← Chapters

ဘိုးဘေးနတ်ဘုရား၏ အမိန့်၊ ကံကြမ္မာသတ်မှတ်ချက်ကို ဖျက်ဆီးသူကို သတ်ဖြတ်ရန်

Vol. 66 Ch. 863

ဘိုးဘေးနတ်ဘုရား၏ အမိန့်၊ ကံကြမ္မာသတ်မှတ်ချက်ကို ဖျက်ဆီးသူကို သတ်ဖြတ်ရန်

Vol. 66 Ch. 863

အခြားတစ်ဖက်တွင် ၊

အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ ၊ လိုဏ်ဂူအတွင်း။

ထိုနည်းတူစွာပင် အမတအလင်းများဖြင့် လွှမ်းခြုံထားသော ပုံရိပ်တစ်ခုသည် ကြေးနီရောင် ပလ္လင်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ရှိနေသည်။

သူမ၏ မျက်နှာကို အတိအကျ မမြင်ရသော်လည်း သွယ်လျလှပသော ပုံသဏ္ဌာန်အရ သူမသည် အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်မည်မှာ သိသာပေသည်။

သူမသည် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့၏ အရှင်သခင် တောက်ခွင်း အမတဧကရာဇ်မင်း၏ သမီး တောက်လျန်ရှန်းပင် ဖြစ်သည်။

သူမသည် ‘ ကနဦးလင်းလုံနှလုံးသား’ နှင့် ‘ထိုက်ယီအမတအရိုး’ တို့ကို ပိုင်ဆိုင်ထားသည့် အပြင် ၊ အမတဧကရာဇ်မင်း၏ အသွေးတို့ကို ဆက်ခံထားသူ ဖြစ်သောကြောင့် သူမ၏ ခွန်အားသည် အမတနယ်မြေတစ်ခုလုံးတွင် ထိပ်တန်းအဆင့်၌ ရှိသည်။

တောက်လျန်ရှန်းသည် တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ မှိတ်ထားသော သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။ စကြဝဠာအလား နက်ရှိုင်းသော သူမ၏ မျက်ဝန်းတစ်စုံတွင် နတ်အလင်းများ လှုပ်ခတ်သွားဟန်ရှိသည်။

“အမ် … စူးချန်ကဲ က ကောင်းကင်အမတ နယ်ပယ်အဆင့်ကို တတ်လှမ်းသွားတာနဲ့ နောက်လူတွေကလည်း ဒီလောက်မြန်မြန် အဆင့် တက်ဖို့ ကြိုးစားနေကြပြီလား”

တောက်လျန်ရှန်းသည် သူမ၏ နတ်အသိစိတ်ကို အရပ်မျက်နှာအနှံ့သို့ ဖြန့်ကျက်လိုက်ရာ ၊ သူမသည် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန် ရသည်။

“ထျန်းဟောက်ရှန်း၊ အဲ့ဒီကောင်ပဲ...”

ထျန်းဟောက်ရှန်း အကြောင်းကို ပြောသည့်အခါတိုင်း တောက်လျန်ရှန်း၏ လေသံတွင် စိတ်အနှောက်အယှက်ဖြစ်သည့် အရိပ်အယောင်များ ပါဝင်နေတတ်သည်။

သူမ၏ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ သည် အမတသခင်တရားစီရင်ရေးရုံးတော်နှင့် ရင်းနှီးသည့်အပြင် ၊ သူမ၏ဖခင်မှာလည်း လက်ရှိ ခေါင်းဆောင် ဖြစ်သောကြောင့် သူမကို ထျန်းဟောက်ရှန်းနှင့် ငယ်ကတည်းက လက်ထပ်ရန် စေ့စပ်ပေးထားခဲ့သည်။

