အက်ကြောင်း ...
Vol. 19 Ch. 256
သိတယ်။ မသိဘူး။
ဤစကားစုနှစ်စုတွင် လုံးဝမတူကွဲပြားသော အဓိပ္ပာယ်များရှိသည်။ သူတို့သည် အစွန်းနှစ်ဖက်သဖွယ်၊ ကောင်းကင်နှင့်မြေပြင်သဖွယ်ပင် ဖြစ်ပြီး ထိုအချိန်အခိုက်အတန့်လေးတွင် သူ့အတွေးများ အေးခဲသွားခဲ့ရသည်ဟု စုမင်ခံစားလိုက်ရသည်။ သူ ဤအရာအတွက် ပြင်ဆင်ထားသော်လည်း ယခုတော့ သူ့အစ်ကိုနှစ်၏ စကားများနှင့် အကြံဉာဏ်တို့အား သူ့နားထဲတွင် ပြန်လည်ကြားယောင်နေမိချေသည်။
“မသိပါဘူးလို့ ... မင်းတို့ပြောရမယ်”
ဤသည်မှာ အစ်ကိုနှစ်က လေးလေးနက်နက် ပြောကြားခဲ့ခြင်းဖြစ်သည်။
စုမင် ငြိမ်သက်နေမိသည်။ မတူကွဲပြားသော အဖြေနှစ်မျိုးသည် သူ့အရှေ့တွင်ရှိနေသည့် မတူကွဲပြားသော တံခါးနှစ်ချပ်လိုပင်။ ထိုတံခါးများနောက်ကွယ်တွင် မည်သို့သောအရာမျိုးရှိနေသည်ကို သူမသိခဲ့သလို မည်သည့်တံခါးကို ရွေးချယ်ရမည်မှန်းလည်း သူမသိပေ။
ထျန်းရှဲ့ကျီသည် စုမင်ထံမှအဖြေရရန် ဖိအားမပေးခဲ့ပေ။ သူသည် အေးအေးဆေးဆေးပင် စုမင်ကိုစိုက်ကြည့်ပြီး အဖြေအား စောင့်ဆိုင်းနေခဲ့သည်။
အစ်ကိုနှစ်၏ အကြံပေးမှုကို သူနားထောင်သင့်သည်ဟု စုမင်ခံစားမိနေ၏။ အဆုံးတွင်မတော့ သူမှားယွင်းသောအဖြေကို ပေးခဲ့မိသည်ဟု ပြန်ပြောပြခဲ့ချိန်တွင် ဖြစ်ပေါ်နေခဲ့သော အစ်ကိုနှစ်၏ မျက်နှာထက်မှ လေးနက်သောအမူအရာအား အစ်ကိုနှစ်ထံ၌ တွေ့နိုင်ခဲပေသည်။
သို့သော် ...
စုမင်မျက်လုံးများက တောက်ပသွားပြီး သူ့ကိုစောင့်ဆိုင်းနေသော ခရမ်းရောင်ဝတ်ရုံနှင့် ထျန်းရှဲ့ကျီအား မော့ကြည့်လိုက်ကာ ဖြည်းဖြည်းချင်း ပြောဆိုလိုက်သည်။ “ပညာရပ်တွေရဲ့တိုက်ပွဲကို ကျွန်တော်တွေ့ချင်ပါတယ်၊ ဆရာ”
ဤသည်က စုမင်အဖြေဖြစ်သည်။ သူသိလား၊ မသိလားဟူသည့် မေးခွန်းကို ပတ်ရှောင်သွားပြီး သူ့ကိုယ်ပိုင်အတွေးများကို ထုတ်ဖော်လိုက်ခြင်းဖြင့် မေးခွန်း၏ကန့်သတ်ချက်အပြင်သို့ လှမ်းထွက်လိုက်ခြင်းပင်ဖြစ်သည်။ သိသည်၊ မသိဘူးဟု ဖြေလိုက်လျှင် ဆက်ဖြစ်လာမည့်အရာများနှင့် ပတ်သက်ပြီး သူစိတ်ရှုပ်ခံမနေတော့ပေ။ ထိုအစား သူ့အား အစ်ကိုနှစ်ပြောခဲ့သော စကားများနှင့် လုံးဝမတူညီသော စကားများကိုသာ သူပြောဆိုခဲ့သည်။
