက်သည်။
“ကြည့်ရတာ ရန်ယွီလည်း ကောင်းကင်အမတအဆင့်ကို ချိုးဖျက်တော့မှာပဲ”
သို့သော် စူးချန်ကဲ မသိသည်မှာ မဟာလမ်းစဉ် မိုးကြိုးတိမ်တိုက်မှာ ယခုအခါ အတော်လေး စိတ်ထိခိုက်နေလေ၏။
သူသည် တားမြစ် စူးမိသားစုဆီမှ ပျောက်ကွယ်သွားသည်မှာ ဘယ်လောက်မှ မကြာသေးပေ။
ဒါပေမဲ့ နောက်တစ်ယောက်က စစ်မှန်အမတ ကနေ ကောင်းကင်အမတအဆင့်ကို ထပ်ပြီး တတ်လှမ်းပြန်ပြီလား!?
ယခင်က စူးမိသားစု ဘိုးဘေးများ၏ သတိပေးချက်ကို ရရှိထားသဖြင့် မိုးကြိုးတိမ်တိုက်မှာ မဝံ့မရဲဖြင့် ပုံမှန် လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်ဆောင်ရန် ပြင်ဆင်လိုက်ရတော့သည်။
သူ့ခမျာ စူးမိသားစု၏ နယ်မြေအောက်တွင်တော့ ခေါင်းငုံ့ရပေဦးမည်။
…………
အမတသခင်တရားစီရင်ရေးရုံးတော်၊ ဗဟိုမြေ။
တောက်ပသော အမတအလင်းများကြား ရှိနေသော လူငယ်တစ်ဦးသည် ကောင်းကင်ယံမှ အကြည့်ကို ဖြည်းညှင်းစွာ ပြန်လည်ရုပ်သိမ်းလိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။
“စူးချန်ကဲ... ထပ်ပြီး စူးချန်ကဲပဲလား”
“ဒီကောင်ရဲ့ စွမ်းအားက တကယ်ကို သာမန်မဟုတ်ဘူးပဲ… ငါ့ထက်တောင် အရင်ဦးအောင် ကောင်းကင်အမတအဆင့်ကို ချိုးဖျက်သွားနိုင်တယ်”
“ဟားးဟား... ဒါပေမဲ့ စူးချန်ကဲ မင်း ပိုအားကောင်းလေလေ ပိုကောင်းလေပဲ…ဒီခေတ်မှာ တော်တန်ရုံ ပြိုင်ဘက်မရှိဝာာက တကယ်ကို ပျင်းစရာကောင်းတယ်”
ထိုသူမှာ အမတသခင် တရားစီရင်ရေးရုံးတော်၏ ဆက်ခံသူ ၊ ထျန်းယွီ အမတဧကရာဇ်၏ သားတော် ထျန်းဟောက်ရှန်းပင် ဖြစ်သည်။
သူ၏ ကျင့်ကြံမှုမှာလည်း စစ်မှန်အမတ အဆင့် (၉) သို့ ရောက်ရှိနေပြီး ၊ အမှန်အားဖြင့် သူသည် ‘ ကောင်းကင်အမတတစ်ပိုင်း’ အဆင့်သို့ ရောက်နေပြီဟု ဆိုရမည်။
စူးချန်ကဲသည် ကောင်းကင်အမတ အဆင့်သို့ တက်လှမ်းသွားသည်ကို မြင်လိုက်ရချိန်တွင် မူလက ကျင့်ကြံမှု အခြေခံအုတ်မြစ်ကို ခိုင်မာအောင် လုပ်ဆောင်လိုခဲ့သော ထျန်းဟောက်ရှန်း တစ်ယောက် စိတ်မရှည်နိုင်တော့ပေ။
ဝုန်း!
သူ၏ ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအားများကို လှုံ့ဆော်လိုက်သည်။
ကျင့်ကြံမှုအဆင့်မှာ တစ်ဟုန်ထိုး မြင့်တက်လာသည်နှင့်အမျှ ၊
အမတသခင် တရားစီရင်ရေးရုံးတော်၏ ကောင်းကင်ယံတွင် မိုးကြိုးတိမ်တိုက်များ ဖုံးလွှမ်းလာပြီး ကောင်းကင်အမတ ကပ်ဘေးကြီး တစ်ခု ကျရောက်လာလေတော့၏။