တစ်ဖက်လူမှာ ရုပ်ရည်ချောမောပြီး ပါရမီရှိသူ ဖြစ်သော်လည်း၊ တောက်လျန်ရှန်းသည် မွေးကတည်းက အေးစက်စက် အမူအကျင့် ရှိသည့်အပြင် ကျင့်ကြံခြင်းမှလွဲ၍ အချစ်ရေးကို စိတ်မဝင်စားပေ။

ဖခင်ဖြစ်သူကိုယ်တိုင် ဤမင်္ဂလာပွဲကို စီစဉ်ပေးခဲ့သည့်အတွက် သူမအနေဖြင့် မကျေမနပ်ဖြစ်မိသလို ၊ သူမ၏ စေ့စပ်ထားသူကိုလည်း မနှစ်သက်ချေ။

သူမ၏ အတွေးများ တည်ငြိမ်သွားချိန်တွင်၊ တောက်လျန်ရှန်းသည် ထပ်မံ ရေရွတ်လိုက်သည် ။

“နောက်တစ်ယောက်ရဲ့ အရှိန်အဝါကိုတော့ အတိအကျ မသိရဘူး... ဒါပေမဲ့ ယောင်ကွမ်အမတဂိုဏ်းနဲ့ ဆက်စပ်နေပုံပဲ...”

“ယောင်ကွမ်နတ်ဘုရားမ ဖြစ်နေမလား…”

ထိုသို့စဉ်းစားမိရင်း တောက်လျန်ရှန်းသည် ခေါင်းခါလိုက်သည်။

ယောင်ကွမ်နတ်ဘုရားမထက် သူမ ပို၍ စိတ်ဝင်စားသည်မှာ စူးချန်ကဲပင် ဖြစ်သည်။ အမှန်အားဖြင့် သူမကို ဆွဲဆောင်နိုင်ခဲ့သည်မှာ စူးချန်ကဲ၏ ကြီးကျယ်သော နောက်ခံ သို့မဟုတ် ချောမောသော ရုပ်ရည် မဟုတ်ပေ။

သူမသည် ဤကာလအတွင်း အမတနယ်မြေ တစ်ခွင် လှည့်လည်သွားလာနေခဲ့ပြီး၊ စူးချန်ကဲနှင့် ပတ်သက်သော သတင်းများစွာကို ကြားခဲ့ရသည်။ အထူးသဖြင့် ‘နတ်ဘုရားလက်နက် အမတမျှော်စင်’ ခရီးစဉ်အကြောင်းကို သူမ ကောင်းကောင်း သိထားသည်။

တစ်ဖက်လူနှင့် လူကိုယ်တိုင် မတွေ့ဖူးသော်လည်း ၊ သူ၏ လုပ်ဆောင်ချက်များအရ စူးချန်ကဲ၏ ခွန်အားကို မှန်းဆနိုင်သည်။

တောက်လျန်ရှန်းမှာ အမျိုးသမီးဖြစ်သော်လည်း၊ သူမ၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်မြင့်မားသည်။ ထို့ကြောင့် သူမနှင့် ယှဉ်ပြိုင်နိုင်မည့် ပြိုင်ဘက်ကောင်း တစ်ယောက်ရှိဖို့ မျှော်လင့်ရုံသာ ဖြစ်သည်။

စူးချန်ကဲသည် သူမအတွက် အရည်အချင်းပြည့်မီသော ပြိုင်ဘက်ဟု ဆိုရမည်။

“ကြားတာတော့ ဟွမ်ကျိအမတနယ်မြေမှာ ‘ရှေးဦိးလျို့ဝှက်နယ်မြေ’ တစ်ခု ပေါ်လာတယ်ဆိုပဲ...”

“အခု စူးချန်ကဲက စူးမိသားစုဆီ ပြန်ရောက်နေပြီဆိုတော့၊ သူ အဲ့ဒီ လျှို့ဝှက်နယ်မြေကို သွားမှာ သေချာတယ်...”