ထိုစကားများကို ကြားလိုက်ရသည်နှင့် ထျန်းရှဲ့ကျီ၏ မျက်လုံးများထဲတွင် စူးရှတောက်ပသောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအကြည့်သည် လိုဏ်ဂူတစ်ခုလုံးကိုပင် ရုတ်ခြည်းတောက်ပသွားစေသဖြင့် စုမင်အနေဖြင့် ထိုအကြည့်ကိုရင်မဆိုင်နိုင် ဖြစ်သွားစေသည်။ စုမင်မျက်လုံးများက စူးရှနာကျင်သွားရပြီး နောက်သို့ခြေလှမ်းအနည်းငယ်ခန့် အလိုလိုဆုတ်လိုက်မိချေသည်။
“ကြည့်ရတာတော့ ... ငါ့ရဲ့ စတုတ္ထတပည့်လေးက တော်တော်ရည်မှန်းချက်ကြီးတာပဲ”
ထျန်းရှဲ့ကျီအသံသည် ခြောက်ကပ်အက်ကွဲနေပြီး ကြောက်ရွံ့ဖွယ်အရိပ်အယောင်တစ်မျိုး ပါဝင်နေသည်။ သူ့အသံသည် လိုဏ်ဂူအတွင်း ပဲ့တင်ထပ်နေပြီး ထိုအထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်တစ်မျိုး ရှိနေသည်အား ခံစားမိနိုင်ပေသည်။
“မင်းရဲ့ အကြီးဆုံးအစ်ကိုကြီးက ‘မသိဘူး’ လို့ဖြေခဲ့တယ်။ မင်းအစ်ကိုနှစ်ကတော့ ‘သိတယ်’ ဆိုပြီးဖြေတယ်။ မင်းအစ်ကိုသုံးကတော့ အိပ်ချင်ယောင်ဆောင်နေပြီး ငါ့ကိုဘာအဖြေမှ ပြန်မပေးခဲ့ဘူး”
“မင်းတစ်ယောက်တည်းပဲ ငါမေးတဲ့မေးခွန်းကိုမဖြေပဲနဲ့ တခြားအဖြေတစ်ခုပြန်ပေးခဲ့တာ ... မင်းရဲ့ ဆန္ဒကိုဖြည့်ပေးပြီး ပညာရပ်တွေရဲ့တိုက်ပွဲက ဘာလဲဆိုတာ မင်းကိုမြင်အောင်ပြပေးရမှာပေါ့”
ထျန်းရှဲ့ကျီသည် လက်ကိုဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်မြူခိုးအလွှာတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် စုမင်ထံတိုးဝင်သွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် စုမင်ကိုဖုံးအုပ်သွားခဲ့ကြသည်။ ထို့နောက် မြူခိုးများသည် စုမင်၏ ခန္ဓာကိုယ်နှင့် ဝတ်ရုံများအတွင်း တိုးဝင်သွားကြပြီး သူ့အဝတ်အစားများကို ခရမ်းရောင်ပြောင်းသွားစေသလို တစ်ချိန်တည်းမှာပင် သူ့ဆံပင်များအားလုံးသည်လည်း ခရမ်းရောင်ပြောင်းသွားကြ၏။
ထိုအချိန်တွင်တော့ လိုဏ်ဂူအတွင်းရှိ ဆရာနှင့်တပည့်တို့သည် ခရမ်းရောင်ကိုသာ လုံးဝအပြည့်အစုံ ဝတ်စားဆင်ယင်ပြီး ဖြစ်သွားချေပြီ။
ထိုခရမ်းရောင်သည် သွေးဆာရက်စက်သော ခံစားချက်တစ်မျိုးကို ထုတ်လွှတ်လျက်ရှိသည်။ ထိုခံစားချက်သည် စုမင်နှလုံးခုန်နှုန်းကို လျင်မြန်လာစေပြီး ဖိနှိပ်ရန်ခက်ခဲသော သတ်ဖြတ်လိုသည့်စိတ်ဆန္ဒတစ်ခုအား သူ့ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်ပေါ်လာစေခဲ့သည်။
