ရာထူးတိုးသွားသော လူရိုးလေး
Vol. 97 Ch. 962
"မုန့်ရှို့ဝမ်လား..." မင်ကျစ်ယန်က ခါးသီးစွာပြုံးလိုက်မိလေ၏။
စီရင်စုသခင်များစွာ၏နတ်ဆိုးသုတ်သင်ရေး အရာရှိများထဲတွင် ခေါင်းဆောင်မုန့်သည် အစွမ်းအထက်ဆုံးဖြစ်သည်ကို မည်သူက မသိဘဲနေမည်နည်း။
သို့သော် နှစ်အတော်ကြာသည်အထိ သူ ရာထူးမတိုးခဲ့ခြင်းမှာ သူ၏မရှင်းမလင်းဖြစ်နေသော နောက်ခံကြောင့်သာမက သူ၏စိတ်တိုတတ်သော စရိုက်ကလည်း အဓိက အကြောင်းရင်း တစ်ခု ဖြစ်ပေသည်။
"သူ့ရဲ့နတ်ဆိုးသုတ်သင်ရေးအရာရှိ တာဝန်တွေကို ယာယီရုပ်သိမ်းလိုက်ပါ။ သူ့ရဲ့ ဒေါသကို သူ ပြန်ထိန်းနိုင်ပါစေ"
ယဲ့လန်က ဖြည်းညှင်းစွာထရပ်လိုက်ပြီး "ကျန်းယန်စီရင်စုမှာ ယဲ့ကျင်း တစ်ယောက်တည်းပဲ နတ်ဆိုးသုတ်သင်ရေးအရာရှိ ရှိသေးတာလား" ဟု မေးလိုက်သည်။
ထိုစကားကိုကြားသောအခါ မင်ကျစ်ယန်၏ ခါးသီးသောအပြုံးမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။
"မဟုတ်ပါဘူး၊မကြာသေးခင်ကမှ ရှန်းယီဆိုတဲ့ နောက်တစ်ယောက် ထပ်တိုးထားပါတယ်..."
သူက မွေးရာပါသတ်ဖြတ်ခြင်းကံကြမ္မာ ပါလာသော ဤကပ်ဘေးကြယ်ကို ထိန်းချုပ်ရန် တစ်စုံတစ်ဦးကို ရှာဖွေလိုခဲ့ခြင်းဖြစ်သော်လည်း ရက်အနည်းငယ်အကြာတွင် မုန့်ရှို့ဝမ်မှာ ရာထူးမှ တိုက်ရိုက် ဖယ်ရှားခံလိုက်ရလေ၏။
ဤရှန်းယီဆိုသော လူငယ်မှာ ကပ်ဘေးကြယ်မဟုတ်ဘဲ ဧရာမကပ်ဘေးကြယ်စင်စုကြီးများ ဖြစ်နေလေသည်လော။
"နားလည်ပါပြီ၊ကျွန်မမှာ တခြားကိစ္စတွေ ရှိသေးလို့ နောက်မှပဲထပ်လာခဲ့ပါတော့မယ်"
ယဲ့လန်က ခေါင်းကို ခပ်ဖွဖွညိတ်ပြပြီး သစ်တောအစပ်ဆီသို့ လှည့်ထွက်သွားလေသည်။
"သခင်မယဲ့... ခဏလောက် စောင့်ပါဦး၊ ဒီအဘိုးကြီးမှာစရာ တစ်ခုကျန်ပါသေးတယ်"
မင်ကျစ်ယန်က ထရပ်ကာ သူမကို လှမ်းခေါ်လိုက်ပြန်သည်။
"ဒီတစ်ခေါက် ဗောဓိဂိုဏ်းက အရှင်မထေရ်တရားဟောမယ့်သတင်းကို ကြားလို့ လာခဲ့တာလား"
"..."