တောက်လျန်ရှန်း၏ နှုတ်ခမ်းထောင့်တွင် လှပသော အပြုံးတစ်ခု လှစ်ဟသွားသည်။

“ကြည့်ရတာ ရှေးဦးလျှို့ဝှက်နယ်မြေကို သွားပြီးတော့ စူးချန်ကဲနဲ့ တွေ့ကြည့်ရမယ်”

သို့သော် ထိုသို့မလုပ်မီ သူမလည်း ကောင်းကင်အမတ နယ်ပယ်အဆင့်သို့ အရင်ရောက်ရန် လိုအပ်သည်။

ထိုသို့တွေးကာ ၊ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအားများကို လှုံ့ဆော်လိုက်ပြီး အတားအဆီးများကို စတင် ချိုးဖျက်လေတော့၏။

…….

ဤကဲ့သို့ အင်အားစုကြီးများ၏ လှုပ်ရှားမှုများအပြင်၊

အဝေးတစ်နေရာရှိ ကောင်းကင်မိစ္ဆာအမတ နယ်မြေတွင်လည်း မငြိမ်မသက် ဖြစ်နေသည်။

ရွှေကျီးကန်းနတ်ဘုရားအင်ပါယာ ။

မီးတောင်တစ်ခုပေါ်တွင် ထိုင်နေသော ကျီချောင်ကဲသည် သူ့မျက်လုံးများကို ဖွင့်ကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

“ဒီလောက်တောင် များပြားတဲ့လူတွေ ကောင်းကင်အမတ နယ်ပယ်အဆင့်ကို တက်နေကြပြီလား”

“ဟားးး... ကောင်းတာပေါ့၊ ငါ တည်ဆောက်ထားတဲ့ အမတလမ်းစဉ် အခြေခံအုတ်မြစ်ကလည်း လုံလောက်နေပြီဆိုတော့ ကောင်းကင်အမတ အဆင့်ကို တက်ဖို့ အချိန်တန်ပြီ”

“စူးချန်ကဲ၊ မင်းလည်း ရှေးဦိးလျို့ဝှက်နယ်မြေကို သေချာပေါက် လာမယ်မလား”

ကျွီ ——

မဟာလမ်းစဉ်၏ အလင်းတန်းများ စုစည်းသွားကာ ပူပြင်းတောက်လောင်နေသော ဧရာမ ရွှေကျီးကန်းတစ်ကောင်အဖြစ် ပေါင်းစည်းသွားကြသည်။

ကြီးမားသော အတောင်ပံများကို ဖြန့်လိုက်သည်နှင့် ၊ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံများသည်် ပင်လယ်ကိုပင် ခမ်းခြောက်သွားစေနိုင်သော အပူချိန်နှင့်အတူ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။

ရွှေကျီးကန်းပုံရိပ်၏ ထိန်းချုပ်မှုအောက်တွင် ပူပြင်းသော မီးလျှံအမတစွမ်းအားများမှာ ကျီချောင်ကဲ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာကြပြီး ၊ သူ၏ ကျင့်ကြံမှုမှာလည်း တစ်ဟုန်ထိုး မြင့်တက်လာလေသည်။

ယခုအခါ ရွှေကျီးကန်းနတ်ဘုရားမင်းဆက် ကဲ့သို့သော အင်အားစုကြီးများသည် ရှေးဦး လျို့ဝှက်နယ်မြေနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရရှိထားပြီး ဖြစ်သည်။

ဤလျှို့ဝှက်နယ်မြေသည် အလွန်နက်နဲသော လျှို့ဝှက်ချက်များနှင့် ဆက်နွှယ်နေပြီး၊ ကနဦး အမတ ဧကရာဇ်မင်း ၁၃ ပါး နှင့်ပင် ဆက်စပ်လျက် ရှိသည်။

ယင်း၌ ပါဝင်သော အခွင့်အလမ်းများသည် နတ်ဘုရားလက်နက် အမတမျှော်စင်ထက် များစွာ သာလွန်ပြီး၊ ထိပ်တန်း ပါရမီရှင်များစွာ လာရောက်ကြမည်မှာ သေချာသည်။