စုမင်ထံတွင် အစတည်းကပင် သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်မျိုး ရှိနေခဲ့ပြီးဖြစ်သည်။ ထိုအငွေ့အသက်သည် သူ၏သွေးလွှမ်းလ မာန်အမှတ်အသားထံမှ ဖြစ်သည်။ ခရမ်းရောင်၏ အကျိုးသက်ရောက်မှုအောက်တွင်တော့ ထိုသတ်ဖြတ်လိုသောအငွေ့အသက်သည် ပိုမိုပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာပြီး လိုဏ်ဂူတစ်ခုလုံးကို ပြည့်နှက်သွားစေခဲ့သည်။
ထျန်းရှဲ့ကျီ၏ မျက်လုံးများထဲတွင် အံ့အားသင့်သောအမူအရာမျိုး ဖြစ်ပေါ်လာခဲ့ပြီးနောက် ခြောက်ကပ်ကပ်ရယ်မောရင်း ညာလက်ဖြင့် စုမင်ကို လှမ်းဆွဲလိုက်သည်။ စုမင်သည် ချက်ချင်းဆိုသလို ဆွဲခေါ်ခံလိုက်ရပြီး လိုဏ်ဂူအတွင်းမှ ပျောက်ကွယ်သွားလေသည်။
သူတို့ထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အငွေ့အသက်များသည် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသော်ငြား လိုဏ်ဂူအပြင်တွင် ထိုင်နေသော ကျီချဲကမူ မည်သည့်အရာကိုမှ သတိမပြုမိလိုက်ပေ။ အမှန်တကယ်တွင် ဟူကျီနှင့် စုမင်၏ အစ်ကိုနှစ်တို့သည်ပင် မည်သည့်အရာကိုမှ သတိမပြုမိလိုက်ခြင်းဖြစ်သည်။
ရေခဲမြစ်အောက်တွင် သီးခြားခွဲနေကာ လေ့ကျင့်နေသော စုမင်၏အကြီးဆုံးအစ်ကိုကြီးသည်သာ မျက်လုံးများကို အနည်းငယ် ဖွင့်ကြည့်လိုက်သော်ငြား သူသည်လည်း မကြာခင်မှာပင် မျက်လုံးပြန်မှိတ်သွားလေသည်။
တောင်ပိုင်းအရုဏ်ဦး ကုန်းမြေ၏ အထက်ကောင်းကင်လေထုသည် တွန့်လိမ်ပုံပျက်သွားပြီး ထိုအတွင်းမှ ထျန်းရှဲ့ကျီနှင့် စုမင်တို့ပေါ်လာကြသည်။ စုမင်၏ ညာဘက်လက်ကောက်ဝတ်သည် ထျန်းရှဲ့ကျီလက်ထဲတွင်ဖြစ်ပြီး အားရပါးရ ဆွဲခေါ်ခံခဲ့ရခြင်းဖြစ်သည်။
စုမင်၏ခန္ဓာကိုယ်တစ်ခုလုံးတွင် နာကျင်နေပြီး သူ့မျက်နှာသည်ပင် ဖြူရော်နေသည်။ ပေါ်လာချိန်တွင် ချက်ချင်းခေါင်းလှည့်ကြည့်လိုက်မိရာ သူ့အနောက်ဘက်တွင် မည်သည့်အရာမှရှိမနေကြောင်း တွေ့လိုက်ရ၏။ ဤနယ်မြေသည် အဆုံးမရှိပုံပေါ်သည်။ ယခုက ညအချိန်ဖြစ်နိုင်သော်လည်း ဤနယ်မြေအား အစိမ်းရောင်မြက်ပင်များဖုံးအုပ်နေကြောင်းကိုတော့ စုမင်မြင်နိုင်နေဆဲပင်ဖြစ်သည်။ ဤနေရာသည် ... အေးခဲကောင်းကင်ကလန် မဟုတ်တော့ပေ။
စုမင်မျက်လုံးများက ထိတ်လန့်တုန်လှုပ်စွာ ပြူးကျယ်သွားခဲ့ရသည်။
“တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်က ကောင်းရင်ကောင်းလိမ့်မယ်။ ဒါပေမဲ့ မာန်စွမ်းအားရှင်မျိုးနွယ်စုထဲမှာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တွေ မရှိသေးခင်က အစွမ်းထက်မာန်စွမ်းအားရှင်တွေ ဘယ်လိုမျိုး တိတိကျကျ ရွှေ့ပြောင်းသွားလာခဲ့တာလဲ ... တခြား နယ်မြေတွေက လူတွေကို လေးစားအားကျကြတဲ့သူတွေက တိုင်းတစ်ပါးကပညာရပ်တွေကို လေ့လာကြတယ်၊ သင်ယူကြတယ်၊ အတုခိုးကြတယ်”
