အရာရှိရှန်းရဲ့ စကားကို နားထောင်
Vol. 97 Ch. 965
ကျန်းယန်စီရင်စု၏ ကျယ်ပြောလှသော နယ်မြေကြီးတွင် မြေစောင့်ဘုရားကျောင်း၏မသေမျိုးရထားလုံး၏အသံများအောက်ဝယ် သေးငယ်သွားသယောင် ရှိနေတော့လေသည်။
သန့်ရှင်းသပ်ရပ်သောရထားလုံးက မြေချုံ့ကာခရီးနှင်ခြင်းကို အသုံးပြုကာ ဝေးလံသီခေါင်၍ စိမ်းစိုနေသောတောင်တန်းများဆီသို့ ဦးတည်သည့် လမ်းကျဉ်းလေးအတွင်းသို့ လျင်မြန်စွာဝင်ရောက်သွားခဲ့လေသည်။
စီရင်စုသုံးခု၏ကြားတွင်ရှိသော ရတနာမြေကို သိမ်းပိုက်ထားနိုင်ခြင်းမှာပင် တိမ်ဖြူဂူ၏ မြင့်မားသော အဆင့်အတန်းကို ဖော်ပြနေလေပြီဖြစ်သည်။
၎င်းတို့ကို ထိုကဲ့သို့သော အခွင့်အရေးများ ပေးသနားထားသူမှာ မသေမျိုးခုံရုံးတွင် အဆင့် ၇ မသေမျိုးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပေသည်။ အဆင့်၇ ဆိုသည်မှာ နားထောင်ရသည်မှာ သိပ်မမြင့်လှဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ဒေသတစ်ခုလုံး၏အုပ်ထိန်းသူသဖွယ် အာဏာရှိသူများဖြစ်ကြပြီး မြေစောင့်မသေမျိုးများကဲ့သို့သော သေးငယ်သောနေရာမှမသေမျိုးလေးများနှင့်မူ အခြေခံအားဖြင့် ကွာခြားလှပေသည်။
ထိုကဲ့သို့သော မသေမျိုးအရာရှိများသည် ဒေသတစ်ခု၏မိုးမြေစွမ်းအင်များကို စုစည်းနိုင်စွမ်းရှိသလို အမှန်တကယ် အာဏာရှိသူများလည်း ဖြစ်ကြလေသည်။ ဒေသခံပြည်သူများကို စီမံခန့်ခွဲရာတွင် အရာရှိများကို ကူညီပေးရရုံသာ တတ်နိုင်သည့် မြေစောင့်မသေမျိုးများနှင့် မတူပေ။
၎င်းတို့သည် မိမိတို့၏အခန်းကဏ္ဍကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်လျှင် အင်အားစုများအကြား မဟာမိတ်ဖွဲ့ကာ ၎င်းတို့၏ ဩဇာအာဏာကို ပိုမို ကြီးထွားလာစေနိုင်ပေသည်။ အတိုချုပ် ပြောရလျှင် ၎င်းတို့မှာ အလွယ်တကူ ရန်စ၍ ရသူများ မဟုတ်ကြပေ။
တကယ်တမ်းသာ တိမ်ဖြူဘိုးဘေးကို သွားရောက် ရန်စမိပါက ဖြစ်ပေါ်လာမည့် ပြဿနာများသည် ထိုအေးအေးဆေးဆေး နေတတ်သည့် ထိုက်ယီမသေမျိုးဖြစ်သော ချင်းမိန်ဘိုးဘေး နှင့် ရင်ဆိုင်ရသည်ထက်ပင် ပို၍ကြီးမားနိုင်ပေသည်။
"..."
