အရာရှိရှန်း၏စကားကို နားထောင် ၂
Vol. 97 Ch. 966
အဘယ်ကြောင့်ဆိုသော် ၎င်း၏အောက်တွင် ပို၍စူးရှတောက်ပသော ရွှေရောင်အလင်းတန်းက ကောင်းကင်ယံ၌ လိပ်တက်လာသော တိမ်တိုက်များအလား ဖြန့်ကျက်လာသောကြောင့် ဖြစ်လေသည်။
တိမ်တိုက်များအထက် အလွန်မြင့်မားသော နေရာတွင် ခမ်းနားထည်ဝါသောပုံရိပ်တစ်ခု စတင်ထွက်ပေါ်လာလေသည်။
မသေမျိုးအရာရှိအချို့ ဝန်းရံထားသော ထိုပုံရိပ်မှာ တဖြည်းဖြည်း ပိုမိုရှင်းလင်းလာခဲ့၏။ ဆယ်ကျန်းခန့် မြင့်မားပြီး တစ်ကိုယ်လုံးတွင် ရွှေရောင်အရည်များ စီးဆင်းနေသည့်အလား တောက်ပနေသည့် ထိုသူမှာ အစစ်အမှန် မသေမျိုးနတ်ဘုရားပင်။
သူ သေမျိုးလောကကို ငုံ့ကြည့်လိုက်သည့် အခိုက်အတန့်တွင် သက်ရှိအားလုံးက အလိုအလျောက်ပင် ဝပ်တွားခယ ပူဇော်လိုက်ကြလေသည်။
ထိုအထဲတွင် တိမ်ဖြူတောင်ထိပ်ရှိ အဖွဲ့လည်း ပါဝင်လေသည်။ ခိုင်မာသော အရှိန်အဝါများရှိသည့် ထိုကျင့်ကြံသူများနှင့် အစစ်အမှန် မသေမျိုးနယ်ပယ်သို့ ရောက်ရှိပြီးဖြစ်သည့် ဂိုဏ်းချုပ်အိုကြီးပင်လျှင် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းနေပြီး ဝတ်ရုံကိုမကာ အလွန်ရိုသေလေးစားစွာဖြင့် နက်ရှိုင်းစွာ ဦးညွှတ်လိုက်ပါသည်။
"တိမ်ဖြူဂူကနေ မြင့်မြတ်တဲ့မသေမျိုး ဆင်းသက်လာတာကို ရိုသေစွာ ကြိုဆိုပါတယ်ဗျာ။"
နက်ရှိုင်းလှသော ကျင့်ကြံခြင်းဖြင့် အားဖြည့်ထားသော ထိုစကားသံမှာ ခေါင်းလောင်းကြီးတစ်လုံးကဲ့သို့ ပဲ့တင်ထပ်သွားပြီး စီရင်စုသုံးခု၏ နယ်မြေများအနှံ့ ပျံ့နှံ့သွားလေသည်။
ဤသည်မှာ မြင့်မြတ်သော မသေမျိုးအား ရိုသေလေးစားမှု ပြသရုံသာမက တိမ်ဖြူဂူအနေဖြင့် ကောင်းကင်ဘုံနှင့် တိုက်ရိုက် ဆက်သွယ်နိုင်စွမ်း ရှိသေးကြောင်းနှင့် မသေမျိုးခုံရုံး၏ ဆုလာဘ်များကိုပင် ရရှိနိုင်စွမ်းရှိသေးကြောင်း အခြားအင်အားစုများအား သတိပေးလိုက်ခြင်းပင် ဖြစ်လေသည်။
"ဒါက စစ်မှန်တဲ့ နတ်ဘုရားတစ်ပါးနဲ့ တူတယ်နော်။"
ကျင့်ကြံသူများက ခေါင်းငုံ့ထားရင်း အလွန်ထူးခြားဆန်းပြားလှသဖြင့် အချင်းချင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြလေသည်။