“အဲဒါက သူတို့ရဲ့အရင်းအမြစ်ကို စွန့်ပစ်ပြီး သူတို့အတွက်အရေးမပါတဲ့ အရာပေါ်မှာ သွားပြီးအာရုံစိုက်မိတဲ့ ပညာရပ်တစ်ခုပဲ”
ထျန်းရှဲ့ကျီက အေးစက်စက်ထေ့ငေါ့ဟန်တစ်ခု ပြုလုပ်လိုက်သည်။
“မာန်စွမ်းအားရှင်တစ်ယောက်က မာန်ဝိညာဉ်နယ်ပယ်ရဲ့ အထွတ်အထိပ်ကိုရောက်သွားရင်၊ သူတို့သွားချင်တဲ့နေရာကို ခြေလှမ်းတစ်လှမ်းတည်းနဲ့ တည်နေရာရွှေ့ပြောင်းလို့ရတယ်။ သူက တစ်ကမ္ဘာလုံးကိုတောင် ခရီးထွက်လို့ရတယ်။ သူတို့ခန္ဓာကိုယ် မပျက်စီးသေးသရွေ့၊ သူတို့က သေမှာမဟုတ်ဘူး”
စုမင် တုန်လှုပ်သွားမိသည်။ သူသည် ထျန်းရှဲ့ကျီကို ကြည့်လိုက်မိပြီး အချိန်အတော်ကြာသည်အထိ ဘာစကားမှပြန်မပြောနိုင်ခဲ့ပေ။
“ငါ အဲဒါကို မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ ဖန်တီးမှုပညာရပ်တွေကြောင့် အကွာအဝေးက အရမ်းကြီးမဝေးသရွေ့ ငါ အရင်က သွားခဲ့ဖူးတဲ့နေရာတိုင်းကို အရာဝတ္ထုတစ်ခု သယ်ပြီးတော့ သွားနိုင်တယ်”
“ဒါပေမဲ့ အဲဒီပညာရပ်ကိုသုံးဖို့ ငါက ခရမ်းရောင်ဝတ်ထားရမှာ”
ထျန်းရှဲ့ကျီက ခြောက်ကပ်ကပ်ပြောရင်း စုမင် လက်ကောက်ဝတ်ပေါ်မှ သူ၏ချုပ်ကိုင်ထားမှုကို လွှတ်ပေးလိုက်သည်။ ထို့နောက် သူ့မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး နယ်မြေဆီသို့ လှမ်းကြည့်လိုက်သည်။
“ညီငယ်၇၊ ပညာရပ်တွေသုံးပြီး ဘယ်လိုတိုက်ရမလဲဆိုတာ မင်းသိလား”
ထျန်းရှဲ့ကျီ၏ ရုတ်တရက်ဆန်သော စကားလုံးများကြောင့် ထျန်းရှဲ့ကျီကြည့်နေသော နေရာသို့ စုမင်ငုံ့ကြည့်လိုက်မိသည်။
ထိုနေရာသည် မြင်ခင်းလွင်ပြင်ကြီးတစ်ခုဖြစ်ပြီး ထိုအခိုက်အတန့်တွင် လေဖြတ်တိုက်သွားသဖြင့် မြက်ပင်များထံမှ တရှဲရှဲအသံများထွက်ပေါ်လာခဲ့သည်။ အဆိုပါအသံမှအပ ကျန်အရာများအားလုံး တိတ်ဆိတ်သွားသည်။
အချိန်အတော်ကြာပြီးနောက်တွင် ကုန်းမြေ၏ အနက်ပိုင်းထဲမှနေ၍ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။
“မင်းက စောစောစီးစီးရောက်လာတာပဲ ... အစ်ကို၄”