ယဲ့လန်က သူမ၏ခြေလှမ်းများကို လျှော့လိုက်ပြီး တိုးညှင်းစွာသက်ပြင်းချကာ သူမ၏ရည်ရွယ်ချက်ကို အတည်ပြုပေးလိုက်လေသည်။
"ကျုပ်မှာ မိတ်ဆွေကောင်းအချို့ရှိပါတယ်၊ သူတို့ ပြောပြချက်အရ အဲဒီ အရှင်မထေရ်ကြီးက ဒီတစ်ခေါက်ဗုဒ္ဓတံဆိပ်တော်တွေကိုထုတ်ပေးပြီး ကြာပန်းပလ္လင်နည်းစနစ်ကို ဟောကြားမှာတဲ့၊ ဒါက အရမ်းရှားပါးတဲ့အဖြစ်အပျက်ပါပဲ။ မသေမျိုးခုံရုံးကတောင် လူလွှတ်ပြီးလာရောက် လေ့လာလိမ့်မယ်။ ဒီအဘိုးကြီး အကြံပေးချင်တာကတော့... နတ်ဆိုးသုတ်သင်ရေးဌာန အနေနဲ့ စောင့်ကြည့်ရုံပဲ လုပ်သင့်တယ်၊အဲဒီအထဲ အရမ်းကြီး ပါဝင်ပတ်သက်ခြင်းမပြုတာကပိုကောင်းပါလိမ့်မယ်"
မင်ကျစ်ယန်က ဝမ်းနည်းမှုအရိပ်အယောင်များဖြင့် ဆက်လက်ရပ်နေဆဲဖြစ်သည်။
သီအိုရီအရဆိုလျှင် ဂိုဏ်းကြီးတစ်ခုမှ ၎င်းတို့၏တာအိုနည်းစနစ်များကို ပြည်သူများထံ လက်ဆင့်ကမ်းလိုခြင်းမှာ ကောင်းမွန်သောကိစ္စတစ်ခု ဖြစ်သင့်ပေသည်။
သို့သော် ယင်းမှာ မည်သည့် အရာကိုပြန့်ပွားစေသနည်းဆိုသည့်အပေါ်တွင်သာ မူတည်လေသည်။
ရုပ်ပိုင်းဆိုင်ရာကပ်ဘေးဒုက္ခများကို ကျော်လွှားရန်အတွက် ကြာပန်းပလ္လင်နည်းစနစ်မှာမဆိုးလှပေ။ သို့သော် စိတ်ပိုင်းဆိုင်ရာ ကပ်ဘေးဒုက္ခများကို ကျော်လွှားရန်ဖြစ်ပါက ထိုအရာက မိုးမြေ၏ဧကရာဇ်ချီကို စုပ်ယူရန် လိုအပ်သော နည်းစနစ်မျိုးဖြစ်ပေသည်။
မင်ကျစ်ယန်၏အကဲဖြတ်ချက်အရ ဤအရာသာ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့သွားပါက ၎င်းမှာ ကောင်းမွန်သောအရာဖြစ်မည်မဟုတ်ပေ။
"သတိပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"
ယဲ့လန်က ကျေးဇူးတင်စကားဆိုကာ လွင့်မျောနေသော တိမ်တိုက်တစ်ခုကဲ့သို့ပျောက်ကွယ်သွားလေ၏။
...
ကျန်းယန်စီရင်စု တည်းခိုခန်းအတွင်း...