မသေမျိုးသုံးပါးဂိုဏ်းက မသေမျိုးခုံရုံးကို ပူးတွဲအုပ်ချုပ်သည်ဟု ဆိုကြသော်လည်း လက်တွေ့တွင်မူ ဤအဓိက ဂိုဏ်းကြီးသုံးခုအကြား ကွာခြားချက်များ ရှိချေသည်။
မသေမျိုးသုံးပါးဂိုဏ်းနှင့် ဗောဓိဂိုဏ်းတို့တွင် သာမန်လူသားများဘဝမှ စတင်ကာ တစ်ဆင့်ပြီးတစ်ဆင့်ကျင့်ကြံ၍ မသေမျိုးနတ်ဘုရားများ ဖြစ်လာကြလေသည်။ မသေမျိုးနတ်ဘုရားများဟု ခေါ်ဆိုကြသော်လည်း ဤကျင့်ကြံသူများ၏ အမြင်တွင်မူ ၎င်းတို့သည် မိမိတို့နှင့် မခြားနားဘဲ ပိုမိုအားကောင်းသော ကျင့်ကြံခြင်းနှင့် ပိုမိုမြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားခြင်းမျှသာ ဖြစ်ပေသည်။
ထိုကဲ့သို့သော မသေမျိုးအရာရှိများကို ကြည့်ရင်း စစ်မှန်တဲ့ ယောက်ျားတစ်ယောက်ဆိုတာ ဒီလိုဖြစ်ရမယ်ဟူသော စိတ်ဓာတ်မျိုးကိုပင် မွေးမြူနိုင်ကြပေသည်။
သို့သော် အစစ်အမှန်နတ်ဘုရားဂိုဏ်းမှာမူ ကွာခြားလေသည်။
ဤဂိုဏ်းအတွင်းရှိ သက်ရှိအများစုမှာ မိုးမြေ စတင်ဖြစ်ပေါ်လာချိန်ကတည်းက မွေးဖွားလာကြသည့် မွေးရာပါ နတ်ဘုရားများနှင့် နတ်ဆိုးများ ဖြစ်ကြပြီး နောက်ပိုင်းမှ ပြောင်းလဲလာသူများမှာ အနည်းငယ်မျှသာ ရှိလေသည်။ ထို့ကြောင့် အဆင့် ၉ မှ အဆင့် ၁ အထိ မသေမျိုးမှတ်တမ်းများ၏ အဆင့်ခွဲခြားမှုမှာ ၎င်းတို့ကို အခြေခံထားခြင်း ဖြစ်ပေသည်။
၎င်းတို့၏ ခန္ဓာကိုယ်များ ပျက်စီးသွားလျှင်ပင် မူလဝိညာဉ်များ မငြိမ်းသတ်သရွေ့ နတ်ဘုရားခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းနိုင်စွမ်း ရှိကြပြီး ကောင်းကင်ဘုံ၏နိယာမကိုယ်ပွားများသဖွယ်ဖြစ်နေကြလေသည်။
လွန်စွာ ဖြောင့်မတ်ပြီး တရားမျှတလှပေသည်။
အစစ်အမှန်နတ်ဘုရားဂိုဏ်းသည် မသေမျိုးခုံရုံး၏ အတည်ငြိမ်ဆုံး အစိတ်အပိုင်းဖြစ်သည်မှာ အမှန်ပင်။
မသေမျိုးနတ်ဘုရားများဟု ခေါ်ဆိုရာတွင် ကျင့်ကြံသူများက မသေမျိုးများဖြစ်လာနိုင်သော်လည်း ၎င်းတို့ကမူ နတ်ဘုရားများကို ကိုယ်စားပြုကြလေသည်။
သို့သော် အစစ်အမှန်နတ်ဘုရားဂိုဏ်းတွင် အဆင့်ခုနစ် သက်ရှိများမှာ အလွန် ရှားပါးလှချေသည်။