သက်ပြင်းချသံ ထွက်ပေါ်လာသည့်အခိုက်အတန့်မှာပင် လွင်ပြင်ထဲရှိ မြက်ပင်များက ခြောက်သွေ့သွားပြီး ဖုန်မှုန့်များအဖြစ် လေထဲသို့လွင့်မျောသွားသည်ကို စုမင်တွေ့လိုက်ရသည်။ မြေပြင်ကတုန်ခါသွားပြီး မြည်ဟည်းသံတစ်ချက်နှင့်အတူ ကုန်းမြေသည် မမြင်ရသော လက်ကြီးနှစ်ဖက်ဖြင့် ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ မြေပြင်ထက်တွင် ဧရာမအက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအက်ကြောင်းသည် နက်ရှိုင်းလွန်းသဖြင့် အဆုံးကိုတောင် မမြင်နိုင်ပေ။ ၎င်းအတွင်းတွင် မည်းမှောင်နေသော်လည်း အက်ကြောင်းအတွင်း၌ စူးရှတောက်ပသောအကြည့်တစ်ခု
ဖြစ်ပေါ်လာပြီး ထိုအရာက ကောင်းကင်သို့လှမ်းကြည့်လိုက်သည်။ ထိုအကြည့်သည် ထျန်းရှဲ့ကျီနှင့် စုမင်အပေါ်သို့ ကျရောက်လာခဲ့သည်။
သူ့အပေါ်သို့ အကြည့်ကျရောက်လာချိန်တွင် စုမင်ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းအေးခဲသွားသည်။ သို့သော် မကြာမီမှာပင် သူ့ညာဘက်မျက်လုံးမှ သွေးနီရောင်အလင်းတစ်ခု တောက်ပလာပြီး သူ့ခန္ဓာကိုယ်ကိုဖုံးအုပ်ထားသော ခရမ်းရောင်ဝတ်ရုံများနှင့် ရောနှောပေါင်းစပ်သွားကာ သတ်ဖြတ်လိုသောအငွေ့အသက်တစ်ခုအဖြစ် ပြောင်းလျက် ထိုအကြည့်နှင့်ရင်ဆိုင်လိုက်သည်။
“အစ်ကို၄၊ ဒါက မင်းရဲ့တပည့်အသစ်လား ...” အိုမင်းသောအသံတစ်သံသည် မြေပြင်ပေါ်ရှိအက်ကြောင်းထဲမှ ထွက်ပေါ်လာသည်။
သူ၏ သတ်ဖြတ်လိုသောအငွေ့အသက်နှင့် ထိုအကြည့်တို့ တွေ့ဆုံသွားသောအခါ စုမင်ခေါင်းထဲ၌ ပေါက်ကွဲသံတစ်ခုဖြစ်ပေါ်သွားသည်။ သူ၏ သတ်ဖြတ်လိုသောအငွေ့အသက်သည် ဖိအားကိုခံနိုင်စွမ်းမရှိပုံ ပေါ်၏။ သို့သော် ထိုအကြည့်ထဲတွင် မည်သည့်မကောင်းသောစိတ်ဆန္ဒမှ မပါဝင်ခဲ့ပေ။ ၎င်းက စုမင်ခန္ဓာကိုယ်ကို တစ်ချက်သာ စူးစမ်းကြည့်ရှုပြီး အကြည့်ပြန်လွှဲသွားသည်။ စုမင်၏ အသက်ရှူသံက လျင်မြန်သွားရပြီး မြေပြင်ဆီသို့ လက်သီးနှင့်လက်ဝါးထက်လျက် ဦးညွှတ်လိုက်သည်။
“ကျွန်တော်က စုမင်ပါ။ ဆရာဦးလေး၇ ကို နှုတ်ဆက်ပါတယ်”
ထျန်းရှဲ့ကျီက ဟွန့်ခနဲအသံပြုလိုက်ပြီး ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်ပေါ်ရှိ အက်ကြောင်း၏အပြင်ဘက်၌ ပြန်ပေါ်လာခဲ့သည်။ ထိုနေရာတွင် သူက ခြေကိုဆောင့်နင်းလိုက်လေသည်။
ပုံရိပ်ယောင်သွေးပင်လယ်ကြီးတစ်ခုက ထျန်းရှဲ့ကျီနောက်တွင် ချက်ချင်းဖြစ်ပေါ်လာသည်။ သွေးပင်လယ်အတွင်းမှ ရုပ်တု၏မျက်လုံးများထဲတွင် စူးရှတောက်ပသောအကြည့်တစ်ခု ဖြစ်ပေါ်လာပြီး ရင်ဘတ်ပေါ်တွင် ပိုက်ထားသော ၎င်း၏လက်များကို ဖြည်းဖြည်းချင်း ဖြေလျော့လိုက်သည်။