ရှန်းယီက သူ၏လက်ထဲရှိ ကျောက်စိမ်းပြားကို ဖတ်ရှုနေလေသည်။ ယင်းမှာ ကျင့်စဉ်တစ်ခုထက် ကျောက်စိမ်းနဂါးဘိုးဘေး တာအိုဟောပြောမှုနားထောင်ပြီးနောက် ရေးသားထားသောမှတ်စုများနှင့် ထင်မြင်ချက်များ စုစည်းမှုသာဖြစ်ပေသည်။
ရှည်လျားပြီး နားလည်ရခက်ခဲလှသဖြင့် မျက်စိညောင်းစရာပင် ကောင်းလှ၏။
အချိန်အတော်ကြာပြီးနောက် သူက သူ၏နားထင်ကို နှိပ်နယ်လိုက်ကာ မှတ်စုအားလုံးကို ဖတ်ရှုပြီးစီးသွားခဲ့သည်။
[အဆင့် ၇ - ကျောက်စိမ်းနဂါးသစ်သားအသွင်ပြောင်းလဲခြင်း - မစတင်ရသေး]
သတင်းဆိုးမှာ ယင်းက ဂိုဏ်းသုံးခု၏တရားဝင် သွန်သင်ချက်များထက်များစွာ အဆင့်နိမ့်သော ဘေးထွက်ကျင့်စဉ်တစ်ခုသာ ဖြစ်နေခြင်း ဖြစ်သည်။
ကပ်ဘေးဒုက္ခများကို ကြုံတွေ့ပြီး မိုးမြေကိုနားလည်သဘောပေါက်ရမည်ဟူသော သဘောတရားမှာ တူညီသော်လည်း ဤဘေးထွက်ကျင့်စဉ်တွင်လမ်းလွဲများစွာပါဝင်နေခြင်းက နှစ်ပေါင်းများစွာကို အလဟဿဖြုန်းတီးပစ်ပါလ်မ့်မည်။
သို့သော် သတင်းကောင်းမှာ ယင်းသည် အဆင့် ၇ ပြီးပြည့်စုံခြင်းနယ်ပယ်သို့ တိုက်ရိုက်ရောက်ရှိစေနိုင်ခြင်းဖြစ်သည်။ ဖြစ်နိုင်သည်မှာ ဤနည်းစနစ်ကို ဖန်တီးခဲ့သည့် ကျောက်စိမ်းနဂါးဘိုးဘေး ကိုယ်တိုင်ပင်လျှင် ယင်းကိုကိုယ်တိုင် ကျင့်ကြံနိုင်ခဲ့ခြင်းမရှိပေ။
ရှန်းယီတွင် လမ်းပြပေးမည့် ဆရာလည်း မရှိသလို ဉာဏ်အလင်းပွင့်မှုလည်း မရှိချေ။ ကျောက်စိမ်းနဂါးဘိုးဘေး ကိုယ်တိုင်လာရောက် သင်ကြားပေးလျှင်ပင်မှ သူ ဤထက်မကပိုနားလည်လာနိုင်မည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ စမ်းကြည့်မှသာလျှင် သိပေလိမ့်မည်။
ထို့အပြင် သူနားလည်ထားသလောက်ဆိုလျှင် လမ်းစဉ်အပေါ်လျှောက်လှမ်းခြင်းမှာ နောက်ဆုံးတွင် တာအိုအနှစ်သာရ(တာအိုသစ်သီး)ကို ရရှိရန်သာဖြစ်ရာလမ်းစဉ်အားလုံးမှာ တစ်နေရာတည်းသို့သာဦးတည်နေလေသည်။
[လက်ကျန် နတ်ဆိုးသက်တမ်း - ကပ်ဘေးဒုက္ခ ၁၈၅ ခု]
သူအသုံးပြုလိုက်သော သက်တမ်း ကပ်ဘေးဒုက္ခ ၈ ခုမှာ ယခုအခါ ဝက်ဝံနက် နတ်ဆိုးကျောက်တုံးအဖြစ် ပြောင်းလဲသွားပြီး နတ်ဆိုးတစ်သောင်းခန်းမအတွင်း တိတ်ဆိတ်စွာရှိနေပေသည်။