အမတသခင် တရားစီရင်ရေးရုံးတော်နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့မှ ထိပ်တန်းဆက်ခံသူများပင် လာကြမည်ဟု သူ ခန့်မှန်းထားသည်။

ထိုသူများကို ခြေဖဝါးအောက်တွင် နင်းခြေနိုင်ရန် ကြီးမားသော ခွန်အားကို စုဆောင်းထားရန် လိုပေသည်။

“စူးချန်ကဲ၊ နောက်တစ်ခါ ပြန်တွေ့တဲ့အခါ မင်းကို အနိုင်ယူဖို့ ငါ့မှာ ၉၀ ရာခိုင်နှုန်း သေချာမှု ရှိမလားဆိုတာ ကြည့်ကြသေးတာပေါ့”

တစ်ချိန်တည်းမှာပင်၊

စူးချန်ကဲသည် ရှန်းယွမ် ရှေးဟောင်းမျှော်စင်သို့ သွားရောက်ကာ မိသားစုပညာရပ်များကို လေ့လာနေစဉ် အတောအတွင်း ၊ အမတနယ်မြေတစ်ခုလုံးမှာ ဆူညံပွက်လောရိုက်နေလေ၏။

စူးချန်ကဲ ကောင်းကင်အမတ နယ်ပယ်အဆင့်သို့ တက်လှမ်းစဉ်က ပြသခဲ့သော ဖြစ်ရပ်သည် ကြီးကျယ်လွန်းသဖြင့် လူတိုင်း သိရှိသွားကြသည်။ ထို့အပြင် မဟာလမ်းစဉ် အဆင့်သတ်မှတ်ချက် စာရင်း၏ ကြေညာချက်သည် ပါရမီရှင်များစွာ၏ အနိုင်လိုစိတ်ကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။

ထိပ်တန်းပါရမီရှင်တိုင်း ကောင်းကင်အမတနယ်ပယ်သို့ အသီးသီး ချိုးဖျက်ဝင်ရောက်ခဲ့ကြပြီး၊ ကောင်းကင်အမတ နယ်ပယ်အဆင့်သို့ ရောက်ရှိရန် အနည်းငယ်သာ လိုတော့သော ပါရမီရှင်များမှာလည်း အပူတပြင်း ကျင့်ကြံလာကြသည်။

အချိန်တိုအတွင်းမှာပင် အမတနယ်မြေအနှံ့ မိုးကြိုးသံများဖြင့် ပဲ့တင်ထပ်နေပြီး ၊ မိုးကြိုးတိမ်တိုက်များမှာ နေနှင့် လကိုပင် ဖုံးကွယ်ထားလေ၏။

စစ်မှန်အမတ အဆင့်ရှိ ပါရမီရှင်များသည် ကောင်းကင်အမတအဆင့်သို့ တစ်ယောက်ပြီးတစ်ယောက် ချိုးဖျက်ဝင်ရောက်လာကြသည်။

မဟာလမ်းစဉ်၏ ဒုတိယအဆင့် စတင်သည်နှင့် ပြိုင်ဆိုင်မှုများ ပို၍ ပြင်းထန်လာလေ၏။အကယ်၍ ကျင့်ကြံဆင့်သည် အနောက်တွင် ကျန်ခဲ့ပါက အချိန်မရွေး ဖယ်ထုတ်ခံရနိုင်သည်။

ဤအခိုက်အတန့်တွင် အမတနယ်မြေတစ်ခုလုံး ပြင်းထန်သော ကျင့်ကြံမှု ပြိုင်ပွဲကြီးတစ်ခု ကျင်းပနေသကဲ့သို့ပင်။