ထိုအချိန်မှာပင် မြေပြင်ပေါ်ရှိအက်ကြောင်းအတွင်းမှ အကြည့်ကပျောက်ကွယ်သွားသည်ကို စုမင်တွေ့လိုက်ရသည်။ ၎င်း၏နေရာတွင် အားနည်းကာ ထိခိုက်လွယ်သည့်ပုံပေါ်သော လူတစ်ဦးကအက်ကြောင်းအတွင်းမှ လျှောက်လှမ်းထွက်လာခဲ့သည်။ ထိုသူ၏ ခြေလှမ်းများသည် မလျင်မြန်သော်လည်း ခြေတစ်လှမ်း လှမ်းလိုက်ချိန်တိုင်းတွင် စုမင်၏မြင်ကွင်းက တွန့်လိမ်ပုံပျက်သွားခဲ့ရသည်။
အမျိုးသားသည် ခြေငါးလှမ်းလှမ်းပြီးနောက် ထျန်းရှဲ့ကျီ၏ခြေဖဝါးအောက်တည့်တည့်သို့ ရောက်လာခဲ့သည်။ ထိုသူသည် ညာလက်ကိုရုတ်တရက်မြှောက်ကာ လက်သီးဆုပ်လိုက်ပြီး ထျန်းရှဲ့ကျီ၏ ညာဘက်ခြေဖဝါးဆီသို့ ထိုးသွင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် အမျိုးသား၏နောက်၌ ဧရာမပုံရိပ်ယောင်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုပုံရိပ်ယောင်ထဲတွင် အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုများနှင့် လူငယ်များစသည့် လူပေါင်းများစွာတို့သည် မြေပြင်တွင်ဒူးထောက်လျက် ဤလူကို ကိုးကွယ်လျက်ရှိကြသည်။
“တစ္ဆေကုန်းမြေရဲ့စွမ်းအားက ငါတို့မာန်စွမ်းအားရှင်တွေ လေ့ကျင့်တဲ့ဟာမဟုတ်ဘူး။ ညီငယ်၇၊ မင်းက တခြားကမ္ဘာတွေရဲ့ ပညာရပ်တွေကို လေ့ကျင့်နေတုန်းပဲ။ အဲဒါ ဖန်တီးမှုမဟုတ်ဘူး”
ထျန်းရှဲ့ကျီ၏ အက်ကွဲခြောက်ကပ်သော အသံထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင်၊ သူ့ညာခြေထောက်သည် ထိုအားနည်းထိခိုက်လွယ်သောလူ၏ လက်သီးနှင့် ဝုန်းခနဲတိုက်မိသွားသည်။
လေထဲသို့ မြည်ဟည်းသံကြီး ပဲ့တင်ထပ်သွားကာ ကောင်းကင်ကိုပင် တုန်ခါသွားချိန်တွင် ထျန်းရှဲ့ကျီလည်း တုန်ယင်သွားပြီး ဒယီးဒယိုင်ဖြင့် အနောက်သို့ ပေ၁၀၀ခန့်
ဆုတ်လိုက်ရသည်။ သို့သော် အက်ကြောင်းအတွင်းမှ အားနည်းထိခိုက်လွယ်သူကမူ နောက်သို့ပေရာအနည်းငယ်ခန့် ဆုတ်လိုက်ပြီးမှသာ သူ့ကိုယ်သူရပ်တန့်လိုက်နိုင်သည်။
“မင်းကိုလည်း ဆရာကနှင်ထုတ်ခဲ့တာပဲ။ မင်းရှာဖွေလေ့ကျင့်တဲ့ ဖန်တီးမှုကလည်း ... မာန်စွမ်းအားရှင်မျိုးနွယ်စုရဲ့ နည်းလမ်းတွေကနေ သွေဖည်နေတာ။ မင်းက ... ငါနဲ့အတူတူပဲ”
“တူတယ်ဆိုတာ ဘာပြောတာလဲ”
ထျန်းရှဲ့ကျီက နောက်တစ်ကြိမ် ထပ်မလှုပ်ရှားသော်ငြား သူ့မျက်လုံးထဲတွင်တော့ စူးရှတောက်ပသောအလင်းတစ်မျိုးဖြင့် ပြည့်နေသည်။