ရှန်းယီက သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး တစ်ခဏအတွင်းမှာပင် နတ်ဆိုးသက်တမ်းအားလုံးကို ဤကျင့်စဉ်အတွင်းသို့ ပုံအောလိုက်လေ၏။
[ပထမကပ်ဘေးဒုက္ခ၊ သင်က ကျောက်စိမ်းနဂါး အစစ်အမှန်ပုံရိပ်ကို ရရှိခဲ့ပြီး ကောင်းကင်ဘုံကိုးထပ်တွင်ပျံသန်းရင်း ရုတ်တရက်တာအိုအသံကြားလိုက်ရတယ်။၊ သင်ကထူးဆန်းတဲ့ ကျောက်တုံးတွေကြားထဲဆင်းသက်သွားပြီး မိုးမြေရဲ့နက်နဲမှုကို နားလည်ဖို့ကြိုးစားခဲ့တယ်၊ သင်အဲဒီမှာပဲ အခြေချပြီးပင်လယ်ကနေ သစ်တောတွေအဖြစ်ပြောင်းလဲသွားတဲ့အခြေအနေတွေကို ဖြတ်သန်းရင်းတဖြည်းဖြည်းနဲ့ မိုးပြာရောင်သစ်သားအဖြစ်ပြောင်းသွားတယ်]
ကြာပန်းပလ္လင်နည်းစနစ်ကို ကိုယ်တိုင်ကြုံတွေ့ဖူးသောရှန်းယီက ယခုမှကျင့်ကြံခြင်း စတင်သည်နှင့် တစ်ပြိုင်နက်ထိုနှစ်ခုအကြားခြားနားချက်ကို ခံစားလိုက်ရသည်။
လူသားခန္ဓာကိုယ်ဖြင့် လောကအလယ်တွင် လျှောက်လှမ်းနေသူများက မိုးမြေကို တိုက်ရိုက် နားလည်နိုင်သော်လည်း ကျောက်စိမ်းနဂါးဘိုးဘေးကဲ့သို့ မိမိကိုယ်ကိုအခြားပုံစံများအဖြစ်ပြောင်းလဲလိုက်ခြင်းမှာ တိုးတက်မှုကိုနှောင့်နှေးစေရုံသာ ရှိပေလိမ့်မည်။
သို့သော် ထိုသို့မပြုလုပ်ဘဲ စစ်မှန်သော စွမ်းရည် အကာအကွယ်မရှိသော လေလွင့်မသေမျိုး တစ်ဦးအနေဖြင့် မိုးမြေ၏စစ်မှန်သောမျက်နှာစာကို တစ်ချက်မျှ မြင်တွေ့ရန်ပင် အရည်အချင်းပြည့်မီမည် မဟုတ်ပေ။
အမှန်တကယ်ပင် နတ်ဆိုးသက်တမ်းများ လျင်မြန်စွာကုန်ဆုံးသွားသည်နှင့်အမျှ မိုးပြာရောင်သစ်သားက အလွန်နှေးကွေးစွာဖြင့်ကြီးထွားလာပြီး သာမန်မျက်စိဖြင့်မမြင်နိုင်သောအရှိန်ဖြင့် အညွန့်သစ်များ ထွက်ပေါ်လာလေ၏။
ခြောက်ကပ်သွားလိုက် အညွှန့်များထွက်ပေါ်လာလိုက်ဖြင့် အကြိမ်ကြိမ်လှည့်ပတ်နေလေသည်။
ကြာပန်းပလ္လင်နည်းစနစ်၏တတိယကပ်ဘေးဒုက္ခနှင့် ညီမျှသောအဆင့်သို့ ရောက်ရှိချိန်တွင် ရှန်းယီသည် သက်တမ်း ကပ်ဘေးဒုက္ခ ၉ ခုကို သုံးစွဲပြီးဖြစ်နေသည်။
"သုံးစွဲမှုက သုံးဆလောက်မြင့်တက်သွားတာတင် မကဘူး၊ ကျင့်ကြံသူတစ်ယောက်အတွက်ဆိုရင် သက်တမ်းတိုးဖို့အခွင့်အရေးတွေကို အမြဲရှာနေရမယ်၊နောက်ဆုံးမှာ လူပြန်ဝင်စားပြီး အကြိမ်ကြိမ် ပြန်စရတဲ့အထိဖြစ်သွားနိုင်တယ်။ ပါဝင်တဲ့ အန္တရာယ်တွေကလည်း အဆမတန်များပြားလွန်းတယ်၊ ခြေတစ်လှမ်း မှားတာနဲ့ လမ်းကြောင်းဆုံးပြီး ခန္ဓာကိုယ်ပျက်စီးသွားနိုင်တယ်"