တိမ်ဖြူတောင်သို့ မရောက်မီမှာပင် ရထားလုံးမှာ ရုတ်တရက် ရပ်တန့်သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် လမ်းမပေါ်တွင် လူပုံရိပ် သုံးခုက ရုတ်တရက် ပေါ်လာသောကြောင့်ပင်။
"အာ... မြေစောင့်မသေမျိုးရဲ့ မသေမျိုးရထားလုံးကိုတောင် သုံးနိုင်နေပြီဆိုတော့ အရာရှိမုန့်ကတော့ အခြေအနေ တော်တော်တိုးတက်နေတာပဲ"
ခေါင်းဆောင်လာသူမှာ ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဒေါင်ကောင်းကောင်းအမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ သူမ၏ခါးမှာ ဗူးသီးပုံစံ ဖြစ်နေပြီး မျက်ခုံးဖျားမှ မေးစေ့အထိ ရှည်လျားသည့် အမာရွတ်ကြီးမှာ သူမ၏ မျက်နှာပေါ်တွင် အထင်ရှားဆုံးအမှတ်အသားပင်ဖြစ်လေသည်။
သူမ၏နောက်တွင်တော့ အဖြူနှင့် အမည်း ဝတ်စုံများ ဝတ်ဆင်ထားသည့် သက်ကြီးပိုင်း အမျိုးသား နှစ်ဦး ပါလာကြပြီး ကြည့်ရသည်မှာ တစ်မျိုး ခြောက်ခြားဖွယ် ကောင်းလှပေသည်။
ထိုအမျိုးသမီးသည် အားနာခြင်း အလျှင်းမရှိဘဲ ကျန်နှစ်ဦးနှင့်အတူ ရထားလုံးအရှေ့သို့ ခုန်တက်ကာ ဇက်ကြိုးကို လှမ်းဆွဲလိုက်ပြီး "ငါလည်း တစ်ချက်လောက် စမ်းစီးကြည့်ပါဦးမယ်" ဟု ရွှင်ရွှင်ပျပျ ပြောလိုက်လေသည်။
"အရာရှိရှန်း... ဒါက ထိုက်ရှင်းစီရင်စုက နတ်ဆိုးသတ်ဖြတ်ရေး အရာရှိ မေ့ကျိယောင် ပဲ"
မုန့်ရှို့ဝမ်သည် ရထားလုံးအတွင်း၌ ပျင်းရိစွာ မှီအိပ်နေရင်း မိတ်ဆက်ပေးလိုက်လေသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ မေ့မျိုးနွယ် အမျိုးသမီးမှာ အံ့အားသင့်သွားကာ ရထားလုံးအတွင်းသို့ လှမ်းကြည့်လိုက်လေသည်။ သူမသည် ယဲ့ကျင်းကို တစ်ချက် ခေါင်းညိတ်ပြပြီးနောက် ဝတ်ရုံနက်နှင့် လူငယ်ကို အကြည့်ပြောင်းလိုက်၏။
ဖြူဖျော့ကာချောမောသော ထိုမျက်နှာမှာ လောကကြီးထဲသို့ အခုမှ စတင်ခြေချလာသည့် အပြစ်ကင်းစင်သော လူငယ်လေးတစ်ဦးနှင့်သာ တူနေလေသည်။
"ဟင်း..."
မေ့ကျိယောင်သည် ရှန်းယီကို စိုက်ကြည့်လိုက်သော်လည်း စကားပြောရန် မရွေးချယ်ခဲ့ပေ။ ထို့အစား မုန့်ရှို့ဝမ်နှင့်သာ စကားစမြည် ပြောဆိုတော့သည်။
"နင့်ကို ရာထူးက ချလိုက်တယ်ဆိုတာ ကြားတော့ ငါက နောက်နေတာလို့ ထင်နေတာ၊ ဒါပေမဲ့ စစ်သူကြီးယဲ့လန်ကတော့ နင့်အပေါ် တော်တော် ကောင်းပုံရတယ်နော်"
အမှားအချို့ကြောင့် ရာထူးချခံရသည် ဆိုသော်လည်း လူငယ်လေးတစ်ဦးကို ယာယီအစားထိုးခိုင်းထားခြင်းမှာ ဟန်ပြသက်သက်သာ ဖြစ်ပြီး အမှန်တကယ်အာဏာမှာ မုန့်ရှို့ဝမ်၏ လက်ထဲတွင်သာ ရှိနေသေးသည်ဟု သူမ ထင်မြင်နေခြင်း ဖြစ်ပေသည်။
"နင် လာမယ်ဆိုတာ ငါ သိပြီးသားပါ"
မေ့ကျိယောင်သည် ရထားလုံး အပြင်ဘက်ကို မှီရင်း ပြောလိုက်လေသည်။