“ငါက တခြားကမ္ဘာတွေက ပညာရပ်တွေကို လေ့ကျင့်ပြီးတော့ ငါ့ကိုယ်ပိုင်လမ်းကြောင်းကို ဖန်တီးဖို့အတွက် အဲဒါတွေကိုသုံးတယ်။ အဲဒါ ငါ့ရဲ့ဖန်တီးမှုပဲ။ မင်းလေ့ကျင့်တာကကြတော့ လူရိုင်းမျိုးနွယ်စုရဲ့စွမ်းရည်တွေကို ပေါင်းစပ်ပြီးဖြစ်ပေါ်လာတဲ့ဟာ။ ငါတို့ကြားမှာ ဘာကွာလို့လဲ”
“ငါတို့စိတ်၊ ငါတို့ စိတ်ဝိညာဉ်နဲ့ ငါတို့နယ်ပယ်တွေ၊ ငါတို့ရဲ့ အတွင်းအပြင် အရာအားလုံးကွာတယ်။ ငါတို့က လုံးဝမတူဘူး။ လွန်ခဲ့တဲ့၁၅နှစ် ငါခရမ်းရောင်ဝတ်ရုံဝတ်ခဲ့တုန်းက မင်းငါနဲ့ သရေကျအောင်တိုက်နိုင်ခဲ့တယ်။ ဒါပေမဲ့ အခု၁၅နှစ်ကြာပြီးတဲ့နောက် ဒီအခြေအနေမျိုးမှာ မင်းငါ့ကိုမနိုင် နိုင်တော့ဘူး”
“ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ မခွဲခြားနိုင်တဲ့အပြင်၊ ဘယ်ဟာက ဖန်တီးမှုလဲဆိုတာ မသိနိုင်မှတော့၊ ဘယ်သူက ပိုသန်မာတယ်ဆိုတာကိုပဲ ... ငါတို့ ကြည့်လိုက်ရုံပေါ့”
“မင်းက ... မှားနေတာ”
ထျန်းရှဲ့ကျီသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး စုမင်ထံလျှောက်သွားရန် နောက်လှည့်လိုက်သည်။
စုမင်၏အသက်ရှူသံများက လျင်မြန်နေခဲ့ရသည်။ ဤသည်မှာ ထျန်းရှဲ့ကျီတိုက်ခိုက်သည်ကို သူပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ အစောနက ခြေကန်ချက်တစ်ချက်တည်းမှ စွမ်းအားကပင် သူ့အား ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်မျိုးကို ပေးစွမ်းနေခဲ့သည်။ ခြေကန်ချက်အတွင်းမှ ထူးခြားဆန်းကြယ်မှုများသည် သူနားလည် သဘောပေါက်နိုင်သော အကန့်အသတ်ထက် ကျော်လွန်နေသကဲ့သို့ပင်။ သူ ထိုအရာကို မှတ်သားထားလိုသော်လည်း သူ့ခေါင်းထဲမှ ထိုခြေကန်ချက်၏ မှတ်ဉာဏ်နှင့် အားနည်းထိခိုက်လွယ်သောလူ၏ လက်သီးချက်တို့သည် တဖြည်းဖြည်း ပျောက်ကွယ်လာနေပြီး သူထိုအရာကိုမထိန်းချုပ်နိုင်ပေ။
ထျန်းရှဲ့ကျီ သူ့ဘေးသို့ရောက်လာပြီး ထိုနေရာမှ ဆွဲခေါ်လာခဲ့သော အချိန်အထိပင်၊ စုမင် မိန်းမော တွေဝေနေဆဲ ဖြစ်သည်။
ထျန်းရှဲ့ကျီနှင့် စုမင်တို့ ထွက်ခွာသွားသောအခါ လွင်ပြင်များက တစ်ဖန် ပြန်လည်ငြိမ်းချမ်းသွားသည်။ အားနည်းထိခိုက်လွယ်ပုံပေါ်သော အမျိုးသားကလည်း ခေါင်းကိုငုံ့လျက် အက်ကြောင်းထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး ၎င်း၏အနက်ပိုင်းထဲ၌ ထိုင်ချလိုက်သည်။
“အစ်ကို၄၊ မင်းထွက်သွားတုန်းက မင်းမှားနေတယ်လို့ ... ဆရာပြောခဲ့ဖူးတယ်”