"ဘေးထွက်ကျင့်စဉ်တွေနဲ့ ကြမ်းတမ်းတဲ့နည်းစနစ်တွေက နောက်ဆုံးမှာတော့ ဂိုဏ်းသုံးဂိုဏ်းရဲ့ဟောပြောသွင်သင်မှုကို မယှဉ်နိုင်ဘူး"
"ဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းလို့ ထင်ရပေမဲ့ တကယ်တော့ ကျောက်စိမ်ူနဂါးဘိုးဘေးကို နောက်ထပ် ဘဝပေါင်းများစွာပေးလိုက်ရင်တောင်မှပြီးမြောက်ဖို့ မလုံလောက်နိုင်တဲ့လမ်းကြောင်းမျိုးပဲ... တကယ်လို့ သက်တမ်းအများကြီးမရှိဘူးဆိုရင်ပေါ့"
[လက်ကျန် နတ်ဆိုးသက်တမ်း - ကပ်ဘေးဒုက္ခ ၁၆၇ ခု]
[အဆင့် ၇ - ကျောက်စိမ်းနဂါးသစ်သားအသွင်ပြောင်းလဲခြင်း - ပြီးပြည့်စုံခြင်း]
မိုးပြာရောင်သစ်သားက ဆဋ္ဌမအကြိမ်မြောက် အညွန့်သစ်များထွက်ပေါ်လာခဲ့ပြီး ၎င်း၏ပုံသဏ္ဌာန်တစ်ခုလုံးမှာ ရှန်းယီ၏ခန္ဓာကိုယ်အတွင်း၌မြင့်မားစွာတည်ရှိနေကာ ကြာပန်းပလ္လင်နှင့်မတူဘဲ ယင်းသည် ခန္ဓာကိုယ်နှင့်သဘာဝအရ ဆက်နွှယ်နေခြင်း မရှိပေ။
ထိုအစား ၎င်းက ကုန်ခမ်းခြင်းမရှိသော ဝိညာဉ်စမ်းရေတွင်းတစ်ခုကဲ့သို့ မိုးမြေ၏စွမ်းအင်များကို အတားအဆီးမရှိ ထုတ်လွှတ်ပေးနေလေသည်။
လောကခရီးသည် နှင့် မသေမျိုးအကြား ခြားနားချက်မှာ နောက်ဆုံးတွင် ထင်ရှားလာခဲ့၏။
ရှန်းယီက ကျယ်ပြန့်သောစွမ်းအင်များက သူ့အား ပင်လယ်ပြင်ကြီးကဲ့သို့ လွှမ်းခြုံထားသည်ကို ခံစားလိုက်ရပြီးခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ကောင်းကင်ဘုံသို့ ပျံတက်သွားနိုင်သကဲ့သို့ မသေမျိုးအဖြစ်သို့ကူးပြောင်းတော့မည့် ခံစားချက်မျိုးကို ရရှိလိုက်ပါသည်။
ဆဋ္ဌမကပ်ဘေးဒုက္ခအတွက် ရည်ရွယ်ထားသော သက်တမ်း ၁၈ ခုလုံးကို သုံးစွဲလိုက်ရသော်လည်း ယင်းက သူ့အား အစစ်အမှန် မသေမျိုးပြီးပြည့်စုံခြင်း နယ်ပယ်သို့ အမှန်တကယ် ရောက်ရှိသွားစေခဲ့၏။
"ဒါနဲ့တောင် မလုံလောက်သေးဘူးပဲ"
ရှန်းယီက သူ၏စွမ်းအားကို ကျောက်စိမ်းဖြူကြံ့ တံဆိပ်တုံး နှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။ သူ၏နယ်ပယ်မှာ အဆင့် ၇ ၏ အကန့်အသတ်သို့ အမှန်တကယ်ရောက်ရှိနေပြီဖြစ်သော်လည်း စွမ်းအားပိုင်းတွင်မူ ကျင့်စဉ်၏နိမ့်ကျမှုကြောင့် လိုအပ်ချက်ရှိနေသေး၏။