အစစ်အမှန် နတ်ဘုရားတစ်ပါး သေမျိုးလောကသို့ ဆင်းသက်လာခြင်းကို တွေ့မြင်ရခြင်းမှာ မသေမျိုးအရာရှိများအများအပြားကို တွေ့မြင်ရသည်ထက် များစွာ ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။
အစစ်အမှန် နတ်ဘုရားသည် ကျောက်စိမ်းအမိန့်တော်ကို ထုတ်ယူကာ စတင်ရွတ်ဆိုလိုက်ရာ သူ၏ဩဇာတိက္ကမ ကြီးမားလှသော နတ်ဘုရားအသံမှာ တိမ်ဖြူတောင်တစ်ဝိုက်တွင် လှည့်ပတ်နေပြီး အချိန်ကြာမြင့်စွာပဲ့တင်ထပ်နေလေတော့သည်။
ထိုအချိန်တွင်
ရထားလုံးမှာ လမ်းဘေးတွင် ရပ်တန့်နေပြီး အတွင်း၌ မည်သူမျှ မရှိတော့ပေ။
တိမ်ဖြူတောင်၏သတိမထားမိနိုင်သော ထောင့်တစ်နေရာတွင်
"အားကျနေပြီ မဟုတ်လား။"
မေ့ကျိယောင်က သူမ၏အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ရင်း သက်ပြင်းချကာ နောက်ပြောင်လိုက်၏။
"အရာရှိမုန့်၊ ရှင်ရော ကောင်းကင်ဘုံကို တက်ပြီး အရာရှိနေရာယူချင်နေပြီလား။ ရှင့်ရဲ့ ခွန်အားနဲ့ဆိုရင် ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးကို ကိုင်ဖို့က ဘာပြဿနာမှ မရှိနိုင်ပါဘူး။"
"ဟက်။"
မုန့်ရှို့ဝမ်က ကောင်းကင်ယံရှိ ပုံရိပ်ကြီးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိလေသည်။ အားမကျဘူးဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။
သို့သော် နတ်ဆိုးသုတ်သင်ရေးဌာန၏ တံခါးပေါက်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အချိန်ကတည်းက သူတို့အဖွဲ့သည် အထီးကျန်တစ္ဆေများကဲ့သို့ အမှောင်ထုထဲတွင်သာ လှည့်လည်သွားလာရမည်ဟု ကံကြမ္မာက သတ်မှတ်ထားပြီး ဖြစ်ရာ ထိုကဲ့သို့သော ခမ်းနားထည်ဝါသည့် အခိုက်အတန့်များကို နောက်ထပ်ဘယ်သောအခါမှ ရရှိနိုင်တော့မည် မဟုတ်ချေ။
သူ စူးစူးစိုက်စိုက် ကြည့်နေရခြင်းမှာ ဤသူက သေခြင်းမဲ့၍ ထာဝရရှင်သန်နေသော စစ်မှန်သည့် နတ်ဘုရားတစ်ပါး ဖြစ်နေသောကြောင့်ပင်။
တစ်ဖက်လူ၏ သတိထားမိခြင်းကို ခံရပါက အခြားမည်သည့်နည်းလမ်းဖြင့်မျှ လှည့်စားရန် မဖြစ်နိုင်တော့ချေ။
ဆိုလိုသည်မှာ ယနေ့ သူတို့အဖွဲ့ လာရခြင်းမှာ အလကားဖြစ်သွားနိုင်ပြီး တစ်စုံတစ်ခု တွေ့ရှိခဲ့လျှင်ပင် ဒေါသထွက်ရုံမှလွဲ၍ အခြားရလဒ် ရှိလာရန် မလွယ်ကူပေ။
"..."