အိုမင်းသောအသံသည် သက်ပြင်းချသံအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး အက်ကြောင်းကလည်း ပြန်ပိတ်သွားခဲ့သည်။ မြေပြင်သည် မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားသည်နှင့် အဆုံးမရှိသော မြက်ပင်များသည်လည်း လွင်ပြင်တစ်ခုလုံးအား ချက်ချင်းပြန်လည်ဖုံးလွှမ်းသွားပြီး
လေနှင့်အတူ ပြန်လည်ယိမ်းထိုးလာကြသည်။
တိမ်မည်းများက ကောင်းကင်တခွင်ဖုံးလွှမ်းနေပြီး မိုးခြိမ်းသံများနှင့်အတူ မိုးရွာသွန်းလျက်ရှိသည်။ ကောင်းကင်သည် တွန့်လိမ်ပုံပျက်သွားပြီး စုမင်နှင့်ထျန်းရှဲ့ကျီတို့၏ ခန္ဓာကိုယ်များက ဖြည်းညင်းစွာပြန်ပေါ်လာခဲ့သည်။
သူတို့ပေါ်လာသည့် အခိုက်အတန့်မှာပင် ကောင်းကင်တွင်လည်း လျှပ်စီးများ ပြိုးပြိုးပျက်ပျက်လင်းလက်သွားပြီး မိုးခြိမ်းသံများ မြည်ဟည်းသွားသည်။
ထျန်းရှဲ့ကျီသည် စုမင်ကိုကျောခိုင်းလိုက်ပြီး သူ့ရှေ့မှ ခြံစည်းရိုးများခတ်ထားသည့် မျိုးနွယ်စုတစ်ခုကိုကြည့်လိုက်ကာ စုမင်ကို ဖြည်းဖြည်းချင်း မေးသည်။ “မင်းအခု နားလည်သွားပြီလား”
စုမင်က ငြိမ်သက်နေသလို သူ့အမူအရာကလည်း ရှုပ်ထွေးနေခဲ့သည်။ သူ ထိုအရာကို နားလည်သဘောပေါက်သွားပုံပေါ်သော်လည်း သူ့ထံ၌ ရှုပ်ထွေးမှုများစွာ ကျန်ရှိနေဆဲပင်ဖြစ်သည်။
“သွားကြရအောင်”
ထျန်းရှဲ့ကျီက အရှေ့သို့လျှောက်သွားပြီးနောက် မြေပြင်ပေါ်သို့ဆင်းသက်လိုက်သည်။ သူ့ကိုယ်ပေါ်သို့ မိုးရေများကျဆင်းနေရင်းမှပင် မိုးရေထဲမှ တိတ်ဆိတ်ငြိမ်သက်နေသော ရွာလေးထံသို့ ဦးတည်လျှောက်သွားလေသည်။
စုမင် ထျန်းရှဲ့ကျီနောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားမိသည်။ ဤအချိန်တွင် သူ့စိတ်အတွင်းမှ မြေပြင်ပေါ်သို့ ခြေဖြင့်ဆောင့်နင်းခဲ့သော ထျန်းရှဲ့ကျီ၏ပုံရိပ်သည် အလွန်မှိန်ဖျော့နေချေပြီ။ သူ ထိုအရာကို မမှတ်သားနိုင်တော့သလို ဆက်လက်ထိန်းသိမ်းနိုင်ခြင်းလည်း မရှိတော့ပေ။
သူတို့ ရွာအနီးသို့ရောက်လာချိန်တွင် ခပ်တိုးတိုးအသံတစ်သံကို စုမင်ကြားလိုက်ရသည်။
“ခရက် ...”
“ခရက် ... ခရက် ...”
ထိုအရာသည် အရိုးများတစ်ခုနှင့်တစ်ခု အချင်းချင်းပွတ်တိုက်ရာမှ ဖြစ်ပေါ်လာသော အသံကဲ့သို့ပင်။ ထိုအသံသည် သာမန်ရွာလေးထံမှနေ၍ မိုးနှင့်မိုးခြိမ်းသံများကိုပင်ဖြတ်လျက် ထွက်ပေါ်လာနေခြင်းဖြစ်သည်။
***