ထိုအချိန်တွင် အပြင်ဘက်မှ ဆူညံသံများက သူ၏အတွေးများကို နှောင့်ယှက်လိုက်လေသည်။
"ရာထူးက ထုတ်ပယ်ခံရတာလား၊ ဘယ်သူ ဂရုစိုက်မှာလဲ"
ရှန်းယီက မျက်ခုံးပင့်လိုက်ပြီး သူ၏ဝိညာဉ်ပင်လယ်ကို မိုးပြာရောင်သစ်သားအတွင်းသို့ ပြန်လည်ရုပ်သိမ်းလိုက်ကာ တံခါးကို တွန်းဖွင့်၍ အပြင်သို့ ထွက်လာခဲ့၏။
သူမှန်းဆချက် မှန်ကန်ပါက မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကိစ္စများ၏နောက်ဆက်တွဲကို နတ်ဆိုးသုတ်သင်ရေးဌာနမှ ကိုင်တွယ်နေခြင်းဖြစ်ရမည်။
သူကလည်း ဤအခွင့်အရေးကို အသုံးချကာ အင်ပါယာမင်းဆက်၏ရပ်တည်ချက်ကို သိရှိလိုပေသည်။
အကယ်၍ ၎င်းတို့က အလွန်အမင်းတင်းကျပ်လွန်းနေပါက သူက နတ်ဆိုးသုတ်သင်ရေးအရာရှိ အဖြစ်မှ စွန့်လွှတ်ရပေလိမ့်မည်။
သူ၏မြင်ကွင်းအတွင်းသို့ ရောက်ရှိလာသူမှာ မုန့်ရှို့ဝမ်ဖြစ်ပြီး လက်ပိုက်ကာ မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် လက်ရန်းကို မှီနေလေသည်။
"ဒါပေမဲ့ ငါအစကတည်းက ရှင်းရှင်းလင်းလင်း ပြောထားမယ်၊မင်း ငါ့ကိုအပြစ်ပေးလို့ရတယ်၊ ဒါပေမဲ့ ငါ့ရဲ့လက်အောက်ငယ်သား နှစ်ယောက်ကိုတော့ အပြစ်ပေးလို့ မရဘူး"
အဖြူရောင်ဝတ်စုံဝတ်သူရဲကောင်းမလေးမှာမူ သူ၏ရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေပြီး တိုတိုတုတ်တုတ်ပင် ပြောလိုက်၏။
"အခု ရှင်က သူမရဲ့လက်အောက်ငယ်သားဖြစ်သွားပြီ"
"ဟင်"
မုန့်ရှို့ဝမ်က မယုံကြည်နိုင်ဟန်ဖြင့် ကိုယ်ကို မတ်လိုက်ပြီး သူ့ဘေးရှိ လူကိုကြည့်လိုက်သည်။
"ဘယ်သူလဲ၊သူမလား"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးက သူ့ကို အဖက်မလုပ်ဘဲ လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ မုန့်ရှို့ဝမ်၏ရင်ဘတ်အတွင်းမှ သံမဏိတံဆိပ်ပြားလေးတစ်ခုသည် သူမ၏လက်ထဲသို့ ပျံဝင်သွားခဲ့၏။
ထို့နောက် သူမက လှည့်လိုက်ပြီး ထိုတံဆိပ်ပြားကို သူမဘေးတွင် ကြောင်တောင်တောင် ဖြစ်နေသော ယဲ့ကျင်းထံသို့ ကမ်းပေးလိုက်သည်။
"သူ့ကို သေချာစောင့်ကြည့်ထားပါ၊ နောက်ထပ် ပြဿနာတွေ မရှာစေနဲ့"
ယဲ့လန်က သူမ၏ညီမ မည်မျှလိမ္မာကြောင်း သိထားသဖြင့် အများကြီး ရှင်းပြရန်မရည်ရွယ်ပေ။
"အဲ..."