"ဒါပေမဲ့ ဒီတစ်ခေါက်တော့ နင် လာရတာ အပိုအလုပ်တွေ ဖြစ်သွားနိုင်တယ်၊ အခု အသစ်ရောက်လာမယ့် မသေမျိုးအရာရှိကလည်း တိမ်ဖြူဘိုးဘေးလိုပဲ ခုနစ်ဆင့် နတ်အရာရှိပဲတဲ့။ ဒီလို ဩဇာအာဏာရှိတဲ့သူရဲ့ မျက်စိအောက်မှာ ပြဿနာသွားရှာဖို့ဆိုတာ တကယ်ကို မလွယ်ဘူး"
တကယ်တမ်း တိုက်ခိုက်ကြမည်ဆိုလျှင် နတ်ဆိုးသတ်ဖြတ်ရေးစအရာရှိ နှစ်ဦးစလုံးက ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးကို ကြောက်နေကြမည် မဟုတ်ပေ။
သို့သော် ပြဿနာမှာ တစ်ဖက်လူမှာ တရားဝင် မှတ်ပုံတင်ထားသည့် မသေမျိုးအရာရှိ ဖြစ်နေခြင်းပင်။ ၎င်းတို့ကဲ့သို့သော သာမန်လူသားများနှင့် အဆင့်အတန်းချင်း လုံးဝ ကွာခြားလှပေသည်။
ထို့ပြင် ခုနစ်ဆင့် မသေမျိုးအရာရှိ တစ်ဦးမှာ ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးကိုသာ ပိုင်ဆိုင်ထားသည် မဟုတ်ဘဲ ၎င်းတို့၏ကျင့်ကြံခြင်းမှာလည်း အနည်းဆုံး ခြောက်ဆင့်နှင့် ညီမျှသည့် အဆင့်တွင် ရှိနေကြပေသည်။
"ဒါပေမဲ့ ရောက်မှတော့ သွားကြည့်ကြတာပေါ့လေ။ ပေါ်ရွှေစီရင်စုက လူတွေတောင် ရှေ့ကနေ ကြိုသွားနှင့်ကြပြီ၊ ငါတို့ကတော့ သတင်းစောင့်ရုံပဲ ရှိတာပေါ့"
"..."
မုန့်ရှို့ဝမ်သည် တိတ်ဆိတ်စွာ နားထောင်နေပြီး ရှန်းယီကို အားနာသလို တစ်ချက် ကြည့်လိုက်လေသည်။
အစမှ အဆုံးထိ မေ့ကျိယောင်သည် ရှန်းယီကို အလေးအနက်ထား၍ တစ်ချက်မျှပင် မကြည့်ခဲ့ပေ။ သူ့ကို နတ်ဆိုးသတ်ဖြတ်ရေးဌာနမှ အတွေ့အကြုံမရှိသည့် လူသစ်တစ်ယောက်လိုသာ သဘောထားနေခဲ့လေသည်။
လုပ်ဖော်ကိုင်ဖက် နတ်ဆိုးသတ်ဖြတ်ရေး အရာရှိ တစ်ဦးအပေါ် ဤကဲ့သို့ ပြုမူခြင်းမှာ လွန်စွာ ရိုင်းပျလှပေသည်။
သို့သော်လည်း မုန့်ရှို့ဝမ်မှာ ရှင်းပြရန်အတွက် ဘာမှ မတတ်နိုင်ပေ။
နတ်ဆိုးသတ်ဖြတ်ရေးဌာန ဆိုသည်မှာ အလွန်တရာ အားကောင်းသော အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။ ထိုနေရာသို့ ဝင်ရောက်လာသူများသည် မည်သည့် ဂိုဏ်းဂဏ၊ မည်သည့် အယူဝါဒကိုမျှ ဂရုမစိုက်ကြဘဲ သေဘေးကို မကြောက်သည့် လူမိုက်များသာ ဖြစ်ကြလေသည်။ ထိုကဲ့သို့သော လူများကို စကားလုံးအချို့နှင့် သိမ်းသွင်းရန် ကြိုးစားခြင်းမှာ အပိုအလုပ်သာ ဖြစ်ပေလိမ့်မည်။
အဖြူနှင့် အမည်း ဝတ်စုံဝတ်ထားသည့် အမျိုးသား နှစ်ဦးမှာလည်း ရှန်းယီထက် ဝါရင့်သူများဖြစ်ကြသော်လည်း ဘေးနားတွင် ဘာစကားမှ မပြောရဲဘဲ ငြိမ်သက်စွာ ထိုင်နေကြရလေသည်။
ရှန်းယီကတော့ ဘာမှမဖြစ်ကြောင်း ပြသည့်အနေဖြင့် ခေါင်းကို အသာအယာ ခါယမ်းပြလိုက်လေသည်။
သူသည် ထိုကဲ့သို့သော ကိစ္စရပ်များကို သေချာစွာ နားမလည်သေးပေ။ အမှန်အတိုင်း ပြောရလျှင် အိမ်နီးချင်း စီရင်စုနှစ်ခု၏ နာမည်များကိုပင် သူ ယခုမှ စတင်ကြားဖူးခြင်း ဖြစ်ပေသည်။