မေ့ကျိယောင်က နောက်ပြောင်နေသော်လည်း သူမ၏ ဘေးရှိ ဝတ်ရုံနက်နှင့် လူငယ်ကို တိတ်တဆိတ် အကဲခတ်နေခဲ့လေသည်။
ယဲ့ကျင်းကဲ့သို့ လူမျိုးပင်လျှင် တဝကြီး ငေးကြည့်နေရသေးသည်။ ယဲ့ကျင်း၏ အစ်မမှာ ထိုက်ယီတာအိုသစ်သီးကို ဆွတ်ခူးနိုင်ခဲ့သည့် အစစ်အမှန် မသေမျိုးတစ်ပါးဖြစ်ပြီး အခြားအကြောင်းအမျိုးမျိုးကြောင့်သာ သူမသည် နတ်ဆိုးသုတ်သင်ရေးဌာနသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ဤလူငယ်လေးမှာမူ အလွန်တည်ငြိမ်နေပြီး အစမှ အဆုံးတိုင်အောင် ကောင်းကင်ယံသို့ အလွန်အကျွံ ငေးကြည့်ခြင်းမျိုး တစ်ခါမျှ မရှိခဲ့ချေ။
ထိုကဲ့သို့သော စိတ်နေသဘောထားမျိုးက နတ်ဆိုးသုတ်သင်ရေးဌာန၏ ပြောမပြနိုင်သော စည်းမျဉ်းများနှင့် အံ့ဩစရာကောင်းလောက်အောင် ကိုက်ညီနေလေသည်။
သူတို့အဖွဲ့က ခေတ္တမျှ စောင့်ဆိုင်းနေကြ၏။
သူတို့ရှေ့ရှိ ဂိုဏ်းအကာအကွယ်အစီအရင်တွင် လှိုင်းဂယက်ငယ်လေးများ ထွက်ပေါ်လာလေသည်။
တည်ငြိမ်သော အသွင်အပြင်ရှိသည့် အမျိုးသမီးတစ်ဦး ထွက်လာပြီး မေ့ကျိယောင်နှင့် မုန့်ရှို့ဝမ်တို့ကို ခေါင်းညိတ်ပြလိုက်၏။
"ခေါင်းဆောင်ကတော့ အကြမ်းဖျင်း သဘောပေါက်သွားပြီ။ ရှင်တို့နှစ်ယောက် သွားကြည့်ပြီး ဘယ်လိုကိုင်တွယ်မလဲဆိုတာ တိုင်ပင်လိုက်ကြပါဦး။"
ထိုသို့ပြောပြီးနောက် သူမသည် ဝင်ခွင့်အမှတ်အသားပြားတစ်ခုကို ထုတ်ယူကာ လှည့်၍ လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်လေသည်။
"မင်းက အတော်လေးလုပ်နိုင်ကိုင်နိုင်သားပဲ။ ဒီကို ရောက်တာရက်အနည်းငယ်ပဲ ရှိသေးတယ်၊ ဂိုဏ်းအစီအရင်ရဲ့ ဝင်ခွင့်ပြားကိုတောင် ရထားပြီပဲ။"
မုန့်ရှို့ဝမ်က နှုတ်ခမ်းသပ်ရင်း သူခေါ်လာသည့် ကောင်မလေးထက်များစွာ ပို၍ အားကောင်းသော မိမိလက်အောက်မှ ထိုအမျိုးသမီးကို ကြည့်ကာ ပြောလိုက်လေသည်။
ယဲ့ကျင်းက အရာရှိမုန့်၏သွယ်ဝိုက်သော စကားလုံးများကို ရှင်းလင်းစွာနားလည်လိုက်ပြီး မကျေမနပ်ဖြင့် နှုတ်ခမ်းစူကာ တခြားသို့ လှည့်ကြည့်လိုက်၏။
"..."