ယဲ့ကျင်းက မျက်တောင်ခတ်ရင်း အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမ၏အစ်မ အံ့အားသင့်သွားရလောက်အောင်ပင် နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်လေသည်။
"ကျွန်မ ခေါင်းဆောင်မုန့်ကို မထိန်းနိုင်ဘူး"
"ဟင်"
ယဲ့လန်က သူမ၏မျက်လုံးများကို အနည်းငယ် မှေးလိုက်သော်လည်း သူမ၏ညီမက ဆက်လက် ပြောဆိုသည်ကို ကြားလိုက်ရ၏။
"ဒါပေမဲ့ သူ ထိန်းနိုင်တယ်"
ယင်းကိုကြားသောအခါ သူမက ယဲ့ကျင်း၏အကြည့်နောက်သို့ လိုက်၍ကြည့်လိုက်ရာ တံခါးလက်ရန်းကိုမှီကာ ဘေးကနေပွဲကြည့်နေသကဲ့သို့ ပေါ့ပေါ့ပါးပါးရပ်နေသော လူငယ်ကို မြင်တွေ့လိုက်ရလေသည်။
သူမ၏ညီမကို ကောင်းစွာသိထားသဖြင့် ယဲ့လန်က သူမ၏စကားကို သံသယမဝင်ခဲ့ပေ။
ထို့အပြင် ဤလူငယ်က မုန့်ရှို့ဝမ်ထက်များစွာ ပို၍ တည်ငြိမ်ပုံရပေသည်။
ခဏမျှတုံ့ဆိုင်းနေပြီးနောက် သူမက သံမဏိတံဆိပ်ပြားကို ထိုလူငယ်ထံသို့ ကမ်းပေးလိုက်သည်။
"သူ့ရဲ့အပြုအမူတွေက နတ်ဆိုးသုတ်သင်ရေး အရာရှိတစ်ယောက်ဖြစ်ဖို့ အရမ်း စိတ်လိုက်မာန်ပါဖြစ်လွန်းပြီး ပေါ့ဆလွန်းတယ်။ သူ့နေရာမှာ ယာယီ အစားဝင်ပြီး သူ့ကိုစောင့်ကြည့်ပေးပါ။ တကယ်လို့ သူက နားမထောင်ဘူးဆိုရင် ဒါကိုသုံးပြီး ကျွန်မဆီ တိုက်ရိုက်သတင်းပို့လို့ရတယ်။ ရှင် လုပ်နိုင်မလား"
"..."
ရှန်းယီက သူ၏မျက်ခုံးကို အနည်းငယ်ပင့်လိုက်လေသည်။
သူမက မုန့်ရှို့ဝမ်ကိုသာကန့်သတ်ထားပြီး သူ့ထံမှ မည်သည့်အရာကိုမျှတောင်းဆိုခြင်းရှိပုံမရပေ။
ထိုအချက်ကို တွေးတောရင်း သူက လက်လှမ်းကာ သံမဏိတံဆိပ်ပြားကို ယူလိုက်လေ၏
ယင်းကို မြင်သောအခါ ယဲ့လန်က နောက်ဆုံးတွင် မုန့်ရှို့ဝမ်အား တစ်ချက်လှမ်းကြည့်လိုက်သည်။
"လိမ်လိမ်မာမာလေးနေစမ်းပါ"
မကြာသေးကမှမာန်တက်နေခဲ့သော အဖြူရောင် ဝတ်စုံဝတ်အမျိုးသားမှာမူ ဇဝေဇဝါဖြစ်နေသော မျက်လုံးများဖြင့် ထိုနေရာတွင်ပင်တိတ်ဆိတ်စွာ ရပ်နေလေတော့သည်။
သူမ၏အသံ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ယဲ့လန်ကလည်း တည်းခိုခန်းအတွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။
"ဟင်း... ဟင်း..."
မုန့်ရှို့ဝမ်က ဖြည်းညှင်းစွာနောက်သို့လှည့်ကြည့်လိုက်သည်။
ထိုအမျိုးသမီး တစ်ခုခုမှားယွင်းသွားသည်လော။ ဤတာဝန်အတွင်း လူသုံးဦးသေဆုံးခဲ့ပြီး ယင်းအနက်နှစ်ဦးမှာ ဤရိုးသားသောလူငယ်ဆိုသူ၏ လက်ချက်ကြောင့်မဟုတ်လော။