……

ထျန်းဟိုင်ဓားဂိုဏ်း။

ယခုအခါ ဓားသမားတစ်ယောက်မှာ မိုးခြိမ်းသံများဖြင့် ဆူညံနေသော အမတနယ်မြေကို ကြည့်ရင်း သူ့ကိုယ်သူ သံသယဝင်နေသည်။နောက်ဆုံးတွင် သူသည် သည်းမခံနိုင်တော့ဘဲ လက်ထဲမှ ဓားကို မြေကြီးပေါ်သို့ ဒေါသတကြီး ပစ်ချလိုက်သည်။

“စူးချန်ကဲ၊ မင်းကို ငါ တောင်းပန်ပါတယ်…လူလိုသူလို နေစမ်းပါကွာ”

“ လူတိုင်းက မင်းလို ဖြစ်နိုင်တယ်လို့ ထင်နေတာလား”

“ငါ့ရဲ့ ကျင့်ကြံမှုက အခုမှ စစ်မှန်အမတ အဆင့် (၈) ပဲ ရှိသေးတာ…ဂိုဏ်းက အဲ့ဒီ အဖိုးကြီးတွေက ငါ့ကို ခုနစ်ရက်အတွင်း ကောင်းကင်အမတ နယ်ပယ်အဆင့်ကို တက်ခိုင်းနေတယ်…အဲ့ဒီအစား ငါ့ကို သတ်လိုက်တာကမှ ပိုမြန်ဦးမယ်”

ဝူကျိအောက်ထျန်းခမျာ စိတ်ညစ်နေလေ၏။

သူ့ဟာသူ လူ့ဘီလူးဖြစ်တယ်ဆိုလည်း အသာလေးနေပေါ့….ဘာလို့ တစ်လောကလုံးကိုပါ လိုက်ပြီး အပူတပြင်း ပြိုင်ခိုင်းနေရတာလဲ!?

အကယ်၍သာ သူသည် ဤလောကကြီး၏ ကံကြမ္မာရှင် အဓိကဇာတ်လိုက် ဖြစ်ခဲ့ပါက ၊ သူသည် တစ်လောကလုံးကို ကုံကျင့်စဉ်ကိုသာ

သင်ပေးမိမည်မှာ သေချာသည်။

နေ့တိုင်း ဒီလိုတွေ ပြိုင်ဆိုင်နေရတာ မပင်ပန်းဘူးလား….အေးအေးဆေးဆေး နေရတာက ပိုမကောင်းဘူးလား!?

အမတနယ်မြေတစ်ခုလုံး ဆူညံနေသော်လည်း ကောင်းကင်လမ်းစဉ် တည်ရှိရာ ကမ္ဘာတွင် အခြေအနေက အနည်းငယ် စိုးရိမ်စရာ ကောင်းနေသည်။

ကောင်းကင်လမ်းစဉ် အုပ်ချုပ်သူအချို့မှာ မျက်နှာပျက်လျက် စုဝေးနေကြပြီး ၊ ကောင်းကင်ယံရှိ မှန်ချပ်ကြီးကိုသာ စိုက်ကြည့်နေကြ၏။သူတို့သည် အမတနယ်မြေ၏ ကျင့်ကြံမှု ပြိုင်ပွဲကြီးကို ကြောက်လန့်နေခြင်း မဟုတ်ပေ။

အမှန်တွင် သူတို့၏ ဘိုးဘေးနတ်ဘုရား ထံမှ သတင်းစကားတစ်ခု ရောက်ရှိလာခြင်းကြောင့်သာ ဖြစ်သည်။

ထိုသတင်းစကားမှာ စာတစ်ကြောင်းတည်းသာ ဖြစ်သည် ။

“ မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရပါစေ ၊ ကံကြမ္မာရဲ့ သတ်မှတ်ချက်ကို နှောင့်ယှက်နေတဲ့ ပုံမှန်မဟုတ်တဲ့ ဖြစ်တည်မှုတိုင်းကို အကုန်သစ်ပစ်!”

All Chapters