ရှန်းယီက သူတို့နောက်မှ လိုက်ပါလာရင်း ကျောက်စိမ်းနဂါးဂိုဏ်းတွင် ဖြစ်ခဲ့သည့် ကိစ္စကို တွေးမိကာ အရာရှိမုန့်အနေဖြင့် တစ်ခါတစ်ရံတွင် မိမိကိုယ်တိုင်နှင့် တစ်ဖက်လူ၏အားနည်းချက်များကိုလည်း ရှာဖွေသင့်သည်ဟု တွေးမိလိုက်လေသည်။
ထိုပိုလွန်းလှသော သရုပ်ဆောင်မှုကြီးမှာ တကယ်ကို လိုအပ်ချက်တွေအများကြီးရှိနေသေးသည် မဟုတ်လော။
တည်ငြိမ်သော အမျိုးသမီး၏နောက်မှလိုက်ကာ သူတို့က တိမ်ဖြူဂူအတွင်းသို့ အလွယ်တကူ ဝင်ရောက်လာခဲ့ကြလေသည်။
ကောင်းကင်ယံရှိ ခမ်းနားထည်ဝါလှသော ရွှေရောင်ခန္ဓာကိုယ်ကြီးက လူတိုင်း၏အာရုံကို ဖမ်းစားထားသောကြောင့်ဖြစ်နိုင်သလို အစစ်အမှန် နတ်ဘုရားတစ်ပါး၏မျက်စိအောက်တွင် လူမိုက်များ လာရောက်၍ ပြဿနာရှာဝံ့မည်ဟု မည်သူမျှ မထင်ထားသောကြောင့် တိမ်ဖြူဂူတစ်ခုလုံး၏ ကာကွယ်ရေးများမှာ လျော့ရဲနေခဲ့လေသည်။
အကွေ့အကောက်များကို အကြိမ်အနည်းငယ် ဖြတ်သန်းပြီးနောက်။
သူတို့သည် တောင်ကုန်းအနည်းငယ်ကို ဖြတ်ကျော်ကာ တိမ်ဖြူဂူ၏အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာရှိ နက်ရှိုင်းသောချောက်ကမ်းပါးတစ်ခုထံသို့ ရောက်ရှိလာကြလေသည်။
စတုရန်းပုံမျက်နှာနှင့် တိုတောင်း၍ မာကျောသော မုတ်ဆိတ်မည်းများရှိသည့် အမျိုးသားတစ်ဦးက ချောက်ကမ်းပါးစွန်းတွင် ခံစားချက်ကင်းမဲ့စွာ ထိုင်နေပြီးအောက်ဘက်ကို ငုံ့ကြည့်နေလေသည်။
အောက်ဘက်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော ကျောက်စိမ်းရွှေသစ်ပင်အိုကြီးက ၎င်း၏ဖြာထွက်နေသောအကိုင်းများကို ချောက်ကမ်းပါးပေါ်တွင် ယှက်နွယ်ကာ တောင်စောင်းကို တင်းတင်းကြပ်ကြပ်တွယ်ကပ်ထားပြီး ချောက်ကမ်းပါး တစ်ခုလုံးကို လွှမ်းမိုးထားလေသည်။
သဲနှင့် ရွှံ့စေးနှစ်မျိုးလုံးနှင့် တူသော ပါးလွှာသည့် ရွှေရောင်အလွှာတစ်ခုက သစ်ပင်၏ကိုယ်ထည်ကို ဖုံးအုပ်ထားပါသည်။
ဤအရာမှာ တိမ်ဖြူဂူက ကောင်းကင်ဘုံကို နှစ်စဉ် ဆက်သရသည့်၊ မသေမျိုးခုံရုံးထံမှ မျက်နှာသာပေးမှုများရရှိရန်အတွက် ဈေးဆစ်စရာအဖြစ်လည်း သုံးသည့် ကျောက်စိမ်းရွှေသဲပင် ဖြစ်လေသည်။
ပါဝင်ပစ္စည်းတစ်ခုအနေဖြင့် ဤအရာသည် မသေမျိုးဆေးလုံးမျာဖော်စပ်ရာတွင် အလွန်ကောင်းမွန်သလို ရတနာများဖန်တီးရာတွင်လည်း အလွန် အသုံးဝင်လှပေသည်။
သို့သော် ၎င်း၏ထွက်နှုန်းမှာ အလွန်အမင်း များပြားလှခြင်း မရှိချေ။
"အခြေအနေက ဘယ်လိုရှိလဲ။"
မေ့ကျိယောင်က အလျင်အမြန် ရှေ့သို့ တက်သွားလေသည်။ မုတ်ဆိတ်နှင့် အမျိုးသားက တိတ်ဆိတ်စွာနောက်လှည့်ကြည့်ပြီး လူတိုင်းကို တစ်ချက်အကဲခတ်ကာ မတ်တတ်ရပ်၍ ချောက်ကမ်းပါးအောက်သို့ တန်းတန်းမတ်မတ် ခုန်ချသွားလေတော့သည်။