သို့သော် ထိုနတ်ဆိုးသတ်ဖြတ်သူများ၏ လုပ်ရပ်များမှာမူ သူ ထင်ထားသည်ထက် ပိုနေလေသည်။
ကျန်းယန်စီရင်စု၏ မြေစောင့်မသေမျိုးပင်လျှင် ဤကိစ္စမှာ စီရင်စုသုံးခုထက် ကျော်လွန်နေကြောင်း ပြောခဲ့ဖူးလေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် အခြားအင်အားစုများသည် တာဝန်ကို လွှဲချလိုကြပြီး တခြားသူများသာ ကိုင်တွယ်ဖြေရှင်းသွားရန် ဆုတောင်းနေကြမည် ဖြစ်ပေသည်။
သို့သော် ဤနတ်ဆိုးသတ်ဖြတ်သူများကမူ အခွင့်အရေး ရသည်နှင့် တစ်ပြိုင်နက် ကိုယ်တိုင် ကိုယ်ကျ အပြေးအလွှား ရောက်ရှိလာကြလေသည်။
ကျန်းယန်စီရင်စုမှ လူများမှာပင် အတန်ငယ် နှေးကွေးနေသေးပြီး အခြားသူများမှာမူ နယ်မြေအတွင်းသို့ပင် စိမ့်ဝင်ရောက်ရှိနေကြပြီ ဖြစ်လေသည်။
"အစ်ကိုမြင်းရေ... နည်းနည်း မြန်မြန်လုပ်ပါဦး၊ ရက်တွက်ကြည့်ရသလောက်တော့ အဲဒီ မသေမျိုးအရာရှိက ဒီနေ့ ညနေစောင်းလောက်ဆို သေမျိုးလောကကို ဆင်းလာတော့မှာ"
မေ့ကျိယောင်က တိုးညှင်းစွာ တိုက်တွန်းလိုက်သော်လည်း မြင်းကြီး၏မျက်စောင်းထိုးခြင်းကိုသာ ပြန်လည် ရရှိခဲ့လေသည်။ မြေစောင့်မသေမျိုး၏ စီးတော်ယာဉ် ဖြစ်သော်လည်း ၎င်းတွင် မသေမျိုးအငွေ့အသက်များ ရှိနေဆဲဖြစ်ရာ သာမန်လူများ၏ စေခိုင်းမှုကို ခံယူလိုစိတ် မရှိပေ။
...
ညနေစောင်းအချိန်သို့ ရောက်လာပြီဖြစ်သော်လည်း နေမင်းကြီးမှာ မြင့်မားစွာတည်ရှိနေဆဲ ဖြစ်လေသည်။
တိမ်ဖြူတောင် အနီးအနားတွင် ဒေသအသီးသီးမှ ကျင့်ကြံသူများ စုဝေးရောက်ရှိနေကြပြီး သတင်းကြားရသည့် သာမန်ပြည်သူများပင်လျှင် မြင်းများကို စီးနင်းကာ ရက်အနည်းငယ် ကြိုတင်၍ ရောက်ရှိနေကြလေ၏။
နတ်ဘုရားနယ်မြေမှ ပြည်သူများက ကျင့်ကြံသူများကို မြင်တွေ့ရလျှင် အံ့ဩခြင်းမရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သက်တမ်းရှည်ကြသလို လောကအတွေ့အကြုံလည်း ကြွယ်ဝကြသောကြောင့်ပင် ဖြစ်လေသည်။
ကံကောင်းလျှင် ကျင့်ကြံသူများသာမက မသေမျိုးခုံရုံးမှ မသေမျိုးများကိုပင် တစ်သက်တွင် အကြိမ်အနည်းငယ် မြင်တွေ့နိုင်စွမ်း ရှိကြပေသည်။
လူအုပ်ကြီး ကြားထဲတွင် သာမန်ရထားလုံးတစ်စီးမှာ မည်သူမျှသတိမထားမိဘဲ တိတ်ဆိတ်စွာ ဝင်ရောက်လာခဲ့လေသည်။
သတ်မှတ်ထားသည့် အချိန်သို့ ရောက်ရှိလာသည့်အခါ တိမ်တိုက်များနောက်ကွယ်မှ သာယာနာပျော်ဖွယ်ကောင်းသော မသေမျိုးဂီတသံများ ထွက်ပေါ်လာပြီး မြေပြင်ပေါ်ရှိ လူအားလုံး၏အာရုံကို ဖမ်းစားလိုက်တော့လေသည်။
ကောင်းကင်ယံ၌ မြင့်မားစွာ တည်ရှိနေသော နေမင်းကြီးမှာလည်း ရုတ်တရက်သိသိသာသာ မှိန်ဖျော့သွားလေ၏။